Sunday, March 21, 2010

၅၃။ မှားရုံသာမှား ဆက်မမိုက်နဲ့

မှားရုံသာမှား ဆက်မမိုက်နဲ့

ဗန်းမော်ဆရာတော်၏ တပည့် သာမဏေများစွာတို့ အနက်မှ ရှင်က၀ိဆိုသော သာမဏေသည် ရဟန်းတက်မှာလား၊ လူထွက်မှာလားဟု မဝေခွဲနိုင်ဘဲ လွန်ဆွဲပြီး စိတ်ကစားနေသည်။ ကိုရင်က၀ိသည် အစပထမက ရဟန်းတက်ဘို့ရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။ သို့ကြောင့်လည်း သဒ္ဒါ၊ သင်္ဂြိုလ်နှင့်တကွ ဒွေး၊ မာတိကာ စသော အခြေပြု ပရိယတ် စာပေများကို သင်ယူတတ်မြောက်ထားပြီး ဖြစ်နေသည်။ သီတင်းသုံးဘော်များကလည်း ရှင်က၀ိ စာကြိုးစားသည်ဟုပင် အသိအမှတ်ပြုထားကြသည်။

သို့သော် ရှင်က၀ိစိတ်ထဲတွင် နေ့တမျိုး ညတမျိုး ပြောင်းလဲနေသည့် စိတ်အစဉ်ကို မည်သူမျှ အကဲမခတ်မိကြပေ။ ရှင်က၀ိမှာ စာတက်ချိန်၊ ဆွန်းခံချိန် တို့ကို မှန်မှန်ပင် ပြုလုပ်နေသောကြောင့် ဖြစ်သည်။ ရှင်က၀ိမှာ သာသနာဘက်မှာ အားနည်းချက်တွေ ပေါ် ထွက်နေသည်။ ရွာက မိအိုဖအို များကို မြင်လာသည်။ လူထွက် ပြီးလုပ်ကျွေးချင်နေသည်။ သာသနာတော်မှာ ပို၍အားနည်း ချက်ဖြစ်ပေါ်နေသော အကြောင်းကား ငယ်ရီးစား မထွေးခင်၏ မျက်နှာရိပ်အစဉ်များ သူသင်အံနေသည့် စာရွက်တွေပေါ်မှာ ထင်မြင်နေသည်။ ဧကသီကို ခြေနှစ်ဘက်ဖြင့် ဖိပြီး ခေါင်းမြီးတင်းလောက်အောင် ခြုံ၍အိပ်သည့်အခါတိုင်းလည်း မထွေးခင်၏မျက်နှာရိပ်တွေ တရစ်ဝဲ၀ဲသာဖြစ်ပေါ်နေရသည်။

ရှင်က၀ိသည် ဆရာတော်ထံ လူဝတ်လဲရန် တကြိမ် နှစ်ကြိမ်တိုင် လျှောက်ထားသည်။ ခွင့်မရခဲ့ပေ။ သည်တကြိမ် လျှောက်ရင်တော့ ခွင့်ရလဲထွက်၊ မရလဲထွက်မည်ဟု ရှင်က၀ိက ဆုံးဖြတ်ထားလေသည်။

''သာသနာဘောင်နေရတာ စိတ်ချမ်းသာပါတယ်ကွာ ဘာလို့ ထွက်ချင်ရတာလဲ'' ဟုဆရာတော်ကမေးသည်။
''မှန်ပါ၊ မိအိုဖအိုများ လုပ်ကျွေးချင်လို့ပါဘုရား'' ဟု ရှင်က၀ိက လျှောက်ထားလေသည်။
''ရှေးလူဆိုတာ သူ့ကံနဲ့ သူချည့်ဘဲကွ မထွက်ဘဲနေနိုင်ရင် အကောင်းဆုံးဘဲ'' ဟုဆရာတော်ထံမှ နောက်ဆုံး တတိယအကြိမ် လျှောက်ထားရာတွင်ပြောလိုက်သည်။

ရှင်က၀ိမှာ ဆုံးဖြတ်ထားသည့်အတိုင်း အခြား သီတင်းသုံးဘော်များက အတန်တန်တားကြသော်လည်း နောက်ဆုံးတွင် လူဝတ်လဲကာ အိမ်ပြန်ခဲ့တော့သည်။

ရှင်က၀ိတဖြစ်လဲ မောင်ကျော်မြင့်မှာ ရွာသို့ရောက်သည့်အချိန်တွင် မိဘနှစ်ပါးနှင့်တကွ ဆွေမျိုး သားချင်း ငယ်ငယ်ကရောင်းရင်းတွေနဲ့ တရုံးရုံးတပြုံးပြုံးဖြစ်ကာ မောင်ကျော်မြင့်အဘို့ အပျော်ဆုံး နေ့များ ဖြစ်နေပေသည်။

ခြောက်လလောက်အကြာမှာ ငယ်ရီးစား မထွေးခင်နှင့်ပင် အကြောင်းဆုံရသည်။ မောင်ကျော်မြင့် သည် မထွေးခင်နှင့်ငြားစရက်တွေ အချိန်တွေမှာ မထွေးခင်မျက်နှာကို အမြဲကြည့်နေချင်သည်။ ကြားကလေသွေး ဝေးတယ်ဆိုတာ မှန်သည်ဟု မောင်ကျော်မြင့်က ယူဆနေသည်။ မောင်ကျော်မြင့်က ဇာတ်မင်းသားဦးစိန်ကတုံးကြီး၏ သစ္စာထား နှစ်ပါးသွားသီချင်းကို သွားသတိရသည်။ ဦးစိန်ကတုံးက သူ့မယားလောက်လှတာ ဗမာပြည်မြို့ရွာအနှံ့လိုက်ရှာလိုက်တာ မတွေ့ရသည့် အကြောင်းကိုဆိုသည်။

နတ်ပြည်တကာ စေ့ခဲ့ပါပေါ့၊ ဘယ်ပြည်ဘယ်ရွာ မတွေ့ခဲ့ပါဘူး၊
အိုးစည်ထဲဝင်ကာ အလုံတံခါး ပိတ်ပြီးတော့ ခင်ကညာအနိတ်နဲ့
ထမင်းမစားဘဲ စက်တော်ခေါ် စို့လဗျာ.......
ဟူသော ဦးစိန်ကတုံးကြီး၏ သီချင်းအတိုင်း မောင်ကျော်မြင့် ငြားစ မထွေးခင်ကို ဆို ဆိုပြနေသည်။

မောင်ကျော်မြင့်သည် အိမ်ထောင်သက် လေးနှစ်ထဲရောက်ရှိလာ၍ သူကသည့်ဇာတ် မိုးလင်းပိုင်း ဘက်သို့ ရောက်လာပြီကို သိနေပြီဖြစ်သည်။ သူထင်ခဲ့သလို မပျော်နိုင်ရှာတော့၊ ဃရာဝါသ ဗဟုကိစ္စ အိမ်ထောင်သားမွေးမှုသည် အလွန်အမှုပွေကြောင်း သူ့နဖူးကို အရိုက်ခံရပြီဖြစ်သည်။ ဃရာဝါသ အတိသမ္ပာဇ လူ့ဘောင်မှာ အလွန်ကျဉ်းမြောင်းကြောင်းကို ဗန်းမော်ကျောင်းထွက်ပီပီ သိလာရသည်။

မကြာမှီပင် မောင်ကျော်မြင့်သည် သူ၏ဆရာတော်ကို အလွန်သတိရလာသည်နှင့် မန္တလေးမြို့ရှိ ဗန်းမော်ဆရာတော်ထံ အပူဇော် အကန်တော့သွားသည်။

'' ဟေ့... ဘယ်သူလဲကွ ''
'' က၀ိပါဘုရား ''
'' အေး... မင်းအခုမှဘဲ လာနိုင်တော့တယ်နော်၊ ဘယ်နှယ်လဲ တော်တော်လေး ဒုက္ခတွေ့ပြီ မှို့လား '' ဟု ဆရာတော်ကမေးသည်။
'' မှန်ပါ... တော်တော်လေးဒုက္ခရောက်နေပါပြီဘုရား၊ အခုမှပဲ မှားမှန်း သိပါတော့တယ် ဘုရား '' ဟု မောင်ကျော်မြင့်က ဇာတ်စုံ လျှောက်ပြတော့သည်။
'' အေး... မှားမှန်းသိရင်တော့ ဆက်မမိုက်နဲ့ပေါ့ကွာ '' ဟု ဆိုပြီး တပည့် ရှင်က၀ိလူထွက်အား အောက်ပါပုံပြင်ကို ပြောဆိုဆုံးမတော့သည်။

ရှေးကရွာတရွာမှာ မောင်ရုပ်ဆိုးဆိုသော လူငယ်တယောက် အိမ်ထောင်ကျနေသည်။ သူ့ဇနီးမှာ သူ့ယောက္ခမများ၏ တဦးတည်းသောသမီးဖြစ်သည်။ မောင်ရုပ်ဆိုးဆိုသလောက် ခေါင်းက အလွန် ကြီးပြီး ခန္ဓာကိုယ်ကသေးနေ၍ အထက်အောက်မလိုက်ဘဲ အလွန်ကြည့်ဆိုးသည်။ သို့သော် သူ့၏ဇနီးက လူကြီးကသနားစရာကြီးပဲဟုဆိုပြီး အလွန်ကြင်နာသည်။

ရုပ်ဆိုး၏ယောက္ခမများကတော့ ရုပ်ဆိုးအပေါ် ကြည့်မရ၊ ဒီလိုနေပုံထိုင်ပုံမျိုးနဲ့တော့ လူမွေး မပေါက်၊ ဒီအလုပ်မျိုးနဲ့ လူစမပြောင်ဟု ခဏခဏသမီးကိုပြောရင်း ရုပ်ဆိုးကြားလောက်အောင် ပြောပြောနေသည်။ တနေ့သော် ယောက္ခမအထီးကြီးက စာချိုး၍ သမက်ရုပ်ဆိုးမြင်လောက်သော နေရာတွင်ချထားသည်။ ရုပ်ဆိုး၏အသွင်အပြင်နှင့် မုတ်ဆိပ်မွေးပေါကြောင်း စာချိုးတွင် ထည့်ရေး သည်။

ကိုယ်ကကြီးလို့ ခေါင်းကသေး၊
မုတ်ဆိပ်မွေးကလည်းထူသေး၏၊
လူမိုက်ဟူသတည်း။ ။

ဤစာချိုးကို ရုပ်ဆိုးတွေ့၍ ကောက်ဖတ်သည်။ ယောက္ခမရေးသည်ဟု သူမအောက်မေ့၊ ရုပ်ဆိုးက သူ့အတွက် နက်သိကြားတွေက သတိပေးသည်အနေနှင့် '' ရွှေပေလွှာ '' ချထားခြင်းသာ ဖြစ်သည်ဟု သူက ယူဆသည်။

မောင်ရုပ်ဆိုးသည် ရွှေပေလွှာက သတိပေးသည်ဟု ယူဆပြီး သူ၏မုတ်ဆိတ်များကို မီးစယူ၍ရှို့တော့သည်။ မုတ်ဆိပ်မွေးကဆက်၍ ခေါင်းကဆံပင်အထိ ကူးပြောင်းလောင်ကျွမ်းသွားတော့သည်။ မောင်ရုပ်ဆိုးမနေနိုင်တော့ဘဲ ခုန်ပေါက်ပြေးနေတော့သည်။ ဇနီးနှင့် ယောက္ခမများပါ အူယားဖါးယားဖြစ်ကာ တရပ်လုံးတရွာလုံး သိသွား၍ လူအများစုကာ လူမိုက်ဘဲဟု ပြောဆိုနေကြတော့သည်။

ဗန်းမော်ဆရာတော်သည် တပည့်ရှင်က၀ိလူထွက်အား ဤပုံကိုပြောပြ၍
'' မင်းလဲမှားရုံတွင်မှား ဆက်မမိုက်နဲ့ပေါ့ကွာ၊ သာသနာ့ဘောင်မှာ မနေနိုင်ဘဲ လူဝတ်လဲ၍ မှားတာမှားပါစေတော့..... ဆက်ပြီး ဒုစရိုက်မှုတွေ မမှားစေနဲ့၊ ဆံပင်ကို မီးဆက်မလောင်စေနဲ့ ''
ဟု ပြောဆိုဆုံးမလိုက်လေသည်။ တပည့်လူထွက်လည်း အဆုံးအမ နာယူပြီး ရွာသို့ပြန်သွားတော့သည်။


********************************

1 comment:

ဂျေဂျူဝိုင် said...

အင်း ကောင်းတယ်ဗျ


ကောင်းတယ်