Thursday, October 30, 2008

ကျွန်လား၊ သခင်လား

Image from http://www.fotosearch.com/
မိမိမှာ ကျောင်းပြီးခါစ မန္တလေးမှာ အလုပ်လုပ်စဉ် မိဖများနှင့်ပါ လွန်စွာခင်မင်ရင်းနှီးသော အသိအစ်ကိုကြီး တစ်ဦးမှ ဖိတ်ကျွေးသည့် ညစာစားပွဲကို တက်ရောက်ခြင်းပြုခဲ့လေသည်။ အစ်ကိုတော်သည် စီးပွားရေးလောကတွင် အောင်မြင်နေသူတစ်ဦးဖြစ်ပြီး ထိုညစာစားပွဲတွင် ဖိတ်ကြားထားသော သူ့အပေါင်းအသင်း စီးပွားရေးသမား အချို့နှင့် တွေဆုံခဲ့ရလေသည်။ ညစာစားပွဲကို နံမည်ကြီး စားသောက်ဆိုင် တစ်ခုမှာ ကျင်းပခြင်းဖြစ်သည်။ ထိုစဉ်က ခေတ်စားနေသည့် စားသောက်ဆိုင်က ကာရာအိုကေ သီချင်းသည်ပျိုလေးများကို မိမိမှာ ပထမဆုံးမြင်ဘူးခြင်းလည်းဖြစ်သည်။ မိမိက အစားကောင်း၊ အသောက်ကောင်းများကို စားသောက်နေစဉ် ထိုပျိုဖြူလေးများမှာ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ဖျော်ဖြေနေလျက် အနှီပုရိသများ၏ ပန်းကုံးများကို ငံ့လင့်လျက်နေကြပေသည်။ မိမိစားပွဲဝိုင်းမှ ကျောက်ကုန်သည်ဆိုသူသည် ပန်းကုံးများ အမြောက်အများ ၀ယ်လျက် သမီးအရွယ်လောက် သီချင်းသည်မလေးများ၏ လက်ကို အားပါးတရ ဆွဲယူနမ်းရှုံ့၍ ပန်းကုံးများ ချီးမြင့်လေသောအခါ စားပွဲများတွင် ရှုစားနေသော အနှီပုရိသအပေါင်းတို့သည် ကောင်းလေစွဟု အရက်ခွက်များကိုမြှောက်လျက် လက်ခမောင်းများခတ်ကြကုန်လေ၏။ မိမိသည် ထိုပုရိသအပေါင်းအား မြင်ပြင်းများစွာကပ်လျက် ထိုကျောက်ကုန်သည်ကိုလည်း လွန်မင်းစွာ ရွံရှာခြင်းဖြစ်မိလေလတံ့။

စားပွဲဝိုင်းတွင် အစ်ကိုတော်က မိမိမှာ နိုင်ငံခြားခေတ်မှီဟော်တယ် တည်ဆောက်ရေးမှာ အလုပ်လုပ်နေသူ အင်ဂျင်နီယာ ဟု မိတ်ဆက်ပေးထားသဖြင့်အစ်ကိုတော်၏ မိတ်ဆွေများအားလုံးမှာ မိမိအား လူကြီးတစ်ဦးလို အရာသွင်းလျက် အလာပသလာပ စကားများ ပြောဆိုခြင်းပြုကြလေသည်။ မိမိက သီချင်းသည်မလေးများအား တစ်ဦးစီ အကဲခတ်၍ ထိုမိန်းကလေးများထဲတွင်လည်း မိန်းမကောင်းလေးများ ရှိနေနိုင်ကြောင်း၊ ယခုခေတ်ကြီးတွင် ကုန်ဈေးနူန်းများမြင့်တက် စားဝတ်နေရေးကအဆင်မပြေ၍သာ သူတို့မှာ ဤလို အလုပ်မျိုးကို လုပ်ကိုင်နေကြတာဖြစ်နိုင်ကြောင်း ဆွေးနွေးမိလေသည်။ မိမိ၏ရည်ရွယ်ချက်မှာ တနေ့နေ့ တချိန်ချိန်တွင် မြန်မာပြည်ရှိ ခိုကိုးရာမဲ့၊ အလုပ်လက်မဲ့ အမျိုးသမီးများကို ပြုပြင်ထိမ်းသိန်း၊ ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်ဖို့ဖြစ်ကြောင်း၊ သို့မို့ကြောင့် မိမိဝင်ငွေဖြင့်မတည်နိုင်အောင်၊ ငွေရအောင်ရှာကာ တတ်နိုင်သလောက် လူမှုရေး၊ ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ချင်ကြောင်း စသဖြင့် ပြောပြရာတွင် အစ်ကိုတော်နှင့် မိတ်ဆွေများမှာ၊ ကာရာအိုကေ ကောင်မလေးများကို ကြည့်၍ မိမိစကားများကို ပြုံးပြီးနားထောင်နေကြလေသည်။

ထို့နောက် မိမိ၏လောလောဆယ် နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ရန် ကြိုးစားနေသည်ကို သိရှိသွားသော ပန်းကုံးများနှင့် ကျောက်ကုန်သည်က မိမိအား ဘာလို့ နိုင်ငံခြားကိုသွားပြီး ကျွန်ခံချင်ရတာလဲ၊ ကိုယ့်ပြည်ကိုယ့်မြေမှာလည်း အလုပ်လုပ်စားစရာတွေပုံလို့ဟုပြောပါသည်။ ထို့နောက်သူက ဆက်ပြောသည်မှာ သူသည်လည်း အင်ဂျင်နီယာ တစ်ဦးဖြစ်ကြောင်း၊ သို့ရာတွင် သူသည် သူတပါးနိုင်ငံသွားပြီး ကျွန်တော့ မခံဟု ဆိုကာ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားခဲ့သဖြင့် ယခုဆိုလျင် အောင်မြင်သော စီးပွားရေးသမားကြီးဖြစ်နေပြီဖြစ်ကြောင်း။ သူနှင့်အတူ ကျောင်းနေဖက်များမှာ ယခုချိန်ထိ နိုင်ငံခြားတွင် ကျွန်စုတ်တဲ့ သရက်စေ့ သာသာများသာ ဖြစ်နေကြကြောင်း... စသဖြင့် ကိုယ်ရည်များ သွေးလျက် ပန်းကုံးများကို မြှောက်ကာ မြှောက်ကာ၊ အရက်ခွက်ကို ဆကာ ဆကာဖြင့် ရယ်သံသွေးကာ ပြောဆိုနေလေ၏။ မိမိမှာ ထိုကျောက်ကုန်သည်၏ စကားများကို အော်ဂလီ ဆန်လှသည်ဖြစ်သော်လည်း ပညာရှိအမျက် အပြင်မထွက်နဲ့ဟူသော စကားအတိုင်း၊ မျက်နှာ မပျက်စေပဲ မည်သို့မည်ပုံ ယဉ်ယဉ်ကျေးကျး ပြန်ပြောရမည်ကိုသာ စိတ်ထဲမှ အပြေးအလွှားတွေးတောလျက်ရှိသည်။

ထိုစဉ် မိမိတို့၏စားပွဲနှင့် မလှမ်းမကမ်းသို့ ဧည့်သည် အသစ်များရောက်ရှိလာလေသည်။ ထိုသူများမှာ မိမိထက်ပင် ငယ်ဦးမည့်ပုံဟန်ရှိသော လုလင်ပျိုတစ်ဦးနှင့် အပေါင်းအသင်းများဖြစ်ပေသည်။ ကျောက်ကုန်သည်မှာ အနှီလုလင်ပျိုအား အမှတ်မဲ့ လှမ်းမြင်လိုက်သောအခါ သတိအနေအထားကဲ့သို့ မတ်သွားလျက်၊ လက်ထဲမှ အရက်ခွက် နှင့် ပန်းကုံးများကို စိတ်သိမှတ်မှုကင်းမဲ့စွာပစ်ချလျက်၊ သခင်ကိုရုတ်တရက်တွေ့လိုက်သော သစ္စာရှိအိမ်စောင့်ခွေးလေးကဲ့သို့ အမြှီးလေးကုတ်လျက်၊ ထိုစားပွဲဝိုင်းသို့ သွားရောက်နှုတ်ဆက်လေသည်။ လုလင်ပျိုက ကျောက်ကုန်သည်အား တချက်မော့ကြည့်ကာ အရေးမစိုက်သည့်ဟန်ပြသော်လည်းပဲ အနှီကျောက်ကုန်သည်မှာ လက်ကလေး၂ဖက်နောက်ပို့လျက် ရို့ရို့ကလေးရပ်ကာ အမိန့်ကိုနာခံလျက်ရှိသော သစ္စာရှိကျွန်ယုံကဲ့သို့ ကျင့်ကြံလျက်ရှိနေပေသည်။ မိမိမှာ ထိုအဖြစ်အပျက်အား အံ့အားသင့်စွာ ငေးမောကြည့်ရှုလျက် အစ်ကိုတော်နှင့် စားပွဲဝိုင်းမှာ ရှိလျက်ကုန်သော လူကြီးလူကောင်းမင်းများထံမှ စုံစမ်းရာ ထိုလုလင်ငယ်ပျိုမှာ ကျောက်ကုန်သည်နှင့် စီးပွားရေးမကင်းရာမကင်းကြောင်းဖြစ်သော ၀န်မင်းတပါး၏ သားတော်ဖြစ်နေကြောင်း သိရှိရလေသည်။

အတန်ငယ်ကြာအောင် အမိန့်နာခံပြီးမှ ထိုကျောက်ကုန်သည်မှာ မိမိတို့ စားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိလာလေသည်။ ထို့နောက် အစ်ကိုတော်က မိမိအားအိမ်ပြန်လိုက်ပို့ရန် အားလုံးသော လူကြီးမင်းများအား နှုတ်ဆက်ကြရသောအခါ မိမိသည် ကျောက်ကုန်သည်အား "အန်ကယ်ရော... ကျွန်မခံရတာ သေချာရဲ့လား" ဟုမမေ့မလျော့ ကောင်းမွန်စွာ နှုတ်ဆက်ခဲ့လေတော့သတည်း။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Sunday, October 26, 2008

သူငယ်ချင်းများ ... ၂

Image from http://www.fotosearch.com/

နောက် ရပ်ကွက်ထဲက သူငယ်ချင်း ၁ယောက်ကတော့ အိမ်နားမှာ စာအုပ်ဆိုင်လာဖွင့်ရင်းခင်တာ။ သူက ၈တန်း နွေရာသီကျောင်းပိတ်ရက်မှာ သူ့အမေအစား ညနေဆို ဆိုင်ကို လာကူထိုင်ပေးလေ့ရှိတယ်။ သူ့နံမည်က "အေး" တဲ့။ သူကဖြူဖြူ သွယ်သွယ် ချောချောလေး...။ ညနေဆို... သနပ်ခါးလေးတွေ ညီနေအောင် မှုန်မှုန်လေးလိမ်းထားတဲ့၊ ဆံပင်ရှည်ရှည်စင်းစင်းလေးမှာ ပန်းလေးတွေ ပန်ထားတတ်တဲ့ သူ့ကို စာအုပ်လေးတွေ စီရင်း အပြုံးနုနုလေးပြုံးလို့ အမြဲတွေ့ရတတ်တယ်။ ကိုယ်က သူ့ဆိုင်မှာ ကာတွန်းတွေ ဋ္ဌားဖတ်ရင်းခင်တာ။ စာအုပ်ဋ္ဌားပြီးရင် ကိုယ်က ချက်ချင်းမပြန်သေးပဲ... သူ့ကို ကူပြီး စာအုပ်စီပေးတယ်။ လူရှင်းရင် စကားလေးဘာလေး ထိုင်ပြောကြပေါ့။ စာအုပ်ဋ္ဌားဖို့ ပိုက်ဆံမရှိလည်း စကားရောဖောရောနဲ့ အိတ်မှာထိုင်ပြီး အလကားဖတ်ပေါ့။

သူကချောတယ်ဆိုတော့ ရပ်ကွက်ထဲက ကောင်လေးတွေက ထုံးစံအတိုင်း ညနေဆို ဆိုင်ရှေ့လမ်းသလားတဲ့သူ သလား၊ စာအုပ်လာဋ္ဌားတဲ့သူကဋ္ဌား၊ မရှိတဲ့စာအုပ်ကို တမင်လာမေးတဲ့သူမေးနဲ့ ဆိုတော့ ဆိုင်ထဲမှာရော ဆိုင်ပြင်မှာပါ ကောင်လေးတွေနဲ့ အမြဲ တရုန်းရုန်းပါ့။ သူကလည်း လာတဲ့ သူတိုင်းကို၊ ပိုးတဲ့သူတိုင်းကို မခို့တရို့လေး ပြုံးပြုံးပြပြီး အသဲယားအောင် လုပ်လေ့ရှိတယ်။ တနေ့ ဆိုင်ဖွင့်ကာစ သူကစာအုပ်တွေစီနေတယ်။ ကိုယ်က ဆိုင်ရှေ့က ခုံတန်းလေးမှာ ထိုင်ပြီး ကာတွန်းတစ်အုပ်ဖတ်နေတယ်။ အိတ်အချိန် ကောင်လေး၃ယောက်လောက် ဆိုင်ရှေ့က ရုတ်တရက် ဖြတ်သွားပြီး ၀ှစ်ကနဲဆို တစုံတခုကို ဆိုင်ထဲ ပစ်ပေးသွားတယ်။ အဲဒါလေးက ဆိုင်ရှေ့ခုံတန်းလေးမှာ ထိုင်နေတဲ့ ကိုယ့်ခြေထောက်ရှေ့ကို ဘုတ်ကနဲဆိုပြီးကျလာတယ်။ ကိုယ်က ငုံ့ကြည့်လိုက်တော့ စာအိပ်ပန်းရောင်လေးက ခဲလုံးလေးနဲ့ တွဲချည်လို့...။

ဒါနဲ့... ကိုယ်လည်း... အေးရေ... ဟော့ဒီမှာတော့... လို့... မျက်စပစ်ပြ၊ မေးလေးနဲ့ ငေါ့ပြရင်း တပြိုင်ထဲ အိတ်စာအိတ်လေးကို ဘေးနားကမြောင်းထဲကို ခြေထောက်နဲ့ တခါထဲ ကန်ချပလိုက်မိတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အေးက ကိုယ့်ကို တားချိန်မရှိလိုက်ဘူး။ ဟဲ့... ဟဲ့... မလုပ်နဲ့လို့ ခပ်အုပ်အုပ် သူတားတဲ့အချိန်မှာ စာအိပ်လေးက မြောင်းထဲ ခေါင်းထိုးပြီး ကျသွားပြီ။ ဗွက်တွေနဲ့ လူးကျံ နစ်နေပြီး ရေစီးရာမျောပါဖို့ ပြင်နေပြီ။ "အေး" ဟာ... ဆိုင်ထဲကနေ ပြာပြာသလဲ ထွက်လာ၊ မြောင်းထဲကျသွားတဲ့ စာကိုကြည့်၊ မျက်နှာလေးက မဲ့တဲ့တဲ့ နဲ့ ခြေလေးဆောင့်ပြီး ဆိုင်ထဲ ပြန်ဝင်သွားတယ်။ ပါးစပ်ကလည်း ပွစိပွစိနဲ့... ဘယ်သူက သူ့ကို အိတ်လိုလုပ်ခိုင်းလို့လဲ ဘာညာနဲ့... ပေါ့။

ကိုယ်လည်း မျက်နှာငယ်လေးနဲ့... ဘာလုပ်ရမယ်မှန်းသိဘူး။ သိဘူးလေ... အပျိုစဖြစ်ကတဲက အိမ်က လူကြီးတွေ လက်ချာပေးထားတာက ကောင်လေးတွေ စာလိုက်ပေးရင် ဘယ်တော့မှမယူရ။ စာထဲမှာ ရေးထားတာ ယောင်လို့တောင် ဖတ်မကြည့်ရ။ စာဖတ်ကြည့်ပြီးရင် လူ့စိတ်က သနားသွားတတ်တယ်... အဲသလိုကြောင့်...ဘယ်တော့မှ စာကို မဖတ်ရ။ ကိုယ်သိတာ... ဒါပဲ။ ဒီတော့ ဒီကလည်း အိတ်စာကို ကန်ချပလိုက်တာပေါ့လို့...။

ဒါပေမဲ့... သူ့ဆိုင်မှာ သူငြိုငြင်တာ မခံရဲတော့... ရွှေစုချစ်တို့လည်း တုတ်လေးတချောင်းရှာ... စာလေးကို ကမန်းကတန်း ပြန်ဆယ်ယူရတော့တာပေါ့။ ဗွက်တွေကို တတ်နိုင်သလောက် ခါထုတ်ပြီး ရော့ဟယ်လို့... ပေး... စိတ်တိုတာနဲ့... အိမ်ပြန်လာလိုက်ရော။ အဲဒီ ကတည်းက... အေးနဲ့ ကိုယ် စိတ်ကောက်ပြီး စကားမပြောကြတော့ဘူး။ နောက်... သူတို့ စာအုပ်ဆိုင်လည်း ပိတ်သွားရော... ပိုပြီး မတွေ့ဖြစ်ကြတော့ဘူး။

၁၀တန်းလောက် အရောက်မှာ အေးက ရပ်ကွက်ထဲမှာ စတားဖြစ်နေပြီ။ သူက အရမ်းလည်းလှလာတယ်။ ၁၀တန်းကို တဖုံးဖုံးကျပြီး ဟိုကောင်လေးနဲ့လည်း ဘာလိုလို၊ ဒီကောင်လေးနဲ့လည်း ဘာလိုလို...။ ဟိုမှာလည်း ဟိုလူနဲ့တွဲလိုက်၊ ဒီမှာလည်း ဒီလူနဲ့ တွဲလိုက် ရေရေရာရာ မရှိ လုပ်နေတာသိရတယ်။ နောက်ဆုံး သူ့ကို ကိုယ်တွေ့တာ ရပ်ကွက်ထဲက နံမည်ကြီး သူဌေးသား လူချောတစ်ယောက်နဲ့တွဲလို့။ အဲသာပြီးတော့ ကိုယ်... သူ့ကို မေ့သွားတယ်။ ဘာတွေ ဆက်ဖြစ်လည်း မသိတော့ဘူးရယ်။

မနှစ်ကရန်ကုန်ပြန်တော့ ကိုယ်တို့အိမ်ကကားက လမ်းထဲ အကွေ့မှာ အမျိုးသမီးကြီးတစ်ယောက် တောင်းကြီးနဲ့ ဗြုန်းကနဲ ကားရှေ့ကပေါ်လာပြီး ... တိုက်မိတော့မလို့။ တော်သေးတာပေါ့... ဖေဖေက ကားကို အမြန်ဘရိတ်အုပ်လိုက်လို့...။ ကိုယ့်ဘေးက မမက... မရွှေစု...မှတ်မိလား... အဲဒါ"အေး"လေတဲ့...။ "အေး"ဟာ... ငယ်ငယ်တုန်းကလို မဟုတ် အသားတွေညိုလို့၊ ဆံစတွေက ဖရိုဖရဲနဲ့ ကွမ်းတွေစားထားတဲ့ ပါးစပ်ကလည်း နီရဲလို့၊ အပြုံးခပ်နွမ်းနွမ်းနဲ့ ကိုယ်တို့ကို လှမ်းကြည့်ပြီး လက်ကလေးကာပြ၊ တောင်းကြီး ခါးစောင်းတင်ပြီး ခပ်သွက်သွက် ထွက်သွားတယ်။ မမက အဲသာ... အေးရယ်လို့ ပြောလိုက်လို့သာ ကိုယ်မှာ ယုံလိုက်ရတာ။ ဘယ်လိုမှ မှတ်မိစရာအကြောင်းမရှိအောင် အေးက မိန်းမကြီးအသွင်ပေါက်နေတယ်။ မမရယ်... သူ... ကလေးဘယ်နှယ်ရောက်ရနေပြီလည်းလို့မေးတော့... နင်ကလည်း... ပေါက်ကရမေးဦးမယ်... သူက အပျိုကြီးဟဲ့... တဲ့လေ...။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Saturday, October 25, 2008

စင်ကာပူမှာ .... ၃

Image from http://www.fotosearch.com/
အလုပ်သစ်တခု လျှောက်ပြီဆို လစာဘယ်လောက် လိုချင်လဲဆိုတဲ့... မျော်မှန်းလစာ (expected salary) ကို စလုံး ကုမ္ပဏီတော်တော်များများက တောင်းတတ်ကြပါတယ်။ ပြီးတော့ (current salary) လက်ရှိလစာကိုလည်း ရေးခိုင်းတတ်ကြပါတယ်။ အိတ်တော့ သူတို့က ဘယ်လောက်ပေးရမလဲ မှန်းလို့ရအောင်လို့ပေါ့။ လက်ရှိလစာရတာထက် သူတို့က အများကြီးခွာမပေးချင်တတ်ကြဘူး... အများဆုံး ပိုပေးချင် ၅၀၀ ပါ။ ဒါမှမဟုတ် ၂၀% အများဆုံးပါ။ စလုံး၁၀၀၀ ပိုရဘူးတဲ့ သူငယ်ချင်းတစ်ယောက်တော့တွေ့ဘူးတယ်။ သူက နောက်အလုပ်ထပ်လျှောက်တာ R&D မှာအလုပ်ရတော့ အရင် လစာထက် ၁၀၀၀ ပိုရဘူးပါတယ်။


မျှော်မှန်းလစာကို ဘယ်လိုတောင်းရမယ်မှန်းမသိရင် အကောင်းဆုံး အကြံမျှဝေပါ့မယ်။ ကိုယ်က အလုပ်ကလည်းလိုချင်... လစာ ပိုတောင်းလိုက်လို့ မခေါ်မှာလည်း စိုးတယ်ဆိုရင် Range နဲ့ တောင်းလိုက်ပါ။

ဥပမာ...
Expected salary - 2800 ~ 3500

နောက်... သူတို့ ကိုယ့်ကို ကြိုက်လို့ ခန့်ပြီဆို ဈေးညှိကြပေါ့။ နည်းပြီးတောင်းမိရင် အလုပ်ဝင်ပြီးမှ လခထပ်တက်ဖို့ဆိုတာ ပိုခက်လို့ပါ။ စကတဲက များများရထားတာ ပိုစိတ်ချရတာပေါ့နော့။ တောင်းမိတာ နည်းသွားလို့ တောင်းရင် ရရက်သားနဲ့ မတောင်းမိလိုက်လေခြင်းဆိုပြီး အလုပ်ဝင်ပြီးမှ စိတ်ညစ်နေတဲ့သူတွေ တွေ့ဘူးလို့လေ။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

သူငယ်ချင်းများ ... ၁

Image from http://www.fotosearch.com/
ငယ်ငယ်လေးနဲ့ ရီးစားထားကြတဲ့သူတွေ အကြောင်းပြောနေတာ ကြားရတော့... ထုံးစံအတိုင်း... ကိုယ်လည်း... ကိုယ့်သူငယ်ချင်းအကြောင်းလေးတွေ ဖောက်သယ်ချရဦးမယ်။

အိတ်တုန်းက ကိုယ်တို့က ၇တန်း၊ ၈တန်း... အပျိုပေါက်စနလေးပေါ့။ ဒါပေမဲ့... ကိုယ်က လူကောင်ခပ်သေးသေး၊ ဆံပင်က ဘိုကေ၊ လူပုံ မိုက်တိမိုက်ကန်း၊ သူများကိုကြည့်ရင် ရှုတည်တည်၊ ၀တ်တာက ရှပ်အင်္ကျီနဲ့ ဘောင်းဘီ ဆိုတော့ ကိုယ်လိုလူမျိုး ဘယ်သူမှ အပျိုစာရင်းမသွင်းကြပေါင်။ အဲ... ကိုယ်နဲ့တွဲတဲ့ သူတွေကတော့ ထမီခြေမဦးထိုးဝတ်၊ ဆံပင်လေးတွေ ဟိုချည် ဒီချည်၊ ခါးလေးတွေနွဲ့ပြီး လမ်းလျှောက်၊ ကောင်လေးတွေများတွေ့ရင် မျက်စမျက်နပစ်လို့... အပျိုဂိုက်စဖမ်းနေပြီဖြစ်တဲ့ မမလေးတွေပေါ့။ ကျောင်းက မြို့ထဲက လသာ၂မှာ တက်ရလို့ ရပ်ကွက်ထဲကသူငယ်ချင်းသိပ်မရှိပေမဲ့၊ အဲဒီ ၇တန်းကျောင်းပိတ်ရက် နွေရာသီမှာ ရပ်ကွက်ထဲက နံမည်ကြီး သင်္ချာကျူရှင်တခုတက်ဖြစ်လိုက်တော့ ရပ်ကွက်ထဲက သူငယ်ချင်းတွေ ရလာတယ်။

ကျူရှင်က စနေ၊ တနင်္ဂနွေ ည ၇နာရီ တက်ရတာ။ ဒါပေမဲ့ ကိုယ်တို့အားလုံး ၆နာရီလောက်ကတဲက ကျူရှင်ကို ရောက်နေကြပြီ။ ကိုယ်က ထုတ်ဆီးတိုးဖို့စိတ်ဝင်စားတုန်းမှာ သူတို့က ဇီးထုတ်စားရင်း ရုပ်ရှင်မင်းသားအကြောင်းနဲ့ ဟိုကောင်လေးက ဘယ်လို ဒီကောင်လေးက ဘာညာ အကြောင်းပဲ တွတ်ထိုးချင်ကြတယ်။ အတန်းမစခင် ထုတ်စီးတိုးချင်ပေမဲ့ ချွေးထွက်ပြီး အလှပျက်မှာ သူတို့က ကြောက်တတ်နေကြပြီ။ ကိုယ်ကတော့ သူတို့နဲ့ မပေါင်းရမှာ ကြောက်လို့ သူတို့ဒါဆို... ဒါလိုက်တာပေါ့။ ဒီလိုနဲ့ ကိုယ့်သူငယ်ချင်းမိုးမိုးနဲ့ အိတ်ကျူရှင်အိမ်နားက ကောင်လေး၁ယောက်တို့ ဟိုလိုလို သည်လိုလိုနဲ့ သိပ်မကြာခင်မှာ ကြိုက်သွားကြရော။ မှတ်မိနေသေးတာ... အိတ်ကောင်လေးက လသာ၁က... သူ့ အိမ်နံမည်က သံချောင်းတဲ့။

တနေ့ကြတော့ ကျူရှင်က မီးပျက်နေရော။ မှတ်မှတ်ရရ... အိတ်နေ့က မိုးတွေ တအားရွာထားလို့ ရပ်ကွက်ထဲလမ်းတွေပေါ်မှာ ရေတွေလည်း ကြီးနေတာ။ ကျူရှင်က မီးပျက်နေတာ မတက်သေးရတော့ မိုးမိုး နဲ့ ခိုင်ခိုင်က ဒီနားခဏသွားစရာရှိတယ် လိုက်ခဲ့ဆိုပြီး အဖော်ခေါ်လို့ လိုက်သွားမိတယ်။ လမ်းတွေက မှောင်မှောင်မဲမဲနဲ့ ရေတွေထဲ ဖြတ်ပြီးသူတို့နောက် လိုက်ရတာ... လက်စပ်သတ်တော့ မရွှေမိုးက သံချောင်းနဲ့ ချိန်းတွေ့ဖို့ သွားတာကိုး။ ဟိုး... ရထားလမ်းဖက်က ခပ်စုတ်စုတ် အိမ်လေးတအိမ်ရှေ့လည်းရောက်ရော... သံချောင်းနဲ့ အမြဲတွဲနေကြ လုံးလုံးဆိုတဲ့ ကောင်လေးက ထွက်လာပြီး လာလာ... ဒီကိုလာ ဆိုပြီးထွက်ခေါ်တယ်။ အိတ်တော့ မိုးမိုးရယ်... အိတ်အိမ်မှောင်မှောင်လေးထဲကို ၁ယောက်ထဲ ၀င်သွားသတော့။ ကိုယ်ရယ်၊ ခိုင်ခိုင်ရယ်၊ လုံးလုံးရယ်က အိတ်အိမ်အပြင်ဖက်လမ်းပေါ်က ရေတွေထဲမှာ ရပ်ပြီးစောင့်နေကြတယ်။ ကိုယ်တို့ ကြောင်လိုက်ပုံက ခိုင်ခိုင့်ကို ... နင်ဝင်လိုက်သွားပါလား... ဟိုမှာ မိုးမိုး၁ယောက်ထဲ မှောင်ကြီးထဲ ကြောက်နေလိမ့်မယ်ပေါ့လို့ ပြောလိုက်သေးတယ်။ ခိုင်ခိုင်က ... အသာနေစမ်းပါဟယ်ဆိုပြီး ကိုယ့်ကို မာန်တယ်။

ကိုယ်ကအသာ မနေနိုင်ပါဘူး။ ကိုယ့်စိတ်ထဲ တော်တော်လေး အံ့သြနေတာ... ဘာလို့ ဒီမှောင်ထဲက အိမ်ထဲမှာ ချိန်းတွေ့လဲဆိုတာ နားမလည်နိုင်ဘူး။ မတော် သူ့လည်ပင်းညှစ်လိုက်ရင် ဘယ်လိုလုပ်မလဲဆိုပြီး လန့်တာ။ (ဟီး... တခြားကိတ်စတော့ မသိသေးလို့... မပူမိဘူးတော့) ။ အဲသာနဲ့... ၅မိနစ်လောက်ကြာတော့ မိုးမိုးပြန်ထွက်လာအောင် အကြံထုတ်တာပေါ့။ ရေတွေထဲ ခြေထောက်ကိုလွှဲပြီး ဖိနပ်ဦးနဲ့ ခတ်... ခတ် ကစားရင်း အကြံထုတ်လိုက်တာ... တချက်... ဖိနပ်ကို တခါထဲ ခပ်ဝေးဝေး ကန်ထုတ်လိုက်တယ်။ ပြီးလည်းပြီးရော... အီး... ဖိနပ်ကြီး ရေထဲ မျောသွားပြီတော့... လုပ်ကြပါဦးလို့ အော်တာပေါ့။ ဖိနပ်အသစ်ကြီး... ရှာပေးကြပါ... ရှာပေးကြပါလို့ ခုနှစ်သံချီနဲ့ အော်လည်းအော်ရော... လုံးလုံးက ... ဟဲ့...ဟဲ့...အော်မနေနဲ့... ငါရှာပေးမယ်ဆိုပြီး ပြောလည်း ... မရပါဘူး။ ကိုယ်ကတော့ အော်တာပဲ။ နောက်ဆုံး... ဟိုအိမ်ထဲက ၂ယောက်ထွက်လာမှ အအော်ရပ်ပေးလိုက်တယ်။ မှတ်မှတ်ရရ ကိုယ့်ဖိနပ်တဖက်... အိတ်တုန်းက တကယ်ဆုံးသွားပါတယ်။ ရေတွေထဲ မျောသွားတာ ညကလည်းမှောင်နေတော့ ဘယ်လိုမှ ရှာမတွေ့တော့ဘူးရယ်။ ဒါပေမဲ့ ကျေနပ်တယ်... မိုးမိုးက ထွက်လာတော့... ပြန်ကြမယ်ဆိုပြီး ကိုယ်တို့ အားလုံး... အိတ်က ပြန်လာကြတာပေါ့။ သံချောင်းနဲ့ လုံးလုံးကတော့ ဘာလို့ အိတ်ကောင်မလေးကိုခေါ်လာရတာလဲ။ နောက်ဆို ခေါ်မလာခဲ့နဲ့လို့ မိုးမိုးတို့ကိုမှာသတဲ့။ အိတ်နေ့က အိမ်ကို ဖိနပ်မပါပဲ ပြန်လာတဲ့ ကိုယ့်ကို ကျူရှင်မရှိတာ အိမ်ပြန်မလာပဲ ရွာရိုးကိုးပေါက်၊ ပေါက်လွှတ်ပဲစား လျှောက်သွားနေရသလားဆိုပြီး မေမေရိုက်တာ ခံလိုက်ရသေးသတော့။ အိတ်လို သူများရည်းစားချိန်းတာ အဖော်လိုက်ပေးတယ်ဆိုတာများ သိရင်တော့ မိုးမီးလောင်မှာ။

နောက်တော့ ကိုယ်လည်း ကျူရှင် မတက်ဖြစ်တော့လို့ သူတို့နဲ့ မတွဲဖြစ်တော့ဘူး။ သူ့ကိုလည်း ဖိနပ်အဆုံးခံပြီး ကယ်မဲ့သူမရှိတာနဲ့... မိုးမိုးဟာ ၁၀တန်းမှာပဲ ယောက်ျားနောက်လိုက်ပြေးသွားတယ်။ သံချောင်းနဲ့တော့ မှုတ်ဘူး။ အသက်၃၀မှာ ကလေး၃ယောက်နဲ့ သူ့ယောက်ျားဆုံးသွားတော့ မုဆိုးမလေး ဖြစ်ပြီးကျန်ခဲ့တာသိရတော့ တော်တော် စိတ်မကောင်းဘူး။ တနှစ်က ရန်ကုန်ပြန်တော့ သူနောက်ယောက်ျားယူလိုက်ပြီတဲ့။ သူ့နောက်ယောက်ျားကလည်း မုဆိုးဖို ကလေး၂ယောက်အဖေတဲ့။ ဒါပေသိ... နောက်ယောက်ျားက စီးပွားရှာကောင်းလို့ ရပ်ကွက်ထဲက ဖုန်းကြီးကျောင်းမှာ ကျောင်းဆောင်တောင် ဆောက်ပြီးလှူကြသတဲ့။

တောင်ရောက်...မြောက်ရောက် သူငယ်ချင်း ၁ယောက် အကြောင်းပေါ့....။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။

Friday, October 24, 2008

သံယောဇဉ်ဆူး

Image from http://www.fotosearch.com/
သူများတွေ ကဗျာစာအုပ်အကြောင်းတွေ ပြောတာ ဖတ်ရတော့ ကိုယ်လည်း ပထမနှစ်တက်ကာစ... ၁၆နှစ်သမီးအရွယ်သာသာက ဘုမသိ ဘမသိ ထုတ်ခဲ့ဘူးတဲ့ ကဗျာစာအုပ်လေးအကြောင်းကို ခုချိန်ထိ သတိတရနဲ့ လွမ်းနေမိပါသေးပါရဲ့။ အဲဒီ ကဗျာစာအုပ်လေး နံမည်က သံယောဇဉ်ဆူးတဲ့။ နှစ်ပေါင်းများစွာ ကြာတဲ့ထိ ရင်ထဲမှာ ညိနေသေးတဲ့ ဒီကဗျာအပိုင်းအစလေးကတော့...

"သံယောဇဉ်ဆူး"

စူးနင့်နေဆဲ
ရင်ထဲမှာပေါ့
သံယောဇဉ်
တိုးဝင်ကာ ဝေဒနာဖြစ်မှ
စူးရှနာကျင်
ဆူးအသွင် စူးဝင်နေလဲ
နှုတ်ရက်ပါဘူး
ချစ်ဦးသူ
အမှတ်တရ ချန်ခဲ့တဲ့
သံယောဇဉ်ဆူး...။

ကိုသျှား

ဒီကဗျာလေးကိုရေးတဲ့ သူငယ်ချင်းနံမည်ကတော့ ကိုသျှားတဲ့။ ကိုယ်က ဒီ ကဗျာစာအုပ်လေးနဲ့ပါတ်သက်ပြီး အများကြီးတော့ မကူညီခဲ့ဘူးဘူး။ ဒီစာအုပ်လေးထဲမှာ ကိုယ့်ကဗျာ၃ပုဒ်ပါဝင်ခဲ့၊ စာအုပ်ထုတ်ဖို့အတွက်... မရှိမဲ့၊ ရှိမဲ့ မုံ့ဖိုးလေး ၅၀ကို မျှဝေခဲ့...၊ ပြီးစာအုပ်ထွက်လာတော့မှ... ရော့...အင့်... ဆိုပြီး သူတို့က ကိုယ့်လက်ထဲထည့်... ဒါနဲ့... ဟိုလူ့ ဒီလူ့ လိုက်ရောင်းခဲ့တယ် ဆိုတာက ပိုမှန်မယ်။ ဒီဇိုင်းဘယ်သူဆွဲသလဲ...၊ လက်ရေး ဘယ်သူရေးသလဲ...၊ ဘယ်မှာ မိတ္တုလှည့်ကြသလဲ...၊ စာအုပ်တွေ ဘယ်လိုချိုးလို့ ဘယ်မှာ ချုပ်ကြသလဲ... ဘာမှ မသိလိုက်ဘူး။ အဲဒီကဗျာစာအုပ်မှာ ရေးတဲ့သူတွေ အားလုံးကိုလည်း ကိုယ်သိလည်းမသိဘူး။ တွေ့လည်းမတွေ့ဘူးဘူး။ ကိုယ့်ကလောင်နံမည်က ယောက်ျားလေး နံမည်ယူထားလို့ ဒီကဗျာ၃ပုဒ်ကို ရေးတဲ့သူဟာ ကိုယ်ဆိုတာ၊ မိန်းကလေး၁ယောက်ဆိုတာ သူတို့တွေလည်း မသိကြဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ့်မှာ ဒီကိစ္စကို အိမ်က လူကြီးတွေ မသိအောင် ခိုးကြောင်ခိုးဝှက် လုပ်ရရှာသကိုး။

စာအုပ်လေးထွက်လာပြီးတော့ ညဖက်... ညဖက်... လူကြီးတွေ မသိအောင်... ခဏခဏ... ခိုးခိုး ကြည့်ခဲ့ရတာ သတိရမိတယ်။ ကိုယ့်ကဗျာလေးဘေးမှာ ရေးထားတဲ့ နဂိုဒီဇိုင်းကိုမကြိုက်လို့ ကိုယ့်ဖာသာ သရုပ်ဖော်ပုံလေးတွေ ထပ်ဆွဲတယ်။ ကဗျာစာအုပ်လေး မွမွကြေမတတ် ရေးထားတဲ့ ကဗျာတွေအားလုံး အထပ်ထပ်အပြန်ပြန် ဖတ်တယ်။ ဘယ်သူ့ကဗျာတော့ အကြိုက်ဆုံးရယ်လို့ အမှတ်တွေ ကိုယ့်ဖာသာပေးတယ်။ ဒါဟာ... ငါ့ရဲ့ စာပေဘ၀ခရီးအစ...ခြေလှမ်းတခုပဲလို့... ၁၆နှစ်သမီးဟာ... ကြီးကြီးကျယ်ကျယ် စိတ်ကူးယဉ် မိခဲ့ဘူးတယ်။

မြန်မာကျူးပစ်တွင်ဖေါ်ပြပြီး။