Friday, September 23, 2011

မြယဉ်မဟာမြစ်ဧရာ

ဧရာဝတီ....

အင်ဂေါင်ဝမဂ်နတ်မင်းကြီးသည် ညာလက်ဖြင့် ရွှေခွက်ကိုကိုင်၊ ဘယ်လက်ဖြင့် ငွေခွက်ကိုကိုင်ပြီး မဟာအဏ္ဏ၀ါအတွင်းမှ ရေတစ်ခွက်စီ ခပ်ယူပြီးသော် ထိုရေများဖြင့် မြောက်ဘက်ရှိ တောင်ထိပ်များပေါ်သို့ လောင်းချလိုက်ရာ ညာဘက်မှ မေခမြစ်၊ ဘယ်ဘက်မှ မလိခမြစ်ဟူ၍ ပေါ်ပေါက်လာခဲ့သည်ဟူ၏။ ထိုမြစ်နှစ်သွယ်သည် အစဉ်အတိုင်း စီးဆင်းသွားကြ၍ ချင်ခရန်ဂါ ဒေသ အနီးတွင် ပေါင်းဆုံမိကာ ဧရာဝတီမြစ်ဟူ၍ ဖြစ်လာခဲ့လေသည်။ ထို့နောက် ဧရာဝတီမြစ်သည် အရပ်ဒေသပေါင်းစုံ ဖြတ်သန်း၍ ပင်လယ်ထဲသို့ စီးဝင်လေသည်။ ထို့ကြောင့် ကချင်ရိုးရာတွင် ဧရာဝတီကား ကမ္ဘာလောက၏ အစအဦးမြစ်ပေတည်း။

လူထုဦးလှ (ကချင်ရိုးရာပုံပြင်)

ယဉ်ဧရာ ဖြူဖြူဖွေးရယ်က
တောင်ဘေးမှာ ခွေကာလည်တော့
ခရီးသည် ဟိုအကွေ့ကိုဖြင့်
ကျော်၍သာ မမြင်ရသော်လဲ့
မျှော်၍သာ အထင်ဖြင့်လှခဲ့ပေါ့...

ဇော်ဂျီ

တငြိမ့်ငြိမ့်လျှင် ဧသန်ခွင်က၊
ကြည်လင်မြရောင် ရေကိုဆောင်လျက်၊
ကမ်းတောင်ကုန်းမော် ရှိုမြောင်ကျော်၍၊
ရှင်တော်ပုည မြတ်ဇိနနှင့်၊
ကြက်ကျ ကြက်ယက် ရွှေလျက်သွန်းပုံ၊
ထူပါရုံနှင့် စည်းခုံပုဂံ၊
ရောင်လျှံကွန့်ဖြာ အာနန္ဒာက၊
စသည့်မြတ်ဖြား အပါးပါးကို၊
ဝပ်တွားဆိုက်ဆိုက် ဦးဖြင့်ခိုက်လျက်၊
မကိုဋ်ပန်းသွင် အမြဲဆင်သည်၊
မြယဉ်မဟာမြစ်ဧရာ။ ။

စောမောင်မောင်

ဧရာဝတီမြစ်တွင်းမှ ရွှေမှုန့်များနှင့် ငါးအမျိုးမျိုး ရနိုင်ရုံမျှမက ဧရာဝတီစီးဆင်းရာဒေသ ၀ဲယာ၌လည်း သစ်ပင်ဝါးပင်များ စည်ပင်လျက် ရှိခြင်း၊ ကောက်ပဲသီးနှံများ ဖွံ့ဖြိုးပွားများလျက် ရှိခြင်း၊ မြစ်တလျှောက် ၀ဲယာကမ်းခြေတွင် အဖိုးတန် ရေနံတွင်းများ အမြောက်အမြား ရှိနေခြင်း စသည်ဖြင့် ဧရာဝတီ ၏ အကျိုးကျေးဇူးများကို ဆရာကြီးတိုက်စိုးက သူ၏ ဧရာဝတီစာအုပ်တွင် ရေးသား ဖေါ်ပြခဲ့ပါသည်။

သူ့ကမ်းပါးတွင်
လယ်သမား လုပ်သား စီးပွားတည်ဆောက်
တို့ပြည်မောက်ခဲ့။

သူ့ကမ်းပါးတွင်
ဘုရားပုထိုး မိုးစွင့်တည်ဆောက်
တို့ပြည်မောက်ခဲ့။

သူ့ကမ်းပါးတွင်
ထီးများ နန်းများ ငွားငွားတည်ဆောက်
တို့ပြည်မောက်ခဲ့။

မင်းနေပြည်များ
သူ့ကမ်းပါးတွင် ဟိုနားပေါ်လိုက်
ပျောက်သွားလိုက်နှင့် လှိုင်းရိုက်လောကဓံ
မမြဲပြန်လည်း ငွေလျှံမြနှစ်
ဧရာမြစ်ကား နှစ်ပေါင်းထောင်သောင်း
သိန်းသန်းညောင်းလည်း အားကောင်းစွာပင် စီးဆင်းဆဲ။

အံ့မောင်

မြန်မာလူမျိုးတို့အတွက် ချစ်သော အမိဧရာဝတီ နှစ်ပေါင်းထောင်သောင်း သိန်းသန်း တိုင်မက အနှောက်အယှက် ဘေးရန်ကင်းစွာ အစဉ်သဖြင့် စီးဆင်းနိုင်ပါစေ ဆန္ဒပြုလျက်....။

စုချစ်သူ
၂၃ စက်တင်ဘာ ၂၀၁၁

**************

8 comments:

အမ်တီအန် said...

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

အမ်တီအန် said...

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

PhyoPhyo said...

မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

ကိုအောင် said...

အမရေ၊ ဧရာဝတီမြစ်ကြီးနဲ့ ပက်သက်ပြီး ထပ်တူထပ်မျှ ခံစားရပါတယ်၊ ဧရာဝတီ အဓွန့်ရှည်ပါစေ ...

SHWE ZIN U said...

ညီမ စုချစ်သူ နဲ့ အတူ

ကန့်ကွက်ပါတယ် မြစ်မင်းဧရာ ကမ္ဘာတည် သ၍ ရှိစေသော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

T T Sweet said...

ဧရာဝတီ အစဉ်သဖြင့် သဘာဝအတိုင်း တသွင်သွင် စီးဆင်းနိုင်ပါစေ။

Thu said...

Poet, writers, novelists are good command in artistic and naturalistic views and compositions. I love following story too :
အံ့သြဖွယ်ကောင်းသည်မှာ ဧရာဝတီကို ချစ်သည်ဟု ဆိုကြသော၊ ကျေးဇူးတင်သည်ဟု ဆိုကြသော၊ ဧရာဝတီကို အမှီပြုရပါသည်ဟု ဆိုကြသော ခရီးသည်အပေါင်းတို့သည် ဗန်းမော်မြို့ကို လှမ်းမြင်လိုက်သည်နှင့် လမ်းခရီးတစ်လျှောက် စုဆောင်းလာသော အမှိုက်သရိုက်များကို အားပါးတရ ပစ်ချလိုက်ကြလေတော့သည်။
(ဧရာဝတီ အထက်ပိုင်းဆီသို့ ဆန်တက်သောအခါ)
http://www.myatshu.com/2011/09/20

Thu said...

Poet, writers, novelists are good command in artistic and naturalistic views and compositions. I love following story too.
အံ့သြဖွယ်ကောင်းသည်မှာ ဧရာဝတီကို ချစ်သည်ဟု ဆိုကြသော၊ ကျေးဇူးတင်သည်ဟု ဆိုကြသော၊ ဧရာဝတီကို အမှီပြုရပါသည်ဟု ဆိုကြသော ခရီးသည်အပေါင်းတို့သည် ဗန်းမော်မြို့ကို လှမ်းမြင်လိုက်သည်နှင့် လမ်းခရီးတစ်လျှောက် စုဆောင်းလာသော အမှိုက်သရိုက်များကို အားပါးတရ ပစ်ချလိုက်ကြလေတော့သည်။
(ဧရာဝတီ အထက်ပိုင်းဆီသို့ ဆန်တက်သောအခါ)
http://www.myatshu.com/2011/09/20