အာသဝေါတရား (၄) ပါးဆိုတာ ဘာလဲဆိုတာမေးလာတော့ သိသလိုလိုနဲ့ မရေရာဖြစ်နေလို့ အနားမှာ ရှိတဲ့ ဒေါက်တာမင်းတင်မွန်ရဲ့ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ် စာအုပ်ကို ပြန်ဖတ်ကြည့်မိတော့....
အာသဝေါတရား (၄) ပါးဆိုတာ တွေဝေယစ်မူးစေတဲ့တရားပါတဲ့။ သူက လောဘ၊ ဒိဋ္ဌိ နဲ့ မောဟ တို့ပါ။ ပထမ (၂)ပါးက လောဘထဲမှာ ပါပါတယ်။
၁) ကာမသ၀ = ၀တ္ထုအာရုံကာမဂုဏ်ကို တပ်မက်တတ်သော တဏှာ။ လောဘမူစိတ် ၈-ပါး ၌ ယှဉ်သော လောဘစေတသိတ်။
၂) ဘ၀ါသ၀ = ရူပဈာန်၊ အရူပဈာန် နှင့် ထို ဈာန်တို့၏အကျိုးဝိပါက်ကို နှစ်သက်တွယ်တာသော တဏှာ။ လောဘမူ ဒိဋ္ဌိဂတ၀ိပ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်သော လောဘစေတသိတ်။
၃) ဒိဋ္ဌာသ၀ = အယူလွဲ မိစ္စာဒိဋ္ဌိ။ လောဘမူဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးနှင့် ယှဉ်သော ဒိဋ္ဌိစေတသိတ်။
၎) အ၀ိဇ္ဇာသ၀ = အာရုံ၏သဘောမှန်ကို မသိမှုမောဟ။ အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော မောဟစေတသိတ်။
မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။
Sunday, June 22, 2008
ကျွဲရိုင်းတအုပ် နှင့် ခြင်္သေ့များ
ဒီ YouTube movie လေးကို ကြည့်ပြီး တကယ်ကိုစိတ်လှုပ်ရှားရပါတယ်။ ရှေ့မှာချောင်းနေတဲ့ ရန်သူခြင်္သေ့တွေကို မမြင်ပဲ ဟန်ပါပါ၊ ခပ်ကြွားကြွား တလှမ်းချင်း လျှောက်လာနေတဲ့ ခေါင်းဆောင်ကျွဲကြီးရယ်၊ သူ့နောက်က တန်းစီပါလာတဲ့ အဖွဲ့သားတွေ ရယ်ကို ကြည့်ပြီး... ဟယ်...မျက်စိမကောင်းဘူးလား....။ မမြင်ကြဘူးလား...။ အနံ့မရကြဘူးလား...။ ဒါမှမဟုတ် မကြောက်လို့ပဲလား... စသဖြင့် တစ်ယောက်ထဲ ပါးစပ်က အားမလိုအားမရ အော်နေမိတယ်။
အဲဒီမှာ ခေါင်းဆောင်ကျွဲကြီးကလျှောက်လာနေရင်း ရန်သူကို ရုတ်တရက်ဆိုသလို ဗြုန်းကနဲ တွေ့သွားတဲ့အခါ တုန့်ကနဲ ရပ်လိုက်တယ်။ အခြေအနေမကောင်းမှန်းသိတဲ့ အခါ နောက်ပြန်လှည့်ပြေးတယ်။ ရန်သူဆိုတာလည်း လျှော့တွက်လို့ မရတဲ့ ခပ်လည်လည်တွေလေ။ အကောင်ကြီး ကို ကျော်ပြီး တကယ်ပိုင်မဲ့ အကောင်သေးလေးကို ၀ိုင်းပြီး ခုန်အုပ်ကြတယ်။ ခုန်အုပ်လိုက်တဲ့ အခါ အရှိန်လွန်ပြီး ရန်သူတွေရော ကျွဲသားလေးပါ အနီးက မြစ်ထဲကို ကျသွားရှာတယ်။ ကိုရွှေခြင်္သေ့တွေအားလုံး ရေထဲက ကျွဲလေးကို ဆယ်ဖို့ အားကြိုးမာန်တက် ၀ိုင်းဝန်းကြတာပေါ့။ တချို့က ရေထဲကနေ ပင့်တင်ပေးတယ်။ တချို့ကအပေါ်ကနေ ဆွဲယူပေးတယ်။ ကျွဲလေးကလည်းတတ်နိုင်သမျှ ဟိုရုန်း ဒီရုန်းပေါ့။ ကြည့်နေရတဲ့ စုချစ်မှာတော့ စိတ်မကောင်းခြင်းများစွာနဲ့..... သွားပါပြီ...ကျွဲလေးတော့ သေရှာပြီ။ ဒီကောင်တွေ ပါးစပ်ထဲမှာ အသက်ပျောက်ပြီပဲ ထင်လိုက်မိတယ်။ မျက်စိတဖက်မှိတ် တဖက်ဖွင့်နဲ့ မကြည့်ရဲ ကြည့်ရဲ၊ အသဲတလှပ်လှပ်၊ ရင်တခုန်ခုန်ပေါ့။
အဲ....အဲဒီအချိန်မှာပဲ မထင်မှတ်ထားတဲ့ ရန်သူက တဖက်ကနေဗြုန်းဆို ပေါ်လာပြန်ရော။ အဲဒါကတော့ ရေထဲက အလစ်လာဆွဲတဲ့ ကိုရွှေမိချောင်းမင်းပေါ့။ ဦးခြင်္သေ့တွေက အပါးသားလား။ မိချောင်း လာဆွဲတာလည်းမြင်ရော၊ ရေထဲဆင်းပြီး အပေါ်ပင့်ပေးနေတဲ့ အကောင်ကပါ ဗြုန်းဆို ကုန်းပေါ်ခုန်တက်သွားတာပါပဲ။ သူတို့က ကိုယ့်အန္တရယ်တော့ ကိုယ်သိလိုက်သမှ...ပါးလို့၊ လှပ်လို့။ ဒါနဲ့...ဦးခြင်္သေ့တွေအားလုံး အင်တိုက်အားတိုက် မလျှော့တမ်း ကျွဲလေးကို ကုန်းပေါ်ကနေ ၀ိုင်းဆွဲကြသော်လည်း ကျွဲလေးရဲ့ခြေထောက်က မိချောင်းပါးစပ်ထဲတောင်ရောက်နေပါပြီ။ စုချစ်မတော့....အား...သေပါပြီလို့ မျက်လုံးစုံမှိတ်အော်မိတယ်။ ကိုယ့်ခြေထောက်တဖက်ကို တယောက်ယောက် လာဆွဲနေသလို တောင်ခံစားမိတယ်။ ကျွဲလေးကလည်း မခေပါဘူး။ ဘယ်ရန်သူက သူ့အတွက် အန္တရယ်ပို ကြီးလည်းဆိုတာ သူကဒက်ကနဲသိပြီးသား။ ဒီတခါ သူကပါ အပေါ်က ဦးခြင်္သေ့တွေ ဆွဲခေါ်ရာကို အားစိုက်ပြီး ရုန်းပေးတယ်။၊ ကိုမိချောင်းပါးစပ်ကလွတ်ဖို့က ပိုအရေးကြီးတာ သူသိနေတယ်။ ဒီလိုနဲ့ ကိုမိချောင်းကြီး ရှုံးပြီး ဦးခြင်္သေ့တွေ ဆွဲခေါ်ရာ ကုန်းပေါ်ကို ကျွဲသားလေး ပါလာတယ်။ ကိုမိချောင်းပါးစပ်က လွတ်လို့ သူ့အတွက် စုချစ် မပျော်နိုင်ဘူး။ အရာကြီးလက်က လွတ်ပေမဲ့၊ ကုလားကြီးလက်ထဲမှာ နင့်ဘ၀ ဘယ်လိုလုပ်မလဲကွဲ့ လို့ မစုချစ်တစ်ယောက်ထဲ စိတ်ပျက်လက်ပျက် ညည်းတွားနေမိတယ်။
ဟေ့.....ဇာတ်လမ်း မဆုံးသေးဘူးဗျ...။ ခုမှ ဇာတ်လမ်းက အထွတ်အထိပ်ကိုရောက်တာ။ အဲဒီအချိန်မှာ တဖက်ကနေ အပြေးကလေး အုပ်စုလိုက်ကြီး ပြန်လာကြတဲ့ ကျွဲခေါင်းဆောင်နဲ့ အဖွဲ့ကို မထင်မှတ်ပဲ မြင်လိုက်ရတော့.....ရွှေစုချစ်တို့လည်း ခုန်ဆွခုန်ဆွ နဲ့ ဝေး...၀ါး...ဆိုပြီး...ထအော်တော့တာပဲ။ ကျွဲတွေအားလုံးက ဦးခြင်္သေ့တွေကို ၀ိုင်းပြီးခြောက်လှန့်ဖို့ ကြိုးစားကြတယ်။ သူတို့အားလုံး အဲဒီနားမှာ ဦးခြင်္သေ့တွေကို ၀ိုင်းရံထားလို့။ ဦးခြင်္သေ့တွေလည်း အခြေအနေမဟန်ဘူးဆိုတာ သဘောပေါက်လာကြပုံပါပဲ။ သို့သော်လည်းပေါ့လေ...သူတို့ ခြင်္သေ့ကုပ်၊ ခြင်္သေ့ခဲ လုယူထားရတာကို လွယ်လွယ်နဲ့ လက်လွှတ်ရမှာလည်း လိုလားပုံမရကြဘူး။ ဦးခြင်္သေ့တွေက ဆရာကြီးတွေနော်...။ ဒီလောက်ကျွဲအုပ်စု အများကြီး ၀ိုင်းရံခံနေရတာကို ချက်ချင်းထွက်မပြေးကြဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ သူတို့သားကောင်နားမှာပဲ ရစ်ဝဲနေကြတုန်း။ သူတို့ရဲ့ တောဘုရင်ဆိုတဲ့ မာနလည်း ပါမှာပေါ့လေ။ ငါတို့လိုကောင်မျိုးက နင်တို့ကို ကြောက်စရာလားလို့ပေါ့။ ဒါပေမဲ့..ဦးခြင်္သေ့ရယ်....နင်က မတရားလုပ်နေတဲ့လူလေ...။ မတရားလုပ်တဲ့ သူဆိုတော့ နင်တို့ အခု ကြောက်ရတော့မှာပေါ့ဟဲ့။
ဟ...ဟ...ကြည့်နေရင်း...စိတ်ရှည်ဟန်မတူတဲ့ ကျွဲခေါင်းဆောင်က ထွက်လာပြီး တစ်ကောင်သော ဦးခြင်္သေ့ကို ချို နဲ့ ကော်ချပလိုက်တယ်။ နောက်က ကျွဲတွေက ထွက်ပြေးတဲ့ သူနောက် မလွတ်တန်းလိုက်ကြတယ်။ မစုချစ်တို့လည်း လူကြမ်းကိုချနေတဲ့ ဂျိမ်းစဘွန်းမင်းသားကို အားပေးနည်းအတိုင်း...ဟုတ်ပြီကွ၊ ချပေး...လိုက်...စသဖြင့် လက်သီးလက်မောင်းတန်း အော်တော့တာပေါ့။ အဲဒီမှာ ဦးခြင်္သေ့တို့ အုပ်စုလည်း အခြေစပျက်တာပဲ။ ခုချိန်ထိ လက်ဝါးကြီးနဲ့ အုပ်ထားတဲ့ ကျွဲသားလေးကို မလွှတ်ချင်လွှတ်ချင်နဲ့ ပေးလိုက်ရတယ်။ စုချစ်က ကျွဲသားလေးကို သေနေပြီလား၊ လမ်းမလျှောက်နိုင်တော့ဘူးလားထင်နေတာ။ ကျွဲသားလေးလည်း ရုန်းကန်ပြီး မရရအောင်ထလာတာမြင်ရလို့ ဟေး...လို့ လက်ခုတ်လက်ဝါးတီးပြီး အားပေးမိတယ်။ ကျန်တဲ့ ဦးခြင်္သေ့တို့ အဖွဲ့လည်း တစ်ကောင်ပြီး တစ်ကောင် ငြောင်းကြပေါ့။ ဟူး...မောလိုက်တာ။ ပြီးတော့ ပျော်လိုက်တာ။
ဒီလို သတ္တိရှိရှိ စည်းလုံးညီညွတ်ကြရင် ဘယ်ရန်သူများ ရည်ရှည်ခံနိုင်မှာလည်းကွယ်။
စုချစ်
၂၂.၀၆.၂၀၀၈
ညနေ ၅နာရီ၁၅မိနစ်
RIT Burma mail group မှ ဦးဝင်းမြင့် ပို့ထားတဲ့ YouTube movie လေး ပါ။
Wednesday, June 18, 2008
အမေ့အတွက် ရေးဖွဲ့ကဗျာ
၁၉ရက်ဇွန်လဆိုတဲ့ အေးအေးချမ်းချမ်းမိုးရာသီ...နံနက်ခင်းတခုမှာ...
အမေ့မွေးနေ့လေး
တဖန်ပြန်လည် ရောက်ရှိခဲ့ပြီပေါ့...။
ဘယ်တော့များမှ...
အမေနဲ့ဆုံတွေ့နိုင်ပါ့မလဲ...ဆိုတဲ့အတွေးတွေနဲ့...
မြတ်ဘုရားထံပါး ဦးညွှတ်တွားလို့
အမေ ကျန်းမာချမ်းသာပါစေကြောင်း...
အဝေးရောက်...
သမီးတစ်ယောက်က ဆုတောင်းလိုက်ပါတယ်...အမေ။
အဖေါ်မဲ့နေတဲ့ အမေ့မွေးနေ့နံနက်ခင်းလေးမှာ...
ဒီအချိန်ဆို...အမေ
ဆွမ်းတော်ပွဲ ကပ်လှူနေမလား...။
ပန်း၊ သောက်တော်ရေချမ်း ပြင်ဆင်နေပြီလား...။
ဘုရားရှိခိုး တရားဘာဝနာ ပွားများနေမလား...။
သံဃာတော်များ ဆွမ်းဆက်ကပ်ချင်တဲ့ စိတ်ဆန္ဒလေး ဖြစ်နေမလား...။
ရွှေတိဂုံဘုရားကြီး ဖူးမျှော်ချင်လိုက်တာလို့များ တွေးတောနေမလား...။
ဒီမိုကရေစီ တိုက်ပွဲမှာ အသက်ပေးသွားခဲ့တဲ့...
သူရဲကောင်းတွေအတွက် ကုသိုလ်အမျှတွေ ပေးဝေနေမလား...။
ဆင်းရဲဒုက္ခတွင်းက မြန်မာပြည်သူပြည်သားများအတွက် ဆုတောင်းနေလေမလား...။
ဒါမှမဟုတ်...
အမေမှ...ဆိုတဲ့ စာလေးတစ်စောင်များ ထိုင်ရေးနေမှာလား...။
အတွေးပေါင်းများစွာနဲ့...
မှန်းဆလို့လွမ်းရပါတယ်...အမေ။
ချစ်တဲ့အမေရေ...
နောက်ထပ်တစ်နှစ်မွေးနေ့အတွက်
စပ်ဆိုရမဲ့ ကဗျာတစ်ပိုဒ်ဟာ...
တမ်းတမှန်းဆမှုတွေနဲ့ ထုံလွှမ်းမနေတော့တဲ့...
ဝမ်းပန်းတနည်း တွေးတွေးငေးငေး မနေရတော့တဲ့...
အပြုံးတွေလှိုင်လှိုင် မွှေးနေမဲ့...
အမေနဲ့သမီးတို့ အကြောင်းပဲဖြစ်ပါစေလို့
မျှော်လင့်လျက်...။
စုချစ်သူ
၁၉-၀၆-၂၀၀၈ နံနက် ၀၇း၃၀
(၆၃)နှစ်မြောက် အမေစုမွေးနေ့အမှတ်တရ...

Thursday, June 5, 2008
When you join new job!
ရုံးတရုံးမှာ ကိုယ်က လူသစ်အနေနဲ့ ၀င်လာပြီဆိုရင် အဲဒီရုံးကလူတွေနဲ့၊ ကိုယ်နဲ့အတူတွဲလုပ်ရမဲ့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ သဟဇာတ ဖြစ်အာင်ပေါင်းဖို့လိုပါတယ်။ ပြီးတော့ ဘယ်သူကဘယ်လို Character ရှိတယ်၊ ဘယ်သူက ဘယ်လို Style မျိုးရှိတယ်ဆိုတာ Observe လုပ်ပြီး သူတို့ နဲ့ အလိုက်သင့် ပေါင်းရပါမယ်။ ကိုယ့်ရဲ့ Boss က ကိုယ့်နဲ့ အဆင်ပြေဖို့ အရေးကြီးသလို၊ ကိုယ့် လုပ်ဖေါ်ကိုင်ဖက်တွေက ကိုယ့်အပေါ် အမြင်ကြည်ဖို့ ကလည်း အများကြီး အရေးကြီးပါတယ်။ ဒါမှ အတူတူတွဲလုပ်ရမဲ့ team work အတွက်ရော...ကိုယ့်က တယောက်ယောက်ရဲ့ အကူအညီလိုရင်ကော...အဆင်ပြေနိုင်မှာပါ။ အလုပ်ထဲမှာ Boss နဲ့ အဆင်မပြေတာထက် လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆင်မပြေရင် ပိုဆိုးပါတယ်။
စုချစ်ရဲ့ Tips လေးတွေ မျှဝေလိုက်ပါတယ်။၁) Smiling and Greeting
ကိုယ်က လူသစ်ဆိုတော့ ကိုယ့် အဖွဲ့ကလူတယောက်ယောက်နဲ့ ရုံး ထဲမှာ မျက်နှာချင်းဆိုင် တွေ့တွေ့၊ Pantry မှာပဲ တွေ့တွေ့၊ Wash Room မှာပဲတွေ့တွေ့ နှုတ်ဆက်ပါ။ How are you? ဒါမှမဟုတ်..Have you finished your breakfast? စသဖြင့် အလာပ သလာပလေး ပြောပေးပါ။ ဒါမှမဟုတ်....အနည်းဆုံးပြုံးပြ နှုတ်ဆက်ပါ။ မနက်ပိုင်းတွေ့ကြရင်လည်း Good Morning ပေါ့။ ညနေပိုင်း အပြန်ကားဂိတ်မှာ တွေ့ကြရင်လည်း ဘယ်မှာနေလဲ... ဘာညာ သာရကာလေး အာရွှီးပေးပေါ့။ မမြင်ချင်ယောင်မဆောင်ပါနှင့်။
၂) Follow your colleagues for Breakfast or Lunch
ကိုယ်က အသစ်ဝင်လာတဲ့သူဆိုရင်...အနည်းဆုံး နေ့လည်စာစားဖို့ သူတို့ သွားကြရင်ခေါ်မှာပေါ့နော်..။ အဲဒီလိုဆိုရင်..သူတို့နဲ့ ထမင်းအတူတူလိုက်စားဖို့ ကြိုးစားပါ။ ရုံးထဲမှာ အလုပ်လုပ်နေရင်း နဲ့ ကတော့ သူတို့နဲ့ မြန်မြန် ရင်းနှီးဖို့ မလွယ်ပါဘူး။ သူတို့နဲ့ မြန်မြန်ရင်းနှီး ခင်မင်ချင်တယ်ဆိုရင် ထမင်းစားချိန်၊ ဒါမှမဟုတ် မနက်စာ စားချိန်တွေမှာ လိုက်သွားပြီး ခင်မင်အောင်ပေါင်းပါ။ အဲဒီမှာ စကားပြောရင်း ကိုယ်မသိသေးတဲ့ ရုံးအကြောင်းတွေကအစ သူတို့ဆီက ကြားရပါလိမ့်မယ်။ ပြီးတော့ အဲဒီလို သူတို့နဲ့ လိုက်သွားရင်း ပိုပြီး ခင်မင်လာမယ်။ သူတို့တွေရဲ့ စရိုက်တွေကိုလည်း ကိုယ်က ပိုသိလာမယ်။ သူတို့ရဲ့ စရိုက်တွေ ကို သိလာရတော့ ဘယ်သူကို ဘယ်လို ပေါင်းရမယ်ဆိုတာ ကိုယ့်ဘာသာ မှန်းဆနိုင်တယ်။ ဆေးလိပ်သောက်တတ်တဲ့ သူတွေဆိုရင်လည်း ဆေးလိပ်ဆင်းသောက်ရင်း မီးလေးဘာလေး ညှိပေးရင်း စကားစမြည်လေး ကိုယ်က စပြောပေါ့။ ခင်မင်သွားပြီဆို ကိုယ်အကူအညီလိုတဲ့အခါ လူတွေကပိုပြီးကူညီချင်ပါမယ်။ ကိုယ့်အဖွဲ့ကလူတွေနဲ့ တခါမှ စကားမပြောပဲ အကူအညီလိုမှ သူတို့ကို သွားပြောရင် ၀တ်ကျေတန်းကျေပဲ ပြောပြကြပါလိမ့်မယ်။
၃) Discuss Your Issue with Your Teammates FirstTeam Work အလုပ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်မှာ ပြသနာပေါ်ရင် ကိုယ့် Team members တွေနဲ့ အရင်ဆွေးနွေးပါ။ ညှိနှိုင်းကြည့်ပါ။ ဘယ်သူနဲ့မှ ဘာမှ မဆွေနွေးပဲနဲ့ ပြသနာကို မန်နေဂျာဆီကို တိုက်ရိုက် သတင်းပို့ခြင်းမှ ရှောင်ကျဉ်ပါ။ တကယ်လို့ မန်နေဂျာဆီ သတင်းပို့ ချင်တယ်ဆိုရင် ကိုယ့် အဖွဲ့ဝင်တွေနဲ့ တ်ုင်ပင်ပြီးမှ သတင်းပို့ပါ။
၎) Show your Acknowledgment Properly
ကိုယ်က Project တခု ပြီးသွားပြီဆိုပါစို့။ ကိုယ်က အခုမှ Join ခါစ....ကိုယ်လုပ်တဲ့ Project ဟာ ကိုယ်လုပ်နိုင်လို့ ပြီးသွားတာ ဆိုနိုင်သော်ငြားလည်း.... ကိုယ်ဒီအလုပ်ကို အထမြှောက်ဖို့ နှုတ်အားနဲ့ ကူညီပေးခဲ့သူတွေ၊ Information ရှာပေးခဲ့သူတွေ ရှိခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ သူတို့ တွေကို e-mail နဲ့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့် project presentation လုပ်တဲ့အခါ Acknowledge page မှာပဲ ဖြစ်ဖြစ် နာမည်လေးတွေရေးပြီး သူတို့လုပ်အားကို recognize လုပ်ပေးရပါမယ်။ ကိုယ်တစ်ယောက်ထဲ နာမည်သိမ်းကြုံးယူလိုက်ရင်... အမြင်ကပ်ပုဒ်မနဲ့ နောင်ကို ကူညီချင်သူ ရှားသွားပါလိမ့်မယ်။ အဲဒီလို သူတို့ နာမည်လေးတွေထည့်ပေးလိုက်လို့ ကိုယ်ဘာမှ မယုတ်လျှော့တဲ့အပြင် နောင်ရေရှည်ဆက်ဆံရေးမှာလည်း ပိုပြီး ကောင်းလာစေပါတယ်။
Sunday, June 1, 2008
ချစ်မေမေ

ဇွန်လ ၁ရက်နေ့...။ ဒီနေ့ မေမေ့ မွေးနေ့လေးပေါ့။
ဒီ ခဲပန်းချီပုံလေးက မေမေ အသက်၃၀ ကျော်ကျော် (စုချစ်ကိုမမွေးခင်) က ရိုက်ထားတဲ့ မှတ်ပုံတင်ဓါတ်ပုံလေးကိုကြည့်ပြီး လွန်ခဲ့တဲ့ ၁၈နှစ်လောက်က စုချစ်ဆွဲခဲ့တဲ့ ပုံလေးပေါ့။ ပြီးခဲ့တဲ့ အခေါက် ရန်ကုန်အိမ်ပြန်တော့ စုချစ်စာကြည့်စားပွဲအံဆွဲကနေ ပြန်တွေ့လို့ စင်ကာပူကို အမှတ်တရ ယူလာခဲ့တယ်။ အဲဒီဓါတ်ပုံလေးက စုချစ်အကြိုက်ဆုံး ဖေဖေ၊ မေမေတို့ရဲ့ ရှေးဟောင်းဓါတ်ပုံလေးတွေထဲက တခုပေါ့။ မေမေရဲ့ မျက်လုံးပြူးပြူး၊ ပါးဖေါင်းဖေါင်း၊ နှာတန်ချွန်ချွန်၊ နှုတ်ခမ်းစုစုလေးတွေက အဲဒီဓါတ်ပုံထဲမှာ အထင်းသားမြင်နိုင်တယ်။ တည်ကြည်ပြီး မာနကြီးတဲ့ မျက်နှာထားရယ်၊ မတရားတာမြင်ရင် ဘယ်သူ့ကိုမှ မကြောက်စတမ်း ရင်ဆိုင်မယ်ဆိုတဲ့ အင်အားရှိတဲ့ မျက်လုံးတစုံရယ်၊ မဟုတ်မမှန် စကားဘယ်တော့မှ မပြောတတ်တဲ့ နှုတ်ခမ်းစုစု တစုံရယ်က မေမေ့ကို ကိုယ်စားပြုတဲ့ သင်္ကေတတွေလေးတွေ ပေါ့။
မေမေရဲ့ အပျိုဘ၀က ဒန္တာရီဇာတ်လမ်းလေးတွေကို လူအများအပြားဆီက ကြားဘူးတယ်။ နင့်အမေက ဇတ်ဇတ်ကြဲ၊ အထိမခံ ရွှေပုဂံတဲ့။ သူ့လက်အောက်မှာ အလုပ်လုပ်တဲ့ သူတွေဆို သူ့များ ပြားပြားဝပ်ကြောက်ကြတာတဲ့။ မဟုတ်တာ မမှန်တာ ဘာမှမလုပ်ရဲကြဘူးတဲ့။ ယောင်္ကျားလေးတွေများဆို သူ့ကို ဘာမှတောင် ပြောရဲကြတာဟုတ်ဘူး တဲ့။ ဘယ်လိုလုပ်များ ယောင်္ကျားရသွားတယ်ဆိုတာ စဉ်းစားလို့တောင်မရပေါင်တဲ့လေ။
စုချစ်သိတဲ့ မေမေက သူများအပြောအဆို နည်းနည်းလေးမှ မခံရအောင်နေတတ်တဲ့ သူဆိုတာတော့ သိတယ်။ မေမေ့ရဲ့ အလိုလောဘနည်းမှုကြောင့် ဖေဖေ နိုင်ငံရေးကို အေးအေးဆေးဆေး လုပ်နိုင်တာ မှတ်မိတယ်။ ဘာကိုမှ ညည်းညူမနေပဲ ဖေဖေရှာပေးသမျှနဲ့ ရောင့်ရဲစွာနေနိုင်တတ်ခဲ့တာကို ချီးကျူးတယ်။ သမီး ၃ယောက်ကို အရိပ်တကြည့်ကြည့်နဲ့ ဒါပေမဲ့ အလိုမလိုက်ပဲ လိမ်မာရေးခြားရှိအောင် ထိမ်းသိမ်းနိုင်မှု၊ စွမ်းဆောင်နိုင်မှုအပေါ် လေးစားတယ်။
မေမေ့ရဲ့ အထူးခြားဆုံး စွမ်းရည်ကတော့ ဆူတာတောင်မှ လူချစ်အောင်ဆူတတ်တဲ့ နည်းလေးပေါ့။ မေမေ့ကို စွာတယ်လို့ ပြောတဲ့သူတွေဟာ ပါးစပ်ကသာ မေမေ့ကို အဲလို ပြောနေကြပေမဲ့ သူတို့မေမေ့ကို အရမ်းချစ်ခင်လေးစားကြတာ သူတို့ အမူအရာနဲ့တင် သိနေရတယ်။ မေမေ ဘယ်လိုများ စွမ်းဆောင်ပါလိမ့်...။
ချစ်မေမေ...ကျန်းမာ၊ ချမ်းသာစွာ တရားဘ၀နာပွားများနိုင်ပြီး၊ အသက်ရာကျော်ရှည်ပါစေ...။

သမီးလတ်
ခေတ္တ အဝေးတနေရာ
Subscribe to:
Posts (Atom)