Thursday, May 1, 2008

စာအုပ်အနီလေးနဲ့ စုချစ်သူ


မြန်မာ passport အနီကိုင်ထားတဲ့သူတွေဆို အရမ်းမျက်နှာငယ်ရတာပဲ။ မြန်မာမှန်းသိရင် နိုင်ငံတကာ လေဆိပ်တွေက အရမ်း နှိမ်ချင်ကြတာပဲ။ ဟောက်လိုက်၊ ဟန်းလိုက်နဲ့ ဆိုတဲ့ ပြောတဲ့အသံတွေကို ရံဖန်ရံခါ ကြားရတတ်ပါတယ်။ ပြောတဲ့သူက သူကိုယ်တိုင်ပဲ အနှိမ်ခံခဲ့ရလို့ ပြောပြတာလား။ လေဖမ်းတရားနာပြီးတော့ မင်းတို့ မြန်မာဆိုတာသိတာနဲ့ လေဆိပ်ကပြူးပြဲစစ်တော့မှာပါကွာ ဆိုပြီး တမင်လျှောက်ခြောက်တာ လေလားတော့မဆိုနိုင်ပါဘူး။ စုချစ်ကတော့ ကိုယ်ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြချင် ပါတယ်။

အလုပ်သဘောအရ စင်ကာပူမှာ အလုပ်စ၀င်ကတဲက တခြားနိုင်ငံတွေကို ခရီးထွက်ရလေ့ရှိပါတယ်။ စာအုပ်အနီ မို့လို့ဆိုပြီး တခါမှ ဟောက်ဟန်းတာ၊ အထင်သေးတာ၊ လုံးဝလုံးဝ မတွေ့ကြုံခဲ့ရဘူးပါ။ အလုပ်ကိစ္စရှိလို့ ပဲသွားသွား၊ အလည်အပတ်သဘောမျိုးပဲ ဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံကိုလာတဲ့သူကို အဲဒီနိုင်ငံက အိမ်ရှင်တွေအနေနဲ့ ဘယ်လိုမှ အဓိပ္ပါယ်မဲ့ဟောက်ဟန်းစရာအကြောင်းမရှိပါဘူး။ ကိုယ့်မှာအပြစ်မရှိပဲ ဟောက်တယ်ဆိုရင် ချက်ချင်း Complaint လုပ်ခွင့်ရှိပါတယ်။ နိုင်ငံတိုင်း Immigration အ၀င်မှာတော့ ဘာလာလုပ်လဲ၊ ဘာအတွက်လာလဲ၊ ဘယ်မှာနေမှာလဲ၊ ဘယ်လောက်ကြာမှာလဲ စသဖြင့် Typical (လူတိုင်းကိုမေးနေကြ) မေးခွန်းတွေ မေးမှာပါပဲ။ ဒါကို ကောင်းကောင်းမွန်မွန် ဖြေနိုင်ရင် ပြီးတာပါပဲ။ ဘယ်သူမှ တော့ အခြောက်တိုက် ဟောက်ဟန်းတာ မလုပ်ပါဘူး။ လုပ်စရာ အကြောင်းလဲ မရှိပါဘူး။ ကိုယ်က အိအဲ ....နဲ့ မပြောတတ် မဆိုတတ် အူကြောင်ကြောင် လုပ်နေရင်တော့ သူတို့ ဆိုတာ ပြောတာခံပေါ့။

ကိုယ့် အပြစ်နဲ့ ကိုယ်အပြောခံရတိုင်း စာအုပ်အနီဆို အထင်သေးတယ်လို့ ကောက်ချက်ချစရာ အကြောင်းမရှိပါ။
တခါတခါ... သူတို့နိုင်ငံ၊ ဒါမှမဟုတ် Individual လေဆိပ် ရဲ့ Rules and Regulation တွေအရ မြန်မာ Passport ဆိုရင် အပို စစ်ဆေးစရာ တွေရှိတာမျိုးတော့ ကြုံဘူးပါတယ်။ ဒါလည်း ယဉ်ယဉ်ကျေးကျေး ပြောပြီး စစ်ကြတာပါပဲ။ ဒါထက်တော့ မပိုပါဘူး။ ကိုယ်ကသာ မှန်မှန်ကန်ကန် ဖြစ်ဖို့ အရေးကြီးတာပါပဲ။

စုချစ်ကတော့ မြန်မာမို့လို့ သူများကအထင်သေးတယ်ဆိုတဲ့ စကားမျိုးကို လုံးဝလုံးဝ လက်မခံနိုင်ပါဘူး။ တစ်ဦးတစ်ယောက်စီရဲ့ အမြင်အတွေးနဲ့သာ ဆိုင်တယ်လို့ ထင်ပါတယ်။ ကိုယ့်မြန်မာကို ကိုယ်ကိုယ်တိုင်က အထင်သေးနေရင်တော့ ဘာမှမတတ်နိုင်ပါဘူး။ အဲဒီလိုလူမျိုးတွေဟာဆိုရင်ဖြင့် သူများက ဘာမှမပြောခင် ကိုယ်ဘာသာ အတွေးနဲ့ ကိုယ့်ကိုယ်ကို ရှက်နေကြသူများလို့သာပြောချင်ပါတော့တယ်။

တခြားနိုင်ငံကို သွားဖို့လုပ်တိုင်း Visa လျှောက်ရ၊ Interview ၀င်ရတာတွေက အလုပ်ရှုပ်လွန်းလို့ စိတ်ပျက်သော်လည်းပဲ၊ ကိုယ့် Passport မှာ Visa စာရွက်တွေနဲ့ ပြည့်နေလို့ စာအုပ်ကုန်လွယ်ပြီး Passport အသစ်အတွက် ပိုက်ဆံဈေးကြီးပေးရမှာ နှမျှောသော်လည်းပဲ၊ တခါတခါ Visa လျှောက်ရမှာ အချိန်မမှီတော့လို့ Seminar တွေ လက်လွတ်တတ်ပေမဲ့လည်း၊ ဒီနေ့ ဒီချိန်ထိ ငါ မြန်မာလူမျိုးဆိုတဲ့ စကားကို မြိန်ရည်ရှက်ရည် ပြောချင်သေးသမို့ စာအုပ်အနီလေး ကိုသာ ချစ်ခင်မြတ်နိုးစွာဖြင့် ဖက်တွယ်လျက်ရှိပါကြောင်း.....။

No comments: