Tuesday, November 5, 2013

ရာမမင်းသားရဲ့နောင်တ



ကိုရေချမ်းနဲ့ မရွှေစုတို့ ဒီကနေ့ ညစာ ထမင်းစားနောက်ကျရလေသည်။ နောက်ကျရခြင်းအကြောင်းရင်းကား မရွှေစုငယ်သူငယ်ချင်းတစ်ယောက်မှ ဖုန်းဆက်လာပြီး ဟိုဘက်ကနေ မျက်ရည်လေးစမ်းစမ်း နှင့် သူ့ ယောက်ျားဖြစ်သူရဲ့အကြောင်း တိုင်တည် ပြောပြတာတွေကိုနားထောင်ရင်း တတ်သမျှ မှတ်သမျှ နှစ်သိမ့်ပေးနေရသောကြောင့်ဖြစ်၏။ နာရီဝက် ၄၅မိနစ်လောက် ကြာသော် ဖုန်းတွေလည်းပူ နားတွေလည်း ပူလာပေပြီ၊ စိတ်ရင်းအတိုင်းဆိုသော် အဲသာမျိုး နည်းနည်းမှ သည်းညီးမခံနဲ့၊ သူပြောသလို ပြန်ပြောပလိုက်စမ်း၊ ဒါမျိုး ခံနေရင် ရောင့်တက်မှာပေါ့... ဘာညာကွိကွ နှင့် မြှောက်ပေးလိုက်ချင်သည်။ သို့သော် လက်တွေ့မှာမူကား.... သည်းခံလိုက်ပါဟယ်၊ နင်တို့ ချစ်လို့ယူထားကြတာပဲဟာ၊ သူပြောလာလည်း ကိုယ်မဟုတ်ရင်ပြီးရောမဟုတ်လား၊ မကြိုက်လည်း မကြားချင်ယောင်ဆောင်နေ အေးတာပေါ့ဟယ်...၊ လင်မယားတွေဆိုတာ ဒီလိုပါပဲ... ငါတို့လည်း ရန်ဖြစ်ကြတာပဲ...ရန်ဖြစ်ပြီး ပိုတောင်ချစ်ကြသေးတယ်၊ စသဖြင့် လေအေးလေးနှင့် ရွှီးရလေသည်။


ဟုတ်တယ်လေ... လင်မယားကြားဝင်မပါနဲ့ဆိုတဲ့စကားလည်း အရှိသားမဟုတ်လား၊ သူတို့က သူတို့ဘာသာရန်ဖြစ်ပြီး ခဏနေ ပြန်ချစ်ကြမှာ... ကိုယ်က မဟုတ်တာသွားအာချောင်မိရင် ကြားထဲက ငထွားက ခါးနာနေဦးမှာ... ။


ငိုလို့ တိုင်တန်းလို့ အားရသော် မယ်မင်းကြီးမဘက်ကဖုန်းချသွားလေပြီ၊ ကိုရေချမ်းက အလိုက်တသိ သောက်ရေခွက်ကို အဆင်သင့်လှမ်းပေး၏။ ဂွက်ခနဲ ရေကို အမောတကောသောက်ရင်း ထမင်းပွဲပြင်ရ၏။


“ဘယ့်နှယ် ဆရာမကြီး... ဖြေသိမ့်ပေးရတာ အတော်မောသွားပလား၊ ဒီတစ်ခါက ဘာဖြစ်သတဲ့လဲ...”


“ထုံးစံအတိုင်းပေါ့... မနေ့ကရုံးပိတ်ရက်ဖြစ်ပေမဲ့ အရေးတကြီးကိစ္စရှိလို့ ရုံးသွားရသတဲ့၊ အမေရိကဘက်နဲ့ စည်းဝေးလုပ်နေရလို့ ညမိုးချုပ်မှ ပြန်ရောက်သတဲ့၊ အဲသာကို သူ့ယောက်ျားက ပိတ်ရက်မယ် တစ်ယောက်တည်းဖြစ်နေလို့ ချက်ကျွေးမယ့်သူမရှိလို့ မကြည်လင်တာတဲ့... မကြည်လင်တာ ရိုးရိုးမဟုတ်ပဲ... ဟိုလူသည်လူတွေနဲ့ပါ သံသယတွေဝင် ပေါက်ကရ လိုက်စွပ်စွဲပြီး ပေးစားလို့တဲ့... မမလေးက ဝမ်းနည်းပက်လက် ဖြစ်နေတာ...”


“ဒီလူကလည်း သူ့မိန်းမကို စယူကတည်းက တွေ့သမျှလူနဲ့ စိတ်မချပဲ သံသယဖြစ်လွန်းလှတာ... ခုချိန်ထိကို မပြီးနိုင်သေးဘူးလား...”


“မသိပါဘူး ဦးရေချမ်းရယ်... တကယ်က သူများသူငယ်ချင်းက ကျောင်းတုန်းကလည်း ရီးစားဆိုလို့ တစ်ခါမှ ထားဖူးတဲ့သူ မဟုတ်ဘူး၊ ဒီတစ်ယောက်ပဲတွေ့ ဒီတစ်ယောက်ပဲ ချစ်ကြိုက် ယူခဲ့ကြတာကပဲ၊ သင်းကမှ ရီးစားတွေမှိုလိုပေါက်ခဲ့တာ၊ အဲသဟာကို ငါးဖယ်ကတစ်ပြန် ဟိုသည် စွပ်စွဲတာကတော့ တခါတခါ နားကြားရ ပြင်းကပ်လှတယ်... အဲ့ဟာမကလည်း သူ့ယောက်ျားကို သည်းညည်းခံလိုက်တာ ချစ်လိုက်တာဆိုတာ တုန်နေတာပဲ...၊ သည်းညည်းခံတော့ ဟိုကရောင့်တက်တော့တာပဲ...၊ လူတွေကလည်း ခက်ပါတယ်... သူများကို ထင်ရာစွပ်စွဲလိုက်တာ ပြောချင်တာပြောလိုက်တာက ကိုယ့်ပါးစပ်က ထွက်သွားတာက တစ်ခွန်းတည်းရယ်... ခံစားလိုက်ရတဲ့သူမှာတော့ တနင့်တပိုးကြီးဆိုတာ မသိကြဘူးရယ်..”


မရွှေစုကပြောပြောဆိုဆို စားပွဲပေါ်ကို ဟင်းပွဲတွေချရင်း ရေနွေးခပ်ဖို့ ပြင်နေလေသည်။ ဦးရေချမ်းက အေးနေပြီဖြစ်သော ထမင်းများကို ပြန်နွှေးပေးသည်။


“အဲသာပြောတာပေါ့... တချို့ ယောက်ျားတွေဟာ သိပ်တစ်ကိုယ်ကောင်းဆန်ကြတာပဲ...၊ အဲ့လိုလူမျိုးတွေ နောင်မှ နောင်တရလိမ့်မယ်... ကြည့်နေ... “


စားပွဲမှာ ထမင်းပန်းကန်တွေချရင်း ထိုင်နေပြီဖြစ်သောဦးရေချမ်းက မကျေမနပ်နှင့်ပြောနေသည့်မရွှေစုကို မျက်လုံးလှန်ကြည့်ရင်း ခပ်ပြုံးပြုံးလုပ်နေလေသည်။


“ဟဲဟဲ... အန်တီမရွှေစုတို့ မကျေမနပ်ဖြစ်ပြီဆို ကျွန်တော် ပုံပြင်တစ်ပုဒ်နားထောင်ရတော့မှာ သေချာတာပေါ့ဗျာ...”


ဟင်... ဘယ်လိုသိလဲ အကြည့်ဖြင့် ဦးရေချမ်းကို ကြည့်ရင်း မရွှေစုက ဖြတ်ခနဲပေါ်လာသည့် ပုံပြင်တစ်ပုဒ်ကို ချက်ချင်းပင် သတိရမိသွား၏။


“ဦးရေချမ်း ရာမာယဏ ဇာတ်လမ်းသိတယ်မှုတ်လား...၊ အဲ့မှာ ရာမမင်းဆိုလည်း နောင်မှ နောင်တ ရတာလေ... “


“ရာမယဏဇာတ်ဆိုရင် ရာမ လက္ခဏာ သီတာ ရယ်၊ လေးတင်တဲ့ အခန်းရယ်၊ ဒဿဂီရိက ရွှေသမင်အရောင်ပြပြီး သီတာဒေ၀ီကို ခိုးယူတာရယ်၊ သိရ်ဃိုဠ်ပြည် မီးလောင်တာရယ်... ဒါပဲသိတယ်၊ ရာမမင်းကြီးက ဘာလို့နောင်တရတာတဲ့လဲ... အဲသဟာတော့ မသိပေါင်ဗျာ...”


မရွှေစုက ဟင်းပွဲတွေစီရင်း မတ်တပ်ရပ်လျက်ပင် ဦးရေချမ်းပန်းကန်ထဲ ပုဇွန်ထုပ်ခပ်ကြီးကြီးတစ်ကောင်ကို ဦးချပေးလိုက်သည်။


“ဟုတ်တာပေါ့... ဒီဇာတ်လမ်းကို ကြည့်ဖူး ဖတ်ဖူးသူ တော်တော်များများက ရာမမင်းကြီး ဉာဏ်ပညာကြီးတာ တန်ခိုးကြီးတာတွေပဲသိတာလေ၊ သူပြုမိတဲ့ အမှုကြောင့် နောက်မှ နောင်တရပြီး သူ့မိဖုရား သီတာဒေ၀ီကို လက်လွှတ်လိုက်ရတဲ့ အကြောင်းကို မသိကြဘူး၊ တကယ်က ဒါလေးကလည်း ရာမယဏဇာတ်မှာ ဂရုပြု မှတ်သားသင့်တယ်ထင်တာပဲ”


“လင်းစမ်းပါဦးဗျာ...”


မရွှေစုက ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်ရင်း စကားဆက်သည်။


“ဒီလိုလေ... ရာမမင်းသားတို့ စစ်နိုင်ပြီး သီတာဒေ၀ီကို ဒဿဂီရိလက်ထဲကနေပြန်ရလာတော့ သီတာဒေ၀ီမင်းသမီးက ရာမမင်းသား သံသယကင်းအောင်ဆိုပြီး သစ္စာအဓိဋ္ဌာန်ပြု မီးပုံထဲ ခုန်ဆင်းပြီး သူဖြူစင်ကြောင်း သက်သေပြခဲ့ရတယ်မှုတ်လား။ ဒါပေမဲ့ အဲ့ဒီတုန်းက မှော်ရုံတောကနေ သုကျိတ်ပြည်မှာ ခေတ္တစံနေတဲ့အချိန်၊ ရာမမင်းသားဖခမည်းတော် နတ်ရွာစံတော့မှ သူတို့က ပြည်တော်ပြန်ရတာကိုး၊ ပြည်တော်ပြန်ရောက်လို့ ဖခမည်းတော်နေရာကိုယူ ဘုရင်ဖြစ်လာတဲ့အခါ ပြည်သူပြည်သားတွေက ဒဿဂီရိလက်ထဲက ပြန်ရောက်လာတဲ့ သီတာဒေ၀ီကို မိဖုရားကြီးမြှောက်ရမလားဆိုပြီး စကားတင်းဆိုကြ၊ ဆန္ဒပြကြရောတဲ့၊ အဲ့ဒီမှာ မီးပုံထဲဆင်းပြတာတောင် မီးမလောင်ပဲ သစ္စာမှန်တဲ့ကိုယ့်မိဖုရားဘက်က ယောက်ျားပီပီ မရပ်တည်ပဲ ပြည်သူအလိုကျ မိဖုရားကို စွန့်ပစ်လိုက်တယ်လေ...”


“သြော်... “


မရွှေစုက စကားစ ခဏရပ်ကာ ပါးစပ်ထဲက ထမင်းလုပ်ကိုပြီးအောင်ဝါးလိုက်ပြီးမှ...


“အမေစုတောင်မှ ဒီအကြောင်းလေးကို ကိုးကားပြီး ဒီမိုကရေစီ အကြောင်းရှင်းပြထားသေးတယ်...”


“ဟုတ်လား.. လုပ်စမ်းပါဦး”


“ရာမမင်းဟာတဲ့... မင်းတစ်ပါးအနေနဲ့ဆိုရင် အင်မတန်မှကောင်းတဲ့မင်းဖြစ်ပေမယ့် သူ့ရဲ့မိဖုရားအပေါ်မှာ မျှမျှတတ မဆက်ဆံခဲ့ဘူးတဲ့၊ သူ့မိဖုရား ဖြူစင်သန့်ရှင်းမှန်း သိရက်သားနဲ့ သူများပြောတာ ဘာဖြစ်လို့ နားထောင်ရလဲဆိုတော့ ပြည်သူပြည်သား အများရဲ့ဆန္ဒ ဒီမိုကရေစီကို ဦးစားပေးမှုကြောင့်ပဲတဲ့၊ ဒါကြောင့် ဒီမိုကရေစီဆိုတာ အကောင်းချည်းပဲ မဟုတ်ဘူး၊ သူ့ရဲ့အားနည်းချက်တွေလည်း ရှိနေနိုင်သတဲ့၊ အများကနေ အလကားသက်သက်၊ သွားပုပ်လေလွင့်၊ အားအားယားယားပြောနေတဲ့ ကိစ္စတွေဟာ တစ်ခါလေ ဒီမိုကရေစီမှာလည်း လွှမ်းမိုးထားတတ်တယ်။ အဲဒီဟာတွေကို ကျွန်မတို့ အများကြီးသတိထားရမတဲ့... ကဲ... တို့ အမေစုပြောပြတာလေး သတိထားစရာ မကောင်းလှပေဘူးလား...”


“မှန်ပါ့ဗျာ... ဟုတ်လိုက်တာ...၊ ဒါနဲ့... နေပါဦး... အဲသလို စွန့်ပစ်လိုက်မိလို့ ရာမမင်းသားက နောင်တရတာလား၊ ဒီလိုလား...”


ပြောရင်းဆိုရင်း ပုံပြင်နားထောင်လို့ကောင်းရဲ့ထင်၊ ဦးရေချမ်းက ထမင်းတွေထပ်ထည့်နေလေသည်။


“ဘယ်ကသာ...”


မရွှေစုက ထမင်းဝါးရင်း ခေါင်းတခါခါဖြင့်မျက်နှာကို ရှုံ့မဲ့လိုက်သေး၏။


“ဒါဖြင့်... ဘာကြောင့် နောင်တရသတဲ့လဲ...”


“သီတာဒေ၀ီက ပြည်နှင်ဒါဏ်ပေးခံရတော့ ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ တောထဲက ရသေ့ကြီးကျောင်းမှာ သွားနေရင်း ရာမမင်းသားရဲ့ သားတော်လေးကို မွေးသတဲ့၊ ရာမမင်းသားရဲ့သားတော် အရင်းရယ်၊ တိုတိုပြောရရင် နောက်ထပ် မွေးစားထားတဲ့ သားတော်တစ်ပါးရယ်ကို ခုနက ရသေ့ကြီးက ရာမယဏလင်္ကာကြီး သင်ပေးတယ်တဲ့။ အဲ့ဒီမင်းသားလေး နှစ်ပါးက ရာမမင်းသားရဲ့ မြင်းခင်းတော်မှာ အဲ့လင်္ကာကဗျာကို ရွတ်ဆိုပြလိုက်တော့ ရာမမင်းသားဖြစ်တဲ့ ဘုရင်ကကြားသွားပြီး မိဖုရားနဲ့ သားတော်နှစ်ပါးကို ပြည်တော်ပြန်ဝင်စေသတဲ့။”


“ဒါဆို ပြီးနေပြီပဲ... ဘာနောင်တ ရစရာရှိတော့သလဲ...”


“လာဦးမယ်လေ... လာဦးမယ်... ဦးရေချမ်းတို့ ထိုထို ယောက်ျားတို့တတွေရဲ့ မဆုံးနိုင်တဲ့ သံသယတွေလာဦးမယ်၊ ဇာတ်လမ်းက အခုမှ ပြောချင်တဲ့နေရာကိုရောက်မှာ...”


“ကဲ... ဆိုပါဗျာ...”


“သူက သားတော်နှစ်ပါးနဲ့ မိဖုရားကို ပြန်ခေါ်တာတော့ ဟုတ်ပါရဲ့၊ ဒါပေတဲ့ မိဖုရားကို နောက်ထပ်တစ်ကြိမ် ကျမ်းကျိန်ခိုင်းသေးတာတဲ့ရှင်... ၊ အဲ့ဒီတော့ သီတာဒေ၀ီမင်းသမီးလည်း သူဒီလောက် ဖြူစင်ရဲ့သားနဲ့ သူ့ကို အယုံအကြည်မရှိလှတာ... ရင်နာတယ်နဲ့ တူပါရဲ့...၊ ပြီးတော့ လူဆိုတာ ဘယ်လောက်ပဲ သဘောကောင်းပစေဦး၊ သူတို့သည်းခံနိုင်တဲ့ အတိုင်းအတာတစ်ခုထက် လွန်လာရင် မရတော့ဘူးလေ...၊ ဒီတော့ ရာမမင်းရှေ့မှာ ဘယ်လိုကျိန်ဆိုလိုက်သလဲဆိုတော့ မိမိဟာ တခြားယောက်ျားတစ်ပါးနဲ့မှားယွင်းခြင်းမရှိပါ၊ ဤမှန်သောသစ္စာစကားကြောင့် မြေနတ်သမီးက သူ့ကို ယူဆောင်သွားပါစေလို့ ကျိန်လိုက်သတဲ့...”


“အဲ့ဒီတော့...”


“အဲ့ဒီတော့ အဲသဟာပဲလေ... နတ်သမီးက သီတာဒေ၀ီကို ခေါ်ဆောင်သွားလေတော့သတည်းပေါ့၊ သီတာမင်းသမီးမရှိတော့မှ ရာမမင်းသားလည်း သူ့အမှားအတွက် နောင်တ အကြီးအကျယ်ရပြီး ဗြဟ္မာမင်းကြီးအထိတက်ပြီး သူ့မိဖုရားကို ပြန်တောင်းပေမယ့် ဟိုကပြန်မပေးတော့ဘူးတဲ့...၊ ဇာတ်လမ်းကတော့ ဒါပဲ၊ ဒါကြောင့် ကိုယ့်မိဖုရားအပေါ် ဒီလောက်တောင် မယုံမကြည်နဲ့ သံသယများလှတဲ့ရာမမင်း နောက်ဆုံးမတော့ ဘယ်လိုမှပြင်မရတဲ့ နောင်တတွေနဲ့ ကျန်ရစ်ခဲ့ရတော့တာပေါ့...”


“သြော်... ဒီလိုလား...၊ အဲသာလေး... ခင်ဗျား သူငယ်ချင်းယောက်ျားကို ပြောပြလိုက်ပါလား.... အဟီး... “


“အွန့်...ကြောက်ပါတယ်တော်... ပြောမပြရဲပေါင်... ကိုယ့်အိမ်က ကိုယ့်လူမို့ ကိုယ်ပြောရဲသဟာ...”


မရွှေစုက ပုခုန်းတွန့်ရင်း ရယ်ကျဲကျဲလုပ်နေမိသည်။ ကိုရေချမ်းက နောက်ထပ် ထမင်းတစ်ပန်းကန် ထပ်ထည့်ဖို့ပြင်ရင်း...


“နောက်ဆို ထမင်းစားရင်း ပုံပြင်မပြောရင် ကောင်းမယ်ဗျို့... ခုတော့ ဘယ်လို စားကောင်းမှန်းကို မသိဘူးဗျာ...”


မရွှေစုက ဦးရေချမ်းအား မျက်စောင်းထိုးရင်း ပြုံးကာ ကြည့်နေမိတော့သည်။



ကိုးကား

၁) မောင်ထင်ရေးသားသော အိန္ဒိယစာပေသမိုင်း၊ ရာမာယဏ ဇာတ်လမ်းအကျဉ်းမှ ကောက်နှုတ်ချက်

၂) ၁၉၉၉ စာဆိုတော်နေ့ အထိမ်းအမှတ်ထုတ် ဒေါ်အောင်ဆန်းစုကြည်ပြောသော ရာမာယဏလက်ကမ်းစာစောင်မှ ကောက်နှုတ်ချက်




+++++

4 comments:

Ye Htwe said...

ရာမယဏဇာတ်ဆိုရင် ရာမ လက္ခဏာ သီတာ ရယ်၊ လေးတင်တဲ့ အခန်းရယ်၊ ဒဿဂီရိက ရွှေသမင်အရောင်ပြပြီး သီတာဒေ၀ီကို ခိုးယူတာရယ်၊ သိရ်ဃိုဠ်ပြည် မီးလောင်တာရယ်... ဒါပဲသိတယ်၊ ရာမမင်းကြီးက ဘာလို့နောင်တရတာတဲ့လဲ... အဲသဟာတော့ မသိပေါင်ဗျာ.. <<< ကျွန်တော်လည်း တကယ် မသိဘူးဗျ.... ခုလို ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်... :)

စုချစ် said...

ခုလို သေချာ စိတ်ဝင်တစား ဖတ်ပြီး အားပေးတာမျိုးတွေရှိနေတော့ စာရေးရတာ အားတွေဖြစ်တာပေါ့... မောင်လေးကိုရဲထွေးရေ... ကျေးဇူး :)

Adora etc. said...

မမစုရေ adoraလဲမသိဘူးရယ်. ရာမကိုအစောကြီးထဲကမကြိုက်တာ။ နောင်တရသွားတာကောင်းတယ်။ ကိုယ်.မိန်းမကိုမယုံရဘူးလို့။ :)

တန်ခူး said...

လက်ရှိဘ၀လေးနဲ့ ရာမရဲ့နောင်တကို ယှဉ်ပြသွားတာလေးလှတယ် သူငယ်ချင်း