Thursday, December 9, 2010

RIT Alumni Singapore Re-Union & Saya Pu Zaw Pwe

RIT Alumni Singapore Re-Union & Saya Pu Zaw Pwe

19 December 2010 (Sunday)


စက်မှုတက္ကသိုလ် မေဂျာပေါင်းစုံမှ ကျောင်းသား ကျောင်းသူ ဟောင်းများရဲ့ မိတ်ဆုံစားပွဲ နဲ့ ဆရာပူဇော်ပွဲ အခမ်းအနားကို ၂၀၁၀ ဒီဇင်ဘာလမှာ စင်ကာပူနိုင်ငံမှာ ကျင်းပမယ် ဖြစ်ပါတယ်။

၂၀၁၀ စင်ကာပူ မိတ်ဆုံစားပွဲ နဲ့ ဆရာ ပူဇော်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ အနှံ့အပြားကို ရောက်နေကြတဲ့ စက်မှုတက္ကသိုလ် မေဂျာပေါင်းစုံမှာ ပညာသင်ကြားပေးခဲ့ကြသော ဆရာ ဆရာမ ပေါင်း ၁၇၀ နီးပါးခန့်ကို ဖိတ်ကြားထားတယ်လို့ သိရှိရပါတယ်။ ဆရာ ဆရာမများ စာရင်းကို RIT Alumni Singapore web site မှာ ကြည့်ရှုနိုင်ပါတယ်။

ဆရာ ပူဇော်ပွဲ သို့ တက်ရောက်ကြမည့် ဖိတ်ကြားထားသော ( အထူးသဖြင့် မြန်မာနိုင်ငံ မှ ) ဆရာ ဆရာမ များသည် ဒီဇင်ဘာလ ၁၇ရက် သောကြာနေ့ တွင် နေ့လည် လေယာဉ်၊ ည လေယာဉ်များဖြင့် စင်ကာပူနိုင်ငံကို ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။ မိမိတို့ ဆရာ ဆရာမ များကို လေဆိပ်များတွင် ကြိုဆိုချင်ကြသူများ မိမိတို့ ဆရာများ မည်သည့် လေယဉ် ခရီးစဉ်မှာ လိုက်ပါကြကြောင်းကို သက်ဆိုင်ရာ မေဂျာအလိုက် ကော်မတီဝင်များထံမှာ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။ ဆရာ ဆရာမများသည် ဒီဇင်ဘာ ၁၇ရက်နေ့ တွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိကြမည် ဖြစ်ပြီး ဒီဇင်ဘာ ၂၀ရက်နေ့တွင် စင်ကာပူနိုင်ငံမှ ပြန်လည် ထွက်ခွာကြမည်ဟု သိရှိရပါသည်။

ဆရာ ဆရာမများ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေစဉ် တည်းခိုမည့် ဟော်တယ်လိပ်စာကတော့...
Hotel Grand Chancellor Singapore
3 Belilios Road Singapore 219924
ဖြစ်ပါတယ်။

၁၈ရက်နေ့ မနက်မှာတော့ RIT Alumni Singapore အဖွဲ့သားများမှ ဆရာ ဆရာမများအတွက် Singapore City Tour လိုက်ပို့ရန် စီစဉ်ထားသည်ဟု သိရှိရပြီး နေ့လည်ပိုင်းမှာတော့ သက်ဆိုင်ရာ မေဂျာအလိုက် တွေ့ဆုံပွဲများ ပြုလုပ်ကြမည်ဟု သိရှိရပါတယ်။ သက်ဆိုင်ရာ မေဂျာအလိုက် web page စာမျက်နှာများတွင် လည်းကောင်း မိမိနှင့် နီးစပ်ရာ သူငယ်ချင်းများထံမှ လည်းကောင်း မေးမြန်း စုံစမ်းနိုင်ကြပါတယ်။

EE Major မှ ၁၈ ရက်နေ့ နေ့လည် ၂နာရီတွင် Burmese Buddhist Temple, Toa Payoh တွင် EE Major တွေ့ဆုံ ကန်တော့ပွဲ ပြုလုပ်မည်ဟု သိရပါတယ်။

EE Gathering Tentative Agenda
a) 2:00 pm - Offering of Robes & Requisites to Sanghas (by Sayas and Alumni)
b) 2:30 pm - Paying of Respect to Sayas (by Alumni)

c) 2:45 pm - Words of Appreciation and Joy (by 3 Sayas, representing all)

d) 3:00 pm - Meet and Greet Our Saya (free and easy for all)

e) 5:00 pm - End of program

(The timing is subject to change, depending on the traffic situation)
All EE Alumni are warmly invited. Please help to spread this news.

၁၉ ရက်နေ့ မေဂျာပေါင်းစုံ တွေ့ဆုံ ကန်တော့ပွဲ အစီအစဉ် မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

19 December 2010 (Sunday) - Ceremony

၁) စက်မှု တက္ကသိုလ် မေဂျာ ပေါင်းစုံ ဆရာ ကန်တော့ပွဲ အစီအစဉ်
နေ့ရက် - ၁၉ ဒီဇင်ဘာ ၂၀၁၀
အချိန် - မနက် ၉ နာရီမှ ၁၂ နာရီ
နေရာ - Auditorium, Informatics Campus
10 & 12 Science Center Road
Singapore 609080
Nearest MRT Station: Jurong East
(Within walking distance to Informatics)
Bus Nos Near Informatics Campus: 51, 78, 79, 97, 143, 197,& 1

၂) စက်မှု တက္ကသိုလ် မေဂျာ ပေါင်းစုံ မိတ်ဆုံစားပွဲ အစီအစဉ် (Re-union Dinner)
Dinner Tickets are on SALE @ S$ 75/- only
နေ့ရက် - ၁၉ ဒီဇင်ဘာ ၂၀၁၀
အချိန် - ညနေ ၅း၃၀ နာရီမှ ၁၀း၃၀ နာရီ
နေရာ - Orchid Country Club (OCC)
1 Orchid Club Road
Singapore 769162
Tel: (65) 67559811

Note :
Free shuttle buses at 15 mins intervals (arranged by OCC) from Yishun MRT to OCC & OCC to Yishun MRT, morning till 11 pm.
Free return buses from OCC to Yishun MRT & to Jurong East MRT from 10:30 pm onwards (arranged by RIT Alumni Singapore Organising Committee).


Dinner tickets များကို သက်ဆိုင်ရာ ကော်မတီ မန်ဘာများ ထံမှာ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

တနိုင်ငံထဲနေတာတောင်မှ မတွေ့ မဆုံနိုင်၊ ကွဲကွာ နေကြတဲ့ သူငယ်ချင်းများနဲ့ တစုတစည်းတည်း ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ကြရမှာဖြစ်ပြီး ဝေးရပ်မြေမှ မိမိတို့ ကျေးဇူးရှင် ဆရာ ဆရာမများကို အတူတကွ ကန်တော့ရမယ့် ဒီကြုံတောင့်ကြုံခဲ ပွဲကြီးကို မပျက်မကွက် ဆင်နွှဲကြပါစို့လား....။

Ref:
Civil Major Web page
EE Major Web page
RIT Alumni Singapore ( Main Committee )

*********

Saturday, November 20, 2010

IP Man နှင့် မရွှေစုအတွေးများ

IP Man နှင့် မရွှေစုအတွေးများ

Image Source

မနေ့ညက ဘူကစ်ဘတုတ် အမ်အာတီဘက်ကို လမ်းလျှောက်ရင်း လမ်းဘေးကွင်းပြင်ကျယ်မှာ ရုပ်ရှင်ပြနေတာတွေ့လို့ ခဏတဖြုတ် ရပ်ကြည့်မိတယ်။ မရွှေစုက ရုပ်ရှင်ဆို တော်ရုံမကြိုက်တာမို့ ခဏဆိုပြီး ရပ်ကြည့်ပေမယ့် ရုပ်ရှင်က ဆွဲဆောင်မှုကြောင့် စိတ်ဓါတ်တက်ကြွလာတာနဲ့ အပြီးအထိ ကြည့်မိတော့တယ်။

ဘာကားလဲလို့ စပ်စုကြည့်မိတော့ IP man 2 တဲ့။ လက်ဝှေ့ကားတွေဆို ပိုလို့တောင် မကြည့်တတ်တဲ့ မရွှေစုကို ဒီကားလေးကတော့ အပြီးထိ ကြည့်မိအောင် ဆွဲဆောင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထဲက လူတစ်ယောက်ဖြစ်တဲ့ မရွှေစုရဲ့ basic instinct က မတရားတာကို မခံစားနိုင်လို့ပါပဲ။ အဲဒီ မတရားတာကို မခံစားတတ်တဲ့ အသိစိတ်ဓါတ်ကလည်း အမေစုပြောသလို နိုင်ငံရေးတမျိုးပဲ မဟုတ်ပါလား။

**********

မရွှေစုတို့ စကြည့်တဲ့အချိန်မှာ ရုပ်ရှင်က အလယ်လောက် ရောက်နေပါပြီ။ ဟောင်ကောင် ဖိုက်တာမင်းသားကြီးဟုတ်ချင်းပေါင်နဲ့ နိုင်ငံခြားသား လက်ဝှေ့သမား လက်ဝှေ့ထိုးနေကြတဲ့အခန်း။ နိုင်ငံခြားသား လက်ဝှေ့သမား Twister ရဲ့ သရော်မော်ကား ပြောစကားများနဲ့ မတရားစော်ကားမှုကို မခံနိုင်လို့ ရှုံးမယ်မှန်းသိရက်နဲ့ မိမိယုံကြည်မှုကို သေတဲ့အထိ ဖက်တွယ်ပြီး သတ္တိရှိရှိ တုန့်ပြန်ခဲ့တဲ့ ဟုတ်ချင်းပေါင်။ သတင်းမှန်ကို ရေးမိလို့ အဲဒီအချိန်က အုပ်စိုးနေတဲ့ မျက်နှာဖြူဟောင်ကောင်ပုလိပ်ရဲ့ မတရားနှိပ်စက်မှုကိုခံရတဲ့ သတင်းသမား။ လက်ဝှေ့ပွဲမှာ မတရားသဖြင့် အသေထိုးသတ်ခဲ့လို့ သေခဲ့ရတာကို မတော်တဆ ဖြစ်တာပါလို့ အရှက်မရှိ ပြောင်ညာတဲ့ သတင်းစာရှင်းလင်းပွဲ။ ပြီးတော့ Twister ရဲ့ သူတပါးကို အထင်အမြင်သေး မလေးမစား မရိုးသားတဲ့ အောက်တန်းကျကျ စိန်ခေါ်မှု။ အော်... လောကကြီးမှာ Twister လိုလူမျိုးတွေ အများကြီးရှိနေတယ်ဆိုတာ မရွှေစုတို့လည်း သိထားသားပဲ။ အဲဒါတွေကိုကြည့်ပြီး မရွှေစုဟာ ရုပ်ရှင်ကြည့်နေတဲ့သူ တစ်ယောက် မဟုတ်တော့ပါဘူး။ ရင်ထဲမှာ အော်ဂလီဆန် မုန်းတီးစက်ဆုတ်မှုတွေ အပြည့်နဲ့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်လို့။ မရွှေစုမျက်လုံးထဲမှာ ကြည့်နေတဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်မဟုတ်တော့ဘူး။ ရုပ်ရှင်ကို ကိုယ်စားပြုပြီး အပြင်မှာ တကယ်ဖြစ်နေတာတွေက အရိပ်အနေနဲ့ ရင်ထဲထိရောက်လာတယ်။

IP man က Twister ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး လက်ဝှေ့ထိုးတဲ့နေ့ကို ရောက်လာတယ်။ ဒိုင်လူကြီးက to the corner လို့ အင်္ဂလိပ်လိုပြောတာကို ချက်ချင်းမတုံ့ပြန်တော့ ၀ိုင်းဝန်းလှောင်ရယ်ရယ်ကြတဲ့ မျက်နှာဖြူ ပရိတ်သတ်ဟာ ရေပေါ်ဆီ လူအချို့ကို ကိုယ်စားပြုနေတယ်။ Twister ရဲ့ ဘယ်သူ့ကိုမှ ထီမထင် ရက်စက်ကြမ်းကြုတ်လှတဲ့ မျက်လုံးတွေနဲ့ ပေါ့ပျက်ပျက်မျက်နှာဟာ လောကကြီးထဲက မရိုးမသား ကောက်ကျစ်တဲ့ လူတန်းစားတစုကို ကိုယ်စားပြုနေတယ်။ ပွဲကြည့်စင်အောက်က စိုးရိမ်ကြောက်လန့်မှု မျက်ဝန်းတွေနဲ့ IP man ကို အားကိုးတကြီး ကြည့်နေကြတဲ့ပရိတ်တွေက ပြည်သူလူထုကို ကိုယ်စားပြုနေတယ်။ မွေးကင်းစသားငယ်ကို ပိုက်ပြီး၊ သားကြီးနဲ့အတူ မျှော်လင့်ချက်အပြည့်နဲ့ လက်ဝှေ့ပွဲကို စောင့်ကြည့်နေတဲ့ မိခင်ဟာ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းကို စောင့်ရှောက်လျက်ရှိတဲ့ မိခင်နိုင်ငံကို ကိုယ်စားပြုနေတယ်။

IP man ရဲ့ ရဲရင့်သတ္တိအပြည့်နဲ့ တည်ငြိမ် အေးချမ်း ရိုးသားတဲ့ အကြည့်ဟာ မရွှေစုရင်ထဲက သူရဲကောင်းများကို ကိုယ်စားပြုနေပါတယ်။ လက်ဝှေ့ပွဲက စပါပြီ။ IP man ဟာ ရက်စက်ပြီး ညှာတာမှုမရှိတဲ့ Twister ရဲ့ လက်သီးမိုးများကြားမှာ ခဏခဏ လဲကျခဲ့တယ်။ ဒါပေမယ့် သူဟာ ကြိုးဝိုင်းအတွင်းက ခွင့်ပြုထားတဲ့ ဂဏန်း အရေအတွက် ၉ခု မတိုင်ခင် မဆုတ်မနစ်သော ဇွဲသတ္တိအပြည့်နဲ့ ပြန်ထနိုင်အောင် ကြိုးစားခဲ့တယ်။ ဟုတ်တယ်။ မရွှေစုတို့ ဘ၀မှာလည်း ဒီလိုပဲ ခဏ ခဏ လဲကျကြမှာပဲ။ လောကကြီးက ခွင့်ပေးထားတဲ့ အချိန်အတိုင်းအတာအတွင်း သတ္တိရှိရှိ ပြန်ထနိုင်အောင် ကြိုးစားကြရမှာပဲ။ အဲသလိုမှ ပြန်မထနိုင်ရင် မရွှေစုတို့ဟာ အဲဒီလက်ရှိကြိုးဝိုင်းမှာ အရှုံးနဲ့ ရင်ဆိုင်ကြရတော့မှာပဲ။ IP man ဟာ ကောက်ကျစ်တဲ့ Twister ကို ဖြောင့်ဖြောင့်မှန်မှန် ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တယ်။ မရွှေစုတို့လည်း ဘယ်သူက ဘယ်လိုပဲ ကောက်ကျစ်ပစေ ကိုယ့်ဘက်က ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံကြရမှာပဲ။

ဥပဒေဟာ အာဏာရှိသူတွေရဲ့ လက်ထဲမှာ ရှိတယ်လို့ ပြောကြတဲ့အတိုင်း ပွဲရပ် အချက်ပေးခေါင်းလောင်းထိုးပြီးမှ အခွင့်ကောင်းယူပြီး လက်သီးနဲ့ထိုးတဲ့ Twister ကို ဒိုင်လူကြီးတွေက အရေးမယူကြဘူး။ ဒီလိုပဲ လောကကြီးမှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ သဘာဝမကျစွာ မတရားမှုတွေက တခါတခါ ကိုယ့်ကို အလစ်ချောင်းပြီး လာတိုက်ခိုတ်တတ်တာကို သတိပြုရမယ်။ IP man ကိုတော့ ကြိုးဝိုင်းအတွင်း ခြေထောက်နဲ့ ကန်တာ ခွင့်မပြုဘူးလို့ ပိတ်ပင်ပါတယ်။ IP man ဟာ သူတို့ တောင်းဆိုတာကို ဘာမှ စောဒက မတက်ဘူး။ ရဲရင့်မှန်ကန်တဲ့ သူရဲကောင်းတွေဟာ နောက်ဆုံးမှာ အောင်မြင်မှု ရကြတယ်ဆိုတဲ့ လောကကြီးရဲ့ နိယာမအတိုင်း သူဟာ ကောက်ကျစ်တဲ့ Twister ကို မှန်မှန်ကန်ကန် အနိုင်ရရှိခဲ့တယ်။

မရွှေစု အကြိုက်ဆုံးကတော့ အနိုင်ရရှိတဲ့ IP man ပြောခဲ့တဲ့ စကားလေးတွေပါပဲ။ Twister ဟာ တရုတ်လူမျိုးတွေကို သူနဲ့ ပြိုင်ဖို့ စိန်ခေါ်တဲ့အခါ အနောက်တိုင်းလက်ဝှေ့ ဘယ်လောက်ကောင်းကြောင်း မင်းတို့ ငနုံငအတွေ သိစေရမယ်။ အသုံးမကျတဲ့ မင်းတို့ တရုတ်သိုင်း အဖြစ်မရှိကြောင်း သိစေရမယ်လို့ သရော်မော်ကား ပြောခဲ့တယ်။ IP man က သူအနိုင်ရရှိတဲ့အခါ Twister စကားကို ချေပဖို့ ခေါင်းထဲမှာ မရှိခဲ့ပါဘူး။ သူ ပြောခဲ့တာကတော့....

I didn't come here today to prove which is better, Chinese or Western Boxing.
Although people have different status in life, I don't believe that one person integrity is worth more than another.
I hope we can start to respect each other.


တဲ့။

အဲဒီအခါ ခုနက သူ့ကို ၀ိုင်းဝန်းလှောင်ပြောင်ခဲ့ကြတဲ့ မျက်နှာဖြူပရိတ်သတ်ဟာ မနေသာတော့ပဲ နေရာကထ မတ်တတ်ရပ်ပြီး အားလုံးလက်ခုတ်ဝိုင်းတီးကြပါတယ်။ မရွှေစုဟာလည်း ယောင်ရမ်းပြီး လက်ခုတ်တွေတီးနေမိတယ်။ ဟုတ်တယ်။ မရွှေစုတို့ဟာ ကိုယ်နဲ့ စိတ်ဓါတ်ချင်းမတူတဲ့သူတွေရဲ့ အပြောကို အရေးယူပြီး ချေပနေဖို့ မလိုဘူး။ ကိုယ်သွားတဲ့ လမ်းစဉ်အတိုင်း ကိုယ့်စံအတိုင်း ဖြောင့်ဖြောင့်မှန်မှန် ရိုးရိုးသားသား နေသွားကြဖို့ပဲ အရေးကြီးပြီး ခွင့်လွှတ်တတ်တဲ့ သူမျိုး ဖြစ်နိုင်ရမယ်။

**********

အော်... အဲဒီလိုများ မရွှေစုတို့ လူသားတွေ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် လေးစားတတ်ကြမယ်ဆိုရင် လောကကြီးမှာ ဘယ်လောက်များ စိတ်ချမ်းသာစရာ ကောင်းလိုက်မလဲလို့...။

Ref: IP Man 2 Movie

စုချစ်
၂၀ နိုဝင်ဘာ ၂၀၁၀

**********

Monday, November 15, 2010

ရင်ထဲရောက်သော အမေစု စကားများ

ရင်ထဲရောက်သော အမေစု စကားများ
(၁၄-၁၁-၂၀၁၀ မိန့်ခွန်းမှ ကောက်နှုတ်ချက်)

Photo - from Reuters

နိုင်ငံရေးဆိုတာ သင်ယူရမယ်။
လောကမှာ လူကောင်း လူဆိုးရှိတယ်လို့ အယုံကြည်မရှိဘူး။
လူတော် လူညံ့ ရှိတယ်လို့လည်း အယုံအကြည်မရှိဘူး။

သင်လို့ရတဲ့သူနဲ့ သင်လို့ မရတဲ့လူ ရှိတယ်လို့ပဲ ယုံကြည်တယ်။


တာဝန်ကိုမကြောက်ဘူး။
တာဝန်မကျေမှာကိုပဲ ကြောက်တယ်။


တစ်ယောက် နဲ့ တစ်ယောက် အမြင်ချင်းဖလှယ်တတ်အောင် လေ့ကျင့်ယူရမယ်။

ချစ်တယ်ဆိုတာ တစ်ဦးပေါ်တစ်ဦး စိတ်ချမ်းသာအောင် လုပ်ပေးချင်တဲ့ ဆန္ဒရှိပြီးတော့ အဲဒီ ဆန္ဒအရလုပ်မှ တကယ် ချစ်ရာရောက်ပါတယ်။

ပင်ပန်းတာကကိစ္စမရှိဘူး။ ကိုယ့်ရဲ့ အားတွေကို ပင်ပန်းရကျိုးနပ်ဖို့ အသုံးချဖို့ အရေးကြီးတယ်။

ဝီရိယ ကို ထပ်တလဲလဲ အားထုတ်ရမယ်။
အလုပ်တစ်ခုဆိုတာ ပြီးတယ်မရှိဘူး။

ဒီလောကကြီးမှာ ပကတိ ကျေနပ်စရာဆိုတဲ့ အခြေအနေဆိုတာ ဘယ်တော့မှ မရှိဘူး။
သို့သော်လည်း ကျေနပ်စရာအခြေအနေ အတိုင်းအတာတစ်ခုထိရောက်ဖို့တော့ လိုကိုလိုတယ်။
အဲဒီကျေနပ်စရာအခြေအနေ အတိုင်းအတာ ရောက်ဖို့တော့ အားလုံးဝိုင်းကြိုးစားရမယ်။

တစ်ယောက်ထဲလုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။

သတ္တိဆိုတာ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စဖြစ်မြောက်အောင်လို့ အပင်ပန်းခံပြီး လုပ်တာဟာ သတ္တိပဲ။
အဲဒီလို သတ္တိမျိုး မွေးရမယ်။
တကယ့် သတ္တိဆိုတာ နေ့တဓူဝ လုပ်နေရမှာ။
မနက်မိုးလင်းတာနဲ့ ဒီကနေ့ တနေ့ကို ရင်ဆိုင်ဖို့ သတ္တိတွေ ထုတ်နေကြရတာပဲ။

နိုင်ငံရေးက ဒို့နဲ့ မဆိုင်ဘူးလို့ ပြောနေတာဟာ နိုင်ငံရေးဆိုတာ ဘာလဲ နားမလည်လို့ ပြောနေကြတာပဲ။

ဒီမိုကရေစီမှာ ရှေ့ကလုပ်နေတဲ့သူတွေကို နောက်ကလူတွေကထိန်းနိုင်ရမယ်။ ထိန်းပိုင်ခွင့်ရှိရမယ်။
အများပြည်သူတွေက လူနည်းစုဖြစ်တဲ့ အုပ်ချုပ်တဲ့သူတွေကို ထိန်းပိုင်ခွင့်ရှိရမယ်။


ကျေးဇူးသိတတ်တဲ့သူဆိုတာ ရှားတယ်လို့ ပြောကြတယ်။
ကျေးဇူးသိတတ်ပြီး အချင်းချင်းကို တန်ဖိုးထားတတ် နိုင်ရမယ်။


ရှေ့ကလူကလည်း နောက်ကလူကို သိတတ်မှု နားလည်မှုရှိရမယ်။

နောက်ကလူကလည်း ရှေ့ကလူကို နားလည်မှု သည်းခံမှု ရှိရမယ်။


ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ ရတာပဲ။
ဘယ်သူနဲ့မှ စကားပြောလို့ ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာမျိုး မရှိဘူး။


လူတိုင်းက တသဘောထဲ မဖြစ်နိုင်ဘူး။
သဘောမတူတာကို လက်ခံနိုင်တာလည်း ဒီမိုကရေစီရဲ့ သဘောတရားတစ်ခုပဲ။

ယုံကြည်မှု၊ နားလည်မှု၊ ထောက်ခံမှု ရအောင် ယူရမယ်။

သဘောမတူတာကို ရအောင် စည်းရုံးယူရမှာပဲ။


လက်တွဲလုပ်လို့ မနစ်နာစေရဘူးလို့တော့ အာမ မခံနိုင်ပါဘူး။
ကိုယ်လိုချင်တဲ့ အရာတစ်ခုကို လိုတော့ လိုချင်ပါတယ်။
အနာတော့ မခံနိုင်ပါဘူးလို့တော့ ခံယူထားလို့ မရဘူး။

ဒါပေမယ့် ပြည်သူလူထု အနည်းဆုံး နာတဲ့နည်း၊ အတတ်နိုင်ဆုံးမထိခိုက်တဲ့နည်းလမ်းတွေကို ရှာပြီး အလုပ်လုပ်ပါ့မယ်။


အမှားနဲ့ အမှန်ကို ခွဲခြားပြီး သိရမယ်။
အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။

အမှားနဲ့ အမှန်ဆို တချိန်နဲ့ တချိန် တူတာမဟုတ်ဘူး။

အချိန်တွေ ပြောင်းသလို အခြေအနေတွေ ပြောင်းတတ်တယ်။

လုပ်သင့် မလုပ်သင့်တာကို ဆင်ခြင်ပြီးတော့ ကိုယ့်ရဲ့ လိပ်ပြာ ကိုယ်လုံစေရမယ်။

ဗိုလ်ချုပ်ပြောခဲ့ဖူးသလို ကိုယ့်လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ မားမားမတ်မတ် ရပ်ပြီးတော့ နေ့တိုင်း အစစ်ခံရဲကြပါစေ။

အဲဒီအခါ ကိုယ်ဟာ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်နေသလားဆိုတဲ့ အဖြေဟာ ပေါ်လာပါလိမ့်မယ်။


အင်အားဆိုတာ မှန်မှန်ကန်ကန် မသုံးရင် အန္တရယ်ပါပဲ။
မှန်မှန်ကန်ကန်သုံးထားတဲ့ အင်အားရဲ့ အာနိသင်ကို ဘယ်သူမှ ဖြိုလို့ မရဘူး။


လိုချင်နေရုံနဲ့ ရမှာမဟုတ်ဘူး။ လိုချင်တာရအောင် လုပ်တတ်မှ၊ လုပ်ရဲမှ ၊ လုပ်နိုင်မှ ရမှာ။

လူအခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တဲ့အတွက် ရုန်းကန်နေတာပဲ။
ပုဂ္ဂိုလ်ရေးအတွက် လုပ်နေတာ မဟုတ်ဘူး။

ဘယ်သူ့ကိုမှ မုန်းတီးနေဖို့ အချိန်မရှိဘူး။


လူတစ်ယောက်ရဲ့ ကျေးဇူးကိုဖော်ထုတ်ရတာ အင်မတန်မှ အားရစရာကောင်းတယ်။

အင်မတန်မှ ကျေနပ်စရာကောင်းတယ်။


လူအခွင့်အရေး ကြေငြာစာတမ်းမှာ လူတိုင်း လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာရှိတယ်လို့ စဖွင့်တယ်။
အဲဒီအခွင့်အရေးတွေနဲ့ ကိုက်ညီတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။


လက်ဖြန့်ပြီးတော့ တောင်းချင်တဲ့စိတ်မရှိဘူးလို့ ယုံကြည်တယ်။

*******************


Wednesday, November 10, 2010

ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ

ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ


ဦးကျော်ဦးပြုစုသည့် ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ စာအုပ်ကလေး ကို ဘလော့ဖတ်လာ မိတ်ဆွေများ အားလုံး ဖတ်ကြရနိုင်အောင် pdf လေး လုပ်ပြီး တင်ပေးလိုက်ပါတယ်။

စာမေးပွဲရှိတဲ့ ကြားက စာကူညီ ရိုက်ပေးတဲ့ ညီမလေးကို ကျေးဇူးအထူးတင်ပါကြောင်း...။

မေတ္တာဖြင့်
စုချစ်

Tuesday, November 2, 2010

မင်းသား ကျော်သူ နှင့် လူမှုရေးရှေ့ဆောင်လမ်းပြ ....

မင်းသား ကျော်သူ နှင့်
လူမှုရေးရှေ့ဆောင်လမ်းပြ ပြည်သူ့ဘက်တော်သား ဦးကျော်သူ

Media – Ipad Sketch with Finger by SuuChit

ကျော်သူ... မင်းသား ကျော်သူ... တဲ့။ အဲဒီနာမည်ကို ၁၉၈၀ ခုနှစ်ကျော်များဆီက စပြီး ကြားခဲ့ရတယ်။ နောက်တော့ သူက မြန်မာ့ရုပ်ရှင်လောကမှာ ထိပ်တန်း နာမည်ကြီး မင်းသားတစ်လက်ဖြစ်လာခဲ့တယ်။

အခု ၂၀၁၀ခုနှစ် တိုင်အောင်လည်း ကျော်သူဟာ နာမည်ကျော်တုန်းပါပဲ။ ဒါပေမယ့် ရုပ်ရှင်မင်းသားတစ်ယောက် အနေနဲ့ မဟုတ်တော့ဘူး။ မြန်မာနိုင်ငံနာရေးကူညီမှုအသင်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်း၊ သုခ အလင်းစာကြည့်တိုက် တည်ထောင်သူ ဦးဆောင်သူ၊ လူမှုရေးရှေ့ဆောင်လမ်းပြ ပြည်သူ့ဘက်တော်သား အနုပညာရှင်တစ်ဦး၊ ပြည်သူ့ဂုဏ်ရည် လေးစားဖွယ်ရာ မြန်မာတစ်ဦး အနေနဲ့ပါ။

----- ။ -----

ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ကျော်ဆီက တနေ့မှာ ဖေဖေ့မိတ်ဆွေ ဒါရိုက်တာဘဘဦးရန်နိုင်စိန် အိမ်ကိုအလည်လာတော့ သမီးတို့ အကြီုက် မင်းသားသစ်လေး တစ်ယောက် လာတော့မယ်... အဲဒီမင်းသားလေးကလေ... ရှေ့ကနေကြည့်လည်း လှ... ဘေးက ကြည့်လည်းလှသတဲ့။ အပြင်မှာ မြင်ဖူးချင်ရင် ဘဘ ရိုက်ကွင်းသွားတဲ့အခါ လိုက်ခဲ့ကြတဲ့။ ဘဘရဲ့ မင်းသားနာမည် တခါမှလည်း မကြားဖူးပါလား မေးကြည့်တော့... အခု သူရိုက်နေတဲ့ရုပ်ရှင် မကြာခင်ထွက်တော့မှာတဲ့။

မကြာပါဘူး။ ချစ်ကြိုးလေးနှစ်မျှင်ဆိုတဲ့ သူ့ရုပ်ရှင်ကားထွက်လာတော့ ရုပ်ရှင်ရုံတွေတိုင်းမှာ ကြည့်လိုက်ကြတဲ့သူတွေ ကြိတ်ကြိတ်တိုး စည်ကားတာဆိုတာ။ ရုပ်ရှင်အမြဲမကြည့်ရတဲ့ မရွှေစုတို့လို လူမျိုးတောင် ကြည့်ကြမှတော့ သူ့ ပထမကားမှာတင် ဘယ်လောက်အောင်မြင်တယ်ဆိုတာ သိနိုင်ပြီပေါ့နော်။ သူ့ရဲ့သရုပ်ဆောင်မှုတွေဟာ ပြောင်မြောက်တယ်လို့ ပြောလို့မရပေသိ၊ ( အဲဒီကားမှာ အဖေလုပ်တဲ့သုမောင် ဆူတော့ သူက ပြုံးစိ ပြုံးစိ ဖြစ်နေတာ အခုထိ မှတ်မိနေသား။) ငယ်ဂုဏ်ရယ် ချောမောပြေပြစ်တဲ့ သူ့ရုပ်ရည်ရယ်၊ အပြစ်ကင်းတဲ့သရုပ်ဆောင်မှုတွေရယ်ကြောင့် ပရိတ်သတ်ရဲ့ လက်ခံအားပေးမှုကို ချက်ချင်းရခဲ့တယ်လို့ ထင်ပါတယ်။

သူနဲ့ ခေတ်ပြိုင်မင်းသားတွေကတော့ စိုးသူနဲ့ ပြေငြိမ်းလို့ ပြောလို့ရမယ်နဲ့တူတယ်။ အဲဒီခေတ်တုန်းက သူတို့တွေက အပြင်မှာလည်း သူငယ်ချင်းတွေလို ခင်မင်ကြသတဲ့။ တခါက မဂ္ဂဇင်း တစ်ခုမှာ ကျော်သူ၊ စိုးသူ၊ ပြေငြိမ်း၊ တင်နီလာဝင်း၊ မို့မို့မြင့်အောင်၊ ခိုင်ခင်ဦးတို့ ခေတ်ပြိုင် မင်းသား၊ မင်းသမီးတွေ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး အတူတူရုပ်ရှင်သွားကြည့်ကြတဲ့ အကြောင်းရေးထားတာတွေ ဖတ်ခဲ့ရတာ ခုထိ မှတ်မိနေသေးတယ်။

မရွှေစုကလည်း အဲဒီတုန်းက အပျိုပေါက်စ အရွယ်။ ဒီမင်းသား၃ယောက်ကို ဘယ်လို ကြိုက်မှန်းမသိ ကြိုက်ခဲ့တာပေါ့။ ကိုယ်က ပန်းချီဆွဲတာလည်း ၀ါသနာပါတော့ အိမ်မှာ အားရင် ပုံဆွဲဖြစ်တာ ကျော်သူ၊ စိုးသူ၊ ပြေငြိမ်း ပုံတူတွေလေ။ အို... အဲဒီတုန်းကများ စိုးသူ၊ ကျော်သူ၊ ပြေငြိမ်းပုံတွေဆို မျက်စိမှိတ်ပြီးတောင် ဆွဲနိုင်တဲ့အထိ အလွတ်ရခဲ့တယ်။

----- ။ -----

ကျော်သူသရုပ်ဆောင်တာကို တော်တော်လေးစွဲလန်းခဲ့ဖူးပါတယ်။ သူပြုံးလိုက်ရင် နှုတ်ခမ်းတစ်ဖက်ထောင့်စွန်းလေးကွေးသွားပုံက ဘယ်သူနဲ့မှမတူ ဆွဲဆောင်မှုရှိစေတယ်လို့ ထင်တယ်။ သူ သရုပ်ဆောင်ရင် ကိုယ့်ရဲ့ညီမကို ချစ်လို့ကြည့်တဲ့မျက်လုံးနဲ့ ရည်းစားကို ချစ်လို့ကြည့်တဲ့မျက်လုံး မတူကွဲပြားအောင် သရုပ်ဆောင်တာမို့ တခါတခါ သူဟာ ကိုယ့်အစ်ကိုဖြစ်သွားလိုက်၊ ရည်းစားကို ကြည့်တဲ့မျက်လုံးကလည်း ချစ်ရိပ်ချစ်ငွေ့တွေ ရွှန်းလက်နေအောင် သရုပ်ဆောင်တတ်တာဆိုတော့ ကိုယ်ပါကြားထဲက ရောယောင်ရင်ခုန်လိုက်၊ သူငိုရင် လိုက်ငိုလို့၊ သူရယ်ရင် လိုက်ရယ်လို့ သူ့သရုပ်ဆောင်မှုတွေ အားလုံးနောက်မှာ လိုက်ပြီး နစ်မျောခဲ့ဖူးတယ်။

စိုးသူ သရုပ်ဆောင်တာကိုတော့ ဒီလောက်ကြီး မစွဲလန်းခဲ့ဖူး။ ဒါပေမယ့် သူ့ကိုလည်း သဘောကျခဲ့တာပါပဲ။ သူက သီချင်းလည်းဆိုတော့ သူ့စတိတ်ရိုးပွဲတွေဆို ၄-၅ခါထက်မနည်း ရှေ့ဆုံးတန်းကထိုင်ပြီးကို အားပေးခဲ့ဖူးတယ်။ ကြည်ဖြူပါ... ကြည်ဖြူပါမေရယ်... ဒီညလည်း ကိုယ်လေ အိပ်မပျော်နိုင်...လို့ဆိုနေရင်း စတိတ်ပေါ်ကနေ တချက်ပြုံးပြလိုက်ရင် ကိုယ့်ကိုပဲလာပြောနေသလို ရှက်ရှက်နဲ့ သူ့ကိုပြန်မကြည့်ရဲ။ သူက လူပျိုမင်းသား ဆေးကျောင်းသားဆိုတော့ တခြားမင်းသားတွေထက် ပိုစွံတာပေါ့။ အဲဒီခေတ်ကကောင်မလေးတွေဆို သူ့ကို သည်းသည်းလှုပ်ပဲ။ သူ့မွေးနေ့မှာ သူ့အိမ်ရှေ့ မွေးနေ့လက်ဆောင်တွေ တိတ်တိတ်ကလေး လာချတဲ့အကြောင်း မဂ္ဂဇင်းတွေမှာ ဟိုးဟိုးကျော်ပါပဲ။

ပြေငြိမ်းကတော့ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် ရီလိုက်ရင် သွားတက်ကလေးနဲ့ သူ့ပုံစံလေးဟာ ရိုးသားတဲ့ ဖိုးသခွားပုံစံလေး၊ စကားပြောတော့ သူ့အသံက အက်တက်တက် ရှတတ။ အဲဒီ အက်တက်တက် ရှတတ အသံလေးကိုပဲ မရွှေစုတို့ ပရိတ်သတ်တွေက သဘောကျနေပြန်ရော။ မကြာပါဘူး။ သူက ရထားပေါ်က ပြုတ်ကျပြီး ဆုံးသွားပါရောလား။ အို... ကောင်မလေးတွေများ ငိုလိုက်ကြတာ။ မရွှေစုတို့လည်း ၀မ်းနည်းလိုက်ရတာ။ သူ့ကို နှမျှောလိုက်တာ သနားလိုက်ရတာ။

----- ။ -----

အခုတော့ ဒီအဖြစ်တွေက နှစ်ပေါင်း ၂၀ကျော်-၃၀ နီးပါး ကြာခဲ့ပါပြီ။ မရွှေစုလည်း မြန်မာနိုင်ငံနဲ့ဝေးခဲ့တာ ၁၀စုနှစ်ကျော်မကကြာခဲ့ပြီ။ ဝေးရပ်မြေတနေရာမှာ မြောက်မြားလှစွာသောတာဝန်တွေကြား ရုန်းကန်နေရသူမို့ မြန်မာရုပ်ရှင်လောက က သူတွေအကြောင်းကိုလည်း သိပ်မသိတော့သလို၊ အရင်ကလို စိတ်ဝင်စားမှုလည်း မရှိတော့ပါဘူး။ ကိုယ်လည်း အသက်ကြီးလာသလို ကိုယ့်ခေတ်က ကိုယ်ကြိုက်ခဲ့တဲ့ ကိုယ့်အသဲစွဲမင်းသားတွေလည်း ခုချိန်မှာ ရှိနေသေးရင် အဖိုးကြီးတွေ ဖြစ်ကုန်ကြပြီပေါ့။

သေသောသူ ကြာရင်မေ့ဆိုသလို ကိုယ်သဘောကျခဲ့ဖူးတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ ပြေငြိမ်းကိုဆို တဖြည်းဖြည်းနဲ့ မေ့သွားလိုက်တာ အရင်တုန်းက အလွတ်ဆွဲနိုင်ပါတယ်ဆိုတဲ့ သူ့ပုံရိပ်ကို ခုချိန်မှာ မနည်းပြန်စဉ်းစားယူရပါတယ်။

စိုးသူကတော့ နိုင်ငံခြား ထွက်သွားပြီးတဲ့နောက် အနုပညာလုပ်ငန်းနဲ့ နည်းနည်းအဆက်ပြတ်သွားပုံရတယ်။ မရွှေစုတို့လည်း သူ့ကို ခပ်မေ့မေ့။ တလောကတော့ သူ့ရဲ့ ရိုးပွဲကျင်းပတယ် အောင်မြင်တယ်လို့ ကြားမိတယ်။ ဒါပေမယ့် မရွှေစုကတော့ ငယ်ငယ်တုန်းကလို တ-တမ်းတမ်း၊ တ-တတနဲ့ ကြည့်ချင်လှချည်ရဲ့ဆိုတာ မရှိတော့ဘူး။

ကျော်သူလည်း ၂၀၀၀ကျော်ခုနှစ်တွေထိ ရုပ်ရှင်ကားတွေ ရိုက်နေသေးတယ်ဆိုပေမယ့် ကိုယ်ကနိုင်ငံခြားမှာနေသူမို့ မြန်မာရုပ်ရှင်တွေကို တကူးတကန့်မှာပြီး မကြည့်ဖြစ်ခဲ့ဖူး။ သူအအောင်မြင်ဆုံးလို့ပြောတဲ့ အကယ်ဒမီဆုတွေ အများကြီးရတယ်ဆိုတဲ့ အမေ့နို့ဖိုးဆိုတဲ့ကားမျိုးတောင် မကြည့်ဖြစ်တော့တဲ့အထိ မြန်မာရုပ်ရှင်တွေနဲ့ အဆက်ပြတ်သွားခဲ့တယ်။

ငယ်ရွယ်စဉ်အချိန်က စိတ်ကူးယဉ် သဘောကျခဲ့ဖူးတဲ့ မင်းသားတွေဟာ အဲဒီအချိန် ခဏတာမျှသာ အာရုံမှာ စွဲထင်နေမှာဖြစ်ပြီး အချိန်နဲ့အမျှ ဒီအာရုံတွေက တဖြည်းဖြည်း ပျောက်ကွယ် ရွေ့လျားကုန်တာ မေ့လျော့ကုန်တာ သဘာဝကျတဲ့ အဖြစ်အပျက်တစ်ခုပဲ ထင်ပါရဲ့။

----- ။ -----

ဒီနေ့ ဒီအချိန်အခါမှာ ဟိုးတခေတ်တခါက ပရိတ်သတ်တွေရဲ့ အသဲစွဲဖြစ်ခဲ့တဲ့ မင်းသားကျော်သူဆိုတဲ့ပုံရိပ်ဟာ မရွှေစုတစ်ယောက်တည်းရဲ့ အမြင် အတွေး အကြား အာရုံမှာသာမက မြန်မာပြည်သူတွေရဲ့အာရုံမှာပါ မှုန်ဝါးကောင်း မှုန်ဝါးသွားနိုင်ပြီလို့ ထင်ပါတယ်။ မင်းသားကျော်သူဆိုတာ… အဲဒီခုနှစ်များဆီက အအောင်မြင်ခဲ့ဆုံး မင်းသားတစ်လက်ပေါ့ဆိုတဲ့ အသိကလွဲရင် တခြားမင်းသားတွေကိုသတိရသလောက်ပဲ သတိရစရာ အကြောင်းရှိပါတယ်။ ဒီထက်ပိုပြီး အမှတ်ရနေစရာအကြောင်းရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လူမှုရေးရှေ့ဆောင်လမ်းပြ ခေါင်းဆောင်တစ်ဦး၊ လေးစားအားကျဖွယ်ရာ မြန်မာ့ဂုဏ်ဆောင် အမျိုးသားကောင်းတစ်ဦး၊ အကူအညီ လိုအပ်နေသူများအတွက် ဖေးမကူညီနေသူတစ်ဦးအနေနဲ့ ပေါ်ထွက် လင်းလက်လာတဲ့ ကျော်သူဆိုတဲ့ပုံရိပ်ကတော့ မြန်မာပြည်သူတွေရဲ့ ရင်ထဲ အသဲထဲမှာ လွယ်လွယ်နဲ့ မေ့ပျောက်သွားမှာ မဟုတ်ပဲ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ထင်လင်းစွာ မြဲမြံ ခိုင်ခန့် တည်တံ့ နေလိမ့်မယ်လို့ ယုံကြည်မိတယ်။

သေခြင်းနဲ့ ရှင်ခြင်းဟာ နံရံပါးပါးလေး တချပ်သာ ခြားထားတာပါ။ သေခြင်းတရားဟာ ဒီနံရံပါးလေးကို ချိုးဖျက်ပြီး ကိုယ့်ဆီကို အချိန်မရွေး ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် မရွှေစုတို့ဟာ သေခြင်းတရားကို မေ့လျှော့၊ မောဟအမှောင်ထဲမှာ နေထိုင်ကြပြီး၊ သူဟာ ကိုယ်နဲ့လားလားမျှမဆိုင်သလို မသိချင်ယောင်ဆောင်ကြလို့၊ ဥပေက္ခာပြုလို့၊ သေတဲ့လေသံကလေးကိုမျှ မကြားချင် မကြားရဲ၊ နှာခေါင်းရှုံချင်နေတတ်ကြ၊ သေပြီလို့ကြားရင်ပဲ မကြည့်ချင် မမြင်ရဲ ဖြစ်နေတတ်ကြတယ်။

အရင်ကဆို သေတဲ့သူကို မကြည့်ရဲ အသံကြားတာနဲ့ ကြောက်တတ်တဲ့ မရွှေစုဟာ အခုဆို ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအဖွဲ့က လုပ်ဆောင်ချက်တွေကို စဉ်ဆက်မပြတ် ဖတ်ရှုပြီး နာရေးဓါတ်ပုံတွေကိုပါ အမြဲစောင့်ကြည့် သံဝေဂ ယူတတ်နေပါပြီ။ သေတဲ့သူရဲ့ ဓါတ်ပုံတွေကို ကြည့်ရမှာလည်း အရင်ကလို မကြောက်တော့ပါဘူး။ အဝေးကနေ ငွေအားဒါနကုသိုလ်သာပြုနိုင်တာမို့ မြန်မာပြည်ကို ပြန်လာနိုင်တဲ့တနေ့ ဦးကျော်သူ ဦးဆောင်တဲ့ အဖွဲ့မှာပါဝင် လုပ်အားဒါန ပြုချင်တဲ့အထိ စိတ်ဆန္ဒများ ဖြစ်ပေါ်မိပါတယ်။

----- ။ -----

ငယ်ငယ်တုန်းက မင်းသားကျော်သူပုံတူတွေ အများကြီးဆွဲခဲ့ဖူးတယ်။ အဲဒီတုန်းက မင်းသားတစ်ယောက်ကို သာမန် သဘောကျခြင်းသက်သက်နဲ့ သူ့ပုံတူတွေဆွဲခဲ့မိတာကလွဲလို့ ဘာခံယူချက် ဘာခံစားမှုမှ အပိုမပါခဲ့ဘူး။
နှစ်ပေါင်း၂၀ကျော် ကွာခြားသွားပြီးတဲ့နောက် အခု ဦးကျော်သူရဲ့ ၅၁နှစ်မြောက်မွေးနေ့မှာ အမှတ်တရ ဂုဏ်ပြုချင်လို့ဆွဲမိတဲ့ ဒီပုံတူမှာတော့ မြန်မာပြည်သားများအားလုံးကိုယ်စား ဦးကျော်သူအပေါ် ချစ်ခင် ကြည်ညို အားထားမှု၊ လေးစား အားကျ ဂုဏ်ယူမှုတွေ ထင်ဟပ် ပျော်ဝင်နေမှာ ဖြစ်ပါတယ်လို့။

ဦးကျော်သူ မွေးနေ့မှာ ကိုယ်ရော စိတ်ပါ ကျန်းမာ ရွှင်လန်း ချမ်းသာပါစေရန် ဆုတောင်းမေတ္တာများပို့သလျက်... ။ ။

စုချစ်
၀၂ နိုဝင်ဘာ ၂၀၁၀

----- ။ -----

Monday, October 18, 2010

၄၈နှစ်မြောက် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း မွေးနေ့

၁၈-၁၀-၂၀၁၀
၄၈နှစ်မြောက် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း မွေးနေ့

မရှိခဏ

မြွေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်ကမရှိဖူး

လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဖူး

ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ဝင်လာကြတာပဲ
ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ

အစုန်သမားက လန့်အော်
အဆန်သမားက ဆက်မလှော်နိုင်တော့ဖူး

နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လဲမရှိဖူး

လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ
ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဖူး

မင်းကိုနိုင်
စစ်တွေထောင်တွင်းစပ် ကဗျာ

Saturday, October 16, 2010

ရွှေမေတ္တာအရင်းခံပါပဲရှင်...

ရွှေမေတ္တာအရင်းခံပါပဲရှင်...


၁၆ - ၁၀ -၂၀၁၀
ကိုလေးအတွက်...
၄၁နှစ်မြောက် မွေးနေ့လက်ဆောင်


သီချင်း - မေတ္တာအရင်းခံ
တေးရေးဆရာ - ရွှေတိုင်ညွန့်
တေးဂီတ - စန္ဒရားငွေစိုး

Sunday, October 10, 2010

Naughty!!!!




I sung this song and created this music video... just to tease my hubby in our 9th married anniversary...... He is laughing out loud when he saw this.....

;-)


uploaded in 10-10-10
Remembrance

Wednesday, August 25, 2010

မနာပ ဘာဝ ဒဿန

မနာပ ဘာဝ ဒဿန

ဒီကနေ့ ၀ါခေါင်လပြည့်နေ့သည် မေတ္တာတော်အခါနေ့ ဖြစ်သည့်အားလျော်စွာ ဤမေတ္တာ သီချင်းလေးဖြင့် မောင်နှမများအားလုံးသို့ ဆုတောင်း မေတ္တာများ ပို့သပေးလိုက်ပါ၏။




ဘ၀နေနည်းကို တချက်လောက် စောင်းငဲ့ပြီး လှည့်ကြည့်မယ်ဆိုရင် လောကကြီးမှာ ပျော်ပျော်ရွင်ရွှင် နေတတ်ဖို့ မေတ္တာတရားသည်သာ အရေးကြီးဆုံးလို့ မရွှေစု ယုံကြည် လက်ခံမိပါသည်။ ပျော်ရွှင်နေသည့် နှလုံးသားသည် မည်မျှပင်ရှည်လျားသည့် ခရီးမိုင်ရှည်ကြီးကို လျှောက်လှမ်းနေရပါစေဦး၊ ဘယ်တော့မျှ မောပန်းသည်လို့ မထင်ရပေမင့် မုန်းတီးခြင်းတွေ ပြည့်နှက်နေသည့် အလိုမကျသည့် နှလုံးသားသည် နည်းနည်းကလေးလှမ်းရသည်နှင့် ပန်းဟိုက်လာမည်မှာ အမှန်ဖြစ်ပါသည်။

နှလုံးသားမှာ အမုန်းတရားမရှိမှသာ တကယ်ပျော်ရွှင်နိုင်သည့်သူ ဖြစ်နိုင်မည်ထင်ပါသည်။ ဆိုတော့ သဲကုန်းဆရာတော်ကြီး ဟောခဲ့ဖူးသည် တရားစကားလေးကို အားလုံးအတွက် လက်ဆောင်ပါးချင်ပါသည်။ မနာပ ဘာဝ ဒဿန - မနာပ ဆိုတာ နှစ်သက်ဖွယ်ကောင်းတာ၊ ဘာဝ ဆိုတာ ဂုဏ်ကျေးဇူး၊ ဒဿန ဆိုတာကတော့ အမြင်ဖြစ်ပါသည်။ သူတပါး၏ နှစ်သက်ဖွယ် ဂုဏ်ကျေးဇူးကို မြင်တတ်သောသူဟာ ဘ၀မှာ တကယ် ပျော်ရွှင်သောသူ။ အ-ဒေါသတွေ လွှမ်းခြုံထားသည့် ဒေါသ ကင်းသောသူ၊ တနည်း မေတ္တာ တရားနှင့် ငြိမ်းချမ်းစွာ ပျော်ရွင်နေသောသူ ဖြစ်ပါသည်။

ဘလော့ဖတ်လာ မိတ်သဟာ မောင်နှမများ အားလုံး စိတ်ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

မေတ္တာဖြင့်...
စုချစ်

Thursday, August 19, 2010

Salary Increment



လစာမတိုးတာကြာလို့ မန်နေဂျာကို ဘယ်လို အသိပေးရရင် ကောင်းမလဲ။ ဒါမှမဟုတ် (Salary increment letter) ဘယ်လိုရေးရမလဲလို့ အကူအညီတောင်းလာတဲ့ မောင်ညီမလေးများ အတွက် ...

စင်ကာပူမှာ များသောအားဖြင့် Organization အသေးလေးတွေရဲ့ လုပ်ပုံ လုပ်နည်းနဲ့ Organization အကြီးတွေရဲ့ လုပ်ပုံလုပ်နည်း မတူညီတာတွေ အများကြီးရှိပါတယ်။ ဒီနေရာမှာ ကိုယ်သိသလောက်လေး ၂မျိုးခွဲပြီး ပြောသွားပါမယ်နော်။

For those who working with Systematic Organization

အလုပ်သမား အခွင့်အရေးကို စနစ်တကျ နည်းလမ်းမှန်မှန် အတတ်နိုင်ဆုံးကျင့်သုံးပေးတဲ့ Organization တွေမှာတော့ နှစ်စဉ် နှစ်တိုင်း Appraisals, Annual Performance Review တွေ လုပ်လေ့ရှိပါတယ်။ Appraisals နဲ့ Annual Performance Review တွေ နှစ်စဉ်လုပ်ပေမယ့် နှစ်တိုင်း လစာတိုးပေးမယ်၊ ဘောနပ်စ်ပေးမယ်လို့တော့ မဆိုလိုပါဘူး။ အနည်းဆုံးတော့ အခုရေးထားတဲ့ အချက်တွေကို အခြေခံပြီးမှသာပဲ လစာတိုးနဲ့ ဘောနပ်စ်ကိစ္စကို စဉ်းစားပေးနိုင်ကြပါတယ်။

၁) ကမ္ဘာ့ စီးပွားရေး လက်ရှိနဲ့ ရှေ့အလားအလာ အခြေအနေ
၂) company ရဲ့ လက်ရှိနဲ့ ရှေ့အလားအလာ performance and Business Opportunity

၃) Relative Outside Market Rate
၎) ကိုယ်အလုပ်လုပ်တဲ့ Team ရဲ့ Importance နဲ့ တစ်ဦးချင်းစီရဲ့ Performance


စတာတွေရယ်ပေါ်မှာမူတည်ပြီး bonus နဲ့ increment ကိုပေးလေ့ရှိကြပါတယ်။ ကိုယ်ဘယ်လောက်တော်တော်၊ ဘယ်လောက်ကြိုးစားခဲ့ ကြိုးစားခဲ့ပစေ၊ ကိုယ့် company က စီးပွားပျက်ကပ်ထဲမှာ အလူးအလဲ ခံနေရရင်၊ ဒါမှမဟုတ် အရှုံးပေါ်နေရင် ဘယ်လိုလုပ်ပြီး ဘောနပ်စ်ပေးနိုင်မှာလဲ။ ဘယ်လာ လစာတိုးပေးနိုင်မလဲ။ အလုပ်မပြုတ်ရင် ကံကောင်းပဲ မဟုတ်လား။

company ကပုံမှန် လည်ပတ်နေတဲ့ အချိန်ဆိုရင်တော့ လစာတိုးကို ကိုယ့် performance ပေါ်မူတည်ပြီး တိုးပေးနိုင်တာပေါ့လေ။ ဘောနပ်စ်လဲ များများ မျှော်လင့်နိုင်တာပေါ့။ အဲဒီတော့ နှစ်စဉ် ကိုယ့်ဘာသာ self Appraisal လုပ်တဲ့အချိန်မှာ ပြီးခဲ့တဲ့ နှစ်အတွင်းက ကိုယ်လုပ်ခဲ့တဲ့ contributions နဲ့ ကိုယ်ရခဲ့တဲ့ achievements တွေအားလုံးကို management က recognize လုပ်ချင်အောင် ရှင်းရှင်းလင်းလင်း သေသေချာချာ ရေးရပါမယ်။ ကိုယ့်ဘာသာ self Appraisal အရင်လုပ်ပြီး ကိုယ်ရသင့်တဲ့ အခွင့်အရေးကို ကိုယ့်မန်နေဂျာက ကိုယ့်ကို Appraisals လုပ်တဲ့အချိန်မှာ ညှိရပါမယ်။ ဆွေးနွေးရပါမယ်။ တကယ်လို့ ဒီနှစ်မှာ မတော်တဆ ကိုယ်က နည်းရခဲ့လျှင်လည်း နောက်နှစ်အတွက် agreement ရအောင် ယူတတ်ရပါမယ်။

For those who working with non-Systematic Organization

နှစ်စဉ် Performance Review တွေ လုပ်လေ့မရှိတဲ့ Company မျိုးမှာ လုပ်နေတဲ့သူတွေအတွက်တော့ တမျိုးစဉ်းစားရတော့မှာပေါ့နော်။ တချို့တွေများဆို ၃-၄နှစ်လောက် လုပ်နေတာ လစာ လုံးဝတိုးမရတာတွေ ရှိသတဲ့။ ကိုယ့် Company က အခြေအနေကောင်းရဲ့သားနဲ့ လစာတိုးရမယ့်ကိစ္စကို မသိချင်ယောင်ဆောင်နေတာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ပေးဆပ်မှုနဲ့ ထိုက်တန်စွာ လစာမရဘူးလို့ ခံစားရရင် ၊ Outside Market Rate နဲ့ ယှဉ်ကြည့်လို့ ကိုယ့်လစာက နည်းနေတယ်လို့ ယူဆရင် လစာတိုးတောင်းသင့်ပါတယ်။

လစာတိုးတောင်းရမဲ့ နည်းလမ်းတွေကတော့ တသမတ်ထဲမရှိပါဘူး။ ကိုယ် အဆင်ပြေသလိုနည်းနဲ့ အမျိုးမျိုး ပြောကြတာတွေ့ရတာပဲ။ တချို့ကလည်း ဘော့စ်ကို ပါးစပ်နဲ့ ဖွင့်ပြော ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ တချို့ကလည်း ဘော့စ်နဲ့ မရင်းနှီးတော့ ဘော့စ်နားဆီကို ပေါက်မဲ့သူကို သွားပြောတတ်ကြတယ်။ တချို့ကလည်း စာရေးပြီး ပြောကြတယ်။ စိတ်တိုတတ်တဲ့ တချို့ကတော့ အလုပ်ထွက်မယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ လစာနည်းလို့ စသဖြင့် ဓါတ်ကြမ်းတိုက်ချင်လည်း တိုက်ကြတယ်။ တချို့လည်း အလုပ်ထွက်မယ်လို့ ကြိမ်းလိုက်မှ လစာတိုးရတာမျိုးလဲ ရှိသတဲ့။ ဒါကတော့ ကိုယ်က ကိုယ့်အလုပ်မှာ ကိုယ်က မရှိမဖြစ် တကယ်ကို အရေးကြီးတဲ့သူဖြစ်မှ ရမယ်နော်။

အကောင်းဆုံး အကြံပေးချင်တာကတော့ ကိုယ်ဖြစ်ချင်တာ ကိုယ့်မန်နေဂျာကို face to face တိုက်ရိုက်ဆွေးနွေးသင့်ပါတယ်။ ပါးစပ်နဲ့ပြောတာက ပိုကောင်းပါတယ်။ လစာမတိုးတာကြာပြီ။ ဘာဖြစ်လို့ မတိုးတာလဲ၊ ကိုယ်ဘာတွေ လုပ်ထားတယ်၊ ဘယ်လို တာဝန်တွေယူနေရတယ် စသဖြင့် သူနားလည်အောင် ပြောပြရမှာပဲ။ အကောင်းဆုံး လစာတိုးတောင်းတဲ့ နည်းကတော့ လစာတိုးတောင်းမယ်လို့ စဉ်းစားထားရင် အရင်ဆုံး အလုပ်ပိုလုပ်ပြရမှာပါပဲ။ ကိုယ့်မန်နေဂျာသိအောင် သာမန်ထက် အရေးပါတဲ့ အရေးကြီးတဲ့ လုပ်ဆောင်မှုတွေ ယူပြရမှာပဲ။ ကိုယ့်က ကိုယ့် team member တွေကိုဘယ်လို motivate လုပ်သလဲ၊ ကိုယ့်ရဲ့ value က သူများနဲ့မတူ ဘယ်လို Individual ဖြစ်တယ်ဆိုတာ သူသိအောင် လုပ်ပြရမယ်။ အရေးကြီးဆုံး နောက်တချက်က လစာတိုးဖို့အကြောင်း သူနဲ့ စကားပြောတဲ့အချိန်မှာ စိတ်မတိုမိပါစေနဲ့။ အေးအေးဆေးဆေး professional ဆန်ဆန် ဆွေးနွေးပါ။

တချို့ကတော့ face to face စကားပြောရမှာ အားနာတာတို့ ကြောက်တာတို့ ဖြစ်တတ်ပါတယ်။ အဲဒီတော့ စာရေးတာကို ပိုရွေးချယ်ချင်ကြပါတယ်။ စာရေးတာကို ရွေးချယ်ချင်တဲ့ သူတွေ အတွက် စာရေးနည်းလေးကို နည်းနည်းပြောပြပါမယ်။ စာရေးတာကို ရှုပ်ရှုပ်ထွေးထွေးတွေ မရေးပါနဲ့။Keep it simple and polite ဖြစ်ပါစေ။ ကိုယ့် အခြေအနေကို ရေးပြပါ။ ကိုယ်ယူနေတဲ့ တာဝန်တွေကို ရေးပြပါ။ ဒီထက်မက တာဝန်ယူချင်တဲ့ အကြောင်းကိုလည်း ပြောပြပါ။ အခု ညီမလေးတစ်ယောက်ကို ရေးပေးတဲ့ စာနမူနာကို ဒီမှာ ရေးပြလိုက်ပါတယ်။ တကယ်ကတော့ အင်တာနက်ထဲကတွေ့တဲ့ sample တွေကနေ အတုခိုးရေးရတာပါပဲ။ ဒီထက်မက sample တွေလည်း internet မှာ အများကြီး ရှိပါတယ်။

Subject: Request for Salary Increment

Dear Sir,


I have worked for this company for the last two years as an xxxx Engineer. During this time I have done my duties to the best of my abilities. I have been sincerely dedicated and have constantly worked hard.


As xxxxxx engineer, I have successfully implemented xxxxxx and currently I am taking new responsibilities for xxxxxxxxx. I am eager to assume these new responsibilities and will work hard to meet tight deadlines.


I am prepared to take more responsibility, and I will continue to be the valued, hard working, committed, reliable and honest employee that I have always been.


However, despite general appreciation of my work, I have not received any salary increment. My basic salary is still only .... S$. Hence, I would like to request you to consider my case for an increase to xx% of current pay.


The cost of living in Singapore has become very high, with price increases for house rental, PUB, food and transport, and this really has put a strain on my earnings.


I hope this application merits your favorable consideration and you will provide your recommendation to HR department for their further action.


I look forward to a favorable response from you.


Sincerely yours,
xxxx

အရေးကြီးဆုံးနောက်တချက်ကတော့ ကိုယ်တောင်းဆိုလိုက်လို့ လစာတိုးရလာပြီဆိုရင် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို မပြောမိ၊ မကြွားမိပါစေနဲ့။ Keep it confidential!!! လုပ်ဖော်ကိုင်ဖက်အချင်းချင်း မလိုလားအပ်တဲ့ ရုံးတွင်း ညိုညင်မှုတွေ မဖြစ်ပါစေနဲ့။

******************

တခါက မေးလ်ထဲကိုရောက်လာတဲ့ လစာတိုးတောင်းတဲ့ ဟာသလေး ပြောပြပါအုံးမယ်။ ကဲ... အပျင်းပြေလေး ဖတ်ကြည့်ကြပါအုံး။

One day you send a letter to your boss asking for an increase in your salary !

Dear Bo$$

In thi$ life, we all need $ome thing mo$t de$perately. I think you $hould be under$tanding of the need$ of u$ worker$ who have given $o much $upport including $weat and $ervice to your company .

I am $ure you will gue$$what I mean and re$pond $oon.


Your$ $incerely,


The next day, you received this letter of reply :


Oh my dear:


I kNOw you have been working very hard. NOwadays, NOthing much has changed. You must have NOticed that our company is NOt doing NOticeably well as yet .


NOw the newspaper are saying the world`s leading ecoNOmists areNOt sure if the United States may go into aNOther recession. After the NOvember presidential elections things may turn bad.

I have NOthing more to add NOw. You kNOw what I mean.

Yours truly,
Manager

အဲသလို ပြန်စာမျိုးတော့ မရကြပါစေနဲ့နော်....

Ref:
1) salary negotiation tips

2) Various Internet Web Sites with Salary Increment


မေတ္တာဖြင့်... စုချစ်

********************

Sunday, August 15, 2010

ထူးအိမ်သင် ၆နှစ်ပြည့် အမှတ်တရ...



အဝေးက မိုးကောင်းကင်ထဲမှာ...
ငါ့အလွမ်းငှက်ငယ်လေး တစ်ကောင်
မင်းနောက်လိုက်ရှာနေ...
မင်း...
ဘယ်နေရာမှာလဲ အချစ်...
ကမ္ဘာမြေတစ်ဖက်စွန်းထိ
ငါဖြတ်သန်းလာမယ်...
တစ်နေ့တော့
ငါ...
မင်းနဲ့ ဆုံတွေ့မယ်...
ငါယုံကြည်ထားနေဆဲ...
...........
.....
...
.

Tuesday, July 27, 2010

ရာသီစာ

ရာသီစာ



ဒီနေ့မနက်စောစော အိပ်မှုန်စုံမွှားဖြင့် ဘုရားအာရုံပြု မျက်နှာသစ်နေရင်းမှ မရွှေစုတစ်ယောက် ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်မိကာ တစုံတရာကို အလန့်တကြား ရေရွတ်မိလိုက်ပေသည်။

****************************************

စနေနေ့ညက ကိုရေချမ်းနဲ့ မရွှေစုတို့ စင်ကာပူရဲ့ နာမည်ကျော် ဂေလမ်း (Geylang) ဘက်ကို ပထမဦးဆုံးအကြိမ် အဖြစ် ရောက်ခဲ့လေသည်။ အရှေ့ဘက်သို့သွားရင်း ရံဖန်ရံခါ ဂေလမ်းရှေ့မှ ကားဖြတ်မောင်းဖူးသော်လည်း တခါမျှ ဆင်းပြီး လမ်းမလျှောက်ခဲ့စဖူး။ ဒီတခါတော့ မရွှေစုကလည်း စပ်စုချင်နေတာနဲ့ တနေရာမှာ ကားရပ်ပြီး လမ်းလျှောက်ကြရအောင်ဆိုတဲ့ ကိုရေချမ်း အဆိုပြုချက်ကို သဘောတူလိုက်သည်။ ကိုရေချမ်း ရည်ရွယ်ချက်ကတော့ ရာသီစာ ဒူးရင်းသီးဆိုင်များကို ငေးချင် ငမ်းချင်၍ဖြစ်မည်။ မရွှေစုကစိတ်လည်ပြီး ၀ယ်ချင်လည်းဝယ်ပေါ့ ပြောမည်ဟု သူက သေချာပေါက် မျှော်လင့်ထားသည်။

တကယ်က Lavender ဘက်မှာ လူကြုံပစ္စည်း သွားပေးရင်း အပြန်မှာ ကိုရေချမ်းက ဘယ်သွားရရင် ကောင်းမလဲဟု မေးလေသည်။ ညက ၉နာရီကျော်နေပြီ။ ဒီအချိန်ကျမှ တခြားဝေးဝေး ဘယ်ကိုမှ သွားစရာမရှိတော့။ နီးနီးနားနား ကားကိုကွေ့လိုက်လျင် ဂေလမ်းရှိသည်။ ဒါမှမဟုတ် ညလုံးပေါက်ဖွင့်သည့် မူစတာဖာရှိသည်။ ကိုရေချမ်း ဒူးရင်းသီး စားချင်နေတာကို သိသည့် မရွှေစုလည်း ဂေလမ်းဖက်ဦးတည်သွားနေသည့်ကားကို ဘာမှမပြောသာတော့ပဲ ဒူးရင်းသီး ၀ယ်ချင်ဝယ်ပါစေဟု မသိမသာ အခွင့်ပေးလိုက်တော့သည်။ တနေ့ကမှ သတင်းဖတ်ထားတာ... ဘာတဲ့ မကာအိုက လောင်းကစားဘုရင် သူဌေးကြီးဆိုလား... ကိုယ်ပိုင် ဂျက်လေယာဉ်ကို စင်ကာပူလွှတ်ပြီး ဒူးရင်းသီး ၈၈လုံး၊ စလုံး ဒေါ်လာ ၂၀၀၀ကျော်ဖိုး ၀ယ်သွားဆိုပဲ။ ဖြစ်နိုင်တာ ဂေလမ်း ဆိုင်တွေကနေ ၀ယ်သွားပုံရသည်။ မရွှေစု အသေအချာ မသိပါ။ ကိုရေချမ်းလည်း မကာအိုသူဌေး၊ မြန်မာသူဌေး၊ ဘာသူဌေးမှ မဟုတ်ပေမင့် သူ့ရှိတဲ့ကားလေးနှင့် အာသာပြေ ဒူးရင်းသီး ၂၀ဖိုးလောက်တော့ ၀ယ်ပါစေလို့ မရွှေစုက ရီချင်ပက်ကျိ စဉ်းစားမိနေသေးသည်။

နှစ်စဉ် ဒီလို အချိန်ရောက်လာပြီဆိုလျင် ကိုရေချမ်းတို့ ၃ရက်တခါလောက် ရုံးကနေအိမ်ကိုတန်းတန်းမတ်မတ် မပြန်။ အိမ်နောက်ဘက် ၁၀မိနစ်လောက်လျှောက်လျင်ရောက်သည့် ရပ်ကွက်ညဈေးလေးကို သွားပြီး ဒူးရင်းသီးတွေ တအိတ်တပိုးဆွဲ ၀ယ်ပြန်လာလေ့ရှိသည်။ ဒီနှစ်မှာတော့ ကိုရေချမ်းတစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ငြိမ်ကုပ်နေရသည်။ ဟိုဘက်အိမ် ဒီဘက်အိမ်မှ အနံ့ရလာလျှင် နှာခေါင်းရှုံ့ပွရှုံ့ပွလုပ်ကာ ဒူးရင်းသီးအနံ့ကွဟု မရွှေစုကများ ဘာများပြောလာမလဲသဘောဖြင့် စကားခေါ်တတ်သည်။ ပြီးခဲ့တဲ့လကမှ ကိုလက်စထရောတွေတက်၊ သွေးတွေတိုး၊ ရုတ်တရက် နှလုံးကအောင့်လာလို့ ဆေးရုံရောက်သွားခဲ့သေးတာ။ အဲဒီကစလို့ မရွှေစုက ကိုရေချမ်း စားသမျှကို ထိန်းချုပ်လိုက်သည်။ ပီဇာ၊ မက်ဒေါနယ်၊ ကြက်ကျော်၊ အာလူးကြော်၊ ထောပတ်၊ ချိစ်၊ ကြက်ဆီထမင်း၊ ဘဲသား စသဖြင့် ကိုလက်စထရောများမည့် အစားများနှင့် ဝေးဝေးနေပေရော့။ အသီးအရွက်နှင့် အသားများကို မကျော်မလှော် မချက်တော့ပဲ စတီင်းမ်လုပ်ပြီး ကျွေးသည်။ ကော်ဖီကို နွားနို့နှင့်ဖျော်သောက်စေသည်။ ကော်ဖီမိတ်မသုံးရတော့။ ဆလာရီကို အနံ့မကြိုက်မှာစိုးလို့ ပန်းသီးနှင့် ရောပြီး သစ်သီးဖျော်ရည်လုပ်တိုက်ရသည်။ ကြက်သွန်ဖြူကို ပျားရည်၊ ဗနီကာတို့နှင့် စိမ်ပြီးတိုက်သည်။ သစ်သီးမျိုးစုံဝယ်ထားပြီး နေ့လည်စာ ယူသွားစေသည်။ တနေ့ကတော့ ကိုရေချမ်းက ကျနော် နွားကြီးဖြစ်နေပြီဗျလို့ အသီးအရွက်တွေ တချိန်လုံးစားနေရတာကို အကြောင်းပြပြီး အရွဲ့တိုက်ပြောနေသေးသည်။ မရွှေစုက သူ့မပြောသလို မသိချင်ယောင် မကြားချင်ယောင် ဆောင်နေလိုက်သည်။

****************************************

ည၉နာရီကျော် ဂေလမ်းသည် လမ်းဘေး ဘီယာဆိုင်များ၊ သစ်သီးဆိုင်များနှင့် မီးရောင်များ တလက်လက်တောက်ပကာ အတော်ကို စည်ကားလှသည်။ ပလက်ဖောင်းမှာ ချထားသည့် စားပွဲများတွင် ဘီယာသောက်နေသည့် လူများကို ကွေ့ပတ်ကျော်ဖြတ်ရင်း လူများ ကြိတ်ကြိတ်တိုးနေသည့် ဒူးရင်းသီးဆိုင်များကို အဝေးကပင်လှမ်းတွေ့ရသည်။ ဘီယာသောက်နေသည့် လူများမှာ များသောအားဖြင့် အသက်ကြီးကြီး တရုတ်အဖိုးကြီးများဖြစ်ကြသည်။ တချို့စားပွဲများတွင်မတော့ ဘောင်းဘီတိုပြတ် ရှင်မီးလည်ဟိုက် ဆံပင်ဝါကြောင် နှုတ်ခမ်းနီရဲ မျက်ဝန်းလဲ့ပြာရီများနှင့် ပြည်ကြီးတရုတ်မလေးများ ထိုင်နေကြတာကိုလည်း တွေ့ရသည်။ တချို့ အဖိုးကြီးများက သူတို့ပုခုန်းများကို ဖက်ကိုင်ထားကြလေသည်။ လမ်းချိုးတကွေ့ နှစ်ကွေ့ တွေမှာတော့ စီးကရက်ဗူးများကို ကျွတ်ကျွတ်အိတ်လေးထဲထည့်ကာ ပလက်ဖောင်းထောင့်လေးများမှာ ချရောင်းနေကြတာကိုလည်း တွေ့ရသည်။ ကိုရေချမ်းက ကာစတမ်မာခေါ်တယ်ဆိုတဲ့ဟာတွေရောဟုဆိုကာ တီးတိုးလှမ်းမေးလေသည်။ စင်ကာပူ တီဗွီလိုင်း Channel News Asia ကလာတဲ့ Get Real ဆိုတဲ့ စီးရီးစ်တွေကို ကြည့်ဖူးသည့် မရွှေစုက စုံထောက်မကြီး အိုင်တင်နှင့် အဲသာတွေက လမ်းကြားတွေထဲ၊ လမ်းသွယ်တွေထဲ၊ ဒါမှမဟုတ် နည်းနည်း မှောင်ရိပ်ကျတဲ့နေရာတွေမှာ ရှိမှာပေါ့လို့ ပြန်ပြောလေသည်။



ဒူးရင်းသီးဆိုင်တွေနှင့် သစ်သီးဆိုင်တွေက ပလက်ဖောင်းတောက်လျှောက် အပြည့်ဖြစ်သည်။ သူတို့က ဘီယာဆိုင်တွေနှင့် တဖက်ခြမ်းက ကားလမ်းဘေးမှာ ဖြစ်လေသည်။ မရွှေစုတို့ ကားလမ်းကူးကာ လူတော်တော်များများ တိုးနေသည့် ဒူးရင်းသီးအရောင်းဆိုင်ထဲကို ၀င်သွားလိုက်သည်။ ဆိုင်က စားပွဲများမှာ ဒူးရင်းသီး ထိုင်စားနေကြသူများ အပြည့်။ မိသားစုလိုက်၊ သူငယ်ချင်း အုပ်စုလိုက် ဒူးရင်းမွှာလေး စားလိုက် အုန်းစိမ်းရည်လေးစုတ်လိုက်ဖြင့် စကားတပြောပြော တရီမောမော ဆူဆူညံညံ စည်စည်ကားကား။ မရွှေစုတို့လည်း ဖေဖေ မေမေတို့နှင့် တရုတ်တန်းမှာ တခါလား အဲသလို သွားထိုင်စားဖူးပါသည်။



ဆိုင်ထဲက စင်တွေမှာတော့ ဒူးရင်းသီး အမျိုးမျိုးအစားအစား တလုံး ၁ကျပ်တန်ကစလို့ ၁၀တန် ၂၀တန် ထိ ရှိသည်။ ထုံးစံအတိုင်း စင်ကာပူမှာ နာမည်ကြီးသည့် လူအသိအများဆုံး ဒူးရင်းသီးကတော့ D24 ပေါ့။ ဆိုင်မှာ ရောင်းနေသည့် အမျိုးအစားများကတော့ D24, D13, XO နှင့် D101 တို့ဖြစ်သည်။ ကိုရေချမ်းက မရွှေစုနားကပ်ကာ ၀ယ်မယ်နော်ဟုပြောပြီး တဆိုင်လုံးက ဒူးရင်းသီးတွေ လိုက်ကြည့်သည်။ ကြည့်လို့အားရမှ ၃လုံး -၂၀တန်ကို သူကရွေးဝယ်လေသည်။ ဒူးရင်းသီးတွေကလည်း တချို့က ခပ်စိမ်းစိမ်း၊ တချို့က ခပ်ဝါ၀ါ၊ တချို့က မစိမ်း မ၀ါ၊ တချို့က ဘဲဥပုံ၊ တချို့က အ၀ိုင်း၊ တချို့က အချွန်၊ ဆူးကြဲ၊ ဆူးစိတ် စသဖြင့် အမျိုးမျိုး အဖုံဖုံ စုံလင်လှသည်။

****************************************

စကားစပ်မိလို့ ဒူးရင်းသီးကို ဘယ်လို ဘယ်ပုံရွေးရတယ်ဆိုတာ သိသလောက် ပြောပြချင်ပါသည်။ အသီးရဲ့ အညှာရိုးတံက အရမ်းခြောက်နေရင် အဲဒီအသီးက ခူးထားတာကြာပြီမို့ မလတ်ဆတ်တော့ဘူးလို့ ပြောကြပါသည်။ တကယ်က ဒူးရင်းသီးဆိုတာ ခူးရတာထက် အပင်ကမှည့်လို့ အလိုလိုကြွေကျတာကို ကောက်စားတာ ပိုကောင်းတယ်လို့လည်း ကြားဖူးလေသည်။ အရင်က စင်ကာပူ-မလေးရှားနယ်စပ် တောထဲက ဆောက်လုပ်ရေးဆိုဒ်မှာ အလုပ်လုပ်သည့် အသိမောင်လေးတစ်ယောက်က ကိုရေချမ်း ဒူးရင်းသီးကြိုက်မှန်းသိလို့ လတ်လတ်ဆတ်ဆတ် ကြွေကျထားသော အသီးများကို တောထဲမှာ မနက်စောစော သွားကောက်ပြီး လာပေးလေ့ရှိသည်။ နောက်တခုက အသီး အောက်ခြေက အက်နေရင် အမှည့်လွန်နေတာမို့ မကောင်းတော့ပါ။ ဒူးရင်းသီးကို နမ်းကြည့်လို့ အနံ့က အရမ်းစူးရင် ကောင်းဖို့ များပါသည်တဲ့။ တကယ်လို့ နမ်းကြည့်ပြီး ဘာအနံ့မှ မရသေးရင် မမှည့်သေးလို့ မကောင်းတတ်ပါတဲ့။ ပြီးတော့ အသီးကို လက်နဲ့အသာလေးခေါက်ကြည့်လို့ လှိုဏ်ခေါင်းသံမြည်နေရင်၊ နား- နားမှာ ကပ်ပြီး လှုပ်ကြည့်လို့ လှုပ်နေတဲ့ အသံကြားရရင် ကောင်းပါသည်တဲ့။ ပိုးကိုက်ထားလား ဆိုတာ သိရအောင်တော့ အသီးမှာ အပေါက်ရှိနေလား ကြည့်ကြည့်ပါတဲ့။ အကောင်းဆုံး စစ်ဆေးနည်းကတော့ အခွံခွာပြခိုင်းပြီး မြည်းကြည့်ခြင်းပါပဲတဲ့။



မရွှေစုတို့ကတော့ အကောင်းဆုံးစစ်ဆေးနည်းကို အသုံးချတာမို့ ဒူးရင်းသီးရောင်းတဲ့ ဦးလေးကြီးက ကိုယ်ရွေးယူလိုက်တဲ့ အသီးကို ခွဲပြပေးပါသည်။ တချို့အလုံးများကို သူကိုယ်တိုင်လည်း ရွေးပေးသည်။ အရသာကို ခါးတာယူမလား၊ ချိုတာ ယူမလား၊ မချိုမခါးလေးယူမလား စသဖြင့် ဦးလေးကြီးကို ပြောပြီး ရွေးခိုင်းလို့ ရပါသည်။ မရွှေစုတို့ကတော့ မချိုမခါးအရသာကိုပဲ ကြိုက်ပါသည်။ တအားခါးတာမှ ကောင်းတာလို့ ပြောသော်လည်း ခါးသည့်အရသာကိုတော့ မကြိုက်လှပါ။ ဦးလေးကြီးက အရသာ၃မျိုးစားရအောင် အပင်မတူသည့် အသီးများကို စိတ်ရှည်လက်ရှည်ရွေးပေးလေသည်။ အခွံနွှာလိုက်တဲ့ ခဏမှာပဲ မွှေးကြိုင်သော ရနံ့ခပ်ပြင်းပြင်းက စူးကနဲ လေထဲကို ပျံ့လွင့်လာသည်။ စိမ်းမြရောင်ခြယ် ဆူးခွံများကြားမှ ချောင်းကြည့်နေသည့် ဒူးရင်းမွှာများက ရှက်သွေးဖြာနေသည့် အပျိုစင်လေးလို မထိရက်စရာ ၀ါရောင်ဝါသွေးနှင့် လှလိုက်သည့်ဖြစ်ခြင်း။

****************************************

ဒူးရင်းသီးဝယ်ပြီးတော့ သူနှင့်တွဲဖက်စားဖို့ မဖြစ်မနေ၀ယ်ရမည့် အသီးက မင်းဂွတ်သီးပင်ဖြစ်သည်။ ကပ်လျက်ဆိုင်မှာ မင်းဂွတ်သီး အလုံးလှလှကြီးတွေ တစ်ကီလို ၄ကျပ်တဲ့။ မရွှေစုက တစ်ကီလို မှန်းပြီး ရွေးကာပေးလိုက်သည်။ ချိန်လိုက်တော့ နည်းနည်းလေး သာနေတာကို ဆိုင်ရှင်တရုတ်မလေးက ၄လုံးလောက် ထပ်ပစ်ထည့်ပေးပြီး ၅ကျပ်ဖိုး ယူနော်ဟု ပြောလေသည်။

လှည့်ပြန်လာပြီးမှ လမ်းမှာ ထပ်တွေ့ရသည်က တစ်ကီလို ၂ကျပ်တဲ့။ သူကတော့ နည်းနည်း အလုံးသေးသည်။ မရွှေစုက တစ်ကီလိုစာ ထပ်ဝယ်ပြန်သည်။ နည်းနည်းလေးသာနေတာကို သူကလည်း ခုနကဆိုင်လို ၃လုံးလောက်ထပ်ထည့်ပေးပြီး ၃ကျပ်ဖိုး ယူပါနော်ဟု ပြောပြန်သည်။ ဒါနဲ့ မင်းဂွတ်သီး ၇ကျပ်ဖိုး ၀ယ်ဖြစ်တော့သည်။

တနင်္ဂနွေနေ့ IMM မှာ ဈေးသွားဝယ်တော့ သစ်သီးတန်းမှာ မင်းဂွတ်သီးတွေ တောင်လိုမောက်နေသည်။ တစ်ကီလို ၁ကျပ်ပြား၉၀တဲ့။ မရွှေစုက တစ်ကီလိုသာသာလောက်ဝယ်ပြန်သည်။ ကိုရေချမ်းက မင်းဂွတ်သီးမကြိုက်။ ဘာဖြစ်လို့ အဲသလောက် ၀ယ်နေတာလဲ ဟုမေးသည်။



မရွှေစုက ကိုယ့်ဝမ်းနာ ကိုယ်သာသိ။ ၀ယ်လာသည့် ဒူးရင်းသီးများ ကိုရေချမ်း စားလျင်ရောဂါရမှာစိုးလို့ တော်တော်များများကို မရွှေစုချည်းပဲ စားပစ်လိုက်တာဖြစ်သည်။ ပြောသာပြောရ၊ ဂေလမ်းဒူးရင်းသီးကလည်း စားဖူးသမျှထဲမှာ တော်တော်လေးကို အရသာရှိပါသည်။ အရသာရှိသလောက် အစွမ်းကလည်းပြသည်။ စားပြီး လူက တကိုယ်လုံးပူနေသည်။ ခေါင်းတွေ မူးချင်ချင်ဖြစ်နေသည်။ ၃ရက်ဆက်တိုက်စားပြီး ညတွေမှာဆို ပူလွန်းလို့ ရေချိုးပြီးသား ရေထပ်သွားချိုးရသည်။ ရေတွေ ခဏခဏ သောက်လွန်း၍ ဗိုက်ကြီးလည်း ကယ်နေပေပြီ။ သူငယ်ချင်း ဆရာဝန်မက ကိုရေချမ်း ဒူးရင်းသီးစားဖို့ မသင့်တာ ဘာလို့ စားစေရတာလဲဟု ဖုန်းဆက်ပြောနေသေးသည်။ အော်... တခါတခါလည်း သူတပါး အာသီသရှိတာလေး သူကြိုက်တာလေးကို ရာသီစာမို့ မစားနဲ့ ပြောရမှာ ဟန့်ရတာလည်း မကောင်း။ မပူပါနဲ့ကွယ်... မရွှေစုပါးစပ်ထဲပဲ အများကြီးရောက်တာပါဟု ပြောလိုက်ရသေး၏။

****************************************

ဒီနေ့မနက်စောစော အိပ်မှုန်စုံမွှားဖြင့် ဘုရားအာရုံပြု မျက်နှာသစ်နေရင်းမှ မရွှေစုတစ်ယောက် ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်မိကာ တစုံတရာကို အလန့်တကြား ရေရွတ်မိလိုက်ပေသည်။

အမေ့... မျက်နှာမှာ အဖုတွေတော့................။ ။
စုချစ်
၂၇-၀၇-၂၀၁၀


****************************************

Monday, July 26, 2010

တနေ့တာ


ဒီကနေ့ ၀ါဆိုလပြည့်နေ...။

မနက်စောစောစီးစီးမှာပဲ မိုးတွေကရွာနေလိုက်တာ သဲကြီးမဲကြီး။ ရုံးသွားရမှာမို့ ဥပုသ် ဘယ်စောင့်နိုင်မလဲ။ ငယ်ငယ်တုန်းကတော့ တနှစ်မှာ ဥပုသ်မစောင့်မနေရ ရက်တွေရှိတယ်။ အဲဒီရက်တွေက ၀ါဆိုလပြည့်နေ့ရယ်၊ သီတင်းကျွတ်လပြည့်နေ့ရယ်နဲ့ နှစ်ဆန်း၁ရက်နေ့တွေပဲ။ ခုတော့ လပြည့်ရက်တွေက ပိတ်ရက်တွေနဲ့ တိုက်မှပဲ ဥပုသ်စောင့်ဖြစ်တော့တယ်။ ဥပုသ်မစောင့်ဖြစ်ပေမဲ့ ကိုယ့်စိတ်ထဲ ကုသိုလ်ကောင်းမှုလို့ ထင်တာ ရတန်သလောက် တတ်နိုင်သလောက် ကိုယ့်အထွာလေးနဲ့ကိုယ် ကိုယ့်အတိုင်းအတာလေးနဲ့ ကြိုးစားပြီး လုပ်ယူတာပဲ။ ဒါပေမဲ့ တအားလည်း လုပ်ဖြစ်တယ်မဟုတ်ပြန်ဘူး။ ကျူးပစ်ကမောင်လေးကိုဇေကြီးလို စနေတိုင်းလည်း ဥပုသ်မစောင့်ဖြစ်ဘူး။ ရုံးမသွားခင် ၁နာရီ ဘုရားရှေ့ တရားထိုင်တယ်ဆိုတာ အားကျသာတာ ရှိတာ။ ကိုယ့်ဘာသာကျတော့ မလုပ်ဖြစ်ဘူး။ တရားစခန်းဆိုတာလည်း မ၀င်ဖြစ်တာ ကြာလှပါပြီ။

မနက် မျက်စိနှစ်လုံးပွင့်လို့ အိပ်ရာကမထခင် ပထမဆုံးသတိတရနဲ့ လုပ်တဲ့အလုပ်က သရဏဂုံ၃ပါးရွတ်လိုက်တာပါပဲ။ မျက်နှာသစ်၊ သွားတိုက်ရင်းနဲ့လည်း တခြား ဘာမှ မတွေးမိအောင် ဒါပဲရွတ်နေတာပဲ။ အဲသာကို အကျင့်လုပ်ထားပါတယ်။ အကျင့်လုပ်ထားတဲ့အတွက် အလိုလို ကို ရွတ်နေပြီးသား ဖြစ်နေပါတော့တယ်။ တခါတလေ လူ့စိတ်ဆိုတာ အစိုးရတာ ကောင်းတာ မဟုတ်ဘူး...။ မနက်စောစောစီးစီး မင်္ဂလာရှိရှိနေရမဲ့ အချိန်မှာ စိတ်တိုစရာတွေ စိတ်ပူပင်စရာတွေ ရုတ်တရက်တွေးရင် တွေးနေမိတတ်တာ။ ဆိုတော့ ဘာမှ မတွေးမိအောင် ဘုရား ဂုဏ်တော် ဒါမှမဟုတ် သရဏဂုံတည်နေတာ အကောင်းဆုံးလို့ မရွှေစု ယူဆတာပဲ။

ထုံးစံကတော့ ရုံးသွားမဲ့ မနက်တိုင်း ကိုရေချမ်းက အိပ်ရာလာနှိုးလေ့ရှိတယ်။ သူမနှိုးခင်ကတဲကတော့ နိုးနေတာပေါ့။ သူကတော့ မနက်သမား။ ညဖက် ဘယ်လောက် မိုးချုပ်အိပ်အိပ် မနက်ကို အစောကြီးထ။ ရေမိုးချိုး၊ ဘုရားပန်းလဲ သောက်တော်ရေကပ် ဆွမ်းတော်ကပ် ဘုရားရှိခိုး။ ပြီးရင် မနက်စာ စားရင်း ကော်ဖီကို ဇိမ်လေးနဲ့သောက် အေးအေးဆေးဆေး သတင်းထိုင်ကြည့်တတ်တာ။ မရွှေစု ရုံးထဲ့ဖို့ နေ့လည်စာ မနက်စာကိုလည်း သူပဲပြင်ပေး ထည့်ပေးတယ်။ ကိုယ်ကတော့ ညကတဲက အဆင်သင့် အားလုံး လုပ်ပေးထားတာပေါ့လေ။ သူက နွှေးပြီး ထည့်ပေးတာပေါ့။

မရွှေစုက အိပ်ရာစောစောမထနိုင်တော့ ရုံးသွားမဲ့ မနက်ဆို ဘုရားထိုင်ရှိခိုးဖို့ အချိန်မရဘူး။ လက်အုပ်ပဲ ချီရတော့တယ်။ ကားပေါ်ရောက်ရင်တော့ တမနက်စာ ဘုရားစာရွတ်ပေါ့။ သံဗုဒ္ဓေ ၉ခေါက်၊ မေတ္တာသုတ် ၉ခေါက် နဲ့ ဓါရဏ ပရိတ်ရွတ်၊ ပြီးတော့ သတ္တ၀ါတွေအားလုံး မေတ္တာပို့ အမျှဝေ။ အချိန်ရသေးရင်တော့ တရားမှတ်ပေါ့။ မနက်ပိုင်း ရုံးသွားရင်း ကားပေါ်မှာ ကိုရေချမ်းနဲ့ စကားတခွန်းမှ ပြောလေ့မရှိဘူး။ ရုံးရှေ့ရောက်တော့မှပဲ သူ့ကို သွားပြီနော်လို့ တခွန်းနှုတ်ဆက်၊ ကားဖြည်းဖြည်းမောင်းလို့ တခွန်းပြော။ ဒါပဲ။

သူလိုက်ပို့တဲ့ နေ့ဆို ရုံးကို မနက် ၇နာရီခွဲဆို ရောက်ပြီကိုး။ မနက်၈နာရီမှာ ရုံးချိန်စပေမဲ့ ရုံးဝန်ထမ်းတော်တော်များများက ၈ခွဲလောက်မှ ရောက်ကြတာများတယ်။ မရွှေစုက ရုံးထဲဝင်တာနဲ့ ရုံးသမားတွေကို မေတ္တာစပို့တာပဲ။ မင်္ဂလာရှိသောနံနက်ခင်းမှာ မင်္ဂလာရှိသော စကားများပြောရပြီး ကောင်းသောမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံပါစေ ဘာညာ စသဖြင့် စိတ်ထဲ တတ်သမျှ မှတ်သမျှလည်း ရွတ်လိုက်သေးသကိုး။ ပြီးတော့ ကိုယ့်စားပွဲရောက်တာနဲ့ နံရံမှာ ချိတ်ထားတဲ့ ဘုရားပုံတော်ကိုဝတ်ပြုပြီး တရားမှတ်တာပဲ။ အခန်းထဲကသူတွေက ၈ခွဲလောက်မှရောက်တော့ အနည်းဆုံး ၄၅မိနစ်လောက် တရားမှတ်ချိန်ရပါတယ်။ တခါတလေလည်း ကောင်းကောင်းမှတ်လို့ ရတယ်။ တခါတလေလည်း စိတ်တွေ ပျံ့လွင့်နဲ့ပေါ့။ အိပ်ရေးပျက်တဲ့ နေ့တွေဆို နည်းနည်းလဲ အိပ်ငိုက်ပေါ့။ ဒါပေမဲ့ တအားအိပ်ရေးပျက်လို့ ခေါင်းကိုက်နေရင် တရား မမှတ်မဖြစ် မှတ်ကိုမှတ်ရပါတယ်။ မနက်စောစောစီးစီး တရားမှတ်လေးနဲ့နေလိုက်ရင် စိတ်လည်း ကြည်လင်တယ်။ တနေ့လုံး နေလို့ ထိုင်လို့လည်း ကောင်းသွားပါတယ်။

ရုံးမှာ အလုပ်သိပ်မများဖူး ဆိုရင်တော့ တရားလေးဘာလေး ဆက်နာပေါ့။ များသောအားဖြင့် ဆရာတော် ဦးဇောတိကရဲ့ တရားထိုင်နည်းနဲ့ ဟိုးတုန်းကဦးဉာဏ်ဏိဿရ တရားခွေတွေပဲ ရုံးက ကွန်ပြူတာမှာ ရှိလို့ အဲဒီအခွေတွေပဲ လှည့်ပတ် နာလေ့ရှိတယ်။ မနက်ပိုင်း ၄၅မိနစ်စာ တရားနာပြီးသွားရင်တော့ သီချင်းလေးဘာလေး ဆက်နားထောင်ချင်ရင်ထောင်၊ ဒါမှမဟုတ် သတင်းနားထောင်ပေါ့။ အလုပ်များနေရင်တော့ တရားမနာနိုင်တော့ပါဘူး။ နားမှာ တရားဖွင့်ထားတဲ့ နားကြပ်ကြီးတတ်ထားပြီး စိတ်က ဘာမှ အာရုံမစူးစိုက်နိုင်ရင် အလကားပဲကိုး။

ဒီလိုနဲ့ အလုပ်လုပ်လိုက် ဘလော့တွေ ဖိုရမ်တွေဖတ်လိုက် သတင်းလေး ဖတ်လိုက် သူငယ်ချင်းတွေနဲ့ ပြောင်လိုက် နောင်လိုက်နဲ့ ရုံးမှာ တနေကုန်တာပါပဲ။ နေ့လည်စာ ထမင်းဘူးပါလို့ ထမင်းလဲ ထွက်မစားဖြစ်ဘူး။ တခါတခါ ထိုင်ရာတာ ညောင်းလာရင် ခြေလှမ်း ၃၀၀လောက်လှမ်းမှ ရောက်တဲ့ ကောရစ်ဒေါကနေ အဝေးက ကွန်ဒိုတွေ ဘန်ကလို အိမ်တွေ မြက်ခင်းစိမ်းစိမ်းတွေ မျက်လုံးအညောင်းပြေကြည့်ရင်း နေပူစာ လှုံရတယ်။

ညနေ ၅နာရီခွဲရင်တော့ ပုံမှန်ပြန်တာပဲ။ ရုံးကနေ ၁ကျပ်ခွဲပေးစီးရင် မားစလင်းထိရောက်တဲ့ အလုပ်သမားတွေစီးတဲ့ မလေးရှားကို သွားတဲ့ ဘတ်စ်ကားပြာကြီး ရှိတယ်။ အဲဒီကားကြီးကို နာရီဝက် သာသာလောက်စီးရင် မားစလင်းရောက်ရော။ ရုံးအပြန်ကားပေါ်မှာတော့ ဘုရားစာမရွတ်ဖြစ်ဘူး။ တခြားဌာနက သူငယ်ချင်းတွေနဲ့ ရုံးသတင်းပလင်း ဖလှယ်ရတယ်။ မားစလင်းကနေ အိမ်ထိ တခါ ရထားစီးတဲ့ အချိန်ကျတော့ စာအုပ်ဖတ်တော့တာပဲ။ တရားစာအုပ်ဖတ်တာ နည်းပါတယ်။ ကိုဇေကြီးတို့ ဘာသာရေးသရက်မှာ တင်ပေးထားတဲ့ စာအုပ်တွေတိုင်း အလျင်မှီအောင်တော့ လိုက်ကူးသား။ တအုပ်မှတော့ မဖတ်ဖြစ်ဖူး။ တလောက သူငယ်ချင်းအိမ် အလှူသွားတော့ ရှားရှားပါးပါး ဟိုးရှေးစာအုပ်ဟောင်းတွေ တွေ့တယ်။ သူငယ်ချင်းက တရားစာအုပ်ကလွဲလို့ ဘာမှ မဖတ်တော့တာမို့ နင်လိုချင် အဲဒီစာအုပ်တွေ ကြိုက်တာယူသွားလိုက်တဲ့။ မရွှေစု ခမျှာ အားရ၀မ်းသာနဲ့ တကယ်လားဆိုပြီး ယူလာလိုက်တာပေါ့။

ပြီးတော့ အဲဒီသူငယ်ချင်းကို ကျူးပစ်မှာ ကိုဇေကြီးတို့ တင်ပေးထားတဲ့ တရားစာအုပ်တွေ ကူးထားတာ အားလုံးပို့ပေးမယ်လို့ ပြောလိုက်တယ်။ ကိုယ်မဖတ်ဖြစ်ပေမဲ့ တကယ်ဖတ်ဖြစ်မဲ့သူဆီပို့ပေးပြီး ရသမျှ ကုသုလ်ကြံဖန်ယူချင်သေးတာကိုး။ တကယ်လို့များ နောက်ဘ၀တခုခုမှာ နင်ကောင်းရာရောက်နေလို့ ငါ့ကိုသတိတရ ရှာကြည့်လို့ မဟုတ်တဲ့နေရာရောက်နေရင် ကူညီဖို့ မေ့နဲ့နော်လို့ တဆက်ထဲ မှာထားရသေးတယ်။ သူကလည်း အေးပါဟယ်တဲ့ ဂတိပေးရှာတယ်။

ဒါနဲ့ ကား၊ ရထား၊ ကားစတာတွေနဲ့ အိမ်ပြန်ရောက်တော့ ည၇နာရီကျော်နေပြီ။ ရေမိုးချိုးပြီး ညီမတော်ချက်ထားတဲ့ ညစာကို နည်းနည်းပါးပါး နှမ်းဝင်ဖြူးပေးပြီးတဲ့နောက်တော့ ၈နာရီပေါ့။ ခုတလော ကိုရေချမ်းက ပြန်တာ မိုးချုပ်လို့ သူ့ကို ထမင်းစား မစောင့်ဖြစ်တော့ဘူး။ သူက ည၁၀နာရီလောက်မှ ပြန်ရောက်တာကိုး။ သူပုံမှန်ပြန်လာချိန်ကတော့ ၈နာရီလောက်။ အဲသာဆို သူရေမိုးချိုးပြီး ၈ခွဲမှာ ညစာအတူစားကြ။

ည ၁၀နာရီဆို မျက်နှာသစ် ခြေလက်ဆေးကြောသန့်စင်ပြီး တအိမ်လုံး မီးပိတ်၊ နာရီဝက်တရားထိုင်ကြတယ်။တနေ့လုံး အလုပ်လုပ်ခဲ့ကြတဲ့ စိတ်က ပျံ့တော့ ပျံ့လွင့်တာပဲ။ ဒါပေသိ ကြိုးစားပြီးတော့ တော့ ထိုင်ကြရတာပဲပေါ့။ ဆရာတော်ဘုရားတွေ ဟောကြားသလို တရားအားထုတ်တယ်ဆိုတာ စိတ်ကို ကျူးလုပ်တာပဲကိုး။ တနေ့လုံး အလုပ်ထဲမှာ အနည်းနဲ့ အများဆိုသလို လောဘ ဒေါသ မောဟတွေနဲ့ ညစ်ပေ နပန်းလုံးခဲ့တယ်ဆိုရင် ညမှာ တရားထိုင်လိုက်ရင် နောင်အခါအတွက် အနည်းငယ်တော့ ဆင်ခြင်တုန်တရား ရသွားတာပဲကိုး။ ကိုယ်ဘာမှားသွားသလဲဆိုတာ ဒီအချိန်မှာ ရှင်းရှင်းကြီးပေါ်လာပြီကိုး။ စိတ်ဆိုတဲ့အရာကလဲ တော်တော်ဆန်းကြယ်တဲ့အရာ။ စိတ်ကိုပြန်ကြည့်တဲ့ အခါ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လူကိုယ်ကို တနေ့ အနည်းဆုံး တခါ သန့်စင်အောင် ရေချိုးပေးသလို စိတ်ကို သန့်စင်အောင် ရေချိုးပေးဖို့၊ ကိုယ့်စိတ်ထဲဖြစ်နေတာကို အလွတ်မရှိ စဉ်ဆက်မပြတ်သိအောင်ကျင့်ဖို့ကလည်း အများကြီး အရေးကြီးတာကိုးနော်။ တရားတခါမှ မထိုင်ဖူးတဲ့ သူငယ်ချင်းတွေက အမယ်.. နင်က ဒီလောက်တရားထိုင်နေတာ တရားခုထိ မပေါက်သေးဘူးလားလို့ နောက်ပြောင်ကြတော့... တရားထိုင်ကြည့်တော့မှပဲ မရွှေစုဆိုတဲ့ အပုတ်ကောင်ကြီး တော်တော်တရားမရသေးတယ်ဆိုတာ သိရတော့တယ်လို့ပဲ ပြန်ပြောမိပါတယ်။ အဟုတ်ပါပဲ။

တရားထိုင်ပြီးရင် မရွှေစုက ဘုရားစာဆက်ရွတ်၊ ဓမ္မစကြာ၊ မေတ္တာသုတ်၊ ဗောဇဉ်သုတ်၊ မင်္ဂလသုတ် စသဖြင့်၊ ပရိတ်ကြီး ၁၁သုတ်လုံးတော့ မရွတ်ဖြစ်ဘူး။ ပြီးတော့ ဂုဏ်တော် ၉ပါးပုတီးဆက်စိတ်တယ်။ မေတ္တာပို့ အမျှဝေ။ သာဆိုရင် မရွှေစုတို့ရဲ့မိသားစုရဲ့ တနေ့တာ ပြီးသွားပြီပဲ။ ကိုရေချမ်းက တရားထိုင်ပြီးတာနဲ့ အိပ်ရာဝင်ပါတယ်။ မရွှေစုကတော့ ဘုရားဆက်ရှိခိုးပြီးတာနဲ့ မအိပ်သေးပဲ ဟိုလိုလို ဒီလိုလိုနဲ့ ကွန်ပြူတာပြန်ကိုင်ပါတယ်။ တခါတလေ ပန်းချီဆွဲပါတယ်။ တခါတလေ စာရေးပါတယ်။ တခါလေ သူငယ်ချင်းတွေနဲ့ စကားပြောပါတယ်။ ည ၁၂နာရီ ၁ချက်လောက်မှ ပုံမှန်အိပ်ဖြစ်ပါတယ်။ ဒီလိုနဲ့ မရွှေစု တနေ့တာဟာ အကောင်းကြီးမဟုတ်ပေမဲ့ အဆိုးကြီးမဟုတ်တဲ့ နိစ္စဒူဝတွေနဲ့ လည်ပတ်နေရပါတယ်။

ဒီနေ့တော့ ၀ါဆိုလပြည့်ဖြစ်နေတော့ ဒီနေ့ည ဓမ္မစကြာစုရွတ်ဖြစ်မယ်ထင်ပါတယ်။ တရားထိုင်တာကတော့ ကိုရေချမ်းကိုလည်း စည်းရုံးကြည့်ပြီး ၁နာရီ ကြိုးစား ထိုင်ဖြစ်လိမ့်မယ် ထင်ပါကြောင်း။

စုချစ်

*************************

Monday, July 19, 2010

အလေးပြု


၁၉ ဇူလိုင် ၂၀၁၀
၁၀ နာရီ ၃၇ မိနစ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော
အာဇာနည် ခေါင်းဆောင်ကြီးများအား
အလေးပြု

Wednesday, July 14, 2010

ကိုရေချမ်း နဲ့ မရွှေစု


အမသက်ဝေနဲ့ အမချစ်ကြည်တို့က အသွင်တူမတူ ရေးခိုင်းတော့ ရေးစရာတွေများလွန်းလို့ ဘယ်ကနေ စရေးရမယ်မှန်းတောင်မသိ။ ရေးစရာတွေ များတယ်ဆိုတာ အသွင်တွေတူလွန်းလို့တော့ မဟုတ်၊ အသွင် လုံးဝ မတူသောကြောင့်ဆိုတာကို ရိပ်မိမှာပေါ့နော်...။

သူ့ကို ငယ်ငယ်တုန်းက အမျိုးတွေခေါ်ကြတာ ကိုရေချမ်းတဲ့။ အေးချမ်းလွန်းတယ်ဆိုတာပဲ။ မရွှေစုငယ်နာမည်လား... မရွှေစုပဲထားလိုက်ပါတော့နော်...။ မိစွာတေးတို့၊ မစပ်စုတို့၊ မရှပ်တေးတို့၊ ပဲခူးဆားတို့ ဘာတို့ ညာတို့ဆိုတဲ့ ငယ်နာမည်တွေ လုံးဝမရှိခဲ့ပါဘူး။ အဟုတ် တကယ်ကြီးပြောတာပါ။

*********

အခုတလော မရွှေစုတစ်ယောက် သီချင်းဆိုချင်တဲ့ ဓါတ်ကျနေတယ်။ အဲသာကြောင့် တနေ့တနေ့ သီချင်းတွေချည်း လှိမ့်ဆိုနေတာပါပဲ။ တချို့တော့ ဗွီဒီယိုလေး လုပ်ဖြစ်ရင် ယူကျုပေါ်တင်လိုက်တာပေါ့နော်။ အဲသာ... တနေ့က ဖြူသီရဲ့ ပိုလာဘာလီ သီချင်းလေးဆိုနေတာ အသံသွင်းနေတာကို သူကြားတော့ ဘာပြောတယ်မှတ်လဲ...။ ဟာ... အဲဒီသီချင်းကြီး မဆိုစမ်းပါနဲ့ကွာ... သီချင်းထဲ အနမ်းလေးတွေ ချွေလေတိုင်း... ဘာညာနဲ့ ရှက်စရာကြီး... တဲ့။ အလကားနေရင်း ရှက်တတ်တာများတော့ ဖေ့ဘုတ်ထဲ ကျနော့်ပုံတွေ မတင်နဲ့နော်။ ဘလော့ထဲ ဖိုရမ်ထဲ ကျနော့်အကြောင်းတွေ လျှောက်မရေးနဲ့နော်။ ရှက်စရာကြီးတဲ့။ ခုတော့အမတို့ ရေးခိုင်းလို့ရေးရတာနော်... ဒါပဲ။

ရှက်တတ်တာပြီးတော့ ကြောက်တတ်တာကရှိသေး။ မရွှေစုက ဆရာငြိမ်းရေးတဲ့.... မပြီးသေးသော ပန်းချီကား သီချင်းလေးဆိုတော့ အဲဒီသီချင်းသံကြားရင် ကြောက်ပြန်သတဲ့။ လှော်ခတ်သူလဲတစ်ယောက်မပါ သူ့အလိုလိုသာပင်... လှေကြီးတစင်းကမ်းသို့ ဆိုက်ခါဝင်... ဆိုတဲ့နေရာရောက်ရင် လန့်လာသယ်ဆိုပဲ။ အဲသာနဲ့... မရွှေစုတစ်ယောက် ကိုရေချမ်းအိမ်မှာမရှိတဲ့အချိန် ကိုယ်ဆိုချင်တဲ့ သီချင်းလေးတွေ ခိုးဆိုရတဲ့ အဖြစ် ရောက်ကရော။

ဒါပေမဲ့ ဟိုတနေ့က ဆရာရွှေတိုင်ညွန့်ရဲ့ မေတ္တာအရင်းခံ သီချင်းဆိုတာ တနေရာမှာ ကီးမမှန်လို့ ဘယ်လို ဆိုရမယ်မှန်းမသိတော့ သူ့ကို သင်ခိုင်းတော့လဲ စိတ်ရှည်လက်ရှည်သင်ပေးဖေါ်ရသား။ သူက ကျောင်းတုန်းက ဒရမ်မာကိုး။

*********

စင်ကာပူမှာ ကားကိုလက်နဲ့ ကပ်ပြီး အကြာဆုံးနေနိုင်တဲ့သူက ကားရတဲ့ ပြိုင်ပွဲရှိတာ သိတယ်မလားဟင်။ တခါက အောချက်ကိုသွားရင်း ကြုံလို့ ပြိုင်တဲ့သူတွေကို ၀င်ကြည့်ကြပါရော။ ကိုရေချမ်းကတော့ အဲဒီအချိန် host လာလုပ်နေတဲ့ သူ့အကြိုက် ဒီဂျေ ဗနီတာလိုပတ်စ်ကို ၀င်ငမ်းတာ။ မရွှေစု အဖေနဲ့ အမေလည်း အဲဒီအချိန်က စင်ကာပူရောက်နေကြတာ။ အဲဒီမှာ ကားကို လက်ကပ်တဲ့ ပြိုင်ပွဲ အသေးလေးတွေလဲ လုပ်နေကြတာရယ်။ ၁နာရီကပ်နိုင်ရင် ဘာဆုရမယ်။ ၂နာရီကပ်နိုင်ရင် ဘာဆုပေးမယ်ပေါ့လေ။ မရွှေစုတို့ သားအမိ၊ သားအဖ ၃ယောက်လည်း ကြုံတုန်း အပျော် လက်ဝင်ကပ်ကြတာပေါ့။ ၁နာရီကပ်နိုင်ရင် ပိုလိုရှပ် တထည်၊ ထီးတချောင်းနဲ့ တိုလီမိုလီတွေ ရမယ်ဆိုထားတာကိုး။ ကိုရေချမ်းရေ... ရှင်ကော ၀င်ကပ်မလား မေးမလို့ကြံတုန်း... ရှက်တယ်ဆိုပြီး ဝေးဝေးကို ပြေးသွားပါရောလား။ ကိုရေချမ်းနှယ်... သူများတို့ကို ဓါတ်ပုံလေးတော့ ရိုက်ပေးလှည့်ပါအုံးပြောတော့မှ ခပ်လှမ်းလှမ်းကနေ သူနဲ့မသိသလို ရိုက်ပေးတယ်။ အနားတော့ မလာဘူး။ ရှက်တယ်တဲ့။ ဖြစ်ရလေ။ မရွှေစုကတော့ ပြောင်စပ်စပ်ပါပဲ... မရှက်ပေါင်။

အဲဒီကားကို လက်နဲ့၁နာရီ မရွေ့မလျားကပ်နိုင်လို့ ရလာတဲ့ဆူပါရု(ပ်)တံဆိပ်နဲ့ပိုလိုရှပ်ကလေးကို ကိုရေချမ်းဝတ်လို့ရအောင် large size ရွေးယူထားတာ။ ပြီးကျတော့လဲ သူက တမြတ်တနိုးဝတ်နေသား။

*********

တလောကတော့ ရှော့အန်စေ့မှာ ဈေးဝယ်ကြတယ်။ ပိုက်ဆံပေးတဲ့ နေရာမယ် တန်းစီနေကြတဲ့သူတွေ များတော့ ကိုရေချမ်းကို သူများ အရင် တန်းသွားစီနှင့်မယ်နော်...။ ကားထဲ့ထည့်ဖို့အတွက် ရေမွှေးဝယ်ပြီးရင် နောက်ကလိုက်ခဲ့လို့ ပြောပြီး သူ့ကို ဈေးဝယ်လှည်းကြီင်္းနဲ့ ထားခဲ့ပြီး အရင်တန်းစီနှင့်တာပေါ့။ ဟာ... ပြီးလဲ ပြီးရော... ကိုရေချမ်းတစ်ယောက် ပေါ်မလာ ပေါ်မလာနဲ့... ကြာလိုက်တာဆိုပြီး ဟိုဟိုဒီဒီ ကြည့်မိတော့ ကိုယ်စီတဲ့ နေရာနဲ့ ၃လိုင်းခြားကတန်း... ဟိုး...နောက်မှာ လှည်းကြီးရပ်လို့ စီနေတာ။ အော်... ဒီကတော့ ကိုယ့်ကို မမြင်လို့ ရှာမတွေ့လို့ မလာတာပဲ ထင်တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ကိုယ့်မှာ ဟန်ုးဖုန်းလဲ ပါမလာတော့ သူ့ကို ဖုန်းဆက်ခေါ်လို့လဲမရ။ ဒီတော့ သူကိုယ့်ကို မြင်အောင်ဆိုပြီး ဒီဘက်လိုင်းကနေ (အရပ်ကလဲ ပုဆိုတော့) ခုန်ဆွ ခုန်ဆွ လုပ်ရင်း လက်ယပ်ခေါ်တာပေါ့လေ။ ၄-၅ခါ ခုန်ဆွလိုက်ပြီးတော့မှ ကိုရေချမ်းက တချက်ကြည့်ပြီး ပြန်လက်ကာပြတယ်။ ခေါင်းမသိမသာ ယမ်းပြတယ်။ မလာဘူးဆိုတဲ့ သဘော။ ကိုယ့်မှာ စိတ်တွေတိုပြီး ကိုယ်စီထားတဲ့ နေရာလေး နှမျောတောတောနဲ့ လက်လွှတ်ပြီး သူ့နားသွားရတော့တာပေါ့။ ဘာကိစ္စမလာချင်ရတာလဲ... ဒီမှာ တန်းကအရှည်ကြီး စီရအုံးမယ်... ဘာညာနဲ့ စိတ်တိုနေတဲ့ မရွှေစုကို သူကအေးဆေးပဲ ပြောပါတယ်။ လှည်းကြီးနဲ့ ပစ္စည်းတွေ အများကြီးနဲ့ လူတွေကြားထဲက အတင်းတိုးပြီးလာရမှာ အားနာစရာကြီးတဲ့။ ကိုယ်ကအရမ်းအရင်လိုနေတာမှ မဟုတ်တာ အချိန်ရနေသေးတာပဲ... တဲ့။ ကိုရေချမ်းသည် အဲသလို လူ။

အို... ဘယ်ရမလဲ... အခုများတော့ ရှော့ပင်းစင်တာ ဈေးဝယ်ရင် မရွှေစုက သူ့ကို အရင် တန်းစီခိုင်းလိုက်တာပေါ့။ မရွှေစုကတော့ အိတ်စကျုမီနဲ့ ပလိစ် လှိုင်လှိုင်သုံးပြီး လူတွေကြားထဲ ရအောင်တိုးလိုက်တာပါပဲ။ မရွှေစုခမျာ အဲသလို ဂျန်တယ်မန်းနဲ့ အဆင်ပြေအောင် ပေါင်းနေရတဲ့သူပါ။

*********

မနှစ်က အိမ်ပြန်ကြတယ်။ မရွှေစုတို့ ရန်ကုန်ကအိမ်ရှေ့လမ်းထောင့်မယ် ဆိုက်ကားဂိတ်ကလေးရှိတယ်။ ကိုရေချမ်းတစ်ယောက် တီရှပ်အဖြူ၊ ဘောင်းဘီကွာတားအဖြူရောင်နဲ့ ကင်မရာကြီးတလွယ်လွယ် အိမ်ရှေ့ထွက်ပြီး ဆိုက်ကားတွေ ဓါတ်ပုံရိုက်လိုက်၊ ဟိုဟာမြင်ဓါတ်ပုံရိုက်လိုက်၊ ဒီဟာမြင် ဓါတ်ပုံရိုက်လိုက်နဲ့။ ဆိုက်ကားသမားတွေ၊ လမ်းထောင့်က ဈေးသည်တွေက သူ့ကိုကြည့်ရင် သူကပြုံးပြုံး... ပြုံးပြုံးနဲ့ တပြုံပြုံးပြန်လုပ်ပြသေးတာ။ တမနက် မရွှေစုရဲ့အမက ဈေးသွားဖို့ ဆိုက်ကားစီးတော့ ဆိုက်ကားသမားတွေက ၀ိုင်းမေးကြသတဲ့။ အမကြီး ... ညီမရဲ့ ယောက်ျားက နိုင်ငံခြားသားလားတဲ့။

မရွှေစုကတော့ သွားဆေးခန်းကို ခရီးသွားစရာရှိလို့ မြန်မြန်လေး လုပ်ပေးပါဆရာရယ်လို့ ပြောမိလိုက်တာ... သမီးက နယ်က ကျောင်းဆရာမလေးလားတဲ့။ အဲသလို ကိုရေချမ်းနဲ့ မရွှေစုတို့ဟာ မြို့ကြီးသား စတိုင်ကျကျနဲ့ တောသူမ စုံတွဲရယ်ပါ။

*********

မရွှေစုရေ... ကျနော်... ဒီနားခဏသွားလိုက်အုံးမယ်။ ပြီးမှ ပြန်လာမယ်။ ခင်ဗျားစားချင်တာလေး ၀ယ်စားထားနှင့်လိုက်နော်...။ သိပ်မကြာပါဘူး... ခဏပါ။ အင်း... အင်း... ရတယ်... သွား.. သွား။ အဲသလို မရွှေစုနဲ့ကိုရေချမ်းတို့ စကားပြောနေကြတာကို ဘေးနားရောက်လာတဲ့ ကိုရေချမ်းကိုမသိတဲ့ သူငယ်ချင်းက အဲသာဘယ်သူလဲ... နင့်အမျိုးသားရော ခေါ်လာမယ်ဆိုတာ ပါမလာဘူးလားတဲ့။ အို... အဲသာ... ကိုရေချမ်းလေဆိုတော့... ဟင်... နင့်ယောက်ျားကလဲ နင့်ကို စကားပြောတာ ကျနော် ... ခင်ဗျားတဲ့...။ အော်... သူက အလွန် အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့ မန်းသားမို့ပါဟယ်... ခွင့်လွှတ်ထားပါတယ်လို့..။

ထစ်ကနဲရှိ စိတ်တိုတတ်တဲ့ မရွှေစုတို့ စိတ်ရှည်တတ်လာရင်၊ ဘုရားတရား ဘာမှမလုပ်တဲ့ ကိုရေချမ်းတို့ ဘုန်းကြီးကျောင်းဝေယျာဝစ္ဆတွေ လုပ်လာရင်၊ တခါမှ တရားမထိုင်ဖူးတဲ့သူ တနေ့နာရီဝက် အနည်းဆုံး တရားထိုင်တတ်လာတယ် ဆိုလို့ ရှိရင် အဲသာတွေဟာ ရည်းစားသက် ၅နှစ်၊ အိမ်ထောင်သက် ၉နှစ် ဆိုတဲ့ ဘလန်ဒါနဲ့ ရောမွှေကြိတ်ခြင်းခံလိုက်ရတဲ့ ရလဒ်တွေပါပဲ။

*********

အမသက်ဝေနဲ့ အမချစ်ကြည်တို့ရေ... ရေးရရင်တော့ တထောင့်တည ပုံပြင်တွေထက် ရှည်သွားမှာ စိုးလို့ ဒီမှာပဲ ရပ်လိုက်တော့မယ်နော်... ။ အသွင်မတူတာတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပေါ့။ သို့သော်လည်းပဲ ဟိုးအပေါ်က ကာတွန်းလေးလိုပေါ့... အသွင်လုံးဝမတူကြပေမဲ့ တစ်ယောက်ရှိမှ တစ်ယောက်အတွက် complete ဖြစ်တယ်လို့ ထင်နေကြပါတယ်။

ချစ်ခင်စွာ...
ကိုရေချမ်း + မရွှေစု

Thursday, July 1, 2010

ဆုံးဖြတ်ချက်



ဒီကနေ့နံနက်မှာပဲ မရွှေစုတစ်ယောက် ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ချမှတ်လိုက်ပေသည်။

*****************************

၂၀၁၀ခုနှစ်ရဲ့ နှစ်တ၀က်ကို ကုန်လွန်ခဲ့ပေပြီ။ မရွှေစုတစ်ယောက် ၂၀၁၀နှစ်စကတဲက အခုနှစ်လည်ထိ များလိုက်သည့် အလုပ်ဆိုတာ အဖြစ်က မနှစ်ကနဲ့ပင် မတူလို့ ညည်းရတော့မလောက်ပင်ဖြစ်သည်။ နှစ်စမှာ ရုံးတွင်း ၆လသင်တန်းကို တက်ရမည်ဟု ဘော့စ်က ပြောလာသည့်အခါ ခပ်ပေါ့ပေါ့ပဲသဘောထားမိခဲ့၏။ အိုကေ... တက်တာပေါ့ဟု လွယ်လွယ် သဘောတူမိခဲ့သည်။ ဟေးလားဝါးလား ဟီးဟီးဟားဟားနှင့် အသာကလေးပြီးသွားမည့်သင်တန်းဟု အပျော်သဘောလောက်သာ တွက်မိခဲ့သည်။ တကယ်တန်းကျတော့ မရွှေစု၏ အထင်နှင့်အမြင် တက်တက်စင်အောင် လွဲမှားပေတော့သည်။

ဇန်န၀ါရီအစ သင်တန်း အောရီယန်တေးရှင်းကိုသွားလိုက်မှ မရွှေစုတစ်ယောက်မှားမှန်းသိတော့၏။ သင်တန်းက စာမေးပွဲလဲဖြေရမတဲ့။ ကျရင် သင်တန်းကထွက်ရ မတဲ့။ ပြီးတော့ ပရောဂျက်လုပ်ရမတဲ့။ ပရောဂျက်မပြီးရင် သင်တန်းဆင်းလက်မှတ် မရဘူးတဲ့။ တကယ်သင်တန်းစတော့လဲ အတန်းထဲ စာသင်ရင်း သင်တန်းဆရာများက ဟိုလူ့လက်ညိုးထိုး၊ ဒီလူ့လက်ညိုးထိုးနှင့် စာကမေးသေးသည်။

သင်တန်းတက်နေရပါသည်ဆိုမှ အလုပ်ကလဲ များလိုက်သည့်ဖြစ်ခြင်း။ new product တွေက တခုပြီးတခု ရောက်လာသည်။ New chip-set design တွေနဲ့မို့ Firmware code ကို ပြောင်းရသည်မှာ ခေါင်းစားစရာတွေတပုံကြီး။ Firmware test released လုပ်ပါမည်ဟု ဂတိပေးထားသည့် Target Date အတွင်းမပြီးမှာ ကိုယ့်ဘာသာကိုယ် စိုးရိမ်နေမိသည်။ သင်တန်းတဖက်နှင့် ဘယ်လို့  handle လုပ်ရပ။

သင်တန်းမှာ မရွှေစုဘေးနားမှာ ထိုင်သည့် တခြားဌာနကတစ်ယောက်လဲ အလုပ်များသည် အကြောင်းပြကာ သင်တန်းက drop လုပ်သွားသည်။ ဒီလိုပဲ လူတော်တော်များများ တစ်ယောက်ပြီးတစ်ယောက် သင်တန်းက ထွက်ကုန်ကြပြီ။ မရွှေစုလည်း မနေနိုင်တော့။ ကိုယ်လဲ သင်တန်းဆက်မတက်နိုင်ကြောင်း၊ အလုပ်တွေအရမ်းများကြောင်း ဘော့စ်ကိုသွားပြောသည်။ ချစ်လှစွာသော ဘော့စ်သည် မရွှေစု အဆိုပြုချက်ကို လက်မခံပေ။ ရပါတယ်... အလုပ်ကိုပြီးသလောက်ပဲလုပ်၊ သင်တန်းကိုလဲ ရသလောက်ပဲလုပ် တဲ့။ နင့်ကို ငါဘာမှ ပရက်ရှာမပေးဘူး။ စိတ်ချတဲ့။ ဟာ... ဘယ်လို တုန်း။ မလုပ်နိုင်ပါဘူးဆိုမှ... ဒီမှာ စနေ၊ တနင်္ဂနွေတွေလဲ မနားရ။ ညတိုင်အိမ်ပြန်ရောက်ရင်လဲ မနားရနဲ့ ရသလောက်ပဲဆိုတာ အပြောလွယ်ပေမဲ့ အလုပ်ကခက်တာ။ မရွှေစု ရသလောက် ကွန်ပလိန်းတက် ဘော့စ်က ခေါင်းမာမာနှင့် မလျှော့... နောက်ဆုံးတော့ ( Customer is always right မဟုတ်ပါ။ My boss is always right ဆိုပြီး ) မရွှေစုပဲ ခေါင်းခါခါ လည်ခါခါ စူစူအောင့်အောင့်နှင့် လက်လျှော့ရတော့သည်။

ဒီတော့ အလုပ်ထဲမှာ သင်တန်းထဲမှာ ပရောဂျက်ထဲမှာ အချိန်ပြည့် ခေါင်းစိုက်ရင်း ဘလော့လဲ မရေးနိုင်၊ ဖိုရမ်လဲ မဖတ်နိုင်၊ အွန်လိုင်း အလာပ သလာပလဲ မလုပ်နိုင်တိုင်း ချစ်လှစွာသော ဘော့စ်ကို မေတ္တာတွေ ပို့ကာ စိတ်တွေအကြီးကြီး ဆိုးမိလေသည်။ သူ့ကို စိတ်ဆိုးတိုင်း သင်တန်းက အလကားကျွေးသော မုံ့များကို နင်းကန်စားလေသည်။ မနက်ဆို ကြာဇံကျော်၊ ထမင်းကျော်နဲ့ အသားတခုခုစား၊ ပြီးရင် ကော်ဖီ ၂ခွက်ဆင့်သောက်သည်။ နေ့လည် ထမင်းကိုလဲ အသကုန်စားသေးသည်။ ညနေပိုင်း အတန်းမှာ အိပ်ငိုက်သည် အကြောင်းပြ၍ ကော်ဖီ၃ခွက်သောက်သည်။ စာသင်တာ နားထောင်ရတာ ပျင်းတိုင်း စားပွဲမှာချထားသည့် သကြားလုံးများ တလုံးပြီး တလုံး ပါးစပ်ထဲ ကောက်ကောက်ထဲ့သည်။ ညနေ တီးဘရိတ်မှာ ကျွေးသည့်မုံ့များ တဖြဲနှစ်ဖြဲ ထပ်စားသည်။ချောကလက် ကိတ်မုန့်ဆို ၂ချပ်၊ အသားမုန့်အကြီး၁ခု၊ ဆန်းဒ၀တ်ခ်ျ ၂ခု၊ သစ်သီး စသဖြင့်...။ အဲသလောက်စားလို့ ညစာ မစားနိုင်လိမ့်မည်မထင်ပါနှင့်။ ညီမတော်ချက်သည့် ညစာကိုလဲ အိမ်ပြန်ရောက်တော့ အသကုန်ကြိတ်ပါသေးသည်။

စနေ၊ တနင်္ဂနွေကျတော့ရော။ နေ့လည် ထမင်းစားပြီးတာနဲ့ ကွန်ပြူတာရှေ့မယ် အလုပ်တွေ၊ ပရောဂျက်တွေသာ ထိုင်လုပ်နေရသည်... စိတ်ကသေချာမပါသာ အသိသာကြီး။ အဲဒီတော့ မီးဖိုချောင်ကို အခါ၂၀လောက်ဝင်သည်။ ရေခဲသေတ္တာကို အခါ၂၀လောက်ဖွင့်သည်။ တခုပြီး တခု တွေ့တာတွေ ယူစားလေသည်။ တော်ကြာ ဘီစကစ်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ တော်ကြာ ချောကလက် ရေခဲချောင်း၊ တော်ကြာနေကြတော့ နက်စ်ကဖီးကို နွားနို့တွေထဲ့ ရေခဲတွေထဲ့ ဘလန်ဒါနဲ့ လှည့်ပြီး ကော်ဖီအေးလုပ်သောက်၊ ဒါမှမဟုတ်ရင် နွားနို့အေးထဲ ရေခဲ့မုန့်၊ ပန်းသီး၊ စတော်ဘယ်ရီ၊ ငှက်ပျောသီးတွေ လှီးထဲ့ စားပြန်သည်။ အဲသာတွေရိုးသွားတော့ပဲလှော်နှင့် မော်လမြိုင်ထန်းလျက်ခဲကို ရေနွေးကြမ်းနှင့် သောက်ချင်သောက်၊ ဒါမှမဟုတ် မရိုးနိုင်တဲ့ ပုဇွန်ခြောက်နိုင်နိုင်နဲ့ လက်ဘက်သုတ်။ ညီမတော်က မျက်လုံးပြူးနှင့် ကြည့်သည်။ မမလတ် ဟုတ်ကောဟုတ်သေးရဲ့လား ဆိုသည့် သဘောနှင့်။ မရွှေစုတို့ မယုံကြည်နိုင်စရာ စားသောက်ကောင်းနေလိုက်သည်မှာ မပြောပါနဲ့တော့။

မနေ့က မတွေ့တာကြာပြီ ဖြစ်သော တခြားဌာနက သူငယ်ချင်းတစ်ယောက်နှင့် တွေ့သည်။ ဟယ်... ရွှေစုရယ် မတွေ့တာမှ ၃-၄လ ရှိသေး။ ၀လာလိုက်တာ လုံးနေတာပဲ... ကောင်းတယ် ကောင်းတယ် တဲ့...။ အဲ့... အယ်။

ဒီကနေ့ မနက် ရုံးသွားဖို့ ပြင်ဆင်တော့ မရွှေစုတစ်ယောက် အ၀တ်အစားလဲသည့် အခန်းထဲမှ တော်တော်နှင့် ထွက်မလာနိုင်။ အပြင်က စောင့်နေသည့်ယောက်ယောက်က မပြီးသေးဘူးလားဟေ့... နောက်ကျနေပြီဟု ခေါ်နေပြီမို့ ကမန်းကတန်း ပြေးထွက်လာရသည်မှာ ချော်လဲမတတ်။ အဘယ်ကြောင့်ကြာနေသနည်းဆိုသော် မ၀တ်တာ ကြာပြီဖြစ်သော ဂျင်းဘောင်းဘီကို လျှာရှည်ပြီး ၀တ်နေတာ... ခုန်... ခုန်ပြီး ၀တ်နေရလို့ ဖြစ်ပါသည်။

*****************************
ဒီကနေ့နံနက်မှာပဲ မရွှေစုတစ်ယောက် ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ချမှတ်လိုက်ပေသည်။ နက်ဖြန်ကစပြီး Gym ကိုပြန်သွားပြီး exercise ပြန်လုပ်တော့မည်ဟု။ ဂျင်းဘောင်းဘီတွေ ၀တ်လို့ မရတော့ရင် နှမျောစရာ... နော့လေ။

စုချစ်

Sunday, June 27, 2010

ကမ္ဘာ့ဖလားပွဲမှာ....

ကာတွန်း -စိုးသော်တာ

ဆရာအောင်ရေ...

ကမ္ဘာ့ဖလားပွဲမှာ အဘယ်သူ အောင်ပွဲဆင်မည်တည်းဆိုတဲ့တဂ်လေး ခုမှ ရေးဖြစ်လို့ စိတ်မဆိုးပါနဲ့နော့...။ ကိုယ်လည်း အဲသဟာ မရေးမပြီးမချင်း ဆရာအောင်ဆီက ကြွေးယူပြီး မဆပ်ရသေးသလို စိတ်တထင့်ထင့်နဲ့ဖြစ်နေမိတာ။ ဘောလုံးအကြောင်းနဲ့ သက်ဆိုင်တာလေးတွေ ဟိုစစ သည်စစနဲ့ ရေးထားသေးတယ်။ တပုဒ်ရေးလိုက် သေချာ အဆုံးမသတ်ဖြစ်လိုက်၊ နောက်တနေရာရောက်တော့ နောက်တပုဒ်ရေးလိုက် တို့လို့တန်းလန်း ဖြစ်လိုက်နဲ့။ ခုတော့ အဲသာတွေ ရေးပြီးအောင် စောင့်နေရင် ဘောလုံးပွဲကြီးသာပြီးသွား၊ မတင်ဖြစ်လိုက်တော့ပဲနေတော့မှာစိုးတာနဲ့ ကာတွန်းလေးပဲ ရီရအောင် တင်ပေးလိုက်ပါတယ်နော့။

ကိစ္စများမြောင်လူတို့ဘောင်ဆိုသလို တလောက တော်တော်ကလေး အလုပ်တွေများတာရယ်နဲ့။ ဆရာအောင် တဂ်ကိုရေးရမယ်ဆိုလဲ ဘောလုံးနဲ့ ပါတ်သက်ဖူးတဲ့ မှတ်မိသမျှလေးတွေပဲ ရေးလို့ရမှာလေ။ ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းဖို့ကတော့ ... ဟီး... ဘာကိုမှ follow up လုပ်မထားသူ၊ နကန်းတလုံးမသိသူမို့ အပေါ်က ဆရာစိုးသော်တာ ကာတွန်းထဲကလို ပြန်ဖြေရတော့မလိုဖြစ်နေမှာတော့။ ကိုယ့်ဘာသာရယ်စရာ ကာတွန်းလေးတောင် ဆွဲထားသေး။ ဒါပေမဲ့ ဆရာစိုးသော်တာ ကာတွန်းလေးက အခုဒီတဂ်လေးနဲ့ ကွက်တိ၊ ပိုရီရလို့ အဲသာလေးပဲ တင်ပေးလိုက်တော့တယ်။ အဲဒီ ဘောလုံးအကြောင်းနဲ့ ပါတ်သက်တာလေးတွေ ရေးထားတာတော့ နောက်မှ တင်တော့မယ်နော့...။ ကြာသွားတာ စိတ်မဆိုးပါနဲ့နော့။ နောက်တခါတဂ်ရင် ချက်ချင်းရေးပါ့မယ်နော်... ဂတိ။း-)

ကိုအောင် မွေးနေ့ကိုလည်း အမှီဆုမတောင်းပေးလိုက်ရလို့ စိတ်မကောင်းဘူးတော့။ အခု ဒီကာတွန်းလေးနဲ့ပဲ Belated Happy Birthday Wish လုပ်လိုက်ပါတယ်နော့...။

ထပ်ပြီး ပြောရမယ်ဆိုရင်တော့ မောင်လေးကိုအောင်လို့ ခေါ်လို့ရပြီတော့။ ဘာလို့ဆို မရွှေစုသည် ယခုလာမည့်သြဂုတ်လတွင် ဘ၀စမည့်သူဖြစ်ပေသောကြောင့်တည်း။

ခင်မင်စွာဖြင့်... စုချစ်

************************

Saturday, June 19, 2010

Tuesday, June 1, 2010

သမီးလတ်ရင်ထဲက ချစ်မေမေ

သမီးလတ်ရင်ထဲက ချစ်မေမေ

၀၁-၀၆-၂၀၁၀

မေမေ...။

ဒီနေ့ မနက်အိပ်ရာကထတော့ သမီးလတ် ခေါင်းတွေမူးနေတယ်။ ခုတလော ညလယ်တွေမှာ ခဏခဏ လန့်ပြီးနိုးတယ်။ အလုပ်တွေ မပြီးလို့ လန့်လန့်ပြီး နိုးတာ မေမေရဲ့။ မနေ့ညကတော့ စိတ်ညစ်ပြီး ငိုတောင်ငိုချင်နေတာ။ ဘာလို့လဲဆို ဒီကနေ့ new product ကို run ဖို့ရာ သမီးလတ်ရေးတဲ့ Firmware Code အသစ်ကိုပေးရမှာ။ code က error တွေ တက်နေလို့ အချိန်မှီ မပေးနိုင်ဘူး... မေမေ။ သမီးလတ်လဲ ကြိုးစားပြီး လုပ်တာပဲ။ ပြီးခဲ့တဲ့ အပတ်ကလေ ... သမီးလတ်တို့ ရုံးက ၄ရက်ဆက်ပိတ်တာတောင် မနားပဲ ဆက်တိုက် လုပ်တာပဲ။ ဒါပေမဲ့ စိတ်အရမ်းပူနေလို့လားမသိ... လူကဟုန်နေတယ်။ ခေါင်းရှင်းရှင်း ထားပြီး အလုပ်မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီ code ကို မပေးနိုင်ရင် သမီးလတ်တို့ group က မျက်နှာပျက်စရာဖြစ်မှာ မေမေရဲ့၊ ကိုယ့်အတွက်ကြောင့် ကိုယ့်အဖွဲ့ကို ဂုဏ်မငယ်စေချင်တဲ့စိတ်နဲ့ စိတ်တွေပါ ညစ်နေတယ်။

သမီးလတ်လေ မေမေ့ စကားကိုနားထောင်ပါတယ်။ ညတိုင်း မအိပ်ခင် တရားမှန်မှန်ထိုင်တာပဲ။ စိတ်တွေက ပျံ့လွင့်ပေမဲ့ သမီးလတ် ကြိုးစားပြီး တရားမှတ်ပါတယ်။ အရာရာ မမြဲဘူး။ စိတ်ပျော်နေတာ အမြဲ မရှိသလို စိတ်ညစ်စရာလဲ အမြဲမရှိဘူးလို့ ညစ်နေတဲ့စိတ်သဘောကို သိအောင် မှတ်တာပါပဲ။ မှတ်လဲမှတ်မှတ်နဲ့ပဲ မသိစိတ်အဟုန်က ညစ်နေတယ် ထင်တာပါပဲ မေမေရယ်။ အဲသာကြောင့် ညလယ်တွေ လန့်လန့်နိုးပြီး မနက်ရုံးသွားရင် ခေါင်းတွေမူးနေတယ်။ ဒါတောင် အဲဒီလောက် တရားထိုင်နေလို့သာ စိတ်က နေသာထိုင်သာရှိတာ။ နို့မဟုတ်ရင် သမီးလတ်က အလကားနေရင်း စိတ်ပူတတ်၊ စိတ်များတတ်ပါဘိသနဲ့... တရားသာမကယ်ရင် ခုလောက်ရှိ အလုပ်တွေပိပြီး နှလုံးရောဂါလောက်တော့ အသာလေးရနေလောက်ပြီ ထင်တာပါပဲ။

ဒီနေ့ မနက်လဲ ရုံးကို ခါတိုင်းလို အစောကြီးရောက်တော့ ဘယ်သူမှ မလာခင် စားပွဲမှာ ထိုင်ပြီး မေမေပြောသလို နာရီဝက်လောက် တရားမှတ်ပါတယ်။ တရားမှတ်နေရင်းနဲ့မှ... ဟင်... ဒီကနေ့ မေမေ့ မွေးနေ့ပါလားဆိုတာ အမှတ်ရတော့တယ်။ တရားမှတ်မလို့ ပြင်တော့ ဘုရားကန်တော့ရင်း အဖေ၊ အမေ ရည်စူးကန်တော့မယ် လုပ်တော့မှ ဗြုန်းကနဲ အမှတ်ရသွားတာပါ... မေမေ။

ဒီကနေ့ မနက်ပိုင်း သင်တန်းတက်စရာလဲ ရှိတယ်... မေမေ။ အဲဒီ သင်တန်းက ဒီနေ့ နောက်ဆုံး တက်ရမှာ။ project presentation က နောက်တပတ်မှတဲ့။ တော်သေးတာပေါ့...မေမေရယ်။ အလုပ်အရမ်းများနေလို့ အဲဒီ project ကို ဘာမှ မလုပ်နိုင်ပဲ ပြစ်ထားရတာ။ ခုလာမဲ့ ပိတ်ရက်ကျမှပဲ ပြန်ကိုင်ရတော့မယ်။ အလုပ်က ပိုအရေးကြီးလို့ပါ မေမေ။ သမီးလတ်လဲ တရား မှတ်ပြီးတာနဲ့ သင်တန်းမသွားခင် အချိန်ရသလောက် အလုပ်ကလေး လုပ်လိုက်သေးတယ်။ နေ့လည် သင်တန်းက ပြန်လာတော့ ထမင်း ကမန်းကတန်းစားပြီး coding ကို ပြန်ကြည့်ရတာပဲ။ သမီးလတ်ရဲ့ စီနီယာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းက သမီးလတ်ကို တတ်နိုင်သလောက် ကူရှာပါတယ်။ ဒါပေမဲ့ သူကိုင်တိုင်လဲ ဘယ်လိုလုပ်ရမယ်မှန်းမသိလို့ အခက်တွေ့နေကြရတာပါ။

နေ့လည် ၂နာရီလောက်မှာ test အဖွဲ့က code ပေးနိုင်မလား လှမ်းမေးတယ် မေမေရဲ့။ သမီးလတ်လဲ Plan Aက မဖြစ်တော့ Plan B နဲ့ လုပ်ဆိုပြီး တခြား code တခုကိုပေးလိုက်ရတယ်။ အဲဒီအတွက် double process တော့ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သမီးလတ် ဘာများတတ်နိုင်ပါမလဲ။ သမီးလတ်ကသာ မျက်နှာပျက်နေတာ။ ဘော့စ်ကတော့ ကိစ္စမရှိပါဘူးလို့ ဖြေသိမ့်တယ်။ သမီးလတ်ကတော့ ဒါဟာ ကိုယ်... capable မဖြစ်တာများလားလို့ ကိုယ့်ကိုယ်ကို သံသယ၀င်မိပြီး စိတ်ပျက်သလို ခံစားရတယ်။ test အဖွဲ့ကို run ဖို့ code ပေးလိုက်ပြီးတော့ သမီးလတ် စိတ်ကို ဒုံးဒုံးချလိုက်တယ်။ တင်းနေတဲ့ စိတ်တွေကို ခဏ ဖြေလွှတ်လိုက်တယ်။

စားပွဲရှေ့က မေမေ့ ဓါတ်ပုံလေးကို ကြည့်တယ်။ ဒီကနေ့ မေမေ့ မွေးနေ့။ မေမေ့ ကို သမီးလတ်ချစ်တယ်။ မေမေ့ရဲ့ တုနှိုင်းမရတဲ့ မေတ္တာကို တသအောင့်မေ့မိလိုက်တယ်။ မေမေ... သမီးလတ် အလုပ်တွေ လုပ်မရဘူး။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ ဘာဆက်လုပ်ရမလဲ၊ ဆိုတာလဲ မတွေးတတ်တော့ဘူး။ ဒါပေမဲ့... မေမေ့ အတွေးထဲမှာ သမီးလတ်က သူရဲကောင်းဖြစ်နေမယ်ဆိုတာ သမီးလတ်သိတယ်။ မေမေ့ သမီးလတ် လုပ်ရင် အရာရာ ဖြစ်နိုင်တယ်လို့ မေမေက ယုံကြည်ပေးတယ်။ မေမေ့ပုံလေးက... သမီးလတ် ကို... အင်အားတွေ ပေးတယ်။ ဟုတ်တယ်။ ဘာလို့ မဖြေရှင်းနိုင်ရမှာလဲ။ မေမေက ပြောဘူးတယ်။ ခေါင်းအေးအေးထားပြီး စဉ်းစားရမယ်၊ အလုပ်လုပ်ရမယ်တဲ့။ မဖြစ်လာသေးတာကိုလဲ မပူနဲ့၊ ဖြစ်ခဲ့ပြီးတာကိုလဲ မပူနဲ့တဲ့။ မေမေ့ ပုံလေးကို ကြည့်တယ်။ စိတ်ထဲက ကန်တော့တယ်။ မေမေ... သမီးလတ် ဒီပြဿနာကို ဒီကနေ့ မရရအောင် ဖြေရှင်းမယ်။ ဒီကနေ့ မပြီးမချင်း သမီးလတ် အလုပ်ထိုင်လုပ်မယ်။ အလုပ်တခုကို မပြီးခင် တ၀က်တပျက်မှာ စိတ်ပျက်လက်ပျက် ဖြစ်တဲ့သူဟာ လူပျော့လူညံ့လို့ မေမေက ပြောဖူးတယ်။

သမီးလတ် ကြိုးစားပြီး code တွေ အဆင့်လိုက် တခုစီ တခုစီ အစတွေ ဆွဲထုတ် ဖြေထုတ်တယ်။ ပြဿနာ ဖြစ်နိုင်တာတွေကို တခုစီ စိတ်ရှည်လက်ရှည် ပြန်ပြောင်းတယ်။ ပြီးခဲ့တဲ့ ၂ပတ်လုံးလုံး လုပ်ခဲ့တဲ့ debugging stage တွေကို တဆင့်စီ စိတ်ရှည်လက်ရှည် ပြန်စစ်တယ်။ မျက်လုံး ခဏမှိတ်တယ်။ တရားမှတ်တယ်။ code တွေကို ပုံဖေါ်ကြည့်ပြီး ဘယ်နေရာက ဘာဖြစ်နိုင်တယ်ဆိုတာ စိတ်အေးလက်အေး ပြန်စဉ်းစားတယ်။ ၃နာရီလောက်ကြာသွားတယ်။

မေမေရေ... ။ မေမေရေ... ။ မေမေ မေတ္တာကြောင့်... ၂ပတ်လောက် သမီးလတ် မဖြေရှင်းနိုင်တဲ့ ပြဿနာ မထင်မှတ်ပဲ ဗြုန်းကနဲ အဆင်ပြေသွားပြီ။ management ကို ချက်ချင်း အသိပေး၊ code အသစ်ကို ချက်ချင်း released လုပ်နိုင်အောင် ပေးလိုက်တယ်။ ပင်ပန်းလွန်းလို့ သမီးလတ် မျက်နှာက နွမ်းချင်နွမ်းနေမယ်။ ဒါပေမဲ့ သမီးလတ် ရင်ထဲမှာ မေမေ... မေမေ.. လို့ ရွှင်လန်းစွာနဲ့ အသံတိတ် မြည်တမ်းနေတယ်။

မေမေ... မေမေ... သမီးလတ်ရင်ထဲက ချစ်မေမေ...
မွေးနေ့မှာ ကျန်းမာ ချမ်းသာ လန်းဖြာစွာနဲ့ တရားဘာဝနာများ သက်ဆုံးတိုင် ကောင်းစွာ ပွားများ အားထုတ်နိုင်ပါစေ။

ချစ်သမီးလတ်

Thursday, May 27, 2010

စုချစ် သင်ပုန်းကြီး ဖတ်စာ

ဘလော့ဂါ ကကြီး-ခခွေးတန်း

က - ကျေးဇူးအထူး

အစ်မသက်ဝေရေ... သတိတရ တဂ်လို့ ကျေးဇူးအထူး တင်ပါတယ်လို့...။

ခ - ချစ်ခင်စွာ
အဲသာကြောင့် ချစ်ခင်စွာ စာပြန်ရေးလိုက်ပါတယ်နော်...။

ဂ - ဂုဏ်ယူစွာ
ဂုဏ်ယူစွာ ပြောရရင်တော့ စုချစ်ကို အစ်မသက်ဝေကလွဲလို့ ဘယ်သူမှ တဂ်ကြဘူး။ ဟီး...။

ဃ - ဃရာဝါသ ဗဟုကိစ္စ
ဃရာဝါသ ကိစ္စမြားမြောင် လူတို့ဘောင်’ ဆိုတဲ့အတိုင်း ဗဟုကိစ္စ အိမ်ထောင်မှုအပြင် တခြားအလုပ်များတာတွေလဲ ပါတာကြောင့် စာကလဲ မှန်မှန်မရေးနိုင်ပါဘူး အစ်မရယ်...။

င - ငြိမ်းငြိမ်းချမ်းချမ်း
အဲသာကြောင့် တခါတရံတော့လဲ ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့ နေရာလေးကို အလုပ်တွေပစ်ပြီး သွားနေချင်သား...။

စ - စေတနာ
အလုပ်များပေမဲ့ ဘာလေးပဲလုပ်လုပ် စေတနာ ထားပြီး လုပ်ပါဆိုတဲ့ လူကြီးသူမတွေ ဆိုဆုံးမစကား နားထဲကြားယောင် အစဉ်လိုက်နာပါတယ် အစ်မရယ်...။

ဆ - ဆန္ဒမွန်
တခုထဲသော ဆန္ဒမွန်ကတော့ ကိုယ်လဲ စိတ်ချမ်းသာ၊ အများတကာလဲ စိတ်ချမ်းသာစေချင်တာပါပဲ...။

ဇ - ဇာတိမြေ
ခုတလော ကြားနေရတဲ့ ဇာတိမြေက သတင်းတွေကတော့ စိတ်မချမ်းသာစရာတွေ အများသားကလား...။

ဈ - ဈာန်
ဒါကြောင့် ဖြစ်နိုင်ရင် ဈာန်ရတဲ့သူများလို ၀ုန်းကနဲ ပြေးပြီး ကိုယ်တတ်နိုင်တာထက်ကို အကူအညီတွေပေးလိုက်ချင်ပါရဲ့...။

ည - ညီညွှတ်ရေး
အရေးကြီးဆုံးက ညီညီညွှတ်ညွတ် ရှိကြဖို့ဆိုတော့ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် ရှေးကထက် ပိုချစ်ကြမယ်ဆိုတဲ့... သီချင်းလေးကိုပဲ ညည်းနေရတော့တာ။

ဋ - ဋီကာ
အပိုတွေ ဋီကာချဲ့ရေးတယ်လို့ မထင်ပါနဲ့နော်… ။

ဌ - ဌာန်ကရိုဏ်းကျကျ
ဌာန်ကရိုဏ်းကျကျ သီချင်းမဆိုတတ်ပေမဲ့ သီချင်းဆိုတာလေးကလဲ ၀ါသနာပါ...။

ဍ - ဍ ရင်ကောက် ၀တ္ထုတိုများ
ဆရာသုလို ဍ ရင်ကောက် ၀တ္ထုတိုလေးတွေလဲ ရေးတတ်ချင်...။

ဎ - ဎ'ရေမှုတ်
ဒါပေမဲ့ ရေမှုတ်ကလေးနဲ့ တူတဲ့ ဎ'ရေမှုတ် အက္ခရာလေးလိုပဲ စုချစ်ဆိုတာလဲ လူမသိ သူမသိလေးဆိုတော့ကာ... ။

ဏ - ဃဂဏန
ဃဂဏန သေသေချာချာ ကြုံတုန်းလေး ပြောပြရရင်... ။

တ - တရား
မြတ်သော တရားကိုသာ အမြဲနှလုံးသွင်းလို့… ။

ထ - ထာဝရ
ကိုးကွယ်ရာအမှတ်နဲ့ ထာဝရ အားကိုးနိုင်တာက တရား ဓမ္မပဲ ရှိတာကိုး အစ်မရ… ။

ဒ - ဒါန
ဒါနလေးကိုလဲ ကိုယ်တတ်နိုင်သလောက်ပြုရင်း…။

ဓ - ဓလေ့ထုံးစံ
ကိုယ့်လူမျိုး ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေကိုလဲ စွမ်းနိုင်သမျှ ထိန်းသိမ်း…။

န - နှလုံးသားထဲက အနုပညာ
နှလုံးသားနဲ့ရင်းပြီး လောကကြီးကို အလှဆင်နေတဲ့ အနုပညာသမားစစ်စစ်တွေကို လေးစားချစ်ခင်မိ၊ ကိုယ်ကိုယ်တိုင်လဲ အနုပညာဝါသနာပါလို့…။

ပ - ပန်းချီ
တတ်နိုင်ရင်တော့ ဘာမှမလုပ်ပဲ ပန်းချီလေးဆွဲပြီး အမြဲတန်းနေချင်တာပေါ့...။

ဖ - ဖြောင့်မတ် ဖြူစင်ခြင်း
ဘာပဲပြောပြော လောကကြီးမှာ ဖြောင့်မတ်၊ မှန်ကုန်၊ ဖြူစင်တဲ့သူတွေရဲ့ စိတ်ဓါတ်ကို တကယ်လေးစား အားကျမိတယ်။

ဗ - ဗဟုသုတ
ဗာဟုသစ္စဉ္စ - ဗဟုသုတ အကြားအမြင်များသောသူဖြစ်ခြင်းသည် မင်္ဂလာမည်၏ တဲ့။
ဒါကြောင့် ဗဟုသုတ များအောင် လက်လှမ်းမှီသလောက် စာများများဖတ်၊ ပညာရှိသူတော်ကောင်း ပြောစကားများ မှတ်သားလိုက်နာရမတဲ့…။

ဘ - ဘာသာရေး
ဘာသာရေးကိုလဲ ရနိုင်သလောက် အချိန်ပေး လေ့လာလိုက်စားအားထုတ်ပါတယ် အစ်မရ…။

မ - မေတ္တာ
မေတ္တာနဲ့ ယှဉ်တဲ့ အတွေးလေးနဲ့ သတ္တ၀ါများအားလုံး ချမ်းသာကြပါစေလို့ နေ့တိုင်း မေတ္တာပွားများပါတယ်...။

ယ - ယုံယုံကြည်ကြည်
မေတ္တာတရားသည်သာ အောင်နိုင်ရာ၊ ယုံယုံကြည်ကြည်နဲ့သာလုပ်၊ တယ်အကျိုးပေးတယ်ဆိုတာကိုး အစ်မရ…။

ရ - ရိုးရိုးသားသား
မချမ်းသာချင်နေပါစေ၊ ရိုးရိုးသားသား၊ ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တယ်... တကယ်…။

လ - လက်ဆင့်ကမ်း
ကိုယ်သိသမျှလေးတွေကိုလဲ မျိုးဆက်သစ်ကလေးတွေကို လက်ဆင့်ကမ်းပေး ဝေမျှချင်တယ်… ။

ဝ - ၀မ်းမြောက်ဝမ်းသာ
ရယူသူထက် ပေးဝေသူ ဘ၀ဆက်တိုင်း ဖြစ်ပါစေလို့ ဆုတောင်းမိတယ်။ ပေးဝေသူဖြစ်ရတာ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူချင်သူပါ… ။

သ - သီလ
သီလကို တတ်နိုင်သမျှ လုံအောင်ထိန်းဆိုတဲ့ ဆရာသမားများစကားကိုလဲ အတတ်နိုင်ဆုံး လိုက်နာလျက်ပါ…။ တခါတခါတော့ ပုရွက်ဆိတ်လေး ဘာလေး သတ်မိတာကလွဲလို့…း-)။

ဟ - ဟီရိသြတ္တပ္ပ
ဟီရိသြတ္တပ္ပ တရား- မဟုတ်တာလုပ်ရမှာ၊ မကောင်းတာပြောရမှာ၊ မမှန်တာကျင့်ရမှာ ရှက်ကြောက်တတ်ရမယ်ဆိုတဲ့ စကားကို ဦးထိပ်ပန်ရွယ်လျက်…။

ဠ - ကာဠုဒါယီ အမတ်
ဟုတ်ပါ့မလား မောင်ကာဠုရယ် လို့တော့ စုချစ်ပြောတာကို မယုံမကြည်မဖြစ်ပါနဲ့နော့… ။

အ - အသည်းနှလုံး
အသည်းနှလုံးထဲကနေ သူ့အလိုလို ခုန်ပေါက်ထွက်လာတဲ့ မှန်သော သစ္စာစကားများပါ… အစ်မရ... တကယ်… အဟုတ်ကြီး…။
း-)

*************
အစ်မသက်ဝေရေ...
ပထမတော့
က- ကာတွန်းဆွဲပြီး... ခ- ချစ်တဲ့အကြောင်းပြောမလို့... ဂ- ဂန်ဒူးလို့တော့ မထင်နဲ့... စသဖြင့် ...
ဟ - ဟိုးဟိုးဟားဟား ရယ်ရအောင် ပေါက်ကရတွေ ပြောင်နောက်ပြီးရေးမလို့ပဲ...။

အစ်မကို မလေးမစားဖြစ်မှာစိုးလို့... အတည်ပဲ ရေးလိုက်ပါတယ်။

သဘောကျမယ်၊ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်လျက်...။

ချစ်ခင်စွာ...
စုချစ်