အထက်ပေါက်နဲ့ အောက်ပေါက်ပုံပြင်
ဗန်းမော်ဆရာတော်သည် မန္တလေးနေပြည်တော်တွင် အလွန်တရာနာမည်ကြီးလှသည်။ မင်းတုန်းမင်းကြီး ကိုးကွယ်သည့်ဆရာတော်အဖြစ်၎င်း၊ စာပေအရာတွင်လည်း နာမည်ကြီးလှ၍ ဗန်းမော်ဆရာတော်မှာ အလွန်ထင်ရှားကျော်ကြားလှသည်။ ဆင်းရဲနွမ်းပါးသူများက ဗန်းမော်ဆရာတော်အား အိမ်အရောက်ပင့်ပြီး ဆွမ်းကပ်ချင်ကြသော်လည်း ကြွလိမ့်မည်ဟု စိတ်ကမထင်ကြပေ။ အမှန်မှာ ဗန်းမော်ဆရာတော်အား မည်သူတစုံတယောက်ကပင့်ပင့် ဆင်းရဲချမ်းသာ၊ မျက်နှာကြီး မျက်နှာငယ် မရွေး ကြွရောက်သည်ချည့်သာဖြစ်သည်။
တနေ့တွင် ဆင်းရဲနွမ်းပါးလှသည့် တကာတယောက်သည် ဗန်းမော်ဆရာတော်အား အိမ်အရောက်ပင့်ပြီး ဆွမ်းကပ်လှူဒါန်းလို၍ ဆရာတော်ထံ လာရောက်လျှောက်ထားသည်။
'' တပည့်တော်တို့ကဲ့သို့ ဆင်းရဲနွမ်းပါးသည့် တကာအိမ် ဆရာတော် မကြွဘူးအောင့်မေ့ခဲ့၍ ဆရာတော်ကို မပင့်ရဲဘဲ နေလာခဲ့တာ အခုမှ ဆရာတော်သည် မည်သူကပင့်ပင့် ကြွကြောင်းသိရ၍ ဆရာတော်ထံ လာရောက်လျှောက်ထားရခြင်းပါ ဘုရား '' ဟု ဗန်းမော်ဆရာတော်အား သွားရောက်လျှောက်ထားလေသည်။
ဗန်းမော်ဆရာတော်က.....
'' အေး..... ငါက မင်းတုန်းမင်းမွေးစားတဲ့ မွေးစားသားမှမဟုတ်ဘဲ၊ ဘယ်သူကပင့်ပင့် လိုက်တာချည့်ပါဘဲကွ '' ဟု မိန့်ကြားလိုက်လေသည်။
'' မှန်ပါ့ဘုရား။ တပည့်တော်တို့အိမ်သို့ အခု ၀ါဆိုလပြည့်နေ့ နံနက် ၅နာရီအချိန်တွင် ဆရာတော် နှင့်တကွ ကျောင်းတိုက်အတွင်းရှိ သံဃာတော်အားလုံး ဆွမ်းအလှူခံ ကြွရောက်ချီးမြှင့်ပါရန် လျှောက်ထားအပ်ပါသည်ဘုရား '' ဟု ဆွမ်းဒါယကာသည် ဗန်းမော်ဆရာတော်အား လျှောက်ထားတော့သည်။
'' အေး... အစားတော့ ကောင်းသဟေ့၊ များများသာချက်ထား '' ဟု မှာကြားလိုက်လေသည်။
'' မှန်ပါဘုရား '' ဟု လျှောက်ထားပြီး ဆွမ်းဒါယကာလည်း ပြန်သွားလေသည်။
ဆွမ်းဒါယကာသည် ဆွမ်းကပ်ရမည့်အ၀င်နေ့တွင် တက်အားသရွေ့နှင့် ထက်ထက်သန်သန် စီမံဖန်တီးလေသည်။ အကောင်းဆုံးစီမံထားသည့်ဟင်းလျာမှာ ချဉ်ပေါင်ရွက်နှင့် ၀က်သားရောချက် ရန်စီမံထားသည်။
ဆွမ်းဒါယကာသည် မိမိစီမံထားသည့် ချဉ်ပေါင်ရွက်၊ ၀က်သားရောချက်သည့် ဆွမ်းဟင်းလျာကို ဆရာတော်ဘုဉ်းပေးပါ့မလားဟု တွေးတောမိပြန်သည်။ သို့နှင့် ဆွမ်းဒါယကာသည် ဆွမ်းကပ်ရမည့် နေ့အ၀င်ဖြစ်သည့် အကြိုနေ့နေ့လည်ဘက်တွင် ဆရာတော်ထံရောက်သွားပြန် သည်။
'' ဆရာတော်ဘုရား နက်ဖြန်မနက်တော့ ဆွမ်းဟင်းအတွက် ချဉ်ပေါင်ရွက်နှင့်ဝက်သားရောချက်ဘို့ စီမံခဲ့ပါတယ်ဘုရား... ဆရာတော်ဘုဉ်းပေးပါ့မလားဟု အောက်မေ့ပါသည်ဘုရား '' ဟု လျှောက်ထားလေရာ၊ ဆရာတော်က '' မင်း...စကားဆိုက်လာပြန်တော့လဲ ပြောရသေးတာပေါ့ကွာ'' အစချီကာ အောက်ပါပုံပြင်ကို ပြောပြလေသည်။
********************************
အထက်ပေါက်ကြောက်ကာမှ အောက်ပေါက်နဲ့တွေ့
ရှေးအခါက အညာဒေသရှိ ရွာတရွာတွင် ဦးပဉ္ဇင်းလေးတပါးသည် ကျောင်းထိုင်ဘုန်းကြီးအဖြစ် ခံယူနေသည်။ ရပ်ရွာတည်းမှ တကာမတဦးသည် အခြားသူများထက်ပို၍ ဆွမ်းအုပ်ကို နေ့မှန်၊ ရက်မှန် ချက်ပြုတ်လှူဒါန်းလေသည်။
ထိုဆွမ်းတကာမမှာ ပေါက်ပွင့်သုပ်ကို လက်ကိုင်ပြု၍ နေ့စဉ်လှူဒါန်းလေသည်။ ကျောင်းထိုင် ကိုယ်တော်လေးသည် ပေါက်ပွင့်သုပ်ကို နေ့စဉ်ပင်မှီဝဲနေရသည်။ နှစ်ရှည်လများ ဖြစ်လာသော် ပေါက်ပွင့်ကိုမုန်းလာတော့သည်။ သို့ဖြစ်၍ ကိုယ်တော်လေးသည် စားရဖန်များလာပြီး စိတ်ညစ်၍ နေသည်။
ရက်ပေါင်း ကြာညောင်းလာသည့်အခါ ဦးပဉ္ဇင်းလေးသည် ထိုရွာမှ တိတ်တဆိတ် အောက်ပြည် အောက်ရွာသို့ စုန်ဆင်းခဲ့တော့သည်။
ငါးပိ၊ ငါးခြောက်ပေါသည့် အောက်ပြည်၊ အောက်ရွာ တရွာတွင် ပထမအာဂန္တု ဧည့်သည်အဖြစ်နေရ သည်။ နောက် အကြောင်းအပေါင်းသင့်ပြီး၊ ထိုရွာမှာပင် ကျောင်းထိုင်ဘုန်းကြီးဖြစ်၍ လာရပြန် သည်။
ထိုရွာတွင်လည်း ဆွမ်းတကာမတဦး အခြားသူတို့ထက် ထူးခြား၍ ပေါ် ထွက်လာပြန်သည်။ ကျောင်းထိုင်ကိုယ်တော်လေးကတော့ ငါးပိ၊ငါးခြောက်ပေါသည့် အောက်ပြည်၊ အောက်ရွာ ရောက်လာရ၍ အညာကပေါက်ပွင့်နဲ့တော့လွဲပြီဟု ထင်မှတ်ထားသည်။ ထိုရွာမှ ထူးခြားစွာပင် ဆွမ်းတကာမတဦးသည် နေ့မှန်၊ ရက်မှန် ဆွမ်းအုပ်ကို ချက်ပြုတ်လှူဒါန်းပြန်သည်။ ထို ဆွမ်းတကာမကလည်း နေ့စဉ်ပင် ပေါက်ပွင့်သုပ်ကို ပင်တိုင်ဟင်းအဖြစ် အသုံးပြုပြန်လေသည်။
ကျောင်းထိုင်ပဉ္ဇင်းလေးသည် ငါတော့ကျောက်ပွင့်သုပ်နှင့်ပင် လာတိုးရပြန်ပြီဟု စိတ်ညစ်ရပြန် သည်။ သုံးကျောင်းပြောင်း၍တော့မဖြစ်တော့ဘူး၊ အခြားတရွာပြောင်းရွှေ့သွားပါက ၄င်း ပေါက်ပွင့်သုပ်သော်မှ မစားရဘဲနေချေမည်ဟု တွေးတောမိပြီး၊ ဆွမ်းအုပ်ချက်သည့် တကာမအား ဟင်းပြောင်းချက်ရန်ပြောမှပဲဟု စဉ်းစားထားလေသည်။ အတော်အတန်ရင်းနှီးလာသည်ဖြစ်၍ ပြောရဲဆိုရဲလည်း ရှိလာသည်။
နောက်တနေ့ ဆွမ်းအုပ်ချက်သည့်တကာမကျောင်းသို့ ဆွမ်းအုပ်လာအပို့တွင်.....
'' တကာမကြီး.... ဒီနေ့တော့ဘာဟင်းချက်ခဲ့သလဲ '' ဟု ကိုယ်တော်လေးက ပေါက်ပွင့်သုပ်နဲ့ လွဲပါရစေဟု အောက်မေ့ပြီးမေးလေသည်။
'' မှန်ပါ ပေါက်ပွင့်သုပ် ပင်တိုင်ဟင်းပေါ့ဘုရား '' ဟုလျှောက်ထားလိုက်သည်။
ဤတွင် ကိုယ်တော်လေးသည် မထိန်မချန်တော့ဘဲ ဟင်းပြောင်းချက်ရန် ပြောပြတော့သည်။
'' ဟင်းတော့ပြောင်းချက်အုံးမှဘဲ တကာမကြီး၊ ကျုပ်အထက်အညာ ကျောင်းထိုင်တုန်းကလဲ ပေါက်ပွင့်သုပ် နေ့စဉ်စားနေရတာနဲ့ စိတ်ညစ်ပြီး၊ အောက်ပြည်၊ အောက်ရွာ ထွက်လာခဲ့တော့၊ အခုလဲ တကာမကြီးတို့ အောက်ပြည်အောက်ရွာမှာ ဒီပေါက်ပွင့်သုပ်နဲ့ဘဲ လာတိုးရပြန်ပြီ '' ဟု ပြောဆိုလေသည်။
ဆွမ်းတကာမသည် ကိုယ်တော်လေးမျက်နှာကိုကြည့်၍...
'' ဒါဖြင့် ကိုယ်တော် အထက်ပေါက်နဲ့ အောက်ပေါက် ဘယ်ဟာကပိုကောင်းသလဲ '' ဟု မေးလေ သည်။ ဦးပဉ္ဇင်းလေးသည် ခတ်ပြုံးပြုံးနှင့်ပင် အောက်ပေါက်ကသာ ကောင်းကြောင်းပြောလိုက်ရ လေသည်။ ထိုသို့မပြောလျှင် ချက်လက်စ ပေါက်ပွင့်သုပ်တောင်မစားရဘဲနေမည်ဟု တွေးမိပြီး ပြောလိုက်ခြင်းဖြစ်သည်။
အခုလဲ တကာ အမွန်အမြတ်စီမံချက်ပြုတ်ထားသည့် ချဉ်ပေါင်ရွက် ၀က်သားရောချက်ဟာ
'' အောက်ပေါက်ကသာတယ်ဘဲ ပြောရမှာပေါ့'' ဟု ကွမ်းစားရင်းခတ်ပြုံးပြုံးပြုလုပ်ကာ ဗန်းမော်ဆရာတော်က ပြောပြလိုက်တော့သည်။
'' အောက်ပေါက်ကသာတယ်ဘဲ ပြောရမှာပေါ့'' ဟု ကွမ်းစားရင်းခတ်ပြုံးပြုံးပြုလုပ်ကာ ဗန်းမော်ဆရာတော်က ပြောပြလိုက်တော့သည်။
ဆွမ်းဒါယကာလည်း ဗန်းမော်ဆရာတော်၏ ပြောဟောသောပုံပြင်ကို သဘောတွေ့ကာ အိမ်သို့ ပြန်ခဲ့လေတော့သည်။
********************************
No comments:
Post a Comment