Tuesday, August 9, 2011

မိန်းမ ကြောက်ရေး မကြောက်ရေး...

မိန်းမ ကြောက်ရေး မကြောက်ရေး...
ဒို့ အရေး... ဒို့ အရေး...


''ဟေ့ရောင်... မင်း မိန်းမ ကြောက်ရသလားကွ...''

သူငယ်ချင်းတွေက ဒီလိုအမေးမျိုးနဲ့ စူးစမ်းလာတိုင်း ကိုရေချမ်းတစ်ယောက် မကြားချင်ယောင်ဆောင်သလိုလို ဂရုမစိုက်သလိုလို ဟိုလိုလိုဒီလိုလိုနဲ့ ဘာမှပြန်မပြောပဲ ပြုံးတုံ့တုံ့နေလေ့ရှိတယ်။ တခါတခါ သူမလုပ်ချင်တာ တွေကို မိန်းမအကြောင်းပြပြီး ငြင်းလို့ ကာလို့ ရနေတော့ မိန်းမ ကြောက်ရတယ်လို့ လူတကာက ထင်နေတာပဲ တမျိုးတော့ ကောင်းသလိုလို...။


'' မင်းကြည့်ရတာ အတော်ကြောက်နေရတဲ့ ပုံစံမျိုးပါကွာ...''

မြုံစိစိ လုပ်နေတာကို မဖြေမချင်း ထပ်ကာ ထပ်ကာ မေးရုံမက မဖြေ ဖြေအောင် စွပ်စွဲလာပြီဆိုရင်တော့ တကယ်လို့ ဘေးနားမှာလည်း မရွှေစုပါ ရှိနေတယ်ဆိုရင်တော့...

''
ဟေ့ရောင်... ငါက မင်းလို ကြောက်တာ မှုတ်ဖူးကွ... ချစ်တာ... ချစ်တာ... ''

အဲသလို ဆောင့်ကြီး အောင့်ကြီး ပုံစံနဲ့ ပြန်ဖြေလေ့ရှိတယ်။ သူ့ သူငယ်ချင်းတွေကလည်း မခေပါဘူး။


'' အေးပါကွာ... ငတို့ နားလည်ပေးပါတယ်... မရွှေစုက မိန်းမ ကြောက်တယ် မပြောရဘူးလို့ မှာထားတယ် မှုတ်လား... ငါ့ကောင်ကြီးရာ... '' လို့ မနိုင်နိုင်အောင် ပြန်ပြောကြတာပဲ။

ဟိုတစ်နေ့က သူ့သူငယ်ချင်းတွေ တွေ့ကြတဲ့ပွဲ မရွှေစုက နေမကောင်းလို့ မလိုက်နိုင်ဘူး။ ကိုရေချမ်းက ပျင်းလို့ မသွားချင်ဘူး။ အကြောင်းပြချက်ကတော့ မရွှေစု တစ်ယောက်ထဲ ထားခဲ့ရမှာမို့ မလာတော့ဘူးပေါ့။ တကယ်တမ်း သူ့ဘာသာ ပျင်းပြီး မသွားချင်တာ မရွှေစုတို့က သိပြီးသား။ သူ့သူငယ်ချင်းတွေကတော့ ပြောပြီပေါ့... ဒီကောင် ... မိန်းမ မလွှတ်လို့ မလာဘူးပေါ့...။ မရွှေစုတို့ကတော့ ဒီလို ကိစ္စတွေ ခံရပေါင်းများလို့ မကျေနပ်နိုင်ဘူး။ တကယ်လည်း ကိုယ့်ကို မကြောက်ပဲနဲ့ ကြောက်တယ် အထင်ခံနေရတယ်။ လူတွေမေးတော့လည်း ကိုရေချမ်းက မိန်းမ ကြောက်ရပါတယ်လို့ ဟန်ဆောင်ပန်ဆောင်လေးတောင် ဘယ်တော့မှ မပြောဘူး။ မဖြစ်ဘူး... မဖြစ်ဘူး.. ဒီကိစ္စ ဒီည အပြတ် ရှင်းမှ ဖြစ်တော့မယ်။


''
ဒီမယ်... ကိုရေချမ်းရဲ့...''

ထမင်းလုံးစီပြီး မျက်လုံးမှေးစင်းကာ အိပ်ဖို့ပြင်နေတဲ့ ကိုရေချမ်း တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာတဲ့ ခပ်စွာစွာ အသံကြောင့် မျက်လုံးကို မဖွင့်ချင် ဖွင့်ချင် ဖွင့်ကြည့်ရတော့တယ်။


'' သူများ ပြောမယ်... နားထောင်ပေးပါ... ''

'' အေးအေး... ပြောပြော... နားထောင်နေတယ်...''

'' နောက်တစ်ခါ သူများတွေက မိန်းမ ကြောက်ရလား မေးရင် ကြောက်ရတယ် ဖြေပါ...''

'' ဟန်... ဘာလို့တုန်း... ''

အဆက်အစပ်မရှိ ပြောလာတဲ့ စကားကြောင့်
ကိုရေချမ်းတစ်ယောက် အနည်းငယ် မျက်စိကျယ်သွားတယ်။ သူ့စိတ်ထဲ တစ်သက်လုံး ထင်နေတာက မရွှေစုက သူ့ ကြောက်ရတယ်လို့ ပြောရင် မကြိုက်ဖူးလို့ပဲ မှတ်နေတာကိုး။

'' ကိုရေချမ်းတို့ဟာလေ... လှတောသားတွေလောက်တောင် မရိုးသားဘူး...''

''
လှတောသားက ဘာဖြစ်လို့လဲ...''

'' လှတောသားက ပြောတယ်လေ။ လှတောသားတွေ မိန်းမကြောက်ရလားလို့ မေးတော့... အမလေး... ကျနော်... မိန်းမ ကြောက်ရပုံများတော့ ဘာပြောကောင်းမလဲ...ဆရာကြီးရယ်တဲ့... မိန်းမကိုကြောက်ရတဲ့အတိုင်း ငယ်ငယ်တုန်းကဆရာမကို ကြောက်ခဲ့ရင် အခုနေ ပါရဂူဘွဲ့ ၁၀ခုလောက်ရလို့ ပရော်ဖက်ဆာကြီး ဖြစ်နေလောက်ပြီတဲ့... ကဲ...''

''
ဟားဟား... ဟားဟား... မိုက်တယ်ဗျာ... အဲဒီတော့ ကျနော်လည်း အဲသလို ပြောရမှာလား...''

'' အမယ်... မလှောင်ပါနဲ့... ကိုရေချမ်းတို့က မိန်းမကြောက်ရတယ်ဆိုတာ ဂုဏ်ငယ်တယ်များ ထင်နေတာလား... ဆရာကြီးဦးမင်းနွယ် ပြောတဲ့ အိမ်ထောင်ရေး အဘိဓမ္မာဆိုတာ ပြောပြရမလား...''

''
ကဲ... ဆိုပါဦး...ဆရာမရယ်... ''

''
သူ့မိတ်ဆွေတစ်ယောက်ကတဲ့... အိမ်လည်းမကပ်၊ မိန်းမကိုလည်း လခ အပြည့်မပေး၊ ပေတေပြီးပဲ နေနေတော့ မိန်းမက သိပ်ကိုစိတ်ညစ်နေတာပေါ့။ အဲဒီလူက တကယ်တော့ လူကောင်း တစ်ယောက်တဲ့... ဘယ်လိုကနေ ဘယ်လို အဲသလို ဖြစ်သွားမှန်း မသိတာတဲ့။ ဒါနဲ့ သူ့မိန်းမပုံစံကြည့်လိုက်တော့ ရုပ်ကလေး သနားကမားရှိပေမယ့် စိတ်ညစ်နေတာမို့ ဖြစ်ကတတ်ဆန်းနေ၊ စိတ်မကြည်တော့ ယောက်ျားကိုလည်း နေ့စဉ် ဆူဆူပူပူတွေလုပ်၊ အိမ်ကို ကြည့်လိုက်တော့လည်း ရှုပ်ရှက်တွေခတ်နေ၊ အဲသာနဲ့ ဆရာကြီးက ယောက်ျားကို ဆူဆူပူပူ မလုပ်ဖို့၊ အိမ်ကိုလည်း သန့်သန့်ပြန့်ပြန့်လေး နေချင့်စဖွယ်ထားဖို့၊ စားကောင်းသောက်ကောင်းတွေ ချက်ကျွေးဖို့၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြင်ပြင်ဆင်ဆင်လေး နေဖို့ အဲဒီ အမျိုးသမီးကို အကြံပေးခဲ့သတဲ့...''

''
အင်း...''

'' အဲသာနဲ့ ၆လလောက်ကြာပြီး သူတို့ဘယ်လိုနေကြလဲ စုံစမ်းကြည့်တော့ ဒီလူနဲ့တေဖေါ်တေဖက် အပေါင်းအသင်းတွေက စကားတင်းဆိုကြတာပေါ့။ ဒီကောင် ဘာဖြစ်မှန်း မသိပါဘူး။ ပေါင်းလို့ သင်းလို့ မကောင်းတော့ဘူး... အရင်လို ခေါ်လို့လည်း မလိုက်ဘူး။ မိန်းမ ဒီလောက်ကြောက်နေတာ ဆေးများမိနေပြီလား မသိဘူးလို့ ပြောကြသတဲ့...။ ဘာလို့ဆို သူ့မိန်းမက ဆရာကြီးဦးမင်းနွယ် အကြံပေးတဲ့အတိုင်း လိုက်လုပ်တာကိုး...''

'' ဒီတော့...''

''
ဒီတော့ ... ဘာဖြစ်ရမလဲတော့... လိမ္မာတဲ့ တော်တဲ့ မိန်းမတွေကို သူတို့ယောက်ျားတွေ ကြောက်ရတာပေါ့... ဟုတ်တာလုပ်နေတဲ့သူလက်ထဲမှာ ဘယ်သူမှ မဟုတ်တာ မလုပ်ရဲတော့ဘူးပေါ့... အဲဒီတော့ မိန်းမ ကြောက်ရတယ်လို့ ပြောတာ ဘာဖြစ်လဲ... ဂုဏ်ငယ်သွားလား၊ ကိုယ့်မိန်းမ တော်လို့ ကြောက်ရတယ်ဖြစ်တော့ ကိုယ်က ပိုတောင် ဂုဏ်ရှိသွားသေးတယ်... သူများပြောတာ...မှုတ်ဖူးလား... ကဲ... ''

'' အင်း... အင်း... ဟုတ်ပါတယ်ဗျာ... ဟုတ်ပါတယ်...''

''
ဟင်း... ဒါတောင် မိန်းမကြောက်ရလို့ အောင်မြင်သွားတဲ့ ကမ္ဘာကျော်လူတွေအကြောင်း သူများ ဖတ်ထားတာတွေ ပြောပြဖို့ ကျန်သေးတယ်။ ဒီညတော့ အချိန်မရှိတော့လို့...''

အချိန်မရှိတော့လို့ လို့ မရွှေစုက ဟန်နှင့်ပန်နှင့် ပြောလာတဲ့အခါ ကိုရေချမ်းခမျာ ထိတ်ကနဲနေအောင် ၀မ်းသာသွားမိတော့တယ်။ နောက်ထပ် ဆက် နားမထောင်ရတော့ဘူးဆိုရင် ဘာပဲ ဖြစ်ဖြစ် ထောက်ခံလိုက်ဖို့က အသင့်ပြင်ထားရသေးတယ်။


'' အဲဒီတော့ နောက်တစ်ခါ သူများတကာက မိန်းမကြောက်ရလားမေးလာရင် ... အေးကွာ... ကြောက်တယ်ပဲ ပြောလိုက်... ကြောက်တယ်... ဘာဖြစ်လဲ...။ ကဲ... ကဲ... အခု သူများ ရှေ့က တိုင်ပေးမနော်.. ဘာလိုက်ဆိုရမလဲဆိုတာ ကိုယ့်ဘာသာ သိနော်... စမယ်နော်... မိန်းမကြောက်ရေး... မကြောက်ရေး...''

''
ဒို့ အရေး... ဒို့ အရေး...''

'' ဟိ...Good!!! My hubby is so smart... now you can be going to sleep peacefully....Good night....!!! ''

နောက်ဆုံးမတော့ ပြောင်စပ်ပြောင်စပ်နဲ့ ပြောပြီး အပြင်ပြန်ထွက်သွားတဲ့ မရွှေစုကို ကြည့်ပြီး ကိုရေချမ်းလည်း လွတ်ပြီ ကျွတ်ပြီဆိုကာ သက်ပြင်းလေးခိုးချ၊ သူ့မိန်းမ ရူးတူးတူး ပေါတောတောကို အလိုလိုက် ခွင့်လွှတ်နေကြအတိုင်း ခွင့်လွှတ်ပြီး သူဆိုစေချင်တဲ့အတိုင်း လိုက်ဆိုတာတွေ လုပ်ပြီးတဲ့နောက် အိပ်ဖို့ ပြင်ရလေတော့တယ်။ နို့မို့ ဆက်ငြင်းနေရင် ဒီည အိပ်ရမှာ မှုတ်ဖူးလေ...။

အိပ်နေရင်းနဲ့တော့ အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီး ငြိမ်းချမ်းတယ်လို့များ တွေးနေသေးလား မသိ...။


ပြီးပါပြီ...။ ။
စုချစ်

+++++++++++

10 comments:

Sonata Cantata said...

မိန်းမကြောက်တာကောင်းတယ်.. မိန်းမကြောက်တာ မကောင်းဘူး ခေါင်းစဉ်နဲ့ စကားနပန်း အစီအစဉ် နောက်တပို့စ် ရေးပေးပါ.. ကိုရေချမ်းနဲ့ မရွှေစုရေ..း)

သက်ဝေ said...

ပျောက်နေတာ ကြာလှပေါ့ စုချစ်ရေ... သတိရနေတာ...

(((နောက်တစ်ခါ သူများတွေက မိန်းမ ကြောက်ရလား မေးရင် ကြောက်ရတယ် ဖြေပါ...)))

တွေ့မှ သေသေချာချာ မေးကြည့်အုံးမယ်... :D :D :D

စုချစ် said...

အစ်မသီတာတို့ ၀င်ကူပြောပေးမယ်ဆိုရင် လုပ်လိုက်မယ်လေ... ဟီး...

အစ်မသက်ဝေရေ... အစ်မကို အကြွေးပေးစရာ သတိရနေတာ.... မရေးရသေးလို့ စိတ်ထဲ မလုံလှဘူး...

အစ်မ သူငယ်ချင်းတော့... တွေ့ရင် မေးကြည့်ပါ...ဟီး... ပြုံးပြမှာတော့ သေချာတယ်....း)

ကိုအောင် said...

အိမ်မက်ထဲမှာ ကြောက်ရတဲ့ မိန်းမကြောက်နည်းဆိုရင်တော့ ကောင်းပါတယ် ... :P

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကိုရေချမ်းနှလုံးမူပြီးအိပ်တာဘဲကောင်းပါတယ်-

ကိုခိုင် said...

လေ့လာ
ဖတ်မှတ်သွားပါသည်။ :D

ဦးရေချမ်းနဲ့ဒေါ်ရွေစုတို့
ပျော်ရွင်ချမ်းမြေ့ကြပါစေဗျာ။

ကိုခိုင်

rose said...

ကြီးစုရေ... ပို့စ်လေး ဖတ်ပြီး ပြုံးမိတယ်။ ကြီးစုရဲ့ ရေးဟန်လေး အတိုင်း အမြဲ ချစ်ဖို့ကောင်းတယ်း))

မေဓာဝီ said...

မစုရေးတာ ဖတ်ပြီးရယ်လိုက်ရတာ။ ကာတွန်းပုံလေးကလဲ ချစ်စရာလေး။
ကိုရေချမ်းကြီးခမျာ သနားပါတယ်။ မစုက ပါးချိတ်ကို ထိုးလိုက်တာ ထမင်းတောင် စားနိုင်ပါ့မလားမသိဘူး။ အဲလောက် မကြမ်းနဲ့လေ :))

The Queen said...

100% agree to Ama SUCHIT.

မီးငယ် said...

ချြစ်တဲ့ ကြီးစုရေ .. အနော့်အိမ်လေးမှာလည်း လင့်ချိတ်လိုက်ပီ။ ဘယ်နားမှာရေးရမှန်းမသိလို့ အနော် အကြိုက်ဆုံးပို့စ်မှာ လာရေးတာ .. ခိခိ ။