ရင်ထဲရောက်သော အမေစု စကားများ
(၁၄-၁၁-၂၀၁၀ မိန့်ခွန်းမှ ကောက်နှုတ်ချက်)
Photo - from Reuters
နိုင်ငံရေးဆိုတာ သင်ယူရမယ်။ လောကမှာ လူကောင်း လူဆိုးရှိတယ်လို့ အယုံကြည်မရှိဘူး။
လူတော် လူညံ့ ရှိတယ်လို့လည်း အယုံအကြည်မရှိဘူး။
သင်လို့ရတဲ့သူနဲ့ သင်လို့ မရတဲ့လူ ရှိတယ်လို့ပဲ ယုံကြည်တယ်။
တာဝန်ကိုမကြောက်ဘူး။
တာဝန်မကျေမှာကိုပဲ ကြောက်တယ်။
တစ်ယောက် နဲ့ တစ်ယောက် အမြင်ချင်းဖလှယ်တတ်အောင် လေ့ကျင့်ယူရမယ်။
ချစ်တယ်ဆိုတာ တစ်ဦးပေါ်တစ်ဦး စိတ်ချမ်းသာအောင် လုပ်ပေးချင်တဲ့ ဆန္ဒရှိပြီးတော့ အဲဒီ ဆန္ဒအရလုပ်မှ တကယ် ချစ်ရာရောက်ပါတယ်။
ပင်ပန်းတာကကိစ္စမရှိဘူး။ ကိုယ့်ရဲ့ အားတွေကို ပင်ပန်းရကျိုးနပ်ဖို့ အသုံးချဖို့ အရေးကြီးတယ်။
ဝီရိယ ကို ထပ်တလဲလဲ အားထုတ်ရမယ်။
အလုပ်တစ်ခုဆိုတာ ပြီးတယ်မရှိဘူး။
ဒီလောကကြီးမှာ ပကတိ ကျေနပ်စရာဆိုတဲ့ အခြေအနေဆိုတာ ဘယ်တော့မှ မရှိဘူး။
သို့သော်လည်း ကျေနပ်စရာအခြေအနေ အတိုင်းအတာတစ်ခုထိရောက်ဖို့တော့ လိုကိုလိုတယ်။
အဲဒီကျေနပ်စရာအခြေအနေ အတိုင်းအတာ ရောက်ဖို့တော့ အားလုံးဝိုင်းကြိုးစားရမယ်။
တစ်ယောက်ထဲလုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။
သတ္တိဆိုတာ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စဖြစ်မြောက်အောင်လို့ အပင်ပန်းခံပြီး လုပ်တာဟာ သတ္တိပဲ။
အဲဒီလို သတ္တိမျိုး မွေးရမယ်။
တကယ့် သတ္တိဆိုတာ နေ့တဓူဝ လုပ်နေရမှာ။ မနက်မိုးလင်းတာနဲ့ ဒီကနေ့ တနေ့ကို ရင်ဆိုင်ဖို့ သတ္တိတွေ ထုတ်နေကြရတာပဲ။
နိုင်ငံရေးက ဒို့နဲ့ မဆိုင်ဘူးလို့ ပြောနေတာဟာ နိုင်ငံရေးဆိုတာ ဘာလဲ နားမလည်လို့ ပြောနေကြတာပဲ။
ဒီမိုကရေစီမှာ ရှေ့ကလုပ်နေတဲ့သူတွေကို နောက်ကလူတွေကထိန်းနိုင်ရမယ်။ ထိန်းပိုင်ခွင့်ရှိရမယ်။
အများပြည်သူတွေက လူနည်းစုဖြစ်တဲ့ အုပ်ချုပ်တဲ့သူတွေကို ထိန်းပိုင်ခွင့်ရှိရမယ်။
ကျေးဇူးသိတတ်တဲ့သူဆိုတာ ရှားတယ်လို့ ပြောကြတယ်။
ကျေးဇူးသိတတ်ပြီး အချင်းချင်းကို တန်ဖိုးထားတတ် နိုင်ရမယ်။
ရှေ့ကလူကလည်း နောက်ကလူကို သိတတ်မှု နားလည်မှုရှိရမယ်။
နောက်ကလူကလည်း ရှေ့ကလူကို နားလည်မှု သည်းခံမှု ရှိရမယ်။
ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ ရတာပဲ။
ဘယ်သူနဲ့မှ စကားပြောလို့ ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာမျိုး မရှိဘူး။
လူတိုင်းက တသဘောထဲ မဖြစ်နိုင်ဘူး။
သဘောမတူတာကို လက်ခံနိုင်တာလည်း ဒီမိုကရေစီရဲ့ သဘောတရားတစ်ခုပဲ။
ယုံကြည်မှု၊ နားလည်မှု၊ ထောက်ခံမှု ရအောင် ယူရမယ်။
သဘောမတူတာကို ရအောင် စည်းရုံးယူရမှာပဲ။
လက်တွဲလုပ်လို့ မနစ်နာစေရဘူးလို့တော့ အာမ မခံနိုင်ပါဘူး။
ကိုယ်လိုချင်တဲ့ အရာတစ်ခုကို လိုတော့ လိုချင်ပါတယ်။
အနာတော့ မခံနိုင်ပါဘူးလို့တော့ ခံယူထားလို့ မရဘူး။
ဒါပေမယ့် ပြည်သူလူထု အနည်းဆုံး နာတဲ့နည်း၊ အတတ်နိုင်ဆုံးမထိခိုက်တဲ့နည်းလမ်းတွေကို ရှာပြီး အလုပ်လုပ်ပါ့မယ်။
အမှားနဲ့ အမှန်ကို ခွဲခြားပြီး သိရမယ်။
အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။
အမှားနဲ့ အမှန်ဆို တချိန်နဲ့ တချိန် တူတာမဟုတ်ဘူး။
အချိန်တွေ ပြောင်းသလို အခြေအနေတွေ ပြောင်းတတ်တယ်။
လုပ်သင့် မလုပ်သင့်တာကို ဆင်ခြင်ပြီးတော့ ကိုယ့်ရဲ့ လိပ်ပြာ ကိုယ်လုံစေရမယ်။
ဗိုလ်ချုပ်ပြောခဲ့ဖူးသလို ကိုယ့်လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ မားမားမတ်မတ် ရပ်ပြီးတော့ နေ့တိုင်း အစစ်ခံရဲကြပါစေ။
အဲဒီအခါ ကိုယ်ဟာ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်နေသလားဆိုတဲ့ အဖြေဟာ ပေါ်လာပါလိမ့်မယ်။
အင်အားဆိုတာ မှန်မှန်ကန်ကန် မသုံးရင် အန္တရယ်ပါပဲ။
မှန်မှန်ကန်ကန်သုံးထားတဲ့ အင်အားရဲ့ အာနိသင်ကို ဘယ်သူမှ ဖြိုလို့ မရဘူး။
လိုချင်နေရုံနဲ့ ရမှာမဟုတ်ဘူး။ လိုချင်တာရအောင် လုပ်တတ်မှ၊ လုပ်ရဲမှ ၊ လုပ်နိုင်မှ ရမှာ။
လူအခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တဲ့အတွက် ရုန်းကန်နေတာပဲ။
ပုဂ္ဂိုလ်ရေးအတွက် လုပ်နေတာ မဟုတ်ဘူး။
ဘယ်သူ့ကိုမှ မုန်းတီးနေဖို့ အချိန်မရှိဘူး။
လူတစ်ယောက်ရဲ့ ကျေးဇူးကိုဖော်ထုတ်ရတာ အင်မတန်မှ အားရစရာကောင်းတယ်။
အင်မတန်မှ ကျေနပ်စရာကောင်းတယ်။
လူအခွင့်အရေး ကြေငြာစာတမ်းမှာ လူတိုင်း လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာရှိတယ်လို့ စဖွင့်တယ်။
အဲဒီအခွင့်အရေးတွေနဲ့ ကိုက်ညီတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။
လက်ဖြန့်ပြီးတော့ တောင်းချင်တဲ့စိတ်မရှိဘူးလို့ ယုံကြည်တယ်။
*******************
3 comments:
အမေ၇ဲ့ စကားတွေက တန်ဘိုးမဖြတ်နိုင်ဘူးနော်။
အမေစု
ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပါစေ။
သက်တော်ရာကျော်ရှည်ပါစေ။
ကိုခိုင်
Cbox မတွေ့လို့ ဒီမှာပဲ ၀င်ရေးလိုက်တော့မယ်နော်.. ၂၀၁၁ အတွက် ပြက္ခဒိန်လုပ်ဖို့ အစီအစဉ်လေး ရှိ၊မရှိ သိချင်လို့ပါနော်.. :D
Post a Comment