Thursday, February 14, 2013

ကျောင်းအစ်မကြီးရယ်... ၀ိသာခါ

ကျောင်းအစ်မကြီးရယ်... ၀ိသာခါ... မြေးတွေရတောင် လှနေမှာ...


ကိုရေချမ်းနဲ့ မရွှေစုတို့ ဒီနှစ် ဖေဖေါ်ဝါရီလ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်မှာ ရှေ့နောက်ရက်တွေကိုပါ ခွင့်ယူပြီးတော့ မလေးရှား တရားစခန်း ကို ပထမဆုံးအကြိမ် အတူတူ တရားဝင်ဖို့ သွားခဲ့ကြတယ်။ ဦးရေချမ်း အတွက်ကတော့ ဒါဟာ ဒုတိယအကြိမ်မြောက် တရားစခန်း ၀င်ခြင်းပေါ့။ ဟိုအရင် မရွှေစု ကိုယ့်ဘာသာ တစ်ယောက်ထဲ တရားစခန်း ၀င်တိုင်း ပထမဆုံး တစ်ရက် မှာ သူက လိုက်ပို့၊ တရား ထွက်တဲ့ နေ့မှာ လာကြို၊ ကြားထဲမှာ လုံးဝ လာမတွေ့ခိုင်းဘူး၊ ဖုန်းကိုလည်း ပိတ်ထားလိုက်တာ။ ဒီအတိုင်းပဲ သူ မှော်ဘီမှာ ဘုန်းကြီး ၀တ်တော့လည်း သူ တရားစခန်းဝင်နေစဉ် လုံးဝ သွားမတွေ့ခဲ့ဘူး။


တရားစခန်းကို ဒီတခါ ၂ယောက်အတူ သွားကြမယ်ဆိုတော့ သူ့ကို ကြိုမှာထားတယ်။


“ဦးရေချမ်းနော်... ဓမ္မာရုံထဲမှာ စုပေါင်းတရားထိုင်ဖို့ လာတဲ့အခါ၊ ဆွမ်းစားဆောင်မှာ ထမင်းစားဖို့ သွားတဲ့အခါ မတော်တဆ တွေ့ကြရင် သူများကို စကားပြောဖို့ နေ နေ သာ သာ လုံးဝ မကြည့်ရဘူးနော်၊ ဒါပဲ”

“နည်းနည်းလေးတောင် ပြုံးမပြရဘူးလား... “

မန်းသားပီပီ အထွန့်မတက်ရရင် မနေနိုင်တဲ့ ထုံးစံအတိုင်း ဈေးဆစ်နေသေးတယ်။

“ဟေ့အေး... မရဘူး။ အာ... မကြည့်ပါနဲ့ဆိုတာ ဘာကို ပြုံးပြရမှာတုန်း...”

“ဒါဆိုလဲ ပြီးရော၊ ဒါနဲ့.. ထမင်းစားတာ ဘူဖေးဆိုတော့ ကျွန်တော် အလှည့်ကျမှ ကျွန်တော်ကြိုက်တဲ့ ဟင်းတွေ ကုန်သွားရင်ကော ဘယ်လို လုပ်ရမလဲ...”

“ဟင်း... သူတို့ အမျိုးသား ယောဂီတွေက ရှေ့ဆုံးက တန်းစီဝင်ရတဲ့ဟာ... မလုပ်ဘူးတာ ကြနေတာပဲ... တကတဲ... တရားဝင်ဖို့ သွားမှာလား၊ အစား စားဖို့ သွားမှာလား... ဘာတုန်း... “

မရွှေစုက ဤသို့ မာန်မဲလိုက်မှ ကိုရေချမ်းလည်း ခေါင်းလေးကုပ်ကာ ကုပ်ကာနဲ့ ငြိမ်သွားလေတယ်။

“အိပ်ရာကော ခင်းတတ်ရဲ့လား၊ အမျိုးသား ယောဂီဆောင်ဆိုတော့ သူများ လိုက်မလုပ်ပေးတော့ဘူးနော်...”

“အေးပါ... ခင်းတတ်ပါတယ်...”


ခါတိုင်း မလေးရှား တရားစခန်းအတွက် ခရီးထွက်ရတာ ဝေယျာဝစ္ဆဆိုတော့ ၂ယောက်အတူ သုံးလို့ရတဲ့ ပစ္စည်းတွေကို ၂ခုခွဲထည့်စရာမလို၊ အခုကျတော့ ကိုရေချမ်းအတွက် ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ ရေချိုးခန်း အသုံးအဆောင်နဲ့ အထူးသဖြင့် အအေးမိရင်၊ နှာစေးရင်၊ ခေါင်းကိုက်ရင်၊ ဗိုက်နာရင်၊ ၀မ်းကိုက်ရင်၊ စသဖြင့် သောက်ဖို့ ဆေးတွေကို နာမည်ထိုးပြီး သတ်သတ် ထုတ်ပေးရသေးတယ်။ အ၀တ်ညစ်တွေကို ၀တ်ပြီးရင် သတ်သတ်ထည့်ဖို့ ကျွတ်ကျွတ်အိတ်၊ ချွေးသုတ်ဖို့ လက်ကိုင်ပုဝါ၊ နေ့စဉ်ဝတ်ဖို့ တီရှပ်အဖြူတွေ၊ အိမ်ကို ကြိုမှာထားတဲ့ ပုဆိုးအညိုကွက်စိပ်၊ မိုးရွာရင် ၀တ်ဖို့ မိုးကာ၊ အသေးအဖွဲကအစ အိတ်ထဲက ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကိုလည်း ပြောရသေး၊ မနက် ၄နာရီ ဆို တရားထိုင်တဲ့အချိန်အေးရင် အင်္ကျီ၂ထပ်ဝတ်ဖို့၊ ညကို စောင်ခြုံအိပ်ဖို့ အဖွားကြီးတစ်ယောက်လို တတွတ်တွတ်နဲ့ မှာရသေး။ တရားထိုင်တာ နေကောင်းကျန်းမာမှ ပိုထိုင်လို့ ကောင်းတာကိုး... နော်။


ဒါပေမယ့် မလေးရှား တရားစခန်းရောက်တော့ တခြားယောဂီတွေ ဘယ်သူမှ မရောက်သေးတာနဲ့ ကိုယ်ပဲ သူ့အတွက် ပြေးလွှားပြီး အိပ်ရာခင်း ပြင်ဆင် လုပ်ပေးခဲ့တော့တယ်။ အဲသမှာ မရွှေစုတို့ ပြောတုန်းကတော့ ကိုယ့်ကို လာမကြည့်နဲ့နော် ဘာညာ မှာတယ်၊ တရားစခန်းမှာ ရှိခဲ့တဲ့ တောက်လျှောက် ၅ရက် အတွင်း တရားဟောဆောင် စုပေါင်းတရားထိုင်ရတဲ့ ဓမ္မာရုံမှာ အချိန်ကျလို့ လူတွေလာကြရင် ဦးရေချမ်းတစ်ယောက် အချိန်မှီ ရောက်မှရောက်လာရဲ့လား၊ အိပ်ရာက နိုးမှ နိုးရဲ့လား၊ နေမှ ကောင်းရဲ့လား၊ နှာတွေ ချေနေသေးသလား၊ မျက်နှာက ကြည်ကြည်လင်လင် ရှိရဲ့လား ဆိုတာ အဝေးကနေ လူမသိ သူမသိ တစ်ချက်လောက်တော့ လှမ်းပြီး ချောင်းကြည့်မိသေး။ အဲ... သူ့မျက်နှာက နေကောင်းထိုင်သာပုံနဲ့ အေးအေးချမ်းချမ်း ရှိနေတာ မြင်ရတော့မှ အဲ့နေ့အတွက် ကိုယ့်ဘာသာ စိတ်ချလက်ချ တရားထိုင်နိုင်တော့တယ်။


ညနေရောက်ပြန်တော့ တရားစစ်ဖို့ လာရမယ့် အချိန် - အချိန်ဇယား ကပ်ထားတာကို သိမှ သိရဲ့လား စိတ် ပူရသေးတယ်၊ ကုန်းမြင့်အထက် ဓမ္မာရုံပေါ်ကနေ စင်္ကြံလျှောက် တရားမှတ်နေရင်း အောက်ဖက်လှေခါးထစ်တွေကနေ ဦးရေချမ်းတစ်ယောက် တီရှပ် အဖြူနဲ့ ကုန်းကုန်း ကုန်းကုန်း နဲ့ တရားစစ်တဲ့ဆီ တဖြည်းဖြည်း တက်လာနေတာ မြင်ရမှ ကိုယ်လည်း စိတ်ဖြောင့်ဖြောင့် နဲ့ ကိုယ့်တရားကိုယ် ဆက်မှတ်နိုင်တော့တယ်။


မနက် အရုဏ်နဲ့ နေ့လည် ဆွမ်းစားချိန်ရောက်ရင် သူတို့က အမျိုးသား ယောဂီတွေမို့ အရင်အဦးဆုံး ရှေ့ဆုံးက တန်းစီ ယူရတာကိုး၊ ဒီနေ့ ဘာဟင်းဆိုရင်... အဲတော့ တော်ပါသေးရဲ့ ဦးရေချမ်း အကြိုက်ပဲ၊ အင်း.. ဒီနေ့တော့ ဦးရေချမ်း စားနိုင်ပါ့မလား၊ သူမကြိုက်တဲ့ဟင်း ဖြစ်နေပါ့လားနဲ့၊ သူ့စားပွဲဘေးက ဖြတ်သွားလို့ ထမင်း ဟင်းတွေ တပုံတပင်နဲ့ စားနေတာမြင်ရမှ အဆင်ပြေမှာပါလေဆိုပြီး တွေးရင်း... အဲ... ဒီယောဂီတော့ ဒီလိုပုံနဲ့ ဘာမဟုတ်တဲ့ အပူတွေပူပြီး တရားတော့ ရတော့မှာပဲလို့ ကိုယ့်ဘာသာ ပြန်ဆုံးမရသေး။


တရားစစ်ဖို့ ၀င်တော့ အချိန်ဇယားမှာ မရွှေစုတို့ နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ၀င်ရတယ်။ မရွှေစု တစ်ယောက် ကိုယ့်တရား ကိုယ်လျှောက်ဖို့ထက် ဦးရေချမ်း တစ်ယောက် ဘယ်လိုများ တရား လျှောက်ပါ့မလဲဆိုတာ .. စိတ်ပူပြီး သူ့စကားကို ထိုင်နားထောင်နေခဲ့သေး။ ကိုယ့်ဘာသာကိုယ်တော့ တပည့်တော် ထင်သလောက် တရားမှတ်လို့ မကောင်းဘူး ဘုရား ... သမာဓိ သိပ်မရဘူးလို့ ဆရာတော်ဆီ လျှောက်ဖြစ်တယ်၊ တကယ်လည်း ဟုတ်တယ်၊ ဟိုအရင် ကိုယ် တစ်ယောက်ထဲ တရားစခန်း ၀င်တုန်းက တရားက ခဏလေးနဲ့ တက်တယ်၊ ခုတော့ ၅ရက်မှာ တကယ့်ကို ထိုင်လို့ ကောင်းခဲ့တာ တစ်ကြိမ်ထဲရယ်၊ ကျန်တဲ့ အချိန်တွေက လုပ်တာတော့ ကြိုးစားပြီး လုပ်တာပဲ၊ ထင်သလောက် မရခဲ့တာပဲ။


အဲ... ကိုယ့်ဝမ်းနာကလည်း ကိုယ်သာသိလေ... မပူရမယ့်ဟာ ကိုယ့်ဘာသာ လျှောက်ပြီးပူပန်နေသကိုး...။ ဆရာတော်ကတော့ ထင်သလောက် ဖြစ်မလာလည်း စိတ်မပျက်ဖို့၊ တရားမတက်တာတောင်မှ ၀ိပဿနာ ပါရမီ ကုသိုလ်တွေ ရမှာပါလို့ ဖြေသိမ့်ပေးတယ်။ ပြီးတော့ ဦးရေချမ်း တရားထိုင်ဖြစ်နိုင်အောင် တိုက်တွန်းပေးနိုင်တဲ့ ကုသိုလ်ကလည်း နည်းတာမှ မဟုတ်တာလို့ မိန့်ပြန်တယ်။ တခြား ယောဂီ အန်တီတွေကလည်း ဒီနှစ်ယောက် စိတ်တူကိုယ်တူ တရား အတူ လာထိုင်နိုင်ကြတာ နည်းတဲ့ကုသိုလ် မဟုတ်ဘူးကွဲ့လို့ ပြောကြပြန်တယ်။


ဒီလိုနဲ့ တရားစခန်းက ထွက်လာတော့ ဦးရေချမ်းကို မေးကြည့်ရသေးတယ်။


“တရားထိုင်ရတာ ဘယ်နှယ့်နေသတုန်း... အဆင်ပြေလား၊ ငြိမ်းချမ်းလား...”

“ဟာ... တောရိပ် တောင်ရိပ် တိတ်တိတ်ဆိတ်ဆိတ် နဲ့ ဆိုတော့ တအားငြိမ်းချမ်းတာပဲ။ တော်တော်ကောင်းတယ်ဗျာ၊ တရား ထိုင်တာလဲ ထိုင်နေရင်း နာတာကျင်တာတွေ ကျော်လွန်နိုင်တော့ လူ့ကို အေးချမ်းနေတာပဲ”

“ထမင်းစားတာရော၊ စားကောင်းလား”

“အာ... ကျွန်တော်တော့ အကုန်စားကောင်းတယ်၊ အကုန်ကြိုက်တယ်၊ အားလုံးအဆင်ပြေတယ်”

“အခန်းဖော်နဲ့ ရော စကားပြောလား... “

“မပြောဖြစ်ပေါင်ဗျာ... ကျွန်တော် မနက် ၄နာရီဆို အိပ်ရာက ထတယ်။ ၄နာရီခွဲမှာ တရားထိုင်တဲ့ ခန်းမကို ရောက်ပြီ။ နေ့လည်ကိုတော့ ဆွမ်းစားဆောင်ကပြန်လာပြီး နာရီဝက်ကျော်ကျော်လောက် နားတယ်၊ ၁၂ခွဲ အမျိုးသား ယောဂီဓမ္မခန်းမ မှာ ပြန်တရားထိုင်တာ ညအထိပဲ။”

“သူများကိုရော ရှာကြည့်သေးလား...”

“မာမီပဲ သားကို မှာထားပြီးတော့... မရှာရဘူးဆို၊ မကြည့်ရဘူးဆို... “


မရွှေစုက စိတ်ထဲကနေပဲ ကြိတ်ပြီးပြုံးနေလိုက်တယ်၊ သူ့ကို ကိုယ် အဝေးကနေ လှမ်းချောင်းတဲ့ အကြောင်းတော့ ပြောမပြပေါင်။


“အိမ်း... ဒါနဲ့... နက်ဖြန် ဗာလင်တိုင်းနေ့ ဆိုပဲ... ၊ ကျွန်တော့်ကို ဘာလက်ဆောင် ၀ယ်ပေးမှာတုန်း...”

“ဟန်... အခုပဲ... တရားစခန်းက ပြန်လာတာ... လိုချင် လောဘ ရှိနေတုန်းလား...”


မရွှေစုက ခပ်တည်တည်ပြောတော့ ဦးရေချမ်းတစ်ယောက် ပြုံးစိစိနဲ့ မရွှေစု ခေါင်းကို ပုတ်လိုက်ပြီး ဘာမှ ပြန်မပြောဘူး။ မရွှေစုက တရားစခန်းက ပြန်ပါလာတဲ့ အ၀တ်ထုတ်တွေ အိပ်ရာခင်းတွေ လျှော်ဖို့ ရှင်းဖို့ လင်းဖို့ လုပ်ရင်း စိတ်ထဲက တစ်ယောက်ထဲ ပြောနေမိတယ်။


ဒီနှစ် ဗာလင်တိုင်းဒေး လက်ဆောင်ကတော့ ဦးရေချမ်း တရားစခန်းမှာ အေးအေးချမ်းချမ်း နဲ့ အဆင်ပြေပြေ တရားထိုင်နိုင်အောင် ကူညီ ပံ့ပိုးပေးခြင်းပဲပေါ့ကွယ်လို့...။ ဒီလောက်ကောင်းတဲ့ လက်ဆောင် ရပြီးမှတော့ ဒီထက် ကောင်းတာ ဘာရှိဦးမှာလဲ...။


ဦးရေချမ်းသို့... ဗာလင်တိုင်းဒေး အမှတ်တရ...
မှ ... မရွှေစု
၁၄ ဖေဖေါ်ဝါရီလ ၂၀၁၃


+++++

6 comments:

သူကြီးမင်း (တုံးဖလား) said...

ကောင်းပါလေ့ ကောင်းပါလေ့။ ဒီစုံတွဲ တရားစခန်းဝင်ကြတာ။ ဦးရေချမ်းကြီးက မရွှေစု စကား မြေ၀ယ်မကျပါဘဲ။ မရွှေစုက ဦးရေချမ်းကြီးကို ဘုန်းကြီး အပြီးဝတ်ခိုင်းရင်လဲ ၀တ်မဲ့ပုံ။း)

စုချစ် said...

ဘုန်းကြီးဝတ်ခိုင်းဖို့ကတော့ .... စဉ်းစားကာ နေရအုံးမယ် ... သီချင်းပဲ ဆိုပါရစေ... တဂျီးမင်းရယ်.... ဟီး...
:)

ဆုမြတ်မိုး said...

ပိုစ့်လေးဖတ်ပြီးစိတ်ချမ်းသာလိုက်တာ...ကြီးစုရယ်း))

မိုးနတ်ကြယ်စင် said...

သူများတွေ သူများတွေများးးးးးးး
အင်းးးးးးး ဒါပေမဲ့ မီးတို့က ငယ်ပါသေးတယ်
အဲ့ဒါတွေ လိုသေးပါဘူးးးးးးးးးး :P

မေဓာဝီ said...

သာဓု ခေါ်သွားပါတယ် မစုရေ ...
စိတ်တူ ကိုယ်တူနဲ့ နိဗ္ဗာန်ကို အတူတူသွားမယ့် ပါရမီဖြည့်ဘက်တွေပဲ ... ဖတ်ရတာ ကြည်နူးဖို့ ကောင်းပါတယ်။ ဆက်လက်၍ ပါရမီဖြည့်နိုင်ပါစေ မစုရေ ...

ချစ်တဲ့
မေ

maythwe said...

ကြီးစုရေ မျက်စိထဲမြင်အောင်ရေးတတ်တယ် ပြုံးပြုံးကြီးဖတ်သွားပါတယ်
အားကျရင်းပေါ့ ဟီးး