Wednesday, July 14, 2010

ကိုရေချမ်း နဲ့ မရွှေစု


အမသက်ဝေနဲ့ အမချစ်ကြည်တို့က အသွင်တူမတူ ရေးခိုင်းတော့ ရေးစရာတွေများလွန်းလို့ ဘယ်ကနေ စရေးရမယ်မှန်းတောင်မသိ။ ရေးစရာတွေ များတယ်ဆိုတာ အသွင်တွေတူလွန်းလို့တော့ မဟုတ်၊ အသွင် လုံးဝ မတူသောကြောင့်ဆိုတာကို ရိပ်မိမှာပေါ့နော်...။

သူ့ကို ငယ်ငယ်တုန်းက အမျိုးတွေခေါ်ကြတာ ကိုရေချမ်းတဲ့။ အေးချမ်းလွန်းတယ်ဆိုတာပဲ။ မရွှေစုငယ်နာမည်လား... မရွှေစုပဲထားလိုက်ပါတော့နော်...။ မိစွာတေးတို့၊ မစပ်စုတို့၊ မရှပ်တေးတို့၊ ပဲခူးဆားတို့ ဘာတို့ ညာတို့ဆိုတဲ့ ငယ်နာမည်တွေ လုံးဝမရှိခဲ့ပါဘူး။ အဟုတ် တကယ်ကြီးပြောတာပါ။

*********

အခုတလော မရွှေစုတစ်ယောက် သီချင်းဆိုချင်တဲ့ ဓါတ်ကျနေတယ်။ အဲသာကြောင့် တနေ့တနေ့ သီချင်းတွေချည်း လှိမ့်ဆိုနေတာပါပဲ။ တချို့တော့ ဗွီဒီယိုလေး လုပ်ဖြစ်ရင် ယူကျုပေါ်တင်လိုက်တာပေါ့နော်။ အဲသာ... တနေ့က ဖြူသီရဲ့ ပိုလာဘာလီ သီချင်းလေးဆိုနေတာ အသံသွင်းနေတာကို သူကြားတော့ ဘာပြောတယ်မှတ်လဲ...။ ဟာ... အဲဒီသီချင်းကြီး မဆိုစမ်းပါနဲ့ကွာ... သီချင်းထဲ အနမ်းလေးတွေ ချွေလေတိုင်း... ဘာညာနဲ့ ရှက်စရာကြီး... တဲ့။ အလကားနေရင်း ရှက်တတ်တာများတော့ ဖေ့ဘုတ်ထဲ ကျနော့်ပုံတွေ မတင်နဲ့နော်။ ဘလော့ထဲ ဖိုရမ်ထဲ ကျနော့်အကြောင်းတွေ လျှောက်မရေးနဲ့နော်။ ရှက်စရာကြီးတဲ့။ ခုတော့အမတို့ ရေးခိုင်းလို့ရေးရတာနော်... ဒါပဲ။

ရှက်တတ်တာပြီးတော့ ကြောက်တတ်တာကရှိသေး။ မရွှေစုက ဆရာငြိမ်းရေးတဲ့.... မပြီးသေးသော ပန်းချီကား သီချင်းလေးဆိုတော့ အဲဒီသီချင်းသံကြားရင် ကြောက်ပြန်သတဲ့။ လှော်ခတ်သူလဲတစ်ယောက်မပါ သူ့အလိုလိုသာပင်... လှေကြီးတစင်းကမ်းသို့ ဆိုက်ခါဝင်... ဆိုတဲ့နေရာရောက်ရင် လန့်လာသယ်ဆိုပဲ။ အဲသာနဲ့... မရွှေစုတစ်ယောက် ကိုရေချမ်းအိမ်မှာမရှိတဲ့အချိန် ကိုယ်ဆိုချင်တဲ့ သီချင်းလေးတွေ ခိုးဆိုရတဲ့ အဖြစ် ရောက်ကရော။

ဒါပေမဲ့ ဟိုတနေ့က ဆရာရွှေတိုင်ညွန့်ရဲ့ မေတ္တာအရင်းခံ သီချင်းဆိုတာ တနေရာမှာ ကီးမမှန်လို့ ဘယ်လို ဆိုရမယ်မှန်းမသိတော့ သူ့ကို သင်ခိုင်းတော့လဲ စိတ်ရှည်လက်ရှည်သင်ပေးဖေါ်ရသား။ သူက ကျောင်းတုန်းက ဒရမ်မာကိုး။

*********

စင်ကာပူမှာ ကားကိုလက်နဲ့ ကပ်ပြီး အကြာဆုံးနေနိုင်တဲ့သူက ကားရတဲ့ ပြိုင်ပွဲရှိတာ သိတယ်မလားဟင်။ တခါက အောချက်ကိုသွားရင်း ကြုံလို့ ပြိုင်တဲ့သူတွေကို ၀င်ကြည့်ကြပါရော။ ကိုရေချမ်းကတော့ အဲဒီအချိန် host လာလုပ်နေတဲ့ သူ့အကြိုက် ဒီဂျေ ဗနီတာလိုပတ်စ်ကို ၀င်ငမ်းတာ။ မရွှေစု အဖေနဲ့ အမေလည်း အဲဒီအချိန်က စင်ကာပူရောက်နေကြတာ။ အဲဒီမှာ ကားကို လက်ကပ်တဲ့ ပြိုင်ပွဲ အသေးလေးတွေလဲ လုပ်နေကြတာရယ်။ ၁နာရီကပ်နိုင်ရင် ဘာဆုရမယ်။ ၂နာရီကပ်နိုင်ရင် ဘာဆုပေးမယ်ပေါ့လေ။ မရွှေစုတို့ သားအမိ၊ သားအဖ ၃ယောက်လည်း ကြုံတုန်း အပျော် လက်ဝင်ကပ်ကြတာပေါ့။ ၁နာရီကပ်နိုင်ရင် ပိုလိုရှပ် တထည်၊ ထီးတချောင်းနဲ့ တိုလီမိုလီတွေ ရမယ်ဆိုထားတာကိုး။ ကိုရေချမ်းရေ... ရှင်ကော ၀င်ကပ်မလား မေးမလို့ကြံတုန်း... ရှက်တယ်ဆိုပြီး ဝေးဝေးကို ပြေးသွားပါရောလား။ ကိုရေချမ်းနှယ်... သူများတို့ကို ဓါတ်ပုံလေးတော့ ရိုက်ပေးလှည့်ပါအုံးပြောတော့မှ ခပ်လှမ်းလှမ်းကနေ သူနဲ့မသိသလို ရိုက်ပေးတယ်။ အနားတော့ မလာဘူး။ ရှက်တယ်တဲ့။ ဖြစ်ရလေ။ မရွှေစုကတော့ ပြောင်စပ်စပ်ပါပဲ... မရှက်ပေါင်။

အဲဒီကားကို လက်နဲ့၁နာရီ မရွေ့မလျားကပ်နိုင်လို့ ရလာတဲ့ဆူပါရု(ပ်)တံဆိပ်နဲ့ပိုလိုရှပ်ကလေးကို ကိုရေချမ်းဝတ်လို့ရအောင် large size ရွေးယူထားတာ။ ပြီးကျတော့လဲ သူက တမြတ်တနိုးဝတ်နေသား။

*********

တလောကတော့ ရှော့အန်စေ့မှာ ဈေးဝယ်ကြတယ်။ ပိုက်ဆံပေးတဲ့ နေရာမယ် တန်းစီနေကြတဲ့သူတွေ များတော့ ကိုရေချမ်းကို သူများ အရင် တန်းသွားစီနှင့်မယ်နော်...။ ကားထဲ့ထည့်ဖို့အတွက် ရေမွှေးဝယ်ပြီးရင် နောက်ကလိုက်ခဲ့လို့ ပြောပြီး သူ့ကို ဈေးဝယ်လှည်းကြီင်္းနဲ့ ထားခဲ့ပြီး အရင်တန်းစီနှင့်တာပေါ့။ ဟာ... ပြီးလဲ ပြီးရော... ကိုရေချမ်းတစ်ယောက် ပေါ်မလာ ပေါ်မလာနဲ့... ကြာလိုက်တာဆိုပြီး ဟိုဟိုဒီဒီ ကြည့်မိတော့ ကိုယ်စီတဲ့ နေရာနဲ့ ၃လိုင်းခြားကတန်း... ဟိုး...နောက်မှာ လှည်းကြီးရပ်လို့ စီနေတာ။ အော်... ဒီကတော့ ကိုယ့်ကို မမြင်လို့ ရှာမတွေ့လို့ မလာတာပဲ ထင်တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ကိုယ့်မှာ ဟန်ုးဖုန်းလဲ ပါမလာတော့ သူ့ကို ဖုန်းဆက်ခေါ်လို့လဲမရ။ ဒီတော့ သူကိုယ့်ကို မြင်အောင်ဆိုပြီး ဒီဘက်လိုင်းကနေ (အရပ်ကလဲ ပုဆိုတော့) ခုန်ဆွ ခုန်ဆွ လုပ်ရင်း လက်ယပ်ခေါ်တာပေါ့လေ။ ၄-၅ခါ ခုန်ဆွလိုက်ပြီးတော့မှ ကိုရေချမ်းက တချက်ကြည့်ပြီး ပြန်လက်ကာပြတယ်။ ခေါင်းမသိမသာ ယမ်းပြတယ်။ မလာဘူးဆိုတဲ့ သဘော။ ကိုယ့်မှာ စိတ်တွေတိုပြီး ကိုယ်စီထားတဲ့ နေရာလေး နှမျောတောတောနဲ့ လက်လွှတ်ပြီး သူ့နားသွားရတော့တာပေါ့။ ဘာကိစ္စမလာချင်ရတာလဲ... ဒီမှာ တန်းကအရှည်ကြီး စီရအုံးမယ်... ဘာညာနဲ့ စိတ်တိုနေတဲ့ မရွှေစုကို သူကအေးဆေးပဲ ပြောပါတယ်။ လှည်းကြီးနဲ့ ပစ္စည်းတွေ အများကြီးနဲ့ လူတွေကြားထဲက အတင်းတိုးပြီးလာရမှာ အားနာစရာကြီးတဲ့။ ကိုယ်ကအရမ်းအရင်လိုနေတာမှ မဟုတ်တာ အချိန်ရနေသေးတာပဲ... တဲ့။ ကိုရေချမ်းသည် အဲသလို လူ။

အို... ဘယ်ရမလဲ... အခုများတော့ ရှော့ပင်းစင်တာ ဈေးဝယ်ရင် မရွှေစုက သူ့ကို အရင် တန်းစီခိုင်းလိုက်တာပေါ့။ မရွှေစုကတော့ အိတ်စကျုမီနဲ့ ပလိစ် လှိုင်လှိုင်သုံးပြီး လူတွေကြားထဲ ရအောင်တိုးလိုက်တာပါပဲ။ မရွှေစုခမျာ အဲသလို ဂျန်တယ်မန်းနဲ့ အဆင်ပြေအောင် ပေါင်းနေရတဲ့သူပါ။

*********

မနှစ်က အိမ်ပြန်ကြတယ်။ မရွှေစုတို့ ရန်ကုန်ကအိမ်ရှေ့လမ်းထောင့်မယ် ဆိုက်ကားဂိတ်ကလေးရှိတယ်။ ကိုရေချမ်းတစ်ယောက် တီရှပ်အဖြူ၊ ဘောင်းဘီကွာတားအဖြူရောင်နဲ့ ကင်မရာကြီးတလွယ်လွယ် အိမ်ရှေ့ထွက်ပြီး ဆိုက်ကားတွေ ဓါတ်ပုံရိုက်လိုက်၊ ဟိုဟာမြင်ဓါတ်ပုံရိုက်လိုက်၊ ဒီဟာမြင် ဓါတ်ပုံရိုက်လိုက်နဲ့။ ဆိုက်ကားသမားတွေ၊ လမ်းထောင့်က ဈေးသည်တွေက သူ့ကိုကြည့်ရင် သူကပြုံးပြုံး... ပြုံးပြုံးနဲ့ တပြုံပြုံးပြန်လုပ်ပြသေးတာ။ တမနက် မရွှေစုရဲ့အမက ဈေးသွားဖို့ ဆိုက်ကားစီးတော့ ဆိုက်ကားသမားတွေက ၀ိုင်းမေးကြသတဲ့။ အမကြီး ... ညီမရဲ့ ယောက်ျားက နိုင်ငံခြားသားလားတဲ့။

မရွှေစုကတော့ သွားဆေးခန်းကို ခရီးသွားစရာရှိလို့ မြန်မြန်လေး လုပ်ပေးပါဆရာရယ်လို့ ပြောမိလိုက်တာ... သမီးက နယ်က ကျောင်းဆရာမလေးလားတဲ့။ အဲသလို ကိုရေချမ်းနဲ့ မရွှေစုတို့ဟာ မြို့ကြီးသား စတိုင်ကျကျနဲ့ တောသူမ စုံတွဲရယ်ပါ။

*********

မရွှေစုရေ... ကျနော်... ဒီနားခဏသွားလိုက်အုံးမယ်။ ပြီးမှ ပြန်လာမယ်။ ခင်ဗျားစားချင်တာလေး ၀ယ်စားထားနှင့်လိုက်နော်...။ သိပ်မကြာပါဘူး... ခဏပါ။ အင်း... အင်း... ရတယ်... သွား.. သွား။ အဲသလို မရွှေစုနဲ့ကိုရေချမ်းတို့ စကားပြောနေကြတာကို ဘေးနားရောက်လာတဲ့ ကိုရေချမ်းကိုမသိတဲ့ သူငယ်ချင်းက အဲသာဘယ်သူလဲ... နင့်အမျိုးသားရော ခေါ်လာမယ်ဆိုတာ ပါမလာဘူးလားတဲ့။ အို... အဲသာ... ကိုရေချမ်းလေဆိုတော့... ဟင်... နင့်ယောက်ျားကလဲ နင့်ကို စကားပြောတာ ကျနော် ... ခင်ဗျားတဲ့...။ အော်... သူက အလွန် အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့ မန်းသားမို့ပါဟယ်... ခွင့်လွှတ်ထားပါတယ်လို့..။

ထစ်ကနဲရှိ စိတ်တိုတတ်တဲ့ မရွှေစုတို့ စိတ်ရှည်တတ်လာရင်၊ ဘုရားတရား ဘာမှမလုပ်တဲ့ ကိုရေချမ်းတို့ ဘုန်းကြီးကျောင်းဝေယျာဝစ္ဆတွေ လုပ်လာရင်၊ တခါမှ တရားမထိုင်ဖူးတဲ့သူ တနေ့နာရီဝက် အနည်းဆုံး တရားထိုင်တတ်လာတယ် ဆိုလို့ ရှိရင် အဲသာတွေဟာ ရည်းစားသက် ၅နှစ်၊ အိမ်ထောင်သက် ၉နှစ် ဆိုတဲ့ ဘလန်ဒါနဲ့ ရောမွှေကြိတ်ခြင်းခံလိုက်ရတဲ့ ရလဒ်တွေပါပဲ။

*********

အမသက်ဝေနဲ့ အမချစ်ကြည်တို့ရေ... ရေးရရင်တော့ တထောင့်တည ပုံပြင်တွေထက် ရှည်သွားမှာ စိုးလို့ ဒီမှာပဲ ရပ်လိုက်တော့မယ်နော်... ။ အသွင်မတူတာတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပေါ့။ သို့သော်လည်းပဲ ဟိုးအပေါ်က ကာတွန်းလေးလိုပေါ့... အသွင်လုံးဝမတူကြပေမဲ့ တစ်ယောက်ရှိမှ တစ်ယောက်အတွက် complete ဖြစ်တယ်လို့ ထင်နေကြပါတယ်။

ချစ်ခင်စွာ...
ကိုရေချမ်း + မရွှေစု

Thursday, July 1, 2010

ဆုံးဖြတ်ချက်



ဒီကနေ့နံနက်မှာပဲ မရွှေစုတစ်ယောက် ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ချမှတ်လိုက်ပေသည်။

*****************************

၂၀၁၀ခုနှစ်ရဲ့ နှစ်တ၀က်ကို ကုန်လွန်ခဲ့ပေပြီ။ မရွှေစုတစ်ယောက် ၂၀၁၀နှစ်စကတဲက အခုနှစ်လည်ထိ များလိုက်သည့် အလုပ်ဆိုတာ အဖြစ်က မနှစ်ကနဲ့ပင် မတူလို့ ညည်းရတော့မလောက်ပင်ဖြစ်သည်။ နှစ်စမှာ ရုံးတွင်း ၆လသင်တန်းကို တက်ရမည်ဟု ဘော့စ်က ပြောလာသည့်အခါ ခပ်ပေါ့ပေါ့ပဲသဘောထားမိခဲ့၏။ အိုကေ... တက်တာပေါ့ဟု လွယ်လွယ် သဘောတူမိခဲ့သည်။ ဟေးလားဝါးလား ဟီးဟီးဟားဟားနှင့် အသာကလေးပြီးသွားမည့်သင်တန်းဟု အပျော်သဘောလောက်သာ တွက်မိခဲ့သည်။ တကယ်တန်းကျတော့ မရွှေစု၏ အထင်နှင့်အမြင် တက်တက်စင်အောင် လွဲမှားပေတော့သည်။

ဇန်န၀ါရီအစ သင်တန်း အောရီယန်တေးရှင်းကိုသွားလိုက်မှ မရွှေစုတစ်ယောက်မှားမှန်းသိတော့၏။ သင်တန်းက စာမေးပွဲလဲဖြေရမတဲ့။ ကျရင် သင်တန်းကထွက်ရ မတဲ့။ ပြီးတော့ ပရောဂျက်လုပ်ရမတဲ့။ ပရောဂျက်မပြီးရင် သင်တန်းဆင်းလက်မှတ် မရဘူးတဲ့။ တကယ်သင်တန်းစတော့လဲ အတန်းထဲ စာသင်ရင်း သင်တန်းဆရာများက ဟိုလူ့လက်ညိုးထိုး၊ ဒီလူ့လက်ညိုးထိုးနှင့် စာကမေးသေးသည်။

သင်တန်းတက်နေရပါသည်ဆိုမှ အလုပ်ကလဲ များလိုက်သည့်ဖြစ်ခြင်း။ new product တွေက တခုပြီးတခု ရောက်လာသည်။ New chip-set design တွေနဲ့မို့ Firmware code ကို ပြောင်းရသည်မှာ ခေါင်းစားစရာတွေတပုံကြီး။ Firmware test released လုပ်ပါမည်ဟု ဂတိပေးထားသည့် Target Date အတွင်းမပြီးမှာ ကိုယ့်ဘာသာကိုယ် စိုးရိမ်နေမိသည်။ သင်တန်းတဖက်နှင့် ဘယ်လို့  handle လုပ်ရပ။

သင်တန်းမှာ မရွှေစုဘေးနားမှာ ထိုင်သည့် တခြားဌာနကတစ်ယောက်လဲ အလုပ်များသည် အကြောင်းပြကာ သင်တန်းက drop လုပ်သွားသည်။ ဒီလိုပဲ လူတော်တော်များများ တစ်ယောက်ပြီးတစ်ယောက် သင်တန်းက ထွက်ကုန်ကြပြီ။ မရွှေစုလည်း မနေနိုင်တော့။ ကိုယ်လဲ သင်တန်းဆက်မတက်နိုင်ကြောင်း၊ အလုပ်တွေအရမ်းများကြောင်း ဘော့စ်ကိုသွားပြောသည်။ ချစ်လှစွာသော ဘော့စ်သည် မရွှေစု အဆိုပြုချက်ကို လက်မခံပေ။ ရပါတယ်... အလုပ်ကိုပြီးသလောက်ပဲလုပ်၊ သင်တန်းကိုလဲ ရသလောက်ပဲလုပ် တဲ့။ နင့်ကို ငါဘာမှ ပရက်ရှာမပေးဘူး။ စိတ်ချတဲ့။ ဟာ... ဘယ်လို တုန်း။ မလုပ်နိုင်ပါဘူးဆိုမှ... ဒီမှာ စနေ၊ တနင်္ဂနွေတွေလဲ မနားရ။ ညတိုင်အိမ်ပြန်ရောက်ရင်လဲ မနားရနဲ့ ရသလောက်ပဲဆိုတာ အပြောလွယ်ပေမဲ့ အလုပ်ကခက်တာ။ မရွှေစု ရသလောက် ကွန်ပလိန်းတက် ဘော့စ်က ခေါင်းမာမာနှင့် မလျှော့... နောက်ဆုံးတော့ ( Customer is always right မဟုတ်ပါ။ My boss is always right ဆိုပြီး ) မရွှေစုပဲ ခေါင်းခါခါ လည်ခါခါ စူစူအောင့်အောင့်နှင့် လက်လျှော့ရတော့သည်။

ဒီတော့ အလုပ်ထဲမှာ သင်တန်းထဲမှာ ပရောဂျက်ထဲမှာ အချိန်ပြည့် ခေါင်းစိုက်ရင်း ဘလော့လဲ မရေးနိုင်၊ ဖိုရမ်လဲ မဖတ်နိုင်၊ အွန်လိုင်း အလာပ သလာပလဲ မလုပ်နိုင်တိုင်း ချစ်လှစွာသော ဘော့စ်ကို မေတ္တာတွေ ပို့ကာ စိတ်တွေအကြီးကြီး ဆိုးမိလေသည်။ သူ့ကို စိတ်ဆိုးတိုင်း သင်တန်းက အလကားကျွေးသော မုံ့များကို နင်းကန်စားလေသည်။ မနက်ဆို ကြာဇံကျော်၊ ထမင်းကျော်နဲ့ အသားတခုခုစား၊ ပြီးရင် ကော်ဖီ ၂ခွက်ဆင့်သောက်သည်။ နေ့လည် ထမင်းကိုလဲ အသကုန်စားသေးသည်။ ညနေပိုင်း အတန်းမှာ အိပ်ငိုက်သည် အကြောင်းပြ၍ ကော်ဖီ၃ခွက်သောက်သည်။ စာသင်တာ နားထောင်ရတာ ပျင်းတိုင်း စားပွဲမှာချထားသည့် သကြားလုံးများ တလုံးပြီး တလုံး ပါးစပ်ထဲ ကောက်ကောက်ထဲ့သည်။ ညနေ တီးဘရိတ်မှာ ကျွေးသည့်မုံ့များ တဖြဲနှစ်ဖြဲ ထပ်စားသည်။ချောကလက် ကိတ်မုန့်ဆို ၂ချပ်၊ အသားမုန့်အကြီး၁ခု၊ ဆန်းဒ၀တ်ခ်ျ ၂ခု၊ သစ်သီး စသဖြင့်...။ အဲသလောက်စားလို့ ညစာ မစားနိုင်လိမ့်မည်မထင်ပါနှင့်။ ညီမတော်ချက်သည့် ညစာကိုလဲ အိမ်ပြန်ရောက်တော့ အသကုန်ကြိတ်ပါသေးသည်။

စနေ၊ တနင်္ဂနွေကျတော့ရော။ နေ့လည် ထမင်းစားပြီးတာနဲ့ ကွန်ပြူတာရှေ့မယ် အလုပ်တွေ၊ ပရောဂျက်တွေသာ ထိုင်လုပ်နေရသည်... စိတ်ကသေချာမပါသာ အသိသာကြီး။ အဲဒီတော့ မီးဖိုချောင်ကို အခါ၂၀လောက်ဝင်သည်။ ရေခဲသေတ္တာကို အခါ၂၀လောက်ဖွင့်သည်။ တခုပြီး တခု တွေ့တာတွေ ယူစားလေသည်။ တော်ကြာ ဘီစကစ်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ တော်ကြာ ချောကလက် ရေခဲချောင်း၊ တော်ကြာနေကြတော့ နက်စ်ကဖီးကို နွားနို့တွေထဲ့ ရေခဲတွေထဲ့ ဘလန်ဒါနဲ့ လှည့်ပြီး ကော်ဖီအေးလုပ်သောက်၊ ဒါမှမဟုတ်ရင် နွားနို့အေးထဲ ရေခဲ့မုန့်၊ ပန်းသီး၊ စတော်ဘယ်ရီ၊ ငှက်ပျောသီးတွေ လှီးထဲ့ စားပြန်သည်။ အဲသာတွေရိုးသွားတော့ပဲလှော်နှင့် မော်လမြိုင်ထန်းလျက်ခဲကို ရေနွေးကြမ်းနှင့် သောက်ချင်သောက်၊ ဒါမှမဟုတ် မရိုးနိုင်တဲ့ ပုဇွန်ခြောက်နိုင်နိုင်နဲ့ လက်ဘက်သုတ်။ ညီမတော်က မျက်လုံးပြူးနှင့် ကြည့်သည်။ မမလတ် ဟုတ်ကောဟုတ်သေးရဲ့လား ဆိုသည့် သဘောနှင့်။ မရွှေစုတို့ မယုံကြည်နိုင်စရာ စားသောက်ကောင်းနေလိုက်သည်မှာ မပြောပါနဲ့တော့။

မနေ့က မတွေ့တာကြာပြီ ဖြစ်သော တခြားဌာနက သူငယ်ချင်းတစ်ယောက်နှင့် တွေ့သည်။ ဟယ်... ရွှေစုရယ် မတွေ့တာမှ ၃-၄လ ရှိသေး။ ၀လာလိုက်တာ လုံးနေတာပဲ... ကောင်းတယ် ကောင်းတယ် တဲ့...။ အဲ့... အယ်။

ဒီကနေ့ မနက် ရုံးသွားဖို့ ပြင်ဆင်တော့ မရွှေစုတစ်ယောက် အ၀တ်အစားလဲသည့် အခန်းထဲမှ တော်တော်နှင့် ထွက်မလာနိုင်။ အပြင်က စောင့်နေသည့်ယောက်ယောက်က မပြီးသေးဘူးလားဟေ့... နောက်ကျနေပြီဟု ခေါ်နေပြီမို့ ကမန်းကတန်း ပြေးထွက်လာရသည်မှာ ချော်လဲမတတ်။ အဘယ်ကြောင့်ကြာနေသနည်းဆိုသော် မ၀တ်တာ ကြာပြီဖြစ်သော ဂျင်းဘောင်းဘီကို လျှာရှည်ပြီး ၀တ်နေတာ... ခုန်... ခုန်ပြီး ၀တ်နေရလို့ ဖြစ်ပါသည်။

*****************************
ဒီကနေ့နံနက်မှာပဲ မရွှေစုတစ်ယောက် ဆုံးဖြတ်ချက်တခုကို ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားကြီး ချမှတ်လိုက်ပေသည်။ နက်ဖြန်ကစပြီး Gym ကိုပြန်သွားပြီး exercise ပြန်လုပ်တော့မည်ဟု။ ဂျင်းဘောင်းဘီတွေ ၀တ်လို့ မရတော့ရင် နှမျောစရာ... နော့လေ။

စုချစ်

Sunday, June 27, 2010

ကမ္ဘာ့ဖလားပွဲမှာ....

ကာတွန်း -စိုးသော်တာ

ဆရာအောင်ရေ...

ကမ္ဘာ့ဖလားပွဲမှာ အဘယ်သူ အောင်ပွဲဆင်မည်တည်းဆိုတဲ့တဂ်လေး ခုမှ ရေးဖြစ်လို့ စိတ်မဆိုးပါနဲ့နော့...။ ကိုယ်လည်း အဲသဟာ မရေးမပြီးမချင်း ဆရာအောင်ဆီက ကြွေးယူပြီး မဆပ်ရသေးသလို စိတ်တထင့်ထင့်နဲ့ဖြစ်နေမိတာ။ ဘောလုံးအကြောင်းနဲ့ သက်ဆိုင်တာလေးတွေ ဟိုစစ သည်စစနဲ့ ရေးထားသေးတယ်။ တပုဒ်ရေးလိုက် သေချာ အဆုံးမသတ်ဖြစ်လိုက်၊ နောက်တနေရာရောက်တော့ နောက်တပုဒ်ရေးလိုက် တို့လို့တန်းလန်း ဖြစ်လိုက်နဲ့။ ခုတော့ အဲသာတွေ ရေးပြီးအောင် စောင့်နေရင် ဘောလုံးပွဲကြီးသာပြီးသွား၊ မတင်ဖြစ်လိုက်တော့ပဲနေတော့မှာစိုးတာနဲ့ ကာတွန်းလေးပဲ ရီရအောင် တင်ပေးလိုက်ပါတယ်နော့။

ကိစ္စများမြောင်လူတို့ဘောင်ဆိုသလို တလောက တော်တော်ကလေး အလုပ်တွေများတာရယ်နဲ့။ ဆရာအောင် တဂ်ကိုရေးရမယ်ဆိုလဲ ဘောလုံးနဲ့ ပါတ်သက်ဖူးတဲ့ မှတ်မိသမျှလေးတွေပဲ ရေးလို့ရမှာလေ။ ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းဖို့ကတော့ ... ဟီး... ဘာကိုမှ follow up လုပ်မထားသူ၊ နကန်းတလုံးမသိသူမို့ အပေါ်က ဆရာစိုးသော်တာ ကာတွန်းထဲကလို ပြန်ဖြေရတော့မလိုဖြစ်နေမှာတော့။ ကိုယ့်ဘာသာရယ်စရာ ကာတွန်းလေးတောင် ဆွဲထားသေး။ ဒါပေမဲ့ ဆရာစိုးသော်တာ ကာတွန်းလေးက အခုဒီတဂ်လေးနဲ့ ကွက်တိ၊ ပိုရီရလို့ အဲသာလေးပဲ တင်ပေးလိုက်တော့တယ်။ အဲဒီ ဘောလုံးအကြောင်းနဲ့ ပါတ်သက်တာလေးတွေ ရေးထားတာတော့ နောက်မှ တင်တော့မယ်နော့...။ ကြာသွားတာ စိတ်မဆိုးပါနဲ့နော့။ နောက်တခါတဂ်ရင် ချက်ချင်းရေးပါ့မယ်နော်... ဂတိ။း-)

ကိုအောင် မွေးနေ့ကိုလည်း အမှီဆုမတောင်းပေးလိုက်ရလို့ စိတ်မကောင်းဘူးတော့။ အခု ဒီကာတွန်းလေးနဲ့ပဲ Belated Happy Birthday Wish လုပ်လိုက်ပါတယ်နော့...။

ထပ်ပြီး ပြောရမယ်ဆိုရင်တော့ မောင်လေးကိုအောင်လို့ ခေါ်လို့ရပြီတော့။ ဘာလို့ဆို မရွှေစုသည် ယခုလာမည့်သြဂုတ်လတွင် ဘ၀စမည့်သူဖြစ်ပေသောကြောင့်တည်း။

ခင်မင်စွာဖြင့်... စုချစ်

************************

Saturday, June 19, 2010

Tuesday, June 1, 2010

သမီးလတ်ရင်ထဲက ချစ်မေမေ

သမီးလတ်ရင်ထဲက ချစ်မေမေ

၀၁-၀၆-၂၀၁၀

မေမေ...။

ဒီနေ့ မနက်အိပ်ရာကထတော့ သမီးလတ် ခေါင်းတွေမူးနေတယ်။ ခုတလော ညလယ်တွေမှာ ခဏခဏ လန့်ပြီးနိုးတယ်။ အလုပ်တွေ မပြီးလို့ လန့်လန့်ပြီး နိုးတာ မေမေရဲ့။ မနေ့ညကတော့ စိတ်ညစ်ပြီး ငိုတောင်ငိုချင်နေတာ။ ဘာလို့လဲဆို ဒီကနေ့ new product ကို run ဖို့ရာ သမီးလတ်ရေးတဲ့ Firmware Code အသစ်ကိုပေးရမှာ။ code က error တွေ တက်နေလို့ အချိန်မှီ မပေးနိုင်ဘူး... မေမေ။ သမီးလတ်လဲ ကြိုးစားပြီး လုပ်တာပဲ။ ပြီးခဲ့တဲ့ အပတ်ကလေ ... သမီးလတ်တို့ ရုံးက ၄ရက်ဆက်ပိတ်တာတောင် မနားပဲ ဆက်တိုက် လုပ်တာပဲ။ ဒါပေမဲ့ စိတ်အရမ်းပူနေလို့လားမသိ... လူကဟုန်နေတယ်။ ခေါင်းရှင်းရှင်း ထားပြီး အလုပ်မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီ code ကို မပေးနိုင်ရင် သမီးလတ်တို့ group က မျက်နှာပျက်စရာဖြစ်မှာ မေမေရဲ့၊ ကိုယ့်အတွက်ကြောင့် ကိုယ့်အဖွဲ့ကို ဂုဏ်မငယ်စေချင်တဲ့စိတ်နဲ့ စိတ်တွေပါ ညစ်နေတယ်။

သမီးလတ်လေ မေမေ့ စကားကိုနားထောင်ပါတယ်။ ညတိုင်း မအိပ်ခင် တရားမှန်မှန်ထိုင်တာပဲ။ စိတ်တွေက ပျံ့လွင့်ပေမဲ့ သမီးလတ် ကြိုးစားပြီး တရားမှတ်ပါတယ်။ အရာရာ မမြဲဘူး။ စိတ်ပျော်နေတာ အမြဲ မရှိသလို စိတ်ညစ်စရာလဲ အမြဲမရှိဘူးလို့ ညစ်နေတဲ့စိတ်သဘောကို သိအောင် မှတ်တာပါပဲ။ မှတ်လဲမှတ်မှတ်နဲ့ပဲ မသိစိတ်အဟုန်က ညစ်နေတယ် ထင်တာပါပဲ မေမေရယ်။ အဲသာကြောင့် ညလယ်တွေ လန့်လန့်နိုးပြီး မနက်ရုံးသွားရင် ခေါင်းတွေမူးနေတယ်။ ဒါတောင် အဲဒီလောက် တရားထိုင်နေလို့သာ စိတ်က နေသာထိုင်သာရှိတာ။ နို့မဟုတ်ရင် သမီးလတ်က အလကားနေရင်း စိတ်ပူတတ်၊ စိတ်များတတ်ပါဘိသနဲ့... တရားသာမကယ်ရင် ခုလောက်ရှိ အလုပ်တွေပိပြီး နှလုံးရောဂါလောက်တော့ အသာလေးရနေလောက်ပြီ ထင်တာပါပဲ။

ဒီနေ့ မနက်လဲ ရုံးကို ခါတိုင်းလို အစောကြီးရောက်တော့ ဘယ်သူမှ မလာခင် စားပွဲမှာ ထိုင်ပြီး မေမေပြောသလို နာရီဝက်လောက် တရားမှတ်ပါတယ်။ တရားမှတ်နေရင်းနဲ့မှ... ဟင်... ဒီကနေ့ မေမေ့ မွေးနေ့ပါလားဆိုတာ အမှတ်ရတော့တယ်။ တရားမှတ်မလို့ ပြင်တော့ ဘုရားကန်တော့ရင်း အဖေ၊ အမေ ရည်စူးကန်တော့မယ် လုပ်တော့မှ ဗြုန်းကနဲ အမှတ်ရသွားတာပါ... မေမေ။

ဒီကနေ့ မနက်ပိုင်း သင်တန်းတက်စရာလဲ ရှိတယ်... မေမေ။ အဲဒီ သင်တန်းက ဒီနေ့ နောက်ဆုံး တက်ရမှာ။ project presentation က နောက်တပတ်မှတဲ့။ တော်သေးတာပေါ့...မေမေရယ်။ အလုပ်အရမ်းများနေလို့ အဲဒီ project ကို ဘာမှ မလုပ်နိုင်ပဲ ပြစ်ထားရတာ။ ခုလာမဲ့ ပိတ်ရက်ကျမှပဲ ပြန်ကိုင်ရတော့မယ်။ အလုပ်က ပိုအရေးကြီးလို့ပါ မေမေ။ သမီးလတ်လဲ တရား မှတ်ပြီးတာနဲ့ သင်တန်းမသွားခင် အချိန်ရသလောက် အလုပ်ကလေး လုပ်လိုက်သေးတယ်။ နေ့လည် သင်တန်းက ပြန်လာတော့ ထမင်း ကမန်းကတန်းစားပြီး coding ကို ပြန်ကြည့်ရတာပဲ။ သမီးလတ်ရဲ့ စီနီယာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းက သမီးလတ်ကို တတ်နိုင်သလောက် ကူရှာပါတယ်။ ဒါပေမဲ့ သူကိုင်တိုင်လဲ ဘယ်လိုလုပ်ရမယ်မှန်းမသိလို့ အခက်တွေ့နေကြရတာပါ။

နေ့လည် ၂နာရီလောက်မှာ test အဖွဲ့က code ပေးနိုင်မလား လှမ်းမေးတယ် မေမေရဲ့။ သမီးလတ်လဲ Plan Aက မဖြစ်တော့ Plan B နဲ့ လုပ်ဆိုပြီး တခြား code တခုကိုပေးလိုက်ရတယ်။ အဲဒီအတွက် double process တော့ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သမီးလတ် ဘာများတတ်နိုင်ပါမလဲ။ သမီးလတ်ကသာ မျက်နှာပျက်နေတာ။ ဘော့စ်ကတော့ ကိစ္စမရှိပါဘူးလို့ ဖြေသိမ့်တယ်။ သမီးလတ်ကတော့ ဒါဟာ ကိုယ်... capable မဖြစ်တာများလားလို့ ကိုယ့်ကိုယ်ကို သံသယ၀င်မိပြီး စိတ်ပျက်သလို ခံစားရတယ်။ test အဖွဲ့ကို run ဖို့ code ပေးလိုက်ပြီးတော့ သမီးလတ် စိတ်ကို ဒုံးဒုံးချလိုက်တယ်။ တင်းနေတဲ့ စိတ်တွေကို ခဏ ဖြေလွှတ်လိုက်တယ်။

စားပွဲရှေ့က မေမေ့ ဓါတ်ပုံလေးကို ကြည့်တယ်။ ဒီကနေ့ မေမေ့ မွေးနေ့။ မေမေ့ ကို သမီးလတ်ချစ်တယ်။ မေမေ့ရဲ့ တုနှိုင်းမရတဲ့ မေတ္တာကို တသအောင့်မေ့မိလိုက်တယ်။ မေမေ... သမီးလတ် အလုပ်တွေ လုပ်မရဘူး။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ ဘာဆက်လုပ်ရမလဲ၊ ဆိုတာလဲ မတွေးတတ်တော့ဘူး။ ဒါပေမဲ့... မေမေ့ အတွေးထဲမှာ သမီးလတ်က သူရဲကောင်းဖြစ်နေမယ်ဆိုတာ သမီးလတ်သိတယ်။ မေမေ့ သမီးလတ် လုပ်ရင် အရာရာ ဖြစ်နိုင်တယ်လို့ မေမေက ယုံကြည်ပေးတယ်။ မေမေ့ပုံလေးက... သမီးလတ် ကို... အင်အားတွေ ပေးတယ်။ ဟုတ်တယ်။ ဘာလို့ မဖြေရှင်းနိုင်ရမှာလဲ။ မေမေက ပြောဘူးတယ်။ ခေါင်းအေးအေးထားပြီး စဉ်းစားရမယ်၊ အလုပ်လုပ်ရမယ်တဲ့။ မဖြစ်လာသေးတာကိုလဲ မပူနဲ့၊ ဖြစ်ခဲ့ပြီးတာကိုလဲ မပူနဲ့တဲ့။ မေမေ့ ပုံလေးကို ကြည့်တယ်။ စိတ်ထဲက ကန်တော့တယ်။ မေမေ... သမီးလတ် ဒီပြဿနာကို ဒီကနေ့ မရရအောင် ဖြေရှင်းမယ်။ ဒီကနေ့ မပြီးမချင်း သမီးလတ် အလုပ်ထိုင်လုပ်မယ်။ အလုပ်တခုကို မပြီးခင် တ၀က်တပျက်မှာ စိတ်ပျက်လက်ပျက် ဖြစ်တဲ့သူဟာ လူပျော့လူညံ့လို့ မေမေက ပြောဖူးတယ်။

သမီးလတ် ကြိုးစားပြီး code တွေ အဆင့်လိုက် တခုစီ တခုစီ အစတွေ ဆွဲထုတ် ဖြေထုတ်တယ်။ ပြဿနာ ဖြစ်နိုင်တာတွေကို တခုစီ စိတ်ရှည်လက်ရှည် ပြန်ပြောင်းတယ်။ ပြီးခဲ့တဲ့ ၂ပတ်လုံးလုံး လုပ်ခဲ့တဲ့ debugging stage တွေကို တဆင့်စီ စိတ်ရှည်လက်ရှည် ပြန်စစ်တယ်။ မျက်လုံး ခဏမှိတ်တယ်။ တရားမှတ်တယ်။ code တွေကို ပုံဖေါ်ကြည့်ပြီး ဘယ်နေရာက ဘာဖြစ်နိုင်တယ်ဆိုတာ စိတ်အေးလက်အေး ပြန်စဉ်းစားတယ်။ ၃နာရီလောက်ကြာသွားတယ်။

မေမေရေ... ။ မေမေရေ... ။ မေမေ မေတ္တာကြောင့်... ၂ပတ်လောက် သမီးလတ် မဖြေရှင်းနိုင်တဲ့ ပြဿနာ မထင်မှတ်ပဲ ဗြုန်းကနဲ အဆင်ပြေသွားပြီ။ management ကို ချက်ချင်း အသိပေး၊ code အသစ်ကို ချက်ချင်း released လုပ်နိုင်အောင် ပေးလိုက်တယ်။ ပင်ပန်းလွန်းလို့ သမီးလတ် မျက်နှာက နွမ်းချင်နွမ်းနေမယ်။ ဒါပေမဲ့ သမီးလတ် ရင်ထဲမှာ မေမေ... မေမေ.. လို့ ရွှင်လန်းစွာနဲ့ အသံတိတ် မြည်တမ်းနေတယ်။

မေမေ... မေမေ... သမီးလတ်ရင်ထဲက ချစ်မေမေ...
မွေးနေ့မှာ ကျန်းမာ ချမ်းသာ လန်းဖြာစွာနဲ့ တရားဘာဝနာများ သက်ဆုံးတိုင် ကောင်းစွာ ပွားများ အားထုတ်နိုင်ပါစေ။

ချစ်သမီးလတ်