Monday, August 18, 2008

အပျော်ဆုံးနေ့

(ပန်းချီ - ဆရာမင်းဝေအောင်)

ဘ၀မှာ အပျော်ဆုံးနေ့တနေ့လို့ မေးခဲ့ပါလျှင် ၂၀၀၀ခုနှစ် ဒီဇင်ဘာမှာ ချမ်းမြေ့ရိပ်သာ ကျောင်းတွင် သီလရှင် ၀တ်ခဲ့ရတုန်းကလို့ ဖြေဖြစ်မှာ အမှန်ပင်ဖြစ်ပါသည်။ ကိုယ့်မှာ ၀င်ငွေ ကောင်းကောင်း စရခဲ့တဲ့ အချိန်က စလို့ မြန်မာပြည်မှာ ထူးထူးခြားခြား အလှူများ နှစ်စဉ် ပြုလုပ်သွားမည်ဟူ၍ သံဓိဋာန် ချမှတ်ခဲ့ပါသည်။ ၁၉၉၉ခုနှစ်အကုန်မှာ ကျောင်းပြီးခဲ့၍ ၂၀၀၀ခုနှစ် အစမှာ အလုပ်စ၀င်ခဲ့ပါသည်။ အဲဒီတော့ ၂၀၀၀ခုနှစ် ဒီဇင်ဘာမှာ ဘာအလှူများလုပ်ရမည်လည်း စဉ်းစားတော့ အိမ်နားမှ ကိုရင်၊ ရဟန်းဝတ်ချင်သော သူများကို ပဉ္ဇင်းခံ၊ ရှင်ပြုပေးပြီး ကိုယ်ကိုယ်တိုင်လည်း သီလရှင် ၀တ်မည်ဟု စိတ်ကူးလိုက်ပါသည်။ ပြီးလျှင် အားလုံးကို ချမ်းမြေ့ရိပ်သာမှာ အနည်းဆုံး တရားတစ်ပတ်ဝင်ရမည်ဟု တိုက်တွန်းဖို့ပဲ ဖြစ်ပါသည်။

ပထမဆုံး - ရည်းစားက မျက်မှောင်တွန့်ပါသည်။ ပဉ္ဇင်းခံ၊ ရှင်ပြု အလှူလုပ်ချင်လုပ်... ဒါပေမဲ့ သီလရှင် ၀တ်လိုက်ရင် နောက် ၈လလောက်အကြာ မင်္ဂလာဆောင်မှာ ဂတုံးဆံပင်ပေါက်နဲ့ ဖြစ်နေလိမ့်မယ်ဟူ၍။ ဒုတိယ - မိဖများက စဉ်းစားဦးဟု ပြောပါသည်။ စင်ကာပူမှာ နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်နေရတာ။ ဂတုံးနဲ့ ဖြစ်ပါ့မလားဟူ၍။ ကိုယ်ကတော့ လုပ်မည်ဟု အသေအချာ စဉ်းစားပြီးပြီဖြစ်၍ ဘာပဲပြောပြော လုပ်မည်သာလျှင် ဖြစ်ပေသည်။ အဲဒီတော့ အားလုံးက လိုက်လျှော ကူညီကြပါသည်။

အဲဒီနေ့က ဖိတ်ကြားထားသူ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများနှင့် ကိုယ်တို့ မိသားစုအားလုံး ချမ်းမြေ့ရိပ်သာကို နံနက်စောစောစီးစီး ကတဲက ရောက်နေကြပါပြီ။ ဦးပဉ္ဇင်းဝတ်မည့်သူ ၅ပါး၊ ကိုရင် ၃ပါး၊ ကိုယ်က သီလရှင် ၁ပါး ဖြစ်ပြီး၊ ဖေဖေနှင့် ညီမလေး ၂ယောက်၊ ပေါင်း ၃ယောက်တို့က ယောဂီ ၀တ်ကြပါမည်။ ဦးပဉ္ဇင်း နှင့် ကိုရင်များကို ဆံချပြီးတော့မှ ကိုယ့်အလှည့် ဆံချပါသည်။ အဖိုး နှင့် အဖွား (အဲဒီတုန်းက ၂ယောက်လုံး ၉၀ကျော် - အဖိုးက အသက် ၁၀၁ နှစ် - ၂၀၀၄ခုနှစ် ဇွန်လမှာ ဆုံးသွားခဲ့သည်။ အဖွားကတော့ ယခု ၉၈နှစ် ဒေါ်င်ဒေါ်င်မြည် ကျန်းမာရေးကောင်းတုန်းဖြစ်ပါသည်။)၊ အဖေ နှင့် အမေ၊ မမ နှင့် ညီမလေး၊ အဒေါ် ၂ယောက်၊ မတော်ရသေးသော ယောက်ခမ ၂ယောက် နှင့် အဒေါ် (သူကတော့ စင်ကာပူမှာ ကျန်ခဲ့လို့ ကိုယ့်အလှူမှာ သူရှိမနေပါ) တို့က တယောက်တလှည့်စီ ကိုယ့်ကိုဆံချပေးသော သီလရှင်ဆရာကြီးကို ကူညီ ဆံခံပေးကြပါသည်။

အဲဒီတုန်းက ကိုယ့်ဆံပင်က ခါးလောက် နီးနီးရှည်ပါသည်။ ဆံပင်တွေ တောက်ကနဲ တောက်ကနဲ ပြတ်ကျသွားတာကို ကြည့်ပြီး စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွားလိုက်သည့်ဖြစ်ခြင်း။ ကိုယ့်ဆံပင်က အစကတဲက ခပ်ထူထူဆိုတော့ ဆံပင်ဝိတ်နဲ့တင် လူက လေးလေးကြီးဖြစ်နေတတ်သည်။ ဟိုးအရင် ကျောင်းမှာတုန်းက ဆံပင် တိုတိုလေးကိုတောင် လေးလွန်းလို့၊ ရှုပ်လွန်းလို့ ဆိုပြီး စာမေးပွဲနီးပြီဆို ဒီထက်ပိုတိုအောင် သွားသွားညှပ်ပြစ်တတ်သည်။ ခုတော့ ကတ်ကျေးနဲ့ ကိုက်လိုက်တဲ့ ဆံပင်ရှည်တွေ ၀ှီးကနဲ ၀ှီးကနဲ ကျသွားတာကို မနှမျှောတဲ့ အပြင် သီလရှင် ၀တ်မိလို့သာ ဆံပင်တွေ ဖြတ်ဖြစ်တာ... နို့မို့ မဖြတ်ဖြစ်ပဲ ဒါကြီးနဲ့ လေးလေးကြီး နေနေရမှာဟု ရွှင်လန်းတက်ကြွစွာတွေးနေမိပါသည်။ ကိုယ့်အဒေါ်ကတော့ ဆံချပေးနေသောဆရာကြီးနှင့် အပြိုင် ကေသာ လောမာ... ဟု ကူညီညာရွတ်ဆိုပေးပါသည်။ ကိုယ့်ကိုလည်း ဒါတွေဟာ ငါမဟုတ်ဘူးဟု နှလုံးသွင်းလို့ ပြောပါသည်။ တဖြည်းဖြည်း ကတုံးရုပ်ပေါ်လာသော ကိုယ့်ကို မမနှင့် ညီမလေးတွေက ကြည့်ပြီး ပြုံးစိစိ လုပ်ကြပါသည်။ ဖေဖေက ကိုယ့်လက်ကလေးတွေကို ကိုင်ပြီး ကတုံးလေးနဲ့လည်း ငတို့ သမီးက ကြည့်ကောင်းသားဟေ့ ဟုပြောပါသည်။ မေမေက ကိုယ့်နောက်စိလေးကို လက်နှင့်အုပ်ကိုင်၍ သိပ်တော့ မချွန်းပါဘူးဟု သူ့ဘာသာ ဖြေပြောပြောနေပါသည်။ ပြီးတော့ ရေချိုးခန်းထဲ သွား၍ခေါင်းကို ရေဆေးပါသည်။ နောက် သီလရှင် ၀တ်စုံကို ဆရာကြီးမှ ကူညီညာ ၀တ်ရုံပေးပါသည်။

သီလရှင် ၀တ်စုံလေး...။ ကိုယ့်တသက်မှာ အလှဆုံး၊ အသန့်ရှင်းဆုံး ၀တ်စုံဝတ်ဖူးခြင်းပဲဟု ဆိုရပေမည်။ သူ့အရောင်လေးသည် ပန်းရောင် ကြည်ကြည်ဖျော့ဖျော့လေး ဖြစ်သည်။ ကိုယ့်ကြောင့် ဒီဝတ်စုံလေး ရုပ်ဆိုးမသွားရအောင်၊ မညစ်ပတ်သွားရအောင် ထိန်းသိမ်းရမည်မှာ မိမိတာဝန်ပေပဲဟု ဆင်ခြင်မိပါသည်။ ကိုယ်ရုံကို သတ်သတ်ရပ်ရပ် ဖြစ်အောင် ၀တ်တတ်ဖို့က နည်းနည်းခက်ခဲလှသည်။ ဒါပေမဲ့ အဆင်ပြေပါသည်။ ပန်းရောင်ဝတ်ရုံလေးဖြင့်လူမှာ လွတ်လပ်ပေါ့ပါးနေသည်။ ကိုယ့်ကိုယ်ကို မသိလိုက်ပဲ အနှစ်နှစ်အလလက တွယ်ကပ်နေသော အကုသိုလ်များပင် အလိုလို စင်ကြည်သွားသယောင်ခံစားမိသည်။ လေပြေလေး တချက်အဝှေ့မှာ ဦးခေါင်းကအေးကနဲ ခံစားလိုက်ရသည်။ အော်... ငါ့မှာ ဆံပင်တွေမှ မရှိတော့ပဲ...ဆိုတဲ့ အသိက ၀င်လာသည်။ အစိမ်းရောင်သန်းနေတဲ့ ဦးပြည်း အသစ်စက်စက် ကို လက်ဖြင့် တချက် စမ်းမိသည်။ ပြီးတော့ ငှက်တောင်လေးလို လွတ်လပ်ပေါ့ပါးသော ခြေလှမ်းများဖြင့် ဆရာတော်ဘုရားရှိရာ ဓမ္မာရုံကို ရောက်ခဲ့သည်။ ဖုန်းဖုန်း ဦးသောဘိသဆီမှာ ကန်တော့ သီလယူပြီး ဖုန်းဖုန်းက ဘွဲ့အမည် ပညတ်ပေးပါသည်။ ပညာကို လိုလားသူ၊ မြတ်နိုးသူ မပညာနန္ဒီ ဟူ၍ ဖြစ်ပါသည်။

ဦးပဉ္ဇင်းများ၊ ကိုရင်များ သိမ်ဆင်းသောအခါ သီလရှင် အသစ်ကျပ်ချွတ်သည်လည်း နောက်ဆုံးမှလိုက်၍ အလှူခံပါသည်။ နောက်ဆုံးပိတ် အိပ်နဲ့ လွယ်တာလား၊ ဒါမှမဟုတ် နိုင်ငံခြားပြန်မို့လို့လား၊ ဒါမှမဟုတ် တပါးတည်းသော သီလရှင်ဖြစ်ပေလို့ပဲလား မသိပါ။ သိမ်ဆင်းလောင်းသော ဆွေမျိုးများ၊ အိမ်နီးချင်းများ၊ မိတ်ဆွေ အပေါင်းအသင်းများသည် အားရ၀မ်းသာဖြင့် ဆရာလေး မပညာနန္ဒီ လက်ထဲသို့ လှူဖွယ်ပစ္စည်း အမြောက်အမြား ကျုံးကျုံးထည့်ကြလေသည်။ ခုမှဝတ်သော ဆရာလေးကို ၀ါတော်အများကြီးရှိသောသူလို ခေါင်းလေးတွေ ငုံ့ကာ ငုံ့ကာနှင့်၊ လက်အုပ်ကလေးတွေ ချီကာချီကာနှင့် အရိုအသေများဝိုင်းပေးနေကြသည်မှာ ဆရာလေး မနေတတ် မထိုင်တတ်အောင်ပင် ဖြစ်ရသည်။ ဆရာလေးနောက်မှ လိုက်လာသော ဦးလေးတော်သူ၏ ဆာလာအိတ်မှာ လှူဖွယ်ပစ္စည်းမျိုးစုံဖြင့် လျှံကျလျက်ရှိပေသည်။ ကောင်းလှပေစွ။

နောက်တပတ်အကြာ ဒီဝတ်ရုံကို ချွတ်ရသောအခါ မပညာနန္ဒီ မှာ မျက်ရည်များပင်လည်မိသည်။ ဘယ်အခါကျမှ ဒီဝတ်ရုံကို ထပ်ဝတ်နိုင်ပါမည်လည်းဟု တွေးကာ ရင်ထဲလေးလံလျက် လွမ်းလွမ်းဆွတ်ဆွတ် ဖြစ်နေခဲ့မိပါသည်။

စုချစ်
၁၈-၀၈-၂၀၀၈
ညနေ ၄နာရီ

1 comment:

Anonymous said...

Thanks a lot Sayalay Ma Pyinyar.