Friday, February 13, 2009

၉၄နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့


၁၃၊ ၀၂၊ ၂၀၀၉
အဖိုးဗိုလ်ချုပ်အောင်ဆန်း ၉၄နှစ်မြောက် မွေးနေ့ အမှတ်တရ...



ဗိုလ်ချုပ်အောင်ဆန်း

(အတိတ်နှင့် ပစ္စုပ္ပန်)



မသိ၍ဆို၊

မလို၍ပြော။


သူ့စိတ်မှာ အလွန်ယဉ်လို့၊

သူ့ဥာဉ်မှာ အလွန်သန့်တယ်၊

ထူးချွန့်သဘော။ ။


မသိ၍ထင်၊

မမြင်၍ပြော။


သူ့ဝိညာဉ် မသေပျောက်ပါဘူး၊

မိုးပေါက်လို အစဉ်ကြည်လို့၊

နေခြည်လို အစဉ်လန်းကာ၊

ဖျန်းဆွတ်စိတ်စော။ ။


မင်းသုဝဏ်

Tuesday, February 10, 2009

မမ နှင့် ညီမလတ်


မမ နှင့် ဂျစ်တူးမ
( မမက သဘောကောင်းတဲ့ပုံလေး၊ ကိုယ့်ပုံကတော့ စွာတေးလန် )

ငယ်ငယ်တုန်းက မမက ကိုယ့်ကို သိပ်ပြီးကြည့်လို့မရဘူး။ သူ့နောက်က ရောက်လာတဲ့ အငယ်ဆိုပြီး ချစ်ပုံလည်း မရဘူး။ ကိုယ်မွေးလာတော့ မေမေတို့က ညီမလေးကို လာကြည့်လှည့်ဦးလေလို့ ခေါ်တာတောင် လက်နှစ်ဖက်နောက်ပစ်ပြီး ခပ်ဝေးဝေးကနေ စိမ်းစိမ်းကြီး စိုက်ကြည့်နေတာတဲ့။ အနားတိုးကြည့်ဖို့ လက်ဆွဲပြီး အတင်းလဲ ခေါ်ရော... အာခေါင်ခြစ်ပြီး အော်ငိုပါလေရောတဲ့လေ။ (ဟွန်း... လူကိုများ သရဲသဘက် ထင်လေလားမသိ...) အဲဒီတုန်းက မမက အိမ်မှာ အတူနေတာမဟုတ်ပဲ အဖိုး၊ အဖွားအိမ်မှာလိုက်နေတာ။ မမက သမီးအကြီးဆုံး စနေသမီးဖြစ်နေတာမို့ အဖေကြီးက မမကို သမီးအဖြစ်မွေးစားလိုက်တယ်။ အဲသာကြောင့် မမက အဖိုးနဲ့ အဖွားကို အဖေကြီး၊ အမေကြီးလို့ ခေါ်ပြီး အဖေနဲ့ အမေကို ကြတော့ (သူငယ်ငယ်က) ကျော်ကျော်နဲ့ နှင်းနှင်းလို့ ခေါ်သတဲ့။ မြေးဦးကအဲသလို ခေါ်တော့ ကိုယ်တို့ နောက်မွေးလာတဲ့ မြေးတွေ အားလုံးကလည်း အဖိုး၊ အဖွားကိုခေါ်တာ အဖေကြီး၊ အမေကြီးလို့ ဖြစ်ကုန်ကြတော့တာပဲ။

မမကို မေမေတို့ရဲ့ အဖိုး (မေမေတို့အခေါ် - အဘ) ၀င်စားတယ်လို့လည်း ပြောကြတယ်။ သူ့ရဲ့ နားရွက်လေးမှာ အဘလို အမှတ်လေးပါတယ်တဲ့။ အဘလို ဖြူဖြူသွယ်သွယ်၊ အရပ်ရှည်ရှည်ကြီးလည်းဖြစ်လို့တဲ့။ ဘာပဲဖြစ်ဖြစ် မမကမြေးဦးဆိုတော့ အဖိုး၊ အဖွား၊ အဒေါ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အ၀ အရခဲ့ဆုံးသောသူပါပဲ။

မူလတန်းအရွယ် ရောက်လာတော့ မမက အိမ်ကို ပြန်ရောက်လာတယ်။ ငယ်ငယ်တုန်းက ညီအစ်မ၂ယောက် ချစ်သလား၊ မချစ်သလား မသိဘူး။ ခဏခဏ ရန်ဖြစ်ကြတာတော့ မှတ်မိတယ်။ လူကြီးတွေက တခုခုပေးပြီဆို ဘယ်လောက်ပဲ ညီညီမျှမျှပေးပေး၊ ကပ်သပ်ပြီး လုကြ၊ သူ့ဟာကပိုကောင်းတယ်၊ ငါ့ဟာက အစုတ်ကြီး ဆိုပြီး ရန်ဖြစ်ကြ၊ နပန်းလုံးကြတော့တာပဲ။ တခါက ရောင်စုံစက္ကူလေးတွေနဲ့ အရုပ်လေးတွေ ချိုးပြတဲ့ ဂျပန်ပြပွဲတခု သွားကြည့်ကြတာ ပြန်လာတော့ ရလာတဲ့ ရောင်စုံစက္ကူတွေလုပြီး ၂ယောက်သား အကြီးအကျယ် ရန်ဖြစ်ကြသပေါ့။ အဲသလို ရန်ဖြစ်တိုင်း ကိုယ်ကတော့ ခံဖက်ကကြီးပဲ။ ၂နှစ်ကျော်ကျော်လောက်သာကွာတာ။ သူက လူကောင်းကြီးကြီး ခြေဆန်၊ လက်ဆန်ရှည်ရှည်။ လက်ကလှမ်းပြီး ဖြန်းကနဲရိုက်၊ နောင်ခြေတလှမ်းဆုတ်လိုက်ရင် ကိုယ်လို အကောင်သေးသေး ပုပုညှက်ညှက်က မမှီမကန်းနဲ့ ဘာမှ ပြန်မလုပ်နိုင်တော့ဘူး။ တခါတခါ စိတ်ဆိုးလွန်းလို့ သူမမြင်ရအောင် နောက်ကနေ ခြေသံဖော့ပြီးတော့ တိတ်တိတ်လေး ရိုက်တာ၊ တွန်းတာတွေ လုပ်တာ။ သူ့လက်တံရှည်ရှည်က ကိုယ်ပြေးလို့ မလွတ်ခင် ကိုယ့်နောက်ကျောကို ဗြန်းကနဲ လာထိတာပဲ။

ဒါပေသိ ကိုယ်တို့၂ယောက် ဘယ်လောက်ရန်ဖြစ်ဖြစ်၊ ၁နာရီပြည့်အောင်တောင် မခေါ်ပဲ မနေနိုင်ကြဘူး။ ရန်ဖြစ်ပြီး ၁၅မိနစ်လောက်နေရင် တစ်ယောက်ကို တစ်ယောက် ခိုးကြည့်၊ ချောင်းကြည့်၊ ပြုံးစိစိတွေလုပ်ပြီး၊ (တခြား ကစားဖော်ကလည်းမရှိတော့) မြန်မြန်ပြန်တည့်သွားကြတာပဲ။ သာပေမဲ့ ကြီးလာတော့ မမက ကိုယ့်ကိုညှာခဲ့တာ၊ အိမ်ကို ကိုယ့်ထက်ပိုပြီးသိတတ်ခဲ့တာတွေကလည်း အများကြီးပဲ။ သူ့ကျောင်းမုံ့ဖိုးတွေဆို ကိုယ်ကချီးတယ်ပြောပြီး ယူယူသုံးပစ်တတ်တာမနည်းဘူး။ အစားအစာဆိုလည်း ဝေပုံကျပေးထားတာကို ကိုယ်က မြန်မြန်ပါးစပ်ထဲထည့်ပစ်ပြီး သူ့ဝေစုကို သွားသွားတောင်းတတ်တာ။ အိမ်မှာ ဟင်းချက်ထားတာနည်းတဲ့နေ့ဆို သူကဟင်းရည်လေးနဲ့ပဲ နယ်စားပြီး ကိုယ်တို့ကို အသားတွေထည့်ပေးတတ်ခဲ့တာ။ ကိုယ့်ကိုဆို ထမီကအစ၊ ဘောင်းဘီအဆုံး စာကြည့်ပျက်မှာစိုးလို့ ဆိုပြီး သူပဲလျှော်ပေးခဲ့တာ။

မမက အရမ်းလည်း ရှက်တတ်တဲ့သူ။ ကိုယ်က သူ့ကိုစိုက်ကြည့်နေပီဆို သူမနေတတ်တော့ဘူး။ နင်နော် ..ငါ့ကို လာမကြည့်နေနဲ့ဆိုပြီး ရှက်ရှက်နဲ့ လိုက်ရိုက်တတ်တဲ့သူမျိုး။ အဲသလို လူက တစိမ်းယောက်ျားလေးတွေ ရှေ့မှာဆိုပို ရှက်တတ်တာပေါ့။ အပျိုပေါက်လေးဖြစ်လာတော့ ယောက်ျားလေးတွေ ရှေ့ရောက်ရင် သူ့မှာ ခြေလှမ်းတွေမှား၊ ဘယ်မှလည်း မော့မကြည့်ရဲ့နဲ့...။ သူ့နောက်ကလိုက်ရတဲ့ မဂျမ်းတောကိုယ်က သူ့သက်တော်စောင့် အလိုလို ဖြစ်လာတယ်။ သူ့ကို လိုက်နေတဲ့သူတွေကလည်း ကိုယ့်ကိုဆို အသေကြောက်။ ထမင်းဘူးနဲ့ အခေါက်ခံရဘူးတဲ့သူ၊ ထီးနဲ့ လိုက်ရမ်းလို့ ထွက်ပြေးဘူးတဲ့သူ.. အစုံပါပဲ။ သူကလည်း သူ့နောက်ကလိုက်စကားပြောတဲ့သူကို ဘယ်လိုခြောက်လဲဆိုတော့ နောက်မှာ ညီမလတ်ပါလာတယ်နော်... သူ့အကြောင်းသိတယ်မှုတ်လားတဲ့။ ဟိုကဘာပြန်ပြောလဲဆိုတော့... သိပါတယ်တဲ့။ အိတ်ညီမလတ်က အိမ်ရှေ့ဝရန်တာ ကုလားထိုင်မှာ အိပ်ပျော်နေတာ တွေ့လို့ အန္တရယ်ကင်းပြီဆိုပြီး ရဲရဲတင်းတင်းလိုက်လာပါသတဲ့... ဖြစ်ပုံများ...။ ဟွန်း... ကိုယ့်ဖာသာ မကြိုက်ရင် မကြိုက်ဘူး မပြောဘူး။ ပြီးတော့ သူက ရှက်တတ်တာများ အ၀တ်အစားအသစ်ဝတ်ရမှာကိုတောင် အသစ်ကြီးမို့ ရှက်လို့ ဆိုပြီး ခြေ၀တ်တတ်တဲ့သူမျိုး။ အလှပြင်ရမှာကိုလည်း ဟယ်..အလှပြင်ထားတယ်လို့ သူများတွေကပြောမှာကို ရှက်တတ်တာမျိုး။

အဲဒီတော့ အဲသလို အရှက်ကြီးတဲ့သူက အဲသလောက်အရှက်ကြီးစွာနဲ့ အညီ ခုချိန်ထိ တခါမှ ရည်းစားမထားဘူးတဲ့ အပျိုစင်၊ အပျိုကြီးဖြစ်သွားရတာ အံ့သြစရာတော့ မရှိလောက်ပါဘူးနော်။ ကိုယ့်ကို သူကဘာပြောလဲဆိုတော့.. မဂျမ်းတောကတော့ သူများကို လိုက်တဲ့ သူကိုသာ ထီးနဲ့ လိုက်ရိုက်ပြီး သူ့လိုက်တာကြတော့ ခေါင်းညှိတ်ပလိုက်လို့ ခုတော့ ယောက်ျားလေးတစ်ယောက် အဆစ်ရနေပြီပေါ့တဲ့။

မမရေ... အရမ်းသတိရတယ်။

ညီမလတ်
ခေတ္တ အဝေးတနေရာ
(၁၀-၀၂-၂၀၀၉) မမမွေးနေ့ အမှတ်တရ

Monday, February 9, 2009

သက်ကြီးပူဇော်ပွဲ (၂၀၀၄)

လက်ကိုက်နေလို့ ဒီနေ့ ရုံးမတက်ဖြစ်ဘူး။ အိမ်မှာနေရင်း လွမ်းသလို ဆွေးသလိုနဲ့... အိမ်က လူကြီးတွေကို သတိရနေမိတယ်။ သာနဲ့ မိသားစု ဓါတ်ပုံတွေ ပြန်ကြည့်ရင်း ၂၀၀၄ ခုနှစ် အဖေကြီးမဆုံးခင် အဖေကြီးအတွက် သက်၁၀၀ပြည့်မွေးနေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲ ဓါတ်ပုံတွေ အလွမ်းပြေကြည့်မိတယ်။

ဓါတ်ပုံတွေကြည့်မိတော့မှ ပိုပြီး လွမ်းသလို ဆွေးသလို....။

**********

အိမ်ထောင်ကျပြီးကတဲက ကိုယ်တို့ ၂ယောက်က နှစ်စဉ် အိမ်ပြန်တိုင်း ထူးထူးခြားခြား ခေါင်းလောင်းမထိုးတဲ့ အလှူတွေ စိတ်တူကိုယ်တူ လုပ်ဖြစ်တယ်။ ၂၀၀၄ခုနှစ်ကတော့ အဖေကြီး (အဖိုး) ရဲ့ သက်၁၀၀ပြည့် မွေးနေ့နဲ့ ကိုက်နေလို့ ကိုယ်က သက်ကြီးပူဇော်ပွဲလေး လုပ်ပေးရအောင်လို့ ပြောတော့ ယောက်ယောက်ကလည်း သဘောကျတယ်။ သာနဲ့ ဖေဖေ နဲ့ မေမေကို လှမ်းပြော...ဖေဖေတို့ကလည်း အားရ၀မ်းသာသဘောတူကြတယ်။ ကိုယ်က ရပ်ကွက်ထဲက အသက် ၇၅နဲ့ အထက် (တချို့ တအား နွမ်းပါးတဲ့ အဖိုးအဖွားရှိရင်တော့ အသက်၇၀လောက်လဲ ထည့်ပေါ့နော်... ) နွမ်းပါးတဲ့ အဖိုးအဖွား စာရင်းကောက်ခိုင်းထားလိုက်တော့ အယောက်၃၀လောက် ရှိတယ်တဲ့။ သာနဲ့ ကိုယ်တို့ ရည်မှန်းထားတဲ့ အလှူငွေ ၁၀၀၀ကို ၃၀နဲ့ စား။ တယောက်ကို စလုံးဒေါ်လာ ၃၅ကျပ်လောက်နဲ့ ညီမျှတဲ့ မြန်မာငွေကို ကန်တော့နိုင်ကြတာပေါ့။ တခြား ပစ္စည်းတွေ မကန်တော့ပဲ လူကြီးတွေ သုံးချင်တာသုံးရအောင်ဆိုပြီး ငွေသားကိုပဲ စာအတ်ထဲ ထည့်ကန်တော့ လိုက်တယ်။ ဧည့်ခံတာကတော့ လွယ်လွယ်ကူကူ လက်ဖက်ရည်နဲ့ ကိတ်မုန့်ပဲ။

အဲဒီနေ့က ကိုယ်တို့ အိမ်မှာ ကျက်သရေအပေါင်းခညောင်းစွာ လူကြီးသူမတွေ စည်စည်ကားကားနဲ့ပေါ့။ တချို့ အဖိုး အဖွားတွေဟာ ကောင်းကောင်းမကျန်းမာတော့လို့ လမ်းမလျှောက်နိုင်ဘူး။ သူတို့ သားသမီး မြေးမြစ်တွေတွဲလို့ ဆိုက်ကားနဲ့ ရောက်လာကြပြီး အိမ်ပေါ်ကို ချီတင်ရတယ်။ သာပေမဲ့ လာရောက်ချီးမြှင့်ကြတဲ့ အဖွားတွေဟာ သနပ်ခါးလေးတွေ အဖွေးသားနဲ့ လှလှပပ၊ အဖိုးတွေကလည်း တိုက်ပုံနဲ့ သပ်သပ်ရပ်ရပ်၊ ခန့်ခန့်ငြားငြား။ ကိုယ်နဲ့ ယောက်ယောက်က တစ်ယောက်ချင်းစီရဲ့ လက်ထဲကို စာအိတ်လေးတွေ လိုက်ထည့်ပြီး ကန်တော့ကြတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး အားလုံးဟာ ပီတိ မျက်ရည်လည်ကြတယ်။

အကန်တော့ခံ လာရောက်ချီးမြှင့်ကြတဲ့ အဖိုးအဖွားတွေထဲမှာ အသက် အကြီးဆုံး ၉၅ကစလို့ အသက် ၇၀လောက် ထိပါကြတယ်။ ကိုယ်တို့ အဖိုး (အဖေကြီး) ကတော့ အသက်၁၀၀ အသက်ကြီးဆုံးပေါ့။ အဖွား (အမေကြီး) က အဲဒီတုန်းက ၉၃နှစ်လောက်။ အိပ်ရာထဲ လဲနေတဲ့ အဖိုးတစ်ယောက်နဲ့ ခြေထောက် မသန်လို့ လမ်းမလျှောက်နိုင်တဲ့ အဖွား တစ်ယောက် ကိုတော့ သူတို့ အိမ်တွေထိ ကိုယ်တို့ သွားကန်တော့ခဲ့ကြတယ်။ အိပ်ရာထဲ လဲနေတဲ့ အဖိုးက ကိုယ်တို့ ကန်တော့ ပြီး သိပ်မကြာခင်မှာ ဆုံးပါးသွားခဲ့တယ်။ အဲဒီအဖိုးရဲ့ သမီးက ဘာပြောလဲဆိုတော့ အဖိုးဟာ မဆုံးခင်ထိ ကိုယ်တို့ကို တတွတ်တွတ်နဲ့ သတိတရ ဆုတောင်းမေတ္တာတွေ ပို့ပေးခဲ့ပါသတဲ့။ တချို့ အဖိုးအဖွားတွေကျတော့လည်း ဘာပြောလဲဆိုတော့ သူတို့ တသက် တခါမှ အဲဒီလောက်ငွေ တလုံးတခဲ မကိုင်ခဲ့ဘူးဘူးပါသတဲ့။

နောက်တခုကတော့ ဂလိုင်ခေါက်ပြီး ရေခဲချောင်းလိုက်ရောင်းတဲ့ အသက်၆၀ခန့် အဖိုးတစ်ဦးက ဘယ်မှ မသွားပဲ အိမ်အောက်က ခြံတခါးလေးရှေ့မှာ ငုတ်တုတ်လေးလာထိုင်နေပါတယ်လို့ မောင်လေးတစ်ယောက်က သတင်းလာပို့တယ်။ သာနဲ့ ကိုယ်တို့လည်း သူ့ကို အိမ်ပေါ်ခေါ် လက်ဖက်ရည်တိုက်၊ ကိတ်မုန့်ဧည့်ခံပြီး ငွေသား ကန်တော့လိုက်တယ်။ သူကတော့ ၀မ်းသာအားရနဲ့ မကုန်တဲ့ ရေခဲချောင်းတွေ ပြန်အပ်ပြီး တခါထဲ ဇလွန်ဘုရားဖူး ထွက်မယ်ဆိုပဲ။ မသေခင် ဘုရားဖူးထွက်ချင်လို့ သွားဦးမယ်လို့ နှုတ်ဆက်သွားလေရဲ့။

ခုချိန်မှာတော့ ဓါတ်ပုံတွေထဲက အဖိုးအဖွား တော်တော်များများ မရှိကြတော့ဘူး။ အဖေကြီးက ပူဇော်ပွဲအပြီး ၆လအကြာမှာ ဆုံးပါးခဲ့တယ်။ ပူဇော်ပွဲကိုလာခဲ့တဲ့ အဖိုးအဖွားတွေလည်း တစ်ယောက်ပြီး တစ်ယောက် သစ်ရွက်လေးတွေ ကြွေကျသလို ပျောက်ပျောက်သွားကြတယ်။

အဖေကြီး


အဖေကြီး+ အမေကြီး


သက်ကြီးပူဇော်ပွဲ အမှတ်တရ ဓါတ်ပုံများ















Tuesday, February 3, 2009

ဖိုးဖိုး

(၂၀၀၄ခုက မေမြို့ကို သွားတုန်းက ရိုက်ထားတဲ့ ဖိုးဖိုးဓါတ်ပုံလေး)

တနင်္ဂနွေနေ့ (၀၁၊၀၂၊၂၀၀၉) ညနေ က မန္တလေးအိမ်ကဖုန်းခေါ်လာတယ်။ ဖိုးဖိုးဆုံးပြီတဲ့။ ဆေးရုံတင်ထားတာ သိပေမဲ့ အဲဒီနေ့မတိုင်ခင်ကတင် ဖုန်းဆက်တော့ ဆီးမသွားနိုင်တာကြောင့်ဆေးရုံတင်တာဆိုပြီး ပြန်ကောင်းသွားမယ်လို့ပဲ ထင်ခဲ့တယ်။ အိပ်ရာထဲ လဲနေတဲ့ လူမမာလိုကြီးမှ မှုတ်တာ။ အဲဒီလောက်မြန်မြန် ဆုံးလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး၊ ထင်မှတ်မထားခဲ့ဘူး။ ဖိုးဖိုးအသက်က ၉၁နှစ်ရှိပြီဆိုတော့ သားသမီးတွေ အားလုံးက အသက်ကြီးပြီပဲဆိုပြီး မဆုံးပါးခင်သေချာပြုစုပေးလိုက်ရတာကိုပဲ စဉ်းစားလို့ ဖြေသိမ့်ကြတယ်။ ယောက်ယောက်ကလည်း ဖိုးဖိုးရှိနေစဉ် ကိုယ်တို့ တတ်နိုင်သမျှထောက်ပံ့ပေးခဲ့တာဆိုတော့ သိပ်ပြီး စိတ်လက်မကောင်းတဲ့ ပုံစံ မျက်နှာကမပြဘူး။ ကိုယ်လည်း ညနေတောက်လျှောက်အေးဆေးပါပဲ။

ည... အိပ်ရာဝင်တော့မှ တုတ်ကောက်လေး လက်တဖက်ကကိုင်လို့ ကာကီညိုရောင်ဘောင်းဘီရှည်ပွပွ၊ စွပ်ကျယ်ဖြူအောက်ခံနဲ့ ရှပ်အင်္ကျိအဖြူကို အပြင်ထုတ်ဝတ်တတ်တဲ့ ဖိုးဖိုး အရိပ်က မျက်စိထဲ တိုးဝင်လာတယ်။ ဖိုးဖိုးကို စသိတာ ၁၉၉၆၊ လွန်ခဲ့တဲ့ ၁၃နှစ်၊ ဖိုးဖိုးအသက် ၈၀နီးပါးလောက်ကပေါ့။ ယောက်ယောက်နဲ့ စကြိုက်ခါစ သူက မနက် ရုံးမသွားခင် ခပ်စောစော ၇နာရီလောက်ဆို Staff House မှာ ကိုယ့်ကိုလာကြိုတယ်။ ကိုယ်တို့က အိမ်ကထွက်လာပြီဆို နေ့တိုင်း အောင်တော်မူ ဘုရားမှာ ပုတီးသွားစိတ်တယ်။ ပြီးရင် မင်းသီဟတို့၊ တက္ကသိုလ်နားကဆိုင်၊ ဒါမှမဟုတ်၊ အောင်တော်မူဖက်က မုံ့ဟင်းခါးဆိုင်၊ စိုးစိုးမုံ့တီဆိုင် စသဖြင့် အဆင်ပြေရာ ဆိုင်တခုခုမှာ မနက်စာသွားစားကြတာပေါ့။ တနေ့မှာ မနက်စာစားပြီး ရုံးကိုအလာ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာတဲ့ ကိုယ့်ကို အသားဖြူဖြူနဲ့ တရုတ်အဖိုးကြီးလို့ ထင်ရတဲ့ အဖိုးတစ်ယောက်က လမ်းလျှောက်ရာက ရပ်ပြီး လက်တွေပြနေတာ။ တုတ်ကောက်လေးကို လက်တဖက်က ထောက်ကိုင်ပြီး ပြုံးကလည်း ပြုံးလို့ပေါ့။ သာနဲ့ ကိုယ်ကလည်း ဘုမသိ ဘမသိ ပြန်ပြုံးပြပြီး လက်တွေပြန်ပြတာပေါ့။ သူက အဲဒီရောက်နေတဲ့နေရာမှာတင် ရပ်ပြီး လက်တွေပြနေတာ ကိုယ်တို့ ဟိုးခပ်ဝေးဝေးရောက်သွားတဲ့အထိ။

ကိုယ်က အဲသလိုပဲ တခါတလေ မသိတဲ့ သူတွေက ကိုယ့်ကို လာပြုံးပြရင် ပြန်ပြုံးပြလေ့ရှိတော့ ဖိုးဖိုးဟာ ယောက်ယောက်ရဲ့ ဖိုးဖိုးမို့ ကိုယ်တို့ကို သိလို့ လက်ပြတာလို့ မထင်မိခဲ့ဘူး။ သာပေမဲ့ ယောက်ယောက်က ရုံးရောက်တော့ ခုနက လမ်းမှာ ဖိုးဖိုးကို တွေ့ခဲ့တယ်မှုတ်လားလို့ မေးလိုက်တော့မှ ကိုယ်လည်း တကိုယ်လုံး မွှန်ထွန်ပူထူပြီး... အဲတော့... ဘယ်သူမှန်းမသိ... ဒီကလဲ လက်တွေ ပြန်ပြခဲ့တယ်လို့ ပြောတာပေါ့။

နောက်နေ့... နောက်နေ့ တွေလည်း အဲသလို .. ဖိုးဖိုး လမ်းလျှောက်အပြန် ကိုယ်တို့က မနက်စာစားအပြီး ရုံးအသွား လမ်းမှာ ဆုံလေ့ရှိကြတယ်။ ဖိုးဖိုးက လူသွားလမ်းလေးပေါ်က ကိုယ်တို့ကို မျက်စိတဆုံးကြည့်ပြီး တာဝန်မပျက် အမြဲ လက်ပြနှုတ်ဆက်လေ့ရှိတယ်။ ဖိုးဖိုးမှန်း သိသွားတဲ့ ကိုယ်ကတော့ နောက်နေ့တွေမှာ ပထမတော့ ခေါင်းလေးပု.. လက်လေး မထုတ်ရဲ၊ ထုတ်ရဲ၊ မပြုံးရဲ ပြုံးရဲပေါ့။ နောက်.. နည်းနည်းကြာလာတော့ မှ ရဲရဲတင်းတင်းပြုံးပြီး လက်ပြရဲတော့တယ်။ ယောက်ယောက်နဲ့ ကြိုက်ပြီး ၃-၄လ အကြာ ကိုယ်က စင်ကာပူထွက်လာတော့ ဖိုးဖိုးကို အဲသလို လမ်းမှာ လက်ပြနှုတ်ဆက် ကြုံခဲ့တာကလွဲလို့ လူချင်းမတွေ့ဆုံခဲ့ဘူး၊ စကားမပြောဖြစ်ခဲ့ဘူးဘူး။ မန္တလေးမှာနေစဉ် သီတင်းကျွတ်နဲ့ ကြုံလို့ ယောက်ယောက်ကို ပစ္စည်းတွေ ပေးပြီး လူကြီးတွေကို ကိုယ်စား ကန်တော့ခိုင်းလိုက်ပေမဲ့ ကိုယ်တိုင်တော့ သူတို့အိမ်ကို မရောက်ဖြစ်ခဲ့လိုက်ဘူး။

သာနဲ့ ၅နှစ်အကြာ ယောက်ယောက်နဲ့ ကိုယ်တို့ မင်္ဂလာဆောင်တော့မှပဲ ဖိုးဖိုးနဲ့ ပြန်လည်ဆုံခွင့်ရတော့တယ်။ ဖိုးဖိုးက ကိုယ့်ကို စတွေ့တွေ့ခြင်းပဲ မြေးကို ခုမှပဲ သေချာ မြင်ဘူးတော့တယ်။ ဟိုတုန်းက ခပ်လှမ်းလှမ်းကပဲ လက်ပြရတာလို့ အသံ အေးအေးလေးလေးကြီးနဲ့ သူ့ထုံးစံ ပြုံးပြီးပြောတယ်။

အဲဒီမှာ ဖိုးဖိုးအရမ်းအနေအေးတာကို သတိပြုမိတယ်။ မနက်စောစာ လမ်းထလျှောက်မယ်။ ပြန်လာရင် မနက်စာစားပြီး အိမ်က မွေးထားတဲ့ ခွေးလေးတွေကို အစာကျွေးမယ်။ ပြီးရင် ပက်လက်ကုလားထိုင်လေးမှာ သူ့ဖာသာ ထိုင်နေပြီး ရုပ်မြင်သံကြား ကြည့်ချင်ကြည့်မယ်။ စာအုပ်ဖတ်ချင်ဖတ်မယ်။ ဘုရားဝတ်ပြုရင် ပြုမယ်။ ဖိုးဖိုးနဲ့ အနီးကပ်မနေခဲ့ဘူးလို့ သူ့ရဲ့ တခြားဝါသနာ၊ နိစ္စဓူဝအကျင့်လေးတွေတော့ အသေးစိတ်မသိဘူးပေါ့။ ကိုယ်တို့တွေ ဆူညံစွာစကားပြောနေတာ၊ ယောက်ယောက်ညီမက မွေးတဲ့ ကလေးတွေ ဆော့နေတာတွေကို ဘာမှ မပြောပဲ၊ ဘယ်တော့မှ မဆူပဲ ပြုံးပြုံးကြီးထိုင်ကြည့်နေတတ်တဲ့သူပေါ့။ အဲ.. သူနည်းနည်း နားငြီးလာပြီဆိုရင် သူ့အခန်းထဲ ၀င်သွားမယ်။ ဒါမှမဟုတ် လမ်းလျှောက်ထွက်မယ်။ ပြီးတော့ သူက ဘယ်သူနဲ့မှ စကားသိပ်မပြောဘူး။ တနေ့လုံးနေလို့ လိုအပ်တဲ့ စကားကလွဲလို့ တကယ်ကို အပိုစကား ဘာမှ မပြောတဲ့သူ။

ဖိုးဖိုးကိုကြည့်ပြီး ယောက်ယောက်ဘာလို့ စကားသိပ်မပြောလဲဆိုတာ သဘောပေါက်မိတယ်။ ယောက်ယောက်က ဖိုးဖိုးနဲ့ တော်တော်ကို တူတဲ့လူပါ။ ကိုယ်ကတော့ အဲဒီတုန်းက ဖိုးဖိုးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ယောက်ယောက်တို့ ဖွားဖွားက ဆုံးသွားတာကြာပြီဆိုတော့ ဖိုးဖိုးမှာ အထီးကျန်သလို ခံစားနေရမှာ အမှန်ပဲ။ အဲသာကြောင့် စင်ကာပူကနေ ဖုန်းခေါ်ပြီဆို ကိုယ်က ဖိုးဖိုးကို သတိတရ လှမ်းခေါ်ခိုင်းပြီး စကားစမည်ပြောလုပ်ရတယ်။ တလောက ဆီးကျိတ်လိုမျိုးခွဲပြီးကတဲက ဖိုးဖိုးကို တစ်ယောက်ထဲ လမ်းလျှောက်ဖို့ မလွှတ်တော့ဘူး။ အဲသာကို ဖိုးဖိုးက စိတ်မကြည်လှဘူးလို့ပြောတယ်။ ဖိုးဖိုး စိတ်ကိုလျှော့လိုက်လို့သာ ခုလို မြန်မြန်ကြီး ဆုံးပါးသွားတာလို့ ကိုယ်ကတော့ တွက်တာပဲ။

ကိုယ်က ဘယ်ညာ လူးလိမ့်နေတော့ ယောက်ယောက်က အိပ်မပျော်သေးဘူးလားမေးတယ်။ ပြီးတော့ ခေါင်းအုံးနဲ့ ခေါင်းထိတာနဲ့ အိပ်ပျော်တတ်တဲ့ သူကပြောတယ်။ သူလဲ အိပ်လို့ မရဘူးတဲ့။ ကိုယ်ကတော့ အမှန်အတိုင်း ပြောရရင် ဖိုးဖိုးဆုံးလို့ ၀မ်းနည်းနေမိတာလား၊ ဒါမှမဟုတ် အဲသလို အသက်ကြီးလာလို့ ကိုယ်ကမရှိတော့ပဲ ယောက်ယောက်တစ်ယောက်ထဲ ကျန်ရစ်ပြီး ဖိုးဖိုးလို အထီးကျန်နေမှာ စဉ်းစားမိပြီး ၀မ်းနည်းလို့ အိပ်မပျော်တာလားဆိုတာတော့ ကိုယ့်ဖာသာကိုယ် ဝေခွဲလို့ မရနိုင်တော့ဘူး.....။

ဒီတပတ် ဘုန်းကြီးကျောင်းမှာ ဖိုးဖိုးကြိုက်တဲ့ ပဲဟင်း၊ ပဲထမင်း လိုမျိုး ချက်ပြီး ဆွမ်းကပ်ဖို့ စီစဉ်ထားကြတယ်။ ဖိုးဖိုး ကောင်းရာသုဂတိ လားပါစေေဿာ်...။

Wednesday, January 21, 2009

တို့ခေတ်ကိုတော့ ရောက်လာမည်မှာ မလွဲပါ...။


20/01/2009
Congratulation to Barack Obama!

"we have chosen hope over fear, unity of purpose over conflict and discord"

Witnessed by a huge crowd of more than two million people in an unprecedented endorsement of a new leader, Obama, 47, became the 44th President of the United States as he took the oath of office at the US Capitol.

"I, Barack Hussein Obama, do solemnly swear that I will execute the office of President of the United States faithfully and will to the best of my ability, preserve, protect and defend the constitution of the United States, so help me God," said Obama, sparking a massive roar from the crowd and a 21-gun salute.

တချိန်တခါက အဖိနှိပ်ခံ လူမျိုးစုနွယ်ထဲမှ မွေးဖွားလာခဲ့သူ၊ လူမည်းများမှာ လူဖြူများနှင့်တန်းမတူဟု အဆင့်အတန်း နိမ့်ကျပါသည်ဟု ခွဲခြားဆက်ဆံခြင်းခံခဲ့ရသူ၊ ထိုလူမျိုးစုအနွယ်များမှ ဆင်းသက်လာခဲ့သူ ဖြစ်တဲ့ ဘာရက် အိုဘားမားဟာ ဒီနေ့ ဒီအချိန်မှာတော့ အမေရိကန်ရဲ့ အခမ်းနားဆုံးသော သမတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပြီး ပထမဦးဆုံးလူမည်းသမတကြီးအဖြစ် ခြေလှမ်းသစ်ကို စတင်ခဲ့ပါပြီ။

တိုက်တိုက်ဆိုင်ဆိုင် (၁၉.၀၁.၂၀၀၉) က လူမျိုးစု ခွဲခြားဆက်ဆံရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူမည်းများရဲ့ စံပြ နိုဘယ်လ် ဆုရှင် မာတင်လူသာကင်း အထိမ်းအမှတ်နေ့ ဖြစ်လေတော့ တရားမျှတမှုတွေခန်းခြောက်နေတဲ့ လောကကြီးကို တရားမျှတမှုတွေ ရောက်ရှိလာအောင် ဒီကနေ့ အိုဘားမားရဲ့ သမတသစ် တက်ပွဲက ဆောင်ကျဉ်းပေးတယ်လို့ ခံစားမိပါတယ်။

ဘယ်တော့မှ ဖြစ်လာမယ်လို့ မထင်ခဲ့သည်များဟာ တနေ့မှာ ဖြစ်လာနိုင်တယ် ဆိုတာ၊ မဖြစ်နိုင်တာ ဘယ်တော့မှမရှိ၊ မဖြစ်သေးတာသာရှိတယ်ဆိုတာ၊ ယနေ့ အမေရိကန်ရဲ့ သမိုင်းစာမျက်နှာကို သာမက ကမ္ဘာတ၀ှမ်းလုံးကို အိုဘားမားက သက်သေပြသွားခဲ့ပါပြီ။

တနေ့နေ့ တချိန်ချိန် တို့ခေတ်ကိုတော့ ရောက်လာမည်မှာ မလွဲပါ...။

*****
ညက သမတသစ်တက်ပွဲ အခမ်းအနားကို ကြည့်ပြီး ရင်ခုန်ကြည်နှုးမိတယ်။ အမေရိကန် သမတ ကျမ်းသစ္စာကျိန်ဆိုပွဲတွေကို ပထမဦးဆုံး ကြည့်ဘူးခြင်းလည်း ဖြစ်ပါတယ်။ အိုဘားမားကိုကြည့်ရင်းနဲ့ တခုခု သူ့ကို ဂုဏ်ပြုချင်တာကြောင့် ဒီပုံလေးကို အမှတ်တရ ရေးဆွဲဖြစ်ပါတယ်။

သူငယ်ချင်းတွေ အတွက် ကာတွန်း ရုပ်ပြောင်ပုံတွေရေးဆွဲပေးဘူးပေမဲ့ ကယ်ရီကေးချားကို ပထမဦးဆုံး ရေးဆွဲခြင်းဖြစ်ပါတယ်။ မိမိရဲ့ ပထမဆုံး ကယ်ရီကေးချားက အိုဘားမားပုံ ဖြစ်တဲ့ အတွက် အများကြီး ဂုဏ်ယူမိလျက်....။

စုချစ်