Monday, March 2, 2009

Unexpected Access


Image from http://www.fotosearch.com/

တနင်္ဂနွေည ၁၀နာရီမှာ စင်ကာပူရုပ်မြင်သံကြား အစီအစဉ် (channel 5) ကထုတ်လွှင့်တဲ့ unexpected access ဆိုတဲ့ program အစီအစဉ်လေးကိုတွေ့လို့ ဟိုဒီတွေးမိတာလေးတွေပါ။

အဲဒီ program လေးက လူတွေ မမြင်သင့်၊ မမြင်အပ်တဲ့ ထိတ်လန့်စရာ၊ ကြောက်မက်ဖွယ်ရာ၊ စိတ်နှလုံးချောက်ချားစရာ လုပ်ငန်းမျိုးတွေနဲ့ ဆက်စပ်ပါတ်သက်နေတဲ့ အလုပ်တွေအကြောင်း သိကောင်းစရာ၊ ဗဟုသုတရနိုင်အောင် ရိုက်ပြထားတဲ့ အစီအစဉ်လေးပေါ့။

ဥပမာ… အသုဘ လုပ်ငန်းနဲ့ ဆိုင်တာတွေ၊ သားသတ်ရုံအကြောင်း၊ ဆေးရုံခွဲစိတ်ခန်းအကြောင်း၊ မှုခင်းမှုရာတွေ အကြောင်း စသဖြင့်ပေါ့။ Host ကတော့ စင်ကာပူ MediaCorp TV က မင်းသမီး လီလင်း (Wong Lilin) ပါ။ သူ့ကို အတော် သတ္တိရှိတယ်ဆိုပြီး ချီးကျူးမိပါရဲ့။ ကိုယ်ကတော့ သူသတ္တိရှိရှိ ရိုက်ပြထားတာကိုတောင်မှ ရဲရဲ မကြည့်ဝံ့သူပါ။

အဲဒီမှာ series-2 က ၀က်သတ်ရုံအကြောင်းရိုက်ထားတာ။ နောက်တနေ့ နံနက်မှာ အသတ်ခံရတော့မဲ့ ၀က်တွေအများကြီးဟာ သားသတ်ရုံထဲမှာ သူတို့ရဲ့ နောက်ဆုံးညလို့ မသိပဲ အိပ်နေကြတာ ကြည့်ရတာ အတော်ကို ၀မ်းနည်းစရာ။ ပြီးတော့ အော်သံ… အဲဒီ ၀က်လေးရဲ့ အော်သံကို ကြားရတာ ရင်ထဲမှာ အတော်ကို ခံစားရတာပါ။ ကြည့်စမ်း… သူ့ကို သတ်တော့မယ်ဆိုတာ သိနေပြီး ရုန်းကန်တွန်းထိုးလို့… ။ ကိုယ်က အဲဒီအစီအစဉ်ကို channel 5 ရဲ့ စာမျက်နှာမှာ သွားဖတ်ထားပြီးသား။ ကြော်ငြာလာတဲ့ အချိန်တောင် ကောင်းကောင်းမကြည့်ရဲလို့၊ ရင်ထဲမှာ မချိလို့ နားရော၊ မျက်စိရော ပိတ်ထားမိတယ်။

တော်ပါသေးရဲ့…။ ကိုယ်က ၀က်သားကို မွေးကတဲက မစားဘူးတဲ့သူမို့။ သူငယ်ချင်းတွေကတော့ နင်က ၀က်သားကိုအရသာကောင်းမှန်းမမြည်းဘူးလို့ပါ၊ နို့မဟုတ်ရင် ၀က်သားဆိုတာမျိုးက ရှောင်နိုင်မယ်မထင်လို့ တခါတခါ ပြောတတ်ကြတယ်။ နည်းနည်းလေး ကြီးလာတော့ ၀က်သားတင်မဟုတ်၊ ခြေ၄ချောင်းသား မှန်သမျှ မစားဘူးဆိုတော့ ကုတင်ရော မစားဘူးပေါ့၊ ဂဏန်းကျတော့ ဘာလို့ စားလည်း၊ လူကတော့ ခြေ၂ချောင်းဆိုတော့ မရှောင်ဘူးပေါ့ … စသဖြင့် လည်း သူငယ်ချင်းတွေ နောက်ကြပြောင်ကြလေ့ရှိတယ်။

တကယ်က အဖိုးဖက်ကရှမ်းစပ်တော့ ရှမ်းနတ်ကိုးကွယ်တယ်ဆိုလား၊ ဘာမှန်းရေရေရာရာမသိ၊ ၀က်သားစားရင် တခုခု အမြဲ အဆင်မပြေ ဖြစ်တယ်လို့လည်းပြောကြ။ ဒါနဲ့ပဲ ကိုယ်မမွေးခင် အဖေ၊ အမေတွေ လက်ထက်မှာ ၀က်သားကို လုံးဝ ရှောင်ခဲ့ကြတယ်။ ကိုယ်တို့လက်ထက်ကျတော့ လက်တွေ့ကျတဲ့သူတွေမို့ အဲသလောက် အယူမသည်းကြတော့။ အိမ်မှာသာ တရားဝင်ချက်မစားဖြစ်ပေမဲ့ မောင်လေးတွေက အပြင်မှာတွေ့ရင် စားကြတာပဲ။ ကိုယ်ကတော့ ၀က်သားစားတဲ့ သူနဲ့ တစားပွဲထဲ ထိုင်စားလို့ မရလောက်အောင် အယူမသည်းတတ်၊ ၀က်သား (ဒါမှမဟုတ်) တခြား ခြေ၄ချောင်းသားပဲ ဖြစ်ဖြစ် ခပ်ထားတဲ့ ဇွန်းနဲ့ ကိုယ့်ဟင်းခွက်နှိုက်ချင်လည်းနှိုက် ဘာမှမဖြစ်ဘူး။ ကိုယ်မစား၊ ပြီးတာပဲ လို့ စိတ်ထဲထားတယ်။ တခါတလေ သူငယ်ချင်းတွေက ညာကျွေးချင်ပေမဲ့ ကိုယ်က အနံ့ရတာနဲ့ များသောအားဖြင့် ကိုယ်မစားတဲ့ အသားမှန်းချက်ချင်းတန်းသိတယ်။ စားနေကျအသားတွေ မဟုတ်တဲ့အတွက် အနံ့ကိုက ညှီတယ်လို့ ထင်မိတယ်။ တကယ်က ကိုယ်ဝက်သားမစားတာ၊ ခြေ၄ချောင်းသားရှောင်တာ အယူကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပေါ့။

ဟိုးအရင်က ကိုယ်တို့နေတဲ့ ရပ်ကွက်လေးထဲမှာ ၀က်မွေးတဲ့သူတွေ ရှိတယ်။ ၀က်တွေဟာ ဉာဏ်ကောင်းတယ်လို့ ပြောရင် ယုံကြပါ့မလားမသိဘူး။ ကိုယ်မြင်ဘူးတဲ့ ၀က်လေးတွေကတော့ သူတို့ကို သတ်ဖို့၊ အသားပေါ်ဖို့ ခေါ်သွားပြီဆို၊ သူတို့ကို သတ်တော့မယ်ဆိုတာ နားလည်လို့ လားမသိ၊ တရပ်ကွက်လုံးကြားအောင် အော်ကြတော့တာပါပဲ။ အာခေါင်ကို ခြစ်ပြီး စူးစူးရှရှ အော်တတ်တဲ့ သူတို့ရဲ့ အသံကို နှစ်တွေ ဘယ်လောက်ကြာကြာ ကိုယ်ကတော့ မှတ်မိနေတုန်းပဲ။

တခါတော့ ၀က်လေး တစ်ကောင်ဟာ… အဲသလိုပဲ အသားပေါ်ဖို့ ကြိုးလေးနဲ့ ဆွဲပြီးခေါ်အလာ အတင်းရုန်းကန် ပြေးမိပြေးရာပြေးထွက်လာတာ၊ နောက်ဆုံး ကိုယ်တို့ အိမ်ရှေ့မျက်စောင်းထိုးက မြောင်းလေးထဲကို ဆင်းပြီး ၀ပ်နေပါရော။ သူ့ကို အတင်းဆွဲထူလို့ကို မရအောင် ကုတ်ကပ်ပြီး စူးစူးဝါးဝါးအော်လို့ အဲဒီထဲမှာ ၀ပ်နေရှာတာ။ နောက်ဆုံး သူ့ကို ကြိုးတွေနဲ့ ၀ိုင်းတုတ်ပြီး ခြေထောက်ကို ၀ါးလုံးမှာချည် ဇောက်ထိုးဆွဲလို့ သယ်သွားကြတယ်။ ပါးစပ်ကိုတော့ ပိတ်လို့ မရလို့ သူ့အော်သံက တော်တော်ဝေးဝေးရောက်သွားတဲ့ အထိ ၀က်ဝက်ကွဲပါပဲ။ ကိုယ်ကတော့ ရင်ထဲမှာမကောင်းလွန်းလို့ မေမေရယ် … အဲဒီ ၀က်လေး ..သမီးတို့ ၀ယ်လိုက်ကြရအောင်လို့ မျက်ရည်လေးလည်တယ်လည်တယ်နဲ့ ပြောမိသေးရဲ့။ ဒါပေမဲ့ အိမ်မှာ အပိုငွေရှိဖို့မပြောနဲ့ တော်တော်ကြပ်ကြပ်တည်းတည်း အချိန်ကာလဆိုတော့ မေမေက ကိုယ်ပြောတာကို စိတ်မကောင်းတဲ့ပုံနဲ့ မကြားချင်ယောင်ပဲ ဆောင်နေရှာတယ်။

အဲဒီကတည်းက ကိုယ်ကတော့ ဈေးထဲက အကောင်ပုံစံမပျက်တပျက် ၀က်သားဆိုင်တွေရှေ့က ဖြတ်မလျှောက်မိအောင် သတိထားမိစမြဲ။ အဲသလိုတွေ မြင်ရတိုင်းလဲ မြောင်းထဲက ၀က်လေးအော်သံကို နားထဲမှာ ပြန်ကြားယောင်စမြဲပဲ။ ၀က်တွေတင် မဟုတ်ဘူး။ ဈေးထဲမှာ ဆိတ်သားရောင်းတဲ့ ဆိုင်တို့၊ အမဲသားရောင်းတဲ့ ဆိုင်တွေရှေ့ကလည်း မဖြတ်လျှောက်မိအောင် ရှောင်လေ့ရှိတယ်။ အဲသလိုနဲ့ ငယ်ငယ်ကတဲက အိမ်မှာ ကိုယ်တစ်ယောက်တဲ ခြေ၄ချောင်းသား ရှောင်တဲ့သူ ဖြစ်လာတယ်။

ကိုယ်တို့ နေတဲ့နေရာဟာ ဆင်ခြေဖုံးရပ်ကွက်လေးဆိုတော့ အဲဒီမှာ နွားမွေးတဲ့သူတွေလည်းရှိတယ်။ နွားလေးတွေဟာ ပိုပြီးတော့တောင် သနားဖို့ကောင်းတယ်။ သူတို့ကကျတော့ ၀က်လေးတွေလို မအော်ဘူး။ မျက်ရည်တွေပဲ တွေတွေ စီးကျနေတတ်တာ။ အဲသာတွေမြင်ပြီး ကိုယ်လည်း အဲဒီ အသားတွေဘယ်လို မှ မစားချင်တော့ဘူး။

သာဖြင့် ကြက်လေးတွေကျတော့ မသနားဘူးလားမေး။ သနားတာပါပဲ။ ကြက်ခေါင်းလေးတွေ လည်လိမ်ပြီး ချိတ်ထားတာကိုလည်း မမြင်ဝံ့ဘူး။ ကြက်သားကို ခုတ်ပြီးသားပဲ ၀ယ်လေ့ရှိပြီး မခုတ်ရသေးတဲ့ အကောင်ဆို ကိုယ်မမြင်အောင် တစ်ယောက်ယောက်က ခုတ်ပေးရတယ်။ အနည်းဆုံးတော့ သူ့ခေါင်းလေး မမြင်ရအောင်တော့ လုပ်ခိုင်းရတယ်။ ဒါပေမဲ့ ဒီနေ့ထိတော့ ကြက်သားကို စားနေတုန်းပဲ။ တနေ့နေ့ တချိန်ချိန်မှာတော့ ရှောင်ဖြစ်မယ်လို့ ထင်တာပဲ။ အသက်၁၀၁နှစ်ထိနေသွားတဲ့ ကိုယ်တို့ အဖိုးဟာ ကုန်းသတ္တ၀ါကို ငယ်ငယ်လေးကတဲက ရှောင်တဲ့သူပါ။

ဒီက တရုတ်လူမျိုးတွေက ကိုယ့်ကို သက်သတ်လွတ်ပဲစားတာလားလို့ မေးလေ့ရှိတယ်။ ကိုယ်ကမဟုတ်ဘူးဆိုတော့ ဗုဒ္ဓဘာသာဖြစ်ပြီး ဘာလို့ သက်သတ်လွတ်မစားသလဲတဲ့။ ကိုယ်ကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ သက်သတ်လွတ်စားရမယ်လို့ မပြဌာန်းထားပါဘူးလို့။ ဒါပေမဲ့ ကိုယ်စားဖို့ဆိုပြီး ကိုယ့်ရှေ့မှာ သတ်တဲ့ အသားမျိုးကိုတော့ မစားပဲ ရှောင်ကြတယ်လို့။ ဒီနေ့တော့ ကြက်သားဝယ်မယ်၊ ငါးဝယ်မယ်၊ ဒါမှမဟုတ်လည်း ဘာအသားလေးတော့စားလိုက်မယ်ဆိုတဲ့ လောဘနဲ့ အကုသိုလ်စိတ်မျိုးမထားပဲ ဈေးမှာတွေ့တာ၊ ဆိုင်မှာ တွေ့တာ၊ အိမ်မှာရှိတာ ကြုံသလို၊ အဆင်ပြေသလိုမျိုး ၀ယ်မယ်၊ စားကြတယ်ဆိုရင် အပြစ်မဖြစ်ပါဘူးလို့ တတ်သမျှ၊ မှတ်သမျှရှင်းပြမိတယ်။ ကုသိုလ်စိတ်နဲ့ နေရင် ဘာစားစားကုသိုလ်ရတယ်၊ အကုသိုလ်စိတ်နဲ့စားရင် ကန်ဇွန်းရွက်ကြော်ပဲ နေ့တိုင်းစားဦး ဘာအကျိုးမှမရှိပါဘူးလို့ ရှင်းပြရတာပဲ။ လက်ခံတာ၊ လက်မခံတာတော့ သူတို့အပိုင်းပေါ့။

တခါက ဈေးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးက ငါးအရှင်တွေ ကို ငါးကန်ထဲက လက်ညိုးထိုးဝယ်နေပြီး သူ့ရှေ့တင် သတ်နေတာကို စောင့်ပြီးယူနေတာမြင်တော့ ရင်ထဲမှာ တမျိုးကြီးပဲ။ ဂျပန်မှာ ငါးအရှင်လတ်လတ်ကို တန်ပူရာထဲ ထည့်ကျော်ထားတဲ့ လတ်လတ်ဆတ်ဆတ်ငါးကြော်ဆိုလို့ ကိုယ်က ဘေးကိုတွန်းလိုက်မိတယ်။ သူတို့ အတွက်ကတော့ ကိုယ်ဟာ အတော်ကြောင်တဲ့ သူပဲတဲ့။ သူတို့ယူဆထားတာက တိရစ္ဆာန်တွေဟာ လူတွေ စားဖို့ ဖြစ်လာလို့ စားတာ မဆန်းပါဘူးတဲ့လေ။

ကိုယ့်အသားလေးနည်းနည်းထိရင်တောင် လူတွေကနာတတ်ကြတာပဲ။ တိရစ္ဆာန်တွေဆိုတာလဲ အသက်နဲ့၊ သွေးသားနဲ့ဆိုတော့၊ သူတို့ ရှိတဲ့ အသိဥာဏ်လေးနဲ့ သေရမှာတော့ ကြောက်ကြမှာပဲ။ အင်း… အတွေးကတော့ ကြီးကျယ်လွန်းလှပေမဲ့ စိတ်ကမသိလိုက်ခင်မှာ ပုဂံဆေးရင်း ပုရွက်ဆိတ်လေးတွေ ရေနဲ့ မျှောမျှောချမိတတ်တဲ့ အကျင့်ကို ရှောင်ဖို့၊ သတိချပ်ဖို့ အရင်ဆုံး ကြိုးစားရဦးမယ် နဲ့တူပါရဲ့။ ။

4 comments:

Anonymous said...

ကြီးစု :)

WeSheMe မှာတွေ့လို့ ကြီးစုချစ်နဲ့တူပါတယ် ဆိုပြီး ကလစ်လိုက်တာ အဟုတ်ပဲတော့။ ဒီလိုဘလော့ရှိတာတောင်မသိဘူးရယ်။ အကုန်လုံးကိုလှန်ဖတ်သွားပါတယ်။ ဒီပို့စ်ကအသစ်ဆုံးမို့ ကွန်မန့်ချန်ခဲ့တာ။ ဘိုးဘွားကန်တော့ပွဲ ပို့စ်ကိုအကြိုက်ဆုံးပဲ။ အဲဒီထဲကပုံကကြီးစုလား။ ဒါဆို ငယ်ငယ်ချောချောလေးတော့။ သမီးမြင်ယောင်ကြည့်ထားတာထက်အများကြီးပိုနုပါ့။ဒါများ ကျုးပစ်ကသူတွေက ကြီးစု ကြီးစု နဲ့-တကယ်တော့ မမလေး ပါ။
ခင်မင်လျက်
ရူဘီခင်

စုချစ် said...

အော်... ညလေးမရူဘီကနောက်တော့မယ်။ အိတ်ဒုံပါတ်တွေက မှောင်မှောင်မဲမဲနဲ့မို့ ငယ်နေတယ်ထင်ရတာ... အဟက်...။
လာလည်တာ ကျေးဇူးပါ ညီမလေးရေ...
အလုပ်ရော အဆင်ပြေတယ်ဟုတ်....
ကြီးစု

ZT said...

ဟိုတစ်နေ့က ငါးအရှင်ကို ခေါင်းကကိုင်ပြီး ကြော်တဲ့ ပြိုင်ပွဲ ဗွီဒီယို ကြည့်လိုက်ရတယ်။ ကျက်သွားတဲ့ အချိန် ငါးပါးစပ် မလှုပ်တော့ရင် ရှုံးတယ်ဆိုပဲ။ KFC အကြောင်း ရိုက်ပြတဲ့ ဗွီဒီယိုလည်း ကြည့်ဖူးတယ်။ ကြက်တွေ အကြီးမြန်အောင် နှုတ်သီးကို ဖြတ်ထားတာ။ မနိုင်းနိုင်းရဲ့ ဘလော့ခ် ထဲမှာလည်း တရုတ်ပြည်မှာ ဝက်ဝံ အရှင်တွေကနေ သည်းခြေထုတ်တာ ဖတ်လိုက်ရတယ်။ လူတွေလည်း ဘာကြောင့် ဒီလောက်တောင် အကြင်နာတရား ကင်းမဲ့ နေကြသလဲ မသိဘူး။

Anonymous said...

ရသာ တဏှာက ငယ်ငယ်က သိပ်ခေါင်းမထောင်ပေမဲ့ အခုကျ မစားရမနေနိုင်တွေ ဖြစ်လွန်းလို့ စိတ်ပျက်လက်ပျက်နဲ့ပဲ သူ့အလိုတွေလိုက်နေမိပါတယ် စုချစ်ရေ...