Thursday, May 27, 2010

စုချစ် သင်ပုန်းကြီး ဖတ်စာ

ဘလော့ဂါ ကကြီး-ခခွေးတန်း

က - ကျေးဇူးအထူး

အစ်မသက်ဝေရေ... သတိတရ တဂ်လို့ ကျေးဇူးအထူး တင်ပါတယ်လို့...။

ခ - ချစ်ခင်စွာ
အဲသာကြောင့် ချစ်ခင်စွာ စာပြန်ရေးလိုက်ပါတယ်နော်...။

ဂ - ဂုဏ်ယူစွာ
ဂုဏ်ယူစွာ ပြောရရင်တော့ စုချစ်ကို အစ်မသက်ဝေကလွဲလို့ ဘယ်သူမှ တဂ်ကြဘူး။ ဟီး...။

ဃ - ဃရာဝါသ ဗဟုကိစ္စ
ဃရာဝါသ ကိစ္စမြားမြောင် လူတို့ဘောင်’ ဆိုတဲ့အတိုင်း ဗဟုကိစ္စ အိမ်ထောင်မှုအပြင် တခြားအလုပ်များတာတွေလဲ ပါတာကြောင့် စာကလဲ မှန်မှန်မရေးနိုင်ပါဘူး အစ်မရယ်...။

င - ငြိမ်းငြိမ်းချမ်းချမ်း
အဲသာကြောင့် တခါတရံတော့လဲ ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့ နေရာလေးကို အလုပ်တွေပစ်ပြီး သွားနေချင်သား...။

စ - စေတနာ
အလုပ်များပေမဲ့ ဘာလေးပဲလုပ်လုပ် စေတနာ ထားပြီး လုပ်ပါဆိုတဲ့ လူကြီးသူမတွေ ဆိုဆုံးမစကား နားထဲကြားယောင် အစဉ်လိုက်နာပါတယ် အစ်မရယ်...။

ဆ - ဆန္ဒမွန်
တခုထဲသော ဆန္ဒမွန်ကတော့ ကိုယ်လဲ စိတ်ချမ်းသာ၊ အများတကာလဲ စိတ်ချမ်းသာစေချင်တာပါပဲ...။

ဇ - ဇာတိမြေ
ခုတလော ကြားနေရတဲ့ ဇာတိမြေက သတင်းတွေကတော့ စိတ်မချမ်းသာစရာတွေ အများသားကလား...။

ဈ - ဈာန်
ဒါကြောင့် ဖြစ်နိုင်ရင် ဈာန်ရတဲ့သူများလို ၀ုန်းကနဲ ပြေးပြီး ကိုယ်တတ်နိုင်တာထက်ကို အကူအညီတွေပေးလိုက်ချင်ပါရဲ့...။

ည - ညီညွှတ်ရေး
အရေးကြီးဆုံးက ညီညီညွှတ်ညွတ် ရှိကြဖို့ဆိုတော့ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် ရှေးကထက် ပိုချစ်ကြမယ်ဆိုတဲ့... သီချင်းလေးကိုပဲ ညည်းနေရတော့တာ။

ဋ - ဋီကာ
အပိုတွေ ဋီကာချဲ့ရေးတယ်လို့ မထင်ပါနဲ့နော်… ။

ဌ - ဌာန်ကရိုဏ်းကျကျ
ဌာန်ကရိုဏ်းကျကျ သီချင်းမဆိုတတ်ပေမဲ့ သီချင်းဆိုတာလေးကလဲ ၀ါသနာပါ...။

ဍ - ဍ ရင်ကောက် ၀တ္ထုတိုများ
ဆရာသုလို ဍ ရင်ကောက် ၀တ္ထုတိုလေးတွေလဲ ရေးတတ်ချင်...။

ဎ - ဎ'ရေမှုတ်
ဒါပေမဲ့ ရေမှုတ်ကလေးနဲ့ တူတဲ့ ဎ'ရေမှုတ် အက္ခရာလေးလိုပဲ စုချစ်ဆိုတာလဲ လူမသိ သူမသိလေးဆိုတော့ကာ... ။

ဏ - ဃဂဏန
ဃဂဏန သေသေချာချာ ကြုံတုန်းလေး ပြောပြရရင်... ။

တ - တရား
မြတ်သော တရားကိုသာ အမြဲနှလုံးသွင်းလို့… ။

ထ - ထာဝရ
ကိုးကွယ်ရာအမှတ်နဲ့ ထာဝရ အားကိုးနိုင်တာက တရား ဓမ္မပဲ ရှိတာကိုး အစ်မရ… ။

ဒ - ဒါန
ဒါနလေးကိုလဲ ကိုယ်တတ်နိုင်သလောက်ပြုရင်း…။

ဓ - ဓလေ့ထုံးစံ
ကိုယ့်လူမျိုး ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေကိုလဲ စွမ်းနိုင်သမျှ ထိန်းသိမ်း…။

န - နှလုံးသားထဲက အနုပညာ
နှလုံးသားနဲ့ရင်းပြီး လောကကြီးကို အလှဆင်နေတဲ့ အနုပညာသမားစစ်စစ်တွေကို လေးစားချစ်ခင်မိ၊ ကိုယ်ကိုယ်တိုင်လဲ အနုပညာဝါသနာပါလို့…။

ပ - ပန်းချီ
တတ်နိုင်ရင်တော့ ဘာမှမလုပ်ပဲ ပန်းချီလေးဆွဲပြီး အမြဲတန်းနေချင်တာပေါ့...။

ဖ - ဖြောင့်မတ် ဖြူစင်ခြင်း
ဘာပဲပြောပြော လောကကြီးမှာ ဖြောင့်မတ်၊ မှန်ကုန်၊ ဖြူစင်တဲ့သူတွေရဲ့ စိတ်ဓါတ်ကို တကယ်လေးစား အားကျမိတယ်။

ဗ - ဗဟုသုတ
ဗာဟုသစ္စဉ္စ - ဗဟုသုတ အကြားအမြင်များသောသူဖြစ်ခြင်းသည် မင်္ဂလာမည်၏ တဲ့။
ဒါကြောင့် ဗဟုသုတ များအောင် လက်လှမ်းမှီသလောက် စာများများဖတ်၊ ပညာရှိသူတော်ကောင်း ပြောစကားများ မှတ်သားလိုက်နာရမတဲ့…။

ဘ - ဘာသာရေး
ဘာသာရေးကိုလဲ ရနိုင်သလောက် အချိန်ပေး လေ့လာလိုက်စားအားထုတ်ပါတယ် အစ်မရ…။

မ - မေတ္တာ
မေတ္တာနဲ့ ယှဉ်တဲ့ အတွေးလေးနဲ့ သတ္တ၀ါများအားလုံး ချမ်းသာကြပါစေလို့ နေ့တိုင်း မေတ္တာပွားများပါတယ်...။

ယ - ယုံယုံကြည်ကြည်
မေတ္တာတရားသည်သာ အောင်နိုင်ရာ၊ ယုံယုံကြည်ကြည်နဲ့သာလုပ်၊ တယ်အကျိုးပေးတယ်ဆိုတာကိုး အစ်မရ…။

ရ - ရိုးရိုးသားသား
မချမ်းသာချင်နေပါစေ၊ ရိုးရိုးသားသား၊ ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တယ်... တကယ်…။

လ - လက်ဆင့်ကမ်း
ကိုယ်သိသမျှလေးတွေကိုလဲ မျိုးဆက်သစ်ကလေးတွေကို လက်ဆင့်ကမ်းပေး ဝေမျှချင်တယ်… ။

ဝ - ၀မ်းမြောက်ဝမ်းသာ
ရယူသူထက် ပေးဝေသူ ဘ၀ဆက်တိုင်း ဖြစ်ပါစေလို့ ဆုတောင်းမိတယ်။ ပေးဝေသူဖြစ်ရတာ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူချင်သူပါ… ။

သ - သီလ
သီလကို တတ်နိုင်သမျှ လုံအောင်ထိန်းဆိုတဲ့ ဆရာသမားများစကားကိုလဲ အတတ်နိုင်ဆုံး လိုက်နာလျက်ပါ…။ တခါတခါတော့ ပုရွက်ဆိတ်လေး ဘာလေး သတ်မိတာကလွဲလို့…း-)။

ဟ - ဟီရိသြတ္တပ္ပ
ဟီရိသြတ္တပ္ပ တရား- မဟုတ်တာလုပ်ရမှာ၊ မကောင်းတာပြောရမှာ၊ မမှန်တာကျင့်ရမှာ ရှက်ကြောက်တတ်ရမယ်ဆိုတဲ့ စကားကို ဦးထိပ်ပန်ရွယ်လျက်…။

ဠ - ကာဠုဒါယီ အမတ်
ဟုတ်ပါ့မလား မောင်ကာဠုရယ် လို့တော့ စုချစ်ပြောတာကို မယုံမကြည်မဖြစ်ပါနဲ့နော့… ။

အ - အသည်းနှလုံး
အသည်းနှလုံးထဲကနေ သူ့အလိုလို ခုန်ပေါက်ထွက်လာတဲ့ မှန်သော သစ္စာစကားများပါ… အစ်မရ... တကယ်… အဟုတ်ကြီး…။
း-)

*************
အစ်မသက်ဝေရေ...
ပထမတော့
က- ကာတွန်းဆွဲပြီး... ခ- ချစ်တဲ့အကြောင်းပြောမလို့... ဂ- ဂန်ဒူးလို့တော့ မထင်နဲ့... စသဖြင့် ...
ဟ - ဟိုးဟိုးဟားဟား ရယ်ရအောင် ပေါက်ကရတွေ ပြောင်နောက်ပြီးရေးမလို့ပဲ...။

အစ်မကို မလေးမစားဖြစ်မှာစိုးလို့... အတည်ပဲ ရေးလိုက်ပါတယ်။

သဘောကျမယ်၊ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်လျက်...။

ချစ်ခင်စွာ...
စုချစ်

4 comments:

သက်ဝေ said...

ဒါ စုချစ်ပဲ...
ကာတွန်းရုပ်ကလေးနဲ့...
ပေါ့ပေါ့ပါးပါး စာကလေးတွေနဲ့...
အမြဲတမ်း ချစ်စရာကောင်းနေတာ...း))

အမက အဲဒီညက လင့်ခ်တွေပြင်ရင်း HTML တွေ မှားနေတာနဲ့ စုချစ်နာမည်က နောက်မှပေါ်လာရတာပါ..
ရှိတ် အရှိနဲ့နော်... နော်... နော်...း))

က- ကာတွန်းဆွဲပြီး... ခ- ချစ်တဲ့အကြောင်းပြောမလို့... ဂ- ဂန်ဒူးလို့တော့ မထင်နဲ့... ဆိုတာမျိုး နောက် version တမျိုးနဲ့ ရေးပါအုံးလား... သေချာတယ်... စုချစ်ရေးရင် ရယ်ရမှာဗျား....

ရေးပေးတာ ကျေးဇူး ညီမ...

sonata-cantata said...

မတီတာက တခါတလေ တဂ်ပါတယ်အေ
တူများကို တူမေ့နေတယ်း)

T T Sweet said...

တ၀မ်းပူ ... တက်ဂ်ထိထားသူအချင်းချင်း လာအားပေးသွားပါကြောင်း ...

ကိုအောင် said...

စုချစ်သူရေ
ကမ္ဘာ့ဖလား ၂၀၁၀ ခန့်မှန်းပေးဖို့ tag ထားတယ်၊
အဆင်ပြေမယ်ဆိုရင် ခန့်မှန်းပေးပါအုံး
http://pyustate.com/2010/05/tag.html