Thursday, December 9, 2010

RIT Alumni Singapore Re-Union & Saya Pu Zaw Pwe

RIT Alumni Singapore Re-Union & Saya Pu Zaw Pwe

19 December 2010 (Sunday)


စက်မှုတက္ကသိုလ် မေဂျာပေါင်းစုံမှ ကျောင်းသား ကျောင်းသူ ဟောင်းများရဲ့ မိတ်ဆုံစားပွဲ နဲ့ ဆရာပူဇော်ပွဲ အခမ်းအနားကို ၂၀၁၀ ဒီဇင်ဘာလမှာ စင်ကာပူနိုင်ငံမှာ ကျင်းပမယ် ဖြစ်ပါတယ်။

၂၀၁၀ စင်ကာပူ မိတ်ဆုံစားပွဲ နဲ့ ဆရာ ပူဇော်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ အနှံ့အပြားကို ရောက်နေကြတဲ့ စက်မှုတက္ကသိုလ် မေဂျာပေါင်းစုံမှာ ပညာသင်ကြားပေးခဲ့ကြသော ဆရာ ဆရာမ ပေါင်း ၁၇၀ နီးပါးခန့်ကို ဖိတ်ကြားထားတယ်လို့ သိရှိရပါတယ်။ ဆရာ ဆရာမများ စာရင်းကို RIT Alumni Singapore web site မှာ ကြည့်ရှုနိုင်ပါတယ်။

ဆရာ ပူဇော်ပွဲ သို့ တက်ရောက်ကြမည့် ဖိတ်ကြားထားသော ( အထူးသဖြင့် မြန်မာနိုင်ငံ မှ ) ဆရာ ဆရာမ များသည် ဒီဇင်ဘာလ ၁၇ရက် သောကြာနေ့ တွင် နေ့လည် လေယာဉ်၊ ည လေယာဉ်များဖြင့် စင်ကာပူနိုင်ငံကို ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။ မိမိတို့ ဆရာ ဆရာမ များကို လေဆိပ်များတွင် ကြိုဆိုချင်ကြသူများ မိမိတို့ ဆရာများ မည်သည့် လေယဉ် ခရီးစဉ်မှာ လိုက်ပါကြကြောင်းကို သက်ဆိုင်ရာ မေဂျာအလိုက် ကော်မတီဝင်များထံမှာ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။ ဆရာ ဆရာမများသည် ဒီဇင်ဘာ ၁၇ရက်နေ့ တွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိကြမည် ဖြစ်ပြီး ဒီဇင်ဘာ ၂၀ရက်နေ့တွင် စင်ကာပူနိုင်ငံမှ ပြန်လည် ထွက်ခွာကြမည်ဟု သိရှိရပါသည်။

ဆရာ ဆရာမများ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေစဉ် တည်းခိုမည့် ဟော်တယ်လိပ်စာကတော့...
Hotel Grand Chancellor Singapore
3 Belilios Road Singapore 219924
ဖြစ်ပါတယ်။

၁၈ရက်နေ့ မနက်မှာတော့ RIT Alumni Singapore အဖွဲ့သားများမှ ဆရာ ဆရာမများအတွက် Singapore City Tour လိုက်ပို့ရန် စီစဉ်ထားသည်ဟု သိရှိရပြီး နေ့လည်ပိုင်းမှာတော့ သက်ဆိုင်ရာ မေဂျာအလိုက် တွေ့ဆုံပွဲများ ပြုလုပ်ကြမည်ဟု သိရှိရပါတယ်။ သက်ဆိုင်ရာ မေဂျာအလိုက် web page စာမျက်နှာများတွင် လည်းကောင်း မိမိနှင့် နီးစပ်ရာ သူငယ်ချင်းများထံမှ လည်းကောင်း မေးမြန်း စုံစမ်းနိုင်ကြပါတယ်။

EE Major မှ ၁၈ ရက်နေ့ နေ့လည် ၂နာရီတွင် Burmese Buddhist Temple, Toa Payoh တွင် EE Major တွေ့ဆုံ ကန်တော့ပွဲ ပြုလုပ်မည်ဟု သိရပါတယ်။

EE Gathering Tentative Agenda
a) 2:00 pm - Offering of Robes & Requisites to Sanghas (by Sayas and Alumni)
b) 2:30 pm - Paying of Respect to Sayas (by Alumni)

c) 2:45 pm - Words of Appreciation and Joy (by 3 Sayas, representing all)

d) 3:00 pm - Meet and Greet Our Saya (free and easy for all)

e) 5:00 pm - End of program

(The timing is subject to change, depending on the traffic situation)
All EE Alumni are warmly invited. Please help to spread this news.

၁၉ ရက်နေ့ မေဂျာပေါင်းစုံ တွေ့ဆုံ ကန်တော့ပွဲ အစီအစဉ် မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

19 December 2010 (Sunday) - Ceremony

၁) စက်မှု တက္ကသိုလ် မေဂျာ ပေါင်းစုံ ဆရာ ကန်တော့ပွဲ အစီအစဉ်
နေ့ရက် - ၁၉ ဒီဇင်ဘာ ၂၀၁၀
အချိန် - မနက် ၉ နာရီမှ ၁၂ နာရီ
နေရာ - Auditorium, Informatics Campus
10 & 12 Science Center Road
Singapore 609080
Nearest MRT Station: Jurong East
(Within walking distance to Informatics)
Bus Nos Near Informatics Campus: 51, 78, 79, 97, 143, 197,& 1

၂) စက်မှု တက္ကသိုလ် မေဂျာ ပေါင်းစုံ မိတ်ဆုံစားပွဲ အစီအစဉ် (Re-union Dinner)
Dinner Tickets are on SALE @ S$ 75/- only
နေ့ရက် - ၁၉ ဒီဇင်ဘာ ၂၀၁၀
အချိန် - ညနေ ၅း၃၀ နာရီမှ ၁၀း၃၀ နာရီ
နေရာ - Orchid Country Club (OCC)
1 Orchid Club Road
Singapore 769162
Tel: (65) 67559811

Note :
Free shuttle buses at 15 mins intervals (arranged by OCC) from Yishun MRT to OCC & OCC to Yishun MRT, morning till 11 pm.
Free return buses from OCC to Yishun MRT & to Jurong East MRT from 10:30 pm onwards (arranged by RIT Alumni Singapore Organising Committee).


Dinner tickets များကို သက်ဆိုင်ရာ ကော်မတီ မန်ဘာများ ထံမှာ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

တနိုင်ငံထဲနေတာတောင်မှ မတွေ့ မဆုံနိုင်၊ ကွဲကွာ နေကြတဲ့ သူငယ်ချင်းများနဲ့ တစုတစည်းတည်း ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ကြရမှာဖြစ်ပြီး ဝေးရပ်မြေမှ မိမိတို့ ကျေးဇူးရှင် ဆရာ ဆရာမများကို အတူတကွ ကန်တော့ရမယ့် ဒီကြုံတောင့်ကြုံခဲ ပွဲကြီးကို မပျက်မကွက် ဆင်နွှဲကြပါစို့လား....။

Ref:
Civil Major Web page
EE Major Web page
RIT Alumni Singapore ( Main Committee )

*********

Saturday, November 20, 2010

IP Man နှင့် မရွှေစုအတွေးများ

IP Man နှင့် မရွှေစုအတွေးများ

Image Source

မနေ့ညက ဘူကစ်ဘတုတ် အမ်အာတီဘက်ကို လမ်းလျှောက်ရင်း လမ်းဘေးကွင်းပြင်ကျယ်မှာ ရုပ်ရှင်ပြနေတာတွေ့လို့ ခဏတဖြုတ် ရပ်ကြည့်မိတယ်။ မရွှေစုက ရုပ်ရှင်ဆို တော်ရုံမကြိုက်တာမို့ ခဏဆိုပြီး ရပ်ကြည့်ပေမယ့် ရုပ်ရှင်က ဆွဲဆောင်မှုကြောင့် စိတ်ဓါတ်တက်ကြွလာတာနဲ့ အပြီးအထိ ကြည့်မိတော့တယ်။

ဘာကားလဲလို့ စပ်စုကြည့်မိတော့ IP man 2 တဲ့။ လက်ဝှေ့ကားတွေဆို ပိုလို့တောင် မကြည့်တတ်တဲ့ မရွှေစုကို ဒီကားလေးကတော့ အပြီးထိ ကြည့်မိအောင် ဆွဲဆောင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထဲက လူတစ်ယောက်ဖြစ်တဲ့ မရွှေစုရဲ့ basic instinct က မတရားတာကို မခံစားနိုင်လို့ပါပဲ။ အဲဒီ မတရားတာကို မခံစားတတ်တဲ့ အသိစိတ်ဓါတ်ကလည်း အမေစုပြောသလို နိုင်ငံရေးတမျိုးပဲ မဟုတ်ပါလား။

**********

မရွှေစုတို့ စကြည့်တဲ့အချိန်မှာ ရုပ်ရှင်က အလယ်လောက် ရောက်နေပါပြီ။ ဟောင်ကောင် ဖိုက်တာမင်းသားကြီးဟုတ်ချင်းပေါင်နဲ့ နိုင်ငံခြားသား လက်ဝှေ့သမား လက်ဝှေ့ထိုးနေကြတဲ့အခန်း။ နိုင်ငံခြားသား လက်ဝှေ့သမား Twister ရဲ့ သရော်မော်ကား ပြောစကားများနဲ့ မတရားစော်ကားမှုကို မခံနိုင်လို့ ရှုံးမယ်မှန်းသိရက်နဲ့ မိမိယုံကြည်မှုကို သေတဲ့အထိ ဖက်တွယ်ပြီး သတ္တိရှိရှိ တုန့်ပြန်ခဲ့တဲ့ ဟုတ်ချင်းပေါင်။ သတင်းမှန်ကို ရေးမိလို့ အဲဒီအချိန်က အုပ်စိုးနေတဲ့ မျက်နှာဖြူဟောင်ကောင်ပုလိပ်ရဲ့ မတရားနှိပ်စက်မှုကိုခံရတဲ့ သတင်းသမား။ လက်ဝှေ့ပွဲမှာ မတရားသဖြင့် အသေထိုးသတ်ခဲ့လို့ သေခဲ့ရတာကို မတော်တဆ ဖြစ်တာပါလို့ အရှက်မရှိ ပြောင်ညာတဲ့ သတင်းစာရှင်းလင်းပွဲ။ ပြီးတော့ Twister ရဲ့ သူတပါးကို အထင်အမြင်သေး မလေးမစား မရိုးသားတဲ့ အောက်တန်းကျကျ စိန်ခေါ်မှု။ အော်... လောကကြီးမှာ Twister လိုလူမျိုးတွေ အများကြီးရှိနေတယ်ဆိုတာ မရွှေစုတို့လည်း သိထားသားပဲ။ အဲဒါတွေကိုကြည့်ပြီး မရွှေစုဟာ ရုပ်ရှင်ကြည့်နေတဲ့သူ တစ်ယောက် မဟုတ်တော့ပါဘူး။ ရင်ထဲမှာ အော်ဂလီဆန် မုန်းတီးစက်ဆုတ်မှုတွေ အပြည့်နဲ့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်လို့။ မရွှေစုမျက်လုံးထဲမှာ ကြည့်နေတဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်မဟုတ်တော့ဘူး။ ရုပ်ရှင်ကို ကိုယ်စားပြုပြီး အပြင်မှာ တကယ်ဖြစ်နေတာတွေက အရိပ်အနေနဲ့ ရင်ထဲထိရောက်လာတယ်။

IP man က Twister ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး လက်ဝှေ့ထိုးတဲ့နေ့ကို ရောက်လာတယ်။ ဒိုင်လူကြီးက to the corner လို့ အင်္ဂလိပ်လိုပြောတာကို ချက်ချင်းမတုံ့ပြန်တော့ ၀ိုင်းဝန်းလှောင်ရယ်ရယ်ကြတဲ့ မျက်နှာဖြူ ပရိတ်သတ်ဟာ ရေပေါ်ဆီ လူအချို့ကို ကိုယ်စားပြုနေတယ်။ Twister ရဲ့ ဘယ်သူ့ကိုမှ ထီမထင် ရက်စက်ကြမ်းကြုတ်လှတဲ့ မျက်လုံးတွေနဲ့ ပေါ့ပျက်ပျက်မျက်နှာဟာ လောကကြီးထဲက မရိုးမသား ကောက်ကျစ်တဲ့ လူတန်းစားတစုကို ကိုယ်စားပြုနေတယ်။ ပွဲကြည့်စင်အောက်က စိုးရိမ်ကြောက်လန့်မှု မျက်ဝန်းတွေနဲ့ IP man ကို အားကိုးတကြီး ကြည့်နေကြတဲ့ပရိတ်တွေက ပြည်သူလူထုကို ကိုယ်စားပြုနေတယ်။ မွေးကင်းစသားငယ်ကို ပိုက်ပြီး၊ သားကြီးနဲ့အတူ မျှော်လင့်ချက်အပြည့်နဲ့ လက်ဝှေ့ပွဲကို စောင့်ကြည့်နေတဲ့ မိခင်ဟာ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းကို စောင့်ရှောက်လျက်ရှိတဲ့ မိခင်နိုင်ငံကို ကိုယ်စားပြုနေတယ်။

IP man ရဲ့ ရဲရင့်သတ္တိအပြည့်နဲ့ တည်ငြိမ် အေးချမ်း ရိုးသားတဲ့ အကြည့်ဟာ မရွှေစုရင်ထဲက သူရဲကောင်းများကို ကိုယ်စားပြုနေပါတယ်။ လက်ဝှေ့ပွဲက စပါပြီ။ IP man ဟာ ရက်စက်ပြီး ညှာတာမှုမရှိတဲ့ Twister ရဲ့ လက်သီးမိုးများကြားမှာ ခဏခဏ လဲကျခဲ့တယ်။ ဒါပေမယ့် သူဟာ ကြိုးဝိုင်းအတွင်းက ခွင့်ပြုထားတဲ့ ဂဏန်း အရေအတွက် ၉ခု မတိုင်ခင် မဆုတ်မနစ်သော ဇွဲသတ္တိအပြည့်နဲ့ ပြန်ထနိုင်အောင် ကြိုးစားခဲ့တယ်။ ဟုတ်တယ်။ မရွှေစုတို့ ဘ၀မှာလည်း ဒီလိုပဲ ခဏ ခဏ လဲကျကြမှာပဲ။ လောကကြီးက ခွင့်ပေးထားတဲ့ အချိန်အတိုင်းအတာအတွင်း သတ္တိရှိရှိ ပြန်ထနိုင်အောင် ကြိုးစားကြရမှာပဲ။ အဲသလိုမှ ပြန်မထနိုင်ရင် မရွှေစုတို့ဟာ အဲဒီလက်ရှိကြိုးဝိုင်းမှာ အရှုံးနဲ့ ရင်ဆိုင်ကြရတော့မှာပဲ။ IP man ဟာ ကောက်ကျစ်တဲ့ Twister ကို ဖြောင့်ဖြောင့်မှန်မှန် ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တယ်။ မရွှေစုတို့လည်း ဘယ်သူက ဘယ်လိုပဲ ကောက်ကျစ်ပစေ ကိုယ့်ဘက်က ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံကြရမှာပဲ။

ဥပဒေဟာ အာဏာရှိသူတွေရဲ့ လက်ထဲမှာ ရှိတယ်လို့ ပြောကြတဲ့အတိုင်း ပွဲရပ် အချက်ပေးခေါင်းလောင်းထိုးပြီးမှ အခွင့်ကောင်းယူပြီး လက်သီးနဲ့ထိုးတဲ့ Twister ကို ဒိုင်လူကြီးတွေက အရေးမယူကြဘူး။ ဒီလိုပဲ လောကကြီးမှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ သဘာဝမကျစွာ မတရားမှုတွေက တခါတခါ ကိုယ့်ကို အလစ်ချောင်းပြီး လာတိုက်ခိုတ်တတ်တာကို သတိပြုရမယ်။ IP man ကိုတော့ ကြိုးဝိုင်းအတွင်း ခြေထောက်နဲ့ ကန်တာ ခွင့်မပြုဘူးလို့ ပိတ်ပင်ပါတယ်။ IP man ဟာ သူတို့ တောင်းဆိုတာကို ဘာမှ စောဒက မတက်ဘူး။ ရဲရင့်မှန်ကန်တဲ့ သူရဲကောင်းတွေဟာ နောက်ဆုံးမှာ အောင်မြင်မှု ရကြတယ်ဆိုတဲ့ လောကကြီးရဲ့ နိယာမအတိုင်း သူဟာ ကောက်ကျစ်တဲ့ Twister ကို မှန်မှန်ကန်ကန် အနိုင်ရရှိခဲ့တယ်။

မရွှေစု အကြိုက်ဆုံးကတော့ အနိုင်ရရှိတဲ့ IP man ပြောခဲ့တဲ့ စကားလေးတွေပါပဲ။ Twister ဟာ တရုတ်လူမျိုးတွေကို သူနဲ့ ပြိုင်ဖို့ စိန်ခေါ်တဲ့အခါ အနောက်တိုင်းလက်ဝှေ့ ဘယ်လောက်ကောင်းကြောင်း မင်းတို့ ငနုံငအတွေ သိစေရမယ်။ အသုံးမကျတဲ့ မင်းတို့ တရုတ်သိုင်း အဖြစ်မရှိကြောင်း သိစေရမယ်လို့ သရော်မော်ကား ပြောခဲ့တယ်။ IP man က သူအနိုင်ရရှိတဲ့အခါ Twister စကားကို ချေပဖို့ ခေါင်းထဲမှာ မရှိခဲ့ပါဘူး။ သူ ပြောခဲ့တာကတော့....

I didn't come here today to prove which is better, Chinese or Western Boxing.
Although people have different status in life, I don't believe that one person integrity is worth more than another.
I hope we can start to respect each other.


တဲ့။

အဲဒီအခါ ခုနက သူ့ကို ၀ိုင်းဝန်းလှောင်ပြောင်ခဲ့ကြတဲ့ မျက်နှာဖြူပရိတ်သတ်ဟာ မနေသာတော့ပဲ နေရာကထ မတ်တတ်ရပ်ပြီး အားလုံးလက်ခုတ်ဝိုင်းတီးကြပါတယ်။ မရွှေစုဟာလည်း ယောင်ရမ်းပြီး လက်ခုတ်တွေတီးနေမိတယ်။ ဟုတ်တယ်။ မရွှေစုတို့ဟာ ကိုယ်နဲ့ စိတ်ဓါတ်ချင်းမတူတဲ့သူတွေရဲ့ အပြောကို အရေးယူပြီး ချေပနေဖို့ မလိုဘူး။ ကိုယ်သွားတဲ့ လမ်းစဉ်အတိုင်း ကိုယ့်စံအတိုင်း ဖြောင့်ဖြောင့်မှန်မှန် ရိုးရိုးသားသား နေသွားကြဖို့ပဲ အရေးကြီးပြီး ခွင့်လွှတ်တတ်တဲ့ သူမျိုး ဖြစ်နိုင်ရမယ်။

**********

အော်... အဲဒီလိုများ မရွှေစုတို့ လူသားတွေ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် လေးစားတတ်ကြမယ်ဆိုရင် လောကကြီးမှာ ဘယ်လောက်များ စိတ်ချမ်းသာစရာ ကောင်းလိုက်မလဲလို့...။

Ref: IP Man 2 Movie

စုချစ်
၂၀ နိုဝင်ဘာ ၂၀၁၀

**********

Monday, November 15, 2010

ရင်ထဲရောက်သော အမေစု စကားများ

ရင်ထဲရောက်သော အမေစု စကားများ
(၁၄-၁၁-၂၀၁၀ မိန့်ခွန်းမှ ကောက်နှုတ်ချက်)

Photo - from Reuters

နိုင်ငံရေးဆိုတာ သင်ယူရမယ်။
လောကမှာ လူကောင်း လူဆိုးရှိတယ်လို့ အယုံကြည်မရှိဘူး။
လူတော် လူညံ့ ရှိတယ်လို့လည်း အယုံအကြည်မရှိဘူး။

သင်လို့ရတဲ့သူနဲ့ သင်လို့ မရတဲ့လူ ရှိတယ်လို့ပဲ ယုံကြည်တယ်။


တာဝန်ကိုမကြောက်ဘူး။
တာဝန်မကျေမှာကိုပဲ ကြောက်တယ်။


တစ်ယောက် နဲ့ တစ်ယောက် အမြင်ချင်းဖလှယ်တတ်အောင် လေ့ကျင့်ယူရမယ်။

ချစ်တယ်ဆိုတာ တစ်ဦးပေါ်တစ်ဦး စိတ်ချမ်းသာအောင် လုပ်ပေးချင်တဲ့ ဆန္ဒရှိပြီးတော့ အဲဒီ ဆန္ဒအရလုပ်မှ တကယ် ချစ်ရာရောက်ပါတယ်။

ပင်ပန်းတာကကိစ္စမရှိဘူး။ ကိုယ့်ရဲ့ အားတွေကို ပင်ပန်းရကျိုးနပ်ဖို့ အသုံးချဖို့ အရေးကြီးတယ်။

ဝီရိယ ကို ထပ်တလဲလဲ အားထုတ်ရမယ်။
အလုပ်တစ်ခုဆိုတာ ပြီးတယ်မရှိဘူး။

ဒီလောကကြီးမှာ ပကတိ ကျေနပ်စရာဆိုတဲ့ အခြေအနေဆိုတာ ဘယ်တော့မှ မရှိဘူး။
သို့သော်လည်း ကျေနပ်စရာအခြေအနေ အတိုင်းအတာတစ်ခုထိရောက်ဖို့တော့ လိုကိုလိုတယ်။
အဲဒီကျေနပ်စရာအခြေအနေ အတိုင်းအတာ ရောက်ဖို့တော့ အားလုံးဝိုင်းကြိုးစားရမယ်။

တစ်ယောက်ထဲလုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။

သတ္တိဆိုတာ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စဖြစ်မြောက်အောင်လို့ အပင်ပန်းခံပြီး လုပ်တာဟာ သတ္တိပဲ။
အဲဒီလို သတ္တိမျိုး မွေးရမယ်။
တကယ့် သတ္တိဆိုတာ နေ့တဓူဝ လုပ်နေရမှာ။
မနက်မိုးလင်းတာနဲ့ ဒီကနေ့ တနေ့ကို ရင်ဆိုင်ဖို့ သတ္တိတွေ ထုတ်နေကြရတာပဲ။

နိုင်ငံရေးက ဒို့နဲ့ မဆိုင်ဘူးလို့ ပြောနေတာဟာ နိုင်ငံရေးဆိုတာ ဘာလဲ နားမလည်လို့ ပြောနေကြတာပဲ။

ဒီမိုကရေစီမှာ ရှေ့ကလုပ်နေတဲ့သူတွေကို နောက်ကလူတွေကထိန်းနိုင်ရမယ်။ ထိန်းပိုင်ခွင့်ရှိရမယ်။
အများပြည်သူတွေက လူနည်းစုဖြစ်တဲ့ အုပ်ချုပ်တဲ့သူတွေကို ထိန်းပိုင်ခွင့်ရှိရမယ်။


ကျေးဇူးသိတတ်တဲ့သူဆိုတာ ရှားတယ်လို့ ပြောကြတယ်။
ကျေးဇူးသိတတ်ပြီး အချင်းချင်းကို တန်ဖိုးထားတတ် နိုင်ရမယ်။


ရှေ့ကလူကလည်း နောက်ကလူကို သိတတ်မှု နားလည်မှုရှိရမယ်။

နောက်ကလူကလည်း ရှေ့ကလူကို နားလည်မှု သည်းခံမှု ရှိရမယ်။


ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ ရတာပဲ။
ဘယ်သူနဲ့မှ စကားပြောလို့ ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာမျိုး မရှိဘူး။


လူတိုင်းက တသဘောထဲ မဖြစ်နိုင်ဘူး။
သဘောမတူတာကို လက်ခံနိုင်တာလည်း ဒီမိုကရေစီရဲ့ သဘောတရားတစ်ခုပဲ။

ယုံကြည်မှု၊ နားလည်မှု၊ ထောက်ခံမှု ရအောင် ယူရမယ်။

သဘောမတူတာကို ရအောင် စည်းရုံးယူရမှာပဲ။


လက်တွဲလုပ်လို့ မနစ်နာစေရဘူးလို့တော့ အာမ မခံနိုင်ပါဘူး။
ကိုယ်လိုချင်တဲ့ အရာတစ်ခုကို လိုတော့ လိုချင်ပါတယ်။
အနာတော့ မခံနိုင်ပါဘူးလို့တော့ ခံယူထားလို့ မရဘူး။

ဒါပေမယ့် ပြည်သူလူထု အနည်းဆုံး နာတဲ့နည်း၊ အတတ်နိုင်ဆုံးမထိခိုက်တဲ့နည်းလမ်းတွေကို ရှာပြီး အလုပ်လုပ်ပါ့မယ်။


အမှားနဲ့ အမှန်ကို ခွဲခြားပြီး သိရမယ်။
အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။

အမှားနဲ့ အမှန်ဆို တချိန်နဲ့ တချိန် တူတာမဟုတ်ဘူး။

အချိန်တွေ ပြောင်းသလို အခြေအနေတွေ ပြောင်းတတ်တယ်။

လုပ်သင့် မလုပ်သင့်တာကို ဆင်ခြင်ပြီးတော့ ကိုယ့်ရဲ့ လိပ်ပြာ ကိုယ်လုံစေရမယ်။

ဗိုလ်ချုပ်ပြောခဲ့ဖူးသလို ကိုယ့်လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ မားမားမတ်မတ် ရပ်ပြီးတော့ နေ့တိုင်း အစစ်ခံရဲကြပါစေ။

အဲဒီအခါ ကိုယ်ဟာ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်နေသလားဆိုတဲ့ အဖြေဟာ ပေါ်လာပါလိမ့်မယ်။


အင်အားဆိုတာ မှန်မှန်ကန်ကန် မသုံးရင် အန္တရယ်ပါပဲ။
မှန်မှန်ကန်ကန်သုံးထားတဲ့ အင်အားရဲ့ အာနိသင်ကို ဘယ်သူမှ ဖြိုလို့ မရဘူး။


လိုချင်နေရုံနဲ့ ရမှာမဟုတ်ဘူး။ လိုချင်တာရအောင် လုပ်တတ်မှ၊ လုပ်ရဲမှ ၊ လုပ်နိုင်မှ ရမှာ။

လူအခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တဲ့အတွက် ရုန်းကန်နေတာပဲ။
ပုဂ္ဂိုလ်ရေးအတွက် လုပ်နေတာ မဟုတ်ဘူး။

ဘယ်သူ့ကိုမှ မုန်းတီးနေဖို့ အချိန်မရှိဘူး။


လူတစ်ယောက်ရဲ့ ကျေးဇူးကိုဖော်ထုတ်ရတာ အင်မတန်မှ အားရစရာကောင်းတယ်။

အင်မတန်မှ ကျေနပ်စရာကောင်းတယ်။


လူအခွင့်အရေး ကြေငြာစာတမ်းမှာ လူတိုင်း လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာရှိတယ်လို့ စဖွင့်တယ်။
အဲဒီအခွင့်အရေးတွေနဲ့ ကိုက်ညီတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။


လက်ဖြန့်ပြီးတော့ တောင်းချင်တဲ့စိတ်မရှိဘူးလို့ ယုံကြည်တယ်။

*******************


Wednesday, November 10, 2010

ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ

ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ


ဦးကျော်ဦးပြုစုသည့် ဗန်းမော်ဆရာတော်၏ ဟာသ-ရသ ကဗျာ-ပုံပြင်များ စာအုပ်ကလေး ကို ဘလော့ဖတ်လာ မိတ်ဆွေများ အားလုံး ဖတ်ကြရနိုင်အောင် pdf လေး လုပ်ပြီး တင်ပေးလိုက်ပါတယ်။

စာမေးပွဲရှိတဲ့ ကြားက စာကူညီ ရိုက်ပေးတဲ့ ညီမလေးကို ကျေးဇူးအထူးတင်ပါကြောင်း...။

မေတ္တာဖြင့်
စုချစ်