Wednesday, October 23, 2013
ဧရာဝတီမှ မဲခေါင်သို့ .... ၁
ဆီးရိဗ်မြို့ထဲဝင်လာတော့ ည၉နာရီထိုးလုပါပြီ၊ ကျွန်မတို့စီးလာတဲ့ကား မဲခေါင်ဘတ်စ်ကားဂိတ်ထိုးရပ်လိုက်တဲ့အချိန်မှာပဲ ကျွန်မတို့တည်းမဲ့ဟော်တယ်အမှတ်တံဆိပ်နောက်ခံနဲ့ ကျွန်မနာမည်ရေးထားတဲ့ ဘုတ်ပြားကို မြှောက်ကိုင်ပြီး မော့ကြည့်နေတဲ့ သူ့ကို စတွေ့လိုက်ရပါတယ်။ မူလဘူတ ခမာလူမျိုးတို့ပုံစံ အသားခပ်ညိုညို အရပ်ခပ်ပြတ်ပြတ် မေးရိုးခပ်ချိုင့်ချိုင့်၊ ဝတ်စားထားတာက အနည်းငယ်ညှိုးနွမ်းနေပေတဲ့ အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ်ရှိအောင် နေထိုင်တတ်ပုံရတယ်။ ကျွန်မအမျိုးသားက ဟိုင်း... လို့ သူ့ကို စတင်နှုတ်ဆက်စဉ်မှာပဲ လက်ထဲက ခရီးဆောင်အိတ်ကို ကူညီဆွဲယူရင်း နေလောင်ထားတဲ့ အသားညိုညစ်ညစ်မျက်နှာပေါ်က ဖွေးဖြူနေတဲ့ သူ့သွားတွေကို အစွမ်းကုန်ဖော်ပြုံးလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။
မဲခေါင်ကားဂိတ်နဲ့ ဟော်တယ်ဟာ တုတ်တုတ်နဲ့ နာရီဝက်လောက် သွားရပါတယ်။ မှောင်မှောင်မဲမဲ ဆီးရိဗ်မြို့လေးထဲ ဖြတ်သန်းရင်း ကျွန်မရင်ထဲ အနည်းငယ်လှုပ်ရှားမိတယ်၊ Gateway to the Angkor-era လို့ တင်စားထားတဲ့ ဒီမြို့ဟောင်းလေးထဲကို ခြေချမိတာ ရှေးနှစ်ပေါင်းများစွာက ဘ၀ဟောင်းတစ်ခုကို ပြန်ငေးကြည့်ဖို့ ကြေးမုံပြင်တစ်ချပ်ဆီကို ဦးတည်သွားနေရသလို ခံစားရတယ်။ ဟိုးအရင်ခေတ်က ၀ိညာဉ်တွေဟာ ညအမှောင်ထဲမှာ တိုးတိတ်စွာ ရွေ့လျားဝဲပျံနေကြမလား။ မိုးရွာပြီးစ မြေသင်းနံ့တချို့နဲ့ ရေကန်ကြီးလိုဘေးကဖြတ်သွားရတဲ့အခါ ရေမှော်နံ့တချို့ကိုပါ ရလိုက်ပါတယ်။ လမ်းပေါ်မှာ ဆိုင်ကယ်မောင်းနေတဲ့ လူငယ်တချို့တလေကလွဲလို့ ရှင်းလင်းနေတယ်။ တုတ်တုတ်မောင်းသမားလေးနဲ့ ကျွန်မအမျိုးသားတို့ စကားပြောနေသံက နားထဲ မကြားတစ်ချက် ကြားတစ်ချက်။ ဟော်တယ်ရောက်တော့ သူက နောက်နေ့တွေ လျှောက်လည်ဖို့ သူ့ကို ခေါ်ပါလို့ ပြောတယ်၊ သူ့ အင်္ဂလိပ်စကားပြော သံနေသံထားက မဆိုးလှပါဘူး။ ကျွန်မတို့က သူ့ကိုပဲ ခေါ်ပါမယ်လို့ ကတိပေးလိုက်တယ်။ ခမာနယ်မှာ ပထမဆုံး စတွေ့ရ သိရတဲ့ ခမာလူမျိုးတစ်ယောက် စိတ်ချမ်းသာအောင် ကျွန်မတို့က ဘာလို့ မကူညီပဲ နေရမှာလဲ။
++++
ကျွန်တော့်နာမည် ဗွန်လို့ ခေါ်ပါတယ်၊ ကျွန်တော့်ကို ဒီ ကနေ ကီလိုမီတာ ၄၀လောက်ဝေးတဲ့ ရွာလေးတစ်ရွာမှာ မွေးခဲ့တာပါ။ မိဖတွေက လယ်ကူလီ နဲ့ တောင်ယာ အလုပ် လုပ်ကြပါတယ်၊ ရွာမှာနေတုန်းက ကျောင်းမနေခဲ့ဖူးပါဘူး။ ကျွန်တော့် အသက် ၁၃နှစ်လောက်မှာ အဖေ့ သူငယ်ချင်း တစ်ယောက် အကူအညီနဲ့ ဆီးရိဗ်မြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းကြီးကျောင်းသား အနေနဲ့ ရောက်သွားခဲ့ပါတယ်။ ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းမှာ ဝေယျာဝစ္ဆ ကူလုပ်ရင်း ဗုဒ္ဓဘာသာ၊ အင်္ဂလိပ်စာ၊ ကမ္ဘောဒီးယား သမိုင်း နဲ့ ယဉ်ကျေးမှု စတာတွေကို သင်ကြားခဲ့ရပါတယ်။ သင်ပေးတဲ့ဆရာတွေကတော့ ဘုန်းကြီးတွေရော၊ လူ ကျောင်းဆရာတွေရောပါ ပါတယ်။ ဘုန်းကြီးကျောင်းမှာနေရင်းနဲ့ ကျွန်တော် အလယ်တန်းထိ အောင်မြင်ခဲ့ပါတယ်။
အသက် ၂၁နှစ်မှာ ကျွန်တော်ဘုန်းကြီးဝတ်ပါတယ်၊ ပဉ္ဇင်းဘ၀နဲ့ ၃နှစ်နေခဲ့ပါတယ်။ ကျွန်တော့် အသက် ၂၄နှစ်လောက်ရောက်တော့ ဘုန်းကြီးကျောင်းမယ် နေရတာ မပျော်တာနဲ့ လူထွက်ပါတယ်။ ကျောင်းလဲ ဆက်မနေချင်တော့တာနဲ့ အဖေ အမေရှိရာ ရွာကိုပဲ ပြန်လာခဲ့ပါတယ်။ ရွာမှာ မိဖတွေနဲ့ လယ်အလုပ်ကူလုပ်ရင်း အိမ်ထောင်ကျပါတယ်။ ကျွန်တော့် ယောက္ခမက ဒီအန်ကောက အင်္ဂလိပ် တိုးဂိုက်တစ်ယောက်ပါ။ ဆီးရိဗ်မှာ ရှိတဲ့ အန်ကောကို နိုင်ငံခြားခရီးသွားတွေ အမြောက်အမြားလာကြတော့ သူ့အလုပ်က အဆင်တပြေရှိပါတယ်။ အိမ်ထောင်ကျတော့ ယောက္ခမတွေ ပိုင်တဲ့ ၀င်းထဲမယ် လိုက်နေပါတယ်၊ ယောက္ခမပိုင်တဲ့ လယ်ယာမြေထဲက တစ်ကွက်ကို အိမ်ဝင်းလေးခတ်ပြီး ဖြစ်သလို တဲအိမ်လေးဆောက်ပြီး နေကြတာပါ၊ အခုတော့ ဆီးရိဗ် လေဆိပ်အသွားလမ်းမကြီးပေါ်မှာရှိလို့ နေရာကောင်းလို့ ဆိုနိုင်ပါတယ်။ အရင်ကတော့ ကျွန်တော်တို့ကို အိမ်ဆောက်နေခွင့်မရှိဘူးဆိုပြီး အစိုးရတာဝန်ရှိသူတွေက လာတားကြပါတယ်။ အခုတော့ ဘာမှ လာမပြောကြတော့ပါဘူး။
မိန်းမနဲ့ ဆီးရိဗ်မှာ နေရင်း ယောက္ခမက ကျွန်တော့်ကို မင်း ဘာအလုပ် လုပ်မလဲ၊ ဘုန်းကြီးကျောင်းမှာ နေတုန်းက အင်္ဂလိပ်စာ သင်ဖူးလို့ တုတ်တုတ်မောင်းပါလားလို့ ပြောပါတယ်၊ တကယ်ကတော့ ဘုန်းကြီးကျောင်းမှာ နေစဉ်က သင်ခဲ့ရတဲ့ အင်္ဂလိပ်စာက ရွာကို ပြန်သွားတော့ အားလုံးနီးပါး မေ့ကုန်ပြီ၊ ဒါပေတဲ့ သူက ငါပြန်သင်ပေးမယ်ဆိုပြီး နည်းနည်းပါးပါး ပြန်သင်ပေးပါတယ်၊ ဒီလိုနဲ့ ကျွန်တော်လည်း တုတ်တုတ် မောင်းသမားဖြစ်လာပါတယ်။ အလုပ်လုပ်ခါစက နိုင်ငံခြားသားတွေ ပြောတာ တော်တော်များများကို ကျွန်တော် နားမလည်ပါဘူး၊ သူတို့ ဟန်ပန်ကိုကြည့်ပြီး မှန်းပြီး နားထောင်ရင်း ပြောရင်း တစ်လုံးစ နှစ်လုံးစ တဖြည်းဖြည်း တိုးတက်လာပြီး တတ်လာတာပါပဲ။
အရင်က ကျွန်တော်က ဘယ်ဟော်တယ်နဲ့မှ မချိတ်ဆက်ပဲ ဒီတိုင်း အလွတ်မောင်းနေတာပါ၊ ခုနောက်ပိုင်း တုတ်တုတ်မောင်းသမားတွေ တအားများလာတော့ ခရီးသည်ရဖို့က အတော်ကို ခက်ခဲပါတယ်။ လမ်းလျှောက်နေတဲ့ နိုင်ငံခြားသားမြင်ရင် တုတ်တုတ်စီးမလားမေးတဲ့အမောင်းသမားတွေက ကျွန်တော့်စိတ်ထင် ၁၀မိနစ်အတွင်း ၄-၅-၁၀ယောက်လောက်တောင် ရှိမလားပဲ၊ ဒါနဲ့ ကျွန်တော့်ရသမျှလေး စုဆောင်းပြီး တုတ်တုတ်ကိုယ်ထည် အသစ်ကလေး လုပ်ပါတယ်၊ ဒီတုတ်တုတ်အသစ်လေးက ဒေါ်လာ၇၅၀လောက်ကျပါတယ်၊ ဆိုင်ကယ်ကတော့ အရင်ကတည်းက မောင်းနေတာလေးပဲ သုံးပါတယ်၊ ဆိုင်ကယ်က အဟောင်းဝယ်ရင်တောင် ဒေါ်လာ ၁၅၀၀လောက် အနည်းဆုံးပေးရတော့ ရှိတာလေးပဲ ထိန်းမောင်းနေရပါတယ်၊ တုတ်တုတ်အသစ်လုပ်ရတာကတော့ ဟော်တယ်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ချင်ရင် တုတ်တုတ်ကိုယ်ထည်က ဟောင်းနေ စုတ်နေရင် ဟော်တယ်တွေက မသုံးချင်ကြပါဘူး။
ဟော်တယ်နဲ့ ချိတ်ဆက်ထားတော့ ကျွန်တော်တို့ကို အလှည့်ကျစနစ်နဲ့ ခရီးသည် ပေးပါတယ်၊ အခု အောက်တိုဘာ ရာသီအစမှာ တုတ်တုတ် တစ်နေကုန်ငှားရင် တစ်နေ့ကို ၁၅ဒေါ်လာ ကျပါတယ်၊ ဟော်တယ်က ၃ဒေါ်လာဖြတ်ပြီး ကျွန်တော်တို့က ၁၂ဒေါ်လာ ရပါတယ်၊ အခု အစ်ကိုတို့တည်းတဲ့ဟော်တယ်မှာ ကျွန်တော့်လို တုတ်တုတ်မောင်းသမား ၄၅ယောက် ချိတ်ဆက်ထားကြပါတယ်။ အလှည့်ကတော့ တခါတခါ reception က သူတွေနဲ့ အလျဉ်းသင့်ရင် သင့်သလို အလှည့်ပိုရတတ်တာမျိုးလည်း ရှိပါတယ်။ ကျွန်တော်တို့ ဆီးရိဗ်က ခရီးသွားရာသီက အောက်တိုဘာကနေ ဧပြီလထိ ဖြစ်ပါတယ်။ ခရီးသွားရာသီမျိုးမှာ တစ်လကို ၂၅၀ဒေါ်လာလောက်ထိ ၀င်ငွေ ရှိတတ်ပေမယ့် ခရီးသွားရာသီ မဟုတ်တဲ့ အချိန်ဆို ဒေါ်လာ ၁၀၀လောက်ပဲ ၀င်ငွေရှိပါတယ်။ ကျွန်တော့်မှာ သားလေး နှစ်ယောက်ရှိပါတယ်၊ သားအကြီးလေးက ၆နှစ်ရှိပါပြီ၊ ပြီးခဲ့တဲ့ တစ်ပတ်ကမှ ကျောင်းစတက်တာပါ။ အငယ်လေးက ၂နှစ်သားပဲ ရှိပါသေးတယ်၊ ကျွန်တော့်မိန်းမက ဘာအလုပ်မှ မလုပ်ပါဘူး။ ကျွန်တော့်ဝင်ငွေနဲ့ လောက်လားဆိုတော့ လောက်ငတယ်လို့ ထင်တာပါပဲ၊ တစ်လ တစ်လ စားစရိတ်ဘယ်လောက်ကုန်တယ် ကျွန်တော် မသိပါဘူး၊ ကျွန်တော်ရှာရသမျှ ကျွန်တော့်မိန်းမလက်ထဲ အကုန်အပ်လိုက်ပါတယ်၊ သူက အစစအရာရာစီမံ ခန့်ခွဲပါတယ်။
ကျွန်တော်က ဒီမြို့လေးကို ချစ်တယ်၊ ဒီက ရှေးဟောင်းလက်ရာတွေ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဂုဏ်ယူလားဆိုတော့ အဲသာတွေ ကျွန်တော် မပြောတတ်ဘူး၊ ဘုန်းကြီးကျောင်းမယ် နေတုန်းက ခမာယဉ်ကျေးမှုတွေ သမိုင်းတွေ သင်ခဲ့ရပေတဲ့ ကျွန်တော့်ခေါင်းထဲ မှတ်မိလှတာ မဟုတ်ဘူး။ ကျွန်တော်ပြောတတ်တာက ကျွန်တော်ဒီမြို့မှာ နေရတာ ပျော်တယ်၊ ကျွန်တော့်အတွက် အဆင်ပြေတယ်၊ ကျွန်တော့်မိသားစု အတွက် အဆင်ပြေတယ်၊ ဖနွမ်ပင်ကို ကျွန်တော်မကြိုက်ဘူး၊ နေဖို့ဝေးရော သွားကိုမသွားချင်ဘူး၊ ဟော... ဟိုမှာကြည့်... အစ်ကို... အဲဒီကန်ကြီးဟာ အရင်က ဘုရင်ရေချိုးကန်လို့ဆိုကြတယ်၊ အခု ကျွန်တော်တို့ ချိုးလို့ရတယ်၊ မပြောနိုင်ဘူး အစ်ကို... ကျွန်တော်ဟာ အန်ကောခေတ်ဟောင်းက ဘုရင်တစ်ပါးဖြစ်ချင်လဲ ဖြစ်ခဲ့နိုင်တယ်၊ လူတွေကို အတင်းခေါ်ပြီး အဆောက်အဦကြီးတွေ ဆောက်ခိုင်းခဲ့လို့ ဒီခေတ်မှာ လူတွေကို ပြန်ပြဖို့ တုတ်တုတ်မောင်းနေရတာလဲ ဖြစ်နိုင်တယ်၊ ဟုတ်တယ်မဟုတ်လား အစ်ကို။
ကျွန်တော်မွေးတဲ့ အချိန်က ကမ္ဘောဒီးယားမှာ ခမာနီတွေ ထွက်သွားတဲ့အချိန် ၁၉၇၉ခုနှစ်ပါ။ ကျွန်တော့်မိဖ ဘိုးဘွားတွေကတော့ ခမာနီတွေရဲ့ဒါဏ်ကို မသေရုံတမယ် ခံခဲ့ရပါတယ်။ အစ်ကိုက ကျွန်တော့်ကို ပုရစ်စားလားလို့မေးတော့ ကျွန်တော်က ပြောပြချင်ပါသေးတယ်၊ ပိုးကောင်တွေ မှန်သမျှ ကျွန်တော်စားတတ်ပါတယ်၊ ဟိုးအရင်ခေတ်ကတော့ စစ်ကြောင့် ငတ်လွန်းလို့ တွေ့တာ ရှာစားရင်းနဲ့ ပိုးကောင်တွေ စားတတ်သွားတယ် ထင်တာပါပဲခင်ဗျာ၊ သူတို့ကနေ ဆင်းသက်တဲ့ ကျွန်တော်လည်း ပိုးကောင်တွေ စားတတ်တာပေါ့၊ ကျွန်တော်အကြိုက်ဆုံး အကောင်ကတော့ ကင်းမြီးကောက် ခင်ဗျ။ နောင် ကြုံမှ အစ်ကိုနဲ့ အစ်မကို ကျွန်တော် ကျော်ကြွေးပါဦးမယ်။ အစ်မက ခမာ အစားအစာတွေ ကြိုက်တတ်လို့ နောက်တစ်ခါလာရင် ကျွန်တော်ကိုယ်တိုင် ချက်ကျွေးချင်ပါတယ်၊ အစ်မကြိုက်တဲ့ တို့စရာအစုံနဲ့ တမာရွက် နုနုလေးတွေပါ ခူးထားဖို့ မမေ့စေရပါဘူး။ နောက်တစ်ခါ အစ်ကိုတို့လာရင် ကျွန်တော် တုတ်တုတ်မောင်းသမားဘ၀ကနေ ကိုယ်ပိုင် တက်စီမောင်းသမားဖြစ်ပါစေဆိုတဲ့ အစ်ကိုပေးတဲ့ဆုနဲ့လဲ ပြည့်ချင်ပါတယ်။
++++
Tuesday, October 22, 2013
လူအများ ကားမောင်းနေကြတယ်....
မီးခိုးရောင်လဲ့လဲ့အဆင်းနဲ့ တိမ်လိပ်လေးတွေ အဆုပ်လိုက် အဆုပ်လိုက် ပြေးနေတဲ့
ကောင်းကင်ပြာပြာဟာ မနက်ခင်းတစ်ခုလုံးကို ကြည်လင်အေးမြစွာနှုတ်ခွန်းဆက်သလို့..။ ကားမောင်းသွားရာ
အရှေ့ဘက်ယွန်းယွန်းဆီမှာ မြင်နေရတဲ့ ဒေါင်းဖန်ဝါနေမင်းက တရိပ်ရိပ်ပြေးနေသလို ထင်ရတဲ့
သစ်ပင်အုပ်ကြား မိုးမျှော်တိုက်တွေကြားက မခို့တရို့စောင်းငဲ့ကြည့်ရင်း လိမ်မော်ရောင်အသွေး
နဲ့ ၀င်းပလို့...။ သုတ်ခနဲ အပြေးအလွှားနဲ့ ကားလမ်းတစ်ဖက်တစ်ချက်ကို ဖြတ်ကူးသွားတဲ့ ငှက်တစ်အုပ်ကို
မီးပွိုင့်မှာ ကားရပ်လိုက်စဉ် ရုတ်တရက် မြင်လိုက်မိတယ်။
“ဟယ်... ဦးရေချမ်းရေ... ကြည့်ပါဦး... ဟိုငှက်အုပ်ကို....”
“ဘာဖြစ်လို့...”
“ဟိုမယ်လေ... ဟိုဘက်ကားလမ်းကနေ ကသုတ်ကရက်နဲ့ တစ်အုပ်ကြီး ဖြတ်လာပြီး ဒီဖက်ထိပ်လည်းရောက်ရော
ဗြုန်းခနဲ နောက်ပြန်လှည့်သွားရောတော့... ဟော...ဟော... ခုနက ငှက်အုပ် နောက်ဆုံးကနေ တစ်ကောင်တည်း
နောက်ကျကျန်ရစ်ခဲ့လို့ ကသောကမျော အပြေးအလွှားလိုက်လာတဲ့ ငှက်ကလေးကလည်း ကမန်းကတန်းနဲ့
နောက်ပြန်လှည့်ရရော....”
ဦးရေချမ်းက မရွှေစု လက်ညိုးညွှန်ပြနေတဲ့ ငှက်အုပ်ကလေးကို လိုက်ကြည့်နေတယ်။
“ဟော... ၀ိုင်းကြီးပတ်ပတ် လုပ်နေပြန်ပြီ... ဘာတွေလုပ်တာလဲ မသိဘူးနော်...၊
ငှက်ကလေးတွေကို ကြည့်ရတာ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်၊ ကြည့်... ကြည့်... ဟိုဖက်သွားမယ့်ဟာ
မသွားသေးပဲ ဟိုဝဲ သည်ဝဲ လုပ်နေကြတယ်...”
“ပတ်ဝန်းကျင် အခြေအနေကို လေ့လာစုံစမ်းတာဖြစ်မှာပေါ့... ပြီးတော့ ရှေ့ကသူတို့ခေါင်းဆောင်ငှက်လုပ်သမျှ
နောက်ကငှက်တွေက လိုက်လုပ်ကြတာလေ...”
“ဟယ်တော့... ဟယ်တော့... ဦးရေချမ်းရေ... သူများတို့လဲ ဘာမှမမှားပဲ ဟိုလူက
လက်ကြီးထောင်ပြီး အသားလွတ် ဆဲသွားတယ်...”
မီးပွိုင့်စိမ်းသွားလို့ ကားကို အသာမောင်းထွက်ရင်း ဘေးက ဖြတ်သွားတဲ့ ဆိုင်ကယ်သမားလုပ်ပုံကြောင့်
မရွှေစုက အံ့သြတကြီးပြောလိုက်မိတယ်။
“ဘယ်သူတုန်း...”
“ဟိုမယ်... ဟိုဆိုင်ကယ်သမားလေ... ဟော... ဟိုမှာ... တွေ့လား... သူများ ကိုယ့်လမ်းအတိုင်း
ကိုယ်မောင်းနေတာ ဘာမှားလို့တုန်း...”
“အေးပါ... ဟုတ်ပါတယ်... မရွှေစု မမှားပါဘူး... မှားနေတာက ဟောဒီ သုံးမြှောင့်တြိဂံပဲ...”
“ဘာ... ဘယ်လို... ဘာလို့....”
“ဒီလိုလေ... ကျွန်တော်တို့ ကားမှာ သုံးမြှောင့်တြိဂံဆိုင်းကလေး တတ်ထားတော့
ဒီကားကိုမောင်းတဲ့သူက ကားလိုင်းစင် အခုမှရမှန်း သိတယ်လေ... ဒါကြောင့် လူတွက မရိုသေချင်ဘူး၊
အလကားပါကွာ... အခုမှကားမောင်းတတ်တဲ့သူပါဆိုပြီး အထင်သေးချင်တယ်... လူ့သဘောဆိုတာ ဒါပဲ...”
“အို... ဒီဆိုင်းလေးပြထားတဲ့သဘောက ဒီကားမောင်းတဲ့သူဟာ လိုင်စင်ရခါစမို့
မောင်းတာကျွမ်းပြီးသားသူတွေက ဒီကားကို သတိထားဖို့၊ ဦးစားပေးဖို့၊ လမ်းပေးဖို့၊ ခွင့်လွှတ်ပေးဖို့
သဘောမျိုးလို့ မရွှေစုက ယူဆထားတာ...”
“ခုနက မရွှေစု ပြတဲ့ ငှက်ကလေးတွေ တွေ့လား၊ စဉ်းစားဆင်ခြင်တွေးခေါ်နိုင်တဲ့
အသိဉာဏ်က လူတွေလိုမမြင့်မားတော့ ရှေ့ကငှက်သွားရာနောက် အစဉ်တစိုက် လိုက်ကြတာပဲ၊ ရှေ့ကငှက်ဘာဖြစ်လို့
နောက်ပြန်လှည့်လဲ၊ ဘာဖြစ်လို့ ပတ်ပတ်လည် ကနေလဲ၊ သူလုပ်တာနဲ့ အစာရှာဖို့ အချိန်ကုန်တယ်
ဘာညာ ဘယ်ငှက်ကမှ အထွန့်မတက် ပြဿနာမရှာကြဘူး... “
“အင်း...”
“လူတွေမှာကြတော့ စဉ်းစားဆင်ခြင်တွေးခေါ်နိုင်တဲ့အသိဉာဏ်မြင့်မားကြတယ်၊ တချို့က
အဲ့ဒီအသိဉာဏ်ကို ကောင်းတဲ့နေရာမှာ အသုံးချတယ်၊ တချို့က ဆိုးယုတ်တဲ့နေရာမှာ အသုံးချတယ်၊
တချို့က အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ကိုယ့်အတွက် မနစ်နာရအောင် အဆင်ပြေသလို အသုံးချကြတယ်...၊
ကိုယ့်အတွက် နည်းနည်းလေးနစ်နာတယ် ထင်လိုက်တာနဲ့ လူတွေမှာ ကောက်ကျစ်စိတ်တွေ ၀င်လာတတ်ကြတယ်...
“
“အင်း... လူတွေဟာ အသိဉာဏ်မြင့်မားကြတဲ့အတွက် တခြားသူတွေအပေါ် ဘယ်လိုကောက်ကျစ်ရမလဲဆိုတာ
ပိုသိကြတာလဲ ဖြစ်နိုင်တယ်....”
“အဓိက ကတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်ကြတယ်၊ လူတွေ ကိုယ့်ကိုယ်ကိုယ်
အချစ်လွန်ကြရင် ဒုက္ခများကြတော့တာပါပဲ...”
“ဟုတ်တယ်... မရွှေစုလည်း ကိုယ်တိုင် ကားမောင်းကြည့်တော့မှ လမ်းပေါ်က စရိုက်ပေါင်းစုံနဲ့
ကားမောင်းတဲ့လူတွေ တွေ့ရပြီး လူတွေဘယ်လောက် အတ္တကြီးမှန်း လောဘကြီးမှန်း ဒေါသကြီးမှန်း
ပိုသိလာတယ်။ ဒီလမ်းဟာ ငါအရင်ရောက်တဲ့လမ်း၊ ငါပိုင်တဲ့လမ်း၊ ငါ အဆင်ပြေရင် ပြီးရောဆိုတဲ့သူကခပ်များများ...”
“ခုနကလေ... ဦးရေချမ်းတွေ့လိုက်လား... မရွှေစုက ဒီဘက်ကွေ့မယ့်လမ်းကို လိုချင်လို့
အချက်ပြပြီး ခေါင်းလေးတည်ထားတာ... ဘေးက အမျိုးသမီးတစ်ယောက်မောင်းနေတဲ့ကားက သူ့လမ်းကို
ယူမှာစိုးလို့ အတင်းပိတ်ပြီး မောင်းနေတယ်၊ မရွှေစုတို့ ရှေ့ကကားကလည်း လမ်းလိုချင်လို့
တောင်းတာကို သူကမပေးပဲ အတင်းပဲ ပိတ်ထားတာ....၊ နောက်တစ်လမ်းရောက်တော့ သူက မရွှေစုတို့
လမ်းကို လိုချင်လို့ ပြန်တောင်းတာ ရှေ့ကကားက ဘယ်... လမ်းပေးမှာလဲ... သူ့အလှည့်တုန်းက
ပေးမှမပေးခဲ့တာကိုးနော်...၊ မရွှေစုကတော့ လမ်းပေးလိုက်တယ်... သိလား... ဘာပဲဖြစ်ဖြစ်
သူများတကာ အဆင်ပြေရင် ကိုယ်ကအလကားနေရင်း ကုသိုလ်ရတာပဲ...နော်...”
“Give and Take ဆိုတဲ့ စကားမှာ ကိုယ်က အရင်ပေးမှ ပြန်ရတာလေ၊ ကိုယ်ကတော့မပေးချင်၊
သူများဆီကချည်းပဲ လိုချင်လို့တော့ ဘယ်ဖြစ်ပါ့မလဲ...။ ဒါပေမယ့် ကိုယ်သွားရမဲ့ လမ်းကြောင်းအတိုင်း
စနစ်တကျ တန်းမစီပဲ ဘေးကနေ ဖြတ်ဝိုက်ပြီး အတင်းကျော်တက်ချင်တဲ့ကားမျိုးကြတော့ ကျွန်တော်က
လမ်းမပေးချင်ဘူး...”
“မရွှေစုကတော့ အဆင်ပြေရင် လမ်းပေးလိုက်ပါတယ်၊ စောနကပြောသလို ဒီလမ်းတွေဟာ
ကိုယ်ပိုင်တဲ့ လမ်းမှ မဟုတ်တာ၊ အဲသာ ဟိုတစ်နေ့က ကားတစ်စီးရယ် အတင်းဖြတ်ကျော် လုတက်လွန်တာ အရှိန်မထိန်းနိုင်တော့ပဲ ရှေ့ကကားကို ဝင်ဆောင့်ပါလေရောလား...၊ တကယ်တော့ ရှေ့ဆုံးကို သူများထက်
အရင်ဦးအောင် ရောက်ချင်တိုင်းလည်း အရင်ရောက်သွားကြတာမဟုတ်ပါဘူး၊ နောက်တွေ့မိတဲ့
ကားတစ်စီးကကြတော့ ရှိသမျှကားတွေကို မြွေလိမ်မြွေကောက်ကျော်တက်ပြီး တအားမောင်းတာလေ... ပြီးတော့လဲ
မထူးပါဘူး... မီးပွိုင့်ရောက်တော့ နောက်က အေးဆေးဆေးဆေး မောင်းလာတဲ့ မရွှေစုတို့ကားနဲ့
အတူတူစောင့်ကြရတာပဲ...”
“ကားကို ဘယ်တော့မှ မြွေလိမ်မြွေကောက် ကျော်မတက်နဲ့...၊ ကိုယ့်အတွက် သူတပါးကို
အန္တရယ်မဖြစ်စေနဲ့၊ တခြားသူကပေးမယ့် အန္တရယ်ကိုလည်း ကိုယ်က တတ်နိုင်သလောက် ရှောင်ပေးတတ်ရတယ်၊
ကိုယ့်လမ်းတစ်လျှောက်က အတူသွားနေတဲ့ ကားတွေကို လေးစားမှုအပြည့်နဲ့ သူတို့အတွက်လည်း အဆင်ပြေစေ၊ ကိုယ့်လမ်းကိုယ်လည်း စနစ်တကျနဲ့ မောင်းတတ်ရတယ်...၊ မြန်ရမဲ့လမ်းမှာလည်း မနှေးစေနဲ့၊ နှေးရမဲ့လမ်းမှာလည်း မမြန်စေရဘူး...”
“အင်း... မနေ့ညက မိုးရွာနေလို့ လမ်းကချောနေလို့ အမြန်လမ်းမှာ နည်းနည်းနှေးသွားတာလေ...
အနောက်ကကားက တောက်လျှောက် မီးကြီးလှမ်းထိုးပြီးပါလာတယ်၊ တကယ်ပဲ... လူတွေဟာ ဆတ်ဆတ်ထိ
မခံနိုင် စိတ်မရှည်ကြတာ ခုမှ ပိုသိတယ်...”
“ လူဆိုတာ ဘယ်လောက်ပဲ စိတ်တိုတတ်သူဖြစ်ပါစေ၊ ကားမောင်းတဲ့အချိန်မှာ စိတ်ရှည်ရှည်ထားရတယ်...၊
စိတ်မရှည်ရင် ကိုယ်ပဲ ဒုက္ခများလိမ့်မယ်...”
“ဒါနဲ့စကားစပ်မိလို့ ပြောပြရဦးမယ်... မောင်လေးတစ်ယောက် ပြောပြတာ... ရန်ကုန်မယ်
ကားတွေတအားများလာတော့ တချို့မောင်းတဲ့သူတွေကလည်း မတတ်တတတ်နဲ့ မောင်းနေကြတာတဲ့၊ အဲသာ
ကားမောင်းကျွမ်းတဲ့ တချို့ဒရိုင်ဘာတွေက သေချာမမောင်းတတ်တဲ့သူမောင်းနေရင်း ကိုယ့်ကားကို
မတော်တဆ ထိမိတော့မယ်ဆို သေလောက်အောင် အန္တရယ်မများဘူးဆို ရှောင်လို့ရနိုင်သားနဲ့ ရှောင်မပေးပဲ
ကားကို အပွန်းအပဲ့ခံပြီး တမင် အတိုက်ခံကြတယ်တဲ့၊ ပြီးမှ မတန်တဆ အလျော်တောင်းကြတယ်ဆိုပဲ...”
“သြော်... ပြောပြီးပါပကောလား မရွှေစုရယ်... လူတွေရဲ့သဘောဟာ ကောက်ကျစ်တတ်ကြပါတယ်လို့...
“
“ဆရာကြီးဦးအောင်သင်း ရေးခဲ့တဲ့စာလေး သတိရမိတယ်၊ ဒဿနိက ပညာရှင်တွေက လူတွေကို
တိရစ္ဆာန်စိတ်နဲ့ ဆင်ခြင်ဉာဏ်တွဲနေတဲ့ သတ္တ၀ါမျိုးတွေလို့ဆိုသတဲ့၊ အဲဒီဆင်ခြင်ဉာဏ်က ကောင်းတဲ့ဆင်ခြင်ဉာဏ်မျိုးမဟုတ်ပဲ
သူတစ်ပါးဒုက္ခရောက်အောင် လုပ်မဲ့ကောက်ကျစ်ဉာဏ်မျိုးဖြစ်ရင်တော့ လူဟာ တိရစ္ဆာန်ထက်ကိုဆိုးတော့တာပဲ...၊
ဒါကြောင့် ကိုယ့်ရဲ့ ကောက်ကျစ်ချင်တဲ့စိတ် သူများထက်အသာစီးရလိုတတ်တဲ့စိတ် အဲသာတွေကို
ကိုယ်ချင်းစာတရား၊ ကိုယ်ကျင့်တရားတွေနဲ့ သတိမြဲမြဲထားပြီး ထိန်းရမယ်တဲ့... “
“ဟုတ်တာပေါ့... ကဲ... ရုံးကိုလည်းရောက်ပြီ... ညနေ ရုံးဆင်း အပြန်ကျမှ စကားဆက်ကြသေးတာပေါ့....
“
ကားရပ်ပြီး ဆင်းလိုက်တဲ့ ခဏမှာ ခုနက တရိပ်ရိပ်ပြေးနေတယ်လို့ ထင်ရတဲ့
လမ်းဘေး တစ်ဖက်တစ်ချက်ဆီက သစ်ပင်အုပ်ဆိုင်းဆိုင်းဟာ တကယ်တော့ သူ့နေရာနဲ့သူ မလှုပ်မယှက် တည်ငြိမ်စွာရပ်တည်နေကြလို့၊ ဒေါင်းဖန်ဝါနေမင်းနဲ့ မိုးကောင်းကင်ကြီးကလည်း ခါတိုင်းနေ့များလိုပဲ
သဘာဝကျစွာ သာယာလှပလို့... ။ ။
++++
Tuesday, October 8, 2013
In Our Silk Yathu... (08 Oct 2013)
The Gardener
Hands cling to hands and eyes linger on eyes:
thus begins the record of our hearts.
It is the moonlit night of March;
the sweet smell of henna is in the air;
my flute lies on the earth neglected and your garland of flowers in unfinished.
This love between you and me is simple as a song.
Your veil of the saffron colour makes my eyes drunk.
The jasmine wreath that you wove me thrills to my heart like praise.
It is a game of giving and withholding,
revealing and screening again;
some smiles and some little shyness, and some sweet useless struggles.
This love between you and me is simple as a song.
No mystery beyond the present;
no striving for the impossible;
no shadow behind the charm;
no groping in the depth of the dark.
This love between you and me is simple as a song.
We do not stray out of all words into the ever silent;
we do not raise our hands to the void for things beyond hope.
It is enough what we give and we get.
We have not crushed the joy to the utmost to wring from it the wine of pain.
This love between you and me is simple as a song.
Rabindranath Tagore
Hands cling to hands and eyes linger on eyes:
thus begins the record of our hearts.
It is the moonlit night of March;
the sweet smell of henna is in the air;
my flute lies on the earth neglected and your garland of flowers in unfinished.
This love between you and me is simple as a song.
Your veil of the saffron colour makes my eyes drunk.
The jasmine wreath that you wove me thrills to my heart like praise.
It is a game of giving and withholding,
revealing and screening again;
some smiles and some little shyness, and some sweet useless struggles.
This love between you and me is simple as a song.
No mystery beyond the present;
no striving for the impossible;
no shadow behind the charm;
no groping in the depth of the dark.
This love between you and me is simple as a song.
We do not stray out of all words into the ever silent;
we do not raise our hands to the void for things beyond hope.
It is enough what we give and we get.
We have not crushed the joy to the utmost to wring from it the wine of pain.
This love between you and me is simple as a song.
Rabindranath Tagore
Monday, September 30, 2013
ဂုရုကြီးဂိုအင်ကာသို့ ကန်တော့ပန်း
Guruji Satya Narayan Goenka
(January 30, 1924 to September 29, 2013)
၁၉၉၈ခုနှစ် NUS မှာ ကျောင်းတက်နေစဉ်၊ တစ်ခုသော ညနေခင်း အတန်းစခါနီးမှာ အစ်မတစ်ယောက်က မရွှေစုရေ… စင်ကာပူကို ဂုရုကြီးဂိုအင်ကာ ကြွလာတယ် ပြောတယ်။ ဒီနေ့ညနေ သူ့တရားပွဲရှိသတဲ့၊ ကြုံတောင့်ကြုံခဲ တစ်ရက်ထဲ ဟောမှာမို့ နားထောင်ရအောင် သွားကြမလားတဲ့။ တကယ်က စာမေးပွဲနီးနေပြီမို့ အဲ့ဒီနေ့ကအတန်းမှာ ဆရာက အရေးကြီးတဲ့အချက်တွေ ရှင်းပြမှာမို့ တတ်နိုင်ရင် အတန်းမပျက်ကြပါနဲ့လို့ ကြိုမှာထားတာပါ။ ဒါပေမဲ့လည်း ဂုရုကြီးဂိုအင်ကာလို့ ကြားလိုက်တာနဲ့ လာခေါ်တဲ့အစ်မကို ချက်ချင်းခေါင်းငြိတ် သဘောတူကြောင်း အဖြေပေးကာ ဆရာကြီးဟောပြောမယ့် တရားပွဲရှိတဲ့နေရာကို စိတ်ထက်သန်စွာ သွားရောက် နာကြားခဲ့ပါတယ်။ အဲဒါကတော့ ဆရာကြီးဂိုအင်ကာကို ပထမဆုံး တွေ့ဆုံဖူးခဲ့ခြင်းပါ။
ဂုရုကြီးလို့ခေါ်တဲ့ ဆရာကြီးဂိုအင်ကာအကြောင်းကို ဖေဖေ့စာအုပ်စင်ကနေ ဖတ်ခဲ့ဖူးတာ ကြာလှပါပြီ။ ခေါင်းကိုက်ရောဂါပြင်းထန်စွာစွဲကပ်နေလို့ ရောဂါပျောက်လိုပျောက်ငြား ဆရာကြီးဦးဘခင်တရားရိပ်သာကို ရောက်လာခဲ့ရာက စစ်မှန်တဲ့တရားတော်မြတ်ရဲ့ သဘောသဘာဝကို လေ့လာသိရှိခဲ့ပြီးနောက် သဒ္ဓါတရားထက်ထက်သန်သန်နဲ့ ဝိပဿနာတရားတွေကို ကြိုးကုပ်အားထုတ်ခဲ့ပြီး၊ နောက်ဆုံးမှာ ရတနာသုံးပါးကို အကြွင်းမဲ့ယုံကြည်စွာ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းသွားခဲ့တဲ့ အကြောင်းတွေပါ။ အဲဒီခေတ်ကာလ ရန်ကုန်ဟိန္ဒူဘာသာဝင်တွေရဲ့ ထိပ်သီးမာရဝါသီသူဌေးတစ်ယောက်ဖြစ်တဲ့ ဆရာကြီးဂိုအင်ကာ ဗုဒ္ဓဘာသာဝင်အဖြစ်ကို ပြောင်းလဲလိုက်ခြင်းဟာ ထိုထိုအသိုက်အဝိုင်းမှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပါတယ်။ ဟိန္ဒူဘာသာဝင်တစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားကျောင်းမှာ တရားနာယူကျင့်ကြံဖို့ နှောင့်နှေးမိခဲ့တာကိုလည်း ဆရာကြီးဂိုအင်ကာက သူ့တရားပွဲတချို့မှာ ထည့်သွင်းပြောခဲ့ဖူးပါတယ်။
မရွှေစု ကိုယ်တိုင်လည်း ဝန်ခံရမှာ တစ်ခုရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ မြန်မာပြည်မှာ မြတ်စွာဘုရားရဲ့ တရားတော်မြတ်တွေကို ဖြန့်ြုဖူးပေးနေတဲ့ ဆရာတော် သံဃာတော်တွေ အများကြီးရှိနေတာ၊ ဒီလူမျိုးခြားဆရာကြီး ဟောပြောတာ ကိုယ့်မြန်မာပြည်က ဆရာတော်ကြီးတွေကို မှီပါ့မလားဆိုတဲ့ အနည်းငယ်သောသံသယပါ။ ဒါပေမဲ့ ဆရာကြီးကို မြင်ဖူးတွေ့လိုက်ရတဲ့တခဏမှာပဲ အဲဒီသံသယဟာ မြူမှုန်မျှမထင် လုံးဝကင်းစင် ရှင်းလင်းသွားရပါတယ်။
ဆရာကြီးရဲ့ မျက်နှာတော်ဟာ တရားရှိတဲ့သူတွေရဲ့ ပုံပန်းသဏ္ဍာန်ပီသစွာ အေးချမ်းကြည်လင်လှပါတယ်။ ဘဝအဖော် မာတာကြီးက မျက်နှာတည်သလောက် ဆရာကြီးက အင်မတန်ကို မျက်နှာချိုပါတယ်။ ဆရာကြီး အသံကိုကြား မျက်နှာကို မြင်လိုက်ရတိုင်း စိတ်ထဲ အလိုလိုကြည်လင်ပြီး နွေးထွေးမှုကို ခံစားရပါတယ်။ တကယ်တော့ ဒါဟာ ကရုဏာတရားနဲ့ မေတ္တာတရားရဲ့ ရိုက်ခတ်မှုတွေကြောင့်ပါ။ တခါတခါ ဟိန္ဒီဘာသာစကား အသံနေအသံထားနဲ့ ဆရာကြီး ရွတ်ဖတ်ပူဇော်တဲ့ တရားဂါထာတွေကို နာကြားရတာ အဓိပ္ပါယ်နားမလည်တာတောင်မှ တရားတော်အသံမှာ နစ်ဝင်ပြီး ရင်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်မိပါတယ်။
၁၉၉၉ခုနှစ် စင်ကာပူမှာ ပထမဆုံးပြုလုပ်တဲ့ ဆရာကြီးဂိုအင်ကာ ၁၀ရက် တရားစခန်းကို ဝင်ခဲ့ပါတယ်။ စင်ကာပူမှာရှိတဲ့ ဆရာကြီးရဲ့သားတစ်ယောက်အိမ်မှာ တနင်္ဂနွေနေ့တိုင်းလုပ်တဲ့ တရားစခန်းမှာလည်း တရားထိုင်ခဲ့ဖူးပါတယ်။ တရားစခန်းတချို့တွေမှာလည်း လုပ်အားပေး လုပ်ခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ဆရာကြီးတို့မိသားစုဝင်တွေကို နီးနီးကပ်ကပ် တွေ့လာရပြီး ဒီမိသားစုကြီးကို ကြည့်ရ မြင်ရတာ စိတ်ထဲမှာ အင်မတန် စိတ်ကြည်နူးချမ်းမြေ့ အားကျမိပါတယ်။ ဆရာကြီးရဲ့ သား၊ ချွေးမ၊ မြေး၊ မြေးချွေးမ စသဖြင့် အားလုံးဟာ မေတ္တာတရားရိပ်အောက်မှာ စုပေါင်းနေထိုင်ကြတဲ့မိသားစု ဖြစ်နေလို့လားမသိ၊ မျက်နှာတွေဟာ ငြိမ်းချမ်းကြည်လင် ချစ်စရာကောင်းလှပါတယ်။ စင်ကာပူမှာပြုလုပ်တဲ့ တရားစခန်းတွေမှာ ဆရာကြီးမိသားစုဝင်တွေတော်တော်များများ ဓမ္မလုပ်သားအနေနဲ့ တက်ကြွစွာ လုပ်အားပေးကြတာကို တွေ့ရတော့ တစ်နေ့ ကိုယ်လည်း မိသားစုကြီးတစ်ခုရှိလာရင် ကိုယ့်ခင်ပွန်း ကိုယ့်သား ကိုယ့်မြေးတွေကို ဒီလိုတရားဓမ္မနယ်ထဲမှာ အတူလက်တွဲပြီး ပါဝင်လုပ်ကိုင်နိုင်အောင် ကြိုးစားမယ်လို့ အားကျကြည်ညိုစိတ်တွေ ဖြစ်လာမိပါတယ်။
တခါက ဆရာကြီးရဲ့တရားပွဲအမေးအဖြေ ဂဏ္ဍတစ်ခုမှာ လူတစ်ယောက်က Are you enlighten??? လို့ မေးပါတယ်။ အဲဒီမေးခွန်းလေးကို ဆရာကြီးရှင်းပြတာ မှတ်သားစရာကောင်းပါတယ်။ What I am today, When I compare what I was before coming to Vipassana, such a BIG CHANGE!!! Changing your life for the better. လို့ ဖြေသွားပါတယ်။ တရားတွေ ကျင့်ကြံကြိုးစား အားထုတ်နေသော်လည်း အကောင်းဘက်ကို ဘာမှ ပြောင်းမလာဘူးဆိုရင် ဒါဟာ တစ်ခုခု မှားနေတာ ဖြစ်နိုင်ပါတယ်၊ either technique is not good or you are not good လို့ မိန့်ပါတယ်။ လူတစ်ယောက်ကတော့ I am already happy. Why Should I practice Vipassana?? လို့ မေးဖူးပါတယ်။ ဆရာကြီးက I’m glad that you are happy. But don’t you want to become happier, become happiest??? လို့ ပြန်ဖြေပါတယ်။
ဆရာကြီးရဲ့ ဒီမိန့်ဆိုချက်တွေဟာ အသည်းထဲထိ စွဲမြဲနေပါတယ်။ တရားတွေသာ အားထုတ်နေတာ ဘာမှလည်း မတိုးတက်လာ၊ မထူးခြားပါလားလို့ မဖြစ်ရအောင် ယနေ့မရွှေစုနဲ့ မနေ့ကမရွှေစု အကောင်းဘက်ကို ဘယ်လောက်ပြောင်းလာသလဲ၊ စစ်မှန်တဲ့ပျော်ရွှင်မှုရော ကိုယ့်မှာရှိရဲ့လား ဆိုတာ တတ်နိုင်သလောက် ကိုယ့်ကိုယ်ကိုယ် လေ့လာသုံးသပ် ဆင်ခြင် နေထိုင်ကျင့်ကိုရလာပါတယ်။
ဒီစာလေးနဲ့ ဂုရုကြီးဂိုအင်ကာကို နောက်ဆုံး ဂါရဝပြု နှုတ်ဆက် ရှိခိုးပူဇော် ကန်တော့လိုက်ပါတယ်။ ဆရာကြီးရဲ့ တရားပွဲတွေတိုင်းမှာ ဆရာကြီးရွတ်ဖတ်နေကြ ဆုတောင်းလေးနဲ့ နိဂုံးချုပ်ပါရစေ။
May all of you enjoy Real Peace!!! Real Harmony!!! Real Happiness!!!
May all of you be liberated from miseries of life!!!
May Guruji Gorena be happy, peaceful & liberated!!!
+++++
Monday, September 2, 2013
ခုဘဝရယ် နောက်ဘဝရယ် ဖြစ်လေရာ ဘဝမယ်...
မိုးနတ်မယ်
သူဇာနွယ် ရူပါ လှတာရယ်...
သူ
ငါ ကျစရာ မူရာပြကာ ပြုံးလိုက်ရင်ကွယ်..
သြော်...
ဖိုးလနှယ် တူပါတယ် ဖြူကာ ၀တာရယ်...
မြှူကာပါ့ကွယ်
တူမကွာ နှမသည် ပေါင်းဖို့သာရွယ်...
ခုဘ၀ရယ်
နောက်ဘ၀ရယ် ဖြစ်လေရာ ဘ၀မယ်...
ငှက်ဖြစ်ရင်ကွယ်...
ကြက်ဖြစ်ရင်ကွယ် ... တစ်ကိုင်းတည်းနားချင်တယ်...
~~~~~
“ဒါပဲနော်...
ဦးရေချမ်း၊ နောက်ဘ၀ ... ဘယ်နေရာ ဘယ်ဆီ ရောက်နေ ရောက်နေ တစ်ယောက်ကိုတစ်ယောက် မေ့မသွားရဘူး၊
တကယ်လို့ သူများ မတော်တဆ မကောင်းတဲ့ အကုသိုလ်တွေ လုပ်မိနေရင် လာတားရမယ်... လာကယ်ရမယ်...
“
အလုပ်အားရက်မို့
စိတ်အေးလက်အေး မီးဖိုချောင်ထဲ ချက်ရင်းပြုတ်ရင်း ဖွင့်ထားတဲ့ သီချင်းအလိုက်အတိုင်း
ကိုယ်ကိုယိမ်းကာနွဲ့ကာနှင့် သံယောင်လိုက်သီဆိုနေသော မရွှေစုက အနီးရှိ ဘားကောင်တာစားပွဲမှာ
နုတ်ဘုတ်လေးချပြီး ဖေ့ဘုတ်သတင်းများကို သည်းကြီးမည်းကြီးဖတ်နေသော ကိုရေချမ်းကို ယခုကဲ့သို့
ပြောလိုက်လေသည်။ ကိုရေချမ်းက မရွှေစုကို တစ်ချက်မော့ကြည့်ပြီး ပြုံးပြလိုက်သည်။
“သီချင်းက
နည်းနည်းလေးလွဲနေသလားလို့... ဒီလိုဖြစ်ရမှာ.... သူ ငါ ကျစရာ မူရာ ပြကာ... ပြူး... ဟူးဟူး...
လိုက်ရင်ကွယ်.... (မျက်လုံး... မျက်လုံး...) သြော်... ဖိုးလနှယ်တူပါတယ် ... ဖြူကာဝတာရယ်...
ဒန်တန့်တန့်.... “
“တွေ့လား...
တွေ့လား... သူများ အကောင်းပြောနေရင် အကောင်းပြန်မပြောဘူး၊ နောက်ဘ၀ရောက်ရင် မေ့မသွားပဲ
ဘယ်ရောက်နေနေ တစ်ယောက်နဲ့တစ်ယောက် အသိပေးကြေးပါလို့ဆိုနေမှ....သိလားလို့ဆို... “
ပြောနေရင်း
မရွှေစုကခြေတစ်ဖက်ဆောင့်လိုက်သေးသည်။
ကိုရေချမ်းက
ရယ်ကျဲကျဲလုပ်ရင်း “အေးပါကွာ... မေ့စရာလား၊ ပြောမှာပေါ့ ... တစ်ခုတော့ရှိတယ်... တစ်ကိုင်းတည်း
နားဖို့တော့ ၀ိတ်ချမှရမယ်... တော်နေ... အကိုင်းကျိုးကျ ဘယ်နှယ့်လုပ်မလဲ.... “ ဟု မျက်စပြစ်ရင်း
စနေပြန်သည်။ ဒီတစ်ခါတော့ မရွှေစုက အတုံးလိုက် အခဲလိုက် မျက်စောင်း ထိုးပစ်လိုက်မိသည်။
“ဒီမယ်...
သူများက တစ်ကိုင်းတည်း နားချင်တဲ့အကြောင်း ပြောနေတာမဟုတ်ဘူး၊ မတော်တဆ သူများက မကောင်းတဲ့နေရာရောက်သွားပြီး
ကိုရေချမ်းက ကောင်းတဲ့နေရာရောက်သွားရင် ပစ်မထားပဲ လာကယ်ဖို့ ပြောနေတာကြီးကို.... “
ဟင်းချက်တဲ့
ယောင်းမကြီး ကိုင်ပြီး ရိုက်တော့မလို ထုတော့မလို အနားသို့ရောက်လာသော မရွှေစုကို ကိုရေချမ်းက
ခေါင်းတိမ်းကာယိမ်းကာ ရှောင်ရှားရင်းက “ဘယ့်နှယ် ... ကိုယ့်ကိုယ်ကိုယ် အထင်သေးရတာတုန်း
... မရွှေစု ဒီလောက်ကောင်းတာတွေ လုပ်နေတာ ... ကဲ...ဘာလို့ မကောင်းတာဖြစ်ရမှာလဲ... “
ဟု ကမန်းကတန်း ဖြေရှင်းရလေသည်။
“သြော်...
လူဆိုတာမျိုးက ပြောနိုင်တာမှုတ်ဘူး၊ ဘယ်လောက်ပဲ ကောင်းတာတွေ ကုသိုလ်ကောင်းမှုတွေ လုပ်ထားပေမယ့်လည်း
သေခါနီးအချိန်ကျ ဘယ်လိုစိတ်ထားရမှာတို့ ဘာတို့ မေ့ချင်မေ့နေမှာ၊ စိတ်ဇောကလည်း ပြောနိုင်ဘူး...
ရောက်ချင်ရာရောက်နေမှာ...၊ ဒါကြောင့် ဖြစ်နိုင်တာမှန်သမျှ ကြိုတွေးပြီး ကြောက်လို့
ပြောတာပေါ့တော့... ဟွန့်... ဦးရေချမ်းတို့ကျတော့ စိတ်ကအေးချမ်းတယ်၊ စိတ်ထားတတ်တဲ့သူတွေ...
တရားတွေလည်း တအားထိုင်လာနိုင်ပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ကောင်းဖို့ရာ သွားဖို့က ခြေဦးလှည့်ပြီးသားပဲ၊
ဒါနဲ့.... ဦးရေချမ်း ခုလို တရားထိုင်ဖြစ်တာ ဘုရားတရားတွေ အေးအေးဆေးဆေး လုပ်နိုင်တာ
... ဘယ်သူ့ကြောင့်လဲ ပြောပါအုံး... ကဲ... “
“မရွှေစုကြောင့်ပါခင်ဗျာ...
မရွှေစုကြောင့်ပါခင်ဗျ... “
ကိုရေချမ်းက
ဇာတ်မင်းသားစတိုင်ဖြင့် နောက်နေသေး၏။
“အင်း...
အဲဒါ ကိုယ့်ဇနီးက ကိုယ့်အပေါ်မှာ ကျေးဇူးရှိတယ် ဆိုတာ မမေ့ကောင်းဘူး၊ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးတောင်မှတဲ့
... သူ့ရှေးဘ၀က ပါရမီဖြည့်ဖက် ယသော်ဓရာမင်းသမီးကို ဘုရားဖြစ်ပြီးမှ ကျေးဇူး သိတတ်ခဲ့သတဲ့...
“
“ပြောပြပါအုံးခင်ဗျာ...
“
မရွှေစုက
မီးဖိုပေါ်က ကြက်သားပြုတ်အိုးကိုချကာ ကြက်သားနွှင်ရန်ပြင်ရင်း စကားဆက်သည်။
“မနောက်နဲ့...
တကယ်ပြောတာ...၊ မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးနောက်တဲ့... ခမည်းတော်နဲ့ မယ်တော်တို့က
နန်းတော်ကိုပင့်ပြီး တရားနာကြတော့ ယသော်ဓယာမိဖုရားက နန်းတော်ကို တရားနာဖို့ မသွားဘူးတဲ့၊
မြတ်စွာဘုရားကို ရှေးဘဝေဘ၀ အဆက်ဆက် နောက်တော်ပါးကနေ အမျိုးမျိုး ပါရမီဖြည့်ပေးခဲ့ရတာ၊
ဒီကျေးဇူးတွေသိရင် ဘုရားက အဖူးမျှော်ခံဖို့ သူ့ဆီသတ်သတ်ကြွလာပေးလိမ့်မယ်လို့ ယုံကြည်လို့တဲ့။
မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကလည်း ယသော်ဓယာမိဖုရားဆီ ကြွလာတော်မူပြီး အကန်တော့ခံသတဲ့။
ဒါကြောင့်... သူတထူးရဲ့ကျေးဇူးသေးသေးလေးကိုတောင် မမေ့ကောင်းဘူးတဲ့... ဦးရေချမ်းလည်း
ဘုရားတရားလုပ်ဖြစ်အောင် တိုက်တွန်းခဲ့ရတဲ့ အကျွန်ုပ်၏ကျေးဇူးများကိုမမေ့နဲ့... ဒါပဲ...
“
ဦးရေချမ်းက
ခေါင်းတစ်ချက်ကုပ်လိုက်ရင်း ထုံးစံအတိုင်း “အေးပါဟာ... အေးပါ “ လုပ်နေသည်။
“သတိရသွားလို့ပြောပြရအုံးမယ်၊
ဟို... ဥဒယဘဒ္ဒမင်းသားလိုတော့ မလုပ်နဲ့ပေါ့.... “
“ဘာတုန်း
... ဥဒယဘဒ္ဒမင်းသားက ဘာလုပ်သတုန်း၊ ပြောပြပါအုံး အစ်မရယ်... “
“ရှေးတုန်းက
ဥဒယဘဒ္ဒမင်းသားနဲ့ သူ့မိဖုရား ဥဒယဘဒ္ဒါမင်းသမီးဆိုတာ ရှိသတဲ့၊ သူတို့ကတဲ့ ... အခု မရွှေစု
ပြောနေသလို... နောက်ဘ၀ တစ်ခုကို ရောက်ရင် ရောက်တဲ့နေရာကနေ တစ်ယောက်ကို တစ်ယောက် အသိပေးကြေးဆိုပြီး
ကတိက၀တ် ထားကြသတဲ့။ အဲ့မှာ ဥဒယဘဒ္ဒမင်းသားက အရင် နတ်ရွာစံသွားသတဲ့... “
“အဲ့ဒီတော့...
“
“ဟာ...
ဘာပြောကောင်းမလဲ... ဥဒယဘဒ္ဒမင်းသားက ဘုရားအလောင်းပဲဥစ္စာ... လူ့ဘ၀မှာ ကောင်းတာတွေ ကုသိုလ်ကောင်းမှုတွေ
တအားလုပ်ခဲ့သူမို့ သူသေလွန်တော့ နတ်ပြည်မှာ သကြားမင်း ဒါရိုက်ဟစ် သွားဖြစ်တာပေါ့...
“
“ဒါနဲ့...
သူ့မိဖုရားကို သိကြားမင်း အ၀တ်အစားတွေနဲ့ ချက်ချင်းပဲ ကိုယ်ယောင်လာပြရောတဲ့လား... “
“ဟွန်း...
ပြပါလိမ့်မယ်... အားကြီး.... “
မရွှေစုကပြောနေရင်း
နှုတ်ခမ်းကိုမဲ့လိုက်ကာ ကြက်သားမျှင်များကို တခါခါလုပ်ရင်း လက်ကို ယမ်းလိုက်သေးသည်။
“တကတည်း...
သကြားမင်းဖြစ်တော့ သကြားမင်းစည်းစိမ်ဆိုတာက အံသြဘနန်း ခမ်းနားလွန်းအားကြီးလို့ စည်းစိမ်တွေယစ်ပြီး
သူ့မိဖုရားနဲ့ပေးထားတဲ့ ကတိက၀တ်တွေ မေ့သွားသတဲ့တော်... “
“ဟင်...
မေ့သွားတော့ ... လာမပြောတော့ဘူးတဲ့လား... “
“သူ
မေ့သွားတာကတော့ နတ်သက်နဲ့ရေရင် ၇ရက်ထဲ ခဏလေးပေါ့... လူ့သက်နဲ့ရေတော့ နှစ်၇၀၀ ဖြစ်သွားရော...
“
“ဒီတော့
... မိဖုရားက လူ့ပြည်မှာ မရှိတော့ဘူးပေါ့... “
“ဘယ်...
ကံကောင်းချင်တော့... အဲ့ခေတ်ကတဲ့ ... လူတွေက နှစ်တစ်သောင်း အသက်ရှည်တဲ့ခေတ်တဲ့... ဒါကြောင့်မိဖုရားက
ရှိနေသေးတာပေါ့... “
“သြော်...
ဒါဖြင့်... တော်သေးတာပေါ့ ... “
“အမယ်...
တော်သေးတာပေါ့လုပ်မနေနဲ့... ဦးရေချမ်းတို့ဆိုလည်း မရွှေစုကိုမေ့သွားလိုက်မဲ့ အမျိုး
မြင်ယောင်မိပါသေးတော့တယ်... “
“အာ...
ကျွန်တော်က ဘယ်နေရာက ပါလာပြန်ပြီလဲ... ကျွန်တော်တို့က ကိုယ်ချစ်တဲ့သူဆို ဘယ်တော့မှ
မမေ့သေးဘူး၊ နတ်သမီး လှတာလေးတွေမြင်ရရင်လည်း.. သြော်... မရွှေစု ရုပ်ဆိုးမလေး သတိရလိုက်တာ
ဖြစ်နေမှာပဲ.... ဟဲဟဲ... “
ဟဲဟဲ
လုပ်နေသော ပါးစပ်ထဲသို့ မရွှေစုက ကိုရေချမ်းကြိုက်သော ကြက်သားအရိုးနုများ ထိုးထည့်ပေးလိုက်သည်။
“ဒီမယ်...
သူများကတော့ နတ်ပြည်မှာ ရှယ်ဆိုင်ကယ်တွေ မော်တော်ကားလှလှလေးတွေ မရှိပါစေနဲ့ပဲ ဆုတောင်းတယ်၊
ဦးရေချမ်းကြီး နတ်သမီး ငေးမှာ ငမ်းမှာ မပူဘူး၊ ကားတွေ ဆိုင်ကယ်တွေမြင်ရင်တော့ ငေးလို့ကို
အားမရနိုင်တာနဲ့ မရွှေစုကိုမေ့နေမှာ အသေအချာပဲ... ဟုတ်တယ်မလား... ဆရာကြီး... “
ဦးရေချမ်းကသူ့
ချက်ကောင်းကို ထိသွားသဖြင့် ဘာမှပြန်မပြောနိုင်ပဲ ပြုံးဖြီးဖြီးသာ လုပ်နေရသည်။ ဟုတ်တယ်လေ...
အခုကိုပဲ လမ်းမှာ တွေ့တဲ့ ဆိုင်ကယ်တွေဆို ကာဝါဆာကီ ဆိုလား၊ ဟာလီ ဒေးဗစ်ဆင် ဆိုလား၊
ကားဆိုလည်း ဖို့ဒ်ကားတို့ အော်ဒီတို့ ဘာတို့ညာတို့မြင်ရင် လည်ကိုပြန်နေတာပဲ၊ တခါတခါ
လမ်းလျှောက်သွားရင်း ဘေးနားကလူ ဘယ်ကျန်ခဲ့မှန်းတောင် သူမသိတော့ဘူး။
“အေးပါကွာ...
ခုန စကားဆက်စမ်းပါအုံး...၊ နှစ်၇၀၀ကြာလို့ သူ့မိဖုရား သတိရတော့ ဘာဖြစ်သွားသလဲ ဆိုတာ...”
“ဟင်...
ဘာဖြစ်ရမလဲ... မင်းသမီးကတော့ သူ့မောင်တော် မရှိကတည်းက မောင်တော် ဘယ်အချိန်လာတွေ့မလဲ
မှန်းဆပြီး မျှော်နေရင်း ခုနှစ်ဆောင်တိုက်ခန်းမှာ တစ်ပါးတည်းစံပါယ်ပြီး ညဆိုရင် မေတ္တာကမ္မဌာန်းပွားများ
နေတာပေါ့...။ နှစ်၇၀၀လုံးလုံး သူ့ခမျာ... မျှော်နေလိုက်ရတာ... “
“နောက်တော့...
လာတွေ့ရောမလား...”
“အဲ...
အဲသလို လာတွေ့တောတဲ့... သူက ရိုးရိုးလာတွေ့တာမျိုး မလုပ်ပဲ သကြားမင်းကနေ နတ်သားယောင်ဆောင်ပြီး
လူပျိုလှည့် သတဲ့...”
“ဟုတ်တယ်...”
“အင်း...
ပထမနေ့... သူကလက်ဆောင်အနေနဲ့ ရွှေခွက်မှာ ရွှေတွေအပြည့်ယူသွားပြီး မင်းသမီးနဲ့ တစ်ညတာ
နေလိုပါတယ် ဆိုပြီး သွားပြောသတဲ့၊ အဲ့မှာ မင်းသမီးက သူ့ရဲ့မောင်တော် ဥဒယဘဒ္ဒမင်းသားကလွဲလို့
ဘယ်သူ့ကိုမှ အလိုမရှိဘူး၊ ထွက်သွားလို့ နှင်ထုတ်လိုက်သတဲ့၊ ဒါနဲ့ ဒုတိယနေ့ တစ်ခါ ငွေခွက်နဲ့လာပြီး
လူပျိုထပ်လှည့်ပြန်ရော၊ မင်းသမီးကလည်း နှင်ထုတ်တာပဲပေါ့၊ တတိယနေ့တစ်ခါ ကြေးခွက်နဲ့လာပြန်ရော၊
အဲ့မှာ ... မင်းသမီးက အသင်နတ်သားပေါ့... သူများတကာတွေ လူပျိုလှည့်တယ်ဆိုတာ တစ်ခါနဲ့မရရင်
နောက်တစ်ခါလာတဲ့အခါ လက်ဆောင်ဆိုတာ တိုး တိုး လာရမှာ၊ သင့်ကျမှ လက်ဆောင်က တဖြည်းဖြည်း
လျော့ပါးသွားတာ ဘာကြောင့်လဲလို့မေးသတဲ့။”
မရွှေစုက
သူပြောနေတာ ကိုရေချမ်း စိတ်ဝင်စားရဲ့လားလို့ ကြည့်ရသေးသည်။ စိတ်ဝင်စားတဲ့ပုံနှင့် နားထောင်နေတာကို
မြင်မှ စကားဆက်ရသည်။
“အဲ့တော့
သကြားမင်းက ... ငါ့နှမပေါ့... သင့်ရုပ်ရည်ဟာ တစ်နေ့တခြား အိုမင်းလာလို့ သင်နဲ့လိုက်အောင်
လက်ဆောင်ကိုလည်း တဖြည်းဖြည်းလျှော့ယူလာရတယ်လို့ ရှင်းပြသတဲ့။ အဲ့ကျမှ ဥဒယဘဒ္ဒါမင်းသမီးက
ဉာဏ်ရှိတဲ့သူဆိုတော့.... ဒါဟာ ... နတ်သားစင်စစ် မဖြစ်နိုင်ဘူး ၊ ဥဒယဘဒ္ဒမင်းသားနဲ့ ရှိခဲ့ပြီးသား
ကတိက၀တ်အတိုင်း နတ်သားယောင်ဆောင်လို့ သူ့ဆီလာတာပဲဖြစ်ရမယ်လို့ တွေးမိပြီး သင်ဟာ ဥဒယဘဒ္ဒမင်းသားလားလို့
မေးလိုက်တာပေါ့။ ဒီတော့... ဥဒယဘဒ္ဒမင်းသားက ဟုတ်တယ်... သူဟာ သကြားမင်း ဖြစ်နေပါတယ်ပေါ့၊
ဒီရုပ်ခန္ဓာကြီးရဲ့ အချိန်ရှိသမျှ တဖြည်းဖြည်း အိုမင်းရင့်ရော်လာမှုကို ငါ့နှမ သံဝေဂ
ရအောင်လို့ ပညာလာပေးတာပါ၊ ဒါကြောင့် မမေ့မလျော့ ကုသိုလ်တရားတွေ ပွားများပြီးနေပါလို့
တရားဟောဆုံးမသတဲ့...”
“ပြီးတော့ရော....”
“ပြီးတော့...
ပြီးပြီလေ... ဇာတ်လမ်းက ဒါပဲလေ... မင်းသမီးလည်း တရားဓမ္မနဲ့ ကုသိုလ်ကောင်းမှုတွေ အသက်ထက်ဆုံးပြုပြီး
နေလို့ သေလွန်တော့ သူလည်း နတ်ပြည်ရောက်သပေါ့... သကြားမင်းနဲ့ပြန်တွေ့သပေါ့...”
မရွှေစုက
ပြောရင်းဆိုရင်း ကြက်သားတွေ အကုန်နွှင်ပြီးပြီမို့ ဆီသတ်ရန် ကြက်သွန်တောင်းကိုဆွဲကာ
ကြက်သွန်နွှာဖို့ ပြင်ရလေသည်။
“ကဲကဲ...ဇာတ်လမ်းလဲပြီးပြီ
... ခပ်ဝေးဝေးကိုကြွပါဆရာ... ဒီမှာ ဆီသတ်မှာမို့ ညှော်မယ်၊ အဓိကပြောချင်တာက နောင်ဘဝ
ကောင်းရာရောက်နေရင် သကြားမင်းလို လာကယ်ပါ... သူများကိုမေ့မသွားပါနဲ့...၊ ကောင်းရာကိုလိုက်လာနိုင်အောင်
လာဆွဲခေါ်... ဒါပဲ... အခု ဟင်းကောင်းကောင်း ချက်ကျွေးမယ်... “
ကိုရေချမ်းလည်း
ဟန်နဲ့ပန်နဲ့ပြောနေသော မရွှေစုကိုကြည့်ကာ တဟဲဟဲရယ်ရင်း သူ့နုတ်ဘုတ်လေးကိုမကာ သီချင်းလေး
ညည်းရင်း အိမ်ရှေ့ခန်းသို့ ကြွမြန်းလေသည်။
~~~~
စု
နတ်မယ် သူဇာရယ် ရူပါ လှတာရယ်...
သူ
ငါ ကျစရာ မူရာပြကာ... ပြူး .... ဟူးဟူး.... လိုက်ရင်ကွယ်..
သြော်...
ဖိုးလနှယ်တူပါတယ်.... ဖြူကာ ၀ တာ ရယ်...
မြှူကာပါ့ကွယ်
တူမကွာနှမသည် ... ပေါင်းဖို့သာရွယ်...
ခုဘ၀ရယ်
နောက်ဘ၀ရယ်... အို... ဖြစ်လေရာ ဘ၀မယ်...
ငှက်ဖြစ်ရင်ကွယ်...
ကြက်ဖြစ်ရင်ကွယ် ... ကိုင်းကြီးကြီး လုပ်ပါကွယ်... ဟယ်...ဟယ်....
~~~~
ကိုးကား
။ ။ ဥဒယဘဒ္ဒဇာတ်၊ ဧကာဒသက နိပါတ်ကျမ်း။
ညောင်ကန်ဆရာတော်
ပုံတော်စုံ ၅၅၀ ဇာတ်ဝတ္ထု တတိယတွဲ စာအုပ်မှ
Subscribe to:
Posts (Atom)




