Tuesday, August 6, 2013

Floating in the yellow space....




This morning, I woke up with roses from my hubby as usual in every year of this time since we got married, oh I suddenly realized, today is one of the steps in my life, step count will be forty-three.

My beloved hubby went to market in the early morning and bought the flowers for me to offer Buddha in my birthday. He does never change & still the same as sweet as always since first day I have met him. Fortunately, today is Uposatha Observance day which is Waso New Moon day, hence
I can offer the Buddha with very fresh and beautiful flowers and will observe the Sabbath as well.

Usually, if my birthday falls into holiday or if I can take a leave from office, I would go to temple for meditation and help out with necessities, especially, clean the floors and toilets. Today is not a holiday or rest day, so I did some Meritorious Deeds in the temple on last Saturday dedicating to my birthday remembrance. Since SMC temple is holding meditation retreat during this week, I did clean Yogi Toilets & rubbish bins, Sanga bath rooms and toilets as well. Also assist to the Sayardaws to guide the yogis in their meditation.

Get back today, on the way to office, I called my parents to worship them & pay respects them. My mom did specially wish for me to get peaceful life all the way, she never said any success or wealth but only peace and health. I wish and I do continue to provide and support my parents whatever they want and I wish them to be healthy and happy & peaceful with their Dhamma. My beloved parents-in-law also called me and wished me for the best. How lucky I am, I can pay respect both parents in my birthday early morning. I thank my fortune for being love with me.

When I think back of last forty over years, I never regretted anything what I have ever done. I am of cause not a perfect person but I always try my best even beyond my ability for myself, my hubby, my family, my friends and as well as to society. But my ability might be lower than others expected for, that can’t be helped, but I am always bear in mind I will try harder to be a better person time and time again.

So, please kindly wish for me to be a better person in this mysterious world even beyond. And I do share my merits to you all !!!


Ma Shwe Suu
6 August 2013


++++

Saturday, July 20, 2013

ကြယ်တာရာ နဲ့ ကောက်ကြောင်းများ


စာအုပ်တစ်အုပ်ဖတ်ပြီးရင် စာအုပ်ထဲက သဘောကျစရာ အကြောင်းတွေ နဲ့ အဲ့ဒီစာအုပ်ကနေ ဖြန့်ထွက် စဉ်းစားမိတာတွေက အများကြီးပဲရယ်...။ ငယ်တုန်းကတော့ စာဖတ်ပြီးလျှင် ပြီးခြင်း ကိုယ်ကြိုက်တာလေးတွေ ရေးမှတ်ထားဖို့ ကိုယ်တွေးမိတာလေးတွေ ပြန်ချရေးဖို့ အချိန်တွေ အများကြီးပေးနိုင်ခဲ့တယ်။ ခုများတော့ စာဖတ်ဖို့ကိုတောင် ရှိသမျှ အချိန်ထဲကနေ ဖဲ့ပြီး ငဲ့ပြီး လုပ်နေရတာဆိုတော့ အရင်ကလို အချိန်ပေးပြီး စာရေး မှတ်တာတွေမျိုး မလုပ်နိုင်တော့ဘူးရယ်... ။

ဒီညနေ ထမင်းစားပြီး ဆရာမောင်သာချိုရဲ့ ဖျတ်ခနဲ တွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ နဲ့ ခေတ်ပြိုင်ခဲခြစ် ကောက်ကြောင်းများ ဆိုတဲ့ စာအုပ်တွေကို ဖတ်နေတာ၊ ဆရာမောင်သာချိုရဲ့ လက်ရာကို အတော်လေး သဘောကျမိလို့ ရေးချင်တာလေး စိတ်ထဲ ပေါ်လာတုန်း မေ့မသွားခင် ကွန်ပြူတာ ကမန်းကတန်း ဖွင့်ပြီး ရေးရတယ်။

လူပုဂ္ဂိုလ်တွေအကြောင်း သရုပ်ဖော်ရေးသားတဲ့ နေရာမှာ နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ ဆရာကြီးဒဂုန်တာရာ ရဲ့ ရုပ်ပုံလွှာ စာအုပ်မှာ သူ့ရုပ်ပုံလွှာတွေကို ပုံဖော်ရာမှာတဲ့... သူ့ရင်ထဲ ရှိန်းရှိန်းရှရှ ခံစား စွဲငြိထားတဲ့ သင်္ကေတ ကို ပြန်လည် ဖော်ကျူးခြင်းလို့ ပြောဖူးတယ်။

မောင်သာချိုကတော့ သူ့စာပေဘ၀ခရီးမှာ ထိတွေက်စပ်ခွင့်ရတဲ့ စာရေးဆရာတချို့ရဲ ရုပ်ပုံကို ရေးခြစ်ပုံဖော်ထားတယ်။ အဲဒီ စာရေးဆရာတွေနဲ့ အမှတ်တရ အဖြစ်အပျက်တွေ၊ စာရေးဆရာတွေရဲ့ ဘ၀ အစိတ်အပိုင်းတွေ၊ ပုဂ္ဂလိက စရိုက် သဘာဝတွေ၊ ထူးခြားတဲ့ စိတ်နေစိတ်ထားတွေကို ရေးဖွဲ့ထားတာ အတော်လေး ပြောင်မြောက်တယ်...။ ကာတွန်းငွေကြည်က ပြောဖူးတယ်၊ ဆရာသော်တာဆွေနဲ့ တွေ့တော့တဲ့ မင်းဆွဲတဲ့ ငါ့ ကယ်ရီကေးချားပုံက လက်ရာမြောက်ပြီး ငါနဲ့ တူလိုက်တာဆိုတာ မပြောပါနဲ့တော့ဟေ့... အပြင်က ငါ သော်တာဆွေ အစစ်တောင် ကာတွန်းထဲကပုံနဲ့ တူအောင် လိုက်နေပေးရတယ်... မဟုတ်ရင် သော်တာဆွေ အစစ်မဟုတ်တော့မှာ စိုးလို့တဲ့...။ ဆရာမောင်သာချို အရေးအဖွဲ့ဖတ်ရတာ အနုပညာ ရသမြောက်လွန်းတော့ ဖတ်နေရင်း စိတ်မကောင်းဖြစ်ရ စိတ်မောရ လွမ်းရဆွေးရ တခါတလေကျတော့လည်း ပြုံးရယ်ရ နဲ့ ... သူတို့ဘ၀ထဲကိုလည်း ကိုယ်တိုင် လိုက်ပါ စီးမျော မိသလိုပါပဲ။ သူ့စာဖတ်ရင်းနဲ့ ကိုယ်သိတဲ့ ဆရာအကြောင်းဆို... အို... တူလိုက်တာ... အစစ်ပဲ အစစ်ပဲ လို့လည်း ထအော်နေမိပါသေးရဲ့... ။ ကဲ... သူရေးဖွဲ့ထားတာ ကြည့် ကြည့်ပါဦး။

ပါးစပ်နဲ့ သူကားမောင်းပြသလို လိုက်မောင်းပေးရလို့ အိမ်မှာ ဒရိုင်ဘာ မမြဲ... ဆိုတဲ့ ဆရာနိုးအကြောင်းကို သူက ဒီလိုရေးပြတယ်...။

ဆရာမောင်သာနိုး ပါးစပ်ဖြင့် ကားမောင်းပုံကို မြင်ယောင်မိကာ ပြုံးချင်ချင် ဖြစ်လာခဲ့သည်။ ဆရာတစ်ယောက် စာပေလမ်းမကြီးတွင် မောင်းနှင်သွားနေသည်ကရော ဤသို့ဤနှယ် ဆန်နေလေရော့သလား။
ကဗျာတွေဆက်မောင်း၊ လက်ဝဲတွေ မီးနီနေပြီ၊ ခဏရပ်ထား၊ မော်ဒန်မီးစိမ်းပြီ၊ ၀တ္တုတိုတွေ ယာဘက်ကပ်ပြီး လမ်းယူထားမယ်၊ ရှေ့မှာ သရုပ်မှန်တွေ ကျပ်ခဲနေတယ်၊ ဟွန်းတီးပြီး ကျော်တက်၊ အတိဿယတွေ လျှော့ထားမယ်၊ ၀င်္က၀ုတ္တိကို အရှိန်တင်လိုက်တော့။

ဆရာဖေမြင့်နဲ့ ဆရာနေ၀င်းမြင့် တို့ရဲ့ လူပုံစံ အဖွဲ့တွေကိုဖတ်ရတော့ မပြုံးပဲ မနေနိုင်ရုံမက အသံထွက်အောင်ကို ရယ်မိတယ်။

သံတွဲသားကိုဖေမြင့်၊ ဆရာဝန်ကိုဖေမြင့်။ အရပ်မြင့်မြင့်၊ နှာတံစူးစူး၊ မေးစေ့ချွန်ချွန်။ ဘုန်းတော်ကြီးကျောင်းက ကျက်သရေခန်းသော့ကို ကိုင်ရသော ကျောင်းသားကြီး၏ မျက်နှာမျိုးဖြင့် မိမိကိုယ်မိမိ ယုံကြည်စွာ။ ထို့နောက် မိမိကိုယ်မိမိ ဂုဏ်ယူစွာ၊ ထို့နောက် ရိုးဖြောင့်စွာ...။

ဆရာနေ၀င်းမြင့်။
အခုတော့ သူတော်တော့်ကို ၀သွားပြီ။ ၀မ်းဗိုက်ကြီးက အိုးစရည်းကြီးနှယ် လုံးလုံးခုံးခုံးကြီး၊ မျက်ခွံကြီးတွေက လေးလေးတွဲ့တွဲ့။ လက်ကိုင်ဖုန်းကို နွားခလောက်ဆွဲသလို လည်ပင်းမှာ ဆွဲထားသည်။ ရွှေဆွဲကြိုးက နက်ပြာသော သူ့အသားမှာ ၀င်းနေသည်။ မဇ္ဈိမဒေသက မဟာရာဂျာကြီးတစ်ဦးနှယ် မိန့်မိန့်အိန့်အိန့်။

ကဗျာဆရာတွေ အကြောင်း ရေးဖွဲ့ထားတာဖတ်ရတာ သူတို့ဘ၀အမောတွေက ကိုယ့်ကို လာကူးစက်ပြီး တော်တော်ကို စိတ်မောရတယ်...၊ သူ့တို့ဘ၀အကြောင်းတွေကို ရှားရှားပါးပါး သိခွင့်ရလို့ ကျေးဇူးတင်ပေမယ့် ဆရာဒဂုန်တာရာ ပြောသလို အရက်စော်ကလည်း နံလှလေတယ်။

ကိုယ် အတော် နှစ်သက် သဘောကျခဲ့ဖူးတဲ့ ပန်းချီကားတွေရဲ့ ဖန်တီးရှင် ပန်းချီရွှေစိုးဟန်အကြောင်း ဖတ်ရတာတော့ ရင်ထဲမှာ အနင့်ဆုံးပဲ... ။ ကြည့်ပါအုံး ဗမာပြည်က ပန်းချီဆရာတစ်ယောက် ရုန်းကန်ခဲ့ရတဲ့ဘ၀...။

အသက်နှစ်ဆယ် ၀န်းကျင်ခန့် လူငယ်တစ်ယောက်။ အသားက အညာရောင်ပေါက်နေသည်။ မည်းရုံမက မွဲ၍နေသောအသား။ မျက်တွင်းချောင်ချောင်။ ညစာ အမြဲတမ်း ငတ်နေဟန်တူသည့် အကြည့်။ မြီးတို ဂျပန်ဖိနပ်။ ရှည်လျားသော ဆံပင်များ။ သူက ပန်းခြံသံတန်းများကိုမှီ၍ အနာဂတ်မဲ့မဲ့ ထိုင်နေသည်။ သူ့ဘေးမှာ စက္ကူဖြင့် ကြော်ငြာတစ်ခု ကပ်ထားသည်။ လူပုံတူ အမြန်။ တစ်ပုံ ငါးကျပ်။

မောင်သာချိုက ကြယ်တာရာများ စာအုပ်မှာ လူပုဂ္ဂိုလ် ၁၈ယောက်၊ ကောက်ကြောင်း စာအုပ်မှာ လူပုဂ္ဂိုလ် ၁၈ယောက် ပေါင်း စာရေးဆရာ ကဗျာဆရာ ပန်းချီဆရာ ၃၆ယောက် တို့ရဲ့ အကြောင်း ရေးဖွဲ့ထားပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ အရေးအဖွဲ့ဟာတဲ့ ပန်းချီရေးခြယ်ထားတာကို ကြည့်နေရသလိုပါပဲလို့ ဟိုတုန်းက ဝေဖန်ရေးဆရာတွေက ရေးသတဲ့...။ မရွှေစုက ဝေဖန်ရေးဆရာမဟုတ်ပါဘူး...၊ ဒါပေမယ့်... ဆရာမောင်သာချို ရဲ့ ကြယ်တာရာနဲ့ ကောက်ကြောင်း အနုပညာကို ဖတ်ရတာ အဲဒီ ဆရာတွေရဲ့ ဓါတ်ပုံတွေ ကိုယ့်မျက်စိရှေ့မှာ ဖျတ်ခနဲ ဖျတ်ခနဲ ဆက်ကာ ဆက်ကာ ပြသွားတာကို ကြည့်နေရသလို လို့ ထင်မိတယ်။ ဓါတ်ပုံထဲက ဆရာသမားတွေက ကိုယ့်ကို တစေ့တစောင်း ပြန်ပြီး ငဲ့ကြည့်နေသလိုလည်း တခါတခါ ခံစားမိတယ်။

မရွှေစု...
ည၁၁း၅၅ ၁၉ ဇူလိုင် ၂၀၁၃

Friday, May 10, 2013

စံပယ်


စံပယ် စံပယ် စံပယ်ပန်းရယ်
သင်းရနံ့ ကြူ ဖြူဖြူဖွေးတယ် ...

မူမှန် တမင်ပွင့် အဖြူခံ အဆင် နှင့်
အသွင်တင့် ယဉ်ကျေးပါပေတယ် ...
 
ငွေရည်ငွေသွေး ရိုးရိုးလေးနဲ့ မြင်သူငေးဖွယ်
ဘယ်ရှေးဆုတောင်းလဲကွယ့် စံပယ်ရယ် ...


စံပယ်
ဂီတနက်သန်ကိုစောညိန်း

Thursday, February 14, 2013

ကျောင်းအစ်မကြီးရယ်... ၀ိသာခါ

ကျောင်းအစ်မကြီးရယ်... ၀ိသာခါ... မြေးတွေရတောင် လှနေမှာ...


ကိုရေချမ်းနဲ့ မရွှေစုတို့ ဒီနှစ် ဖေဖေါ်ဝါရီလ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်မှာ ရှေ့နောက်ရက်တွေကိုပါ ခွင့်ယူပြီးတော့ မလေးရှား တရားစခန်း ကို ပထမဆုံးအကြိမ် အတူတူ တရားဝင်ဖို့ သွားခဲ့ကြတယ်။ ဦးရေချမ်း အတွက်ကတော့ ဒါဟာ ဒုတိယအကြိမ်မြောက် တရားစခန်း ၀င်ခြင်းပေါ့။ ဟိုအရင် မရွှေစု ကိုယ့်ဘာသာ တစ်ယောက်ထဲ တရားစခန်း ၀င်တိုင်း ပထမဆုံး တစ်ရက် မှာ သူက လိုက်ပို့၊ တရား ထွက်တဲ့ နေ့မှာ လာကြို၊ ကြားထဲမှာ လုံးဝ လာမတွေ့ခိုင်းဘူး၊ ဖုန်းကိုလည်း ပိတ်ထားလိုက်တာ။ ဒီအတိုင်းပဲ သူ မှော်ဘီမှာ ဘုန်းကြီး ၀တ်တော့လည်း သူ တရားစခန်းဝင်နေစဉ် လုံးဝ သွားမတွေ့ခဲ့ဘူး။


တရားစခန်းကို ဒီတခါ ၂ယောက်အတူ သွားကြမယ်ဆိုတော့ သူ့ကို ကြိုမှာထားတယ်။


“ဦးရေချမ်းနော်... ဓမ္မာရုံထဲမှာ စုပေါင်းတရားထိုင်ဖို့ လာတဲ့အခါ၊ ဆွမ်းစားဆောင်မှာ ထမင်းစားဖို့ သွားတဲ့အခါ မတော်တဆ တွေ့ကြရင် သူများကို စကားပြောဖို့ နေ နေ သာ သာ လုံးဝ မကြည့်ရဘူးနော်၊ ဒါပဲ”

“နည်းနည်းလေးတောင် ပြုံးမပြရဘူးလား... “

မန်းသားပီပီ အထွန့်မတက်ရရင် မနေနိုင်တဲ့ ထုံးစံအတိုင်း ဈေးဆစ်နေသေးတယ်။

“ဟေ့အေး... မရဘူး။ အာ... မကြည့်ပါနဲ့ဆိုတာ ဘာကို ပြုံးပြရမှာတုန်း...”

“ဒါဆိုလဲ ပြီးရော၊ ဒါနဲ့.. ထမင်းစားတာ ဘူဖေးဆိုတော့ ကျွန်တော် အလှည့်ကျမှ ကျွန်တော်ကြိုက်တဲ့ ဟင်းတွေ ကုန်သွားရင်ကော ဘယ်လို လုပ်ရမလဲ...”

“ဟင်း... သူတို့ အမျိုးသား ယောဂီတွေက ရှေ့ဆုံးက တန်းစီဝင်ရတဲ့ဟာ... မလုပ်ဘူးတာ ကြနေတာပဲ... တကတဲ... တရားဝင်ဖို့ သွားမှာလား၊ အစား စားဖို့ သွားမှာလား... ဘာတုန်း... “

မရွှေစုက ဤသို့ မာန်မဲလိုက်မှ ကိုရေချမ်းလည်း ခေါင်းလေးကုပ်ကာ ကုပ်ကာနဲ့ ငြိမ်သွားလေတယ်။

“အိပ်ရာကော ခင်းတတ်ရဲ့လား၊ အမျိုးသား ယောဂီဆောင်ဆိုတော့ သူများ လိုက်မလုပ်ပေးတော့ဘူးနော်...”

“အေးပါ... ခင်းတတ်ပါတယ်...”


ခါတိုင်း မလေးရှား တရားစခန်းအတွက် ခရီးထွက်ရတာ ဝေယျာဝစ္ဆဆိုတော့ ၂ယောက်အတူ သုံးလို့ရတဲ့ ပစ္စည်းတွေကို ၂ခုခွဲထည့်စရာမလို၊ အခုကျတော့ ကိုရေချမ်းအတွက် ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ ရေချိုးခန်း အသုံးအဆောင်နဲ့ အထူးသဖြင့် အအေးမိရင်၊ နှာစေးရင်၊ ခေါင်းကိုက်ရင်၊ ဗိုက်နာရင်၊ ၀မ်းကိုက်ရင်၊ စသဖြင့် သောက်ဖို့ ဆေးတွေကို နာမည်ထိုးပြီး သတ်သတ် ထုတ်ပေးရသေးတယ်။ အ၀တ်ညစ်တွေကို ၀တ်ပြီးရင် သတ်သတ်ထည့်ဖို့ ကျွတ်ကျွတ်အိတ်၊ ချွေးသုတ်ဖို့ လက်ကိုင်ပုဝါ၊ နေ့စဉ်ဝတ်ဖို့ တီရှပ်အဖြူတွေ၊ အိမ်ကို ကြိုမှာထားတဲ့ ပုဆိုးအညိုကွက်စိပ်၊ မိုးရွာရင် ၀တ်ဖို့ မိုးကာ၊ အသေးအဖွဲကအစ အိတ်ထဲက ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကိုလည်း ပြောရသေး၊ မနက် ၄နာရီ ဆို တရားထိုင်တဲ့အချိန်အေးရင် အင်္ကျီ၂ထပ်ဝတ်ဖို့၊ ညကို စောင်ခြုံအိပ်ဖို့ အဖွားကြီးတစ်ယောက်လို တတွတ်တွတ်နဲ့ မှာရသေး။ တရားထိုင်တာ နေကောင်းကျန်းမာမှ ပိုထိုင်လို့ ကောင်းတာကိုး... နော်။


ဒါပေမယ့် မလေးရှား တရားစခန်းရောက်တော့ တခြားယောဂီတွေ ဘယ်သူမှ မရောက်သေးတာနဲ့ ကိုယ်ပဲ သူ့အတွက် ပြေးလွှားပြီး အိပ်ရာခင်း ပြင်ဆင် လုပ်ပေးခဲ့တော့တယ်။ အဲသမှာ မရွှေစုတို့ ပြောတုန်းကတော့ ကိုယ့်ကို လာမကြည့်နဲ့နော် ဘာညာ မှာတယ်၊ တရားစခန်းမှာ ရှိခဲ့တဲ့ တောက်လျှောက် ၅ရက် အတွင်း တရားဟောဆောင် စုပေါင်းတရားထိုင်ရတဲ့ ဓမ္မာရုံမှာ အချိန်ကျလို့ လူတွေလာကြရင် ဦးရေချမ်းတစ်ယောက် အချိန်မှီ ရောက်မှရောက်လာရဲ့လား၊ အိပ်ရာက နိုးမှ နိုးရဲ့လား၊ နေမှ ကောင်းရဲ့လား၊ နှာတွေ ချေနေသေးသလား၊ မျက်နှာက ကြည်ကြည်လင်လင် ရှိရဲ့လား ဆိုတာ အဝေးကနေ လူမသိ သူမသိ တစ်ချက်လောက်တော့ လှမ်းပြီး ချောင်းကြည့်မိသေး။ အဲ... သူ့မျက်နှာက နေကောင်းထိုင်သာပုံနဲ့ အေးအေးချမ်းချမ်း ရှိနေတာ မြင်ရတော့မှ အဲ့နေ့အတွက် ကိုယ့်ဘာသာ စိတ်ချလက်ချ တရားထိုင်နိုင်တော့တယ်။


ညနေရောက်ပြန်တော့ တရားစစ်ဖို့ လာရမယ့် အချိန် - အချိန်ဇယား ကပ်ထားတာကို သိမှ သိရဲ့လား စိတ် ပူရသေးတယ်၊ ကုန်းမြင့်အထက် ဓမ္မာရုံပေါ်ကနေ စင်္ကြံလျှောက် တရားမှတ်နေရင်း အောက်ဖက်လှေခါးထစ်တွေကနေ ဦးရေချမ်းတစ်ယောက် တီရှပ် အဖြူနဲ့ ကုန်းကုန်း ကုန်းကုန်း နဲ့ တရားစစ်တဲ့ဆီ တဖြည်းဖြည်း တက်လာနေတာ မြင်ရမှ ကိုယ်လည်း စိတ်ဖြောင့်ဖြောင့် နဲ့ ကိုယ့်တရားကိုယ် ဆက်မှတ်နိုင်တော့တယ်။


မနက် အရုဏ်နဲ့ နေ့လည် ဆွမ်းစားချိန်ရောက်ရင် သူတို့က အမျိုးသား ယောဂီတွေမို့ အရင်အဦးဆုံး ရှေ့ဆုံးက တန်းစီ ယူရတာကိုး၊ ဒီနေ့ ဘာဟင်းဆိုရင်... အဲတော့ တော်ပါသေးရဲ့ ဦးရေချမ်း အကြိုက်ပဲ၊ အင်း.. ဒီနေ့တော့ ဦးရေချမ်း စားနိုင်ပါ့မလား၊ သူမကြိုက်တဲ့ဟင်း ဖြစ်နေပါ့လားနဲ့၊ သူ့စားပွဲဘေးက ဖြတ်သွားလို့ ထမင်း ဟင်းတွေ တပုံတပင်နဲ့ စားနေတာမြင်ရမှ အဆင်ပြေမှာပါလေဆိုပြီး တွေးရင်း... အဲ... ဒီယောဂီတော့ ဒီလိုပုံနဲ့ ဘာမဟုတ်တဲ့ အပူတွေပူပြီး တရားတော့ ရတော့မှာပဲလို့ ကိုယ့်ဘာသာ ပြန်ဆုံးမရသေး။


တရားစစ်ဖို့ ၀င်တော့ အချိန်ဇယားမှာ မရွှေစုတို့ နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ၀င်ရတယ်။ မရွှေစု တစ်ယောက် ကိုယ့်တရား ကိုယ်လျှောက်ဖို့ထက် ဦးရေချမ်း တစ်ယောက် ဘယ်လိုများ တရား လျှောက်ပါ့မလဲဆိုတာ .. စိတ်ပူပြီး သူ့စကားကို ထိုင်နားထောင်နေခဲ့သေး။ ကိုယ့်ဘာသာကိုယ်တော့ တပည့်တော် ထင်သလောက် တရားမှတ်လို့ မကောင်းဘူး ဘုရား ... သမာဓိ သိပ်မရဘူးလို့ ဆရာတော်ဆီ လျှောက်ဖြစ်တယ်၊ တကယ်လည်း ဟုတ်တယ်၊ ဟိုအရင် ကိုယ် တစ်ယောက်ထဲ တရားစခန်း ၀င်တုန်းက တရားက ခဏလေးနဲ့ တက်တယ်၊ ခုတော့ ၅ရက်မှာ တကယ့်ကို ထိုင်လို့ ကောင်းခဲ့တာ တစ်ကြိမ်ထဲရယ်၊ ကျန်တဲ့ အချိန်တွေက လုပ်တာတော့ ကြိုးစားပြီး လုပ်တာပဲ၊ ထင်သလောက် မရခဲ့တာပဲ။


အဲ... ကိုယ့်ဝမ်းနာကလည်း ကိုယ်သာသိလေ... မပူရမယ့်ဟာ ကိုယ့်ဘာသာ လျှောက်ပြီးပူပန်နေသကိုး...။ ဆရာတော်ကတော့ ထင်သလောက် ဖြစ်မလာလည်း စိတ်မပျက်ဖို့၊ တရားမတက်တာတောင်မှ ၀ိပဿနာ ပါရမီ ကုသိုလ်တွေ ရမှာပါလို့ ဖြေသိမ့်ပေးတယ်။ ပြီးတော့ ဦးရေချမ်း တရားထိုင်ဖြစ်နိုင်အောင် တိုက်တွန်းပေးနိုင်တဲ့ ကုသိုလ်ကလည်း နည်းတာမှ မဟုတ်တာလို့ မိန့်ပြန်တယ်။ တခြား ယောဂီ အန်တီတွေကလည်း ဒီနှစ်ယောက် စိတ်တူကိုယ်တူ တရား အတူ လာထိုင်နိုင်ကြတာ နည်းတဲ့ကုသိုလ် မဟုတ်ဘူးကွဲ့လို့ ပြောကြပြန်တယ်။


ဒီလိုနဲ့ တရားစခန်းက ထွက်လာတော့ ဦးရေချမ်းကို မေးကြည့်ရသေးတယ်။


“တရားထိုင်ရတာ ဘယ်နှယ့်နေသတုန်း... အဆင်ပြေလား၊ ငြိမ်းချမ်းလား...”

“ဟာ... တောရိပ် တောင်ရိပ် တိတ်တိတ်ဆိတ်ဆိတ် နဲ့ ဆိုတော့ တအားငြိမ်းချမ်းတာပဲ။ တော်တော်ကောင်းတယ်ဗျာ၊ တရား ထိုင်တာလဲ ထိုင်နေရင်း နာတာကျင်တာတွေ ကျော်လွန်နိုင်တော့ လူ့ကို အေးချမ်းနေတာပဲ”

“ထမင်းစားတာရော၊ စားကောင်းလား”

“အာ... ကျွန်တော်တော့ အကုန်စားကောင်းတယ်၊ အကုန်ကြိုက်တယ်၊ အားလုံးအဆင်ပြေတယ်”

“အခန်းဖော်နဲ့ ရော စကားပြောလား... “

“မပြောဖြစ်ပေါင်ဗျာ... ကျွန်တော် မနက် ၄နာရီဆို အိပ်ရာက ထတယ်။ ၄နာရီခွဲမှာ တရားထိုင်တဲ့ ခန်းမကို ရောက်ပြီ။ နေ့လည်ကိုတော့ ဆွမ်းစားဆောင်ကပြန်လာပြီး နာရီဝက်ကျော်ကျော်လောက် နားတယ်၊ ၁၂ခွဲ အမျိုးသား ယောဂီဓမ္မခန်းမ မှာ ပြန်တရားထိုင်တာ ညအထိပဲ။”

“သူများကိုရော ရှာကြည့်သေးလား...”

“မာမီပဲ သားကို မှာထားပြီးတော့... မရှာရဘူးဆို၊ မကြည့်ရဘူးဆို... “


မရွှေစုက စိတ်ထဲကနေပဲ ကြိတ်ပြီးပြုံးနေလိုက်တယ်၊ သူ့ကို ကိုယ် အဝေးကနေ လှမ်းချောင်းတဲ့ အကြောင်းတော့ ပြောမပြပေါင်။


“အိမ်း... ဒါနဲ့... နက်ဖြန် ဗာလင်တိုင်းနေ့ ဆိုပဲ... ၊ ကျွန်တော့်ကို ဘာလက်ဆောင် ၀ယ်ပေးမှာတုန်း...”

“ဟန်... အခုပဲ... တရားစခန်းက ပြန်လာတာ... လိုချင် လောဘ ရှိနေတုန်းလား...”


မရွှေစုက ခပ်တည်တည်ပြောတော့ ဦးရေချမ်းတစ်ယောက် ပြုံးစိစိနဲ့ မရွှေစု ခေါင်းကို ပုတ်လိုက်ပြီး ဘာမှ ပြန်မပြောဘူး။ မရွှေစုက တရားစခန်းက ပြန်ပါလာတဲ့ အ၀တ်ထုတ်တွေ အိပ်ရာခင်းတွေ လျှော်ဖို့ ရှင်းဖို့ လင်းဖို့ လုပ်ရင်း စိတ်ထဲက တစ်ယောက်ထဲ ပြောနေမိတယ်။


ဒီနှစ် ဗာလင်တိုင်းဒေး လက်ဆောင်ကတော့ ဦးရေချမ်း တရားစခန်းမှာ အေးအေးချမ်းချမ်း နဲ့ အဆင်ပြေပြေ တရားထိုင်နိုင်အောင် ကူညီ ပံ့ပိုးပေးခြင်းပဲပေါ့ကွယ်လို့...။ ဒီလောက်ကောင်းတဲ့ လက်ဆောင် ရပြီးမှတော့ ဒီထက် ကောင်းတာ ဘာရှိဦးမှာလဲ...။


ဦးရေချမ်းသို့... ဗာလင်တိုင်းဒေး အမှတ်တရ...
မှ ... မရွှေစု
၁၄ ဖေဖေါ်ဝါရီလ ၂၀၁၃


+++++