Tuesday, July 27, 2010

ရာသီစာ

ရာသီစာ



ဒီနေ့မနက်စောစော အိပ်မှုန်စုံမွှားဖြင့် ဘုရားအာရုံပြု မျက်နှာသစ်နေရင်းမှ မရွှေစုတစ်ယောက် ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်မိကာ တစုံတရာကို အလန့်တကြား ရေရွတ်မိလိုက်ပေသည်။

****************************************

စနေနေ့ညက ကိုရေချမ်းနဲ့ မရွှေစုတို့ စင်ကာပူရဲ့ နာမည်ကျော် ဂေလမ်း (Geylang) ဘက်ကို ပထမဦးဆုံးအကြိမ် အဖြစ် ရောက်ခဲ့လေသည်။ အရှေ့ဘက်သို့သွားရင်း ရံဖန်ရံခါ ဂေလမ်းရှေ့မှ ကားဖြတ်မောင်းဖူးသော်လည်း တခါမျှ ဆင်းပြီး လမ်းမလျှောက်ခဲ့စဖူး။ ဒီတခါတော့ မရွှေစုကလည်း စပ်စုချင်နေတာနဲ့ တနေရာမှာ ကားရပ်ပြီး လမ်းလျှောက်ကြရအောင်ဆိုတဲ့ ကိုရေချမ်း အဆိုပြုချက်ကို သဘောတူလိုက်သည်။ ကိုရေချမ်း ရည်ရွယ်ချက်ကတော့ ရာသီစာ ဒူးရင်းသီးဆိုင်များကို ငေးချင် ငမ်းချင်၍ဖြစ်မည်။ မရွှေစုကစိတ်လည်ပြီး ၀ယ်ချင်လည်းဝယ်ပေါ့ ပြောမည်ဟု သူက သေချာပေါက် မျှော်လင့်ထားသည်။

တကယ်က Lavender ဘက်မှာ လူကြုံပစ္စည်း သွားပေးရင်း အပြန်မှာ ကိုရေချမ်းက ဘယ်သွားရရင် ကောင်းမလဲဟု မေးလေသည်။ ညက ၉နာရီကျော်နေပြီ။ ဒီအချိန်ကျမှ တခြားဝေးဝေး ဘယ်ကိုမှ သွားစရာမရှိတော့။ နီးနီးနားနား ကားကိုကွေ့လိုက်လျင် ဂေလမ်းရှိသည်။ ဒါမှမဟုတ် ညလုံးပေါက်ဖွင့်သည့် မူစတာဖာရှိသည်။ ကိုရေချမ်း ဒူးရင်းသီး စားချင်နေတာကို သိသည့် မရွှေစုလည်း ဂေလမ်းဖက်ဦးတည်သွားနေသည့်ကားကို ဘာမှမပြောသာတော့ပဲ ဒူးရင်းသီး ၀ယ်ချင်ဝယ်ပါစေဟု မသိမသာ အခွင့်ပေးလိုက်တော့သည်။ တနေ့ကမှ သတင်းဖတ်ထားတာ... ဘာတဲ့ မကာအိုက လောင်းကစားဘုရင် သူဌေးကြီးဆိုလား... ကိုယ်ပိုင် ဂျက်လေယာဉ်ကို စင်ကာပူလွှတ်ပြီး ဒူးရင်းသီး ၈၈လုံး၊ စလုံး ဒေါ်လာ ၂၀၀၀ကျော်ဖိုး ၀ယ်သွားဆိုပဲ။ ဖြစ်နိုင်တာ ဂေလမ်း ဆိုင်တွေကနေ ၀ယ်သွားပုံရသည်။ မရွှေစု အသေအချာ မသိပါ။ ကိုရေချမ်းလည်း မကာအိုသူဌေး၊ မြန်မာသူဌေး၊ ဘာသူဌေးမှ မဟုတ်ပေမင့် သူ့ရှိတဲ့ကားလေးနှင့် အာသာပြေ ဒူးရင်းသီး ၂၀ဖိုးလောက်တော့ ၀ယ်ပါစေလို့ မရွှေစုက ရီချင်ပက်ကျိ စဉ်းစားမိနေသေးသည်။

နှစ်စဉ် ဒီလို အချိန်ရောက်လာပြီဆိုလျင် ကိုရေချမ်းတို့ ၃ရက်တခါလောက် ရုံးကနေအိမ်ကိုတန်းတန်းမတ်မတ် မပြန်။ အိမ်နောက်ဘက် ၁၀မိနစ်လောက်လျှောက်လျင်ရောက်သည့် ရပ်ကွက်ညဈေးလေးကို သွားပြီး ဒူးရင်းသီးတွေ တအိတ်တပိုးဆွဲ ၀ယ်ပြန်လာလေ့ရှိသည်။ ဒီနှစ်မှာတော့ ကိုရေချမ်းတစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ငြိမ်ကုပ်နေရသည်။ ဟိုဘက်အိမ် ဒီဘက်အိမ်မှ အနံ့ရလာလျှင် နှာခေါင်းရှုံ့ပွရှုံ့ပွလုပ်ကာ ဒူးရင်းသီးအနံ့ကွဟု မရွှေစုကများ ဘာများပြောလာမလဲသဘောဖြင့် စကားခေါ်တတ်သည်။ ပြီးခဲ့တဲ့လကမှ ကိုလက်စထရောတွေတက်၊ သွေးတွေတိုး၊ ရုတ်တရက် နှလုံးကအောင့်လာလို့ ဆေးရုံရောက်သွားခဲ့သေးတာ။ အဲဒီကစလို့ မရွှေစုက ကိုရေချမ်း စားသမျှကို ထိန်းချုပ်လိုက်သည်။ ပီဇာ၊ မက်ဒေါနယ်၊ ကြက်ကျော်၊ အာလူးကြော်၊ ထောပတ်၊ ချိစ်၊ ကြက်ဆီထမင်း၊ ဘဲသား စသဖြင့် ကိုလက်စထရောများမည့် အစားများနှင့် ဝေးဝေးနေပေရော့။ အသီးအရွက်နှင့် အသားများကို မကျော်မလှော် မချက်တော့ပဲ စတီင်းမ်လုပ်ပြီး ကျွေးသည်။ ကော်ဖီကို နွားနို့နှင့်ဖျော်သောက်စေသည်။ ကော်ဖီမိတ်မသုံးရတော့။ ဆလာရီကို အနံ့မကြိုက်မှာစိုးလို့ ပန်းသီးနှင့် ရောပြီး သစ်သီးဖျော်ရည်လုပ်တိုက်ရသည်။ ကြက်သွန်ဖြူကို ပျားရည်၊ ဗနီကာတို့နှင့် စိမ်ပြီးတိုက်သည်။ သစ်သီးမျိုးစုံဝယ်ထားပြီး နေ့လည်စာ ယူသွားစေသည်။ တနေ့ကတော့ ကိုရေချမ်းက ကျနော် နွားကြီးဖြစ်နေပြီဗျလို့ အသီးအရွက်တွေ တချိန်လုံးစားနေရတာကို အကြောင်းပြပြီး အရွဲ့တိုက်ပြောနေသေးသည်။ မရွှေစုက သူ့မပြောသလို မသိချင်ယောင် မကြားချင်ယောင် ဆောင်နေလိုက်သည်။

****************************************

ည၉နာရီကျော် ဂေလမ်းသည် လမ်းဘေး ဘီယာဆိုင်များ၊ သစ်သီးဆိုင်များနှင့် မီးရောင်များ တလက်လက်တောက်ပကာ အတော်ကို စည်ကားလှသည်။ ပလက်ဖောင်းမှာ ချထားသည့် စားပွဲများတွင် ဘီယာသောက်နေသည့် လူများကို ကွေ့ပတ်ကျော်ဖြတ်ရင်း လူများ ကြိတ်ကြိတ်တိုးနေသည့် ဒူးရင်းသီးဆိုင်များကို အဝေးကပင်လှမ်းတွေ့ရသည်။ ဘီယာသောက်နေသည့် လူများမှာ များသောအားဖြင့် အသက်ကြီးကြီး တရုတ်အဖိုးကြီးများဖြစ်ကြသည်။ တချို့စားပွဲများတွင်မတော့ ဘောင်းဘီတိုပြတ် ရှင်မီးလည်ဟိုက် ဆံပင်ဝါကြောင် နှုတ်ခမ်းနီရဲ မျက်ဝန်းလဲ့ပြာရီများနှင့် ပြည်ကြီးတရုတ်မလေးများ ထိုင်နေကြတာကိုလည်း တွေ့ရသည်။ တချို့ အဖိုးကြီးများက သူတို့ပုခုန်းများကို ဖက်ကိုင်ထားကြလေသည်။ လမ်းချိုးတကွေ့ နှစ်ကွေ့ တွေမှာတော့ စီးကရက်ဗူးများကို ကျွတ်ကျွတ်အိတ်လေးထဲထည့်ကာ ပလက်ဖောင်းထောင့်လေးများမှာ ချရောင်းနေကြတာကိုလည်း တွေ့ရသည်။ ကိုရေချမ်းက ကာစတမ်မာခေါ်တယ်ဆိုတဲ့ဟာတွေရောဟုဆိုကာ တီးတိုးလှမ်းမေးလေသည်။ စင်ကာပူ တီဗွီလိုင်း Channel News Asia ကလာတဲ့ Get Real ဆိုတဲ့ စီးရီးစ်တွေကို ကြည့်ဖူးသည့် မရွှေစုက စုံထောက်မကြီး အိုင်တင်နှင့် အဲသာတွေက လမ်းကြားတွေထဲ၊ လမ်းသွယ်တွေထဲ၊ ဒါမှမဟုတ် နည်းနည်း မှောင်ရိပ်ကျတဲ့နေရာတွေမှာ ရှိမှာပေါ့လို့ ပြန်ပြောလေသည်။



ဒူးရင်းသီးဆိုင်တွေနှင့် သစ်သီးဆိုင်တွေက ပလက်ဖောင်းတောက်လျှောက် အပြည့်ဖြစ်သည်။ သူတို့က ဘီယာဆိုင်တွေနှင့် တဖက်ခြမ်းက ကားလမ်းဘေးမှာ ဖြစ်လေသည်။ မရွှေစုတို့ ကားလမ်းကူးကာ လူတော်တော်များများ တိုးနေသည့် ဒူးရင်းသီးအရောင်းဆိုင်ထဲကို ၀င်သွားလိုက်သည်။ ဆိုင်က စားပွဲများမှာ ဒူးရင်းသီး ထိုင်စားနေကြသူများ အပြည့်။ မိသားစုလိုက်၊ သူငယ်ချင်း အုပ်စုလိုက် ဒူးရင်းမွှာလေး စားလိုက် အုန်းစိမ်းရည်လေးစုတ်လိုက်ဖြင့် စကားတပြောပြော တရီမောမော ဆူဆူညံညံ စည်စည်ကားကား။ မရွှေစုတို့လည်း ဖေဖေ မေမေတို့နှင့် တရုတ်တန်းမှာ တခါလား အဲသလို သွားထိုင်စားဖူးပါသည်။



ဆိုင်ထဲက စင်တွေမှာတော့ ဒူးရင်းသီး အမျိုးမျိုးအစားအစား တလုံး ၁ကျပ်တန်ကစလို့ ၁၀တန် ၂၀တန် ထိ ရှိသည်။ ထုံးစံအတိုင်း စင်ကာပူမှာ နာမည်ကြီးသည့် လူအသိအများဆုံး ဒူးရင်းသီးကတော့ D24 ပေါ့။ ဆိုင်မှာ ရောင်းနေသည့် အမျိုးအစားများကတော့ D24, D13, XO နှင့် D101 တို့ဖြစ်သည်။ ကိုရေချမ်းက မရွှေစုနားကပ်ကာ ၀ယ်မယ်နော်ဟုပြောပြီး တဆိုင်လုံးက ဒူးရင်းသီးတွေ လိုက်ကြည့်သည်။ ကြည့်လို့အားရမှ ၃လုံး -၂၀တန်ကို သူကရွေးဝယ်လေသည်။ ဒူးရင်းသီးတွေကလည်း တချို့က ခပ်စိမ်းစိမ်း၊ တချို့က ခပ်ဝါ၀ါ၊ တချို့က မစိမ်း မ၀ါ၊ တချို့က ဘဲဥပုံ၊ တချို့က အ၀ိုင်း၊ တချို့က အချွန်၊ ဆူးကြဲ၊ ဆူးစိတ် စသဖြင့် အမျိုးမျိုး အဖုံဖုံ စုံလင်လှသည်။

****************************************

စကားစပ်မိလို့ ဒူးရင်းသီးကို ဘယ်လို ဘယ်ပုံရွေးရတယ်ဆိုတာ သိသလောက် ပြောပြချင်ပါသည်။ အသီးရဲ့ အညှာရိုးတံက အရမ်းခြောက်နေရင် အဲဒီအသီးက ခူးထားတာကြာပြီမို့ မလတ်ဆတ်တော့ဘူးလို့ ပြောကြပါသည်။ တကယ်က ဒူးရင်းသီးဆိုတာ ခူးရတာထက် အပင်ကမှည့်လို့ အလိုလိုကြွေကျတာကို ကောက်စားတာ ပိုကောင်းတယ်လို့လည်း ကြားဖူးလေသည်။ အရင်က စင်ကာပူ-မလေးရှားနယ်စပ် တောထဲက ဆောက်လုပ်ရေးဆိုဒ်မှာ အလုပ်လုပ်သည့် အသိမောင်လေးတစ်ယောက်က ကိုရေချမ်း ဒူးရင်းသီးကြိုက်မှန်းသိလို့ လတ်လတ်ဆတ်ဆတ် ကြွေကျထားသော အသီးများကို တောထဲမှာ မနက်စောစော သွားကောက်ပြီး လာပေးလေ့ရှိသည်။ နောက်တခုက အသီး အောက်ခြေက အက်နေရင် အမှည့်လွန်နေတာမို့ မကောင်းတော့ပါ။ ဒူးရင်းသီးကို နမ်းကြည့်လို့ အနံ့က အရမ်းစူးရင် ကောင်းဖို့ များပါသည်တဲ့။ တကယ်လို့ နမ်းကြည့်ပြီး ဘာအနံ့မှ မရသေးရင် မမှည့်သေးလို့ မကောင်းတတ်ပါတဲ့။ ပြီးတော့ အသီးကို လက်နဲ့အသာလေးခေါက်ကြည့်လို့ လှိုဏ်ခေါင်းသံမြည်နေရင်၊ နား- နားမှာ ကပ်ပြီး လှုပ်ကြည့်လို့ လှုပ်နေတဲ့ အသံကြားရရင် ကောင်းပါသည်တဲ့။ ပိုးကိုက်ထားလား ဆိုတာ သိရအောင်တော့ အသီးမှာ အပေါက်ရှိနေလား ကြည့်ကြည့်ပါတဲ့။ အကောင်းဆုံး စစ်ဆေးနည်းကတော့ အခွံခွာပြခိုင်းပြီး မြည်းကြည့်ခြင်းပါပဲတဲ့။



မရွှေစုတို့ကတော့ အကောင်းဆုံးစစ်ဆေးနည်းကို အသုံးချတာမို့ ဒူးရင်းသီးရောင်းတဲ့ ဦးလေးကြီးက ကိုယ်ရွေးယူလိုက်တဲ့ အသီးကို ခွဲပြပေးပါသည်။ တချို့အလုံးများကို သူကိုယ်တိုင်လည်း ရွေးပေးသည်။ အရသာကို ခါးတာယူမလား၊ ချိုတာ ယူမလား၊ မချိုမခါးလေးယူမလား စသဖြင့် ဦးလေးကြီးကို ပြောပြီး ရွေးခိုင်းလို့ ရပါသည်။ မရွှေစုတို့ကတော့ မချိုမခါးအရသာကိုပဲ ကြိုက်ပါသည်။ တအားခါးတာမှ ကောင်းတာလို့ ပြောသော်လည်း ခါးသည့်အရသာကိုတော့ မကြိုက်လှပါ။ ဦးလေးကြီးက အရသာ၃မျိုးစားရအောင် အပင်မတူသည့် အသီးများကို စိတ်ရှည်လက်ရှည်ရွေးပေးလေသည်။ အခွံနွှာလိုက်တဲ့ ခဏမှာပဲ မွှေးကြိုင်သော ရနံ့ခပ်ပြင်းပြင်းက စူးကနဲ လေထဲကို ပျံ့လွင့်လာသည်။ စိမ်းမြရောင်ခြယ် ဆူးခွံများကြားမှ ချောင်းကြည့်နေသည့် ဒူးရင်းမွှာများက ရှက်သွေးဖြာနေသည့် အပျိုစင်လေးလို မထိရက်စရာ ၀ါရောင်ဝါသွေးနှင့် လှလိုက်သည့်ဖြစ်ခြင်း။

****************************************

ဒူးရင်းသီးဝယ်ပြီးတော့ သူနှင့်တွဲဖက်စားဖို့ မဖြစ်မနေ၀ယ်ရမည့် အသီးက မင်းဂွတ်သီးပင်ဖြစ်သည်။ ကပ်လျက်ဆိုင်မှာ မင်းဂွတ်သီး အလုံးလှလှကြီးတွေ တစ်ကီလို ၄ကျပ်တဲ့။ မရွှေစုက တစ်ကီလို မှန်းပြီး ရွေးကာပေးလိုက်သည်။ ချိန်လိုက်တော့ နည်းနည်းလေး သာနေတာကို ဆိုင်ရှင်တရုတ်မလေးက ၄လုံးလောက် ထပ်ပစ်ထည့်ပေးပြီး ၅ကျပ်ဖိုး ယူနော်ဟု ပြောလေသည်။

လှည့်ပြန်လာပြီးမှ လမ်းမှာ ထပ်တွေ့ရသည်က တစ်ကီလို ၂ကျပ်တဲ့။ သူကတော့ နည်းနည်း အလုံးသေးသည်။ မရွှေစုက တစ်ကီလိုစာ ထပ်ဝယ်ပြန်သည်။ နည်းနည်းလေးသာနေတာကို သူကလည်း ခုနကဆိုင်လို ၃လုံးလောက်ထပ်ထည့်ပေးပြီး ၃ကျပ်ဖိုး ယူပါနော်ဟု ပြောပြန်သည်။ ဒါနဲ့ မင်းဂွတ်သီး ၇ကျပ်ဖိုး ၀ယ်ဖြစ်တော့သည်။

တနင်္ဂနွေနေ့ IMM မှာ ဈေးသွားဝယ်တော့ သစ်သီးတန်းမှာ မင်းဂွတ်သီးတွေ တောင်လိုမောက်နေသည်။ တစ်ကီလို ၁ကျပ်ပြား၉၀တဲ့။ မရွှေစုက တစ်ကီလိုသာသာလောက်ဝယ်ပြန်သည်။ ကိုရေချမ်းက မင်းဂွတ်သီးမကြိုက်။ ဘာဖြစ်လို့ အဲသလောက် ၀ယ်နေတာလဲ ဟုမေးသည်။



မရွှေစုက ကိုယ့်ဝမ်းနာ ကိုယ်သာသိ။ ၀ယ်လာသည့် ဒူးရင်းသီးများ ကိုရေချမ်း စားလျင်ရောဂါရမှာစိုးလို့ တော်တော်များများကို မရွှေစုချည်းပဲ စားပစ်လိုက်တာဖြစ်သည်။ ပြောသာပြောရ၊ ဂေလမ်းဒူးရင်းသီးကလည်း စားဖူးသမျှထဲမှာ တော်တော်လေးကို အရသာရှိပါသည်။ အရသာရှိသလောက် အစွမ်းကလည်းပြသည်။ စားပြီး လူက တကိုယ်လုံးပူနေသည်။ ခေါင်းတွေ မူးချင်ချင်ဖြစ်နေသည်။ ၃ရက်ဆက်တိုက်စားပြီး ညတွေမှာဆို ပူလွန်းလို့ ရေချိုးပြီးသား ရေထပ်သွားချိုးရသည်။ ရေတွေ ခဏခဏ သောက်လွန်း၍ ဗိုက်ကြီးလည်း ကယ်နေပေပြီ။ သူငယ်ချင်း ဆရာဝန်မက ကိုရေချမ်း ဒူးရင်းသီးစားဖို့ မသင့်တာ ဘာလို့ စားစေရတာလဲဟု ဖုန်းဆက်ပြောနေသေးသည်။ အော်... တခါတခါလည်း သူတပါး အာသီသရှိတာလေး သူကြိုက်တာလေးကို ရာသီစာမို့ မစားနဲ့ ပြောရမှာ ဟန့်ရတာလည်း မကောင်း။ မပူပါနဲ့ကွယ်... မရွှေစုပါးစပ်ထဲပဲ အများကြီးရောက်တာပါဟု ပြောလိုက်ရသေး၏။

****************************************

ဒီနေ့မနက်စောစော အိပ်မှုန်စုံမွှားဖြင့် ဘုရားအာရုံပြု မျက်နှာသစ်နေရင်းမှ မရွှေစုတစ်ယောက် ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်မိကာ တစုံတရာကို အလန့်တကြား ရေရွတ်မိလိုက်ပေသည်။

အမေ့... မျက်နှာမှာ အဖုတွေတော့................။ ။
စုချစ်
၂၇-၀၇-၂၀၁၀


****************************************

8 comments:

မြတ်နိုး said...

rrrrrrrrrrrrrr
I love to eat......
here, I cannot buy.

စုချစ် said...

စင်ကာပူကိုလာလည်လေ ညီမလေး...
လိုက်ဝယ်ကျွေးမယ်...
း-)

ချစ်ကြည်အေး said...

အမလည်း အဲဒါ စောင့်နေတာပဲ နင်းကန်စားပြီးမှ ဘယ်တော့ မျက်နှာမှာ အဖုထွက်မလဲလို့.... ဟီးဟီး... :P

သက်ဝေ said...

မရွှေစု...
ဒူးရင်းသီးအကြောင်း အပီရေးထားတာကိုး...
အခုဖတ်ပြီး ချက်ချင်းကို စားချင်နေပြီ...
ဒီည ဂေးလမ်းကို ပြေးရမလိုပဲ...
ဒါမှ မသွားနိုင်ရင် အနီးဆုံးကတော့ IMM...

ကိုယ့်သူငယ်ချင်းလေး သနားပါတယ်...
သူ စားချင်တာနေလေး အသင့်အတင့်တော့ ကျွေးလိုက်ပါ...း))

သူ ဆေးသောက် စ သောက်နေပြီလား... I mean.. ကိုလက်စထရောကို ဆေးနဲ့ ချနေတာလား လို့ မေးတာပါ။

ကိုခိုင် said...

ဒုးရင်းသီးတော့အရမ်းကြိုက်တယ်ဗျို့။
ဒီမှာတော့ဈေးကြီးတယ်။
ခုမှပဲအားလို့အကုန်စုပြီးဖတ်သွားပါတယ်။
ကျန်းမာပါစေ။

ကိုခိုင်

Anonymous said...
This comment has been removed by the author.
ကိုအောင် said...

နေကောင်းလား အမရေ၊ ကျနော်တော့ ခရီးတို
တွေ များနေလို့ ပို့စ်အသစ် မတင်နိုင်သေးဘူး။

khin oo may said...

တို့လဲကြိုက်တယ် မနေ့ကတစ်ဆယ်ဘိုး လေးဘူး ဝယ်လာတယ် စားရမှာကြောက်လိုက်တာ. ဟင်း.