Tuesday, October 8, 2013

In Our Silk Yathu... (08 Oct 2013)

 
The Gardener

Hands cling to hands and eyes linger on eyes:
thus begins the record of our hearts.
It is the moonlit night of March;
the sweet smell of henna is in the air;
my flute lies on the earth neglected and your garland of flowers in unfinished.

This love between you and me is simple as a song.

Your veil of the saffron colour makes my eyes drunk.
The jasmine wreath that you wove me thrills to my heart like praise.
It is a game of giving and withholding,
revealing and screening again;
some smiles and some little shyness, and some sweet useless struggles.

This love between you and me is simple as a song.

No mystery beyond the present;
no striving for the impossible;
no shadow behind the charm;
no groping in the depth of the dark.

This love between you and me is simple as a song.

We do not stray out of all words into the ever silent;
we do not raise our hands to the void for things beyond hope.
It is enough what we give and we get.
We have not crushed the joy to the utmost to wring from it the wine of pain.

This love between you and me is simple as a song.  

Rabindranath Tagore

Monday, September 30, 2013

ဂုရုကြီးဂိုအင်ကာသို့ ကန်တော့ပန်း

Guruji Satya Narayan Goenka 
(January 30, 1924 to September 29, 2013) 

၁၉၉၈ခုနှစ် NUS မှာ ကျောင်းတက်နေစဉ်၊ တစ်ခုသော ညနေခင်း အတန်းစခါနီးမှာ အစ်မတစ်ယောက်က မရွှေစုရေ… စင်ကာပူကို ဂုရုကြီးဂိုအင်ကာ ကြွလာတယ် ပြောတယ်။ ဒီနေ့ညနေ သူ့တရားပွဲရှိသတဲ့၊ ကြုံတောင့်ကြုံခဲ တစ်ရက်ထဲ ဟောမှာမို့ နားထောင်ရအောင် သွားကြမလားတဲ့။ တကယ်က စာမေးပွဲနီးနေပြီမို့ အဲ့ဒီနေ့ကအတန်းမှာ ဆရာက အရေးကြီးတဲ့အချက်တွေ ရှင်းပြမှာမို့ တတ်နိုင်ရင် အတန်းမပျက်ကြပါနဲ့လို့ ကြိုမှာထားတာပါ။ ဒါပေမဲ့လည်း ဂုရုကြီးဂိုအင်ကာလို့ ကြားလိုက်တာနဲ့ လာခေါ်တဲ့အစ်မကို ချက်ချင်းခေါင်းငြိတ် သဘောတူကြောင်း အဖြေပေးကာ ဆရာကြီးဟောပြောမယ့် တရားပွဲရှိတဲ့နေရာကို စိတ်ထက်သန်စွာ သွားရောက် နာကြားခဲ့ပါတယ်။ အဲဒါကတော့ ဆရာကြီးဂိုအင်ကာကို ပထမဆုံး တွေ့ဆုံဖူးခဲ့ခြင်းပါ။

ဂုရုကြီးလို့ခေါ်တဲ့ ဆရာကြီးဂိုအင်ကာအကြောင်းကို ဖေဖေ့စာအုပ်စင်ကနေ ဖတ်ခဲ့ဖူးတာ ကြာလှပါပြီ။ ခေါင်းကိုက်ရောဂါပြင်းထန်စွာစွဲကပ်နေလို့ ရောဂါပျောက်လိုပျောက်ငြား ဆရာကြီးဦးဘခင်တရားရိပ်သာကို ရောက်လာခဲ့ရာက စစ်မှန်တဲ့တရားတော်မြတ်ရဲ့ သဘောသဘာဝကို လေ့လာသိရှိခဲ့ပြီးနောက် သဒ္ဓါတရားထက်ထက်သန်သန်နဲ့ ဝိပဿနာတရားတွေကို ကြိုးကုပ်အားထုတ်ခဲ့ပြီး၊ နောက်ဆုံးမှာ ရတနာသုံးပါးကို အကြွင်းမဲ့ယုံကြည်စွာ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းသွားခဲ့တဲ့ အကြောင်းတွေပါ။ အဲဒီခေတ်ကာလ ရန်ကုန်ဟိန္ဒူဘာသာဝင်တွေရဲ့ ထိပ်သီးမာရဝါသီသူဌေးတစ်ယောက်ဖြစ်တဲ့ ဆရာကြီးဂိုအင်ကာ ဗုဒ္ဓဘာသာဝင်အဖြစ်ကို ပြောင်းလဲလိုက်ခြင်းဟာ ထိုထိုအသိုက်အဝိုင်းမှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပါတယ်။ ဟိန္ဒူဘာသာဝင်တစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားကျောင်းမှာ တရားနာယူကျင့်ကြံဖို့ နှောင့်နှေးမိခဲ့တာကိုလည်း ဆရာကြီးဂိုအင်ကာက သူ့တရားပွဲတချို့မှာ ထည့်သွင်းပြောခဲ့ဖူးပါတယ်။

မရွှေစု ကိုယ်တိုင်လည်း ဝန်ခံရမှာ တစ်ခုရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ မြန်မာပြည်မှာ မြတ်စွာဘုရားရဲ့ တရားတော်မြတ်တွေကို ဖြန့်ြုဖူးပေးနေတဲ့ ဆရာတော် သံဃာတော်တွေ အများကြီးရှိနေတာ၊ ဒီလူမျိုးခြားဆရာကြီး ဟောပြောတာ ကိုယ့်မြန်မာပြည်က ဆရာတော်ကြီးတွေကို မှီပါ့မလားဆိုတဲ့ အနည်းငယ်သောသံသယပါ။ ဒါပေမဲ့ ဆရာကြီးကို မြင်ဖူးတွေ့လိုက်ရတဲ့တခဏမှာပဲ အဲဒီသံသယဟာ မြူမှုန်မျှမထင် လုံးဝကင်းစင် ရှင်းလင်းသွားရပါတယ်။

ဆရာကြီးရဲ့ မျက်နှာတော်ဟာ တရားရှိတဲ့သူတွေရဲ့ ပုံပန်းသဏ္ဍာန်ပီသစွာ အေးချမ်းကြည်လင်လှပါတယ်။ ဘဝအဖော် မာတာကြီးက မျက်နှာတည်သလောက် ဆရာကြီးက အင်မတန်ကို မျက်နှာချိုပါတယ်။ ဆရာကြီး အသံကိုကြား မျက်နှာကို မြင်လိုက်ရတိုင်း စိတ်ထဲ အလိုလိုကြည်လင်ပြီး နွေးထွေးမှုကို ခံစားရပါတယ်။ တကယ်တော့ ဒါဟာ ကရုဏာတရားနဲ့ မေတ္တာတရားရဲ့ ရိုက်ခတ်မှုတွေကြောင့်ပါ။ တခါတခါ ဟိန္ဒီဘာသာစကား အသံနေအသံထားနဲ့ ဆရာကြီး ရွတ်ဖတ်ပူဇော်တဲ့ တရားဂါထာတွေကို နာကြားရတာ အဓိပ္ပါယ်နားမလည်တာတောင်မှ တရားတော်အသံမှာ နစ်ဝင်ပြီး ရင်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်မိပါတယ်။

၁၉၉၉ခုနှစ် စင်ကာပူမှာ ပထမဆုံးပြုလုပ်တဲ့ ဆရာကြီးဂိုအင်ကာ ၁၀ရက် တရားစခန်းကို ဝင်ခဲ့ပါတယ်။ စင်ကာပူမှာရှိတဲ့ ဆရာကြီးရဲ့သားတစ်ယောက်အိမ်မှာ တနင်္ဂနွေနေ့တိုင်းလုပ်တဲ့ တရားစခန်းမှာလည်း တရားထိုင်ခဲ့ဖူးပါတယ်။ တရားစခန်းတချို့တွေမှာလည်း လုပ်အားပေး လုပ်ခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ဆရာကြီးတို့မိသားစုဝင်တွေကို နီးနီးကပ်ကပ် တွေ့လာရပြီး ဒီမိသားစုကြီးကို ကြည့်ရ မြင်ရတာ စိတ်ထဲမှာ အင်မတန် စိတ်ကြည်နူးချမ်းမြေ့ အားကျမိပါတယ်။ ဆရာကြီးရဲ့ သား၊ ချွေးမ၊ မြေး၊ မြေးချွေးမ စသဖြင့် အားလုံးဟာ မေတ္တာတရားရိပ်အောက်မှာ စုပေါင်းနေထိုင်ကြတဲ့မိသားစု ဖြစ်နေလို့လားမသိ၊ မျက်နှာတွေဟာ ငြိမ်းချမ်းကြည်လင် ချစ်စရာကောင်းလှပါတယ်။ စင်ကာပူမှာပြုလုပ်တဲ့ တရားစခန်းတွေမှာ ဆရာကြီးမိသားစုဝင်တွေတော်တော်များများ ဓမ္မလုပ်သားအနေနဲ့ တက်ကြွစွာ လုပ်အားပေးကြတာကို တွေ့ရတော့ တစ်နေ့ ကိုယ်လည်း မိသားစုကြီးတစ်ခုရှိလာရင် ကိုယ့်ခင်ပွန်း ကိုယ့်သား ကိုယ့်မြေးတွေကို ဒီလိုတရားဓမ္မနယ်ထဲမှာ အတူလက်တွဲပြီး ပါဝင်လုပ်ကိုင်နိုင်အောင် ကြိုးစားမယ်လို့ အားကျကြည်ညိုစိတ်တွေ ဖြစ်လာမိပါတယ်။

တခါက ဆရာကြီးရဲ့တရားပွဲအမေးအဖြေ ဂဏ္ဍတစ်ခုမှာ လူတစ်ယောက်က Are you enlighten??? လို့ မေးပါတယ်။ အဲဒီမေးခွန်းလေးကို ဆရာကြီးရှင်းပြတာ မှတ်သားစရာကောင်းပါတယ်။ What I am today, When I compare what I was before coming to Vipassana, such a BIG CHANGE!!! Changing your life for the better. လို့ ဖြေသွားပါတယ်။ တရားတွေ ကျင့်ကြံကြိုးစား အားထုတ်နေသော်လည်း အကောင်းဘက်ကို ဘာမှ ပြောင်းမလာဘူးဆိုရင် ဒါဟာ တစ်ခုခု မှားနေတာ ဖြစ်နိုင်ပါတယ်၊ either technique is not good or you are not good လို့ မိန့်ပါတယ်။ လူတစ်ယောက်ကတော့ I am already happy. Why Should I practice Vipassana?? လို့ မေးဖူးပါတယ်။ ဆရာကြီးက I’m glad that you are happy. But don’t you want to become happier, become happiest??? လို့ ပြန်ဖြေပါတယ်။

ဆရာကြီးရဲ့ ဒီမိန့်ဆိုချက်တွေဟာ အသည်းထဲထိ စွဲမြဲနေပါတယ်။ တရားတွေသာ အားထုတ်နေတာ ဘာမှလည်း မတိုးတက်လာ၊ မထူးခြားပါလားလို့ မဖြစ်ရအောင် ယနေ့မရွှေစုနဲ့ မနေ့ကမရွှေစု အကောင်းဘက်ကို ဘယ်လောက်ပြောင်းလာသလဲ၊ စစ်မှန်တဲ့ပျော်ရွှင်မှုရော ကိုယ့်မှာရှိရဲ့လား ဆိုတာ တတ်နိုင်သလောက် ကိုယ့်ကိုယ်ကိုယ် လေ့လာသုံးသပ် ဆင်ခြင် နေထိုင်ကျင့်ကိုရလာပါတယ်။

ဒီစာလေးနဲ့ ဂုရုကြီးဂိုအင်ကာကို နောက်ဆုံး ဂါရဝပြု နှုတ်ဆက် ရှိခိုးပူဇော် ကန်တော့လိုက်ပါတယ်။ ဆရာကြီးရဲ့ တရားပွဲတွေတိုင်းမှာ ဆရာကြီးရွတ်ဖတ်နေကြ ဆုတောင်းလေးနဲ့ နိဂုံးချုပ်ပါရစေ။

May all of you enjoy Real Peace!!! Real Harmony!!! Real Happiness!!! 
May all of you be liberated from miseries of life!!! 

May Guruji Gorena be happy, peaceful & liberated!!! 


  +++++

Monday, September 2, 2013

ခုဘဝရယ် နောက်ဘဝရယ် ဖြစ်လေရာ ဘဝမယ်...




မိုးနတ်မယ် သူဇာနွယ် ရူပါ လှတာရယ်...

သူ ငါ ကျစရာ မူရာပြကာ ပြုံးလိုက်ရင်ကွယ်..


သြော်... ဖိုးလနှယ် တူပါတယ် ဖြူကာ ၀တာရယ်...

မြှူကာပါ့ကွယ် တူမကွာ နှမသည် ပေါင်းဖို့သာရွယ်...


ခုဘ၀ရယ် နောက်ဘ၀ရယ် ဖြစ်လေရာ ဘ၀မယ်...

ငှက်ဖြစ်ရင်ကွယ်... ကြက်ဖြစ်ရင်ကွယ် ... တစ်ကိုင်းတည်းနားချင်တယ်...

~~~~~

“ဒါပဲနော်... ဦးရေချမ်း၊ နောက်ဘ၀ ... ဘယ်နေရာ ဘယ်ဆီ ရောက်နေ ရောက်နေ တစ်ယောက်ကိုတစ်ယောက် မေ့မသွားရဘူး၊ တကယ်လို့ သူများ မတော်တဆ မကောင်းတဲ့ အကုသိုလ်တွေ လုပ်မိနေရင် လာတားရမယ်... လာကယ်ရမယ်... “


အလုပ်အားရက်မို့ စိတ်အေးလက်အေး မီးဖိုချောင်ထဲ ချက်ရင်းပြုတ်ရင်း ဖွင့်ထားတဲ့ သီချင်းအလိုက်အတိုင်း ကိုယ်ကိုယိမ်းကာနွဲ့ကာနှင့် သံယောင်လိုက်သီဆိုနေသော မရွှေစုက အနီးရှိ ဘားကောင်တာစားပွဲမှာ နုတ်ဘုတ်လေးချပြီး ဖေ့ဘုတ်သတင်းများကို သည်းကြီးမည်းကြီးဖတ်နေသော ကိုရေချမ်းကို ယခုကဲ့သို့ ပြောလိုက်လေသည်။ ကိုရေချမ်းက မရွှေစုကို တစ်ချက်မော့ကြည့်ပြီး ပြုံးပြလိုက်သည်။


“သီချင်းက နည်းနည်းလေးလွဲနေသလားလို့... ဒီလိုဖြစ်ရမှာ.... သူ ငါ ကျစရာ မူရာ ပြကာ... ပြူး... ဟူးဟူး... လိုက်ရင်ကွယ်.... (မျက်လုံး... မျက်လုံး...) သြော်... ဖိုးလနှယ်တူပါတယ် ... ဖြူကာဝတာရယ်... ဒန်တန့်တန့်.... “


“တွေ့လား... တွေ့လား... သူများ အကောင်းပြောနေရင် အကောင်းပြန်မပြောဘူး၊ နောက်ဘ၀ရောက်ရင် မေ့မသွားပဲ ဘယ်ရောက်နေနေ တစ်ယောက်နဲ့တစ်ယောက် အသိပေးကြေးပါလို့ဆိုနေမှ....သိလားလို့ဆို... “

ပြောနေရင်း မရွှေစုကခြေတစ်ဖက်ဆောင့်လိုက်သေးသည်။


ကိုရေချမ်းက ရယ်ကျဲကျဲလုပ်ရင်း “အေးပါကွာ... မေ့စရာလား၊ ပြောမှာပေါ့ ... တစ်ခုတော့ရှိတယ်... တစ်ကိုင်းတည်း နားဖို့တော့ ၀ိတ်ချမှရမယ်... တော်နေ... အကိုင်းကျိုးကျ ဘယ်နှယ့်လုပ်မလဲ.... “ ဟု မျက်စပြစ်ရင်း စနေပြန်သည်။ ဒီတစ်ခါတော့ မရွှေစုက အတုံးလိုက် အခဲလိုက် မျက်စောင်း ထိုးပစ်လိုက်မိသည်။


“ဒီမယ်... သူများက တစ်ကိုင်းတည်း နားချင်တဲ့အကြောင်း ပြောနေတာမဟုတ်ဘူး၊ မတော်တဆ သူများက မကောင်းတဲ့နေရာရောက်သွားပြီး ကိုရေချမ်းက ကောင်းတဲ့နေရာရောက်သွားရင် ပစ်မထားပဲ လာကယ်ဖို့ ပြောနေတာကြီးကို.... “


ဟင်းချက်တဲ့ ယောင်းမကြီး ကိုင်ပြီး ရိုက်တော့မလို ထုတော့မလို အနားသို့ရောက်လာသော မရွှေစုကို ကိုရေချမ်းက ခေါင်းတိမ်းကာယိမ်းကာ ရှောင်ရှားရင်းက “ဘယ့်နှယ် ... ကိုယ့်ကိုယ်ကိုယ် အထင်သေးရတာတုန်း ... မရွှေစု ဒီလောက်ကောင်းတာတွေ လုပ်နေတာ ... ကဲ...ဘာလို့ မကောင်းတာဖြစ်ရမှာလဲ... “ ဟု ကမန်းကတန်း ဖြေရှင်းရလေသည်။


“သြော်... လူဆိုတာမျိုးက ပြောနိုင်တာမှုတ်ဘူး၊ ဘယ်လောက်ပဲ ကောင်းတာတွေ ကုသိုလ်ကောင်းမှုတွေ လုပ်ထားပေမယ့်လည်း သေခါနီးအချိန်ကျ ဘယ်လိုစိတ်ထားရမှာတို့ ဘာတို့ မေ့ချင်မေ့နေမှာ၊ စိတ်ဇောကလည်း ပြောနိုင်ဘူး... ရောက်ချင်ရာရောက်နေမှာ...၊ ဒါကြောင့် ဖြစ်နိုင်တာမှန်သမျှ ကြိုတွေးပြီး ကြောက်လို့ ပြောတာပေါ့တော့... ဟွန့်... ဦးရေချမ်းတို့ကျတော့ စိတ်ကအေးချမ်းတယ်၊ စိတ်ထားတတ်တဲ့သူတွေ... တရားတွေလည်း တအားထိုင်လာနိုင်ပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ကောင်းဖို့ရာ သွားဖို့က ခြေဦးလှည့်ပြီးသားပဲ၊ ဒါနဲ့.... ဦးရေချမ်း ခုလို တရားထိုင်ဖြစ်တာ ဘုရားတရားတွေ အေးအေးဆေးဆေး လုပ်နိုင်တာ ... ဘယ်သူ့ကြောင့်လဲ ပြောပါအုံး... ကဲ... “


“မရွှေစုကြောင့်ပါခင်ဗျာ... မရွှေစုကြောင့်ပါခင်ဗျ... “

ကိုရေချမ်းက ဇာတ်မင်းသားစတိုင်ဖြင့် နောက်နေသေး၏။


“အင်း... အဲဒါ ကိုယ့်ဇနီးက ကိုယ့်အပေါ်မှာ ကျေးဇူးရှိတယ် ဆိုတာ မမေ့ကောင်းဘူး၊ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးတောင်မှတဲ့ ... သူ့ရှေးဘ၀က ပါရမီဖြည့်ဖက် ယသော်ဓရာမင်းသမီးကို ဘုရားဖြစ်ပြီးမှ ကျေးဇူး သိတတ်ခဲ့သတဲ့... “


“ပြောပြပါအုံးခင်ဗျာ... “


မရွှေစုက မီးဖိုပေါ်က ကြက်သားပြုတ်အိုးကိုချကာ ကြက်သားနွှင်ရန်ပြင်ရင်း စကားဆက်သည်။


“မနောက်နဲ့... တကယ်ပြောတာ...၊ မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးနောက်တဲ့... ခမည်းတော်နဲ့ မယ်တော်တို့က နန်းတော်ကိုပင့်ပြီး တရားနာကြတော့ ယသော်ဓယာမိဖုရားက နန်းတော်ကို တရားနာဖို့ မသွားဘူးတဲ့၊ မြတ်စွာဘုရားကို ရှေးဘဝေဘ၀ အဆက်ဆက် နောက်တော်ပါးကနေ အမျိုးမျိုး ပါရမီဖြည့်ပေးခဲ့ရတာ၊ ဒီကျေးဇူးတွေသိရင် ဘုရားက အဖူးမျှော်ခံဖို့ သူ့ဆီသတ်သတ်ကြွလာပေးလိမ့်မယ်လို့ ယုံကြည်လို့တဲ့။ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကလည်း ယသော်ဓယာမိဖုရားဆီ ကြွလာတော်မူပြီး အကန်တော့ခံသတဲ့။ ဒါကြောင့်... သူတထူးရဲ့ကျေးဇူးသေးသေးလေးကိုတောင် မမေ့ကောင်းဘူးတဲ့... ဦးရေချမ်းလည်း ဘုရားတရားလုပ်ဖြစ်အောင် တိုက်တွန်းခဲ့ရတဲ့ အကျွန်ုပ်၏ကျေးဇူးများကိုမမေ့နဲ့... ဒါပဲ... “


ဦးရေချမ်းက ခေါင်းတစ်ချက်ကုပ်လိုက်ရင်း ထုံးစံအတိုင်း “အေးပါဟာ... အေးပါ “ လုပ်နေသည်။


“သတိရသွားလို့ပြောပြရအုံးမယ်၊ ဟို... ဥဒယဘဒ္ဒမင်းသားလိုတော့ မလုပ်နဲ့ပေါ့.... “


“ဘာတုန်း ... ဥဒယဘဒ္ဒမင်းသားက ဘာလုပ်သတုန်း၊ ပြောပြပါအုံး အစ်မရယ်... “


“ရှေးတုန်းက ဥဒယဘဒ္ဒမင်းသားနဲ့ သူ့မိဖုရား ဥဒယဘဒ္ဒါမင်းသမီးဆိုတာ ရှိသတဲ့၊ သူတို့ကတဲ့ ... အခု မရွှေစု ပြောနေသလို... နောက်ဘ၀ တစ်ခုကို ရောက်ရင် ရောက်တဲ့နေရာကနေ တစ်ယောက်ကို တစ်ယောက် အသိပေးကြေးဆိုပြီး ကတိက၀တ် ထားကြသတဲ့။ အဲ့မှာ ဥဒယဘဒ္ဒမင်းသားက အရင် နတ်ရွာစံသွားသတဲ့... “


“အဲ့ဒီတော့... “


“ဟာ... ဘာပြောကောင်းမလဲ... ဥဒယဘဒ္ဒမင်းသားက ဘုရားအလောင်းပဲဥစ္စာ... လူ့ဘ၀မှာ ကောင်းတာတွေ ကုသိုလ်ကောင်းမှုတွေ တအားလုပ်ခဲ့သူမို့ သူသေလွန်တော့ နတ်ပြည်မှာ သကြားမင်း ဒါရိုက်ဟစ် သွားဖြစ်တာပေါ့... “


“ဒါနဲ့... သူ့မိဖုရားကို သိကြားမင်း အ၀တ်အစားတွေနဲ့ ချက်ချင်းပဲ ကိုယ်ယောင်လာပြရောတဲ့လား... “


“ဟွန်း... ပြပါလိမ့်မယ်... အားကြီး.... “


မရွှေစုကပြောနေရင်း နှုတ်ခမ်းကိုမဲ့လိုက်ကာ ကြက်သားမျှင်များကို တခါခါလုပ်ရင်း လက်ကို ယမ်းလိုက်သေးသည်။


“တကတည်း... သကြားမင်းဖြစ်တော့ သကြားမင်းစည်းစိမ်ဆိုတာက အံသြဘနန်း ခမ်းနားလွန်းအားကြီးလို့ စည်းစိမ်တွေယစ်ပြီး သူ့မိဖုရားနဲ့ပေးထားတဲ့ ကတိက၀တ်တွေ မေ့သွားသတဲ့တော်... “



“ဟင်... မေ့သွားတော့ ... လာမပြောတော့ဘူးတဲ့လား... “


“သူ မေ့သွားတာကတော့ နတ်သက်နဲ့ရေရင် ၇ရက်ထဲ ခဏလေးပေါ့... လူ့သက်နဲ့ရေတော့ နှစ်၇၀၀ ဖြစ်သွားရော... “


“ဒီတော့ ... မိဖုရားက လူ့ပြည်မှာ မရှိတော့ဘူးပေါ့... “


“ဘယ်... ကံကောင်းချင်တော့... အဲ့ခေတ်ကတဲ့ ... လူတွေက နှစ်တစ်သောင်း အသက်ရှည်တဲ့ခေတ်တဲ့... ဒါကြောင့်မိဖုရားက ရှိနေသေးတာပေါ့... “


“သြော်... ဒါဖြင့်... တော်သေးတာပေါ့ ... “


“အမယ်... တော်သေးတာပေါ့လုပ်မနေနဲ့... ဦးရေချမ်းတို့ဆိုလည်း မရွှေစုကိုမေ့သွားလိုက်မဲ့ အမျိုး မြင်ယောင်မိပါသေးတော့တယ်... “


“အာ... ကျွန်တော်က ဘယ်နေရာက ပါလာပြန်ပြီလဲ... ကျွန်တော်တို့က ကိုယ်ချစ်တဲ့သူဆို ဘယ်တော့မှ မမေ့သေးဘူး၊ နတ်သမီး လှတာလေးတွေမြင်ရရင်လည်း.. သြော်... မရွှေစု ရုပ်ဆိုးမလေး သတိရလိုက်တာ ဖြစ်နေမှာပဲ.... ဟဲဟဲ... “


ဟဲဟဲ လုပ်နေသော ပါးစပ်ထဲသို့ မရွှေစုက ကိုရေချမ်းကြိုက်သော ကြက်သားအရိုးနုများ ထိုးထည့်ပေးလိုက်သည်။


“ဒီမယ်... သူများကတော့ နတ်ပြည်မှာ ရှယ်ဆိုင်ကယ်တွေ မော်တော်ကားလှလှလေးတွေ မရှိပါစေနဲ့ပဲ ဆုတောင်းတယ်၊ ဦးရေချမ်းကြီး နတ်သမီး ငေးမှာ ငမ်းမှာ မပူဘူး၊ ကားတွေ ဆိုင်ကယ်တွေမြင်ရင်တော့ ငေးလို့ကို အားမရနိုင်တာနဲ့ မရွှေစုကိုမေ့နေမှာ အသေအချာပဲ... ဟုတ်တယ်မလား... ဆရာကြီး... “


ဦးရေချမ်းကသူ့ ချက်ကောင်းကို ထိသွားသဖြင့် ဘာမှပြန်မပြောနိုင်ပဲ ပြုံးဖြီးဖြီးသာ လုပ်နေရသည်။ ဟုတ်တယ်လေ... အခုကိုပဲ လမ်းမှာ တွေ့တဲ့ ဆိုင်ကယ်တွေဆို ကာဝါဆာကီ ဆိုလား၊ ဟာလီ ဒေးဗစ်ဆင် ဆိုလား၊ ကားဆိုလည်း ဖို့ဒ်ကားတို့ အော်ဒီတို့ ဘာတို့ညာတို့မြင်ရင် လည်ကိုပြန်နေတာပဲ၊ တခါတခါ လမ်းလျှောက်သွားရင်း ဘေးနားကလူ ဘယ်ကျန်ခဲ့မှန်းတောင် သူမသိတော့ဘူး။


“အေးပါကွာ... ခုန စကားဆက်စမ်းပါအုံး...၊ နှစ်၇၀၀ကြာလို့ သူ့မိဖုရား သတိရတော့ ဘာဖြစ်သွားသလဲ ဆိုတာ...”


“ဟင်... ဘာဖြစ်ရမလဲ... မင်းသမီးကတော့ သူ့မောင်တော် မရှိကတည်းက မောင်တော် ဘယ်အချိန်လာတွေ့မလဲ မှန်းဆပြီး မျှော်နေရင်း ခုနှစ်ဆောင်တိုက်ခန်းမှာ တစ်ပါးတည်းစံပါယ်ပြီး ညဆိုရင် မေတ္တာကမ္မဌာန်းပွားများ နေတာပေါ့...။ နှစ်၇၀၀လုံးလုံး သူ့ခမျာ... မျှော်နေလိုက်ရတာ... “


“နောက်တော့... လာတွေ့ရောမလား...”


“အဲ... အဲသလို လာတွေ့တောတဲ့... သူက ရိုးရိုးလာတွေ့တာမျိုး မလုပ်ပဲ သကြားမင်းကနေ နတ်သားယောင်ဆောင်ပြီး လူပျိုလှည့် သတဲ့...”


“ဟုတ်တယ်...”


“အင်း... ပထမနေ့... သူကလက်ဆောင်အနေနဲ့ ရွှေခွက်မှာ ရွှေတွေအပြည့်ယူသွားပြီး မင်းသမီးနဲ့ တစ်ညတာ နေလိုပါတယ် ဆိုပြီး သွားပြောသတဲ့၊ အဲ့မှာ မင်းသမီးက သူ့ရဲ့မောင်တော် ဥဒယဘဒ္ဒမင်းသားကလွဲလို့ ဘယ်သူ့ကိုမှ အလိုမရှိဘူး၊ ထွက်သွားလို့ နှင်ထုတ်လိုက်သတဲ့၊ ဒါနဲ့ ဒုတိယနေ့ တစ်ခါ ငွေခွက်နဲ့လာပြီး လူပျိုထပ်လှည့်ပြန်ရော၊ မင်းသမီးကလည်း နှင်ထုတ်တာပဲပေါ့၊ တတိယနေ့တစ်ခါ ကြေးခွက်နဲ့လာပြန်ရော၊ အဲ့မှာ ... မင်းသမီးက အသင်နတ်သားပေါ့... သူများတကာတွေ လူပျိုလှည့်တယ်ဆိုတာ တစ်ခါနဲ့မရရင် နောက်တစ်ခါလာတဲ့အခါ လက်ဆောင်ဆိုတာ တိုး တိုး လာရမှာ၊ သင့်ကျမှ လက်ဆောင်က တဖြည်းဖြည်း လျော့ပါးသွားတာ ဘာကြောင့်လဲလို့မေးသတဲ့။”

မရွှေစုက သူပြောနေတာ ကိုရေချမ်း စိတ်ဝင်စားရဲ့လားလို့ ကြည့်ရသေးသည်။ စိတ်ဝင်စားတဲ့ပုံနှင့် နားထောင်နေတာကို မြင်မှ စကားဆက်ရသည်။


“အဲ့တော့ သကြားမင်းက ... ငါ့နှမပေါ့... သင့်ရုပ်ရည်ဟာ တစ်နေ့တခြား အိုမင်းလာလို့ သင်နဲ့လိုက်အောင် လက်ဆောင်ကိုလည်း တဖြည်းဖြည်းလျှော့ယူလာရတယ်လို့ ရှင်းပြသတဲ့။ အဲ့ကျမှ ဥဒယဘဒ္ဒါမင်းသမီးက ဉာဏ်ရှိတဲ့သူဆိုတော့.... ဒါဟာ ... နတ်သားစင်စစ် မဖြစ်နိုင်ဘူး ၊ ဥဒယဘဒ္ဒမင်းသားနဲ့ ရှိခဲ့ပြီးသား ကတိက၀တ်အတိုင်း နတ်သားယောင်ဆောင်လို့ သူ့ဆီလာတာပဲဖြစ်ရမယ်လို့ တွေးမိပြီး သင်ဟာ ဥဒယဘဒ္ဒမင်းသားလားလို့ မေးလိုက်တာပေါ့။ ဒီတော့... ဥဒယဘဒ္ဒမင်းသားက ဟုတ်တယ်... သူဟာ သကြားမင်း ဖြစ်နေပါတယ်ပေါ့၊ ဒီရုပ်ခန္ဓာကြီးရဲ့ အချိန်ရှိသမျှ တဖြည်းဖြည်း အိုမင်းရင့်ရော်လာမှုကို ငါ့နှမ သံဝေဂ ရအောင်လို့ ပညာလာပေးတာပါ၊ ဒါကြောင့် မမေ့မလျော့ ကုသိုလ်တရားတွေ ပွားများပြီးနေပါလို့ တရားဟောဆုံးမသတဲ့...”


“ပြီးတော့ရော....”


“ပြီးတော့... ပြီးပြီလေ... ဇာတ်လမ်းက ဒါပဲလေ... မင်းသမီးလည်း တရားဓမ္မနဲ့ ကုသိုလ်ကောင်းမှုတွေ အသက်ထက်ဆုံးပြုပြီး နေလို့ သေလွန်တော့ သူလည်း နတ်ပြည်ရောက်သပေါ့... သကြားမင်းနဲ့ပြန်တွေ့သပေါ့...”


မရွှေစုက ပြောရင်းဆိုရင်း ကြက်သားတွေ အကုန်နွှင်ပြီးပြီမို့ ဆီသတ်ရန် ကြက်သွန်တောင်းကိုဆွဲကာ ကြက်သွန်နွှာဖို့ ပြင်ရလေသည်။


“ကဲကဲ...ဇာတ်လမ်းလဲပြီးပြီ ... ခပ်ဝေးဝေးကိုကြွပါဆရာ... ဒီမှာ ဆီသတ်မှာမို့ ညှော်မယ်၊ အဓိကပြောချင်တာက နောင်ဘ၀ ကောင်းရာရောက်နေရင် သကြားမင်းလို လာကယ်ပါ... သူများကိုမေ့မသွားပါနဲ့...၊ ကောင်းရာကိုလိုက်လာနိုင်အောင် လာဆွဲခေါ်... ဒါပဲ... အခု ဟင်းကောင်းကောင်း ချက်ကျွေးမယ်... “


ကိုရေချမ်းလည်း ဟန်နဲ့ပန်နဲ့ပြောနေသော မရွှေစုကိုကြည့်ကာ တဟဲဟဲရယ်ရင်း သူ့နုတ်ဘုတ်လေးကိုမကာ သီချင်းလေး ညည်းရင်း အိမ်ရှေ့ခန်းသို့ ကြွမြန်းလေသည်။

~~~~


စု နတ်မယ် သူဇာရယ် ရူပါ လှတာရယ်...

သူ ငါ ကျစရာ မူရာပြကာ... ပြူး .... ဟူးဟူး.... လိုက်ရင်ကွယ်..


သြော်... ဖိုးလနှယ်တူပါတယ်.... ဖြူကာ ၀ တာ ရယ်...

မြှူကာပါ့ကွယ် တူမကွာနှမသည် ... ပေါင်းဖို့သာရွယ်...


ခုဘ၀ရယ် နောက်ဘ၀ရယ်... အို... ဖြစ်လေရာ ဘ၀မယ်...

ငှက်ဖြစ်ရင်ကွယ်... ကြက်ဖြစ်ရင်ကွယ် ... ကိုင်းကြီးကြီး လုပ်ပါကွယ်... ဟယ်...ဟယ်....


~~~~

ကိုးကား ။ ။ ဥဒယဘဒ္ဒဇာတ်၊ ဧကာဒသက နိပါတ်ကျမ်း။

ညောင်ကန်ဆရာတော် ပုံတော်စုံ ၅၅၀ ဇာတ်ဝတ္ထု တတိယတွဲ စာအုပ်မှ

Friday, August 30, 2013

အစ်မသက်သို့ အိတ်ဖွင့်ပေးစာ...

 

အစ်မသက်ရေ... သူ့ စာရေးခိုင်းပြီဆို မရေးပဲ ဟိုယောင်သည်ယောင် ဟိုလှည့်သည်လှည့် ဟိုရောက်သည်ရောက် လုပ်တတ်တဲ့ အကျင့်အတိုင်း လုပ်နေတယ်လို့ မထင်လိုက်ပါနဲ့...၊ ခုတလောကျမှ ရုံးမှာ အလုပ်ကလည်းများ၊ စိတ်မှာ အကြည်ဓာတ်ချို့တဲ့နေလို့ စာရေးစရာ စကားလုံးတွေကလည်း ရှားပါးနေလို့ပါ။ ဒီနေ့ ထမင်းစားချိန်လေးမတော့ အစ်မသက် ရေးခိုင်းထားတာလေး ရေးအုံးမှ ဆိုပြီး ညက အိတ်ဖွင့်ပွဲလေး လုပ်ပြီး ရိုက်ထားတဲ့ ပုံလေးနဲ့ ကဗျာကသီ စာစီ လိုက်ပါကြောင်း။

မှော်ဘီဆရာသိန်းကြီးရဲ့ အရူးလွယ်အိတ်ဆိုတာလေး ဖတ်ဖူးတယ်၊ ဆရာကြီးဆိုလိုတဲ့ အရူးလွယ်အိတ်ဆိုတာက စာကောင်းပေကောင်းတွေကနေ အနှစ်သာရတွေကို စုဆောင်းပြီး အဲ့ဒီ စာတို စာစ၊ ကဗျာတို၊ ကဗျာစ တွေ စု ရေးထားတာကို အရူးလွယ်အိတ် လို့ အမည်သညာပေးလိုက်တာ။

မရွှေစုတို့လည်း ကိုယ်ရုံးသွားတိုင်း လွယ်တဲ့အိတ်လေးကို ကိုယ့်ဘာသာ အရူးလွယ်အိတ်လို့ အမည်နာမည်ပေးထားတယ်။ အရူးလွယ်တဲ့ အိတ်လို့တော့ မထင်လိုက်ပါနဲ့... ဟဲ... ကိုယ့်အတွက် လိုအပ်တာမှန်သမျှ ကောင်းနိုးရာရာတွေ အားလုံးစုထည့်ထားလို့၊ ဒီအိတ်ထဲကို လက်တစ်ဖက် ထည့်ပြီး တစ်ချက် မွှေလိုက်တာနဲ့ ကိုယ်လိုရာက လက်တဖျစ်အတွင်း မျက်လှည့်ပြသလို ထွက်လာစေလို့...။

ဒါပေမင့် လွန်ခဲ့သော ၄-၅နှစ်လောက်ကတည်းက မရွှေစုရဲ့ လက်မောင်းမှာ မတော်တဆ ဒဏ်ရာတစ်ခု ဖြစ်ခဲ့တယ်။ အဲဒီဒဏ်ရာကြောင့် ညာလက်က ဘာအိတ်ကိုမှ ကြာရှည် မလွယ်နိုင် မသယ်နိုင်ပါဘူး၊ ဘယ်လက်နဲ့ပဲ လွယ်ရပါတယ်။ ဒါကြောင့် အပြင်ကို ဦးရေချမ်းဆိုသော သူ နဲ့ (ဟိ) နှစ်ယောက် အတူထွက်ရင် အဲ့ဒီသူက အိတ်ကူဆွဲပေးရတာ များပါတယ်။ အဲ့ဒီအခါ ထို တစ်ယောက်သောသူက အိတ်ကြီး လေးလွန်းလို့ ဆိုပြီး ခဏခဏ ညည်းပါတယ်။

ကိုင်း... လေးဆို... ဘာတွေ ထည့်ထားသလဲ ကြည့် ကြည့်ရအောင်...။

၁) ပိုက်ဆံအိတ် (ယောက်ျားကိုင် ဝေါလက်) - ခရက်ဒစ်ကဒ်၊ မှတ်ပုံတင်၊ တခြားကဒ်မျိုးစုံ နဲ့ ပိုက်ဆံ တချို့ ထည့်ထား။
၂) ပိုက်ဆံအိတ်သေးသေးလေး - အကြွေများ၊ ကျပ်တန် တချို့၊ ဘဏ်ကဒ်၊ အမ်အာတီကဒ် နှင့် အမြဲသုံးနေကြ ခရက်ဒစ်ကဒ်။

၃) အိုင်ပက်
၎) ကင်ဒဲလ် (လောဘကြီးတယ်၊ အိုင်ပက်က နေပူထဲ စာဖတ်မရလို့)
၅) ဟာ့ဒ်စ် (ရုံးသွား ရုံးပြန် သယ်ရတယ်၊ အဲ့မှာ ကိုယ်ပိုင် ဖိုင်တွေ ရှိလို့)
၆) ဆော့ပန်ရောင်စုံ နှင့် ပုံဆွဲခဲတံများ
၇) ပုံဆွဲလက်စ စက္ကူ (ကျူးပစ် ဖိုရမ်ထဲက စံရွှေမြင့်ပုံ လိုချင်တယ်ဆိုလို့ ဆွဲပြထားတဲ့ လက်စ...)
၈) ဟိုနေ့က စာအုပ်စင်ရှင်းတော့ အသစ်သွင်းလိုက်တဲ့ စာအုပ်စာရင်း ကက်တလောက် စာရွက်
၉) မရှိမဖြစ် ဆေးများ - ဇိုင်းတက်ခ်-ဟပ်ချိုး ဖြစ်လွန်းလို့ သောက်ရတဲ့ဆေး၊ ပန်နဒေါ၊ မျက်စဉ်းဆေး၊ ကွမ်လွန်း လိမ်းဆေး၊ နှာရူဆေး၊ မဟာချောင်းဆိုးဆေး၊ လန်ကာဝီသွားတုန်းက ရီကိုလာ ဘူးကြီးသက်သာလို့ ဝယ်လာတာရယ်၊ လက်ကျန် လက်တော်ဘယ်ရီ တစ်ထုတ်ရယ်
၁၀) ဒက်တော တစ်ရူးအစိုနဲ့ စားသောက်ဆိုင်မှာ မသုံးဖြစ်လို့ အပိုပါလာတာတဲ့ တစ်ရူးအစိုထုတ် (တစ်ရူးအခြောက် ကုန်နေတာ ထည့်ဖို့ မေ့နေတုန်း)
၁၁) အိုင်ပက် ဘက်ထရီ အပို၊
၁၂) လွှတ်မပစ်ရသေးတဲ့ ဘောင်ချာ စာရွက်တချို့တလေ
၁၃) လန်ကာဝီသွားတုန်းက ပိုတဲ့ မလေးပိုက်ဆံတွေ ပြန်မသိမ်းရသေးပဲ ... ဇစ်အိတ်ထဲက ထွက်လာ
၁၄) ရုံးသော့တွဲနဲ့ ရုံးကဒ်
၁၅) စာကြည့် မျက်မှန်ဘူး၊ ဆမ်ဆောင်းဖုန်း
၁၆) ချမ်းလျှင် ခြုံရန် ပုဝါ

မိန်းကလေးဖြစ်ပြီး အလှအပ ပစ္စည်းမပါတာ ဟုတ်မှဟုတ်ရဲ့လား၊ မယုံနိုင်စရာပါလားလို့ မေးပါနဲ့။ ဘီးတစ်ချောင်းတော့ ထည့်ထားပါတယ်၊ ဒါပေမင့် ဘယ်မှာ ချမိမှန်း မသိတော့ပဲ ပျောက်နေလို့ အသစ်မဝယ်ရသေးလို့ပါ။  နှုတ်ခမ်းနီ ပေါင်ဒါကတော့ အိတ်ထဲထည့်ကျင့်မရှိလို့ပါ၊ ရေမွှေးလုံးဝ မသုံးပါ၊ အမွှေးနံ့တွေ မခံနိုင်လို့၊ မျက်ခုန်းမွှေးဆွဲခဲတံ တစ်ချောင်း ထည့်ထားတာလည်း ဘယ်ပျောက်သွားမှန်း မသိလို့ပါ။ 


ဦးရေချမ်းက အိတ်ထဲ အပိုတွေ မထည့်ရအောင်ဆိုပြီး ဖုန်းကြိုးတို့ ဘာတို့ကို ရုံးအတွက် အပိုတွေ ဝယ်ပေးထားလို့ အသွားအပြန် သယ်စရာမလိုပါ။ တခါတလေ ဖတ်လက်စ စာအုပ်ရှိနေရင် ထည့်ရတယ်၊ မှတ်လက်စ စာအုပ် ရှိရင် ထည့်ရတာတွေ ရှိသေးတယ်။ အခုတော့ အဲသာတွေ ထုတ်ထားတဲ့ အလှည့်ဖြစ်နေတယ်။ 

ဟဲဟဲ... ခေါင်းစဉ်ကို အိတ်ဖွင့်ပေးစာလို့ ဘာဂလိုတိုတို ရေးထားတယ်၊  အင်းလေ... အစ်မသက်ပဲ အိတ်ဖွင့်ပြီး ဘာတွေရှိလဲ ရေးဆို... အိတ်ဖွင့်ကြည့်ပြီး ရေးတဲ့စာကို အစ်မသက်ဆီ ပေးတာမို့ အိတ်ဖွင့်ပေးစာပေါ့... ဒီထက် အိတ်ဖွင့်တာတောင် ဒီလောက်အိတ်မဖွင့်နိုင်ဘူး... ဟူးဟူး.... 

ချစ်ခင်စွာ... စုချစ်

Sunday, August 25, 2013

ကာတွန်းဆရာကြီးဦးအောင်ရှိန် မွေးနေ့ အမှတ်တရ... ၂၅ သြဂုတ် ၂၀၁၃

 
 ဆရာကြီးလက်ရှိနေအိမ်နံရံမှာ ကပ်ထားသော ဦးရှံစား ကာတွန်းရုပ်

ဒီနေ့ဟာ ကာတွန်းဆရာကြီးဦးအောင်ရှိန်ရဲ့ ၈၅နှစ်မြောက်မွေးနေ့တဲ့။ တဆက်တည်းမှာပဲ ငယ်သူငယ်ချင်းတွေပမာ ရင်းနှီးချစ်ခင်ခဲ့ရတဲ့ ဆရာကြီးရဲ့ကာတွန်းဇာတ်ကောင်တွေဖြစ်တဲ့ သူဌေးကြီးဦးကပ်စေး- တိုက်ဂါး- ခင်မောင်သိန်းထွန်းဝင်း၊ ဦးစိတ်တို- မျောက်ညို၊ ဦးရှံစား- ဦးဒိန်းဒေါင်၊ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ၊ ကြာဇံ၊ ဦးကြီး - ဖိုးချက် - မိညှက် တို့တတွေ ကို သတိရမိလိုက်တယ်။ ငယ်စဉ် ကလေးဘ၀အရွယ် စာဖတ်တတ်စကတည်းက ကာတွန်းတွေ နဲ့ ကြီးပြင်းလာခဲ့ရ ကာတွန်းတွေကို သိပ်ကြိုက်ခဲ့သူမို့၊ ကိုယ်ကိုယ်တိုင်လဲ ကာတွန်း ပန်းချီဆွဲရတာ ပျော်မွေ့သူမို့ ကာတွန်းဆရာကြီးဦးအောင်ရှိန်ရဲ့ ကာတွန်းဇာတ်ကောင်တွေကို ကိုယ့်ငယ်ဘ၀ သူငယ်ချင်းများလို ချစ်ခင်နှစ်သက် စွဲလန်းခဲ့ရပါတယ်။ ငယ်နုစဉ်က ဖတ်ခဲ့ မှတ်ခဲ့တာတွေဟာ တစ်သက်လုံးစွဲနေစေတယ် ဆိုတာ သိပ်မှန်တာပါပဲ...၊ ဆရာကြီးရဲ့ တချို့ကာတွန်းတွေဆို ခုချိန်ထိ အသည်းထဲ စွဲနေအောင် မှတ်မိနေတုန်းရယ်။

 ဆရာကြီးဦးအောင်ရှိန်၏ နာမည်ကြီးကာတွန်းဇာတ်ကောင်များ

အိမ်မှာ ဦးလေးတွေ အဒေါ်တွေ ဒါမှမဟုတ် အိမ်ကလူကြီးတစ်ယောက်ယောက်က အပြင်မှာ စားချင်တာ လိုက်ကျွေးမယ် မဟုတ်ရင်လည်း အလှူသွားဖို့ ရှိတယ်ဆို မရွှေစုတို့ ညီအစ်မတွေဟာ ပြောင်ချော်ချော်ပုံနဲ့ စည်းနဲ့ဝါး - စည်းနဲ့ဝါးဆိုပြီး အချက်ကျကျ ထ-ကကြတော့တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ချမ်းသာသလောက် အင်မတန် ကပ်စေးနည်းလှတဲ့ သူဌေးကြီးဦးကပ်စေးဟာ သူများ အလှူသွားစားခါနီးဆို ဗိုက်ချောင်အောင်ဆိုပြီး စည်းနဲ့ဝါးကို ထ-က နေကြကိုး...။ 

 နောက်တစ်ခုကျတော့ တစ်ယောက်ယောက်က သိပ်မဖြစ်နိုင်တာတွေလာပြောရင်... မျောက်ညိုလို မယုံနိုင်စရာပါလား ဖြစ်နေပါ့မယ်ဟာလို့ အချင်းချင်း နားလည်တဲ့ စကားနဲ့ ပြောကြတယ်။ ဦးစိတ်တို မျောက်ညိုကာတွန်းထဲမှာ... ဦးစိတ်တိုက သူ့ငှက်ပျောသီးတွေ ခိုးစားနေတဲ့ မျောက်ညိုကို သေနတ်တစ်လက်နဲ့ တစ်ချိန်လုံး စောင့်ကြည့်နေရတာ မလား။ မျောက်ညိုကလည်း ဘယ်သို့ဘယ်ပုံ ငှက်ပျောသီး ခိုးစားရမလဲ ပဲ တွေးနေတဲ့အကောင်လေ။ တစ်ရက်ကျ မျောက်ညိုတစ်ကောင် ဦးစိတ်တို ငှက်ပျောခြံနားကို မယောင်မလည်ရောက်လာတုန်း ငှက်ပျောခြံထိပ်မှာ ''မျောက်ညိုအား ကြိုဆိုပါ၏'' နဖူးစည်း ဆိုင်းဘုတ်ကြီးကို တွေ့လိုက်ရသတဲ့...။ မျောက်ညိုလည်း အံ့သြတကြီးနဲ့ ... ဟာ... မယုံနိုင်စရာပါလား... ဖြစ်နေတုန်း၊ ခြံထဲက ဦးစိတ်တိုထွက်လာပြီး... ဟောသမှာ မင်းအတွက် ရှယ်ငှက်ပျောသီးတွေ ပြင်ထားတယ်၊ လာစားပါ ဘာညာနဲ့ ဖိတ်ခေါ် သတဲ့...၊ မျောက်ညိုလည်း ဟာ... မယုံနိုင်စရာပါလား... ဆိုပြီး နောက်က ပါသွားသတဲ့၊ ဒါနဲ့ ပျော်ပျော်ပါးပါး ငှက်ပျောသီးတွေ တ၀တပြဲ စားပြီး ပြန်မယ်လုပ်တော့ အိမ်သယ်သွားဖို့ အကောင်းဆုံးငှက်ပျောခိုင်တွေ ကြိုက်သလောက် ယူသွားလို့ ပြောပြန်ရောတဲ့၊ မျောက်ညိုလည်း... ဟာ... မယုံနိုင်စရာပါလား...လို့ ဖြစ်ရတာပေါ့။ ပြီးတော့ မင်း ငှက်ပျောသီးတွေ လာခူးတိုင်း အနောက်ကနေ သေနတ်နဲ့ ပစ်မိတာတွေ မှန်သမျှကိုလည်း ခွင့်လွှတ်ပါလို့ ဦးစိတ်တိုကြီးက တောင်းပန်သေးသတဲ့...။ မျောက်ညိုလည်း ပါးစပ်အဟောင်းသားနဲ့... ဟာ... မယုံနိုင်စရာပါလား...ဟာ... မယုံနိုင်စရာပါလား... တတွတ်တွတ် နဲ့ မယုံနိုင် ပြီးရင်း မယုံနိုင်ပေါ့လေ...။ နောက်ဆုံး ကာတွန်းကွက်လေး ရောက်တော့မှ မျောက်ညိုတစ်ကောင် နေ့လည်ဖက် ကွပ်ပစ်ပေါ်အိပ်နေရာက နိုးလာပြီး... ဘယ်လာ... ယုံနိုင်စရာရှိမလဲ... အိပ်မက် မက်နေတာကိုး....တဲ့... ကဲ။ 

ဘယ်အခါမှ မရိုးနိုင်တဲ့ စကားတစ်ခွန်းဖြစ်တဲ့ စုံထောက်ကြီး ဦးရှံစားရဲ့ မှားတဲ့အခါလည်း မှားပေမပေါ့ကို တစ်ခုခု အမှားလုပ်ပြီးတိုင်း ပြောလွန်းအားကြီးလို့ အိမ်က အဒေါ်အပျိုကြီးခေါင်းခေါက်တာ ခံခဲ့ရဖူးတယ်။ မှန်ဘီလူးတစ်ခု နဲ့ မြေကြီးပေါ်က ပုရွက်ဆိတ်တွေကို လိုက်ကြည့်ပြီး ဘယ်လို အစာတွေ ဘယ်က ချီလာသလဲ၊ ဘယ်ကိုသွားသလဲ၊ ပုရွက်ဆိတ်တွေ တစ်ကောင်နဲ့ တစ်ကောင်တွေ့ရင် နှုတ်ဆက်တာ စက္ကန့် ဘယ်လောက်ကြာသလဲလို့ စုံထောက်ကြီးစတိုင် အမှုလိုက်တယ်လို့ပြောကာ စပ်စုဖူးတယ်။ ဦးဒိန်ဒေါင်းလို ခေါင်းကို အဖြူအမည်း လုပ်ရင်ကောင်းမလား ဆိုပြီး မြေဖြူတွေနဲ့ ခေါင်းက ဆံပင်တခြမ်းကို သုတ်ဖူးတယ်။ လူကြီးတွေခေါ်လိုက်ရင် ကောင်းကောင်းပြန်မထူးပဲ တိုက်ဂါးလို အပြေးအလွှား အနားသွားရင်း ရက်စ် ဘော့စ်လို့ အလေးပြုပြီး အော်ပြောလို့ အရူးလို့ ထောပနာပေးခံခဲ့ရဖူးတယ်။ ပုလင်းသေးသေးလေးထဲ ပေါက်ကရတွေ ဟိုအရည်ဒီအရည်တွေ ရောစပ်ပြီး တီထွင်ပါရဂူ ဖိုးဆိတ်ဖြူကွ လို့ အော်ဟစ်ဖူးတယ်။
ကာတွန်းတွေ ဘာဖြစ်လို့ အဲသလောက် စွဲလန်းလဲဆို မရွှေစုတို့ အိမ်က ရုပ်ရှင်ပေးမကြည့်ပါဘူး၊ အိမ်အပြင် ထွက်ဆော့ရတယ်ဆိုတာလည်း နည်းပါတယ်၊ ကျောင်းအားချိန် ကာတွန်းတွေ စာအုပ်တွေနဲ့ပဲ နပန်းလုံးပြီး ကြီးပြင်းလာရတော့ ကာတွန်းတွေထဲက ဇာတ်ကောင်တွေအတိုင်း အပြင်မှာ စိတ်ကူးယဉ်ပြီး လိုက်လုပ်တော့တာပါပဲ။ ရွှေသွေး ဆိုတာကလည်း အပတ်စဉ်ယူတာဆိုမို့ ရွှေသွေးလာပြီဆို ညီအစ်မ နှစ်ယောက် သူအရင်ဖတ်မယ် ငါအရင်ဖတ်မယ် နင်ဖတ်နေတာကြာတယ်နဲ့ ရန်ဖြစ်ကြတော့တာပဲ။ ရွှေသွေးမှာ အဲ့ဒီခေတ်က နာမည်ကြီးကာတွန်းဆရာကြီးများဖြစ်တဲ့ ဦးဘကြည်၊ ဦးသန်းကြွယ်၊ ဦးဖေသိန်း နဲ့ ဦးအောင်ရှိန်တို့ ဆွဲကြတာ များပါတယ်။ အထူးသဖြင့် ဆရာကြီးဦးအောင်ရှိန်ဆွဲတဲ့ ဇာတ်လမ်းတွေမှာဆို အကောင်လေးတွေ အမြဲတမ်းပါတာကို သတိထားမိတယ်။ 

 
 
၈၀ခုနှစ်များဆီက ဆရာကြီးဦးအောင်ရှိန် သရုပ်ဖော်ရေးဆွဲထားတဲ့ ရွှေသွေးစာစောင်
 
ဆရာကြီးဦးအောင်ရှိန် ၏ အမှတ်တရ လက်မှတ်
 (၂၀၁၀ ဒီဇင်ဘာ မြန်မာကျူးပစ်မိသားစု စာပေအနုပညာရှင်များ စုပေါင်းကန်တော့ပွဲ မှ)

မြန်မာကာတွန်းဆရာများ ဆိုတဲ့ စာအုပ်ထဲမှာ ဆရာကြီးပြောခဲ့တဲ့ စကားလေးကို ကိုးကားပြီး ဒီစာစုလေးကို နိဂုံးချုပ်ပါတယ်။

မြန်မာကာတွန်းလောက အစဉ် ရှင်သန်ပါစေ။ 


သက်တော်ရှည်ကာတွန်းဆရာကြီးဦးအောင်ရှိန်လည်း ဤယနေ့မွေးနေ့မှသည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး နှလုံးစိတ်ဝမ်းအေးချမ်းပါစေ။


ဂါရဝအားဖြင့်...

စုချစ်သူ

++++