Thursday, January 10, 2013

ရှန်ဂရီလာ

 Lost Horizon
by

JAMES HILTON
မြန်မာပြန် 
ရှန်ဂရီလာ 
by
မောင်ထွန်းသူ


ဆရာမောင်ထွန်းသူရဲ့ရှန်ဂရီလာစာအုပ်ကို သူငယ်ချင်းတစ်ယောက်အတွက် လက်ဆောင်ပေးချင်လို့ ရန်ကုန်ပြန်တုန်းက စာအုပ်ဆိုင်တွေမှာ ရှာကြည့်တာ မရခဲ့ပါဘူး။ အွန်လိုင်းက စာအုပ်ဆိုင်တွေမှာလည်း ရောင်းတာ မတွေ့မိဘူး။ အဲသာကြောင့် စာဖတ်သူများ အားလုံး ဖတ်ခွင့်ရနိုင်ရန် မြန်မာကျူးပစ်ဖိုရမ်မှာ ၂၀၁၁ ကတည်းက စာရိုက်ပေးနေတာ အချိန်မရတာနဲ့ စာမျက်နှာ အနည်းငယ်ပဲ ရိုက်တင်နိုင်ခဲ့ပါတယ်။ အခုတော့ မောင်လေး တစ်ယောက်က သူ အဲ့ဒီစာအုပ်ရှာနေတာ ပန်းဆိုးတန်းမှာလည်း ခြေတိုနေပြီ၊ အဟောင်းတန်းမှာတောင် ရှာလို့ မရတော့ဘူး မြန်မြန်ဖတ်ချင်ပါတယ် ဆိုလို့ စာရိုက်ဖို့ကလည်း ကြာမှာမို့ စကန်ဖတ်ပြီး တင်ပေးလိုက်ပါတယ်။ စာအုပ်က စကန်ဗားရှင်းမို့ သိပ်မကြည်လင်ရင် ခွင့်လွှတ်ကြပါနော်။ 

စာအုပ်မိတ်ဆက်
James Hilton ရေးတဲ့ Lost Horizon  (ပျောက်ဆုံးသွားသည့် မိုးကုပ်စက်ဝိုင်း) ဘာသာပြန် ဆရာမောင်ထွန်းသူရဲ့ ရှန်ဂရီလာဟာ ဒဏ္ဍာရီဆန်လှတဲ့ ကမ္ဘာကျော် ဂန္ထ၀င်ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။

ဒီစာအုပ်ကိုဖတ်ပြီးတဲ့နောက် ရင်ထဲမှာ တလှုပ်လှုပ်တခတ်ခတ် လွမ်းတသသဖြစ်ကျန်ရစ်ပြီး ရောက်တတ်ရာရာစိတ်ကူးနဲ့ ကွန့်မြူးနေမိတယ်။ စားလည်းဒီစိတ် အိပ်လည်းဒီစိတ်နဲ့ မမြင်နိုင်တဲ့ အရပ်ဒေသ ငြိမ်းချမ်းရာနယ်မြေလေးတစ်ခု၊ ဘယ်သူမှ ရေရေရာရာ သေသေချာချာ မသိပေမယ့် ရှိကိုရှိနေရမယ်လို့ ယုံကြည်မိတဲ့ နေရာလေးတစ်ခုဆီကို တစ်နေ့မှာတော့ ရောက်ရတော့မလိုလို စိတ်ကူးယဉ် တိမ်တောင်ကြားမှာ တလူးလူးတလွန့်လွန့်နဲ့ပေါ့။ 

ဘာသာပြန်သူ ဆရာမောင်ထွန်းသူ အညွှန်းမှာလည်း “မြန်မာပြန်သူအဖို့တော့ ဤ၀တ္ထု လော့ဇ် ဟော်ရဇုန် သို့မဟုတ် ရှန်ဂရီလာသည် အလွန်ထူးဆန်းအံ့သြဖွယ်ကောင်းသည့် ၀တ္ထုတစ်ပုဒ် ဖြစ်သည်။ ဆင်ခြင်စဉ်းစားစရာ ကောင်းသည့် ၀တ္ထု တစ်ပုဒ် ဖြစ်သည်။ စိတ်ကူးယဉ်စရာ ကောင်းသည့် ၀တ္ထု တစ်ပုဒ်လည်း ဖြစ်နေသည်။ စာဖတ်သူများ အနေဖြင့်လည်း ဤအတိုင်းပင် ခံစားကြရလိမ့်မည်ဟု မျှော်လင့်ပါသည်။” လို့ ရေးထားခဲ့ပါတယ်။

ရှန်ဂရီလာ မိတ်ဆက်
ရှန်ဂရီလာဆိုတာ တိဗက်ဒေသ၊ ဟိမ၀န္တာတောင်တန်း ခွန်းလွန်းတောင် အနောက်ပိုင်းအဆုံးက ဒေသတစ်နေရာမှာရှိတဲ့ အေးချမ်းသာယာ ပျော်ရွှင်ဖွယ်ရာ ဒဏ္ဍာရီဆန်တဲ့ တောင်ကြားဒေသလေးလို့ ဆိုကြပါတယ်။ အဲဒီနေရာလေးဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရှိ၊ သီးခြားရပ်တည်နေတဲ့ ဆိတ်ငြိမ်းရာအရပ်လေးလည်း ဖြစ်သတဲ့။ သိမ်မွေ့နူးညံ့တဲ့ လာမာဗုဒ္ဓဘာသာရဲ့ အဆုံးအမအောက်မှာ နေထိုင်ကြတဲ့ အဲဒီရှန်ဂရီလာဒေသက သူတွေဟာ ဥာဏ်ပညာ အလွန်ကြီးမားကြပြီ လောဘ ဒေါသ မောဟတွေ မရှိသလောက် လျော့နည်းကြတယ်တဲ့။ သာမန် လူ့သက်တမ်းထက် ပိုမိုရှည်လျားစွာ နေထိုင်နိုင်ကြတယ်လို့လည်း ဆိုတယ်။ ရှန်ဂရီလာဒေသမှာ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေ၊ လူတွေရဲ့ အတိတ်နဲ့ အနာဂါတ်ကို ပြောပြနိုင်တဲ့ တိဗတ် ဘုန်းတော်ကြီးတွေဟာ အေးချမ်းစွာ တရားကျင့်ကြံ နေထိုင်လျက်ရှိကြလို့ တရားဓမ္မထွန်းကားတဲ့ ကမ္ဘာ့အစိမ်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားပါသတဲ့။


ဆရာမင်းသိင်္ခကတော့ (Shambhala) ရှန်ဘဲလာဆိုတာကို ကိုးကားပြီး အဲဒီလို ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေ မြန်မာလိုပြောရင်တော့ ၀ိဇ္ဇာ ဇော်ဂျီတွေနေတဲ့ ဒေသအကြောင်း သူ့ရဲ့မဟာမြိုင်ခရီးသည်ဝတ္တုမှာ ရေးသားခဲ့တာ တွေ့နိုင်ပါတယ်။ ပြီးတော့ စနေမောင်မောင်နှင့်မြေလျှိုးမိုးပျံဂိုဏ်း စာအုပ်ထဲမှာလည်း ဒီရှန်ဂရီလာထဲက ဇာတ်လမ်း ဇာတ်ကွက်တွေကို မှီငြမ်းပြီးရေးထားတာ တွေ့ရပါတယ်။ 

စာရေးဆရာ ဂျိမ်းဟစ်လ်တန်ဟာ ဒီဝတ္ထုကို မထုတ်ဝေခင် ရှန်ဂရီလာ တည်ရှိတယ်လို့ နာမည်ကျော်ကြားထင်ရှားတဲ့ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း တိဗက်နယ်စပ်နဲ့ နီးစပ်တဲ့ Hunza တောင်ကြားဒေသကို လည်ပတ်ခဲ့ပါတယ်တဲ့။ ယခုခေတ်အခါမှာတော့ အဲဒီဒေသ အနီးမှာရှိတဲ့ Skardu valley - The Hidden Paradise in Pakistan လို့ လည်းခေါ်တဲ့ တောင်ကြားဒေသကို ကမ္ဘာလှည့် ခရီးသည်များအတွက် ရှန်ဂရီလာ အပန်းဖြေစခန်းအဖြစ် ဖွင့်လှစ်ထားပါတယ်တဲ့။

၂၀၀၁ခုနှစ်မှာ တရုတ်ပြည် Yunnan Province ရဲ့ အနောက်မြောက်မှာ ရှိတဲ့ တီဗက်တန်တွေရဲ့ Zhongdian ဒေသကိုလည်း ကမ္ဘာလှည့် ခရီးသည်များအတွက် ရှန်ဂရီလာဒေသလို့ တရားဝင် နာမည်ပေးခဲ့ပါတယ်တဲ့။

တရုတ်ပြည်အနောက်တောင်ဖက်စူးစူးက ယန်ဇီမြစ်ကြီး စီးဝင်ရာ အဲဒီရှန်ဂရီလာဒေသဟာ ဒဏ္ဍာရီထဲကအတိုင်း ငြိမ်းချမ်းတိတ်ဆိတ် လှပလွန်းပြီး ကမ္ဘာလှည့် ခရီးသည်များကို အင်မတန်မှဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ရှန်ဂရီလာ Lost Horizon ဇာတ်လမ်းအကျဉ်းချုပ်
၁၉၃၁ခုနှစ် ဗြိတိသျှတို့ အိန္ဒိယကို သိမ်းယူထားစဉ် ဘတ်စကူးမြို့ (အီရန်နိုင်ငံမှမြို့တစ်မြို့)မှာ တိုက်ပွဲအခြေအနေဆိုးဝါးလာတဲ့အတွက် အဲဒီမှာသောင်တင်နေတဲ့လူဖြူတွေ ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရာမှာ ဗြိတိသျှကောင်စစ်ဝန် ကွန်ဝေး၊ သူ့လက်ထောက်အရာရှိ မာလင်ဆန်နဲ့အတူ တခြားခရီးသည်နှစ်ဦးတို့ဟာ ပက်ရှဝါမြို့ (ပါကစ္စတန်နဲ့ အာဖဂန်နယ်စပ်နားမှာရှိ) ကို အထူးလေယာဉ်တစ်စီးနဲ့ ထွက်ခွာသွားခဲ့ကြတယ်တဲ့။ လေယာဉ်မထွက်ခွာခင် ဘယ်သူမှမသိလိုက်ခင်မှာ အမည်မသိ လူစိမ်းတစ်ဦးက  လေယာဉ်မှူးကို တိုက်ခိုက်ခဲ့ပြီး သူတို့လေယာဉ်ကို လုယူခဲ့သတဲ့၊ ပြီးတော့ သာမာန်လေယာဉ်မှူးတစ်ဦးအနေနဲ့ ဘယ်လိုမှ မောင်းနှင်ဖြတ်သန်းနိုင်လိမ့်မယ်လို့မထင်တဲ့ လွန်စွာ မြင့်မားလှတဲ့ ဟိမ၀န္တာတောင်တန်းများနဲ့ တိဗက်တောင်တန်းများဆီသို့ လေယာဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်ပြီး သူတို့အားလုံးကို ခေါ်ဆောင်သွားခဲ့တယ်။ 

နောက်ဆုံး သူတို့ဆိုက်ရောက်သွားတဲ့နေရာဟာ  လမ်းပန်းဆက်သွယ်ရေး အသွားအလာ လွန်စွာခက်ခဲပြီး မြေပုံထဲမှာတောင် မည်သူမျှ ရှာမတွေ့နိုင်တဲ့၊ လွန်စွာမြင့်မားလှတဲ့ကရာကာလ်တောင်တန်းကြီးအုပ်မိုးထားပြီး လေးဖက်လေးတန် တောင်နံရံတွေနဲ့ ပိတ်ဆီးကာရံနေတဲ့၊ လပြာရောင် တလက်လက် လင်းလက်တောက်ပနေကာ ထူးခြားဆန်းကြယ် လျှို့ဝှက်နက်နဲမှုတွေပြည့်နှက်နေပြီး ပြင်ပကမ္ဘာနဲ့ တသီးတခြားစီအဖြစ် ပုန်းလျှိုးကွယ်လျှိုး တည်ရှိနေတဲ့ တောင်ကြားလွင်ပြင် ရှန်ဂရီလာပဲဖြစ်ပါတယ်။ 

ဒါပေမယ့် အဲဒီမှာ မထင်မှတ်နိုင်ဖွယ်ရာ ခေတ်မှီ အနောက်တိုင်း အသုံးအဆောင်တွေ ရှိတယ်။ အရသာ တမူထူးကဲလှတဲ့ ၀ိုင်တွေနဲ့ လတ်ဆတ် ချိုမြတဲ့ အစားအစာ ပြည့်ဝလုံလောက်စွာ ရှိတယ်။ ကမ္ဘာစာပေနယ်အသီးသီးမှာ အကောင်းဆုံးလို့ သတ်မှတ်ယူဆထားတဲ့ ဘယ်မှာမှ ရှာလို့မရနိုင်တဲ့ အဖိုးထိုက် အဖိုးတန် စာအုပ်များနဲ့ပြည့်နှက်နေတဲ့ အံ့မခန်း စာကြည့်တိုက်ကြီးရှိတယ်။ ကမ္ဘာကျော် မိုးဇက် တေးဂီတတွေသာမက ဘယ်အခါကမှ မထုတ်လွှင့်ခဲ့ဖူးတဲ့ ရှိုပင်ရဲ့ တေးဂီတတွေကိုပါနားထောင်ရမယ်။ ဘာသာရပ် နယ်ပယ် အသီသီးကို သုတေသနလုပ်နေသူ ပညာရှင် လာမာဘုန်းတော်ကြီး အလျောင်းအလျာတွေ ရှိတယ်။

ပြီးတော့ ရောင်နီဦးမှာ ပွင့်လာတော့မယ့် ပန်းပွင့်ချပ်လေးတွေရဲ့ အနူးညံ့ဆုံးနဲ့ အသိမ်မွေ့ဆုံး အမှတ်လက္ခဏာ၊  နုနယ်ငယ်ရွယ်လှပခြင်းတို့ရဲ့သင်္ကေတ ဆေးရေးပန်းချီအရုပ်တစ်ခုလို ပန်းနုရောင်ပြေး မန်ချူးမိန်းမပျိုငယ်လေး ရှိတယ်။ 

သမုဒ္ဓရာထက် ခဏတက်တဲ့ ရေပွက်ပမာလို တိုတောင်းလှတဲ့ လူသားတို့ရဲ့ခဏတာ ဘ၀ခရီးမှာ အနိမ့်အမြင့် အတက်အကျ လှုပ်ရှားမှုဆိုတာတွေ လျော့နည်းအောင်၊ အိုမင်းရင့်ရော်မှုနဲ့ သေခြင်းတရားကိုပါ အလွန့်အလွန်  နှေးကွေးစွာရောက်ရှိလာစေနိုင်အောင်၊ မြင့်မြတ်တဲ့သဘောထားတွေ နဲ့ စိတ်ချမ်းမြေ့ ငြိမ်းချမ်းခြင်းတွေ ပိုင်ဆိုင်လာအောင် ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်တွေ နဲ့ လမ်းညွှန်ပြသပေးမယ့် ၁၈ရာစု အစအဦးကတည်းက မွေးဖွားခဲ့တယ်ဆိုတဲ့ အသက်၃၀၀ နီးပါး ထွက်ရပ်ပေါက် လာမာဂိုဏ်းချုပ်ကြီး ဖာသာပါးရော့ရှိတယ်။ 

တကယ်တော့ ဒီဝတ္တုဟာ သာမန်စွန့်စားခန်းဝတ္တုတစ်ပုဒ် ဒါမှမဟုတ် သာမန်လျှို့ဝှက်သည်းဖိုဝတ္တုတစ်ပုဒ် မဟုတ်ပါဘူးတဲ့။ အချိန်ရဲ့သဘောသဘာဝ အချိန်ရဲ့အရေးပါအရာရောက်မှုဟာ လူ့ဘဝနဲ့ဘယ်လိုဆက်စပ်ယှက်နွယ်နေတယ်ဆိုတာ နက်နဲသိမ်မွေ့စွာ ဇာတ်ကောင်စရိုက်ပီပြင်စွာ ဖန်တီးထားတဲ့ဝတ္တုတစ်ပုဒ်ပဲဖြစ်ပါတယ်။


ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကိုတော့ စာအုပ်ကို ကိုယ်တိုင်ပဲ အချိန်ယူ ဖတ်ကြည့် ကြဖို့ ညွှန်းလိုပါတယ်။


အင်္ဂလိပ်လိုဖတ်ချင်သူများအတွက် James Hilton ရဲ့ Original Book ကိုပါ တင်ပေးလိုက်ပါတယ်။

 

ဓါတ်ပုံလေးတွေ တွေ့သမျှ တင်ပေးလိုက်ပါတယ်။
 
အိပ်မက်ကမ္ဘာ လမင်းပြာပြာ

 
Photo shows the Jinsha River turning round in Shangri-la, a mythical enchanting wonderland in Diqing County, southweat China's Yunan Province. 


Photo shows the Tibetan dagobas standing at the foot of the Mount Meili in Shangri-la, a mythical enchanting wonderland in Diqing County, southweat China's Yunan Province.

Ref:
1) Wiki - Shangri-La
2)
Shangri-la, paradise on earth
3) Lost Horizon

+++++

Friday, January 4, 2013

၂၀၁၃.. လာ ... အတူ သွားမယ် !!!

2013 New Year Resolution ...
I don't want to be Great but REAL !!!
I won't be bothering with competition or any comparison !!!
I be ordinary, simple & I will enjoy my life as it is !!!
YES, I will enjoy being alive !!!

ကျွန်မတို့အတွက်၂၀၁၃ ခုနှစ်ဟာ လွန်ခဲ့တဲ့၂၀၁၂ခုနှစ် လို ရိုးရှင်းစွာနဲ့ ဖြတ်ကျော်ရအုံးမှာပဲ။ အရင်တုန်းကတော့ အခက်အခဲဆိုတာတွေ လောကဓံ ဆိုတာတွေ ကို ကျော်ဖြတ်သင့်သလောက် ကျော်ဖြတ်ခဲ့ရတယ်၊ လောကကြီးမှာ ၀ဲလည်နေသရွေ့ လောကဓံဆိုတာကတော့ တွေ့ကြုံနေရအုံးမှာပဲ။ အခက်အခဲတွေ့တိုင်း များသောအားဖြင့်တော့ မကြောက် မရွံ့ခဲ့ဘူး၊ ကိုယ့်ဘ၀က မိသားစုကို ဦးဆောင်ပေးရတဲ့ ဘ၀ဆိုတော့ ကြောက်ချင်ရင်တောင်မှ ထိုင်ကြောက်နေရအောင် အခွင့်မပေးခဲ့တာ၊ ဘေးနားက ကျွန်မရဲ့ ဘ၀အဖေါ်က စိတ်ဓာတ်အင်အား ဖြည့်ပေးခဲ့တာတွေဟာ ကျေးဇူးတင်စရာပဲ၊ ဒါကြောင့် အခက်အခဲဆိုတာ ကျော်ဖြတ်ပြီးရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်က ပိုပြီး ခိုင်မာလာမြဲ၊ ပိုပြီး စွန့်စားရဲတဲ့ စိတ်တွေ ၀င်လာစမြဲ၊ အခု အသက်၄၀ကျော်ပြီး နောက်ပိုင်းမှာတော့ အရင်လို သိပ်ပြီး Eager မဖြစ်တော့တာ တွေ့ရတယ်။

ကျန်ရှိနေသေးတဲ့ ဘ၀လေးကို အေးအေးချမ်းချမ်း နေချင်စိတ်ပဲ ၀င်လာတော့တယ်။ ဘယ်သူနဲ့မှလည်း အတိုက်အခံ မလုပ်ပါဘူး။ ကိုယ့်ကို မကြိုက်တဲ့သူ ရှိရင် အဲဒီသူနဲ့ ဝေးဝေးမှာ ရှောင်နေပေးပါမယ်။ ကိုယ့်ကို တခြားသူတွေ ချစ်အောင်လည်း တမင်မလုပ်ပါဘူး။ အရှိကို အရှိအတိုင်း နေချင်ပါတယ်။ နှိုင်းယှဉ်ချက်တွေ မထုတ်ဘူး၊ ပြိုင်လည်း မပြိုင်ဆိုင်ဘူး။ ကိုယ့်ထက် အောင်မြင် အဆင်ပြေနေတဲ့သူတွေဟာ ကိုယ့်ထက် ပိုပြီး ကြိုးစားအားထုတ်မှု ရှိခဲ့လို့ပဲ။ ကိုယ်မလုပ်လို့ ကိုယ်မရတာဟာ ကိုယ်တကယ်မလိုချင်လို့လည်း ဖြစ်မယ်၊ လိုအပ်သလောက်ကြိုးစားအားထုတ်မှု မပြုခဲ့လို့လည်း ဖြစ်မယ်။ ကိုယ့်ဘ၀မှာ မရခဲ့တာတွေဟာ ကိုယ်တကယ်မလိုချင်တာမို့ အဲသာတွေအတွက် ခေါင်းထဲထား ၀မ်းမနည်းအားဘူး။

ကျွန်မတို့ နှစ်ယောက် မနက်ဆို အတူတူ ရုံးသွား၊ ညနေ ရုံးကနေ အတူတူ ပြန်ကြ၊ အပြန်နောက်ကျတဲ့ နေ့ဆိုရင် လမ်းက အဆင်ပြေတဲ့ ဆိုင်မှာ ညစာ ၀င်စား၊ နည်းနည်းစောရင်တော့ အိမ်ပြန်ရောက်မှ ညစာချက်စား၊ ပြီးရင် သတင်းနားထောင်၊ ဘုရားရှိခိုး၊ တရားထိုင်။ အိပ်ခါနီးတော့ လောလောဆယ် ဖတ်နေတဲ့ စာအုပ်တွေ အကြောင်း သူ့ကို ပြောပြ။ တစ်ပတ်မှာ ၂ခါ ၃ခါလောက် တရားစာ ဖတ်ပြ။ သူသည် စာဖတ်ပျင်းတဲ့ အတွက် တခြားတစ်ယောက်က စာရှင်းပြသလို ရှင်းပြတာကို မျက်လုံးမှိတ် နားထောင်ရတာပိုပြီး ၀ါသနာပါသောကြောင့် ကျွန်မက စာဖတ်ပြီး ပြန်ရှင်းပြရမြဲ။ ပြီးတော့ ဖတ်တဲ့ စာအကြောင်း အပြန်အလှန် ဆွေးနွေး။ ကျွန်မ မှားနေတာ ရှိရင် သူက ထောက်ပြ ပြင်ပေး။ ၂၀၁၃ မှာတော့ သူ့ကို တရားစာ ဖတ်ပြတာ အချိန် များများ ပိုရအောင် လုပ်ချင်ပါတယ်။

စနေ၊ တနင်္ဂနွေ ပိတ်ရက် အားရက်တွေမှာ ပန်းချီ များများ ဆွဲနိုင်အောင် ကြိုးစားချင်ပါတယ်။ စာများများ ဖတ်နိုင်အောင်၊ ရေးချင်တဲ့စာတွေ တကယ်ရေးဖြစ်အောင် လုပ်ချင်ပါတယ်။ ခေါင်းထဲမှာ စီထားပြီး ပျောက်သွားတာမျိုး မဖြစ်ချင်တော့ပါဘူး။ ကျန်းမာရေး အတွက် ကိုယ်လက် ကြံ့ခိုင်မှု အနေနဲ့ မနက်စောစော ပိတ်ရက်များမှာ သူနဲ့ အတူ လမ်းထလျှောက်ဖြစ်အောင် ကြိုးစားပါမယ်။

နှစ်ဘက်မိဘ လူကြီးတွေ အသက်ကြီးလာကြပြီမို့ သူတို့ အတွက် ကျန်းမာရေးကို အထူးဂရုပြု စောင့်ရှောက်ပေးရပါမယ်။ လိုအပ်တဲ့ ဆေးတွေ ဒီကနေ ရှာကြံ ၀ယ်ပြီး ပို့ပေးတယ်။ တရား အလုပ် များများ လုပ်ဖြစ်အောင် သားသမီးတွေ အတွက် စိတ်မပူရအောင် တိုက်တွန်းရမယ်။

ကိုယ်တွေအတွက်ကတော့ ဖေဖေါ်ဝါရီလလယ် တရုတ်နှစ်သစ်ကူးမှာ မလေးရှား တရားစခန်းဝင်ဖြစ်မယ်။ အဲဒီ မလေးရှား တရားစခန်းက ၆ဧကလောက်ကျယ်တဲ့ တောင်ကုန်းတွေ ပတ်လည် ၀န်းရံနေတဲ့ ဘုန်းကြီးကျောင်းဝင်းကြီးထဲမှာ လုပ်မှာ၊ မနှစ်ကတော့ ဗော်လံတီယာ လုပ်မယ့်သူ နည်းနေလို့ ဗော်လံတီယာ လုပ်ပေးရတယ်၊ ဒီနှစ်တော့ အေးအေးချမ်းချမ်း တရားထိုင်ချင်တာမို့ လုပ်အားပေး အတွက် တခြား ငယ်တဲ့သူတွေ ရှာပါလို့ ဘုန်းကြီးကျောင်းကို ကြိုတင်တောင်းပန်ထားတယ်။ ဟိုးအရင် ဘယ်တုန်းကမှ တရားကို စိတ်ဝင်စားသူ မဟုတ်တဲ့ သူကိုယ်တိုင် တက်တက်ကြွကြွ နဲ့ တရားဝင်ချင်နေတာတွေ့ရလို့ ၀မ်းသာမိတယ်။ သူဟာ ကျွန်မ ကို ဘ၀မှာ ဖြောင့်ဖြောင့်တန်းတန်း နဲ့  စိတ်ချမ်းသာစွာ လျှောက်လှမ်းနိုင်အောင် စောင့်ရှောက်ကူညီပေးတဲ့သူ တနည်းအားဖြင့် ကျွန်မရဲ့ ကျေးဇူးရှင်လို့ ပြောနိုင်သမို့ ကိုယ့်ကြောင့် သူဟာ တရားကို စပြီး စိတ်ဝင်စားလာတာဖြစ်လို့ ဒီနည်းဟာ ကျွန်မရဲ့ ဘ၀အဖေါ်မွန်ကို အကောင်းဆုံး ကျေးဇူးဆပ်နည်း လို့ ထင်တာပါပဲ။

ကျွန်မတို့ မတ်လမှာ ခရီးတိုလေး တစ်ခု ထွက်မယ်၊ သူက ရုံးအားရက်မယ် ၃ - ၄ရက် လောက် လျှောက်လည်ချင်တယ် ပြောလို့ လေယာဉ်လက်မှတ် ဟော်တယ် ဘုတ်ကင်ကြည့်ရအုံးမယ်။

နှစ်လည် မေ၊ ဇွန်လ မှာတော့ ကျွန်မတို့  မြန်မာပြည်ပြန်ဖြစ်မယ် ထင်ပါတယ်၊ ဒီတစ်ခါ သူ့ အဖေ နဲ့ အမေကို ခေါ်ပြီး ငပလီ လိုက်ပို့ဖို့ စီစဉ်ထားတယ်။ ငပလီကို ပြည်၊ တောင်ကုပ်ကနေ တဆင့် အိမ်က ကားကို မောင်းပြီး သွားမယ်။ ပြည်မှာ အိပ်မယ်။ တောင်ကုပ် က ဆရာအိမ်ကို ၀င်လည်မယ်။ ပြီးတော့ ငပလီမှာ ၃ည နေမယ် ဆိုလားပဲ။ ဒါတော့ နီးမှပဲ ဟော်တယ်တွေ စုံစမ်းတော့မယ်။ နောက်နှစ်ဝက် ၂၀၁၃ နှစ်ကုန်ပိုင်း အတွက် ခရီး ထွက်ချင်တဲ့ အစီအစဉ်လည်း နီးမှပဲ စဉ်းစားမယ်။

အလုပ် အနေနဲ့တော့ လက်ရှိ နှစ်ယောက်စလုံးရဲ့ အလုပ်က အဆင်ပြေတဲ့ အတွက် ဘယ်ကိုမှ ပြောင်းဖို့ ပြုဖို့ မတွေးမိဘူး၊ ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ပေးဖို့ပဲ ခေါင်းထဲရှိတယ်။

အချုပ်အားဖြင်တော့ ၂၀၁၃ခုနှစ် မှာ ကျွန်မတို့ အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ်  ကောင်းအောင်၊ သတိနဲ့ နေနိုင်အောင် ကြိုးစားပါမယ်။ ပြီးတော့ ကိုယ့် အနီးအနား မှာ ရှိတဲ့ မိဘ မောင်နှမ ဆွေမျိုး သားချင်း မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများကို စိတ်ချမ်းသာအောင် စောင့်ရှောက် ကူညီနိုင်သူများ ဖြစ်ချင်ပါတယ်။

ကိုယ်ဟာ ခုချိန်ထိ သတိတရား နဲ့ အသက်ရှင်ပြီး နေနိုင်သေးတာကို ကျေးဇူးတင်ပါတယ်။

+++++

Sunday, December 9, 2012

ရှိတော့ ရှိပါရဲ့... အရှိမဲ့

 

ပြီးခဲ့တဲ့ စနေက မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ရဲ့အဖေ စင်ကာပူမှာ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရတာ အခြေအနေ သိပ်မကောင်းလို့ ဘုန်းကြီးပင့် ပရိတ်ရွတ် တရားနာတာလေး လုပ်ချင်တယ်လို့ ပြောလာတယ်။ သူတို့က စင်ကာပူမှာ ဆေးကုဖို့ ခဏ ရောက်လာတဲ့မိသားစု မို့ ဘုန်းကြီးကျောင်းတွေ မသိလို့ အကူအညီလှမ်းတောင်းတာပေါ့။ ဒါနဲ့ စနေညဆိုတော့ ကိုယ်တွေလည်း အားတာမို့ တခြား သွားစရာ ရှိတဲ့ အစီအစဉ်တွေဖျက်ပြီး သတိပဋ္ဌာန်ရိပ်သာကျောင်းက ဆရာတော်ဦးရာဇိန္ဒကို လျှောက်ထားပြီး ဆရာတော်ကို ဆေးရုံကို ပင့်လာပေးခဲ့တယ်။

ကိုယ်တို့တွေ ဆေးရုံရောက်သွားတာ စနေည ၇နာရီလောက်။ လူမမာ ဦးကြီးဟာ ပြင်းထန်တဲ့ ဆေးဒဏ်တွေနဲ့ ရောဂါကြောင့် မသက်မသာ ခံစားနေရပြီး နေရထိုင်ရ ခက်ခဲနေပုံရှိတယ်။ ဆရာတော်ကို ဖူးမြင်လိုက်တဲ့ ခဏ သူ့မျက်လုံးအိမ်မှာ မျက်ရည်ကြည်လေးတွေ ဝေ့၀ဲလာသလိုပဲလို့ ထင်မိတယ်။ ဆေးပိုက်တတ်ထားတဲ့ လက်ကလေးတွေကို မြှောက်ပြီး ဆရာတော်ကို ဦးတင်ရှာတယ်။ ပြီးတော့ မပီမသ အသံနဲ့ ဆရာတော်ဘွဲ့ကိုလည်း မေးလိုက်သေးတယ်။ ဆရာတော်က သီလပေး၊ ပရိတ်ရွတ်အပြီး ပြန်မကြွခင် ဦးကြီးနားမှာ ရပ်ပြီး ဝေဒနာကို ဘယ်လို ဘယ်ပုံ ရှုဖို့ ခပ်တိုတို ဟောပြောရင်း ဦးကြီးလက်ကို အသာအယာ ဆုတ်ကိုင် အားပေးတယ်။ ကိုယ်တို့လည်း ပြန်ခါနီး ဦးကြီးကို နှုတ်ဆက်ကြတယ်။ မရွှေစုက ဦးကြီးရဲ့လက်ကလေးကိုကိုင်ပြီး သမီး မေတ္တာပို့ပေးနေမယ်နော် လို့ ပြောတော့ ခေါင်းမညိမ့်တညိမ့်နဲ့ ပြန်ကြည့်တဲ့ မျက်လုံးလေးတွေဟာ သနားစရာ သိပ်ကောင်းတာပဲ။

နောက်တစ်နေ့ တနင်္ဂနွေည ၈နာရီလောက် မရွှေစုတို့ အပြင်မှာ ညစာ စားနေကြတုန်း ဖုန်းဝင်လာတယ်။ မနေ့ညကတွေ့ခဲ့ရတဲ့ ဦးကြီး အခုပဲ ဆုံးသွားပြီတဲ့။ စနေနေ့ည ၇နာရီမှာ သူ ရှိနေခဲ့သေးတယ်၊ တရားနာခဲ့သေးတယ်၊ နာကျင်နေခဲ့သေးတယ်၊ မျက်ရည်ဝဲခဲ့သေးတယ်၊ နောက်တစ်နေ့ည တနင်္ဂနွေ ၇နာရီမှာတော့ သူဆုံးသွားခဲ့ပြီတဲ့၊ သူ ဆိုတာ မရှိတော့ဘူးတဲ့။ ဟုတ်ပါတယ်၊ ဒါဟာ လောကကြီးမှာ မြင်နေကြ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက် တစ်ခု၊ ကိုယ်လည်း တစ်နေ့မှာ မလွဲမသေ တွေ့ရမယ့် ရှောင်လို့မရတဲ့ အရေးတစ်ခု၊ ပြီးတော့ လူဖြစ်လာတဲ့ ဘ၀မှာ မွေးခြင်းအစရှိရင် သေခြင်းအဆုံး ရှိတာမို့ ဒါဟာ မထူးဆန်းပါဘူးလို့ ပြောလို့ရတဲ့ အကြောင်းအရာ တစ်ခု၊ ဒါတွေ အားလုံး သိပင်သိသော်ငြားလည်း စားနေတဲ့ ဇွန်း ခရင်းကို လွှတ်ချလို့ မရွှေစု တစ်ယောက် ငေးငိုင်နေမိတယ်။

ဦးကြီးကို အင်္ဂါနေ့ နေ့လည်မှာ သင်္ဂြိုလ်တယ်။ အသုဘရူ တဲ့ ဟောခန်းထဲ ၀င်လိုက်တဲ့ ခဏမှာပဲ တစ်ခါမှ မကြုံဖူးတဲ့ စိမ်းရွှေရွှေလို အနံ့ တစ်မျိုးကို ရလိုက်တယ်။ ဦးကြီးကို ထည့်ထားတဲ့ အခေါင်းက မှန်နဲ့ မဟုတ်လို့ အနား သွားမကြည့်ပဲ သူ့ကို မမြင်ရပါဘူး။ ဒါပေမယ့် မရွှေစု အနားကို သွားမကြည့်ဖြစ်တော့ပါဘူး။ ပန်းခွေတွေကြားက မျက်ခုန်းကို ပင့်ကာ ခပ်ယောင်ယောင်လေး ပြုံးနေတဲ့ သူ့ ဓါတ်ပုံကိုပဲကြည့်ပြီး ခပ်လှမ်းလှမ်းကနေ အရိုအသေပေးရင်း မေတ္တာပို့လိုက်တယ်။ တစ်နေ့က ပရိတ်ရွတ်ပေးခဲ့တဲ့ ဆရာတော်ကိုပဲ မရွှေစုတို့ ပင့်လာပေးလို့ ဆရာတော်က ကျန်ရစ်တဲ့ သူတွေကို သရဏဂုံ တည်စေကာ တရားချီးမြှင့်ပါတယ်။ သေပြီးတဲ့သူကတော့ အသက်မရှိမှတော့ ဘယ်လာ သရဏဂုံတည်နိုင်တော့မလဲ၊ ဒါကြောင့် ကျန်ရစ်တဲ့သူတွေကသာ သူ့ကိုယ်စား သူ့ကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုရင်း သရဏဂုံ တည်ရတာပေါ့။

စင်ကာပူမယ် နေလာတာ ၁၅နှစ်မှာ ဒါဟာ ပထမဆုံး အသုဘ ရှု တရားနာကို လိုက်ပို့ဖူးခြင်းပဲ။ တကယ်တော့ မရွှေစုဟာ ကြောက်တတ် လန့်တတ်တဲ့ သူ တစ်ယောက်ဖြစ်တယ်။ ငယ်ငယ်က ရထားစီးရင်း ရထားတိုက်သွားတဲ့ လူတစ်ယောက် ရဲ့ ခြေထောက်ပိုင်းကို ရုတ်တရက် မြင်မိလိုက်တာ တစ်လလောက် မအိပ်နိုင် မစားနိုင်ဖြစ်ဖူးတယ်။ စက်မှုကျောင်းက သူငယ်ချင်း ဖိုးပြည့် ဆုံးတော့ အသုဘ လိုက်ပို့တာ သူ့အလောင်းကို သွားမကြည့်ရဲခဲ့ပဲနဲ့ည မှာ သူ့ရုပ်ပုံ ကို မြင်ယောင်ပြီး လန့် နေတတ်တယ်။ နောက်တစ်ခါ အိမ်ရှေ့အိမ်က အစ်မကြီး တခြားနယ်မှာ ဆုံးသွားတော့ ဆုံးပြီး ၅ရက်လောက်ကြာမှ ရိုက်ထားတဲ့ ဓါတ်ပုံတွေ မတော်တဆ ကြည့်မိပြီး အော့အန်ကာ တစ်ယောက်ထဲ မအိပ်ရဲ မပြုရဲနဲ့ ဒုက္ခရောက်ဖူးတယ်။ အဲဒီ အတွက်ကြောင့်လည်း ချမ်းမြေ့တရားစခန်းကို စ ၀င်ဖူးလိုက်ခြင်း ဖြစ်တယ်။ အခု အသက်ကြီးလာတော့ ဒီကြောက်စိတ် လန့်စိတ်တွေကို မမြဲခြင်း တရားအသိနဲ့ တဖြည်းဖြည်းချင်း ဖြေဖျောက်ဖို့ ကြိုးစားရတဲ့အပြင် လူမမာတွေကို ဆေးရုံစောင့် အဖော်လုပ်ပေးတာတို့၊ လူမမာတွေအတွက် လိုတဲ့ အကူအညီတွေပေးတာတို့၊ မျက်နှာစာအုပ်ကနေ နာရေးကူညီမှု အသင်းရဲ့ အသုဘ ချတဲ့ ဓါတ်ပုံသတင်းတွေဖတ်ရင်း ကိုယ့်ရဲ့ လန့်တတ်တဲ့စိတ်ကို ကိုယ့်ဘာသာကိုယ် ကုသပြီး သံဝေဂ စိတ်တွေ ၀င်လာအောင် ကျင့်ပေးရတယ်။

ဒါနဲ့ အသုဘရှု တရားနာပြီး ပြန်လာတော့ ဆရာရဲမြလွင် မြန်မာဘာသာပြန် ပို့ဆောင်ပေးသူရယ် ဆိုတဲ့ ဂျပန်စာရေးဆရာကြီး မိုမိုစဲရှိနိုဘု ရေးတဲ့
Departures ဆိုတဲ့ စာအုပ်လေးကို သတိရမိတော့တယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ ယိုဂျီရို တာကီတာ နဲ့ မင်းသား မာစာဟီရို မိုတိုကီ တို့က ရုပ်ရှင် အဖြစ် အသက်သွင်းခဲ့တာ ၂၀၀၉ခုနှစ် အတွက် Best Foreign Language Film အော်စကာ ဆုကို ရရှိခဲ့ပါတယ်။ မရွှေစုက ရုပ်ရှင် သမား မဟုတ်တော့ ဒီကားကို အော်စကာ ဆု ရလို့သာ သိခဲ့ပြီး အမြည်း Trailer က လွဲလို့ သေချာ မကြည့်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စာဖတ်ဝါသနာပါသူမို့ ဆရာရဲမြလွင်က ပို့ဆောင်ပေးသူရယ် ဆိုပြီး ဘာသာပြန် စာအုပ် ထွက်လာတော့ ကျူးပစ်မှာ ဦးအဗျားက ရိုက်တင်ပေးတာနဲ့ ဒီစာအုပ်ကလေးကို ဖတ်မိသွားတော့တယ်။

စာအုပ်ကို ဖတ်ခါစက ဒီလောက် စိတ်ဝင်စားစရာကောင်းမယ်လို့ မထင်ဘူး။ ဒါပေမယ့် ဖတ်နေရင်း လက်ကမလွှတ်တမ်း တစ်ထိုင်တည်း အပြီး ဖတ်မိရက်သား ဖြစ်သွားတယ်။ စာအုပ်ဖတ်နေရင်း စိတ်ထဲမှာ ခံစားချက်ကလည်း မျိုးစုံပဲ။ ဒါနဲ့ အော်စကာဆု ရတဲ့ ရုပ်ရှင်ကိုပါ တခါတည်း ကြည့်မိတော့တယ်။ စာအုပ်ကို ဖတ်တော့ ရသ တမျိုး၊ ရုပ်ရှင်ကြည့်တော့လည်း ရသ တစ်မျိုး ခံစားရပါတယ်။

ဒါဟာ ချစ်ခြင်းမေတ္တာ အကြောင်းကို သရုပ်ဖော်ပြတာလား၊ ဘ၀တစ်ခုကို အဓိပ္ပာယ်ရှိစွာ ဘယ်လိုမျိုး ရှင်သန်နေထိုင် သွားသင့်သလဲဆိုတာ ပညာပေးခြင်းလား၊ ရှင်ခြင်းနဲ့ သေခြင်းကြား အကြိမ်ကြိမ် အဖန်ဖန် လွန်းထိုး သွားလာနေမှန်း ကိုယ့်ကိုယ်ကိုယ် မသိတဲ့ လူတွေ အကြောင်းလား၊ သေခြင်းတရားရဲ့ ပြယုပ် တစ်ခုကို ဖွင့်ဟလှစ်ဆိုခြင်းလား၊ ရှိခြင်း နဲ့ မရှိခြင်း၊ ဒါမှမဟုတ် မရှိခြင်းများ ရဲ့ ရှိခြင်း၊ မတည်မြဲခြင်းများ ရဲ့ တည်မြဲခြင်း သဘောတရားလား။

စာဖတ်သူ တော်တော်များများကတော့ စာအုပ်ကို မဖတ်ဖူးရင်တောင်မှ ဒီရုပ်ရှင် ဇာတ်လမ်းကို ကြည့်ဖူးပြီးသား ဖြစ်ကြမှာပါ။ ဇာတ်လမ်း အကျဉ်းချုပ်က တယောဆရာလေး ဒိုင်ဂိုတစ်ယောက် သူ့တီးဝိုင်း အဖွဲ့ ဖျက်ပြစ်လိုက်ပြီးတဲ့နောက် အလုပ်လက်မဲ့ဘ၀နဲ့ သူ့ရွာက ပိုင်ရှင် မရှိတော့တဲ့ အမေ့အိမ်ကို ဇနီးဖြစ်သူနဲ့ ပြန်လာရာမှာ ကြုံရာ ကျရာ အလုပ်ကို ခက်ခက်ခဲခဲ လိုက်ရှာနေရင်း သေဆုံးသူ အလောင်းတွေကို အလှပြင်ပြီး ခေါင်းထဲထည့်ပေးရတဲ့အလုပ်ကို ၀င်လုပ်မိရဲ့သားဖြစ်သွားပါတယ်။ သူလိုလူတစ်ယောက်ဟာ ဒီအလုပ်မျိုးကို လုပ်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးမိပေမယ့်၊ မတော်တဆ အလုပ်ဝင်ပြီးတော့လည်း ထွက်သွားဖို့ အကြိမ်ကြိမ် ကြိုးစားမိပေမယ့် လစာကောင်းကောင်း ရတာရယ်၊ သူ့ကို အလုပ်ခန့်တဲ့ မန်နေဂျာရဲ့ လေးစားစရာစိတ်ဓာတ်ကို ကြည်ညိုမိတာရယ်၊ လူအမျိုးမျိုး အထွေထွေ တို့ရဲ့ အဖြစ်သနစ်ပေါင်းစုံနဲ့ ပူဆွေးလောင်မြိုက်မှုတွေကို ကြုံလာပြီး တဲ့နောက် မေတ္တာတရားနဲ့ နှစ်သိမ့်ပေးနိုင်မှုဆိုတာကို ယုံကြည်မိရာမှ အစပြုလို့ မိန်းမနဲ့ သူငယ်ချင်းဖြစ်သူတို့ရဲ့အထင်အမြင်သေးခြင်းခံရသည့်တိုင် ဂရုမစိုက်နိုင်ပဲ သူ ရွံမုန်းတယ်ထင်တဲ့ အလုပ်ကို တာဝန်ကျေပြွန်စွာ ဆက်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ အလုပ်အပေါ်မှာ ထားရှိတဲ့ စေတနာနဲ့ စိတ်ထက်သန်မှုတွေကို မိန်းမဖြစ်သူက တစစနဲ့ နားလည်ပေးနိုင်လာခဲ့တယ်။ နောက်ဆုံး သူနဲ့ သူ့အမေတို့ကို ငယ်စဉ်အခါက စွန့်ခွာခဲ့ပြီး ဘယ်ဆီရောက်နေမှန်း မသိ၊ သူတို့ကိုလည်း လုံးဝမေ့ထားလိုက်ပြီလို့ မှတ်ယူထားတဲ့ သူစိတ်နာနေ
တဲ့ သူ့အဖေ အသုဘကို ကိုယ်တိုင် ပြင်ဆင်ပေးဖို့ ကြုံလာရာမှာ မထင်မှတ်ထားတဲ့ မေတ္တာတရားကို နားလည်ခြင်းများနဲ့ အဆုံးသတ်ထားပါတယ်။

ဒီစာအုပ်လေးကိုဖတ်ပြီး ရသ အမျိုးမျိုးကို ရတယ်လို့ ဘာလို့ ပြောရလဲဆို စာဖတ်နေရင်း ဒိုင်ကိုနဲ့အတူ သူ ဖြစ်နေသလို သူခံစားနေရသလို ကိုယ်ပါ လွင့်ပါမျောပြီး လိုက်ပါနေမိတယ်။ အလုပ်အင်တာဗျူးမှာ လုံးဝ ထင်မထားတဲ့ အလုပ်မျိုးကို ကြားလိုက်ရလို့ ဘာမှ ပြန်မပြောနိုင် မှင်တက်မိရတာတွေ၊ သိစိတ်က ဒီအလုပ်မျိုးကို လုံးဝ လုပ်ချင်စိတ်၊ အသံနဲ့တောင် ကြားချင်စိတ် မရှိပေမယ့် လက်တွေ့ဘ၀ထဲကတော့ ထွက်ပြေးလို့ မရတာတွေ၊ ဒိုင်ကို ပထမဆုံး ကြုံရတဲ့ ပုပ်စော်နံဟောင်နေတဲ့ အဖွားကြီးအလောင်းအကြောင်းကို ဖတ်ရတော့ ကိုယ်ပါ သူနဲ့ အတူ အော့အန်ချင်မတတ် ခံစားရတာတွေ၊ အတိုင်းအဆ မရှိ အကြင်နာတရား၊ မြင့်မြတ်တဲ့ သဘောထားတွေ ပြည့်ဝတဲ့ ဆာဇာကီ ကို ဒိုင်ကိုက လေးစားသလို လေးစားစိတ်ဝင်လာမိတာတွေ၊ လုံးဝနှစ်သက်လို့ မရနိုင်တဲ့ စက်ဆုပ်စရာလို့ ထင်ရတဲ့ အလုပ်ကို အနုပညာမြောက်စွာ ကြိုးစားပမ်းစား လုပ်နေတာအတွက် ကိုယ်ပါ ရောယောင်အားပေးမိတာတွေ၊ လူတွေဟာ လူသေကို ရွံ့ကြောက် ကြပေမယ့် တိရစ္ဆာန်အသေ ကြက်အသေတွေကျတော့ အားပါးတရ မရွံမရှာ စားနိုင်ကြတာတွေ။

ဒီစာအုပ်မှာ အမှတ်ထင်ထင် ဖြစ်မိလိုက်တဲ့ စာသားတွေကတော့ အမျိုးအစား မတူတဲ့ ခေါင်း၃မျိုး အကြောင်းပြောကြရာမှာ ဒီခေါင်းတွေဟာ တစ်ခုနဲ့ တစ်ခု ဈေးတွေမတူ ကွာခြားပေမယ့် မီးလောင်ပြီး ပြာကျသွားတာခြင်းတော့ အတူတူပါပဲတဲ့။ ချမ်းသာတဲ့သူ ဆင်းရဲတဲ့သူ ရုပ်ချောတဲ့သူ ရုပ်ဆိုးတဲ့သူ ဘယ်သူမဆို နောက်ဆုံးတော့လဲ မီးလောင်ပြီး ပြာကျရတာခြင်းမှာတော့ ဘာမှ မကွာခြားပါဘူးတဲ့။

သေဆုံးသွားတယ် ဆိုတာ တစ်ခါတည်း အပြီးအပိုင် နိဂုံးချုပ်သွားတာ မဟုတ်ဘူး။ သေခြင်းတရားကို ဖြတ်သန်းပြီး နောက်ဘ၀ကို ဦးတည် လျှောက်လှမ်းကြရပြန်တယ်။

ကိုယ့်မျက်စိရှေ့မှောက်မှာရှိတဲ့ အချစ်ဆိုတာက ပိုအရေးကြီးပါတယ်။


ဒီစာအုပ်ကို အားလုံးပဲ ဖတ်လို့ရအောင် ကျူးပစ်မှာ ဦးအဗျားက စာရိုက်တင်ပေးထားပါတယ်။ မရွှေစုက တဆင့် PDF စာအုပ်လေး လုပ်ပြီး တင်ပေးလိုက်ပါတယ်။ (အပေါ်က ပုံမှာ ကလစ်ခေါက်ပြီး စာအုပ်ကို ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။) ရုပ်ရှင်လည်း ကြည့်လို့ ရပေမယ့် ကိုယ့်လို စာအုပ်ဖတ်ရတာ ပိုပြီး အားရတတ်သူများအတွက် ဒီစာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ကြဖို့လည်း ညွှန်းပါတယ်။ စာအုပ်မဖတ်ချင်လို့ ရုပ်ရှင်ကြိုက်တဲ့သူ အနေနဲ့လည်း မကြည့်ရသေးသူများ ကြည့်ကြဖို့ ညွှန်းလိုပါတယ်။ ဒီကားကို ရိုက်တဲ့ ဒါရိုက်တာက ပြောဖူးပါတယ်။

ဒီဇာတ်လမ်းဟာ သေခြင်းတရား အကြောင်း ကို ပြောထားတယ်လို့ ဆိုနိုင်သော်ငြားလည်း ဘ၀မှာ ဘယ်လို ရှင်သန်နေထိုင်သွားကြမလဲဆိုတဲ့ ဒဿနကို စဉ်းစားမိသွားစေပါတယ်တဲ့။ ရယ်စရာအကြောင်း မဟုတ်ပေမယ့်လည်း သနားစရာထဲမှ ပြုံးစရာလေးများကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 
ပြီးတော့ ဒီကားမှာ ဘယ်အရာကိုမှ အစွန်းရောက်အောင် အလွန်အကျွံကြီး ဖြစ်နေအောင် ထည့်သွင်း ရိုက်ပြမထားပါဘူးတဲ့။ သေတဲ့သူတွေအကြောင်း အများကြီးပါပေမယ့် လန့်စရာ ကြောက်စရာ ရွံ့စရာ ကောင်းအောင် လုပ်ပြမထားပါဘူး၊ ၀မ်းနည်းစရာတွေ တစ်ပုံကြီး ပါပေမယ့် စိတ် ထိခိုက် ကြေကွဲရမှုတွေကို ဖြေသိမ့်ပေးထားပါတယ်။ စိတ်နှလုံး ကြီးမြတ်မှုနဲ့ မေတ္တာတရားဟာ အရုပ်ဆိုး အကျည်းတန် စက်ဆုပ်စရာလို့ ထင်တဲ့ အကြောင်းအရာတစ်ခုကိုတောင်မှ တင့်တယ်လှပမှုတွေ ထုံလွှမ်းနေစေနိုင်တာကို အနုပညာမြောက်စွာ လှစ်ပြထားတာသာ တွေ့ရမှာပါတဲ့။

လူ့ဘ၀ဆိုတာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေ၊ စိတ်ကြည်နှုးရခြင်း၊ မောပန်းနွမ်းနယ်ရခြင်းတွေနဲ့အတူ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်ပဲ နောက်ဆုံး အဖြေကိုသာ ပေးထားပြီး အလယ်ဆင့်တွေကို ဖွက်ပေးထားတဲ့ လောကကြီးမှာ ကောင်းတလှည့် ဆိုးတခါ လည်ပတ်ပြီး နေ နေ ကြရတာပဲ၊ ဘာကိုပဲ တွေ့ကြုံရ အစွန်းရောက်တဲ့စိတ်နဲ့ မကြည့်ပဲ နေရချိန် ခဏလေးကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဘယ်လို နေသွားကြမလဲ ဆိုတဲ့ အတွေးများနဲ့ အတူ။

မေတ္တာများစွာဖြင့်
စုချစ်သူ
၀၉ ဒီဇင်ဘာ ၂၀၁၂
ညနေ ၀၆နာရီ ၀၆မိနစ်

ဝန်ခံချက် ။။ ခေါင်းစဉ်မှာ ထူးအိမ်သင် ကဗျာမှ စာသားဖြစ်ပါတယ်။


++++

Saturday, December 1, 2012

ပန်းနုရောင် စာတစ်စောင် ဒီဇင်ဘာ ဒိုင်ယာရီ

၀၁ ဒီဇင်ဘာ ၁၉၉၂
ထီးတစ်ချောင်း ဂျာစီအနီရောင် ဖီးဆင့်စက်ဘီး အစိမ်းရောင် မိန်းကလေး ရဲ့
ပန်းနုရောင် စာတစ်စောင် ဒိုင်ယာရီ


နံနက်ခင်း ဆောင်းအေးအေးမှာ နှင်းမြူရနံ့တွေဝေလို့... ။ ဟင်... ဒီဇင်ဘာ ၁ရက်နေ့တောင် ရောက်ပြန်ပြီပေါ့။ ၀ါး... အိပ်ရာက ထမှ... ဒီနေ့ စနေ ကျောင်းပိတ်ရက်ဆိုတော့ ... အင်းယားဘက်ကို စက်ဘီးစီးမယ်၊ ကျောင်းဝင်းထဲ ပတ်မယ်။ အပြန် ဘုရားလမ်းထိပ်က အကြော်ဆိုင်မှာ ရေနွေးကြမ်းပူပူလေး မှုတ်သောက်ရင်း အကြော်စုံ နဲ့ ကောက်ညှင်းပေါင်း ထိုင်စားမယ်။ အကြော်ဆိုင်လာတဲ့ လူတွေရဲ့ စရိုက်ပေါင်းစုံ ကို ထိုင်ကြည့်မယ်။ ပြီးတော့ ဘုရားပန်းတွေ ၀ယ်ပြီး အိမ်ပြန်မယ်။

ကမန်းကတန်း ထ၊ မျက်နှာသစ်တော့ ရေအေးအေးက လူကို တွန့်ကနဲ ဖြစ်စေ။ ခေါင်းမှာ အဘွားပေးတဲ့ သိုးမွေးဦးထုတ်ဆောင်း၊ လည်မှာ ဖေဖေ့ဆီက ရတဲ့ ယောက်ျား မာဖလာ ပတ်၊ အဘိုး အမွေပေးထားတဲ့ ခေါင်းစွပ် သိုးမွှေးဝေ့စကုပ်ပေါ်က အစ်ကိုကြီး လက်ဆောင်ဝယ်ပေးထားတဲ့ အားကစားသမားတွေ ၀တ်တဲ့ ဂျာစီ အနီရောင်နဲ့ ချည်ထမီခပ်ထူထူကို တိုတို ၀တ်ပြီး ခြေအိတ်စွပ် ကင်းဘတ် ဖိနပ်စီး၊ ဖီးဆင့် စက်ဘီး အစိမ်းရောင်လေး ကို တွန်းထုတ်လာ....။ ရှေ့စက်ဘီးခြင်းထဲမှာ ပိုက်ဆံအိတ်နဲ့ အစိုးရထုတ် ခေါက်ထီးမာမာတစ်ချောင်း။ ထီးကတော့ မိန်းကလေး တစ်ယောက်ထဲ သွားသွားလာလာ လုပ်သူတွေအတွက် မမကြီးထည့်ပေးထားတဲ့ အဆောင်။ 

ဟား... အေး လိုက်တာ မွှေးလိုက်တာ... ။ ဆောင်းလေ ရနံ့က အေးလည်း အေးတယ်... မွှေးလည်း မွှေးတယ်။ ဘယ်ဆီကမှန်း မသိ လွင့်ပျံ့လာတဲ့ ပန်းရနံ့လေးတွေက လေထဲမှာ ထုံရနံ့လေး သင်းသင်းမွှေးလို့။ လေကို အားပါးတရ ရှုရှိုက်မိလိုက်တယ်။ မနက်၎နာရီသာသာ စောနေသေးလို့ လမ်းဘေးမှာ လမ်းလျှောက်သူ တစ်ယောက်စ နှစ်ယောက်စ ကလွဲလို့ ဘုရားလမ်း လမ်းမကြီး တစ်လျှောက် ရှင်းလို့ လင်းလို့ ထင်းလို့၊ အကြော်ဆိုင်တောင် မှ မီးမွှေးခါစ ရှိသေး။ စက်ဘီးကို ခပ်ပြင်းပြင်းအနင်း ပထမတော့ လေကြမ်းထဲမှာ ကျောလေးပင် တွန့်ကနဲ ဖြစ်သွား၊ ခဏကြာတော့ ဒီလေအေးအေးထဲမှာပဲ ချွေးလေး စို့လာချင်သလိုလို၊ ခပ်ဖြည်းဖြည်း အရှိန်လျှော့လိုက်တော့ စို့နေတဲ့ချွေးတွေက တိုက်ခတ်လာတဲ့ လေနဲ့ အေးတလှည့် နွေးတလှည့်။

ဟော... ပြောရင်း ဆိုရင်း အာစီထဲတောင် ရောက်လာပြီ။ အင်းယား ကန်လေး ဘေးမှာ စက်ဘီးကို ရပ်၊ ခါးကို ဟိုလှည့် ဒီလှည့် လေ့ကျင့်ခန်းလုပ်၊ လက်ကို မြှောက် အားပါးတရ လေကို ရှု ထုတ်၊ ကန်ပေါ်က ဖြတ်တိုက်လာတဲ့ လေအေးအေးက အသဲထဲထိ စိမ့်သွားသလို၊ ကောင်းလိုက်တဲ့ လေ၊ မြေ၊ ရေ။ ဘေးနားမှာ ကိုယ့်လိုပဲ လေ့ကျင့်ခန်းလုပ်နေတဲ့ အန်ကယ်ကြီး နဲ့ အန်တီကြီး၊ ဆရာ ဆရာမ တွေ ဖြစ်ပုံရ။ ကိုယ့်ဘက်လှည့် ပြုံးပြပြီး ရှေ့ကို ဆက်လျှောက်သွားကြ။

ကဲ... လေ့ကျင့်ခန်းလုပ်တာ ၁၀မိနစ်လောက်ဆိုတော့ တော်ပြီ။ လှဲထားတဲ့ စက်ဘီးလေးကို မ၊ ကွေ့ထွက်မယ် ပြင်နေတုန်း... ဗြုန်းဆို နောက်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို စက်ဘီးဦးနဲ့ ၀င်တိုးမလို ဖြစ်မိ။ အောင်မယ်... ကြည့်စမ်း မျက်နှာက သူခိုး ဂျပိုး ရုပ်နဲ့ ဘာခိုး မလို့တုန်း မသိဘူး။ ဟိုက်... ပိုက်ဆံအိတ်ကို စက်ဘီးခြင်းထဲ ဒီတိုင်း ထည့်မိထားတာ ကပျာကရာ ကောက်ယူ။ လုမယ် လို့ များ လုပ်ရင် ကောက်ရိုက်ဖို့ ထီးရိုးကို ပါ လက်နဲ့ ထိထားရ။

စဉ်းစားနေတုန်း... သင်းလက်က သူ့ ဂျာကင်ထဲက တစ်စုံတစ်ခုကို ယူပြီး မြှောက်အလာ။ ဟာ... ဒီလိုလုပ်လို့ ဘယ်ရလိမ့်မတုန်း... သူ့ထက် လျင်တဲ့ ကိုယ်တို့က ထီးရိုးကို ဆုပ်ကိုင်လို့ ၀ှီးခနဲ မြည်အောင် တွေ့ကရာကိုခုတ်ချပလိုက်။ သိုင်းလောကရဲ့ ပန်းရာဇာ မင်းသမီး ဆိုတာ ကိုယ်ပဲဟေ့လို့ ဘာတို့တော့ မကြွေးကျော် မိပါဘူး။ ခွပ် ဆိုတဲ့ အသံနဲ့ အားလို့တောင် မအော်နိုင်၊ အ ဆိုတဲ့ အသံကပဲ ခပ်အုပ်အုပ်ထွက်ပြီး မျက်နှာကို လက်နဲ့ အုပ်ကာ ထိုင်ချသွား။ ကဲ... ကိုယ့်လူ... မိန်းကလေး တစ်ယောက်ထဲတွေ့လို့ နောင်များ လုချင် ၀ှက်ချင် စိတ် နည်းနည်းကလေး ပေါ်လာပြီဆိုရင် ဂျာစီ အနီရောင် ဖီးဆင့်စက်ဘီး အစိမ်းရောင် စီး အရိပ်မဲ့ သိုင်းရာဇာ မင်းသမီးကိုသာ သတိရလိုက်ပါလို့ ခပ်ကြွားကြွားလေးတွေးကာ စက်ဘီးကို ခွအတက်... မျက်နှာကို နောက်ဆုံးအနေနဲ့ တစ်ချက်လှည့်အကြည့်မှာ ။

ဟင်... လက်ဝါးနဲ့ အုပ်ကာ မော့ကြည့်နေတဲ့ မျက်နှာကို မြင်လိုက်တဲ့ တခဏ ရင် ထဲ ဒိန်းကနဲ ဆောင့်တက် ... ဗုဒ္ဓေါ... စက္ကူပန်း အနီရောင်တွေနဲ့အိမ်က ပြောင်းလာခါစ ဆရာကြီးရဲ့သား ဟို ခပ်ချောချော အစ်ကိုကြီးပါလား...။ ခုနက မှောင်နေတော့ ဘယ်သူမှန်းမသိ ဘယ်ဝှာမှန်းမသိ၊ ခုမှ မျက်နှာသိ ဆိုတဲ့ စိတ်နဲ့ ... ဘုရားတမိ၊ ချောလို့ဆိုပြီး မသိမသာ လိုက်လိုက် ကြည့်နေမိတဲ့ ကိုယ့်ရဲ့ မင်းသား ဖြစ်နေပါပေါ့၊ ဘုရား...ဘုရား... လက်တော့ လွန်ကုန်ပါပကောလို့ ဗြုန်းကနဲ ရင်တွေတုန်၊ ရုတ်တရက် ဘာလုပ်ရမယ်မှန်းမသိ၊ ဘယ်များ ထိသွားသလဲ မသိမသာ လိုက်ကြည့်... မျက်လုံးတော့ ထိပုံ မရ၊ ခေါက်ထီးစောင်းက မာတော့ မျက်ခုန်းရိုးက သွေးလိုလို အရောင်ကို လှမ်းတွေ့မိ။ အဲဒီ အချိန် သူ့ ရင်ခွင်ထဲက ပြုတ်ကျလာတာက.... သွေးစစ နဲ့ ပန်းနုရောင် စာတစ်စောင်။ လူက စက်ဘီးပေါ် ဘယ်လို ရောက်သွားမှန်းမသိပဲ နင်းပြေးတာမှ လှစ်ခနဲ လှစ်ခနဲ။  

 နို့... သိမှ မသိပဲ။

+++++
 
ဝန်ခံချက် ။ လုပ်ကြံ ဖန်တီးခြင်း သက်သက်သာ ဖြစ်ပါကြောင်း။ ;)

Friday, November 30, 2012

အာဇီဝဋ္ဌမကသီလ နှင့် စာရေးခြင်း ကျင့်ဝတ်


ကျွန်မတို့မောင်နှမတွေ ငယ်ငယ် က ၄-၅-၆ နှစ်အရွယ် စပြီး စာဖတ် နိုင်တာနဲ့ တပြိုင်နက် ကျောင်းအားရက်တွေမှာ အဖိုးအဖွား အဖေအမေ တို့က အဖွားရဲ့ မောင်ဝမ်းကွဲတော်စပ်သူ ဘဘုန်း ဘုန်းကြီးကျောင်းကို ပို့ပါတယ်။ အဲဒီမှာ ဘဘုန်းသင်ပေးတဲ့ ၅ပါးသီလ ၈ပါးသီလ သီလတောင်း အပါအ၀င် ဘုရားစာများ စတင် ကျက်မှတ် ရပါတယ်။ ၀ါတွင်းကာလ ဥပုသ်နေ့တွေမှာ ကလေးတွေမို့ ၈ပါးသီလ ၉ပါးသီလ မဆောက်တည်နိုင်ရင်တောင်မှ မနက်ပိုင်း ဘုန်းကြီးကျောင်းကို လူကြီးတွေနဲ့ အတူ လိုက်ပြီး တစ်ထိုင် သီလ ဆိုတာကို ယူ၊ တရားနာရပါတယ်။

ကျွန်မတို့ အတန်းကလေး ရလာ၊ ဆယ်ကျော်သက် အရွယ် ရောက်လာတော့ မေမေက အာဇီဝဋ္ဌမကသီလ အကြောင်း စတင် သင်ပေးပါတယ်။ ၅ပါးသီလ နဲ့ အတူ အာဇီဝဋ္ဌမကသီလ ကိုပါ သမီးတို့ နေ့စဉ် ဆောက်တည် ကျင့်သုံး ရမယ်လို့ ပြောပါတယ်။ အာဇီဝ ဆိုတာ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်ရတဲ့ အလုပ်မျိုးကို ခေါ် သတဲ့။ မတရား အသက်မွေးဝမ်းကျောင်းမှုကို မိစ္ဆာဇီဝ လို့ ခေါ်တယ်။ မိစ္ဆာဇီဝ မှ ရှောင်ကြဉ်လျက် တရားသဖြင့် ပစ္စည်းရအောင် ရှာဖွေမှုကို သမ္မာအာဇီဝ လို့ ခေါ်တယ်။ ၈ပါး မြောက် သိက္ခာပုဒ် ရှိလို့ အာဇီဝဋ္ဌမကသီလ ၈ပါးသီလလို့လည်း ခေါ် ပါတယ်။

ကျွန်မတို့တတွေ ကလေးဘ၀ အလွန်၊ ဇကောဇကအရွယ်လေး ရောက်လာ၊ ကျောင်းနေပျော်တဲ့ အချိန် ရောက်လာတော့ ကျောင်းက သူငယ်ချင်း အပေါင်းအသင်းသာလျင် ကိုယ့်ဘ၀ ဆိုတာမျိုး စဖြစ်လာပြီ၊ အိမ်နီးနားချင်းတွေရဲ့အသံ ရပ်ကွက်ထဲက အသံဗလံတွေကိုလည်း နားထဲမှာ မှတ်တတ်လာပြီ၊ ရွှေသွေး၊ တေဇ၊ ကလေးကာတွန်းတွေနဲ့ မလုံလောက် အားမရနိုင်တော့ပဲ စာအုပ်အငှားဆိုင်သွားပြီး ၀တ္ထုတွေ၊ မဂ္ဂဇင်းတွေ လက်တဲ့စမ်း ငှားဖတ်တတ်လာပြီ။ အဲ့ဒီမှာ မကောင်းတာနဲ့ ကောင်းတာတွေဟာ အတူရောပါလာကြပြီ။ စိတ်တွေဟာ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုနဲ့အတူ အရောင်စုံကာ ဆန်းသစ်လာကြပြီ။

ကျွန်မတို့ အိမ်အောက်ထပ်က ဦးလေးက ညနေတိုင်ကျရင် အော်... လောက... လောက လို့ ညည်းရင် ကျွန်မတို့မောင်နှမတွေ အားလုံးလည်း အော်... လောက ... လောက လို့ ဘာမှန်းမသိပဲ သူ့နောက်က လိုက်ညည်းပါတယ်။ မျက်စောင်းထိုးအိမ်က ဈေးသည် လင်မယား ရန်ဖြစ်လို့ ယောက်ျားက မိန်းမကို ဆဲရေးသလို ကျွန်မတို့ မောင်လေးဟာ ဘုမသိ ဘမသိ လိုက်ဆိုပါတယ်။ စာအုပ်ဆိုင် က ကြားလာတဲ့ ရပ်ကွက်ထဲက ပေါက်ပန်းဆေးစကားတွေ နားမလည် ပါးမလည် အိမ်မှာ ပြန်ပြောကြပါတယ်။ မောင်နှမတွေ တစ်ယောက် နဲ့ တစ်ယောက် စည်းဝါးညီနေတဲ့ အချိန်ဆို တစ်ယောက် မဟုတ်တာ လုပ်တာ တစ်ယောက်က ဖုံးကွယ် ပေးပေမယ့် ရန်ဖြစ်နေတဲ့အချိန်ဆို ဦးတဲ့သူက လူကြီးကို အရင်ပြေး တိုင်တန်း ကိုယ့်အပြစ်မရောက်အောင် မဟုတ်တရုတ် အပိုဆာဒါး တွေ အလိမ်အညာတွေပါ ထည့်ပြီး ကုန်းတိုက်ပါတယ်။ သူတစ်ပါးက ကုန်းတိုက်ရင် ကုန်းတိုက်မှန်း မသိ နောက်ကလိုက်ပြောကာ၊ အယုံလွယ် တတ်ကြပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကိုယ်လည်း သေချာမသိပဲ သူတပါးမကောင်းကြောင်း အတင်းအဖျင်း ပြောရတာကို အာတွေ့ သဘောတွေ့ နှစ်ခြိုက် လာတတ်ကြပါတယ်။

ကျွန်မတို့ မောင်နှမတတွေ ဒီလိုမျိုး စိတ်တွေ မသိမသာနဲ့ ကြမ်းတမ်းလာတာကို မေမေက ရိပ်မိလာတယ်။ ဒါကြောင့်မို့ အာဇီဝဋ္ဌမကသီလ ကို သင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။ အာဇီဝဋ္ဌမကသီလ မှာ ပထမ ၄ပါးက ၅ပါးသီလ ထဲက ရှေ့ဆုံး ၄ပါးနဲ့ အတူတူပါပဲ။ ၄ပါးမြောက် မုသာဝါဒ - မဟုတ်မမှန်သော စကားကို မပြောပါဆိုတဲ့ ကျင့်ဝတ်နဲ့ အတူ နောက်ထပ် ဆောက်တည်ရမယ့် ကျင့်ဝတ် ၄ပါးကတော့ ပိသုဏ၀ါစာ - အချင်းချင်း မုန်းတီးအောင် ကုန်းတိုက်ခြင်း၊ ဖရုသ၀ါစာ - ကြမ်းတမ်းစွာ ဆဲဆို တိုင်းထွာခြင်း၊ သမ္ဖပ္ပလာပ၀ါစာ - အကျိုးမရှိ၊ သိမ်ဖျင်းသော စကားတို့ကို ပြောဆိုခြင်း နဲ့ မိစ္ဆာဇီဝါ - မှားယွင်းတဲ့ မတရား အသက်မွေးဝမ်းကျောင်းမှု မှ ရှောင်ကျဉ်ခြင်း တို့ ဖြစ်တယ်။

တလောက ကျွန်မ တူမလေး ၀မ်းကွဲကို အသက် ၁၈နှစ်ပြည့်ပြီမို့ သူ့ကို ပထမဆုံး ဖေ့ဘုတ် အကောင့် ဖွင့်ပေးလိုက်ပါတယ်။ သူက စာရေးဝါသနာပါလို့ ဘလော့လည်း ရေးချင်တယ်၊ ဖိုရမ်တွေထဲမလည်း စာရေးချင်ပါတယ်တဲ့။ ပတ်ဘလစ်ကို စာရေးတဲ့ အခါ ဘယ်လို စည်းမျဉ်းမျိုးကို လိုက်နာ ကျင့်သုံး သင့်တယ်ထင်လဲ၊ ဘယ်လို principle မျိုး ထားရှိသင့်သလဲ ဆိုတာ ကျွန်မကို မေးလာပါတယ်။

ကျွန်မတို့ ငယ်ငယ်က မေမေ သင်ပေးတဲ့ အာဇီဝဋ္ဌမကသီလ ၈ပါးသီလ ကို ကျွန်မ သတိရသွားပါတယ်။ သူနဲ့ ကျွန်မ စကားတွေပြောဖြစ်တာတော့ အများကြီးပဲ။ ဒါပေမယ့် အတိုချုပ် သူ့ကို ကျွန်မပြောလိုက်တာကတော့ စာ စ ရေးတဲ့သူတွေဟာ ကိုယ့်ခံစားချက်တွေ ကိုယ့်အကြောင်းတွေ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရတာတွေကို ခံစားရသလို မြင်သလို ရေးတာပဲ ဖြစ်တာမို့ ကိုယ်ရေးသမျှ ဟာ တခါတခါ သူများအတွက် အကျိုးရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး၊ သို့သော် ကိုယ်ရေးလိုက်တဲ့စာကြောင့် သူတစ်ပါးအကျိုး မမဲ့ပါစေနဲ့လို့။

ဆိုတော့ ကျွန်မစာရေးတဲ့ အခါ အတတ်နိုင်ဆုံး လိုက်နာ ကျင့်သုံးတဲ့ ကျင့်ဝတ်များ ကို သူ့အတွက် ချရေးပေးလိုက်ပါတယ်။

၁) မုသာဝါဒါ - ကိုယ့်စာကို လူဖတ်စေချင်ယုံ သက်သက်နဲ့ နာမည်ကြီးစေကြောင်းငှာ မဟုတ်မမှန်တာတွေ လီဆည်ပြီး မရေးပါနဲ့။
၂) ပိသုဏ၀ါစာ - အချင်းချင်း အငြင်းပွား မုန်းတီးစေနိုင်တဲ့ ကုန်းတိုက်စကားများ သွေးထိုးစကားများ အတတ်နိုင်ဆုံး ရှောင်ကျဉ်ပါတယ်။
၃) ဖရုသ၀ါစာ - ဘယ်လောက်ပဲ မကောင်းမှု လုပ်နေတဲ့သူအကြောင်းကိုပဲ ရေးသည် ဖြစ်စေ၊ ကြမ်းတမ်းသော စကားများ၊ ဆဲဆိုမှု အသုံးအနှုံးများ လုံးဝ မပါဝင်ပါစေနဲ့။
၎) သမ္ဖပ္ပလာပ၀ါစာ - အရေးမပါ အရာမရောက် သိမ်ဖျင်းသော စကားများ၊ သူတစ်ပါး အတင်းအဖျင်း ပြောခြင်း ရေးခြင်းများနဲ့ အချိန်ကုန် မခံပါနဲ့။

ကျွန်မ ပြောလိုက်တာ သူဘယ်လောက် နားလည် သွားတယ်၊ လိုက်နာနိုင်မယ်ဆိုတာ မသိပေမယ့် ကျွန်မ ကိုယ်တိုင်လည်း စာရေးတဲ့ နေရာမှာ ဒီအချက်တွေကို သတိလေးနဲ့ ဦးထိပ်ထားပြီး အမြဲ ရေးကြောင်း ပြောပြမိပါတယ်။ အထူးသဖြင့် စာရေးမယ့်သူဟာ emotion အရမ်းဖြစ်လို့ မရပါဘူး။ အများအတွက် စာရေးရင် ပုဂ္ဂလဓိဌာန်ကို ပယ်ပြီး ဓမ္မဓိဌာန် နဲ့ ရေးရမှာဖြစ်ပါတယ်။ ကျွန်မတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ အာဇီဝဋ္ဌမကသီလ ကိုလည်း အကျဉ်းချုပ် ရေးလိုက်ရပါတယ်။

အာဇီဝဋ္ဌမကသီလ
၁ ။ ပါဏာတိပါတာ = သူတစ်ပါး အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
 I shall abstain from killing
၂ ။ အဒိန္နာဒါနာ = သူတစ်ပါး ပစ္စည်းဥစ္စာ ကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏။
 I shall abstain from stealing
၃ ။ ကာမေသုမိစ္ဆာစာရာ = သူတစ်ပါး သားမယား ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။
 I shall abstain from adultery
၎ ။ မုသာဝါဒါ = မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏ ။
 I shall abstain from telling lies
၅ ။ ပိသုဏ၀ါစာ = သွေးထိုး ကုန်းတိုက်မှုမှ ရှောင်ကြဉ်ပါ၏။
 I shall abstain from slandering
၆ ။ ဖရုသ၀ါစာ = ကြမ်းတမ်းစွာ ဆဲဆိုမှုမှ ရှောင်ကြဉ်ပါ၏။
 I shall abstain from using harsh language
၇ ။ သမ္ဖပ္ပလာပ၀ါစာ = အကျိုးမရှိ သိမ်ဖျင်းသော စကားကို ပြောဆိုမှုမှ ရှောင်ကြဉ်ပါ၏ ။
 I shall abstain from telling useless non-sense
၈ ။ မိစ္ဆာဇီဝါ = မတရားသော ဥစ္စာပစ္စည်းရှာဖွေမှုမှ ရှောင်ကြဉ်ပါ၏ ။
I shall abstain from earning wrong-livelihood

စုချစ်သူ
၃၀ နိုဝင်ဘာ ၂၀၁၂
ကိုးကား - အရှင်ဇနကဘိဝံသ (အာဇီဝဋ္ဌမကသီလ)

+++++