Monday, March 8, 2010

၄၇။ သုံးခွန်းသောစကားပုံပြင်

သုံးခွန်းသောစကားပုံပြင်

မင်းတုန်းမင်းကြီးသည် ဗန်းမော်ဆရာတော်အား နန်းတွင်းသို့ မကြာမကြာပင့်ပြီး ဆွမ်းကပ်လေ့ရှိသည်။

''ဆရာတော်ဘုရား... တပည့်တော်လဲ ချွေရံသင်းပင်းများစွာနှင့် ထီးနန်းစည်းစိမ်ကို ခံစားနေရပေမဲ့ အရွယ်ဟိုင်းလို့ ဇရာပိုင်းရောက်လာသည့်အတိုင်း လောကီနယ်ကထွက်ပြီး လောကုတ္တရာနယ်ထဲ ရောက်နိုင်မဲ့ တရားထူးလေးများ ရှာပြီးဟောပါအုံးဘုရား''ဟု မင်းတုန်းမင်းက ဗန်းမော်ဆရာတော်အား လျှောက်ထားလေသည်။

ထိုအခါ ဗန်းမော်ဆရာတော်က မင်းတုန်းမင်းကြီးအား '' တကာတော်ရေမြေ့ရှင် လျှောက်ထားတဲ့ အကြိမ်ပေါင်းလဲများလှပြီ၊ ဟောရတဲ့တရားလဲ များလှပါပြီ၊ ကဲ... ဒီတခါ ဥပမာတခုပေးကာ ဟောရအုံးမှာပေါ့'' ဟု မိန့်တော်မူပြီး အောက်ပါပုံပြင်တခုကို ထုတ်ဆောင်၍ ဟောကြားလေသည်။

ရှေးအခါက ရွာတရွာတွင် အိမ်ထောင်ဦးစီးတယောက်မှာ သားကျွေးမှု၊ မယားကျွေးမှုပြုလုပ်နေရာ၊ ဘာပညာမှလည်းတက်ကျွမ်းနားလည်မှုမရှိ၍ အခက်အခဲတွေ့နေရသည်။ မယားလုပ်သူကလည်း ''သားကလေးကလဲကြီးလာဘီ၊ ရှင်ပြုရတော့မယ်၊ စီးပွားဥစ္စာကလဲ လုံးပါးပါးနေတယ်၊ တော် ဒီအတိုင်းနေလို့ မဖြစ်ဘူး တခုခုလုပ်မှဖြစ်မယ်'' ဟု လင်သားအပေါ်မှာ ဆူပူကြိမ်းမောင်းလေသည်။

လင်ဖြစ်သူသည် စိတ်ညစ်ညစ်နှင့် ရှိစု၊ မဲ့စုငွေကလေးများစုဆောင်းပြီး အသာပြာ ၃၀၀ိ ပိုက်၍ မယားကျွေးမှု၊ သားကျွေးမှုအတွက် အရပ်တပါးသို့ ပညာရှာရန်ထွက်ခဲ့လေသည်။

သို့နှင့်တရွာဝင် တရွာထွက် ပညာရှာထွက်ခဲ့ရာ သုံးနှစ်ကျော်အချိန်အထိ ဘာပညာမှမရသေးဘဲရှိ နေခဲ့သည်။ နောက်ဆုံးပညာရနိုင်သည့်နေရာ ရှာဖွေစူးစမ်းရာ ဒီသာပါမောက္ခဆရာကြီးထံ ရောက်သွားလေသည်။

ဆရာကြီးက ဤပုဂ္ဂိုလ်၏ ကြံအင်လက္ခဏာကြည့်၍တကြောင်း၊ အသက်အရွယ်ထောက်၍ တကြောင်း၊ အချိန်တိုစနစ်နှင့် ပညာသင်ပေးမှဖြစ်မည်ဟု ကြံစီတွေးတောပြီး၊ အောက်ပါ စကားသုံးခွန်းကို သင်ကြားပေးလေသည်။

ဒီသာပါမောက္ခဆရာကြီးသည် ထိုပညာမဲ့တပည့်အား ကြည့်ကာ ''မင်းမှာ ဉာဏ်ပူဇော်ခ အသပြာ ကောပါရဲ့လား'' ဟုမေးလေသည်။

''ဟုတ်ကဲ့ဆရာကြီး ရှိစုမဲ့စုကလေးစုလာတဲ့ အသပြာ ၃၀၀ိတော့ပါပါတယ်ခင်ဗျား'' ဟုပြန်ပြောလေသည်။

''ကဲ ၃၀၀ိနဲ့တန်အောင်တော့ ပညာပေးရသေးတာပေါ့ကွာ စကားသုံးခွန်းသင်ပေးမယ် နားစိုက်ထောင်နော်'' ဟုပြောပြီး အောက်ပါစကားသုံးခွန်းကို သင်ကြားပေးလေသည်။

(၁) ကုလားသေ၊ ကုလားမော မအိပ်ရာ ပေးကွဲ့ငွေတရာ။
ဟု သင်ပေးရာ ''ဟုတ်ကဲ့ပါဆရာကြီး'' ဟု ပြောပြောဆိုဆို အိတ်ထဲက အသပြာ ၁၀၀ိ ကို ထုတ်ပေးလေသည်။ ထို့နောက် ဆရာကြီးက...

(၂) ရေချိုးဆိပ်မှာ မချိုးရာ ပေးကွဲ့ငွေတရာ။
ဟု ဆရာကြီးက သင်ပေးပြန်ရာ ''ဟုတ်ကဲ့ပါဆရာကြီး'' ဟု ပြောပြောဆိုဆိုပင် အိတ်ထဲမှ ငွေတရာ ကိုထုတ်ပေးပြန်သည်။

(၃) မစူးစမ်းမဆင်ချင် မပြုရာ ပေးကွဲ့ငွေတရာ။
ဟု သင်ပေးပြန်လေသည်။

ထိုအခါ ပညာမဲ့တပည့်က ပညာရ၍ အားရကျေနပ်စွာဖြင့် အိတ်ထဲမှ ကျန်နေသည့်ငွေတရာကို ထုတ်၍ ပူဇော်လိုက်သည်။ ပညာမဲ့တပည့်သည် ပညာရ၍ အားရ၀မ်းသာနှင့်ဆရာကြီးအားပြန်ရန် ကန်တော့ရာ ဆရာကြီးက ''မင်း... အဲဒီသုံးခွန်းသောစကားမြဲမြဲသာမှတ်ထား'' ဟုပြောပြီး ပြန်လွှတ် လိုက်လေသည်။

လမ်းခုလတ်ရွာတရွာတွင် နေကလည်းဝင်သွားပြီဖြစ်၍ အချိန်မရသည်နှင့် ထိုရွာ၏ အနီးရှိ ဇရပ်တဆောင်ပေါ် သို့ တက်ရောက်တည်းခိုပြီး အိပ်မည်ဟု ကြံစည်လေသည်။

ဆရာကြီးသင်ပေးလိုက်သည့် စကားများကို စိတ်ထဲကတွေးတောမိပြီး၊ ခရီးကလည်းပမ်းလာသည်ဖြစ်၍ အနည်းငယ် သက်သာရာရရုံမှိန်း၍သာ နေလေသည်။

သန်းခေါင်ကျော်အချိန်တွင် ဇရပ်ပေါ်ရှိ လူသားစားဘီးလူးမတကောင်သည် ထိုလူသားအား စားမည် အပြုတွင်.....
အိပ်မပျော်သောလူသားက ဘီးလူးမ၏လက်ကို တအားဆွဲ၍ ကျောကိုထောင်းထုတော့သည်။ ဘီးလူးမသည် အပွဲပွဲနွဲလာ ပြီး သည်တပွဲကျမှ ခံလိုက်ရခြင်းဖြစ်၍ ကြောက်အား၊ လန့်အားနှင့် ''အသက်ချမ်းသာပေးပါ၊ ဟောဒီ ရွှေသုံးပိသာယူပါ'' ဟု တောင်းပန်ပြောဆိုမှ ဘီလူးမကို လွှတ် လိုက်လေသည်။ ထိုသူသည်မိုးစင်စငိလင်းအထိ မအိပ်တော့ပေ။

ဤတွင်လူသားသည် ဆရာကြီးသင်ပေးလိုက်သည့် ''ကုလားသေ၊ ကုလားမော မအိပ်ရာ'' ဟူသော စကားအလွန် မှန်ကန်ကြောင်းသဘောပေါက်ပြီး ရွှေသုံးပိသာပိုက်၍ နောက်တနေ့တွင် ခရီးဆက်ခဲ့လေသည်။

လမ်းခုလပ် မြစ်ကမ်းပါးအနီး ရေချိုးဆိပ်သို့ရောက်လျှင် ရေချိုးရန်စိတ်ကူးထားလေသည်။ လူ အများရေချိုးရာ ရေဆိပ် ဖြစ်၍ ရေချိုးသူတွေ ရှုတ်ထွေးနေသည်ကိုလည်း တွေ့ရပြန်သည်။ ထို အခါ ဆရာကြီးမှာလိုက်သည့် ''ရေချိုးဆိပ်မှာ မချိုးရာ'' ဟူသော စကားကိုပြေး၍သတိယမိပြန် သည်။ ထို့ကြောင့် ထိုလူပေါများသည့်ရေဆိပ်တွင် ရေမချိုးတော့ဘဲ အခြားလူမရှိသည့် မြစ်အထက်ဘက်သို့သွားရောက်ပြီး ရေချိုးလေသည်။ ရေချိုးအပြီး အိမ်သို့အမြန်ရောက်ချင်ဇောဖြင့် အ၀တ်လဲ၍ ခတ်သုတ်သုတ် ခရီးဆက်ခဲ့သည်။ ခရီးအတော်လှမ်းလှမ်းရောက်သွားမှ ရေချိုး သည့် နေရာတွင် ရွှေသုံးပိသာကျန်ရစ်ခဲ့ကြောင်း သိရတော့သည်။ ဤတွင်မှ ကပြာကသီပြေး၍ ရေချိုးသည့်နေရာပြန်ကြည့်ရာ ရွှေသုံးပိသာမှာ နေရာမပျက်တွေ့ခဲ့ရသည်။ ''ရေချိုးဆိပ်မှာ မချိုးရာ'' ဟူသော ဆရာ့စကား အလွန်မှန်ကန်ကြောင်း တွေ့ရပြန်သည်။

ဆရာကြီးသင်ပေးလိုက်သည့် စကားများကို အမြဲနှလုံးသွင်း၍ အိမ်သို့အမြန် ပြန်ရောက်ရန်ခရီး ဆက်ခဲ့ပြန်သည်။ အိမ်ဝင်း အနီးသို့ရောက်ခဲ့ပေပြီ။ မယားအလှကို ရွှေစများပြချင်နေ၍ အိမ်ပေါ် သို့ လှမ်းကြည့်ရာ ခလေးသံနှင့် ဆူညံသံသာ ကြား နေရသည်။ ခတ်လှမ်းလှမ်းကမို့ ခလေးရော လူကြီးပါ မတွေ့ရသေးပေ။ အိမ်ပေါ် သို့တက်ရောက်မိသည်နှင့် ပုဏ္ဏားကွယ် ( ရင်ဖုံးကဲလား ) ကွယ်နေသည့် အခန်းတွင်းဝယ် ချစ်မယားသည် ကာလသားလူငယ် တယောက်နှင့် အတူတွဲအိပ် နေသည်ကို မြင်လိုက်ရာ၊ ထိုသူမှာ ''မျက်စပ်ပိုးဝင် ဆံတပင်တင်း ချစ်ခြင်းမယား'' ဟူသကဲ့သို့ ဒေါသဖြစ်သွားကာ ဒုတ်ဆွဲ၍ ရိုက်မည်ပြုလိုက်လေသည်။

ဤတွင်ထိုသူသည် ဆရာကြီးသင်ကြားလိုက်သည့် ''မစူးစမ်းမဆင်ချင် မပြုရာ'' ဟူသော စကားကို သွား၍ သတိရပြန်သည်။ နောက်စုံစမ်းမေးမြန်းကြည့်တော့မှ ၁၃-နှစ်သားက ထားခဲ့ သည့် အကြီးဆုံးသားဖြစ်နေကြောင်း သိရတော့သည်။ နောက်တွင်ကား အကြောင်းစုံသိရပြီး ပါလာသည့် ရွှေသုံးပိသာနှင့် မိသားစုအားလုံး ပျော်ရွှင်မဆုံးဖြစ်ကာ သာတောင့်သာယာ နေထိုင် သွားကြတော့သည်။

အဲဒီဥပမာကို နမူနာယူပြီး အိမ်ထောင်သားမွေး ကိစ္စတွေနဲ့စာရှုတ်ထွေးနေရသည့်သူသည် စကားသုံးခွန်းကို မဏ္ဏိုင်ထား သကဲ့သို့ တကာတော်ရေမြေ့ရှင်လည်း ''အနိစ္စ၊ ဒုက္ခ၊ အနတ္တ'' တည်းဟူသော လက္ခဏာရေးသုံးပါးကို ပွားများပြီးသာနေပါဟု ဗန်းမော်ဆရာတော်က မင်းတုန်းမင်းကြီးအား မိန့်ကြားပြောဆိုလေရာ မင်းတြားကြီးမှာ များစွာကျေနပ်သွားလေတော့သည်။

********************************

1 comment:

ဂျစ်တူး ( မုံရွာ ) said...

အင်း---
သုံးခွန်းသောစကားတယ်ကောင်း-
သာဓု သာဓု သာဓု