Wednesday, October 10, 2012

ရွှေညာသား နဲ့ ရွှေဂုန်သူ

 

တစ်နေ့က ကိုရေချမ်းနဲ့ မရွှေစုတို့ သူငယ်ချင်း တစ်ယောက်ရဲ့ ကွန်ဒို အိမ်အသစ်ကို ဖိတ်လို့ သွားလည်ကြပါတယ်။ ကွန်ဒိုဆိုတော့ အိမ်ဝင်းကလေးက အတော် လှပါတယ်။ နေရာရှုခင်းလေးကလည်း အကွက်အကွင်းကောင်းပါတယ်။ တိုက်ပုံစံကလည်း ခေတ်မီလှပါပေတယ်။ အသုံးအဆောင် facility များကလည်း အပြည့်ပါပဲ။ အင်မတန်လည်း ဈေးကြီးမယ်လို့ ထင်ပါတယ်။ သို့သော် အိမ်ခန်းထဲ ၀င်လိုက်တာနဲ့ အသက်ရှု ကြပ်လှတယ်။ ဧည့်ခန်းလေးက ရှည်ရှည်မျောမျောနဲ့ မီးခြစ်ဆံဗူးနဲ့ တူလှတယ်။ မီးဖိုချောင်ကလည်း လူသာ နည်းနည်းဝရင် ကိုယ်ကိုလှည့်ပြီး ၀င်ရမလောက် ကျဉ်းပါတယ်။ 

အဲ့ အိမ်က အပြန် ကိုယ့်ကားပေါ်ရောက်တော့မှ ဦးရေချမ်းက ဖူးကနဲ လေကို အားပါးတရ ရှုထုတ်လုပ်ရင်း ''ဟမလေးဗျာ... ဒီလို အိမ်မျိုး အီးတောင် ကျယ်ကျယ် မပေါက်ဝံ့ဘူး၊ တော်နေကြာ အိမ်ရှေ့က အီးပေါက်သံကို အိပ်ခန်းထဲကသူက သူ့ခေါ်တယ်ထင်ပြီး ဗျာ ထူးမိရင် ခက်အုံးမယ်၊ ပြီးတော့ အိမ်ရှေ့က အီးက အိပ်ခန်းထဲထိ နံလိုက်မယ့် အမျိုး၊ ထွက်ပြေးလို့လဲ မရနဲ့....'' သူ့စကားကြားတော့ မရွှေစုက အားပါးတရ ရယ်မောရင်း ဆရာကြီး ရွှေဥဒေါင်း ကို မဆီမဆိုင် သတိရမိပါတယ်။ ဆရာကြီးက သူ့ တစ်သက်တာ မှတ်တမ်းထဲမှာ သူ့လစာနဲ့ သူရိယ မဂ္ဂဇင်းက အုပ်ချုပ်သူတွေ လစာ ကွာခြားပုံကို သူတို့လစာနှင့် ကျွန်ုပ်လစာမှာ အူ၍မျှ မကြားနိုင်အောင် ကွာဝေးလွန်းတယ်၊ လို့ ပြောဖူးပါတယ်။ ဆရာကြီး ရွှေဥဒေါင်းဇာတိက ရွှေဘို၊ ၀က်လက် ဇာတိဆိုတော့ လှတောရွာတွေနဲ့ တစ်နယ်ထဲသားတွေမို့ စကားကြွယ်တယ် ပြောလို့ရသလို၊ မန္တလေးသားတွေလည်း အထက်အညာသားတွေပဲမို့ ရွှေဘိုနယ်တွေနဲ့ နယ်ချင်းနီး၊ အနေနီးပြီး ရေမြေလိုက်လို့ စကားကို ကပ်ပြီး ပြောတတ်ကြတယ်၊ ထိမိအောင်ပြောတတ်ကြတယ်လို့ ထင်ပါတယ်။ 

မရွှေစုတို့ကတော့ အထက်အညာက သူတွေလောက်စကားမကြွယ်ပေသိ မိသားစုတွေ အချင်းချင်း ကိုယ့်အထာနဲ့ ကိုယ် စကားပြောတတ်ကြပါတယ်။ အိမ်မှာ ငယ်ငယ်ကတဲက အဖိုး အဖွားက အစ စာပေ ၀ါသနာထုံကြတော့ ပုံပြင် နိပါတ်တော်တွေ ဇာတ်လမ်းတွေထဲက စကား အသုံးအနှုန်းတွေကို မှတ်သားထားကြပြီး အဲဒီ စကားတွေကို သူ့နေရာနဲ့သူ ဥပမေ ဥပမာယ တွေနဲ့ လိုရင် လိုသလို ထည့်သွင်း ညှပ်သုံး ပြောလေ့ရှိကြပါတယ်။ 

မရွှေစုတို့ ဘွားဘွားကြီးဆို ကာရံနဘေနဲ့ကို စကားပြောလေ့ရှိတယ်လို့ သိရတယ်။ တခါသား သူ့သမီးနဲ့သားမက် နေ့လည်ဘက် ထမင်းစားပြီး တရေးတမော အိပ်နေကြတဲ့အချိန် ဧည့်သည်တစ်ယောက်က တွေ့ချင်တယ်မေးတော့ မောင်တော် နှမတော် စက်တော်ခေါ် အီးတော်ဖင်က တဘွတ်ဘွတ်လို့ ပြော အိမ်ပေါ်ထပ် လက်ညိုးညွှန်ပြသတဲ့။ အဖေကြီး (အဖိုး) သူ့သားမက် က အလွန်အင်မတန် အီးပေါက်တယ်တဲ့။ အမေကြီးကျတော့ မေမေတို့တွေ လက်လက်ထအောင် အမျိုးမျိုး အထွေထွေနည်းတွေနဲ့ ဆော့ကစားကြလွန်းလို့ ထူးပေသည် ဆန်းပေသည် ဦးရွှေစံ မြေးတွေသည်လို့ စာချိုးပါတယ်တဲ့။ မေမေ တို့ အဖိုး နာမည်က မောင်စံပါ။ 

မရွှေစုတို့ ကလေးတွေ လက်ထက်မှာတော့ သူတို့လို စာမချိုးတတ်ပါဘူး၊ သို့သော် ကိုယ့်အထာနဲ့ ကိုယ် စကားပြောကြမြဲပါ။ တကယ်လို့ တစ်ယောက် ပြောတဲ့ စကားကို တစ်ယောက်က ချက်ချင်း မလိုက်နိုင်၊ အဓိပ္ပါယ် မပေါက်ပဲ အိုးတိုးအတ ဖြစ်နေရင် အမေကြီး (အဖွား) က ဒီလို ပြောလေ့ရှိပါတယ်။ ''ငါ့မြေးတွေလုပ်ပြီး... တယ် ညံ့တဲ့ဟာတွေ ပဲ... ငါးပေါ်ဆို... နောက်က ဆီကြည့်... လို့ လိုက်မှပေါ့...'' တဲ့။ ငါးပိ ဆီကြော် ကို စကားလိမ်နဲ့ ပြောရင်တောင် မှ ချက်ချင်း တန်း သိဖို့ ချက်ဆို နားခွက်က မီးတောက်ဖို့ ပြောတာပါ။ 

၅၅၀ နိပတ်တော်တွေ ဓမ္မပဒတွေ ငယ်ငယ်ထဲက ဖတ်ခဲ့ကြရတော့ အဲ့ဇာတ်လမ်းတွေထဲက ဇာတ်ကြောင်းတွေနဲ့ နှိုင်းပြီးလည်း စကားပြောလေ့ရှိပါတယ်။ ဥပမာ... ကပ်စေးနည်းတဲ့သူဆိုရင် ဘုံခုနစ်ဆင့် တက်ပြီး မုံ့အိုးကင်းကပ် လုပ်စားမလို့လားလို့ ပြောင်လှောင်ပါတယ်။ တစ်ခါက ဘုရားလက်ထက်မှာ တအားချမ်းသာပေသိ အလွန်အင်မတန် ကပ်စေးနည်းတဲ့ သူဌေးကြီး တစ်ယောက်က သူများတွေစားနေတဲ့ မုံ့အိုးကင်းကပ် စားချင်တာ သူစားချင်တယ်ဆိုရင် မယားကိုလည်း ကျွေးရမှာစိုး၊ အိမ်ကရှိတဲ့သူတွေလည်း လိုက်စားကြမှာစိုးလို့ အောင့်အီးနေသတဲ့။ စားချင်ရက်နဲ့ မစားရတော့ မျက်နှာမကောင်းလို့ မိန်းမက မရမက မေးတော့မှ မုံ့စားချင်တာ သိရပြီး သူများတွေလည်း မကျွေးရအောင် တံခါးအဆင့်ဆင့် သော့ခတ်ပြီး ဘုံခုနစ်ဆင့်မှာ ဘယ်သူမှ မသိအောင် တိတ်တိတ်ခိုးပြီး မုံ့လုပ်ကြသတဲ့။ အဲသာကြောင့် ကိုယ့်ကို ကပ်စေးနည်းတယ်လို့ လာပြောရင်လည်း... အောင်မယ်... လူကိုများ ဘုံခုနစ်ဆင့် တက်ပြီး မုံ့လုပ်စားတဲ့ အစားထဲကများ ထင်နေသလားလို့ မောင်နှမတွေ ရန်တွေ့ကြပါတယ်။

ခုနက ပြောသလို အထက်မြန်မာပြည်ဆိုတာ ဆရာကြီးရွှေဥဒေါင်းတို့လို ဝေါဟာရ ကြွယ်ဝတဲ့သူတွေ စကားပြောကောင်းတဲ့သူတွေ ရှိတဲ့အရပ်မို့ အဲဒီက အညာသားတွေ ပြောလေ့ရှိတဲ့စကားမျိုးကိုလည်း မှတ်သားထားပြီး ပြောတတ်ကြပါတယ်။ တခါသား မေမေတို့ ညီအစ်မတွေ အကြောင်း ဖေဖေက ရယ်သလို မောသလိုနဲ့ အတင်းတုတ်ပါတယ်။ သမီးတို့ အမေရဲ့ အစ်မ ကြီးဒေါ်ကြီးက ဘယ်လို ဇီဇာ ကြောင်တယ်၊ ညီမကတော့ ဘယ်လို ကပ်စေးနည်းတယ် စသဖြင့် ပြောလာတဲ့အခါ... ဒါဖြင့် ဖေဖေရယ် ... မေမေ့ကျတော့ရော... ဘာမကောင်းတဲ့ ပြစ်ချက်ရှိလဲ မေးတော့... ကွာ... အဲသာကတော့... နတ်နေကိုင်းလေး ချန်ခဲ့ပါရစေ၊ အန္တရာယ်ကင်းတာပေါ့လို့... ရယ်မောပြောပါတယ်။ နတ်နေကိုင်းဆိုတာ အထူးသဖြင့် အညာမှာ သုံးလေ့ရှိတဲ့စကားပါ။ အညာမှာ ထင်းခုတ်သမားတွေ ထင်းအတွက် သစ်ပင်ခုတ်ကြတဲ့အခါ သစ်ပင်စောင့်နတ် စိတ်ဆိုးမှာ စိုးလို့ အားလုံးကိုမခုတ်ပဲ သူ့အတွက် အပေါ်ဆုံး အကိုင်းလေး ချန်ခဲ့တာကို တင်စားပြောတာပါ။

ကြည့်ခဲ့ဖူးတဲ့ ဇာတ်ပွဲတွေ ဇာတ်လမ်းတွေထဲက စကားကိုလည်း အလျဉ်းသင့်သလို ယူပြောလေ့ ရှိကြပါတယ်။ တခါတလေ ရပ်ဝေးက ဆွေမျိုးတွေဆီက စာတွေဘာတွေလာရင် သူ့အကြောင်း ကိုယ့်အကြောင်း စာထဲ ထည့်ရေးထားသမျှ၊ ဘယ်သူဘယ်ဝါတွေကို သတိရတယ် ဘာလုပ်နေလဲ ... စသဖြင့် ရေးထားပေမယ့် တကယ်လို့ ကိုယ့်နာမည် ကိုယ့်အကြောင်း မေးထားတာများ နည်းနည်းလေးတောင် ပါမလာဘူးဆိုရင် ... ဟယ်...ငါ့အကြောင်း... သုဒ္ဓေါလေးတောင် မပါဘူးလားဟယ် ရက်စက်ပါ့ လို့ ပြောကြပါတယ်။ အဲသာကတော့ ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓ၀င် ဇာတ်တော်တွေ နားထောင်ပြီး ပြောဖြစ်တဲ့စကားပါ။ သုဒ္ဓေါဓန မင်းကြီးက ဘုရားလောင်းရဲ့ မယ်တော် မိနတ်သားဆီက စာလာတဲ့အခါ စာထဲမယ် သူ့အကြောင်း တစ်စက်ကလေးမှ မပါတော့ မေးတဲ့ စကားပါ။ အဲ့သာကို အကြောင်းတစ်ခုခုကြောင့် ကိုယ့်ကို ချန်ထားခံရတဲ့ ကိစ္စလေးတွေမှာ ခိုင်းနှိုင်းပြီး ပြောလေ့ရှိပါတယ်။ 

နာမည်ကြီး ဗိုလ်အောင်ဒင် ဇာတ်လမ်းထဲက ရာမ... ရာမ... ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံပဲ ရှိပေတော့မပေါ့... ဆိုတာမျိုးတွေလည်း ကိုယ့်ကို မနိုင်ပဲ လာယှဉ်တဲ့ အခါ  ပြောင်နောက်ပြီး ပြောလေ့ ရှိတယ်။ ဦးနေ၀င်းရဲ့ ၈၈ ကနောက်ဆုံးပြောခဲ့တဲ့ မိန့်ခွန်းထဲက စကားမျိုးလို မကြောက်ပါနဲ့လေ၊ မိုးပေါ်ထောင်ပြီး ပစ်လိုက်တာပါ ဆိုတာမျိုးတွေကိုလည်း ကြုံရင် ကြုံသလို သုံးတတ် ပြောတတ်ကြပါတယ်။ 

မရွှေစုတို့ ညီအစ်မတတွေ အလှည့်မှာ ခေတ်သစ် ၀တ္ထုတွေထဲက ကိုယ်ကြိုက်တဲ့ စကားမျိုးတွေကိုလည်း သင့်သလို ညှပ်သုံးလေ့ ရှိပါတယ်။ တခါသား ဆရာနွမ်ဂျာသိုင်း ၀တ္ထုဖတ်ရတော့ ၀တ္ထုထဲမယ် ဗေဒင်ဆရာ တစ်ယောက် အကြောင်း ရယ်စရာ ရေးထားပါတယ်။ အဲ့ဗေဒင်ဆရာက တိရစ္ဆာန်အကောင်လေးတွေပါတဲ့ ဇယားအကွက်လေးကို ထောက်ပြီး ဗေဒင်ဟောလေ့ရှိသတဲ့။ ယတြာ အနေနဲ့ ဗေဒင်မေးတဲ့သူတွေက သူ့ကို ဟင်းချက်ပြီး ပို့ပေးရတယ်။ ဒီတော့ သူကြက်သားစားချင်တဲ့ နေ့ဆို ကြက်အကောင်လေးပါတဲ့ အကွက်ကို လက်ထောက်ပြီး... ကဲ... ဒီနေ့တော့ ကြက်အကွက်ကျတာမို့ ယတြာအတွက် ကြက်သားချက်ပြီး ဆရာ့ဆီ ပို့ပေးပါလို့ ပြောတယ်။ ဆိတ်သားစားချင်ရင် ဆိတ်ပါတဲ့ အကွက်၊ ၀က်သား စားချင်ရင် ၀က်ပါတဲ့ အကွက် စတာတွေ ရွေး လက်ထောက်ပြီး သူစားချင်တာကို ချက်ခိုင်းတာပဲတဲ့။ တစ်နေ့တော့ လူတစ်ယောက် ဗေဒင်လာမေးတာ ဆိတ်သားအကွက် ကျတာမို့ ဆိတ်သားတွေကလည်း ရှားတဲ့ အချိန်ဖြစ်နေလို့ ဆရာရယ် ကြက်သားပြောင်းလို့ မရဘူးလား၊ ကြက်သားချက်ပြီး ကျွန်တော် လာပို့ပါမယ်ပေါ့။ ဒါနဲ့ ဗေဒင်ဆရာက ဘာပြောလဲဆိုတော့ (သူက အဲဒီနေ့က ဆိတ်သားပဲ စားချင်နေလို့ နေမှာပေါ့... ) ဆိတ်သားပဲ မရရအောင် ရှာပါ၊ သူ့အကွက် ကျနေပြီ မို့ ဆရာလဲ မတတ်နိုင်ဘူး၊ လို့ ပြောသတဲ့။ အဲ့သဟာဖတ်ပြီး မရွှေစုတို့ ညီအစ်မတွေလည်း တစ်ယောက်နဲ့ တစ်ယောက် ညစ်ချင်ပြီဆို သူ့ အကွက်ကျနေပြီ၊ ဆရာလည်း မတတ်နိုင်ဘူးလို့ ပြောကြတာပဲ။ 

ကိုရေချမ်းက စကားနည်းပေမယ့် စကားပြောလိုက်ရင် တစ်ခွန်းဆို တစ်ခွန်း ထိမိအောင် ပြောတတ်တယ်။ မရွှေစုကကျတော့ ခပ်အအပေမယ့် စကားပြောရင် ထူးထူးဆန်းဆန်း စကားလုံးတွေ သုံးတတ်တယ်။ နင်တို့ နှစ်ယောက် လိုက်လဲ လိုက်ပါပေတယ် လို့ သူငယ်ချင်းတစ်ယောက်က မရွှေစုတို့ကို ခေါင်းယမ်းပြီး ထောပနာပေးပါတယ်။


 ++++

Monday, October 8, 2012

Eleventh Year Anniversary - 8 Oct 2012

မောင့်ကိုချစ်ဖို့ မွေးဖွားလာပါတယ်...


၈ အောက်တိုဘာ ၂၀၁၂ နံနက် ၅နာရီ
ဦးရေချမ်း အိပ်ရာက လာနှိုးတယ်။ ဘုရားရှိခိုး တရားထိုင်တယ်။ ဒီနေ့မနက် ဘုရားကို ဦးဦးဖျားဖျား မင်္ဂလာ ကိတ်မုန့်ဆွမ်း ကပ်တယ်။

နံနက် ၆နာရီ
၁၁နှစ်မြောက် မင်္ဂလာ အထိမ်းအမှတ် အနေနဲ့ ဓာတ်ပုံ ရိုက်ကြတယ်။ ပြီးတော့ နံနက်စာ ကော်ဖီ မိုင်လို နဲ့ ကိတ်မုန့် စတိ စားကြတယ်။

နံနက် ၆နာရီခွဲ
ရုံးသွားချိန် မရောက်သေးတာနဲ့ မနေ့ညက အိပ်ရေးသိပ်မ၀လို့ မရွှေစုက အိမ်ရှေ့ ဆိုဖာမှာ ခဏ လှဲရင်း တီဗွီ သတင်းကြည့်တယ်။ လွန်ခဲ့တဲ့ ၁၁နှစ် ဒီလိုနေ့မှာ (အဲ့နေ့ကလည်း တနင်္လာနေ့ အတိအကျပဲ) ဦးရေချမ်းကြီး တစ်ယောက် ပြုံးပြုံး ပြုံးပြုံး နဲ့ မရွှေစုလက်ကို ဆွဲလို့ ...။ အခုတော့ သူ့ခမျာ ပုဆိုးကြီး ရင်ခေါင်းအောက်နားထိ ဆီးထားပြီး မီးဖိုချောင်ထဲမယ် ကုန်းကုန်း ကုန်းကုန်း နဲ့ ဟင်းတွေ ပြန်နွှေးပြီး မရွှေစု အတွက် နေ့လည်စာ ထမင်းဗူး ထည့်ပေးနေတယ်။

ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ပြောဖူးတယ်။ သူ့ဘ၀မှာ လူကြီးမိဖ မကြိုက်တာတွေ အများကြီး လုပ်ခဲ့ဖူးသတဲ့။ အမှားတွေလည်း လုပ်ခဲ့ဖူးသတဲ့။ အဲ့ဒီထဲမယ် အမှန်လုပ်ခဲ့တာ တခုပဲရှိတယ် ဆိုရင်တော့ သူ့အနေနဲ့ ဆရာကြီးဦးခင်မောင်လတ်ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခြင်းပါပဲ တဲ့။

မရွှေစုလည်း ဆရာမကြီး ဒေါ်ခင်မျိုးချစ်လေသံအတိုင်း လိုက်ပြောရရင် ကိုယ့် ဘ၀မှာ မယုံမရဲ နဲ့ ဆုံးဖြတ်ချက် မှားတာတွေ အများကြီး ရှိခဲ့ဖူးတယ်။ ဆုံးဖြတ်ချက် အမှန်ဆုံး လုပ်ခဲ့တာ တစ်ခု ရှိတယ်ဆိုရင်တော့ အဲသာဟာ ဦးရေချမ်းကို လက်ထပ်ခဲ့ခြင်းဖြစ်ပါတယ်။

Happy Anniversary to U Yay Chan and thkx so much for your lovely song...!!!




+++++

Saturday, August 25, 2012

မရွှေစုပဲ ဖြစ်ချင်တယ်

ခုတလော ဦးရေချမ်းတို့ ရုံးကသူတွေ ထီ ခဏခဏ ပေါက်ကြတယ်တဲ့။ ဒေါ်လာ တစ်သောင်းဆု နှစ်သောင်းဆု ပေါက်ကြတဲ့သူတွေအပြင် ထီကို စီးပွားဖြစ်လို အမြဲကံစမ်းနေကြ ဆိုဒ်မန်နေဂျာကတော့ ဒီတစ်ခါမှာ ဒေါ်လာတစ်သန်းဆုကြီးများတောင် ချိတ်သွားသတဲ့။ ဒါနဲ့ ကိုယ်အလှည့်လဲ မကြာခင် လာတော့မယ်လို့ သူတို့ရုံးက သူတွေ အချင်းချင်း စနောက်နေကြတယ်။

ငယ်ငယ်ကတဲက မရွှေစုကို ဟောဖူး ကြည့်ဖူးတဲ့ ဗေဒင် လက္ခဏာဆရာ တော်တော်များများက ငွေတလုံးတခဲ ၀င်တတ်တဲ့ လက္ခဏာရှင်မို့ ထီထိုးပါလို့ ပြောတတ်ကြတယ်။ ကိုယ်က ငွေမမက်တဲ့သူလို့ မဆိုချင်ပေမယ့်၊ လူ့သဘာဝအရ ငွေမက်ပေမယ့်၊ ကိုယ့်ဉာဏ်နဲ့ ၀ီရိယစိုက် အားထုတ်ပြီး လုပ်ရတဲ့ အလုပ်မဟုတ်ပဲ စိတ်ကူးယဉ်နေရတဲ့ မသေမချာ မရေမရာ အလုပ်မို့ မရွှေစုက ထီထိုးတာတော့ တယ် ၀ါသနာ မပါလှဘူး။ ဒီတော့ သူတို့ အကြံပေးတဲ့ အတိုင်း ထီတွေဘာတွေ ထိုးခဲတယ်။

စလုံးရောက်ခါစက အဆောင်မှာနေတုန်း စင်ကာပူ TOTO ထီ တစ်သန်းခွဲလား ပေါက်တဲ့ မြန်မာလင်မယားကို တွေ့ဖူးတယ်။ ထီမပေါက်ခင်က တစ်ယောက်နဲ့ တစ်ယောက်ချစ်လိုက်ကြတာ... သူတို့အလုပ်အကိုင်က ပညာနဲ့ လုပ်စားတာမျိုးမဟုတ်တော့ သူများနိုင်ငံမှာ လင်ကိုယ်မယား ပင်ပင်ပန်းပန်း အလုပ်လုပ် ဆင်းဆင်းရဲရဲ နေကြရတော့ တစ်ယောက်နဲ့ တစ်ယောက်စာနာပြီး ကြင်နာလိုက်ကြတာ....။ ဟော.. ထီပေါက် ပိုက်ဆံလည်းချမ်းသာလာရော ခဏခဏ ရန်ဖြစ်ကြတော့တာပဲ။ နင့် အမျိုးဘာဖြစ် ငါ့အမျိုး ဘာဖြစ်နဲ့ ဆင်းရဲနေတုန်းက ဘယ်ရောက်နေမှန်းမသိတဲ့ ဟိုဘက်သည်ဘက်က အမျိုးတွေ ပိုက်ဆံရှိမှ ဘွားကနဲ ပေါ်လာကြတော့ အဲသဟာတွေနဲ့ ပါတ်သက်ပြီး တစ်နေ့ တစ်နေ့ တချိမ်းချိမ်းပဲတဲ့။ ဒါနဲ့... သြော်... ငါ့နှယ်... တန်ခိုးရှိရင် သူတို့ ထီပေါက်တာကို မပေါက်အောင်လုပ်ပြီး ဟိုတုန်းက ချစ်ချစ်ခင်ခင် ဖြစ်နေတဲ့ အချိန်ကို Time Machine နဲ့ လှည့်ပြန်သွားလို့ ရအောင် လုပ်ပေးချင်ပါရဲ့လို့ တွေးမိသေး။ နောက်တော့ သူတို့ ကွဲသွားသလိုလို ဘာလိုလို သတင်းသဲ့သဲ့ပဲ ကြားလိုက်ရတော့တယ်။ လောကမှာ ပိုက်ဆံချမ်းသာနေတဲ့ လူမျိုးတွေထက် စိတ်ချမ်းသာ ပျော်ရွှင်နေတဲ့ လူမျိုးတွေကိုပဲ များများမြင်ချင်တယ်။

ကျောင်းပြီး အလုပ်ဝင်ခါစ မေမေက မရွှေစုနဲ့ အတူလာနေတယ်။ သားအမိ၂ယောက် အတူနေဖို့ အိမ်တစ်လုံး စငှားကြတော့ အိမ်ထောင်ပစ္စည်းတွေ စ၀ယ်ရတာ... တီဗွီတို့ ဘာတို့က အစပေါ့။ အဲ့မှာ ဈေးဝယ်ထွက်တော့ သူငယ်ချင်း ယောက်ျားလေး ၂ယောက်က ပစ္စည်းတွေ ကူညီပြီး လိုက်သယ်ပေးရှာတယ်။ တစ်နေ့လုံး ဈေးတွေဝယ်ကြရတာ ပင်ပန်းလာတော့ နောက်ပြောင်တတ်တဲ့ သူငယ်ချင်းက အမလေးဗျာ... ကျုပ်တို့မှာ ဒိုင်ယာနာ မင်းသမီးဈေးဝယ်တဲ့နောက်က တကောက်ကောက် လိုက်နေရတဲ့ ကိုယ်ရံတော်တွေ ကျလို့ လို့ ခနဲ့တော့ မရွှေစုက ဟင်း... ဒိုင်ယာနာ မင်းသမီး မဖြစ်ချင်ဘူး၊ မရွှေစုက မရွှေစုပဲ ဖြစ်ချင်တယ် လို့ ခေါင်းခါခါ လည်ခါခါနဲ့ ငြင်းတာ၊ ဒိုင်ယာနာ မင်းသမီးနဲ့ နှိုင်းတာများ သူကပဲ နာရတယ်ရှိသေးလို့ ထောမနာပြုတာ ခံရပါတယ်။ တကယ်တော့ မရွှေစုက ဒိုင်ယာနာ မင်းသမီးကို ချစ်ပါတယ်။ ဒါပေသိ သူ့အဖြစ်က အိမ်ထောင်ရေး အဆင်မပြေ ကွယ်လွန်သွားပုံကလည်း လူပြောသူပြောစရာ နဲ့ အားကျစရာမကောင်းလှတာကြောင့် သူဘယ်လောက်လှလှ ဘယ်လောက်ချမ်းသာချမ်းသာ ဘုရင့်မိဖုရားပဲ ဖြစ်ဖြစ် သူလိုဘ၀မျိုး မလိုချင်လို့ မရွှေစုက အဲသလို ပြောလိုက်မိတာပါ။

မရွှေစု အလုပ်ဝင်တော့ အလုပ်သဘောသဘာဝ အရ ခရီးတွေ ခဏခဏ ထွက်ဖြစ်တယ်။ ခရီးထွက်တိုင်း ရုံးက သတ်မှတ်ချက်အရ ဟီလ်တန်ဟော်တယ်မှာ များသောအားဖြင့် နေဖြစ်ကြတယ်။ တခါတော့ ခရီးအတူထွက်လာတဲ့ ရုံးက သူငယ်ချင်း အင်ဒိုနီးရှားမလေးနဲ့ ညဖက် အခန်းထဲ အတူ စကားပြောရင်း (မအိပ်ခင် သူက ကိုယ့်အခန်းလာပြီး တီဗွီ အတူတူ ကြည့်ကြတာကိုး ) အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် ပဲရစ်ဟီလ်တန်ရဲ့ စီးရီးစ်ကလည်း တီဗွီမှာ ပြနေတယ်၊ ကိုယ်တွေကလည်း သူ့အဖိုး ဟော်တယ်မှာ တည်းနေကြတဲ့သူတွေဆိုတော့ အင်ဒိုမလေးက ပဲရစ်ဟီလ်တန်ကို ကြည့်ပြီး သူတို့များတော့ ကံကောင်းလိုက်တာနော်... ရုပ်ကလည်းချော၊ မွေးလာကတဲကလည်း ပြည့်စုံချမ်းသာတဲ့ သဌေးမြေး၊ ဘာမှလည်း ပူစရာမရှိ၊ နာမည်ကြီး မင်းသမီးကလည်းဖြစ်ဆိုတော့ သူ့ဘ၀မျိုး အားကျလိုက်တာတဲ့။ ကမ္ဘာ အရပ်ရပ်က ဟီလ်တန်ဟော်တယ်တွေ ပိုင်ရှင်ရဲ့ မြေး ပဲရစ်ဟီလ်တန် ဆိုတာက သိတဲ့အတိုင်း ပွေတဲ့ ရှုပ်တဲ့နေရာမှာ နာမည်ကြီးမော်ဒယ်မင်းသမီး။ မရွှေစုက သူပြောတာကို ဘာမှတော့ ပြန်မပြောလိုက်ဘူး။ ဒါပေမယ့် မရွှေစု ဆိုရင် ပဲရစ်ဟီလ်တန် ဘ၀မျိုး အားမကျဘူး။ လူဆိုတာ သိပ်ပြည့်စုံလွန်းရင် မကောင်း၊ အားမစိုက်ရပဲ လိုချင်တာမှန်သမျှ အကုန်ရနေရင် မသိစိတ်မှာ စိတ်ဓာတ်ရေးရာ အရ မပြည့်မစုံ ဖြစ်တတ်တယ်လို့ ထင်နေမိလို့။

အဲသမှာ ဆရာသော်တာဆွေရေးတဲ့ ငွေကိုလေလိုသုံးသူ မိုးကုတ်မြမောင်အကြောင်း သတိရမိတယ်။ အဲဒီအကြောင်းဖတ်ပြီးတော့ မရွှေစု အနေနဲ့ သူ့လို မချမ်းသာချင်လိုက်တာမှ အရမ်းပဲ။ ဆရာသော်တာဆွေက သည်လို ရေးခဲ့တယ်။

ဘ၀မှာ ကိုယ်လုပ်သော အလုပ်၌ ရည်ရွယ်ချက် ပန်းတိုင် ရောက်သည်လည်း ရှိမည်၊ မရောက်သည်လည်း ရှိမည်။ မကျေနပ်မှုလည်း ရှိမည်။ ၀မ်းသာမှုလည်း ရှိမည်။ ၀မ်းနည်းမှုလည်း ရှိမည်။ ယင်းသည်ပင် ဘ၀၏ အဓိပ္ပာယ်နှင့် အနှစ်သာရဖြစ်တော့၏။

သို့သော် ကိုမြမောင်၌ ဘာအလုပ်မျှ လုပ်စရာမလို၊ ဘာမျှ ကြိုးစားစရာမရှိ။ သူသည် ဘ၀၏ အလုပ်လက်မဲ့ ဖြစ်နေသည်။ သူ့အခြေအနေက လောကီဥစ္စာ လိုတရနေသည်။ ယင်းသည်ပင် ဘ၀၏ မပြည့်စုံမှုဖြစ်သည်ကို အလေးအနက် စဉ်းစားတတ်သူတို့ နားလည်ပေမည်။

တခါတခါ အလုပ်တွေ လုပ်ရတာ ပင်ပန်းလွန်းလို့ ငါကိုယ်က ပင်ပန်းဇာတာ ပါလိုက်တာလို့ တစ်ကိုယ်ရည် ညည်းတွားမိတဲ့အခါ အလုပ်လုပ်စရာ မလိုပဲ ထိုင်နေရရင်ကော ကိုယ်က ပျော်မှာတဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ နံနက်စောစော အိပ်ရာကနေ အိပ်ရေး မ၀တ၀နဲ့ လူးလဲထရင်း အိပ်ခန်းပြတင်းပေါက်က တီတီတာတာ အော်ပြီး အစာရှာနေကြတဲ့ ငှက်ကလေးတွေကို စောင်းငဲ့ကြည့်မိတော့ သတ္တ၀ါရယ်လို့ဖြစ်လာရင် ကိုယ့်တစ်ကိုယ်စာ ဘ၀ရပ်တည်နိုင်မှု အတွက် အလုပ်တစ်ခုတော့ လုပ်ရတယ်ဆိုတာ ခေါင်းထဲ ၀င်လာတယ်။ အဲဒီအခါ ကိုယ့်မှာ သမ္မာအာဇီဝ ကျတဲ့ အလုပ်ကလေး တစ်ခု ရှိနေတာ ကျေးဇူးတင်စရာပဲဆိုတာ သိလာတယ်။ ဒီအလုပ်ကလေးကလည်း ကိုယ့်တစ်ကိုယ်စာ ရပ်တည်နိုင်မှုအပြင် မိဖတွေကို အလုပ်အကျွေးပြုနိုင်တယ်၊ ကိုယ်တတ်နိုင်သမျှ အလှူအတန်းလေးတွေလုပ်နိုင်ဖို့ ထောက်ကူပေးတယ်ဆိုတော့ အလုပ်သွားရမှာ ပျင်းတဲ့စိတ်တွေ အလိုလို ထွက်ပြေးသွားကြတယ်။

ဒါပေမယ့် ဒီထက်မက ဘယ်လိုချမ်းသာဖို့ ဘယ်လိုပိုက်ဆံရဖို့ ဘယ်လိုစီးပွားရေးမျိုးတွေလုပ်ဖို့ သူငယ်ချင်းတွေ စုပြောနေတာကြားရင် ကိုယ်နဲ့ မဆိုင်သလို နေလိုက်တာကများတယ်။ မချမ်းသာချင်ဘူးလား၊ ချမ်းသာရင် နင် အခုလုပ်နေတဲ့ အလှူမျိုး ဒီထက်မက လုပ်နိုင်တာပေါ့လို့ သူငယ်ချင်းတွေက ပြောတယ်။ ကိုယ့်မှာ ပိုက်ဆံရှိလေ ကိုယ်လုပ်ချင်တာ လုပ်နိုင်တဲ့ အခွင့်အရေး ရလေလို့လည်း ပြောကြပြန်တယ်။ မရွှေစု ကိုယ်ပြောချင်တဲ့ စကားလေး ပြန်မျိုချလိုက်တယ်။

ဟိုးငယ်ငယ်တုန်းက မုံ့စားချင်တော့ အစ်ကိုဝမ်းကွဲတစ်ယောက်ဆီ မှာ မုံ့ဖိုးတောင်းဖူးတယ်။ ငါ့ရှိတာ ငါ့ညီမ တစ်ဝက် ရရမှာပေါ့လို့ အစ်ကိုကပြောရင်း သူ့ အိတ်ကပ်စမ်းလိုက်တော့ ပိုက်ဆံ ၁၀ ထွက်လာတာ ကိုယ့်ကို ၅ကျပ် ပေးလိုက်တယ်။ ခုနေခါ အစ်ကိုက သိန်းထောင်ပေါင်းများစွာ ချမ်းသာနေပြီ။ ငါ့ရှိတာ ငါ့ညီမ တစ်ဝက်လို့ သူပြောမှာ မဟုတ်တာတော့ သေချာပါတယ်။ ချမ်းသာရင် ပိုလှူနိုင်တယ်ဆိုတာ လူတိုင်းအတွက် မမှန်ဘူးလို့ ထင်တယ်။ လူဆိုတာ ရှိလာလေ ပိုရှိလာချင်လေ ရလာလေ ပိုရလာချင်လေ ဆိုတဲ့ လောဘသားဆိုတာ မေ့မထားသင့်ဘူး။ မရွှေစု တအား ချမ်းသာလာရင်ကော ကိုယ့်ရှိတာ ဒီထက်တိုး လှူမလား မသေချာပြန်ဘူး။ မာနတွေ လောဘတွေ ဒီထက် ပိုလာအုံးမလားလဲ မဆိုနိုင်ပြန်ဘူး။ ဥပမာ- ဒေါ်လာတစ်သန်းရတယ်ထား.... စိတ်ကူးထဲမှာတင် အဝေမတည့်တော့ဘူး။ လူဆိုတာ အသင့်အတင့် ပြည့်စုံမှလည်း ကိုယ်အလိုရှိရာ တချို့အရာတွေကို လုပ်နိုင်မယ်လို့ ယုံကြည်ပေမယ့် လူချမ်းသာတာလာတာနဲ့အမျှ စိတ်သဘောကောင်းလာမှု စိတ်ထားမြင့်မြတ်လာမှု စိတ်ချမ်းသာမှု တိုးတက်တာတွေ  Directly Proportional ကျမယ်လို့လည်း မထင်ပြန်ဘူး။

ဒီတော့ လောကမှာ ဘ၀အဓိပ္ပာယ်ပြည့်စုံဖို့ အလုပ်လုပ်ရမယ်၊ ကိုယ်ရတဲ့ ပိုက်ဆံကိုလည်း တတ်နိုင်သမျှ ဝေမျှရမယ်။ ဒါပေမယ့် တအား မချမ်းသာချင်ဘူး။ မရွှေစုဟာ တရား မပြည့်သေးတဲ့ သူ၊ လောဘ ဒေါသ မောဟ အလယ်မှာ နေ နေရတဲ့သူမို့ လက်ရှိ မရွှေစုဘ၀ အတိုင်းလေးပဲ ကောင်းပါတယ်လို့ ထင်နေမိပြန်ပါပကော...။


စုချစ်
ည၁၀း၃၅မိနစ်
၂၅၊၀၈၊၂၀၁၂

+++++

Tuesday, August 14, 2012

ထူးအိမ်သင် ၈ နှစ်ပြည့် အမှတ်တရ အလွမ်း....

ထူးအိမ်သင် ၈ နှစ်ပြည့် အမှတ်တရ အလွမ်း.... 
၁၄ - ၀၈ - ၂၀၁၂
ရုတ်တရက်ပဲ
ငါ… ကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ သက်တံလိုပါလား… ။
ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့ … ။ ။

ထူးအိမ်သင်

Wednesday, July 18, 2012

၁၉ ဂျူလိုင်

လွန်ခဲ့သော နှစ်ပေါင်း ၅၀ တိတိ က ရန်ကုန် သတင်းစာ 
(၁၉ ဂျူလိုင် ၁၉၆၂ ကြာသပတေးနေ့)
၁၅နှစ်မြောက် အာဇာနည်နေ့ အထူးအဖြစ် ထုတ်ဝေသော သတင်းစာ

 ၁၉၆၂ ဇူလိုင်လ ရန်ကုန် သတင်းစာမှာ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ သတင်းများကို ဓါတ်ပုံများနဲ့ ဝေေ၀ဆာဆာ ဖေါ်ပြထားတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို အထူးသဖြင့် ဖေါ်ပြထားပြီး အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုများ အကြောင်းကိုလည်း ဓါတ်ပုံများနဲ့ သတင်းသွားယူ ဖေါ်ပြထားတာကို တွေ့ရပါတယ်။

အဲဒီသတင်းစာမှာ ကျန်ရစ်သူ မိသားစုများ၏ လက်ရှိအခြေအနေဆိုပြီး ခေါင်းစဉ်ကြီး တတ် ဖေါ်ပြထားတာကိုလည်း ဖတ်ရှုရပါတယ်။ အာဇာနည် များရဲ့ ကျန်ရစ်သူ မိသားစု များ  ဘယ်မှာ နေထိုင်ကြတယ်၊ ဘယ် မိသားစုက ကလေး ဘယ်နှစ်ယောက်ရှိတယ်၊ ကလေးများ ဘယ်အတန်းများ ရောက်နေပြီ ဖြစ်တယ် စသဖြင့် မိသားစု အခြေအနေများကို ရေးပြထားတဲ့ အပြင် ဘယ်မိသားစု က ပိုက်ဆံ ဘယ်လောက် ရှိလို့ ဘာ စီးပွားရေးလုပ်တယ်၊ ဘယ်လို အမွေခွဲတယ်ဆိုတာတွေကအစ သတင်းယူ ဖေါ်ပြထားတာကို ထူးဆန်းစွာ လေ့လာတွေ့ရှိ ရပါတယ်။

၁၉၆၂ ခုနှစ် ဆိုတာ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းတဲ့နှစ်...။ အဲဒီနှစ်ရဲ့ ဇူလိုင် ၁၉ ရက် ဆိုတာ အာဏာသိမ်း စစ်အစိုးရရဲ့ လက်နက်ကိုင် စစ်သားတွေက တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဖြိုဖျက်ခဲ့ပြီး ကျောင်းသားတွေကို ပစ်ခတ်ခဲ့ အပြီး ရက်ပိုင်း အတွင်းပေါ့။ 

စိတ်ဝင်စားစရာ သမိုင်းဝင် သတင်းစာ ဟောင်း တစ်ခု ရဲ့ ပုံရိပ်များပါ။



၁၉၄၇ ဇူလိုင်လ အာဇာနည် ဈာပန



အတွင်းဝန်ရုံးရှိ ဗိုလ်ချုပ်အောင်ဆန်း ရုံးခန်း

ဗိုလ်ချုပ်အောင်ဆန်း မိသားစု
 သခင်မြ ဇနီး

  ဒီးဒုတ်ဦးဘချို မိသားစု

 ဦးဘ၀င်း မိသားစု
    
ဦးရာဇတ် မိသားစု

မန်းဘခိုင် မိသားစု



အာဇာနည်နေ့ အထူး ကာတွန်းများ