Thursday, July 1, 2010

ဆုံးဖြတ်ချက်



ဒီကနေ့နံနက်မှာပဲ မရွှေစုတစ်ယောက် ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ချမှတ်လိုက်ပေသည်။

*****************************

၂၀၁၀ခုနှစ်ရဲ့ နှစ်တ၀က်ကို ကုန်လွန်ခဲ့ပေပြီ။ မရွှေစုတစ်ယောက် ၂၀၁၀နှစ်စကတဲက အခုနှစ်လည်ထိ များလိုက်သည့် အလုပ်ဆိုတာ အဖြစ်က မနှစ်ကနဲ့ပင် မတူလို့ ညည်းရတော့မလောက်ပင်ဖြစ်သည်။ နှစ်စမှာ ရုံးတွင်း ၆လသင်တန်းကို တက်ရမည်ဟု ဘော့စ်က ပြောလာသည့်အခါ ခပ်ပေါ့ပေါ့ပဲသဘောထားမိခဲ့၏။ အိုကေ... တက်တာပေါ့ဟု လွယ်လွယ် သဘောတူမိခဲ့သည်။ ဟေးလားဝါးလား ဟီးဟီးဟားဟားနှင့် အသာကလေးပြီးသွားမည့်သင်တန်းဟု အပျော်သဘောလောက်သာ တွက်မိခဲ့သည်။ တကယ်တန်းကျတော့ မရွှေစု၏ အထင်နှင့်အမြင် တက်တက်စင်အောင် လွဲမှားပေတော့သည်။

ဇန်န၀ါရီအစ သင်တန်း အောရီယန်တေးရှင်းကိုသွားလိုက်မှ မရွှေစုတစ်ယောက်မှားမှန်းသိတော့၏။ သင်တန်းက စာမေးပွဲလဲဖြေရမတဲ့။ ကျရင် သင်တန်းကထွက်ရ မတဲ့။ ပြီးတော့ ပရောဂျက်လုပ်ရမတဲ့။ ပရောဂျက်မပြီးရင် သင်တန်းဆင်းလက်မှတ် မရဘူးတဲ့။ တကယ်သင်တန်းစတော့လဲ အတန်းထဲ စာသင်ရင်း သင်တန်းဆရာများက ဟိုလူ့လက်ညိုးထိုး၊ ဒီလူ့လက်ညိုးထိုးနှင့် စာကမေးသေးသည်။

သင်တန်းတက်နေရပါသည်ဆိုမှ အလုပ်ကလဲ များလိုက်သည့်ဖြစ်ခြင်း။ new product တွေက တခုပြီးတခု ရောက်လာသည်။ New chip-set design တွေနဲ့မို့ Firmware code ကို ပြောင်းရသည်မှာ ခေါင်းစားစရာတွေတပုံကြီး။ Firmware test released လုပ်ပါမည်ဟု ဂတိပေးထားသည့် Target Date အတွင်းမပြီးမှာ ကိုယ့်ဘာသာကိုယ် စိုးရိမ်နေမိသည်။ သင်တန်းတဖက်နှင့် ဘယ်လို့  handle လုပ်ရပ။

သင်တန်းမှာ မရွှေစုဘေးနားမှာ ထိုင်သည့် တခြားဌာနကတစ်ယောက်လဲ အလုပ်များသည် အကြောင်းပြကာ သင်တန်းက drop လုပ်သွားသည်။ ဒီလိုပဲ လူတော်တော်များများ တစ်ယောက်ပြီးတစ်ယောက် သင်တန်းက ထွက်ကုန်ကြပြီ။ မရွှေစုလည်း မနေနိုင်တော့။ ကိုယ်လဲ သင်တန်းဆက်မတက်နိုင်ကြောင်း၊ အလုပ်တွေအရမ်းများကြောင်း ဘော့စ်ကိုသွားပြောသည်။ ချစ်လှစွာသော ဘော့စ်သည် မရွှေစု အဆိုပြုချက်ကို လက်မခံပေ။ ရပါတယ်... အလုပ်ကိုပြီးသလောက်ပဲလုပ်၊ သင်တန်းကိုလဲ ရသလောက်ပဲလုပ် တဲ့။ နင့်ကို ငါဘာမှ ပရက်ရှာမပေးဘူး။ စိတ်ချတဲ့။ ဟာ... ဘယ်လို တုန်း။ မလုပ်နိုင်ပါဘူးဆိုမှ... ဒီမှာ စနေ၊ တနင်္ဂနွေတွေလဲ မနားရ။ ညတိုင်အိမ်ပြန်ရောက်ရင်လဲ မနားရနဲ့ ရသလောက်ပဲဆိုတာ အပြောလွယ်ပေမဲ့ အလုပ်ကခက်တာ။ မရွှေစု ရသလောက် ကွန်ပလိန်းတက် ဘော့စ်က ခေါင်းမာမာနှင့် မလျှော့... နောက်ဆုံးတော့ ( Customer is always right မဟုတ်ပါ။ My boss is always right ဆိုပြီး ) မရွှေစုပဲ ခေါင်းခါခါ လည်ခါခါ စူစူအောင့်အောင့်နှင့် လက်လျှော့ရတော့သည်။

ဒီတော့ အလုပ်ထဲမှာ သင်တန်းထဲမှာ ပရောဂျက်ထဲမှာ အချိန်ပြည့် ခေါင်းစိုက်ရင်း ဘလော့လဲ မရေးနိုင်၊ ဖိုရမ်လဲ မဖတ်နိုင်၊ အွန်လိုင်း အလာပ သလာပလဲ မလုပ်နိုင်တိုင်း ချစ်လှစွာသော ဘော့စ်ကို မေတ္တာတွေ ပို့ကာ စိတ်တွေအကြီးကြီး ဆိုးမိလေသည်။ သူ့ကို စိတ်ဆိုးတိုင်း သင်တန်းက အလကားကျွေးသော မုံ့များကို နင်းကန်စားလေသည်။ မနက်ဆို ကြာဇံကျော်၊ ထမင်းကျော်နဲ့ အသားတခုခုစား၊ ပြီးရင် ကော်ဖီ ၂ခွက်ဆင့်သောက်သည်။ နေ့လည် ထမင်းကိုလဲ အသကုန်စားသေးသည်။ ညနေပိုင်း အတန်းမှာ အိပ်ငိုက်သည် အကြောင်းပြ၍ ကော်ဖီ၃ခွက်သောက်သည်။ စာသင်တာ နားထောင်ရတာ ပျင်းတိုင်း စားပွဲမှာချထားသည့် သကြားလုံးများ တလုံးပြီး တလုံး ပါးစပ်ထဲ ကောက်ကောက်ထဲ့သည်။ ညနေ တီးဘရိတ်မှာ ကျွေးသည့်မုံ့များ တဖြဲနှစ်ဖြဲ ထပ်စားသည်။ချောကလက် ကိတ်မုန့်ဆို ၂ချပ်၊ အသားမုန့်အကြီး၁ခု၊ ဆန်းဒ၀တ်ခ်ျ ၂ခု၊ သစ်သီး စသဖြင့်...။ အဲသလောက်စားလို့ ညစာ မစားနိုင်လိမ့်မည်မထင်ပါနှင့်။ ညီမတော်ချက်သည့် ညစာကိုလဲ အိမ်ပြန်ရောက်တော့ အသကုန်ကြိတ်ပါသေးသည်။

စနေ၊ တနင်္ဂနွေကျတော့ရော။ နေ့လည် ထမင်းစားပြီးတာနဲ့ ကွန်ပြူတာရှေ့မယ် အလုပ်တွေ၊ ပရောဂျက်တွေသာ ထိုင်လုပ်နေရသည်... စိတ်ကသေချာမပါသာ အသိသာကြီး။ အဲဒီတော့ မီးဖိုချောင်ကို အခါ၂၀လောက်ဝင်သည်။ ရေခဲသေတ္တာကို အခါ၂၀လောက်ဖွင့်သည်။ တခုပြီး တခု တွေ့တာတွေ ယူစားလေသည်။ တော်ကြာ ဘီစကစ်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ တော်ကြာ ချောကလက် ရေခဲချောင်း၊ တော်ကြာနေကြတော့ နက်စ်ကဖီးကို နွားနို့တွေထဲ့ ရေခဲတွေထဲ့ ဘလန်ဒါနဲ့ လှည့်ပြီး ကော်ဖီအေးလုပ်သောက်၊ ဒါမှမဟုတ်ရင် နွားနို့အေးထဲ ရေခဲ့မုန့်၊ ပန်းသီး၊ စတော်ဘယ်ရီ၊ ငှက်ပျောသီးတွေ လှီးထဲ့ စားပြန်သည်။ အဲသာတွေရိုးသွားတော့ပဲလှော်နှင့် မော်လမြိုင်ထန်းလျက်ခဲကို ရေနွေးကြမ်းနှင့် သောက်ချင်သောက်၊ ဒါမှမဟုတ် မရိုးနိုင်တဲ့ ပုဇွန်ခြောက်နိုင်နိုင်နဲ့ လက်ဘက်သုတ်။ ညီမတော်က မျက်လုံးပြူးနှင့် ကြည့်သည်။ မမလတ် ဟုတ်ကောဟုတ်သေးရဲ့လား ဆိုသည့် သဘောနှင့်။ မရွှေစုတို့ မယုံကြည်နိုင်စရာ စားသောက်ကောင်းနေလိုက်သည်မှာ မပြောပါနဲ့တော့။

မနေ့က မတွေ့တာကြာပြီ ဖြစ်သော တခြားဌာနက သူငယ်ချင်းတစ်ယောက်နှင့် တွေ့သည်။ ဟယ်... ရွှေစုရယ် မတွေ့တာမှ ၃-၄လ ရှိသေး။ ၀လာလိုက်တာ လုံးနေတာပဲ... ကောင်းတယ် ကောင်းတယ် တဲ့...။ အဲ့... အယ်။

ဒီကနေ့ မနက် ရုံးသွားဖို့ ပြင်ဆင်တော့ မရွှေစုတစ်ယောက် အ၀တ်အစားလဲသည့် အခန်းထဲမှ တော်တော်နှင့် ထွက်မလာနိုင်။ အပြင်က စောင့်နေသည့်ယောက်ယောက်က မပြီးသေးဘူးလားဟေ့... နောက်ကျနေပြီဟု ခေါ်နေပြီမို့ ကမန်းကတန်း ပြေးထွက်လာရသည်မှာ ချော်လဲမတတ်။ အဘယ်ကြောင့်ကြာနေသနည်းဆိုသော် မ၀တ်တာ ကြာပြီဖြစ်သော ဂျင်းဘောင်းဘီကို လျှာရှည်ပြီး ၀တ်နေတာ... ခုန်... ခုန်ပြီး ၀တ်နေရလို့ ဖြစ်ပါသည်။

*****************************
ဒီကနေ့နံနက်မှာပဲ မရွှေစုတစ်ယောက် ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ချမှတ်လိုက်ပေသည်။ နက်ဖြန်ကစပြီး Gym ကိုပြန်သွားပြီး exercise ပြန်လုပ်တော့မည်ဟု။ ဂျင်းဘောင်းဘီတွေ ၀တ်လို့ မရတော့ရင် နှမျောစရာ... နော့လေ။

စုချစ်

14 comments:

သက်ဝေ said...

မရွှေစုချစ် ဘယ်လောက်များ ဝ နေလို့လဲဆိုတာ လာကို ကြည့်အုံးမယ်...း))

အရေးထဲ စုချစ်စားတဲ့ စားစရာတွေကို တလစပ်ရေးပြထားတာ သွားရည်ကျနေမိသေး...

ပုံ
Gym သွားရန် လိုအပ်နေသောသူ နောက်တဦး

sonata-cantata said...

ပင်ပန်းရင်လည်း ၀ တတ်သေးသကိုး...း)

- ဧရာ

မေဓာဝီ said...

ဂျင်သွားတော့မယ်ဆိုတာ တကယ်ပြောတာလားဟင် ... ကိုယ်လုံးလေးလှလာရင် ဂျင်းဘောင်းဘီလေးဝတ် ဓာတ်ပုံရိုက်ပြီး ပို့စ်တင်ပေးနော်။ ဟီးး။
မစုလိုပဲ မေလဲ စာဖတ်ရင်း အစုံစားတာ စာမေးပွဲလဲ ပြီးရော ပိုဝနေလို့ တွေ့တဲ့လူတွေက ပြောနေရတယ်။ စာမေးပွဲသာဖြေတယ် ပိန်လဲ မပိန်ဘူးတဲ့။ :P

ကိုအောင်(ပျူနိုင်ငံ) said...

များများ မစားတော့ဘူးလားဗျ။

မြတ်နိုး said...

အမ..စားပါ..
ပီးရင်ကစားပါ..

အစားတော့မလျှော့ဘူး
ကစားတယ်
အခုဆိုတေဘယ်လ်တင်းနစ်ပုံမှန်ရိုက်ဖြစ်တယ်။

ရေကူးတယ်။

khin oo may said...

ဒီကလည်းအဲသလိုဘဲအမြဲနောင်တရတယ။်

The Queen said...

ဟီး..အလုပ်များများလုပ်ရတော့ ကုန်ခမ်းသွားတဲ့ အင်နာဂျီ တွေပြန်ဖြည့် ရင်း အရှိန်လွန်နေတယ် ထင်ပါ့ အမရယ်။ Gym မသွားပဲ ပိန်တဲ့ နည်းမလိုချင်ဘူးလား ဟင် ?

စုချစ် said...

အမသက်ဝေ -- ဟီး... အမလာကြည့်တဲ့အချိန် ကိုယ်လုံးလေး ကြုံ့ပြီး နေရမယ်...

ဆရာဧရာ - ပရက်ရှာများရင် ၀တယ်လို့ ပြောကြတာပဲ... သူငယ်ချင်း ဆရာဝန်ကပြောတာတော့ အသက်ကြီးလာလို့ ၀တာ ဘာမှ မှုတ်ဖူးတဲ့...ဟီး။

မမေ - ဂျင်သွားမယ်ဆိုတာ တကယ်ပါဆို... နက်ဖြန်ပါဆိုနေမှ... ဒီနေ့မှုတ်သေးဘူး... ဟီး

ကိုအောင် - အစားလျှော့မယ်လို့တော့ တွေးတောင်တွေးမိဖူး... ခစ်

ညီမလေး မြတ်နိုး - ခက်တာက အမက အားကစား ဘာညံ့သလဲမေးပါနဲ့... ရေလဲမကူးတတ်၊ တေဘယ်တင်းနစ်လဲ မရိုက်တတ်... ဟီး..ပြေးပဲပြေးတတ်တယ်... ဘတ်စ်ကားတွေ ရထားတွေ ပြေးပြီး စီးနေကြမို့...

မမကွမ် - အဖော်ရှိတာပေါ့နော်...

ညလေးကွင်း - ဂျင်မသွားပဲ ပိန်တဲ့နည်း... လိုချင်တယ် လိုချင်တယ်... ပြောပြပါ...း-)

Ohmar said...

ဂျင်မသွားပဲနဲ့ ပိန်တဲ့နည်း ရှိတယ်.. ဟဲဟဲ

ဘာမှ မစားနဲ့ ပိန်ရော
အဲ.. မစားတဲ့ လေ့ကျင့်ခန်း ရပ်သွားတော့မှ
၂ဆ စားပြီး ၂ ဆက ၀ ရော

ဟီးး

ချစ်ကြည်အေး said...

ညီမစု ဒါလေးများ...ဂျင်မသွားနဲ့ အိမ်မှာ အမတို့ သက်ဝေတို့လို လမ်းလျှောက်စက် ဝယ်ထားပလိုက်....။ အဲဒီ ၁ နေရာယူပြီး မန့်သွားတဲ့ တယောက်ဟာ အဲဗား ဝိတ်ချပဲ...သူဖြင့် ဘာအစားမှ စားလေတာ မဟုတ်ပဲနဲ့ ဒါ့ထက်ပိန်လို့က အရိုးပဲကျန်မယ် ဟွန်းးးးး ပြောချင်ဘူး....

ဂျစ်တူး ( မုံရွာ ) said...

စုချစ်ရေ-----
ဝသောသူကိုကျင်နာပါရစေဗျာ-
မိန်းကလေးတွေကပိန်ချင်နေကြတာပါဗျာ-
လှလှဝဝဆိုရင်ကစ်ချင်ကြတဲ့ သူများသဗျ-
ဒီတော့ ဝပါစေတော့ ထားလိုက်တော့။
သူကဖြင့်ဘယ်လောက်များဝ နေတာကြနေတာဘဲ-
ဒါထက်ပိန်သွားလို့ ကတော့ တင်လျောကလေးနဲ့ 
ရင်လျောကလေးနဲ့ -
အဖွားကြီးပေါက်စဖြစ်မှာမြင်ယောင်ပါသေးဗျာ-

စုချစ် said...

အမချစ်ကြည်ရေ... ကိုယ့်အကြောင်း ကိုယ်သိသတော့... လမ်းလျှောက်စက်က ပြီးရင် အလှပြစက်ဖြစ်သွားမှာ စိုးလို့ ၀ယ်ရဲဖူး... ဟီး...
ခြေထောက်နှိပ်တဲ့စက်တို့၊ ကျောနှိပ်တဲ့စက်တို့တော့ လူကြီးတွေ အတွက်ဝယ်ပေးရင်း သုံးဖြစ်သေးတယ်... ဟီး... ဒါတောင် အဲသာတွေကို လူကြီးတွေက ကြိုက်ကြဖူး...

အောင်မလေး...ဂျစ်ရဲ့... ရင်လျော၊ တင်လျောတဲ့ ပြောလဲ ပြောတတ်ပ... အီးဟီးဟီး... ဒါဆို စားမြဲစားမယ်... ဂျင်လဲသွားတော့ဘူးနော်...
း-)

သက်ဝေ said...

အလိုလေးလေး... ချစ်ကြည်စုတ်လေးက သူများ အတင်း ပြောသွားတာပါကလား... (သူ့ပဲ ကြောက်နေရတယ်... သူသွားသမျှ နေရာ လိုက်ကြည့်နေရမယ့် အပေါက်ပဲ...)

မယုံနဲ့ညီမ...
အမ အိမ်ကစက်က ကိုကြီးတယောက်ပဲ စိတ်ကူးပေါက်ရင် လျှောက်တာ...
အမက ပျင်းလွန်းလို့... ပြီးတော့ တချိန်လုံး ကွန်ပျူတာရှေ့ကမှ မထနိုင်တာ ဘယ်အချိန် ဘယ်လိုလုပ် ပိန်မလဲ...

သက်ဝေ said...

ချစ်၍ တက်ဂ်ပါသည်... ညီမ စုချစ်...း))