Tuesday, February 3, 2009

ဖိုးဖိုး

(၂၀၀၄ခုက မေမြို့ကို သွားတုန်းက ရိုက်ထားတဲ့ ဖိုးဖိုးဓါတ်ပုံလေး)

တနင်္ဂနွေနေ့ (၀၁၊၀၂၊၂၀၀၉) ညနေ က မန္တလေးအိမ်ကဖုန်းခေါ်လာတယ်။ ဖိုးဖိုးဆုံးပြီတဲ့။ ဆေးရုံတင်ထားတာ သိပေမဲ့ အဲဒီနေ့မတိုင်ခင်ကတင် ဖုန်းဆက်တော့ ဆီးမသွားနိုင်တာကြောင့်ဆေးရုံတင်တာဆိုပြီး ပြန်ကောင်းသွားမယ်လို့ပဲ ထင်ခဲ့တယ်။ အိပ်ရာထဲ လဲနေတဲ့ လူမမာလိုကြီးမှ မှုတ်တာ။ အဲဒီလောက်မြန်မြန် ဆုံးလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး၊ ထင်မှတ်မထားခဲ့ဘူး။ ဖိုးဖိုးအသက်က ၉၁နှစ်ရှိပြီဆိုတော့ သားသမီးတွေ အားလုံးက အသက်ကြီးပြီပဲဆိုပြီး မဆုံးပါးခင်သေချာပြုစုပေးလိုက်ရတာကိုပဲ စဉ်းစားလို့ ဖြေသိမ့်ကြတယ်။ ယောက်ယောက်ကလည်း ဖိုးဖိုးရှိနေစဉ် ကိုယ်တို့ တတ်နိုင်သမျှထောက်ပံ့ပေးခဲ့တာဆိုတော့ သိပ်ပြီး စိတ်လက်မကောင်းတဲ့ ပုံစံ မျက်နှာကမပြဘူး။ ကိုယ်လည်း ညနေတောက်လျှောက်အေးဆေးပါပဲ။

ည... အိပ်ရာဝင်တော့မှ တုတ်ကောက်လေး လက်တဖက်ကကိုင်လို့ ကာကီညိုရောင်ဘောင်းဘီရှည်ပွပွ၊ စွပ်ကျယ်ဖြူအောက်ခံနဲ့ ရှပ်အင်္ကျိအဖြူကို အပြင်ထုတ်ဝတ်တတ်တဲ့ ဖိုးဖိုး အရိပ်က မျက်စိထဲ တိုးဝင်လာတယ်။ ဖိုးဖိုးကို စသိတာ ၁၉၉၆၊ လွန်ခဲ့တဲ့ ၁၃နှစ်၊ ဖိုးဖိုးအသက် ၈၀နီးပါးလောက်ကပေါ့။ ယောက်ယောက်နဲ့ စကြိုက်ခါစ သူက မနက် ရုံးမသွားခင် ခပ်စောစော ၇နာရီလောက်ဆို Staff House မှာ ကိုယ့်ကိုလာကြိုတယ်။ ကိုယ်တို့က အိမ်ကထွက်လာပြီဆို နေ့တိုင်း အောင်တော်မူ ဘုရားမှာ ပုတီးသွားစိတ်တယ်။ ပြီးရင် မင်းသီဟတို့၊ တက္ကသိုလ်နားကဆိုင်၊ ဒါမှမဟုတ်၊ အောင်တော်မူဖက်က မုံ့ဟင်းခါးဆိုင်၊ စိုးစိုးမုံ့တီဆိုင် စသဖြင့် အဆင်ပြေရာ ဆိုင်တခုခုမှာ မနက်စာသွားစားကြတာပေါ့။ တနေ့မှာ မနက်စာစားပြီး ရုံးကိုအလာ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာတဲ့ ကိုယ့်ကို အသားဖြူဖြူနဲ့ တရုတ်အဖိုးကြီးလို့ ထင်ရတဲ့ အဖိုးတစ်ယောက်က လမ်းလျှောက်ရာက ရပ်ပြီး လက်တွေပြနေတာ။ တုတ်ကောက်လေးကို လက်တဖက်က ထောက်ကိုင်ပြီး ပြုံးကလည်း ပြုံးလို့ပေါ့။ သာနဲ့ ကိုယ်ကလည်း ဘုမသိ ဘမသိ ပြန်ပြုံးပြပြီး လက်တွေပြန်ပြတာပေါ့။ သူက အဲဒီရောက်နေတဲ့နေရာမှာတင် ရပ်ပြီး လက်တွေပြနေတာ ကိုယ်တို့ ဟိုးခပ်ဝေးဝေးရောက်သွားတဲ့အထိ။

ကိုယ်က အဲသလိုပဲ တခါတလေ မသိတဲ့ သူတွေက ကိုယ့်ကို လာပြုံးပြရင် ပြန်ပြုံးပြလေ့ရှိတော့ ဖိုးဖိုးဟာ ယောက်ယောက်ရဲ့ ဖိုးဖိုးမို့ ကိုယ်တို့ကို သိလို့ လက်ပြတာလို့ မထင်မိခဲ့ဘူး။ သာပေမဲ့ ယောက်ယောက်က ရုံးရောက်တော့ ခုနက လမ်းမှာ ဖိုးဖိုးကို တွေ့ခဲ့တယ်မှုတ်လားလို့ မေးလိုက်တော့မှ ကိုယ်လည်း တကိုယ်လုံး မွှန်ထွန်ပူထူပြီး... အဲတော့... ဘယ်သူမှန်းမသိ... ဒီကလဲ လက်တွေ ပြန်ပြခဲ့တယ်လို့ ပြောတာပေါ့။

နောက်နေ့... နောက်နေ့ တွေလည်း အဲသလို .. ဖိုးဖိုး လမ်းလျှောက်အပြန် ကိုယ်တို့က မနက်စာစားအပြီး ရုံးအသွား လမ်းမှာ ဆုံလေ့ရှိကြတယ်။ ဖိုးဖိုးက လူသွားလမ်းလေးပေါ်က ကိုယ်တို့ကို မျက်စိတဆုံးကြည့်ပြီး တာဝန်မပျက် အမြဲ လက်ပြနှုတ်ဆက်လေ့ရှိတယ်။ ဖိုးဖိုးမှန်း သိသွားတဲ့ ကိုယ်ကတော့ နောက်နေ့တွေမှာ ပထမတော့ ခေါင်းလေးပု.. လက်လေး မထုတ်ရဲ၊ ထုတ်ရဲ၊ မပြုံးရဲ ပြုံးရဲပေါ့။ နောက်.. နည်းနည်းကြာလာတော့ မှ ရဲရဲတင်းတင်းပြုံးပြီး လက်ပြရဲတော့တယ်။ ယောက်ယောက်နဲ့ ကြိုက်ပြီး ၃-၄လ အကြာ ကိုယ်က စင်ကာပူထွက်လာတော့ ဖိုးဖိုးကို အဲသလို လမ်းမှာ လက်ပြနှုတ်ဆက် ကြုံခဲ့တာကလွဲလို့ လူချင်းမတွေ့ဆုံခဲ့ဘူး၊ စကားမပြောဖြစ်ခဲ့ဘူးဘူး။ မန္တလေးမှာနေစဉ် သီတင်းကျွတ်နဲ့ ကြုံလို့ ယောက်ယောက်ကို ပစ္စည်းတွေ ပေးပြီး လူကြီးတွေကို ကိုယ်စား ကန်တော့ခိုင်းလိုက်ပေမဲ့ ကိုယ်တိုင်တော့ သူတို့အိမ်ကို မရောက်ဖြစ်ခဲ့လိုက်ဘူး။

သာနဲ့ ၅နှစ်အကြာ ယောက်ယောက်နဲ့ ကိုယ်တို့ မင်္ဂလာဆောင်တော့မှပဲ ဖိုးဖိုးနဲ့ ပြန်လည်ဆုံခွင့်ရတော့တယ်။ ဖိုးဖိုးက ကိုယ့်ကို စတွေ့တွေ့ခြင်းပဲ မြေးကို ခုမှပဲ သေချာ မြင်ဘူးတော့တယ်။ ဟိုတုန်းက ခပ်လှမ်းလှမ်းကပဲ လက်ပြရတာလို့ အသံ အေးအေးလေးလေးကြီးနဲ့ သူ့ထုံးစံ ပြုံးပြီးပြောတယ်။

အဲဒီမှာ ဖိုးဖိုးအရမ်းအနေအေးတာကို သတိပြုမိတယ်။ မနက်စောစာ လမ်းထလျှောက်မယ်။ ပြန်လာရင် မနက်စာစားပြီး အိမ်က မွေးထားတဲ့ ခွေးလေးတွေကို အစာကျွေးမယ်။ ပြီးရင် ပက်လက်ကုလားထိုင်လေးမှာ သူ့ဖာသာ ထိုင်နေပြီး ရုပ်မြင်သံကြား ကြည့်ချင်ကြည့်မယ်။ စာအုပ်ဖတ်ချင်ဖတ်မယ်။ ဘုရားဝတ်ပြုရင် ပြုမယ်။ ဖိုးဖိုးနဲ့ အနီးကပ်မနေခဲ့ဘူးလို့ သူ့ရဲ့ တခြားဝါသနာ၊ နိစ္စဓူဝအကျင့်လေးတွေတော့ အသေးစိတ်မသိဘူးပေါ့။ ကိုယ်တို့တွေ ဆူညံစွာစကားပြောနေတာ၊ ယောက်ယောက်ညီမက မွေးတဲ့ ကလေးတွေ ဆော့နေတာတွေကို ဘာမှ မပြောပဲ၊ ဘယ်တော့မှ မဆူပဲ ပြုံးပြုံးကြီးထိုင်ကြည့်နေတတ်တဲ့သူပေါ့။ အဲ.. သူနည်းနည်း နားငြီးလာပြီဆိုရင် သူ့အခန်းထဲ ၀င်သွားမယ်။ ဒါမှမဟုတ် လမ်းလျှောက်ထွက်မယ်။ ပြီးတော့ သူက ဘယ်သူနဲ့မှ စကားသိပ်မပြောဘူး။ တနေ့လုံးနေလို့ လိုအပ်တဲ့ စကားကလွဲလို့ တကယ်ကို အပိုစကား ဘာမှ မပြောတဲ့သူ။

ဖိုးဖိုးကိုကြည့်ပြီး ယောက်ယောက်ဘာလို့ စကားသိပ်မပြောလဲဆိုတာ သဘောပေါက်မိတယ်။ ယောက်ယောက်က ဖိုးဖိုးနဲ့ တော်တော်ကို တူတဲ့လူပါ။ ကိုယ်ကတော့ အဲဒီတုန်းက ဖိုးဖိုးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ယောက်ယောက်တို့ ဖွားဖွားက ဆုံးသွားတာကြာပြီဆိုတော့ ဖိုးဖိုးမှာ အထီးကျန်သလို ခံစားနေရမှာ အမှန်ပဲ။ အဲသာကြောင့် စင်ကာပူကနေ ဖုန်းခေါ်ပြီဆို ကိုယ်က ဖိုးဖိုးကို သတိတရ လှမ်းခေါ်ခိုင်းပြီး စကားစမည်ပြောလုပ်ရတယ်။ တလောက ဆီးကျိတ်လိုမျိုးခွဲပြီးကတဲက ဖိုးဖိုးကို တစ်ယောက်ထဲ လမ်းလျှောက်ဖို့ မလွှတ်တော့ဘူး။ အဲသာကို ဖိုးဖိုးက စိတ်မကြည်လှဘူးလို့ပြောတယ်။ ဖိုးဖိုး စိတ်ကိုလျှော့လိုက်လို့သာ ခုလို မြန်မြန်ကြီး ဆုံးပါးသွားတာလို့ ကိုယ်ကတော့ တွက်တာပဲ။

ကိုယ်က ဘယ်ညာ လူးလိမ့်နေတော့ ယောက်ယောက်က အိပ်မပျော်သေးဘူးလားမေးတယ်။ ပြီးတော့ ခေါင်းအုံးနဲ့ ခေါင်းထိတာနဲ့ အိပ်ပျော်တတ်တဲ့ သူကပြောတယ်။ သူလဲ အိပ်လို့ မရဘူးတဲ့။ ကိုယ်ကတော့ အမှန်အတိုင်း ပြောရရင် ဖိုးဖိုးဆုံးလို့ ၀မ်းနည်းနေမိတာလား၊ ဒါမှမဟုတ် အဲသလို အသက်ကြီးလာလို့ ကိုယ်ကမရှိတော့ပဲ ယောက်ယောက်တစ်ယောက်ထဲ ကျန်ရစ်ပြီး ဖိုးဖိုးလို အထီးကျန်နေမှာ စဉ်းစားမိပြီး ၀မ်းနည်းလို့ အိပ်မပျော်တာလားဆိုတာတော့ ကိုယ့်ဖာသာကိုယ် ဝေခွဲလို့ မရနိုင်တော့ဘူး.....။

ဒီတပတ် ဘုန်းကြီးကျောင်းမှာ ဖိုးဖိုးကြိုက်တဲ့ ပဲဟင်း၊ ပဲထမင်း လိုမျိုး ချက်ပြီး ဆွမ်းကပ်ဖို့ စီစဉ်ထားကြတယ်။ ဖိုးဖိုး ကောင်းရာသုဂတိ လားပါစေေဿာ်...။

2 comments:

Canada Myanmar Group said...

မြန်မာပြည် ကဓါတ်ပုံ တွေ မြန်မာ အလွမ်းပြေ အားပါးတ
၇ လာကြည့် သွားတယ်

nothing said...

SORRY FOR YOUR GRANDPA, I USED TO LIVE IN AUNG DAW MU TOO, CORNOR OF 29&62 STREET. NICE TO MEET YOU HRERE.