Sunday, March 7, 2010

၄၆။ ထိုးကွင်းကြီးနဲ့မိန်းမကြီး ပုံပြင်

ထိုးကွင်းကြီးနဲ့မိန်းမကြီး ပုံပြင်

ဗန်းမော်ဆရာတော်သည် မျက်နှာကြီး၊ငယ်မရွေး ဆက်ဆံဖော်ရွေသည်။ မင်းတုန်းမင်းကြီးနှင့်သာ အကျွမ်းတ၀င်ဖြစ်သည်။ မင်းညီမင်းသား၊ နန်းတွင်းသူ၊ နန်းတွင်းသားများနှင့်သာ ဆက်ဆံသည် ဟု အထင်ရှိကြသော်လည်း အမှန်မှာ ဆင်းရဲ၊ချမ်းသာမရွေး ဆက်ဆံပြီး ဆင်းရဲသူ၊ဆင်းရဲသား၊ တကာ၊ တကာမများ ကျောင်းရောက်လျှင်လည်း စပ်မိစပ်ရာ ပုံဝတ္ထုများနှင့်သာ တရားသဘောများ ပြောဟောသော အလေ့အထရှိသည်။

ဗန်းမော်ဆရာတော်သည် မင်းနှင့်တကွနန်းတွင်းအကြောင်း၊ တိုင်းရေးပြည်ရေးအကြောင်း၊ ထင်ရှားသော ဆရာတော်များအကြောင်းတို့ကို သူမြင်တွေ့ရသည့် ရူဒေါင့်မှနေ၍ ဟာသဉာဏ်နှောကာ စာချိုးသည့် အလေ့များရှိသောကြောင့် ဂုဏ်သရေရှိ မင်းညီမင်းသား၊ ဂုဏ်သရေရှိဆရာတော်များနှင့်သာ ဆက်ဆံသည်ဟု ထင်ရသည်။

အမှန်မှာဆရာတော်သည် မျက်နှာကြီး၊ ငယ်မရွေး ဆက်ဆံသည်။ ဆင်းရဲ၊ ချမ်းသာမရွေး ဖေါ်ရွေသည်။ နေ့စဉ်ပင် မည်သည့် တကာ၊တကာမ ရောက်ရောက် စပ်ဆိုင်သလို ပုံဝတ္ထုများနှင့်ပြောဟောခြင်း။ စာသင်သား ရဟန်းသာမဏေများကို နေ့ဝါ၊ ည၀ါစာပေပို့ချခြင်းတို့ဖြင့်သာ အချိန်ကိုကုန်လွန်စေသည်။

တနေ့တွင် တပည့်စာသင်သား ရဟန်း၊သာမဏေများသည် ''ကောကော''ဟူသောပုဒ်ကို အမျိုးမျိုး ၀ိဂြိုဟ်လုပ်၍ အငြင်းထုတ်နေကြသည်။အချို့က ''ကောကော'' ဟူသောပုဒ်ကို ကုနိပါတပုဗ္ဗ ကရဓါတ်၊ ကွိ၊ ပစ္စည်ကြံ၍ ''ဘာဇနာဒီသုကုစ္ဆိတေ ၀စ္စာဒိကေ ကရောတီတိကာကော'' ဟု ၀ိဂြိုဟ်ပြုကြသည်။ အချိုက ရန်သူတို့၏ လေး၊မြှားသံကို နားထောင်တက်သည့် ဗျုပွတ်ကိုထောက် ၍ ၀ိဂြိုဟ်ပြုကြသည်။

ဤသို့အငြင်းထုတ်နေကြသည့် အနားသို့ဗန်းမော်ဆရာတော် ရောက်သွားလေရာ ''မင်းတို့... အရင်က ကျောင်းသားတစ်ယောက်လိုဘဲ၊ ရေးတေးတေးတော့အရှိသား၊ ထိုးကွင်းကြောင့် ခက်သကွယ် ဆိုတာလို ဖြစ်နေကြအုံးမယ်'' ပြောပြီး အောက်ပါပုံဝတ္ထုကိုပြောပြလေသည်။

ရှေးအခါက ရွာတရွာတွင် စည်ကားသိုက်မြိုက်သော ကျောင်းကြီးတကျောင်းရှိသည်။ ထိုကျောင်း ကြီးမှာ ကိုးကွယ်ဆည်းကပ်သည့် တကာ၊တကာမများလည်း အလွန်ပေါများ၍ သုံးဆင့်လယ်ပေါ် ကျောင်းကြီးဖြစ်လေသည်။ ကျယ်ပြန့်သောကျောင်းဝင်း ခြံကြီးထဲတွင် ဥယျာဉ်ဗိမာန်နှင့် ကြီးမား သော ရေကန်ကြီးတကန်လည်းရှိသည်။ ထိုရေကန်တွင် ကြာရိုး၊ကြာရွက်တို့ဖြင့်လည်း ပြည့်နှက် နေသည်။

တနေ့သော် ခရီးသွားယောက်ျားတဦးသည် မောကြီးပမ်းကြီးနှင့် ထိုကျောင်းအနီးသို့ ရောက်ရှိလာသည်။ နေကလည်းပူလှသဖြင့် ကျောင်းဝင်းအတွင်း ၀င်ရောက်တည်းခိုမိရာမှ ကျောင်းဝင်းအတွင်း ဖြစ်၍ ဘိနပ်ချွတ်ရတော့သည်။

ထိုအခါ ခရီးသွားယောကျာ်းသည် မထူးပါဘူးဆိုပြီး အရိပ်အာဝါသကောင်းသည့် ကျောင်းကြီးအောက် ကျအောင်ပင် ၀င်ရောက်သွားတော့သည်။

ထိုအခါကျောင်းကြီးပေါ်ရှိ ဘုန်းတော်ကြီးသည် ကျောင်းသားကလေးတစ်ယောက်ကိုခေါ်၍ ကျောင်းအောက်ရောက်လာသည့်တကာကို ''ဘယ်ကလဲ ဘယ်သူတုံးလို့ သွားမေးစေစမ်း'' ဟု ခိုင်းလိုက်လေသည်။

ကျောင်းသားကလေးကို ဘုန်းကြီးကခိုင်းလိုက်သည့်အသံကို ကျောင်းအောက်ရောက်နေသည့်တကာက ကြားလိုက်ရသည်။ ခရီးသွားတကာကလည်း ကြောက်အားလန့်အားနှင့် ကျောင်းဝင်းအတွင်းရှိ ရေကန်တည်းမှ ကြာရွက်တွေကွယ်ကာ ၀င်ရောက်ပုန်းအောင်းနေသည်။ ထိုတကာ ပုန်းအောင်း နေရာသို့ ကျောင်းသားလေးသည် သွားရောက်ကြည့်ရှုသည်။ ကျောင်းသားလေးမှာ တကာမှန်း၊ တကာမမှန်း၊ ယောကျာ်း၊ မိန်းမ မသဲကွဲပေ။ ပုန်းအောင်းနေသည့် ခရီးသွားယောကျာ်းကလည်း ကျောင်းသားလေး အနီးအနားသို့မရောက်ခင် သေချာအောင် နေရာရွှေ့ပြောင်း၍ ပုန်းအောင်းလေသည်။

ထိုအခါ ဦးခေါင်းမှ ခေါင်းပေါင်းမှာ ပြေလျှော၍ ပုခုံးပေါ်သို့ကျလာသည်။ ကပြာသီနှောင်ပင် ကျလာသည့် ခေါင်းပေါင်းကိုလည်း ထိန်းချုပ်၊ အောက်က ပုဆိုးကိုလည်း မတင်ပြီး နေရာပြောင်း ၍ ပုန်းအောင်းသည်။

ကျောင်းသားလေးသည် မြင်ခဲ့သည့် အချင်းအရာအတိုင်း ကျောင်းပေါ်ရှိ ဘုန်းတော်ကြီးထံ သွားရောက် လျှောက်ထားသည်။

ဘုန်းတော်ကြီးက ကျောင်းသားလေး ကျောင်းပေါ်ရောက်လာသည်နှင့်....
'' ဘယ်သူတုန်းကွ၊ ဘယ်ကလာတာတဲ့တုံး'' ဟုမေးလေရာ ကျောင်းသားလေးက...
'' ဘယ်ကလာတာမှန်းလဲ မသိဘူးဘုရား၊ မိန်းမကြီးတယောက် ကြာရွက်တွေအောက်မှာ ပုန်းနေတယ်ဘုရား'' ဟု လျှောက်ထားလေသည်။

''ဟာ...မင်းဟာ မိန်းမကြီးတယောက်တော့ မဟုတ်တန်ရာ၊ ခရီးသွားတယောက်ဖြစ်မှာပေါ့ကွ'' ဟု ဘုန်းတော်ကြီးကပြောသောအခါ ကျောင်းသားလေးက...
'' ဟုတ်သမှဘုရား မိန်းမကြီးမှမိန်းမကြီးအစစ်ပါဘုရား'' ဟု လျှောက်ထားလေသည်။
'' ဟ...မင်း ဘာအမှတ်အသားတွေ့ရလို့ မိန်းမကြီးလို့ပြောရတာလဲ''
'' မှန်ပါ ပေါင်မှာထိုးကွင်းတွေ မြင်လိုက်ရပါတယ်ဘုရာ့''
'' ထိုးကွင်းတွေ မြင်လိုက်ရရင် ယောကျာ်းဖြစ်မှာပေါ့''
'' မဟုတ်ဘူးဘုရာ့ မိန်းမကြီးမှမိန်းမကြီးအစစ်ပါဘုရာ့'' ဟုကျောင်းသားလေးက ပြန်လည်၍ လျှောက်ထားနေလေရာ ....
'' မိန်းမဆိုတာ ရေးတေးတေးဘဲ၊ ထိုးကွင်းပါနေတာက ခက်သကွယ်'' ဟုပြောဆိုလိုက်လေသည်။

ဗန်းမော်ဆရာတော်က တပည့်၊ ရဟန်း၊ သာမဏေများအား ဤပုံပြင်ပြောပြပြီး ''မင်းတို့လဲ ကာကောပုဒ် ၀ိဂြိုလ်ကြံနေတာ ရေးတေးတေးဖြစ်နေကြဦးမယ်။ ယောကျာ်းဘဲ၊ မိန်းမဘဲ ကွဲအောင်လုပ်၊ ဘာဓါတ်ဘဲ၊ ဘာပစ္စည်းသက်ပြီး ၀ိဂြိုဟ်ဘယ်နှစ်မျိုး လုပ်နိုင်မယ်ဆိုတာ ကွဲအောင် လုပ်ကြ'' ဟု ပြောဆိုဆုံးမပြီး စင်္ကြန်လျှောက်သွားလေတော့သည်။

********************************

4 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ရောက်ရှိကြောင်းပါခင်ဗျာ-

ကိုအောင် said...

ဗန်းမော်ဆရာတော် ပုံဝတ္တုက ကောင်းလိုက်တာ။

ကိုခိုင် said...

ပုံပြင်လာဖတ်ပါတယ်။

ကိုခိုင်

The Queen said...

လာဖတ်သွားတယ် အမရေ ၊ ဆက်ပါဦးနော်။