Thursday, August 19, 2010

Salary Increment



လစာမတိုးတာကြာလို့ မန်နေဂျာကို ဘယ်လို အသိပေးရရင် ကောင်းမလဲ။ ဒါမှမဟုတ် (Salary increment letter) ဘယ်လိုရေးရမလဲလို့ အကူအညီတောင်းလာတဲ့ မောင်ညီမလေးများ အတွက် ...

စင်ကာပူမှာ များသောအားဖြင့် Organization အသေးလေးတွေရဲ့ လုပ်ပုံ လုပ်နည်းနဲ့ Organization အကြီးတွေရဲ့ လုပ်ပုံလုပ်နည်း မတူညီတာတွေ အများကြီးရှိပါတယ်။ ဒီနေရာမှာ ကိုယ်သိသလောက်လေး ၂မျိုးခွဲပြီး ပြောသွားပါမယ်နော်။

For those who working with Systematic Organization

အလုပ်သမား အခွင့်အရေးကို စနစ်တကျ နည်းလမ်းမှန်မှန် အတတ်နိုင်ဆုံးကျင့်သုံးပေးတဲ့ Organization တွေမှာတော့ နှစ်စဉ် နှစ်တိုင်း Appraisals, Annual Performance Review တွေ လုပ်လေ့ရှိပါတယ်။ Appraisals နဲ့ Annual Performance Review တွေ နှစ်စဉ်လုပ်ပေမယ့် နှစ်တိုင်း လစာတိုးပေးမယ်၊ ဘောနပ်စ်ပေးမယ်လို့တော့ မဆိုလိုပါဘူး။ အနည်းဆုံးတော့ အခုရေးထားတဲ့ အချက်တွေကို အခြေခံပြီးမှသာပဲ လစာတိုးနဲ့ ဘောနပ်စ်ကိစ္စကို စဉ်းစားပေးနိုင်ကြပါတယ်။

၁) ကမ္ဘာ့ စီးပွားရေး လက်ရှိနဲ့ ရှေ့အလားအလာ အခြေအနေ
၂) company ရဲ့ လက်ရှိနဲ့ ရှေ့အလားအလာ performance and Business Opportunity

၃) Relative Outside Market Rate
၎) ကိုယ်အလုပ်လုပ်တဲ့ Team ရဲ့ Importance နဲ့ တစ်ဦးချင်းစီရဲ့ Performance


စတာတွေရယ်ပေါ်မှာမူတည်ပြီး bonus နဲ့ increment ကိုပေးလေ့ရှိကြပါတယ်။ ကိုယ်ဘယ်လောက်တော်တော်၊ ဘယ်လောက်ကြိုးစားခဲ့ ကြိုးစားခဲ့ပစေ၊ ကိုယ့် company က စီးပွားပျက်ကပ်ထဲမှာ အလူးအလဲ ခံနေရရင်၊ ဒါမှမဟုတ် အရှုံးပေါ်နေရင် ဘယ်လိုလုပ်ပြီး ဘောနပ်စ်ပေးနိုင်မှာလဲ။ ဘယ်လာ လစာတိုးပေးနိုင်မလဲ။ အလုပ်မပြုတ်ရင် ကံကောင်းပဲ မဟုတ်လား။

company ကပုံမှန် လည်ပတ်နေတဲ့ အချိန်ဆိုရင်တော့ လစာတိုးကို ကိုယ့် performance ပေါ်မူတည်ပြီး တိုးပေးနိုင်တာပေါ့လေ။ ဘောနပ်စ်လဲ များများ မျှော်လင့်နိုင်တာပေါ့။ အဲဒီတော့ နှစ်စဉ် ကိုယ့်ဘာသာ self Appraisal လုပ်တဲ့အချိန်မှာ ပြီးခဲ့တဲ့ နှစ်အတွင်းက ကိုယ်လုပ်ခဲ့တဲ့ contributions နဲ့ ကိုယ်ရခဲ့တဲ့ achievements တွေအားလုံးကို management က recognize လုပ်ချင်အောင် ရှင်းရှင်းလင်းလင်း သေသေချာချာ ရေးရပါမယ်။ ကိုယ့်ဘာသာ self Appraisal အရင်လုပ်ပြီး ကိုယ်ရသင့်တဲ့ အခွင့်အရေးကို ကိုယ့်မန်နေဂျာက ကိုယ့်ကို Appraisals လုပ်တဲ့အချိန်မှာ ညှိရပါမယ်။ ဆွေးနွေးရပါမယ်။ တကယ်လို့ ဒီနှစ်မှာ မတော်တဆ ကိုယ်က နည်းရခဲ့လျှင်လည်း နောက်နှစ်အတွက် agreement ရအောင် ယူတတ်ရပါမယ်။

For those who working with non-Systematic Organization

နှစ်စဉ် Performance Review တွေ လုပ်လေ့မရှိတဲ့ Company မျိုးမှာ လုပ်နေတဲ့သူတွေအတွက်တော့ တမျိုးစဉ်းစားရတော့မှာပေါ့နော်။ တချို့တွေများဆို ၃-၄နှစ်လောက် လုပ်နေတာ လစာ လုံးဝတိုးမရတာတွေ ရှိသတဲ့။ ကိုယ့် Company က အခြေအနေကောင်းရဲ့သားနဲ့ လစာတိုးရမယ့်ကိစ္စကို မသိချင်ယောင်ဆောင်နေတာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ပေးဆပ်မှုနဲ့ ထိုက်တန်စွာ လစာမရဘူးလို့ ခံစားရရင် ၊ Outside Market Rate နဲ့ ယှဉ်ကြည့်လို့ ကိုယ့်လစာက နည်းနေတယ်လို့ ယူဆရင် လစာတိုးတောင်းသင့်ပါတယ်။

လစာတိုးတောင်းရမဲ့ နည်းလမ်းတွေကတော့ တသမတ်ထဲမရှိပါဘူး။ ကိုယ် အဆင်ပြေသလိုနည်းနဲ့ အမျိုးမျိုး ပြောကြတာတွေ့ရတာပဲ။ တချို့ကလည်း ဘော့စ်ကို ပါးစပ်နဲ့ ဖွင့်ပြော ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ တချို့ကလည်း ဘော့စ်နဲ့ မရင်းနှီးတော့ ဘော့စ်နားဆီကို ပေါက်မဲ့သူကို သွားပြောတတ်ကြတယ်။ တချို့ကလည်း စာရေးပြီး ပြောကြတယ်။ စိတ်တိုတတ်တဲ့ တချို့ကတော့ အလုပ်ထွက်မယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ လစာနည်းလို့ စသဖြင့် ဓါတ်ကြမ်းတိုက်ချင်လည်း တိုက်ကြတယ်။ တချို့လည်း အလုပ်ထွက်မယ်လို့ ကြိမ်းလိုက်မှ လစာတိုးရတာမျိုးလဲ ရှိသတဲ့။ ဒါကတော့ ကိုယ်က ကိုယ့်အလုပ်မှာ ကိုယ်က မရှိမဖြစ် တကယ်ကို အရေးကြီးတဲ့သူဖြစ်မှ ရမယ်နော်။

အကောင်းဆုံး အကြံပေးချင်တာကတော့ ကိုယ်ဖြစ်ချင်တာ ကိုယ့်မန်နေဂျာကို face to face တိုက်ရိုက်ဆွေးနွေးသင့်ပါတယ်။ ပါးစပ်နဲ့ပြောတာက ပိုကောင်းပါတယ်။ လစာမတိုးတာကြာပြီ။ ဘာဖြစ်လို့ မတိုးတာလဲ၊ ကိုယ်ဘာတွေ လုပ်ထားတယ်၊ ဘယ်လို တာဝန်တွေယူနေရတယ် စသဖြင့် သူနားလည်အောင် ပြောပြရမှာပဲ။ အကောင်းဆုံး လစာတိုးတောင်းတဲ့ နည်းကတော့ လစာတိုးတောင်းမယ်လို့ စဉ်းစားထားရင် အရင်ဆုံး အလုပ်ပိုလုပ်ပြရမှာပါပဲ။ ကိုယ့်မန်နေဂျာသိအောင် သာမန်ထက် အရေးပါတဲ့ အရေးကြီးတဲ့ လုပ်ဆောင်မှုတွေ ယူပြရမှာပဲ။ ကိုယ့်က ကိုယ့် team member တွေကိုဘယ်လို motivate လုပ်သလဲ၊ ကိုယ့်ရဲ့ value က သူများနဲ့မတူ ဘယ်လို Individual ဖြစ်တယ်ဆိုတာ သူသိအောင် လုပ်ပြရမယ်။ အရေးကြီးဆုံး နောက်တချက်က လစာတိုးဖို့အကြောင်း သူနဲ့ စကားပြောတဲ့အချိန်မှာ စိတ်မတိုမိပါစေနဲ့။ အေးအေးဆေးဆေး professional ဆန်ဆန် ဆွေးနွေးပါ။

တချို့ကတော့ face to face စကားပြောရမှာ အားနာတာတို့ ကြောက်တာတို့ ဖြစ်တတ်ပါတယ်။ အဲဒီတော့ စာရေးတာကို ပိုရွေးချယ်ချင်ကြပါတယ်။ စာရေးတာကို ရွေးချယ်ချင်တဲ့ သူတွေ အတွက် စာရေးနည်းလေးကို နည်းနည်းပြောပြပါမယ်။ စာရေးတာကို ရှုပ်ရှုပ်ထွေးထွေးတွေ မရေးပါနဲ့။Keep it simple and polite ဖြစ်ပါစေ။ ကိုယ့် အခြေအနေကို ရေးပြပါ။ ကိုယ်ယူနေတဲ့ တာဝန်တွေကို ရေးပြပါ။ ဒီထက်မက တာဝန်ယူချင်တဲ့ အကြောင်းကိုလည်း ပြောပြပါ။ အခု ညီမလေးတစ်ယောက်ကို ရေးပေးတဲ့ စာနမူနာကို ဒီမှာ ရေးပြလိုက်ပါတယ်။ တကယ်ကတော့ အင်တာနက်ထဲကတွေ့တဲ့ sample တွေကနေ အတုခိုးရေးရတာပါပဲ။ ဒီထက်မက sample တွေလည်း internet မှာ အများကြီး ရှိပါတယ်။

ှSubject: Request for Salary Increment

Dear Sir,


I have worked for this company for the last two years as an xxxx Engineer. During this time I have done my duties to the best of my abilities. I have been sincerely dedicated and have constantly worked hard.


As xxxxxx engineer, I have successfully implemented xxxxxx and currently I am taking new responsibilities for xxxxxxxxx. I am eager to assume these new responsibilities and will work hard to meet tight deadlines.


I am prepared to take more responsibility, and I will continue to be the valued, hard working, committed, reliable and honest employee that I have always been.


However, despite general appreciation of my work, I have not received any salary increment. My basic salary is still only .... S$. Hence, I would like to request you to consider my case for an increase to xx% of current pay.


The cost of living in Singapore has become very high, with price increases for house rental, PUB, food and transport, and this really has put a strain on my earnings.


I hope this application merits your favorable consideration and you will provide your recommendation to HR department for their further action.


I look forward to a favorable response from you.


Sincerely yours,
xxxx

အရေးကြီးဆုံးနောက်တချက်ကတော့ ကိုယ်တောင်းဆိုလိုက်လို့ လစာတိုးရလာပြီဆိုရင် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို မပြောမိ၊ မကြွားမိပါစေနဲ့။ Keep it confidential!!! လုပ်ဖော်ကိုင်ဖက်အချင်းချင်း မလိုလားအပ်တဲ့ ရုံးတွင်း ညိုညင်မှုတွေ မဖြစ်ပါစေနဲ့။

******************

တခါက မေးလ်ထဲကိုရောက်လာတဲ့ လစာတိုးတောင်းတဲ့ ဟာသလေး ပြောပြပါအုံးမယ်။ ကဲ... အပျင်းပြေလေး ဖတ်ကြည့်ကြပါအုံး။

One day you send a letter to your boss asking for an increase in your salary !

Dear Bo$$

In thi$ life, we all need $ome thing mo$t de$perately. I think you $hould be under$tanding of the need$ of u$ worker$ who have given $o much $upport including $weat and $ervice to your company .

I am $ure you will gue$$what I mean and re$pond $oon.


Your$ $incerely,


The next day, you received this letter of reply :


Oh my dear:


I kNOw you have been working very hard. NOwadays, NOthing much has changed. You must have NOticed that our company is NOt doing NOticeably well as yet .


NOw the newspaper are saying the world`s leading ecoNOmists areNOt sure if the United States may go into aNOther recession. After the NOvember presidential elections things may turn bad.

I have NOthing more to add NOw. You kNOw what I mean.

Yours truly,
Manager

အဲသလို ပြန်စာမျိုးတော့ မရကြပါစေနဲ့နော်....

Ref:
1) salary negotiation tips

2) Various Internet Web Sites with Salary Increment


မေတ္တာဖြင့်... စုချစ်

********************

Sunday, August 15, 2010

ထူးအိမ်သင် ၆နှစ်ပြည့် အမှတ်တရ...



အဝေးက မိုးကောင်းကင်ထဲမှာ...
ငါ့အလွမ်းငှက်ငယ်လေး တစ်ကောင်
မင်းနောက်လိုက်ရှာနေ...
မင်း...
ဘယ်နေရာမှာလဲ အချစ်...
ကမ္ဘာမြေတစ်ဖက်စွန်းထိ
ငါဖြတ်သန်းလာမယ်...
တစ်နေ့တော့
ငါ...
မင်းနဲ့ ဆုံတွေ့မယ်...
ငါယုံကြည်ထားနေဆဲ...
...........
.....
...
.

Tuesday, July 27, 2010

ရာသီစာ

ရာသီစာ



ဒီနေ့မနက်စောစော အိပ်မှုန်စုံမွှားဖြင့် ဘုရားအာရုံပြု မျက်နှာသစ်နေရင်းမှ မရွှေစုတစ်ယောက် ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်မိကာ တစုံတရာကို အလန့်တကြား ရေရွတ်မိလိုက်ပေသည်။

****************************************

စနေနေ့ညက ကိုရေချမ်းနဲ့ မရွှေစုတို့ စင်ကာပူရဲ့ နာမည်ကျော် ဂေလမ်း (Geylang) ဘက်ကို ပထမဦးဆုံးအကြိမ် အဖြစ် ရောက်ခဲ့လေသည်။ အရှေ့ဘက်သို့သွားရင်း ရံဖန်ရံခါ ဂေလမ်းရှေ့မှ ကားဖြတ်မောင်းဖူးသော်လည်း တခါမျှ ဆင်းပြီး လမ်းမလျှောက်ခဲ့စဖူး။ ဒီတခါတော့ မရွှေစုကလည်း စပ်စုချင်နေတာနဲ့ တနေရာမှာ ကားရပ်ပြီး လမ်းလျှောက်ကြရအောင်ဆိုတဲ့ ကိုရေချမ်း အဆိုပြုချက်ကို သဘောတူလိုက်သည်။ ကိုရေချမ်း ရည်ရွယ်ချက်ကတော့ ရာသီစာ ဒူးရင်းသီးဆိုင်များကို ငေးချင် ငမ်းချင်၍ဖြစ်မည်။ မရွှေစုကစိတ်လည်ပြီး ၀ယ်ချင်လည်းဝယ်ပေါ့ ပြောမည်ဟု သူက သေချာပေါက် မျှော်လင့်ထားသည်။

တကယ်က Lavender ဘက်မှာ လူကြုံပစ္စည်း သွားပေးရင်း အပြန်မှာ ကိုရေချမ်းက ဘယ်သွားရရင် ကောင်းမလဲဟု မေးလေသည်။ ညက ၉နာရီကျော်နေပြီ။ ဒီအချိန်ကျမှ တခြားဝေးဝေး ဘယ်ကိုမှ သွားစရာမရှိတော့။ နီးနီးနားနား ကားကိုကွေ့လိုက်လျင် ဂေလမ်းရှိသည်။ ဒါမှမဟုတ် ညလုံးပေါက်ဖွင့်သည့် မူစတာဖာရှိသည်။ ကိုရေချမ်း ဒူးရင်းသီး စားချင်နေတာကို သိသည့် မရွှေစုလည်း ဂေလမ်းဖက်ဦးတည်သွားနေသည့်ကားကို ဘာမှမပြောသာတော့ပဲ ဒူးရင်းသီး ၀ယ်ချင်ဝယ်ပါစေဟု မသိမသာ အခွင့်ပေးလိုက်တော့သည်။ တနေ့ကမှ သတင်းဖတ်ထားတာ... ဘာတဲ့ မကာအိုက လောင်းကစားဘုရင် သူဌေးကြီးဆိုလား... ကိုယ်ပိုင် ဂျက်လေယာဉ်ကို စင်ကာပူလွှတ်ပြီး ဒူးရင်းသီး ၈၈လုံး၊ စလုံး ဒေါ်လာ ၂၀၀၀ကျော်ဖိုး ၀ယ်သွားဆိုပဲ။ ဖြစ်နိုင်တာ ဂေလမ်း ဆိုင်တွေကနေ ၀ယ်သွားပုံရသည်။ မရွှေစု အသေအချာ မသိပါ။ ကိုရေချမ်းလည်း မကာအိုသူဌေး၊ မြန်မာသူဌေး၊ ဘာသူဌေးမှ မဟုတ်ပေမင့် သူ့ရှိတဲ့ကားလေးနှင့် အာသာပြေ ဒူးရင်းသီး ၂၀ဖိုးလောက်တော့ ၀ယ်ပါစေလို့ မရွှေစုက ရီချင်ပက်ကျိ စဉ်းစားမိနေသေးသည်။

နှစ်စဉ် ဒီလို အချိန်ရောက်လာပြီဆိုလျင် ကိုရေချမ်းတို့ ၃ရက်တခါလောက် ရုံးကနေအိမ်ကိုတန်းတန်းမတ်မတ် မပြန်။ အိမ်နောက်ဘက် ၁၀မိနစ်လောက်လျှောက်လျင်ရောက်သည့် ရပ်ကွက်ညဈေးလေးကို သွားပြီး ဒူးရင်းသီးတွေ တအိတ်တပိုးဆွဲ ၀ယ်ပြန်လာလေ့ရှိသည်။ ဒီနှစ်မှာတော့ ကိုရေချမ်းတစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ငြိမ်ကုပ်နေရသည်။ ဟိုဘက်အိမ် ဒီဘက်အိမ်မှ အနံ့ရလာလျှင် နှာခေါင်းရှုံ့ပွရှုံ့ပွလုပ်ကာ ဒူးရင်းသီးအနံ့ကွဟု မရွှေစုကများ ဘာများပြောလာမလဲသဘောဖြင့် စကားခေါ်တတ်သည်။ ပြီးခဲ့တဲ့လကမှ ကိုလက်စထရောတွေတက်၊ သွေးတွေတိုး၊ ရုတ်တရက် နှလုံးကအောင့်လာလို့ ဆေးရုံရောက်သွားခဲ့သေးတာ။ အဲဒီကစလို့ မရွှေစုက ကိုရေချမ်း စားသမျှကို ထိန်းချုပ်လိုက်သည်။ ပီဇာ၊ မက်ဒေါနယ်၊ ကြက်ကျော်၊ အာလူးကြော်၊ ထောပတ်၊ ချိစ်၊ ကြက်ဆီထမင်း၊ ဘဲသား စသဖြင့် ကိုလက်စထရောများမည့် အစားများနှင့် ဝေးဝေးနေပေရော့။ အသီးအရွက်နှင့် အသားများကို မကျော်မလှော် မချက်တော့ပဲ စတီင်းမ်လုပ်ပြီး ကျွေးသည်။ ကော်ဖီကို နွားနို့နှင့်ဖျော်သောက်စေသည်။ ကော်ဖီမိတ်မသုံးရတော့။ ဆလာရီကို အနံ့မကြိုက်မှာစိုးလို့ ပန်းသီးနှင့် ရောပြီး သစ်သီးဖျော်ရည်လုပ်တိုက်ရသည်။ ကြက်သွန်ဖြူကို ပျားရည်၊ ဗနီကာတို့နှင့် စိမ်ပြီးတိုက်သည်။ သစ်သီးမျိုးစုံဝယ်ထားပြီး နေ့လည်စာ ယူသွားစေသည်။ တနေ့ကတော့ ကိုရေချမ်းက ကျနော် နွားကြီးဖြစ်နေပြီဗျလို့ အသီးအရွက်တွေ တချိန်လုံးစားနေရတာကို အကြောင်းပြပြီး အရွဲ့တိုက်ပြောနေသေးသည်။ မရွှေစုက သူ့မပြောသလို မသိချင်ယောင် မကြားချင်ယောင် ဆောင်နေလိုက်သည်။

****************************************

ည၉နာရီကျော် ဂေလမ်းသည် လမ်းဘေး ဘီယာဆိုင်များ၊ သစ်သီးဆိုင်များနှင့် မီးရောင်များ တလက်လက်တောက်ပကာ အတော်ကို စည်ကားလှသည်။ ပလက်ဖောင်းမှာ ချထားသည့် စားပွဲများတွင် ဘီယာသောက်နေသည့် လူများကို ကွေ့ပတ်ကျော်ဖြတ်ရင်း လူများ ကြိတ်ကြိတ်တိုးနေသည့် ဒူးရင်းသီးဆိုင်များကို အဝေးကပင်လှမ်းတွေ့ရသည်။ ဘီယာသောက်နေသည့် လူများမှာ များသောအားဖြင့် အသက်ကြီးကြီး တရုတ်အဖိုးကြီးများဖြစ်ကြသည်။ တချို့စားပွဲများတွင်မတော့ ဘောင်းဘီတိုပြတ် ရှင်မီးလည်ဟိုက် ဆံပင်ဝါကြောင် နှုတ်ခမ်းနီရဲ မျက်ဝန်းလဲ့ပြာရီများနှင့် ပြည်ကြီးတရုတ်မလေးများ ထိုင်နေကြတာကိုလည်း တွေ့ရသည်။ တချို့ အဖိုးကြီးများက သူတို့ပုခုန်းများကို ဖက်ကိုင်ထားကြလေသည်။ လမ်းချိုးတကွေ့ နှစ်ကွေ့ တွေမှာတော့ စီးကရက်ဗူးများကို ကျွတ်ကျွတ်အိတ်လေးထဲထည့်ကာ ပလက်ဖောင်းထောင့်လေးများမှာ ချရောင်းနေကြတာကိုလည်း တွေ့ရသည်။ ကိုရေချမ်းက ကာစတမ်မာခေါ်တယ်ဆိုတဲ့ဟာတွေရောဟုဆိုကာ တီးတိုးလှမ်းမေးလေသည်။ စင်ကာပူ တီဗွီလိုင်း Channel News Asia ကလာတဲ့ Get Real ဆိုတဲ့ စီးရီးစ်တွေကို ကြည့်ဖူးသည့် မရွှေစုက စုံထောက်မကြီး အိုင်တင်နှင့် အဲသာတွေက လမ်းကြားတွေထဲ၊ လမ်းသွယ်တွေထဲ၊ ဒါမှမဟုတ် နည်းနည်း မှောင်ရိပ်ကျတဲ့နေရာတွေမှာ ရှိမှာပေါ့လို့ ပြန်ပြောလေသည်။



ဒူးရင်းသီးဆိုင်တွေနှင့် သစ်သီးဆိုင်တွေက ပလက်ဖောင်းတောက်လျှောက် အပြည့်ဖြစ်သည်။ သူတို့က ဘီယာဆိုင်တွေနှင့် တဖက်ခြမ်းက ကားလမ်းဘေးမှာ ဖြစ်လေသည်။ မရွှေစုတို့ ကားလမ်းကူးကာ လူတော်တော်များများ တိုးနေသည့် ဒူးရင်းသီးအရောင်းဆိုင်ထဲကို ၀င်သွားလိုက်သည်။ ဆိုင်က စားပွဲများမှာ ဒူးရင်းသီး ထိုင်စားနေကြသူများ အပြည့်။ မိသားစုလိုက်၊ သူငယ်ချင်း အုပ်စုလိုက် ဒူးရင်းမွှာလေး စားလိုက် အုန်းစိမ်းရည်လေးစုတ်လိုက်ဖြင့် စကားတပြောပြော တရီမောမော ဆူဆူညံညံ စည်စည်ကားကား။ မရွှေစုတို့လည်း ဖေဖေ မေမေတို့နှင့် တရုတ်တန်းမှာ တခါလား အဲသလို သွားထိုင်စားဖူးပါသည်။



ဆိုင်ထဲက စင်တွေမှာတော့ ဒူးရင်းသီး အမျိုးမျိုးအစားအစား တလုံး ၁ကျပ်တန်ကစလို့ ၁၀တန် ၂၀တန် ထိ ရှိသည်။ ထုံးစံအတိုင်း စင်ကာပူမှာ နာမည်ကြီးသည့် လူအသိအများဆုံး ဒူးရင်းသီးကတော့ D24 ပေါ့။ ဆိုင်မှာ ရောင်းနေသည့် အမျိုးအစားများကတော့ D24, D13, XO နှင့် D101 တို့ဖြစ်သည်။ ကိုရေချမ်းက မရွှေစုနားကပ်ကာ ၀ယ်မယ်နော်ဟုပြောပြီး တဆိုင်လုံးက ဒူးရင်းသီးတွေ လိုက်ကြည့်သည်။ ကြည့်လို့အားရမှ ၃လုံး -၂၀တန်ကို သူကရွေးဝယ်လေသည်။ ဒူးရင်းသီးတွေကလည်း တချို့က ခပ်စိမ်းစိမ်း၊ တချို့က ခပ်ဝါ၀ါ၊ တချို့က မစိမ်း မ၀ါ၊ တချို့က ဘဲဥပုံ၊ တချို့က အ၀ိုင်း၊ တချို့က အချွန်၊ ဆူးကြဲ၊ ဆူးစိတ် စသဖြင့် အမျိုးမျိုး အဖုံဖုံ စုံလင်လှသည်။

****************************************

စကားစပ်မိလို့ ဒူးရင်းသီးကို ဘယ်လို ဘယ်ပုံရွေးရတယ်ဆိုတာ သိသလောက် ပြောပြချင်ပါသည်။ အသီးရဲ့ အညှာရိုးတံက အရမ်းခြောက်နေရင် အဲဒီအသီးက ခူးထားတာကြာပြီမို့ မလတ်ဆတ်တော့ဘူးလို့ ပြောကြပါသည်။ တကယ်က ဒူးရင်းသီးဆိုတာ ခူးရတာထက် အပင်ကမှည့်လို့ အလိုလိုကြွေကျတာကို ကောက်စားတာ ပိုကောင်းတယ်လို့လည်း ကြားဖူးလေသည်။ အရင်က စင်ကာပူ-မလေးရှားနယ်စပ် တောထဲက ဆောက်လုပ်ရေးဆိုဒ်မှာ အလုပ်လုပ်သည့် အသိမောင်လေးတစ်ယောက်က ကိုရေချမ်း ဒူးရင်းသီးကြိုက်မှန်းသိလို့ လတ်လတ်ဆတ်ဆတ် ကြွေကျထားသော အသီးများကို တောထဲမှာ မနက်စောစော သွားကောက်ပြီး လာပေးလေ့ရှိသည်။ နောက်တခုက အသီး အောက်ခြေက အက်နေရင် အမှည့်လွန်နေတာမို့ မကောင်းတော့ပါ။ ဒူးရင်းသီးကို နမ်းကြည့်လို့ အနံ့က အရမ်းစူးရင် ကောင်းဖို့ များပါသည်တဲ့။ တကယ်လို့ နမ်းကြည့်ပြီး ဘာအနံ့မှ မရသေးရင် မမှည့်သေးလို့ မကောင်းတတ်ပါတဲ့။ ပြီးတော့ အသီးကို လက်နဲ့အသာလေးခေါက်ကြည့်လို့ လှိုဏ်ခေါင်းသံမြည်နေရင်၊ နား- နားမှာ ကပ်ပြီး လှုပ်ကြည့်လို့ လှုပ်နေတဲ့ အသံကြားရရင် ကောင်းပါသည်တဲ့။ ပိုးကိုက်ထားလား ဆိုတာ သိရအောင်တော့ အသီးမှာ အပေါက်ရှိနေလား ကြည့်ကြည့်ပါတဲ့။ အကောင်းဆုံး စစ်ဆေးနည်းကတော့ အခွံခွာပြခိုင်းပြီး မြည်းကြည့်ခြင်းပါပဲတဲ့။



မရွှေစုတို့ကတော့ အကောင်းဆုံးစစ်ဆေးနည်းကို အသုံးချတာမို့ ဒူးရင်းသီးရောင်းတဲ့ ဦးလေးကြီးက ကိုယ်ရွေးယူလိုက်တဲ့ အသီးကို ခွဲပြပေးပါသည်။ တချို့အလုံးများကို သူကိုယ်တိုင်လည်း ရွေးပေးသည်။ အရသာကို ခါးတာယူမလား၊ ချိုတာ ယူမလား၊ မချိုမခါးလေးယူမလား စသဖြင့် ဦးလေးကြီးကို ပြောပြီး ရွေးခိုင်းလို့ ရပါသည်။ မရွှေစုတို့ကတော့ မချိုမခါးအရသာကိုပဲ ကြိုက်ပါသည်။ တအားခါးတာမှ ကောင်းတာလို့ ပြောသော်လည်း ခါးသည့်အရသာကိုတော့ မကြိုက်လှပါ။ ဦးလေးကြီးက အရသာ၃မျိုးစားရအောင် အပင်မတူသည့် အသီးများကို စိတ်ရှည်လက်ရှည်ရွေးပေးလေသည်။ အခွံနွှာလိုက်တဲ့ ခဏမှာပဲ မွှေးကြိုင်သော ရနံ့ခပ်ပြင်းပြင်းက စူးကနဲ လေထဲကို ပျံ့လွင့်လာသည်။ စိမ်းမြရောင်ခြယ် ဆူးခွံများကြားမှ ချောင်းကြည့်နေသည့် ဒူးရင်းမွှာများက ရှက်သွေးဖြာနေသည့် အပျိုစင်လေးလို မထိရက်စရာ ၀ါရောင်ဝါသွေးနှင့် လှလိုက်သည့်ဖြစ်ခြင်း။

****************************************

ဒူးရင်းသီးဝယ်ပြီးတော့ သူနှင့်တွဲဖက်စားဖို့ မဖြစ်မနေ၀ယ်ရမည့် အသီးက မင်းဂွတ်သီးပင်ဖြစ်သည်။ ကပ်လျက်ဆိုင်မှာ မင်းဂွတ်သီး အလုံးလှလှကြီးတွေ တစ်ကီလို ၄ကျပ်တဲ့။ မရွှေစုက တစ်ကီလို မှန်းပြီး ရွေးကာပေးလိုက်သည်။ ချိန်လိုက်တော့ နည်းနည်းလေး သာနေတာကို ဆိုင်ရှင်တရုတ်မလေးက ၄လုံးလောက် ထပ်ပစ်ထည့်ပေးပြီး ၅ကျပ်ဖိုး ယူနော်ဟု ပြောလေသည်။

လှည့်ပြန်လာပြီးမှ လမ်းမှာ ထပ်တွေ့ရသည်က တစ်ကီလို ၂ကျပ်တဲ့။ သူကတော့ နည်းနည်း အလုံးသေးသည်။ မရွှေစုက တစ်ကီလိုစာ ထပ်ဝယ်ပြန်သည်။ နည်းနည်းလေးသာနေတာကို သူကလည်း ခုနကဆိုင်လို ၃လုံးလောက်ထပ်ထည့်ပေးပြီး ၃ကျပ်ဖိုး ယူပါနော်ဟု ပြောပြန်သည်။ ဒါနဲ့ မင်းဂွတ်သီး ၇ကျပ်ဖိုး ၀ယ်ဖြစ်တော့သည်။

တနင်္ဂနွေနေ့ IMM မှာ ဈေးသွားဝယ်တော့ သစ်သီးတန်းမှာ မင်းဂွတ်သီးတွေ တောင်လိုမောက်နေသည်။ တစ်ကီလို ၁ကျပ်ပြား၉၀တဲ့။ မရွှေစုက တစ်ကီလိုသာသာလောက်ဝယ်ပြန်သည်။ ကိုရေချမ်းက မင်းဂွတ်သီးမကြိုက်။ ဘာဖြစ်လို့ အဲသလောက် ၀ယ်နေတာလဲ ဟုမေးသည်။



မရွှေစုက ကိုယ့်ဝမ်းနာ ကိုယ်သာသိ။ ၀ယ်လာသည့် ဒူးရင်းသီးများ ကိုရေချမ်း စားလျင်ရောဂါရမှာစိုးလို့ တော်တော်များများကို မရွှေစုချည်းပဲ စားပစ်လိုက်တာဖြစ်သည်။ ပြောသာပြောရ၊ ဂေလမ်းဒူးရင်းသီးကလည်း စားဖူးသမျှထဲမှာ တော်တော်လေးကို အရသာရှိပါသည်။ အရသာရှိသလောက် အစွမ်းကလည်းပြသည်။ စားပြီး လူက တကိုယ်လုံးပူနေသည်။ ခေါင်းတွေ မူးချင်ချင်ဖြစ်နေသည်။ ၃ရက်ဆက်တိုက်စားပြီး ညတွေမှာဆို ပူလွန်းလို့ ရေချိုးပြီးသား ရေထပ်သွားချိုးရသည်။ ရေတွေ ခဏခဏ သောက်လွန်း၍ ဗိုက်ကြီးလည်း ကယ်နေပေပြီ။ သူငယ်ချင်း ဆရာဝန်မက ကိုရေချမ်း ဒူးရင်းသီးစားဖို့ မသင့်တာ ဘာလို့ စားစေရတာလဲဟု ဖုန်းဆက်ပြောနေသေးသည်။ အော်... တခါတခါလည်း သူတပါး အာသီသရှိတာလေး သူကြိုက်တာလေးကို ရာသီစာမို့ မစားနဲ့ ပြောရမှာ ဟန့်ရတာလည်း မကောင်း။ မပူပါနဲ့ကွယ်... မရွှေစုပါးစပ်ထဲပဲ အများကြီးရောက်တာပါဟု ပြောလိုက်ရသေး၏။

****************************************

ဒီနေ့မနက်စောစော အိပ်မှုန်စုံမွှားဖြင့် ဘုရားအာရုံပြု မျက်နှာသစ်နေရင်းမှ မရွှေစုတစ်ယောက် ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်မိကာ တစုံတရာကို အလန့်တကြား ရေရွတ်မိလိုက်ပေသည်။

အမေ့... မျက်နှာမှာ အဖုတွေတော့................။ ။
စုချစ်
၂၇-၀၇-၂၀၁၀


****************************************

Monday, July 26, 2010

တနေ့တာ


ဒီကနေ့ ၀ါဆိုလပြည့်နေ...။

မနက်စောစောစီးစီးမှာပဲ မိုးတွေကရွာနေလိုက်တာ သဲကြီးမဲကြီး။ ရုံးသွားရမှာမို့ ဥပုသ် ဘယ်စောင့်နိုင်မလဲ။ ငယ်ငယ်တုန်းကတော့ တနှစ်မှာ ဥပုသ်မစောင့်မနေရ ရက်တွေရှိတယ်။ အဲဒီရက်တွေက ၀ါဆိုလပြည့်နေ့ရယ်၊ သီတင်းကျွတ်လပြည့်နေ့ရယ်နဲ့ နှစ်ဆန်း၁ရက်နေ့တွေပဲ။ ခုတော့ လပြည့်ရက်တွေက ပိတ်ရက်တွေနဲ့ တိုက်မှပဲ ဥပုသ်စောင့်ဖြစ်တော့တယ်။ ဥပုသ်မစောင့်ဖြစ်ပေမဲ့ ကိုယ့်စိတ်ထဲ ကုသိုလ်ကောင်းမှုလို့ ထင်တာ ရတန်သလောက် တတ်နိုင်သလောက် ကိုယ့်အထွာလေးနဲ့ကိုယ် ကိုယ့်အတိုင်းအတာလေးနဲ့ ကြိုးစားပြီး လုပ်ယူတာပဲ။ ဒါပေမဲ့ တအားလည်း လုပ်ဖြစ်တယ်မဟုတ်ပြန်ဘူး။ ကျူးပစ်ကမောင်လေးကိုဇေကြီးလို စနေတိုင်းလည်း ဥပုသ်မစောင့်ဖြစ်ဘူး။ ရုံးမသွားခင် ၁နာရီ ဘုရားရှေ့ တရားထိုင်တယ်ဆိုတာ အားကျသာတာ ရှိတာ။ ကိုယ့်ဘာသာကျတော့ မလုပ်ဖြစ်ဘူး။ တရားစခန်းဆိုတာလည်း မ၀င်ဖြစ်တာ ကြာလှပါပြီ။

မနက် မျက်စိနှစ်လုံးပွင့်လို့ အိပ်ရာကမထခင် ပထမဆုံးသတိတရနဲ့ လုပ်တဲ့အလုပ်က သရဏဂုံ၃ပါးရွတ်လိုက်တာပါပဲ။ မျက်နှာသစ်၊ သွားတိုက်ရင်းနဲ့လည်း တခြား ဘာမှ မတွေးမိအောင် ဒါပဲရွတ်နေတာပဲ။ အဲသာကို အကျင့်လုပ်ထားပါတယ်။ အကျင့်လုပ်ထားတဲ့အတွက် အလိုလို ကို ရွတ်နေပြီးသား ဖြစ်နေပါတော့တယ်။ တခါတလေ လူ့စိတ်ဆိုတာ အစိုးရတာ ကောင်းတာ မဟုတ်ဘူး...။ မနက်စောစောစီးစီး မင်္ဂလာရှိရှိနေရမဲ့ အချိန်မှာ စိတ်တိုစရာတွေ စိတ်ပူပင်စရာတွေ ရုတ်တရက်တွေးရင် တွေးနေမိတတ်တာ။ ဆိုတော့ ဘာမှ မတွေးမိအောင် ဘုရား ဂုဏ်တော် ဒါမှမဟုတ် သရဏဂုံတည်နေတာ အကောင်းဆုံးလို့ မရွှေစု ယူဆတာပဲ။

ထုံးစံကတော့ ရုံးသွားမဲ့ မနက်တိုင်း ကိုရေချမ်းက အိပ်ရာလာနှိုးလေ့ရှိတယ်။ သူမနှိုးခင်ကတဲကတော့ နိုးနေတာပေါ့။ သူကတော့ မနက်သမား။ ညဖက် ဘယ်လောက် မိုးချုပ်အိပ်အိပ် မနက်ကို အစောကြီးထ။ ရေမိုးချိုး၊ ဘုရားပန်းလဲ သောက်တော်ရေကပ် ဆွမ်းတော်ကပ် ဘုရားရှိခိုး။ ပြီးရင် မနက်စာ စားရင်း ကော်ဖီကို ဇိမ်လေးနဲ့သောက် အေးအေးဆေးဆေး သတင်းထိုင်ကြည့်တတ်တာ။ မရွှေစု ရုံးထဲ့ဖို့ နေ့လည်စာ မနက်စာကိုလည်း သူပဲပြင်ပေး ထည့်ပေးတယ်။ ကိုယ်ကတော့ ညကတဲက အဆင်သင့် အားလုံး လုပ်ပေးထားတာပေါ့လေ။ သူက နွှေးပြီး ထည့်ပေးတာပေါ့။

မရွှေစုက အိပ်ရာစောစောမထနိုင်တော့ ရုံးသွားမဲ့ မနက်ဆို ဘုရားထိုင်ရှိခိုးဖို့ အချိန်မရဘူး။ လက်အုပ်ပဲ ချီရတော့တယ်။ ကားပေါ်ရောက်ရင်တော့ တမနက်စာ ဘုရားစာရွတ်ပေါ့။ သံဗုဒ္ဓေ ၉ခေါက်၊ မေတ္တာသုတ် ၉ခေါက် နဲ့ ဓါရဏ ပရိတ်ရွတ်၊ ပြီးတော့ သတ္တ၀ါတွေအားလုံး မေတ္တာပို့ အမျှဝေ။ အချိန်ရသေးရင်တော့ တရားမှတ်ပေါ့။ မနက်ပိုင်း ရုံးသွားရင်း ကားပေါ်မှာ ကိုရေချမ်းနဲ့ စကားတခွန်းမှ ပြောလေ့မရှိဘူး။ ရုံးရှေ့ရောက်တော့မှပဲ သူ့ကို သွားပြီနော်လို့ တခွန်းနှုတ်ဆက်၊ ကားဖြည်းဖြည်းမောင်းလို့ တခွန်းပြော။ ဒါပဲ။

သူလိုက်ပို့တဲ့ နေ့ဆို ရုံးကို မနက် ၇နာရီခွဲဆို ရောက်ပြီကိုး။ မနက်၈နာရီမှာ ရုံးချိန်စပေမဲ့ ရုံးဝန်ထမ်းတော်တော်များများက ၈ခွဲလောက်မှ ရောက်ကြတာများတယ်။ မရွှေစုက ရုံးထဲဝင်တာနဲ့ ရုံးသမားတွေကို မေတ္တာစပို့တာပဲ။ မင်္ဂလာရှိသောနံနက်ခင်းမှာ မင်္ဂလာရှိသော စကားများပြောရပြီး ကောင်းသောမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံပါစေ ဘာညာ စသဖြင့် စိတ်ထဲ တတ်သမျှ မှတ်သမျှလည်း ရွတ်လိုက်သေးသကိုး။ ပြီးတော့ ကိုယ့်စားပွဲရောက်တာနဲ့ နံရံမှာ ချိတ်ထားတဲ့ ဘုရားပုံတော်ကိုဝတ်ပြုပြီး တရားမှတ်တာပဲ။ အခန်းထဲကသူတွေက ၈ခွဲလောက်မှရောက်တော့ အနည်းဆုံး ၄၅မိနစ်လောက် တရားမှတ်ချိန်ရပါတယ်။ တခါတလေလည်း ကောင်းကောင်းမှတ်လို့ ရတယ်။ တခါတလေလည်း စိတ်တွေ ပျံ့လွင့်နဲ့ပေါ့။ အိပ်ရေးပျက်တဲ့ နေ့တွေဆို နည်းနည်းလဲ အိပ်ငိုက်ပေါ့။ ဒါပေမဲ့ တအားအိပ်ရေးပျက်လို့ ခေါင်းကိုက်နေရင် တရား မမှတ်မဖြစ် မှတ်ကိုမှတ်ရပါတယ်။ မနက်စောစောစီးစီး တရားမှတ်လေးနဲ့နေလိုက်ရင် စိတ်လည်း ကြည်လင်တယ်။ တနေ့လုံး နေလို့ ထိုင်လို့လည်း ကောင်းသွားပါတယ်။

ရုံးမှာ အလုပ်သိပ်မများဖူး ဆိုရင်တော့ တရားလေးဘာလေး ဆက်နာပေါ့။ များသောအားဖြင့် ဆရာတော် ဦးဇောတိကရဲ့ တရားထိုင်နည်းနဲ့ ဟိုးတုန်းကဦးဉာဏ်ဏိဿရ တရားခွေတွေပဲ ရုံးက ကွန်ပြူတာမှာ ရှိလို့ အဲဒီအခွေတွေပဲ လှည့်ပတ် နာလေ့ရှိတယ်။ မနက်ပိုင်း ၄၅မိနစ်စာ တရားနာပြီးသွားရင်တော့ သီချင်းလေးဘာလေး ဆက်နားထောင်ချင်ရင်ထောင်၊ ဒါမှမဟုတ် သတင်းနားထောင်ပေါ့။ အလုပ်များနေရင်တော့ တရားမနာနိုင်တော့ပါဘူး။ နားမှာ တရားဖွင့်ထားတဲ့ နားကြပ်ကြီးတတ်ထားပြီး စိတ်က ဘာမှ အာရုံမစူးစိုက်နိုင်ရင် အလကားပဲကိုး။

ဒီလိုနဲ့ အလုပ်လုပ်လိုက် ဘလော့တွေ ဖိုရမ်တွေဖတ်လိုက် သတင်းလေး ဖတ်လိုက် သူငယ်ချင်းတွေနဲ့ ပြောင်လိုက် နောင်လိုက်နဲ့ ရုံးမှာ တနေကုန်တာပါပဲ။ နေ့လည်စာ ထမင်းဘူးပါလို့ ထမင်းလဲ ထွက်မစားဖြစ်ဘူး။ တခါတခါ ထိုင်ရာတာ ညောင်းလာရင် ခြေလှမ်း ၃၀၀လောက်လှမ်းမှ ရောက်တဲ့ ကောရစ်ဒေါကနေ အဝေးက ကွန်ဒိုတွေ ဘန်ကလို အိမ်တွေ မြက်ခင်းစိမ်းစိမ်းတွေ မျက်လုံးအညောင်းပြေကြည့်ရင်း နေပူစာ လှုံရတယ်။

ညနေ ၅နာရီခွဲရင်တော့ ပုံမှန်ပြန်တာပဲ။ ရုံးကနေ ၁ကျပ်ခွဲပေးစီးရင် မားစလင်းထိရောက်တဲ့ အလုပ်သမားတွေစီးတဲ့ မလေးရှားကို သွားတဲ့ ဘတ်စ်ကားပြာကြီး ရှိတယ်။ အဲဒီကားကြီးကို နာရီဝက် သာသာလောက်စီးရင် မားစလင်းရောက်ရော။ ရုံးအပြန်ကားပေါ်မှာတော့ ဘုရားစာမရွတ်ဖြစ်ဘူး။ တခြားဌာနက သူငယ်ချင်းတွေနဲ့ ရုံးသတင်းပလင်း ဖလှယ်ရတယ်။ မားစလင်းကနေ အိမ်ထိ တခါ ရထားစီးတဲ့ အချိန်ကျတော့ စာအုပ်ဖတ်တော့တာပဲ။ တရားစာအုပ်ဖတ်တာ နည်းပါတယ်။ ကိုဇေကြီးတို့ ဘာသာရေးသရက်မှာ တင်ပေးထားတဲ့ စာအုပ်တွေတိုင်း အလျင်မှီအောင်တော့ လိုက်ကူးသား။ တအုပ်မှတော့ မဖတ်ဖြစ်ဖူး။ တလောက သူငယ်ချင်းအိမ် အလှူသွားတော့ ရှားရှားပါးပါး ဟိုးရှေးစာအုပ်ဟောင်းတွေ တွေ့တယ်။ သူငယ်ချင်းက တရားစာအုပ်ကလွဲလို့ ဘာမှ မဖတ်တော့တာမို့ နင်လိုချင် အဲဒီစာအုပ်တွေ ကြိုက်တာယူသွားလိုက်တဲ့။ မရွှေစု ခမျှာ အားရ၀မ်းသာနဲ့ တကယ်လားဆိုပြီး ယူလာလိုက်တာပေါ့။

ပြီးတော့ အဲဒီသူငယ်ချင်းကို ကျူးပစ်မှာ ကိုဇေကြီးတို့ တင်ပေးထားတဲ့ တရားစာအုပ်တွေ ကူးထားတာ အားလုံးပို့ပေးမယ်လို့ ပြောလိုက်တယ်။ ကိုယ်မဖတ်ဖြစ်ပေမဲ့ တကယ်ဖတ်ဖြစ်မဲ့သူဆီပို့ပေးပြီး ရသမျှ ကုသုလ်ကြံဖန်ယူချင်သေးတာကိုး။ တကယ်လို့များ နောက်ဘ၀တခုခုမှာ နင်ကောင်းရာရောက်နေလို့ ငါ့ကိုသတိတရ ရှာကြည့်လို့ မဟုတ်တဲ့နေရာရောက်နေရင် ကူညီဖို့ မေ့နဲ့နော်လို့ တဆက်ထဲ မှာထားရသေးတယ်။ သူကလည်း အေးပါဟယ်တဲ့ ဂတိပေးရှာတယ်။

ဒါနဲ့ ကား၊ ရထား၊ ကားစတာတွေနဲ့ အိမ်ပြန်ရောက်တော့ ည၇နာရီကျော်နေပြီ။ ရေမိုးချိုးပြီး ညီမတော်ချက်ထားတဲ့ ညစာကို နည်းနည်းပါးပါး နှမ်းဝင်ဖြူးပေးပြီးတဲ့နောက်တော့ ၈နာရီပေါ့။ ခုတလော ကိုရေချမ်းက ပြန်တာ မိုးချုပ်လို့ သူ့ကို ထမင်းစား မစောင့်ဖြစ်တော့ဘူး။ သူက ည၁၀နာရီလောက်မှ ပြန်ရောက်တာကိုး။ သူပုံမှန်ပြန်လာချိန်ကတော့ ၈နာရီလောက်။ အဲသာဆို သူရေမိုးချိုးပြီး ၈ခွဲမှာ ညစာအတူစားကြ။

ည ၁၀နာရီဆို မျက်နှာသစ် ခြေလက်ဆေးကြောသန့်စင်ပြီး တအိမ်လုံး မီးပိတ်၊ နာရီဝက်တရားထိုင်ကြတယ်။တနေ့လုံး အလုပ်လုပ်ခဲ့ကြတဲ့ စိတ်က ပျံ့တော့ ပျံ့လွင့်တာပဲ။ ဒါပေသိ ကြိုးစားပြီးတော့ တော့ ထိုင်ကြရတာပဲပေါ့။ ဆရာတော်ဘုရားတွေ ဟောကြားသလို တရားအားထုတ်တယ်ဆိုတာ စိတ်ကို ကျူးလုပ်တာပဲကိုး။ တနေ့လုံး အလုပ်ထဲမှာ အနည်းနဲ့ အများဆိုသလို လောဘ ဒေါသ မောဟတွေနဲ့ ညစ်ပေ နပန်းလုံးခဲ့တယ်ဆိုရင် ညမှာ တရားထိုင်လိုက်ရင် နောင်အခါအတွက် အနည်းငယ်တော့ ဆင်ခြင်တုန်တရား ရသွားတာပဲကိုး။ ကိုယ်ဘာမှားသွားသလဲဆိုတာ ဒီအချိန်မှာ ရှင်းရှင်းကြီးပေါ်လာပြီကိုး။ စိတ်ဆိုတဲ့အရာကလဲ တော်တော်ဆန်းကြယ်တဲ့အရာ။ စိတ်ကိုပြန်ကြည့်တဲ့ အခါ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လူကိုယ်ကို တနေ့ အနည်းဆုံး တခါ သန့်စင်အောင် ရေချိုးပေးသလို စိတ်ကို သန့်စင်အောင် ရေချိုးပေးဖို့၊ ကိုယ့်စိတ်ထဲဖြစ်နေတာကို အလွတ်မရှိ စဉ်ဆက်မပြတ်သိအောင်ကျင့်ဖို့ကလည်း အများကြီး အရေးကြီးတာကိုးနော်။ တရားတခါမှ မထိုင်ဖူးတဲ့ သူငယ်ချင်းတွေက အမယ်.. နင်က ဒီလောက်တရားထိုင်နေတာ တရားခုထိ မပေါက်သေးဘူးလားလို့ နောက်ပြောင်ကြတော့... တရားထိုင်ကြည့်တော့မှပဲ မရွှေစုဆိုတဲ့ အပုတ်ကောင်ကြီး တော်တော်တရားမရသေးတယ်ဆိုတာ သိရတော့တယ်လို့ပဲ ပြန်ပြောမိပါတယ်။ အဟုတ်ပါပဲ။

တရားထိုင်ပြီးရင် မရွှေစုက ဘုရားစာဆက်ရွတ်၊ ဓမ္မစကြာ၊ မေတ္တာသုတ်၊ ဗောဇဉ်သုတ်၊ မင်္ဂလသုတ် စသဖြင့်၊ ပရိတ်ကြီး ၁၁သုတ်လုံးတော့ မရွတ်ဖြစ်ဘူး။ ပြီးတော့ ဂုဏ်တော် ၉ပါးပုတီးဆက်စိတ်တယ်။ မေတ္တာပို့ အမျှဝေ။ သာဆိုရင် မရွှေစုတို့ရဲ့မိသားစုရဲ့ တနေ့တာ ပြီးသွားပြီပဲ။ ကိုရေချမ်းက တရားထိုင်ပြီးတာနဲ့ အိပ်ရာဝင်ပါတယ်။ မရွှေစုကတော့ ဘုရားဆက်ရှိခိုးပြီးတာနဲ့ မအိပ်သေးပဲ ဟိုလိုလို ဒီလိုလိုနဲ့ ကွန်ပြူတာပြန်ကိုင်ပါတယ်။ တခါတလေ ပန်းချီဆွဲပါတယ်။ တခါတလေ စာရေးပါတယ်။ တခါလေ သူငယ်ချင်းတွေနဲ့ စကားပြောပါတယ်။ ည ၁၂နာရီ ၁ချက်လောက်မှ ပုံမှန်အိပ်ဖြစ်ပါတယ်။ ဒီလိုနဲ့ မရွှေစု တနေ့တာဟာ အကောင်းကြီးမဟုတ်ပေမဲ့ အဆိုးကြီးမဟုတ်တဲ့ နိစ္စဒူဝတွေနဲ့ လည်ပတ်နေရပါတယ်။

ဒီနေ့တော့ ၀ါဆိုလပြည့်ဖြစ်နေတော့ ဒီနေ့ည ဓမ္မစကြာစုရွတ်ဖြစ်မယ်ထင်ပါတယ်။ တရားထိုင်တာကတော့ ကိုရေချမ်းကိုလည်း စည်းရုံးကြည့်ပြီး ၁နာရီ ကြိုးစား ထိုင်ဖြစ်လိမ့်မယ် ထင်ပါကြောင်း။

စုချစ်

*************************

Monday, July 19, 2010

အလေးပြု


၁၉ ဇူလိုင် ၂၀၁၀
၁၀ နာရီ ၃၇ မိနစ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော
အာဇာနည် ခေါင်းဆောင်ကြီးများအား
အလေးပြု