(က)
“ဟယ်… ဆူဆန်… အမောတကောနဲ့ ဒီနေ့ ဘယ်လိုဖြစ်လို့ နောက်ကျတာလဲ”
“ဘော့စ်… ငါ့ကိုမမေးဘူးမှုတ်လား။ ပြောချင်ပါဘူးဟာ…။ သားတော်မောင် နေမကောင်းလို့ နည်းနည်းလေး နောက်ကျသွားတာ ရုံးဖယ်ရီက ကပ်ပြီးလွတ်သွားတယ်လေ။ ကားတွေ ကြားထဲကနေ အပြေးအလွှား လမ်းဖြတ်ကူးလာပြီး ငါလက်ပြရပ်ခိုင်းတာ ကားမောင်းတဲ့ အဖိုးကြီး မြင်ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်ပြီး မောင်းထွက်သွားတယ်။ ရက်စက်ပါတယ်အေ… တက်စီခလည်းမတတ်နိုင်လို့ ရထားတတန်၊ ကားတတန် လာရတော့တာပေါ့…”
ဆူဆန်က နဖူးမှချွေးများကို သုတ်ရင်း မောပန်းနွမ်းနယ်စွာပြောတယ်။“ကိုယ်စီးတဲ့ ဖယ်ရီက အဖိုးကြီးကတော့လေ… အမောင်းကဘာကြမ်းသလဲမမေးနဲ့။ ကားပေါ်ကဆင်းနေတုန်း ရှိသေး... အတင်းလဲမောင်းထွက်တတ်တာ။ သူမောင်းတဲ့နေရာကပ်ရက် ရှေ့ထိုင်ခုံမှာထိုင်တဲ့သူတွေဆို စကားကျယ်ကျယ်မပြောရဲဘူး။ သူများစကားသံကို သူက နားညည်းလားမသိပါဘူး။ စကားသံတွေ ထွက်တာနဲ့ အရွဲ့တိုက်တာလားမသိ… ရှေးတရုတ်သီချင်းတွေ ခုနစ်သံချီပြီးဖွင့်တော့တာပဲ…။ စိတ်တိုတတ်ပုံနဲ့ ကားမောင်းနေတော့ … စိတ်ညစ်ပါတယ်ကွယ်…။ ”
ကိုယ်တို့မျက်နှာတွေမှာ စိတ်အလိုမကျမှုကြောင့် သုန်မှုန်နေကြတယ်။
(ခ)
“ရှဲ့ရှဲ့နီ အန်ကယ်”
“ပုရောက်ခန့်ချိ… မန့်မန့်လိုင်…”
ကိုယ်တို့ ပြေးလာနေတာကို မြင်ပြီး ရပ်စောင့်ပေးနေတဲ့ ကားဒရိုင်ဘာကြီးကို ကျေးဇူးတင်ကြောင်းပြောတော့ သူက ကိစ္စမရှိပါဘူး… ဖြည်းဖြည်းလုပ်… ရတယ်လို့ တရုတ်လို ပြန်ပြောတယ်။ ဒီကားဆရာတရုတ်ကြီးက အတော်သဘောကောင်းပြီး စိတ်ရှည်ပုံရတယ်။ သူ့ဖယ်ရီမှာ စီးတဲ့သူတွေ စိတ်ချမ်းသာ အဆင်ပြေရအောင် ဖြည့်ဆည်းပေးချင်တာ သူ့ဆန္ဒ။ ရုံးက သတ်မှတ်ထားတဲ့ မှတ်တိုင်တခုမှာ ရပ်လိုက်ပြီဆိုတာနဲ့ သူက ကားပေါ်တက်လာတဲ့သူတွေအားလုံးကို စစ်ကြည့်သေးတာ။ လူမစုံသေးရင် လမ်း ရှေ့နောက်ဘယ်ညာ လှမ်းမျှော်ကြည့်ပြီး သူ့ကားစီးနေကြသူတွေ ဘာအစအနမှ မမြင်ရတော့မှ မောင်းထွက်တတ်တာ။ တချို့ဆို နောက်နေ့ ရုံးမသွားဖြစ်ဘူးဆိုလျင် သူ့ကို ကြိုပြီး အသိပေးထားကြတတ်တယ်။ ဒါမှ သူစိတ်ပူပြီး ရှာမနေရအောင်တဲ့။
အဲဒီ ကားဆရာကြီးကို ဒီနေ့ထက်ထိ မှတ်မိနေပြီး ကျန်းမာချမ်းသာ၊ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေရယ် လို့ ဆုတောင်းပေးနေမိတတ်တယ်။
***********
အဖြစ်အပျက် - ၂(က)
“ဟယ်… ဒီအမှိုက်တွေ ဘယ်လိုဖြစ်လို့ လမ်းမပေါ်မှာ ကျနေတာလဲ”
အာကျယ်ကျယ် လီလန်းအော်သံကြောင့် စားပွဲမှာ စာဖတ်နေရာမှ လှမ်းကြည့်မိလိုက်တယ်။ ခုနတုန်းက အမှိုက်သိမ်းတဲ့ အဖွားကြီး အဲဒီနေရာက ဖြတ်သွားတာ တွေ့လိုက်ရလို့ တရားခံဘယ်သူလဲဆိုတာ ကိုယ်ကတန်းသိလိုက်သလို လီလန်းကလဲ မှန်းဆမိပုံရသည်။
“မဖြစ်ဘူး… မဖြစ်ဘူး။ ပျင်းရိပျင်းတွဲပုံနဲ့ တာဝန်ကျေလေးလုပ်နေကြတာ။ သနားလို့ ဘာမှမပြော ပိုဆိုးတော့မှာ…”
“လီလန်းရေ… အဲဒီအဖွားကတော်ပါသေးတယ်ကွာ။ တနေ့က ကိုယ်ရုံးကိုအလာ တံမြက်လှဲနေတဲ့ ကိုကိုဘင်္ဂလားကလေ… လူလာနေတာ တွေ့ရဲ့သားနဲ့ဟယ်... ရပ်မပေးဘူး။ ကိုယ့်မှာ အဲဒီ ဖုန်တွေရှူမိပြီး ချောင်းဆိုးနေတာ…ခုထိမပျောက်သေးဘူး…”
မေလင်းကလည်း ချောင်းလေး တဟွတ်ဟွတ်ဆိုးလျက် စိတ်ပျက်လက်ပျက် ညည်းရှာတယ်။လူတွေစိတ်ရွှင်လန်း၊ ကျန်းမာရအောင် သန့်ရှင်းစေဖို့ အမှိုက်ရှင်းလင်းပြီး ကူညီရမှာ သူတို့ နားမလည်ကြတော့ ခက်ပြီပေါ့။
(ခ)
“ဟယ်လို… မောနင်း… ”
“မောနင်း… အန်ကယ်။ ဒီအမှိုက်ပုံးမှာ စွတ်ထားတဲ့ ပလတ်စတစ်က ကြာနေပြီနော်…။ ခုထိ မလဲသေးဘူးလား။”
“ကုမ္ပဏီက ပလတ်စတစ်အိတ်တွေအရင်ကလို အများကြီးမပေးတော့လို့ နေ့တိုင်းလဲပေးလို့ မရတော့ဘူး။ တပတ်မှာ တခါပဲ လဲပေးနိုင်မှာ…။ ဒါပေမဲ့ ဒီနေ့တော့ ..လဲပေးခဲ့မယ်နော်…”
အမှိုက်လာသိမ်းတဲ့ ဦးလေးကြီးက သူ့လက်ထဲက ပါလာတဲ့ ပလတ်စတစ်အိတ်အသစ်တခုနဲ့ အမှိုက်အိတ်အဟောင်းကို ပြန်လဲပေးရင်း အစစအရာရာ ချွေတာနေရကြောင်းလဲ ရှင်းပြနေသေးတယ်။ ကိုယ်ကတော့ သန့်ရှင်းရေးလုပ်ဖို့ကို တန်ရာတန်ကြေးပေးထားရတာ၊ ကန်ထရိုက်ရပြီးတော့မှ အဲသလို ခိုပြီးလုပ်ဖို့ ဘယ်ကောင်းပါ့မလဲလို့… စိတ်ထဲက အထွန့်တက်နေမိတယ်။
တော်လေးကြာတော့ ကိုယ့်စားပွဲကို သူပြန်ရောက်လာပြန်ရော…။ အဲဒီအခါမှာတော့ Recycled လုပ်ထားတဲ့ အေ၄ စာရွက်ဖြူလေးကိုင်လို့။
“ဒီစာရွက်လေးကို အမှိုက်ပုံးအောက်ခြေမှာ ခံထားပေးမယ်နော်…။ အမှိုက်အိတ်က နေ့တိုင်းမလဲရတော့ စာရွက်လေးခံနေတော့ သိပ်မညစ်ပတ်တော့ဘူးပေါ့…”
ဦးလေးကြီးရဲ့ ဖြတ်ထိုးဥာဏ်နဲ့ စေတနာပါတဲ့ အပြုအမူကြောင့် ကိုယ့်ရဲ့ မကျေလည်တဲ့ အတွေးတွေ ပူစီပေါင်းလေးပေါက်သလို ဖေါက်ကနဲ ပျောက်သွားတယ်။ သဘောတကျနဲ့ ပြုံးပြမိလိုက်တယ်။
***********
အဖြစ်အပျက် - ၃(က)
“တော်တော်စိတ်ပျက်ဖို့ကောင်းတယ်…။ တကတဲ… ”
ပါးစပ်မှ ပွစိပွစိဖြင့် ရုံးခန်းထဲဝင်လာတဲ့ ကက်ကိုကြည့်ပြီး ဘာဖြစ်လာတာလဲ ဟုမေးလိုက်မိတယ်။
“ပြောချင်ပါဘူးဟယ်…။ ကလေးကျောင်းပို့ဖို့ စောစောစီးစီးထ၊ ကမန်းကတန်းနဲ့ ပြင်ဆင်ပြီး အိမ်ကထွက်ရ၊ ရုံးရောက်မှ သန့်စင်ခန်းကို သွားရတာ…။ အထဲမှာ မပြီးသေးဘူး။ သန်ရှင်းရေးမမက တံခါးခေါက်ပြီး သူ သန့်ရှင်းရေးလုပ်မှာမို့ ငါ့ကို အော်ကြီးဟစ်ကျယ်နဲ့ ထွက်ခိုင်းတယ်လေ။”
“အမလေး ကက်ရေ… အဲသာတော့ စိတ်တိုမနေနဲ့တော့…။ ကိုယ်လဲ ဟိုနေ့က အထဲမှာ ရှိနေတုန်း သူက ရုတ်တရက်ရောက်လာပြီး တခြားနေရာကို သန့်ရှင်းရေး သွားမလုပ်ဘူးတော့။ ကိုယ်ရှိတဲ့ အခန်းအပြင်ကနေ တံမြက်စည်းကို ထိုးသွင်းပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ အခန်းထဲက မထွက်ထွက်အောင် လုပ်တာဗျာ…။”
“သူ… သန့်ရှင်းရေးလာလုပ်တတ်တဲ့ အချိန်တွေ မှတ်ထားပြီး အောင့်ထားကြရမဲ့ပုံဖြစ်နေပြီ..”
ကိုယ်တို့ အားလုံး ပြိုင်တူ သက်ပြင်းချမိကြတယ်။
(ခ)
“ဘိုလေး…ဘိုလေး… ကမ်း…ကမ်း… ”
Cleaning in progress ဆိုတဲ့ အ၀ါရောင်ဆိုင်းကို သန့်စင်ခန်းရှေ့မှာ တွေ့ရတာနဲ့ ပြန်လှည့်ထွက်မယ်အလုပ် သန့်ရှင်းရေးလုပ်နေတဲ့ မလေးအန်တီကြီးမြင်သွားပြီး… ရတယ်… ၀င်ပါ… ၀င်ပါလို့ … မလေးလို လှမ်းပြော၊ လက်ယပ်ခေါ်တာကြောင့် ကိုယ်လည်း လက်လေးပြ အားနာပါနာနဲ့ပဲ ၀င်လိုက်ရတယ်။ သူက ဟိုဖက်အစွန်ကအခန်းကိုဝင်၊ အဲသာက သန့်ရှင်းရေးလုပ်ပြီးသားမို့ ပိုပြီး သန့်သန့်ပြန့်ပြန့်သွားလို့ရတာပေါ့လို့ ဘေစင်တွေဆေးရင်း အင်္ဂလိပ်လို မတတ်တတ်နဲ့ ပြုံးပြီး ပြောပြလိုက်သေးတယ်။
စိတ်ထဲကနေ ဘာရယ်မဟုတ် ဗမာပီပီ သာဓုခေါ်လိုက်မိတယ်။ အသားမဲတူနေပေမဲ့ စေတနာဖြူလှတဲ့ အန်တီကြီးကို နောက်ဘ၀ကျ ဖြူဖြူစင်စင် သန့်သန့ှ်ရှင်းရှင်းနဲ့ ဘ၀လေး လှပပါစေလို့ ဆုတောင်းပေးမိပါရဲ့။
***********
လောကမှာ ဘယ်လောက်ပဲသေးဖွဲတဲ့ အလုပ်လေးဖြစ်ဖြစ်… ကိုယ့်ရဲ့ စေတနာ၊ မေတ္တာပါတဲ့ အပြုအမူလေးကြောင့် ကိုယ့်ပတ်ဝန်းကျင်လေးကို ပြောင်းလဲနိုင်ပါစေတယ်လို့ ပြောရင် လက်ခံပေးမှာလား…။ ။