Monday, May 25, 2009

သွားကိုက်ခြင်း အနုပညာ


အစကတဲက အဲဒီညာဖက်အံသွား သွားစိုက်ထားတဲ့နေရာက အပေါ်ရော၊ အောက်ရော နာ-နာ နေတတ်တာကြာလှပြီ။ ဒီကလည်း တော်ရုံနာတယ်ဆို ဆေးရုံ၊ ဆေးခန်းသွားရမှာ အင်မတန်ပျင်းတဲ့သူဆိုတော့ ပရုပ်ဆီလေးလိမ်းလိုက်၊ လေးညှင်းဆီလေးသုတ်လိုက်၊ ရတနာထွန်းလေးသိပ်လိုက်၊ ဆရာခိုကို နှာခေါင်းရှုံ့ပြီး ထည့်လိုက်၊ Antiseptic Mouthwash နဲ့ ပါးလုပ်လေးကျင်းလိုက် .... မသိလိုက် မသိဖာသာ နေလိုက်တာပဲ။ ထူးပြီး စိတ်ထဲထားမနေတော့ဘူး။

မှတ်မှတ်ရရ ၁၀တန်း စာမေးပွဲဖြေခါနီးမှာ သွားကအရမ်းကိုက်နေတာနဲ့ ညာဖက် အပေါ် အောက် အံသွား၂ချောင်းစလုံးကို ဆရာဝန်က (ရက်ရက်စက်စက်) နုတ်ပစ်လိုက်တယ်။ အမှန်တကယ်က သွားကိုက်လွန်းအားကြီး၊ စာကမကျက်နိုင်နဲ့ ဆရာဝန်ကို နုတ်လိုက်ပါလို့ မသိနားမလည်စွာ ပြောတာကို သူကတကယ်ပဲ နုတ်ပစ်လိုက်တာ။ ခုမှပြန်စဉ်းစားကြည့်တော့ နုတ်လိုက်တဲ့သွားတွေက တော်တော်ကို အကောင်းကြီးတွေရှိသေးတာရယ်။

ကိုယ့်အပစ်ပဲထားပါတော့လေ...။ ထန်းလျက်၊ သကြားလုံး အချို အင်မတန်ကြိုက်တဲ့သူ၊ ညဖက်အိပ်ရာဝင်ခါနီး တခါတရံ သွားတိုက်ရမှာ ပျင်းတဲ့သူ၊ သွားတိုက်ပြီးပေမဲ့လည်း အိပ်ရာထဲရောက်ပြီးမှ ဗိုက်ဆာလို့ ဆိုပြီး မုံ့တွေထစားလေ့ရှိတဲ့သူ။ ၁၆နှစ်သမီး တက္ကသိုလ်ရောက်တဲ့နှစ်မှာ အံသွား၂ချောင်းမရှိတော့ဘူးဆိုတာ တော်တော်တော့ စိတ်ပျက်စရာ၊ ရီစရာကောင်းတာပေါ့နော်။

သာနဲ့ အဲဒီနုတ်လိုက်တဲ့ အံသွားဟောင်းလောင်းလေးတွေနဲ့ပဲ အင်ဂျင်နီယာဘွဲ့ရလာခဲ့ပြီး၊ အလုပ်စ၀င်တော့မှ ကိုယ့်ဝင်ငွေလေးနဲ့ အဲဒီသွားဟောင်းလောင်းလေးကို ပြန်စိုက်ဖို့လုပ်ရတော့တယ်။ ကျောင်းပြီးကာစ၊ အိမ်နားမှာ ဆေးခန်းလာဖွင့်တဲ့ သူငယ်ချင်းသွားဆရာဝန်က သူလုပ်ပေးမယ်ပေါ့လေ.. (ဈေးသက်သက်သာသာနဲ့ပေါ့...)။ သူက စကားတွေဖောင်လောက်အောင်ပြောပြီး (ဟိုငေးဒီငေးနဲ့)လုပ်ပေးတာ...တကတဲ... စိုက်လိုက်တဲ့ သွားကို ကပ်တဲ့နေရာမှာ နည်းနည်းချော်တာလား၊ လိုတာလားမသိ။ အဲဒီနေရာကနေ အစာသေးသေးလေးတွေက ၀င်လို့ရနေတာပေါ့။ (နောက်ဆို မြဲမြဲမှတ်ကြပါ... ကိုယ့်ကိုပိုးနေတဲ့ သွားဆရာဝန်ဆီများ ဘယ်တော့မှ သွားမလုပ်ကြပါနဲ့...) ခုမှ လောလောလတ်လတ်လုပ်ထားတာဆိုတော့ မကောင်းမှန်းသိပေမဲ့ ဒီကလည်း ဒီအတိုင်းပဲထားလိုက်တော့တယ်။ အဲသာကြီးပြန်ဖြုတ်ပြီး အသစ်ပြန်လုပ်ပေးပါမယ်လို့တော့ သူက ပြောရှာပါတယ်။ ပိုက်ဆံမယူပါဘူးတဲ့။ ပြန်ဖြုတ်ရင် ဒရေနဲ့ပြန်ထိုးရ၊ နာရမှာတွေးပြီး အဲသာကြီးနဲ့ပဲ နေလိုက်တာ ၄၊ ၅၊ ၆နှစ်။

စင်ကာပူရောက်ပြီး ၃နှစ်လောက်နေတော့ အဲဒီအံသွားစွပ်ထားတာတွေက တော်တော်ကို ချောင်လာပါလေရော။ ဒါပေမဲ့ သူက ချောင်တဲ့နေရာကချောင်၊ ကပ်တဲ့နေရာကျတော့လည်း တအားကပ်... အဲသလို။ ဒီက မြန်မာသွားဆရာဝန်ဆီသွားပြတော့ အဲသာကြီးပြန်လုပ်ရင် တဖက်ကိုစလုံး၂၀၀၀တဲ့။ ဒီလောက်ဈေးကြီးတာ မလုပ်ပါဘူးဆိုတာတောင် ဆရာဝန်မမက ပလာယာနဲ့ သမလိုက်သေးတယ်။ သို့သော်လည်း အဲသာကအရမ်းနာတာ၊ ကိုက်တာလဲ မဟုတ်တော့ အချိန်ရွှေ့ပြီး မြန်မာပြည် ပြန်မှပဲ လုပ်မယ်ပေါ့။ မြန်မာပြည်ပြန်ရောက်တော့ သူများညွှန်တဲ့ တော်တယ်ဆိုတဲ့သွားဆရာဝန်ဆီသွားပြရော... အမလေး ...ဆူလိုက်တာ။ အဲသလို မကောင်းတဲ့ဟာကို မဖြုတ်ပဲထားတာ ဘေးက သွားအကောင်းတွေပါ နာကုန်ပြီတဲ့။ သာနဲ့ သူက အပေါ် အောက် အသစ်ပြန်စိုက်ပေးလိုက်တာပေါ့။ မြန်မာပြည်မှာ ၂၀၀၃ ကလားမသိ ... လုပ်တာ ၃သိန်းပေးရတယ်။ ကောင်းသွားပြီပေါ့.... စိတ်ထဲမှာတော့....။

ဒီက အချိုကလည်းသိပ်ကြိုက်တော့ အစာအိမ်ဆိုတဲ့ ရောဂါလေးကလည်းရှိတော့ ချောကလက်မျိုးစုံ ဆိုတာ အိမ်က၊ ရုံးက အံဆွဲထဲမှာ အပြည့်ရှိတယ်။ နံနက်ရုံးရောက်ရင် ဘရိတ်ဖတ်က ချောကလက်တတောင့် ဖြစ်ချင်လည်းဖြစ်တာ။ ညဖက်ဗိုက်ဆာရင်လည်း ခပ်လွယ်လွယ်ပဲ ချောကလက်တတုံးလောက်ပါးစပ်ထဲ ပစ်ထည့်လိုက်တာမျိုးဆိုတော့ ဒီသွားတွေ ဒီလောက်ထိခံနိုင်ရည်ရှိတာပဲ ချီးကျူးချင်စရာ....။

ပြီးခဲ့တဲ့ တပတ်ကတော့ အပြင်မှာ ညစာသွားစားကြရင်း ဗြုန်းဆို ညာဖက်တဖက်လုံး သွားတွေနာလာပါလေရော။ ဒီတခါနာတာကတော့ ဆိုးတယ်ဆရာ.... နာတယ်...နာတယ်မှတ်ရင်း မျက်ရည်က အလိုလိုလည်လာတယ်။ သွားနာတာတင်မဟုတ်၊ မေးရိုးတပြင်လုံးနာ၊ ခေါင်းကလည်းကိုက်။ အပေအတေဆိုတော့ ၂ရက်၊ ၃ရက်လောက် အောင့်အီးပြီးနေလိုက်သေးတယ်။ ကိုက်ရင်ကိုက်တယ်မှတ်စမ်း၊ နာရင်နာတယ်မှတ်စမ်းဆိုပြီး ညဆိုကြိတ်မှိတ်အိပ်...။

မရပါဘူး။ ၃ရက်၊ ၄ရက်လောက်နေတော့ ရုံးမှာနေရင်း မခံနိုင်တော့တာနဲ့ အနီးအနားက သွားဆေးခန်းကို ပြေးရတော့တာပဲ။ ဆရာဝန်က သွားတွေအားလုံးစစ်ဆေးပြီး ဘာလို့ ဒီလောက်ထိ ဂရုမစိုက်ရသလဲဆိုပြီးတော့ ဆူပါလေရော... ။ အံသွားတော်တော်များများ ပိုးပေါက်တွေနဲ့ Root Canal treatment လုပ်ရမယ်တဲ့။ တချောင်းကို ၁၀၀၀လောက်ကျမယ်.. တဲ့။ ကိုယ့်အတွက် ကိုယ်သုံးရမယ်ဆို တပြားကအစ ခွာချင်နေတဲ့ ဒီကလည်း... အမလေး...တော်တော့ ...မလုပ်ဘူးပေါ့။ အကိုက်အခဲပျောက်ဆေးတွေ တောင်းလာပြီး ၃ရက်လောက် ဆက်ပြီးပေတေခံပေါ့။ အဲဒီနေ့က ဆရာဝန်က သွားနာသက်သာအောင် ဆေးထိုးပေးလိုက်တာ၊ မသက်သာတဲ့အပြင် သွားနာတာကတမျိုး၊ ဆေးထိုးလို့နာတာကတမျိုး။ ဒီတော့လည်း နာတယ်...နာတယ်မှတ်ပေါ့။

အိမ်ကယောက်ယောက်နဲ့ ညီမတော်တို့လည်း ကိုယ်ကသွားနာနေလို့ စိတ်တွေညစ်ကြ။ RCT လုပ်ဖို့ ဒီမှာ ဈေးကြီးလို့ မလုပ်ချင်ဘူး။ မြန်မာပြည်မှာ လုပ်ရကောင်းမလား ကျူးပစ်က ဘော်ဘော်တွေကိုမေးတော့ ကူညီပြီးဖြေပေးကြတာလဲ အများအပြား။ ရုံးကလူတွေလည်း မနေရ။ ကိုယ့်ဘော့စ် ကလည်း ဟိုဆေးခန်း၊ ဒီဆေးခန်း ဖုန်းတွေဆက်ပြီးမေးပေး။ လုပ်ဖော်ကိုင်ဖက်တွေကလည်း ဆန်ပြုတ်ပြေးဝယ်ပေးတဲ့သူနဲ့၊ ရေခဲကပ်ရအောင် ပြေးရှာပေးတဲ့သူနဲ့။ ပိုက်ဆံကုန်ရင် ပြန်ရှာလို့ရတာပဲ... နင့်မှာ ခွင့်တွေမှ မရှိတော့တာ မြန်မာပြည်ပြန်မှလုပ်မယ်လို့ စောင့်လို့မှ မရတာ...ဒီမှာပဲ သွားလုပ်ပါဟယ်လို့ နားချတဲ့သူက နားချ။ မလေးရှား ဂျေဗွီမှာဆို သက်သာမှာလို့ ပြောပြီး စုံစမ်းတဲ့သူ စုံစမ်း၊ medisave က claim လို့ ရမလား internet ထဲရှာတဲ့သူကရှာနဲ့ပေါ့...။

ဘော့စ်က second option ရအောင်ဆိုပြီး Raffles ဆေးရုံကိုသွားဆိုလို့ စပယ်ရှယ်လစ်ဆီ တိုက်ရိုက် အပွိုင့်မန့်ယူပြီးသွားပြကြည့်ခဲ့သေးတယ်။ သူ့ဆီပြမိတော့မှပိုဆိုးတယ်။ မေးရိုးကို စီတီစကန်လုပ်ရမယ်တဲ့။ သွားစိုက်တာက ၃၀၀၀တဲ့။ Root Canal treatment နဲ့ပေါင်း၊ အပေါ်အောက် စလုံး ၁၀,၀၀၀။ ကိုယ်ကတော့ ပေါ်တင်ပဲ.... အောင်မလေး သွားကဘာလို့ အဲသလောက် ဈေးကြီးရပါသလဲဆိုတော့ ဂျာမာန်နည်းပညာဆိုပဲ။ သွားကိုက်လို့ သွားပြတာ ပြန်လာတော့ နှလုံးရေဂါ မရရုံတမယ် ရင်ဘတ်ဖိပြီး ပြန်လာရတယ်။ ဘာ.. စီတီ စကန်မှလည်း မလုပ်ခဲ့ဘူး။ ဒါနဲ့ပဲ ဆက်ပြီး နာတယ်...နာတယ်မှတ်ပြန်ရော....။

ဖေဖေတို့ မေမေတို့အတွက် ဆေးစစ်တာ၊ ကုန်ကျတာတွေ ဘယ်တုန်းကမှမနှမျော ခဲ့စဘူး။ ညီမအတွက် အမအတွက် သူရို့လိုချင်တာ ၀ယ်ပေးရတာ၊ ဘာညာ မညူစူ ခဲ့စဘူး။ ယောက်ယောက်ကလိုချင်တာဝယ်ရင် တော်ရုံတန်ရုံ ဘယ်တော့မှ မတား ခဲ့စဘူး။ လှူတာတန်းတာတွေအတွက်လည်း ဘယ်တုန်းကမှ လက်မတို ခဲ့စဘူး။ အခု... ကိုယ့်အတွက်သုံးဖို့လည်း ကျရော... နှမျောလိုက်တာဆိုတာ....။ အားလုံးက တောင်းတောင်းပန်ပန်နဲ့ တွန်းလွှတ်တော့မှ ကိုယ်လည်း နှမျှောတသလှစွာနဲ့ တနေ့ကပဲ သွား၂ချောင်းကို RCT သွားလုပ်လိုက်ပါတော့တယ်။ ဒါတောင်ဆရာဝန်က ပြောလိုက်သေးတယ်။ နောက်၂ပတ်ကြာရင် နောက်ထပ် ၂ချောင်းလာလုပ်ရဦးမယ်တဲ့။ ဒီကတော့ see how... ပေါ့ကွယ်... စဉ်းစားကာနေရပါဦးမယ်....။

အရင်ကတဲက နေမကောင်းကဖြစ်နေတော့ လေ့ကျင့်ခန်းကလုပ်စရာမလိုပဲ ၁၅ပေါင်လောက်ကျသွားတယ်။ ခုတော့ ပါးလေးဖေါင်းဖေါင်းပြန်ဖြစ်လို့.... (ချစ်စရာလေး - ကိုယ့်ကိုယ်ကို ထင်တာ ) (အကောင်းတော့မှုတ်ပါဘူး.... ပါးယောင်နေတာ....။) ယောက်ယောက်က သူ့ကင်နွန်ကင်မရာ အသစ်ကြီးကိုင်ပြီး သွားနာနေတဲ့ပုံကို မှတ်တမ်းတင်တော့ ဒီကပြန်ပြောလိုက်တယ်။ ပါးစပ်ထဲ ကင်မရာငုံထားတဲ့သူ ရိုက်စရာမလိုဘူးလို့....။

ဟုတ်တယ်လေ...။ သူ့ ကင်မရာကလည်း ၂၀၀၀ ပေးရတယ်။ ဒီက လောလောလတ်လတ် သွားလုပ်ထားတာကလည်း ၂၀၀၀ကုန်ထားတဲ့ဟာ.....။

အိ... သွားနာလာပြန်ပြီ... သွားကိုက်ခြင်း အနုပညာ ဤမှာ တခန်းရပ်....။ ။

****************************

(မြန်မာကျူးပစ်မှာ ဖေါ်ပြပြီးကို အနည်းငယ် ဖြည့်စွက်ပြုပြင်ပါသည်။)

4 comments:

သက်ဝေ said...

ဘုရားရေ....
ဒီလောက်တောင် သွားကိုက် သွားနာနေတာကို ရယ်စရာနဲ့အတူတူ ရေးနိုင်သေးတယ်နော်... တကယ်ပဲ ချီးကျူးမိပါရဲ့...။
အားလုံးထဲမှာ ကင်မရာငုံထားတယ် ဆိုတာကို သဘောကျလို့ မဆုံးဘူး... (မှတ်ပလားဟဲ့ ကို - - - လို့ စိတ်ထဲက အားရပါးရ ကြုံတုံးလေး နှိပ်ကွပ်လိုက်မိပါတယ်...)
သူ့ကိုတော့ သွားမပြောနဲ့နော်... ကြောက်ကြောက်...

maung said...

tooth pain is really very painful.
i can't even suffer pain one night.

nyimuyar said...

Oh Gosh! I can say only that words.

Anonymous said...

တော်တော်ဆိုးတယ်ဗျာ သွားကိုက်တာက ခုကျွန်တော်ရေးနေတဲ့အချိန်ကျွန်တော့သွားလဲ အရမ်းကိုက်နေတယ်..