ကြက်ကုပ်ပေမယ့် တိုက်ပွဲသွင်းရမှာဘဲ
ဗန်းမော်ဆရာတော်သည် တပည့်၊ ရဟန်း၊ သာမေဏေများကို အမြဲမပြတ် သွန်သင်ဆုံးမတက်သော အလေ့ရှိသည့်အတိုင်း ဥပုသ်နေ့ ညတည ဘုရားဝတ်တက်အပြီးတွင် စာဝါကလည်းနားသောနေ့ဖြစ်၍ အချိန်အတော်ကြာအောင် ပြောဆိုဆုံးမသည်။
ရဟန်းရောသာမဏေများပါ တပါးစီ မေးမြန်းပြောဆိုဆုံးမနေရာ ကိုရင်ကြီးတပါးအလှည့်သို့ ရောက် သွားလေသည်။ ထိုကိုရင်ကြီးမှာ အခြား ရဟန်း၊ သာမဏေများကဲ့သို့ လန်းလန်းဆန်းဆန်း ရွှင်ရွှင်ပြပြ မရှိပေ။ ကုပ်ချောင်ချောင်း မှုံတေတေဖြစ်နေသည်။ စာပေပရိယတ္တိမှာလည်း ဖျင်းအလှသည်။
ဗန်းမော်ဆရာတော်က ထိုကိုရင်ကုပ်ချောင်းကြီးကို အကြောင်းပြုပြီး ကိုရင်နစ်နာစေရန် တိုက်ရိုက် ဆုံးမတော်မမူဘဲ ရွှင်ပြလာစေရန် သွယ်ဝိုက်၍ ဆုံးမလိုသောကြောင့် အောက်ပါပုံပြင်ကို ပြောဆို ဆုံးမလေသည်။
********************************
ရှေးအခါက ရွာတရွာမှာ ကြက်၊မွေးမြူရေးသမားတယောက် ရှိလေသည်။ ထိုကြက်မွေးမြူရေး သမား သည် သားဖောက်ခြင်း၊ အစာကျွေးခြင်း၊ ကြက်များ၏ ကျန်းမာရေးကို အထူးဂရုစိုက်ခြင်း စသည်ဖြင့် နေ့စဉ်ပင် ပြုလုပ်နေရပေသည်။
တနေ့တွင် ကြက်မတကောင်မှ ပေါက်သည့် သားပေါက်ကလေး ရှစ်ကောင်တည်းမှ တကောင် သော ကြက်သားပေါက်ကလေးမှာ အခြားကြက်ပေါက် ၇-ကောင်ကဲ့သို့ လန်းဆန်းမှုမရှိသည်ကို တွေ့ရလေသည်။ ကြက်ပေါက် ၇-ကောင်မှာကား လန်းဆန်းလှပြီး ကြက်မကြီးဝပ်နေသည့် ကျော ပေါ် သို့ ခုန်လိုက်တက်လိုက်လုပ်နေသည်ကို ၄င်းမိခင်ကြက်မကြီးက အစာရှိရာကို နှုတ်သီးဖြင့် ညွှန်ပြပြီး '' ကွတ်ကွတ်၊ ကွတ်ကွတ် '' ဟူသော အသံပြုရာသို့ ကြက်ပေါက်ကလေး ၇-ကောင်က ၀ိုင်းအုံ၍ '' ပိညှပ် '' သံရောထွေးလျက် အစာကောက်နေကြသည်ကို၎င်း မြင်ရ၍ ကြက်မွေးမြူသူ မှာ ရွှင်ပြလှသည်။ တကောင်သောကြက်ကလေးမှာကား ဟိုနားကျန်လိုက် သည်နားကျန်လိုက်နှင့် အခြားကြက်ကလေးများကဲ့သို့ မရွှင်ပြ မပီပြင်ဘဲ ကုပ်ချောင်ချောင်းကလေးသာ ဖြစ်နေသည်။ သို့သော် မွေးမြူသူမှာ ထိုကြက်ကုပ်ကလေးကို အထူးဂရုစိုက်၍ ကျွေးမွေးသည်။ ကျန်းမာရေးကိုပြု ပြင်သည်။
ထိုကြက်မွေးမြူသူသည် ရက်ကလေး အတော်ရလာပြီး ဖြစ်သည့်အတိုင်း ကြက်ကုပ်ကလေးမှအပ အခြားကြက်ကလေးများကား မြီးကောင်ပေါက်ပြီး ရောင်းလောက်လာ၍ ရောင်းချလိုက်လေသည်။
သို့သော် ထိုကြက်ကုပ်ကလေးမှာကား ရောင်းချသည့်အထဲတွင် မပါရှိဘဲ ကျန်နေပေသည်။ အထူး ဂရုတစိုက်လည်း ပြုပြင်နေသည်။ ကြက်ကလေးကားအနည်းငယ်ကြီးပြင်းလာရုံမှအပ ကုပ်ချောင်းချောင်း ဖြစ်နေဆဲပင် ရှိသေးသည်။ သို့သော် ထိုသူမှာ ကြက်ကုပ်ကလေး၏ အသွင်ပြောင်းလဲမှုကို သာအစဉ် ရှေးရှုနေသူဖြစ်သည်။
မိတ်ဆွေတယောက် အိမ်ရောက်လာတိုင်း ကြက်ကုပ်ကလေး၏ အသွင်ပြောင်းလဲမှုကို ကြံကြံဖန် ဖန် ရှာပြီးပြောလေ့ရှိသည်။ တနေ့ မိတ်ဆွေတယောက် အိမ်လာလည်ရာတွင်.....
'' ဘယ်နှယ်လဲမိတ်ဆွေ ကျနော့ ကြက်ကလေး ကြည့်ရတာ ထူးခြားမလာဘူးလား။အတက်ကလေး တွေတော့ အတော်ထွက်နေပြီဗျ၊ ကျနော်တော့တိုက်ကြက်အစစ်ဖြစ်လိမ့်မယ်လို့တော့ထင်တယ်ဗျ'' ဟုမွေးမြူသူက ပြောဆိုရာ အလည်ရောက်ရှိလာသည့် မိတ်ဆွေကလည်း.....
'' ခင်ဗျား ကြက် စွန်မယ်ဗျ၊ ကြက်ကလေးက အစအနရှိပါတယ် '' ဟု ရေလာမြောင်းပေး ပြောဆိုလိုက်လေသည်။ ကြက်မွေးသူလည်း သဘောတွေ့သွားသည်။
များမကြာမီ အခြားရွာတရွာမှ ကြက်သမားတဦးနှင့် ကြက်တိုက်ရန် အစီအစဉ် ပြုလုပ်ကြတော့ သည်။ မည်သူကမြှောက်ထားသည်မသိ ကြက်တိုက်ပွဲမှာ လောင်းကြေး တဘက်နှင့်တဘက် အတော်များကြသည်။ ကြက်ကုပ်ကလေးမွေးမြူသူမှာ မိမိကြက်အား မုချအနိုင်ရမည်ဟု ယူဆကာ ရှိသမျှစည်းစိမ်နှင့်တကွ အိမ်ပါထည့်၍ လောင်းကြေးထည့်သွင်းလိုက်သည်။
ကြက်တိုက်ပွဲကား စကြပြီ၊ လူများမှာလည်း တဘက်နှင့်တဘက် အုတ်အုတ်ကြက်ကြက် ဖြစ်နေသည်။ ကြက်ထိန်းများကလည်း တဘက်နှင့်တဘက်အားတက်သရော '' ခွပ်လိုက်ကွချက်ကောင်းကို '' ဟု အားပေးနေကြသည်။ ကြက်ကုပ်ကလေးကလည်း သူ့အစွမ်းရှိသလောက် တဘက်ရန်သူကြက်ကို ပြန်လှန်၍ ခွပ်လိုက်သည့်အခါ ပိုင်ရှင်နှင့်တကွ ဘက်တော်သားများ အားရကျေနပ်စွာ အော်ဟစ်၍ အားပေးကြသည်။
ကြက်ကုပ်ကလေးမှာ တာရှည်ပြန်၍ မခွပ်နိုင်ရှာဘဲ နောက်တချက် ရန်သူကြက်က ပြန်အခွပ်တွင် ချက်ကောင်းမိသွား၍ ကွင်းထဲမှာပင် စင်းစင်းသေသွားရှာတော့သည်။
ဤတွင် ဗန်းမော်ဆရာတော်က ကိုရင်ကြီးအား.....
'' မင်းလဲ ကုပ်ချောင်းချောင်း လုပ်မနေနဲ့ ကွင်းထဲရောက်မှ အစင်းသားဖြစ်နေမယ်။ ငါကတော့ ငါ့ တိုက်ကထွက်ရင် ကြက်ကောင်းချည်း အောက်မေ့မှာဘဲ၊ ကြိုးစားအားထုတ်ကြပေါ့ကွာ၊ စာဟာ ကျက်ရင်ရပါတယ် '' ဟု ကိုရင်ကြီးကို အကြောင်းပြု၍ အခြား တပည့် ရဟန်း၊ သာမဏေများကိုပါ သွယ်ဝိုက်၍ ဆုံးမလိုက်တော့သည်။
တပည့် ရဟန်း၊ သာမဏေများသည် ဆရာတော်အား ကန်တော့ပြီးကျောင်းအသီးသီးသို့ပြန်သွား ကြတော့သည်။
********************************
1 comment:
စုချစ်ရေ--
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
စာဋ္ဌေကွးတွေလာဖတ်သွားတယ်ဗျာ-
ခရီးသွားနေလို့လေ-
ဖတ်စရာမှတ်စရာစာတွေမပင်မပန်းတင်ပေးနေတဲ့အတွက်
သာဓု - သာဓု - သာဓု - ပါခင်ဗျာ
Post a Comment