"ခဏခဏ ပြောထားတာကို ဘယ်တော့မှ မမှတ်ဘူး..."
"သမီး မှ မသိတာ... သမီးမှ မသိတာ..."
ဒီနေ့မနက် ရုံးသွားဖို့ အိမ်ကဓါတ်လှေကားထဲကိုအဝင် အပေါ်ထပ်မှဆင်းလာဟန်တူသော သားအမိနှစ်ယောက်
တစ်ယောက်နဲ့တစ်ယောက်
မကျေမနပ်ပြောနေကြသောစကားလုံးများကို နားစွန်နားဖျားကြားလိုက်ရသည်။
မရွှေစုတို့ ဝင်လာတော့မှ နှစ်ယောက်သား ကြိုးစားပြီး ပါးစပ်ပိတ်လိုက်ကြပုံရ၏။
အမေရဲ့ မျက်နှာက ပြောရခက်ပုံရသောဆယ်ကျော်သက်သမီးအတွက် စိတ်ပျက်လက်ပျက်၊
သမီးကလည်း သူ့အပေါ် ဘာလို့ နားမလည်ပေးရတာလဲဆိုတဲ့ ပုံစံနဲ့ မထီတထီ။
ဓါတ်လှေကားရပ်သောအခါ သမီးဖြစ်သူက အမေကို မစောင့်ပဲ မျက်နှာကြီးစူပုပ်ကာ
ဆောင့်ကြီးအောင့်ကြီးဖြင့် ရှေ့က ခပ်မြန်မြန်သွား၏။ အမေဖြစ်သူက
မရွှေစုတို့မျက်နှာကို ရှက်ကိုးရှက်ကန်းကြည့်ရင်းနောက်ကလိုက်ပါ၏။
"ခင်ဗျားငယ်ငယ်ကရော အဲ့သလို ဆိုးဖူးလား..."
ကားရှိရာသို့ လျှောက်သွားရင်း ဘေးနားက ဦးရေချမ်းက အမှတ်မထင်မေးလိုက်၏။
"အင်း...
ဆိုးတာကတော့ ဆိုးဖူးတယ်၊ ဒါပေတဲ့ လူရှေ့သူရှေ့မှာ အဲ့သလိုကြီး အမေကို
ရိုင်းရိုင်းစိုင်းစိုင်း ဘယ်တော့မှ မလုပ်ဖူးပေါင်... ဦးရေချမ်းကရော..."
"ကျွန်တော်က အမေကို တစ်ခါလေးတောင် ပြန်မပြောဖူးဘူး၊ အမေပြောတာ မဟုတ်လဲ မကြိုက်လဲ ဒီတိုင်းငြိမ်ပြီး နားထောင်ပေးလိုက်တယ်"
ကားနားကိုရောက်လာပြီဖြစ်၍ မရွှေစုက ရုံးအိတ်များကို ကားနောက်ခန်းထဲ ထည့်လိုက်သည်။
"ဟယ်...တော်လိုက်တာ...
ဟိုနေ့ကမှ မင်းကွန်းဆရာတော်ဘုရားကြီးအကြောင်းဖတ်နေတာ... ဆရာတော်ကြီးက
သူ့အမေ ကို ဘယ်လောက်ထိ ဂရုစိုက်ကြောင်း၊ အမေပြာသမျှ ဘာမှ
ပြန်မပြောကြောင်း... အင်း... သူများတို့ကတော့ အဲ့သလောက် လိမ်မာတဲ့အထဲ
မပါဘူးတော့၊ မေမေ ပြောတာ ဆုံးမတာတွေ ကိုယ့်စိတ်နဲ့ မညီဘူးဆိုရင် မေမေ
က လည်း ... သိလည်း မသိပဲနဲ့...ဒါက ဒီလိုရှိတယ် ဘာညာနဲ့
အထွန့်လေးနည်းနည်းတော့တက်လိုက်ရမှ... ပြန်ငြင်းလိုက်ရမှ... ၊ ဒါပေတဲ့
ခြေထောက်တော့ ဘယ်တော့မှ မဆောင့်ဘူး၊ လူရှေ့သူရှေ့လည်း အမေကို ဘယ်တော့မှ
ခံမပြောဖူးဘူး... တကယ်လို့ အပြန်အလှန်ငြင်းပြီးရင်လည်း နောက်ဆုံး
မေမေ့စိတ်ကြိုက်ပဲ လိုက်လုပ်ပေးလိုက်တာပဲ၊ ဥပမာ... ကိုယ်က ဘယ်လောက်ပဲ
တစ်နေရာကို သွားချင်နေနေ... သူက မသွားနဲ့ဆို နောက်ဆုံး
သူ့အလိုအတိုင်းမသွားပဲ နေတာမျိုးပေါ့..."
ကားမောင်းသူနေရာမှာ ဝင်ထိုင်ရင်း ဦးရေချမ်းက စကားဆက်၏။
"အဲ့လိုဆို နဲနဲတော့ တော်သေးတာပေါ့..."
"ခြေထောက်တွေ
ဘာတွေ မဆောင့်ရဲ၊ ပြီးတော့ ခြေနင်းတာလည်း မကြမ်းဝံ့ဘူး
ဦးရေချမ်းရဲ့... အမေကြီး (မရွှေစုတို့ အဘွား) က ဟိုးငယ်ငယ်လေးကတည်းက မရွှေစုတို့ကို
ခြောက်ထားတာ..."
"ဘယ်လိုခြောက်လဲ ပြောပါဦး..."
"ငယ်ငယ်က
မစ်ရှင်လမ်းက မီးရထားကပေးတဲ့အိမ်မှာ နေခဲ့တာလေ၊ အဲ့တုန်းက မနက်ဆို
အိမ်တွေမှာ အိမ်သာလာသိမ်းတဲ့ ကုလားကြီးတစ်ယောက်ရှိတယ်၊ အသားကလည်း မည်းတူးနေတာပဲ၊
မုတ်ဆိတ်မွှေးတွေကလည်း ပေပွနေတာပဲ၊ ပြီးတော့ လက်ထဲချေးသိမ်းတဲ့ ဗုံးကြီး
ဆွဲပြီး သူ့ကိုယ်ကလည်း နံနေတာပဲ... နံတာမှ အရက်စော်ရော...
ချေးစော်ရော....ချွေးနံ့ ချဉ်နံ့တွေရော... လမ်းလျှောက်ရင်လည်း
ခြေကခွင်ခွင်နဲ့ ယိမ်းယိုင်နေတာပဲ... "
"အဲ့ဒီတော့...."
"ကိုယ်တွေငယ်ငယ်က
ထိန်းပေးတဲ့ မေမေ့ညီမ ဝမ်းကွဲတွေက မရွှေစုတို့ ပြောမရ ဆိုမရ ဆိုးပြီဆိုရင်
အဲ့လူကြီးကိုပြပြီး ခြောက်တော့တာပဲ...။ ကိုယ်တွေကလည်း အဲ့ကုလားကြီးကို
တအားကြောက်တာ... သူ့ချေးဗုံးထဲ ထည့်ခေါ်သွားလိမ့်မယ်လို့
အခြောက်ခံရတာကိုး... "
"အမေကြီး (အဘွား) ကရော...ဘယ်လိုပြောတာလဲ..."
"အမေကြီးကကျတော့
ဒီလိုပြောတာ... သမီးတို့ နော်... လူကြီးမိဘစကားနားမထောင် ပြန်အော်တာ
ပြန်ပြောတာ ခြေထောက်ဆောင့်တာတို့
ခြေနင်းကြမ်းတာတို့ ကြပ်ကြပ်လုပ်... နောင်ဘဝ ချေးကျုံးမျိုး
ဖြစ်လိမ့်မယ်နော်တဲ့... အဲ့ကုလားကြီးရဲ့ သမီးတွေ ဖြစ်ပြီး အဲ့ကုလားကြီးလို
ချေးကျုံးတဲ့ အလုပ်လုပ်ရလိမ့်မယ်တဲ့... ဟာ... အဲ့မှာ ကိုယ်က ကုလားကြီး
အဖမ်းခံရမှာထက်ကို ပိုကြောက်သွားတာ... ဒီကုလားကြီး သမီးဖြစ်ရင် ငါ
သေပါပြီပေါ့.... "
"ဟားဟား..."
"ဟီး... အဲ့မှာ တခါတည်း လန့်ပြီး ဘယ်တော့မှ ခြေထောက်မဆောင့်တော့ဘူး..."
"ပထမတော့ လုပ်ချင်သေးတယ်ပေါ့..."
"အာ...
ပြောပြီးပါကော... ဆိုးပါတယ်ဆိုမှ.... မရွှေစုက ငယ်ကတည်းက
ကိုယ်မှန်တယ်ထင်ရင် နဲနဲလောက်ပြန်ပြောလိုက်ရမှဆိုတဲ့ စိတ်ကလေးနဲ့ လူ...
ပြန်မပြောရရင် ခြေကဆောင့်ချင်... အဲသာတွေ အဘွားလုပ်တာနဲ့ ကြောက်ပြီး
မလုပ်ရဲတော့တာ... ပြီးတော့ ရှိသေးတယ်... အမေကြီးက တရားစောင်းကလည်း
တအားဟောတာ..."
"ပြောပါဦး... ဘယ်လို တရားစောင်းဟောတာလဲ..."
"ထားပါတော့...
မရွှေစုတို့မြေးတွေ သူ့သားသမီးတွေပဲ ဖြစ်ဖြစ် အိမ်က အိမ်သားတစ်ယောက်ယောက်ပဲ ဖြစ်ဖြစ်
သူကြည့်မရတော့ဘူးဆိုရင် အဲ့လူနဲ့ ဆိုင်တဲ့ တရားတခုခုကို စောင်းပြီး
ဟောတော့တာပဲ... ပုံပြင်တွေ ပြောတော့တာပဲ.... "
"ဟီး....အဲ့လိုလား "
"အင်း... အရင်က
အိမ်မှာ ဧည့်မပြတ်ဘူး၊ တောက နယ်က အမျိုးတွေ ကျောင်းလာနေလို့ ဆေးလာကုလို့
ဘုရားလာဖူးလို့ နဲ့ အနည်းဆုံး ၃-၄ယောက်လောက် အိမ်မှာ ရှိနေကြတာ။ အဲ့မှာ
ကိုယ့်အိမ်မှာ လာနေရင်း ကျောင်းတက် ဘွဲ့ရ အလုပ်ကောင်းကောင်းရသွားတဲ့ ဦးလေးထွန်းဆိုတာရှိတယ်၊ သူကချမ်းသာတဲ့မိန်းမနဲ့လည်းညားရော မာနတွေကြီးသွားလိုက်တာ။ အဲ့ဒီ ဦးလေးထွန်းကို
စောင်းဟောဖူးတဲ့ တရားနားထောင်ပြီး ခုချိန် ကိုယ်လည်း မာနလေး တက်ချင်သလိုလို
ဖြစ်လာရင် အမေကြီး ပြောပြဖူးတဲ့ ပုံပြင်လေး တန်းသတိရလိုက်တော့တာပဲ..."
"ပြောပြဦး... ပုံပြင်တွေ မပြောတာကြာပြီ...."
"ဒါနဲ့...နေပါဦး...ဦးရေချမ်းကို မေးမလို့ မာန ဆိုတာ ဘာလဲ သိလား..."
"မာနဆိုတာ ဘဝင်မြင့်တာ ကြီးကျုယ်တာကိုပြောတာပေါ့..."
"တကယ့်သဒ္ဒါအနက်ကကျတော့ မာနဆိုတာ နှိုင်းယှဉ်ခြင်းကို ပြောတာတဲ့။ ကိုယ်က သာနေလျှင်လည်း အမလေး...
သင်းထက် ငါက အရာရာသာပါတယ်ဆိုပြီး ဖြစ်နေတာ၊ တကယ်လို့
ကိုယ်ကနိမ့်ကျနေရင်လည်း ကိုယ့်ထမင်းကိုယ်စားနေတာ...ဘာ
ေ-ာက်ဂရုစိုက်ရမလဲကွ...ဆိုပြီး ဖြစ်တာ ... ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်
ကိုယ့်ဘက်ကို အသာထားပြီး တခြားတစ်ယောက်ယောက်နဲ့ လိုက်ပြီး
နှိုင်းယှဉ်နေတာကို မာန လို့ ခေါ်တာတဲ့..."
"အင်း..."
"ကြည့်ကြည့်ပါလား...
တချို့ လင်မယားတွေ... မိန်းမဖြစ်တဲ့သူက ဝင်ငွေ ပိုရှာနိုင်ရင်
ယောက်ျားကို အရေးမစိုက် မာနထောင်လွှားကြတာ၊ တချို့လင်မယားတွေမှာကျတော့ ယောက်ျားဖြစ်သူက ကိုယ့်မိန်းမကိုဆို နဲနဲမှ အလေးမထား အထင်မကြီး သူတို့သာလျှင်ဆရာကြီး..
အဲသလို နှိုင်းယှဉ်တဲ့ မာနတွေဖြစ်လာရင် လင်မယားတွေ အဆင်မပြေဖြစ်ကြတော့တာပဲလေ..."
"ဒီလိုဆိုတော့လည်း ဟုတ်သား... နှိုင်းစရာရှိမှ မာနက ဖြစ်လာတာ... ကဲ... ပုံပြင်က ပြောပါဦး... "
"တစ်ခါကတဲ့...
ချေးပိုးထိုးတစ်ကောင်က ခရီးသွားတွေစွန့်ခဲ့တဲ့ အစားအစာအကြွင်းအကျန်
အနံ့ရတာနဲ့ မြေတွင်းထဲက ထွက်လာပြီး စားကြွင်းစားကျန်တွေ လိုက်စားတယ်တဲ့။
အဲ့မှာ ဖိတ်စင်ကျနေခဲ့တဲ့ အရက်တွေ ဘာတွေလည်း သောက်မိပြီး မူးယစ်လာရောတဲ့။
မူးပြီး အနားက ချေးပုံပေါ် ဖက်တက်တာ... အဲ့ချေးကလည်း ပျော့နေတော့
သူခြေလှမ်းတက်လိုက်တိုင်း အိ...အိ ဆင်းသွားတာပေါ့... အဲ့သာကို... ဟာ... ငါ
လို ကောင် ဤဇဘ္မူရှိနိုင်သေးလား... မြေကြီးကတောင် ကြောက်လို့ ငါ့ကို
နိမ့်ဆင်းပေးရတယ်လို့ ဟစ်ကြွေးရောတဲ့..."
"ဟီးဟီး...."
"အဲ့အချိန်
ဆင်ကြီးတစ်ကောင်က ရောက်လာရော.... ချေးနံ့ တွေ နံ တော့ ရှေ့မတိုးပဲ
နောက်ပြန်ဆုတ်သွားတာပေါ့၊ တကတည်း ချေးပိုးထိုးက သူ့ကြောက်လို့ ဆင်ကြီးတောင်
နောက်ဆုတ်ပြေးတယ်ဆိုပြီး မူးမူးနဲ့ စိန်ခေါ်ပါလေရော၊ ဟီးဟီး...
ဆင်ကြီးကလည်း ဦးရေချမ်း တို့လို အညာက ဆင်ကြီး ဂွစာကြီး လား မသိပါဘူး၊
အောင်မယ်... ဒီ မလောက်လေး မလောက်စား ချေးပိုးထိုး...တယ်... ခြေနဲ့နင်း
နှာမောင်းနဲ့ဖိ အစွယ်နဲ့ ထိုးလိုက်ရင်လည်း ငါ့ပဲ ချေးပေဦးတော့မယ်...
ဒီတော့ လာလေရော့လဟာ ဆိုပြီး နောက်ပစ်ပြီး သူ့ခေါင်းတည့်တည့် ဆင်ချေးတွေ
ပါချလိုက်တာ... အဲ့ စွာကျယ်ကျယ် မာနတက်မိတဲ့ ချေးပိုးထိုး ဆင်ချေးပိပြီး
သေပါလေရောတဲ့...."
ဟားဟား...ဟားဟား...ဟားဟား..."
ဦးရေချမ်းမှာ ဟန်နှင့်ပန်နှင့် လေယူလေသိမ်းနှင့် ပြောနေသော မရွှေစုစကားကြောင့် အသောမသတ်နိုင်အောင်ပင် ရယ်နေတော့သည်။
"အဲသာ
အမေကြီးက... ညည်းတို့လည်း ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်မနေကြနဲ့ ဆိုပြီး
အဲ့ချေးပိုးထိုး ပုံပြင်ကို ပြောပြတာပါပဲ... ဟီးဟီး... မရွှေစုတို့ကတော့
အမေကြီး ပြောတဲ့ ပုံပြင် နားထောင်ပြီး မောင်နှမတွေထဲ တစ်ယောက်ယောက်က
ဆရာကြီး စတိုင် လာလုပ်ရင် ... အမယ်...ဘာမှဖြင့်သိတာမှုတ်ပဲနဲ့ ချေးပိုးထိုးစတိုင်
လာလုပ်မနေနဲ့နော်... ဘာညာနဲ့ ပြောင်တာပဲ... ဟိဟိ... တစ်ယောက်နဲ့ တစ်ယောက်
ငြင်းခုန်ရင်း ကိုယ်က အလျှော့ပေးပြီဆိုရင်လည်း... ဟေ့... ငါက ဟို
ဆင်ကြီးလို ချေးနံ့ နံလို့ နောက်ဆုတ်နေတာ... ကြောက်လို့ လို့ မထင်နဲ့ကွ....
စိတ်ထွက်လာရင် ဆင်ကြီးလို ချေးပါချလိုက်ရ.... နင်တော့ နာတော့မယ်
ဆိုပြီး.....ဟိဟိ.... အဲ့လိုတွေ လျှောက်ပြောကြတာ... ပြောပြီး အူတက်အောင်
ရယ်ကြတော့တာ... "
"ဟီးဟီး.... ရယ်ရတယ်...ပေါက်ပေါက်ရှာရှာဗျာ... "
" ဘယ်ကသာ ပေါက်ပေါက်ရှာရှာကမှာလဲ... အဲသာ ဘုရားဟော... အမေကြီးက ပုံပြင်ကို ဘုရားဟောကလွဲ ဘာမှ ပြောတာမှုတ်ဘူး... ။ အခု ကြီးလာတော့ အပြင်စာတွေ ဘာတွေ ကိုယ့်ဘာသာဖတ်တာများလာတော့ မာနဆိုတာ ဘယ်မာနပဲဖြစ်ဖြစ် မကောင်းတဲ့ အရာပဲ ဆိုတာ သိလာတယ်...တကယ်ပြောတာ... ကိုယ်ကသူများထက် သာနေရင်လည်း ငါ့လောက်မှ အဆင့်မရှိတဲ့သူတွေဆိုပြီး သူများတွေအပေါ်မာနတွေထားကြ... သူများက ကိုယ့်ထက် သာနေရင်လည်း သင်းက အဆင့်မရှိပဲ ရတာပါကွာဆိုပြီး မာနတွေထားကြနဲ့... တကယ်တော့ အဲ့ဒီ မာနမှန်သမျှ ကိုယ့်အတွက် ကောင်းကျိုးမပေးတာတွေချည်းပဲ...၊ ဒါတွေ သိထားတော့ ကိုယ်မာန တက်မယ်ကြံရင် သတိလေး ရှိပြီး အကုသိုလ် မဖြစ်တော့ဘူးပေါ့လို့... "
" ဟုတ်ပါပြီဗျာ... ဟုတ်ပါပြီ..."
" စောနက သားအမိကိုမြင်ပြီး မေးတယ် မှုတ်လား... မရွှေစု ငယ်ငယ်က အဲ့သလို ဆိုးလားဆိုတာ... မရွှေစုလည်း ငယ်ငယ်က ဆိုးချင်တာပဲ၊ ကလေးတွေဆိုတာ ဘာမှ သိတတ်တာမှ မဟုတ်တာ...ဒီတော့ ဆိုးလို့ရရင် ဆိုးချင်တတ်ကြတယ်... ဒါပေတဲ့ ပုံပြင်တွေ ပြောပြီး လိမ်မာအောင် ဆုံးမတဲ့ အဘွားရှိခဲ့တယ်၊ ဒီတော့ ဆိုးချင်တဲ့ စိတ်ဟာ အမေကြီးရဲ့ ပုံပြင်တွေကြောင့် ထင်သလို မဆိုးဖြစ်ခဲ့ဘူးပေါ့...၊ ကြီးလာပြန်တော့လည်း စာများများဖတ်ဖြစ်တော့ စာတွေကပေးတဲ့ အသိကြောင့် ဆိုးမယ်ကြံရင် ဆိုးချင်တဲ့ စိတ် မကောင်းတဲ့စိတ်ကို သတိနဲ့ ထိန်းနိုင်တော့တာပေါ့.... "
" တော်လိုက်တဲ့ မရွှေစု... "
" ခစ်ခစ်... မနက်စာတောင် မစားရသေးဘူး... ဒီနေ့ ပြောတဲ့အကြောင်းက အီးအီးထဲက
ကို မထွက်ဘူး...တော်ပြီ...တော်ပြီ... ပုံပြင်ပြောနေတာနဲ့ ဘုရားစာတောင်
မရွတ်ရသေးဘူး... ရုံးနားတောင်ရောက်တော့မယ်... ဘုရားစာရွတ်လိုက်ဦးမယ်... "
"ကောင်းပါပြီ... ဒေါ်ရွှေစု ခင်ဗျား... "
ကိုးကား။။
ဒုကနိပါတ်၊ ဂုထပါဏဇာတ်
+++++