Thursday, September 4, 2014

တော်လေးဝ ဝင် နှင့် “မချစ်ဖို့” လို မိန်းမသား

ဇနီးမယား ပုံပြင်များ - ၂ 

 



“ဘာ စာအုပ်တွေ ဖတ်နေတာလဲ...”
ည ဘုရားရှိခိုးပြီးကတဲက အိပ်ရာပေါ်မှာ အလျားမှောက်ပြီး စာအုပ်တစ်အုပ်ကိုဖတ်နေ ဘေးနားမှာလည်း စာအုပ်တွေကို ဗုံတွေစီသလို စီထား၊ ပြီးတော့ ဘော့ပန်တွေ ဟိုင်းလိုက်တွေနဲ့ ထုံးစံအတိုင်း ရှုပ်ရှက်ခပ်နေတဲ့ မရွှေစုကို ကြည့်ပြီး ကိုရေချမ်းက လှမ်းမေးလိုက်တယ်။ သူကတော့ ကုတင်ဘေးက စာကြည့်စားပွဲမှာထိုင်ပြီး သီချင်းလေး နားထောင်ရင်း ဆိုညည်းလိုက်၊ ရုံးအလုပ်တွေ တွက်ချက်လိုက်နဲ့ နေတာကိုး။
“ဒီမှာလေ၊ ကြာတော၌ရွာသောမိုးတဲ့... ခင်နှင်းယုရေးတဲ့ ဝတ္ထုတိုလေးတွေ အရမ်းကောင်းတာပဲ... မရွှေစု ၁၅နှစ်၊ ၁၆နှစ်သမီးလောက်ကတဲက ဖတ်ခဲ့ဖူးတဲ့ စာအုပ်ပေါ့... “
ကိုရေချမ်းက ခေါင်းညိတ်ရုံသာ ညိတ်ပြပြီး စိတ်ဝင်စားဟန်မပြ။ အမျိုးသမီးစာရေးဆရာတွေရေးတဲ့ စာအုပ်တွေဆို သိပ်စိတ်ဝင်စားတာမှ မဟုတ်တာကိုး။ သူက ငယ်ငယ်ကတဲက ဘာသာပြန် စာအုပ်တွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက် ဖတ်တဲ့သူကိုး။
“ကိုရေချမ်းကေ... တော်လေးဝဝင် အမျိုးသမီးကောင်းများ အကြောင်း သိသလားဟင်...”
စကားအဆက်အစပ်မရှိ မရွှေစုက မေးလိုက်တော့ ကိုရေချမ်းက လုပ်လက်စ အလုပ်ခဏနားရင်း စဉ်းစားရတော့တယ်။
“သိတာပေါ့။ ဘာလဲ... တော်လေးဝဆိုတာ ... အမရာ၊ ကိန္နရီ၊ မဒ္ဒီဒေဝီ... အဲ... အဲ... နောက်တစ်ယောက်က...ဘယ်သူပါလိမ့်...”
“သမ္ဗုလာ လေ... အဲဒီ ဇာတ်လမ်းတွေကိုရော သိလားဟင်”
“အမရာက မဟောသဓာ မိန်းမကွာ၊ ကိန္နရီဆိုတော့ ကိန္နရာ ကိန္နရီကွာ၊ မဒ္ဒီဒေဝီက ဝေသန္တရာ ဇာတ်တော်ကကွာ၊ အဲ... ဘာတဲ့... နောက်ဆုံးတစ်ယောက် သမ္ဗုလာ တော့ မသိဘူးကွ”
“အဲသာဆို သူများ ပြောပြရ မလား၊ အချိန်ရလား “
“အေး၊ ပြောပြ... ခဏနားရင်း နားထောင်တာပေါ့”
ကိုရေချမ်းက ပြောပြောဆိုဆို စားကြည့်စားပွဲကနေ ထလာပြီး အိပ်ရာပေါ် အသာလှဲရင်း ဇိမ်လေးနဲ့ မျက်စိတွေတောင် မှိတ်ထားလိုက်သေးတယ်။
“အမရာဒေဝီ အကြောင်း စပြောမယ်လေ... မရွှေစုတော့ ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲမှာဆို မဟောသဓာ ဇာတ်တော်ကို အကြိုက်ဆုံးပဲ။ သူများတို့ ငယ်ငယ်တုန်းကလေ... ရွှေသွေးမှာ ဆရာဦးဘကြည်ဆွဲတဲ့ ပုံလေးတွေနဲ့ အခန်းဆက်ကို ပါဖူးတာလေ...”
“အေး... အေး ... မှတ်မိတယ်လေ... ကျနော်ဆို အရမ်းကြိုက်တာ... မဟောသဓာ တရားစီရင်ခန်းတွေဆို အရမ်းကောင်း...။ မဟောသဓာ က အမရာကို စတွေ့တွေ့ချင်းမှာ လက်သီးဆုတ်ပြတော့ အမရာက လက်ဝါးဖြန့်ပြတာ မဟုတ်လား...နေပါဦး... အဲသာ ဘာလုပ်ပြတာပါလိမ့်... မေ့တောင် မေ့သွားပြီ”
“လက်သီးဆုတ်တာက ကာမပိုင် လင်ယောက်ျား ရှိမရှိ မေးတာလေ... အမရာက လက်ဝါး ပြန်ဖြန့်ပြပြီး မရှိသေးကြောင်းပြောတာလေ...”
“သြော်... အေး... ဟုတ်သားပဲ။ အင်း... ကျနော်ထင်တာကတော့ ... မရွေစုဆိုလည်း အမရာလို နေမှာပဲ။ “
“အန်... ဘာလို့”
ဒီနေရာရောက်တော့ ကိုရေချမ်း မျက်နှာက ပြုံးစနဲ့နဲ့ လုပ်ပြီး ပြောလာတယ်။
“အေးလေ... တကယ်လို့ ဟိုတုန်းက ကျနော် လက်သီးဆုတ်ပြမိခဲ့ရင် မရွှေစုလည်း အမရာလို လက်ဝါးပြန်ထောင်ပြမှာ အသေအချာပဲ... ကြည့်စမ်း... ဒင်းက စော်ကားမော်ကား လက်သီးဆုတ်လုပ်ပြနေတာ လက်ဝါးတော့ပြန်ပြလိုက်အုံးမှ လုပ်မယ့်သူပဲ။ ဒီလောက်စွာတာ... ဟားဟား..”
စိတ်မြန်လက်မြန် မရွှေစုက တချက်ထုတော့ ကိုရေချမ်းက လက်ကိုရှောင်ရင်း တဟားဟား အော် ရီနေသေးတယ်။
“အောင်မလေး... အခုကို လက်ဝါးရနေပါပြီခင်ဗျ...”
“မနောက်နဲ့ဟာ။ ဒီမှာ အကောင်းပြောပြမလို့ ဥစ္စာကြီးကို...။ တော်ပြီ... အဲသလိုဆို မပြောတော့ဘူး”
“အေးပါ...။ အလကား စတာပါဟာ။ စိတ်ဝင်စားဖို့ ကောင်းတယ်ဟ... ကျနော်လည်း မေ့ကုန်ပြီ... ဆက်ပြောပါအုံး... အစ်မကြီးရယ်...စိတ်မဆိုးပါနဲ့ “
“တကယ်တန်း ပြောရရင် အဲဒီတော်လေးဝဝင် ဇနီးတွေအားလုံးက နှယ်နှယ်ရရတွေ မဟုတ်ဘူးလေ။ တော်လေးပါးမှာ သမ္ဗုလာ ကလွဲရင် သုံးပါးက ဘုရားလောင်းရဲ့ ပါရမီဖြည့်ဖက်တွေကိုး။ အဲသာကြောင့် သူတို့က သစ္စာတရားကလည်း အင်မတန် ကြီးမားကြတယ်။ လင်ယောက်ျား အပေါ်မှာလည်း တကယ့်ကို အနစ်နာခံပြီး ပါရမီ ဖြည့်ခဲ့တဲ့သူတွေတဲ့။ မဟောသဓာက အမရာကို မယူခင်မှာ အမျိုးမျိုး စမ်းသပ်ခဲ့တာတဲ့။ ဟီး... အဲဒီလို အစမ်းသပ်ခံနိုင်မှ ယောက်ျား ရမယ်ဆိုရင်တော့ သူများတော့ အပျိုကြီးဖြစ်မှာသေချာတယ်... ဟီးဟီး...”
“ဘယ်လို စမ်းသပ်တာတဲ့တုန်း”
“ပညာဉာဏ် ရှိမရှိ၊ အမျက်ဒေါသ ရှိမရှိ၊ သစ္စာ ရှိမရှိ တွေကို စမ်းသပ်တာပေါ့။ သူက အမရာကို စပြီး ပိုးပန်းတုန်းကလည်း အပ်ချုပ်သမား ဆင်းရဲသားယောင် ဆောင်ခဲ့တာ။ သူတို့ နှစ်ယောက် စတွေ့တွေ့ချင်းပြောတဲ့ စကားတွေဆိုလည်း အရမ်းစိတ်ဝင်စားဖို့ ကောင်းတာ၊ မဟောသဓာက အမရာကို တွေ့တွေ့ချင်း ပညာဉာဏ် ရှိမရှိ စမ်းသပ်ဖို့ စကားပြောပြီးတာနဲ့ ပညာဉာဏ်ကြီးတဲ့မိန်းမပေပဲ ဆိုပြီး သဘောကျပြီး အိမ်ကို လိုက်သွားရော။ ပြီးတော့ ဆန်တစ်ခွက်ပေးပြီး ယာဂု၊ ထမင်း၊ မုန့်ကြွပ် ၃မျိုးရအောင် ချက်ဆိုပြီး ပြောတာလေ။ အမရာကလည်း ပညာဉာဏ်ကြီးတဲ့သူဆိုတော့ ရအောင် ချက်နိုင်တာပေါ့။ ချက်ပြီး ကျွေးလဲကျွေးရော အရသာ ကောင်းပါရဲ့ကနဲ့ မကောင်းဘူး ညံ့လိုက်တာဆိုပြီး မဟောသဓာက ထွီ ဆိုပြီး ထွေးထုတ်ပစ်တာတဲ့။ ပြီးတော့ အဲဒီ ချက်ထားတဲ့ထမင်းတွေ ယာဂုတွေနဲ့ အမရာကိုယ်ပေါ် လောင်းချပြီး တံခါးဝမှာ သွားရပ်နေစမ်းဆိုပြီး လုပ်တာတဲ့...”
“အဲသာ အမရာက စိတ်မဆိုးဘူးလား”
“ဘယ်... စိတ်မဆိုးပေါင်။ သခင်နေခိုင်းတဲ့ နေရာမှာ နေပါမယ်ဆိုပြီး နေတာတဲ့”
“မရွှေစု ဆိုရင်ကော...”
“ဟီး... မကြိုက်ရင် ကိုယ့်ဘာသာချက်လို့ ပြန်ပြောမှာပေါ့။ အာ... မနောက်နဲ့ဟာ။ ပြောနေတာ ဘယ်တောင် ရောက်သွားပါလိမ့်။ အဲ...အဲသာ မဟောသဓာက သူယူမယ့် မိန်းမ အမရာကို ဒေါသ အမျက်ကြီး မကြီး စမ်းသပ်တာပေါ့။ နောက်ဆုံးကတော့ သစ္စာကြီးမကြီး စမ်းသပ်တာပဲ။ အမရာကို ခေါ်သွားပြီး နန်းတော်ထဲ မဝင်ခင် တံခါးမှူး အိမ်မှာ ထားခဲ့ပြီးတော့ တခြားလူတစ်ယောက်ကို အသပြာထောင်ထုတ်နဲ့ ဖျားယောင်း သွေးဆောင်ခိုင်း၊ မင်းအာဏာနဲ့ ဖျားယောင်း သွေးဆောင်ခိုင်း အမျိုးမျိုးကို စမ်းသပ်တာတဲ့လေ”
“သူတို့ စမ်းသပ်တာကလဲ... ကြောက်စရာကြီး...”
“မစမ်းသပ်လို့ မဖြစ်ဖူးလေ...။ သူကိုယ်တိုင်က မင်းတိုင်ပင်ခံ ပညာရှိအမတ်ကြီး ဆိုတော့ ခပ်နုံနုံ အအ မိန်းမ၊ လောဘကြီးတဲ့ မိန်းမ၊ သစ္စာမရှိတဲ့ မိန်းမကို ဘယ်ယူလို့ ရမလဲ”
ကိုရေချမ်းက သဘောတူစွာ ခေါင်းငြိမ့်တယ်။
“အမရာကတော့ သူ့ယောက်ျားကလွဲ ဖွဲဆန်ကွဲဆိုပြီး ဘယ်လိုမှ သွေးဆောင်လို့ မရဘူးတဲ့။ အဲသလို သစ္စာရှိပြီး ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ မိန်းမကိုရထားလို့ နောက်ပိုင်း မဟောသဓာ မင်းရာဇဝတ်သင့်တော့ အမရာက ကယ်နိုင်ခဲ့တာပေါ့... မှတ်မိသေးတယ်။ ဟို မနာလိုတိုရှည် ဖြစ်တဲ့ အမတ်ကြီး၎ယောက်ကို အမရာက ပညာသားသားပါပါနဲ့ လုပ်လိုက်တာ ချေးတွင်းထဲကို အကုန်ကျကုန်ကြတဲ့ အခန်းလေ... မိုက်တယ်နော်...”
ကိုရေချမ်းနဲ့ မရွှေစုတို့ နှစ်ယောက် ဦးဘကြည် ပန်းချီပုံလေးတွေ မြင်ယောင်ပြီး ပြိုင်တူ ရယ်လိုက်မိကြတယ်။
“အေးလေ... အဲသာလည်း ရွှေသွေးထဲမှာ အကုန်ပါတာပဲ။ ကျနော်မှတ်မိတယ်။ ကိန္နရီ ဇာတ်လမ်းလဲ ဆက်ပါဦး...”
“ကိန္နရီ ကိန္နရာ ဇာတ်လမ်းကကျတော့ လူအများစုသိနေကြတာက လေပြင်းမုန်တိုင်းတိုက်လို့ တစ်ညလေးကွဲတာကို နှစ်ပေါင်း ၇ဝဝ တိုင်အောင် ဝမ်းနည်းပူဆွေးပြီး ငိုတဲ့ ဇာတ်လမ်း မှုတ်လား။”
“အေးလေ... အဲသာ မဟုတ်ဘူးလား”
“အဲသာက ၅၅ဝ နိပါတ်တော်ထဲက ဇာတ်လမ်းတော့ ဇာတ်လမ်းပဲ။ ဒါပေမယ့် တော်လေးပါးထဲက တစ်ပါးဖြစ်တဲ့ စန္ဒကိန္နရီ ဇာတ်လမ်းကတော့ မြတ်စွာဘုရားက ခင်ပွန်းအပေါ်မှာ ချစ်မြတ်နိုးတဲ့ ယသော်ဓရာ မိဖုရားကို အကြောင်းပြုပြီး ပြန်ဟောထားတာလေ။ သူ့ယောက်ျားက ဘုရားအလောင်း စန္ဒကိန္နရာ၊ တနေ့ ဗြဟ္မဒတ်မင်းက တောထွက်လာတုန်း စန္ဒကိန္နရီမလေးကိုတွေ့ပြီး သဘောကျသွားတော့ သူ့ယောက်ျား ကိန္နရာကို မြားနဲ့ ပစ်သတ်ပြီး သူ့ကို ယူဖို့ ကြံတာ။ ဘုရင်က အာဏာနဲ့ စည်းစိမ်ဥစ္စာတွေနဲ့ သွေးဆောင်ဖျားယောင်းတာကို ဘုရင့်နောက်ကို နည်းနည်းလေးမှ စိတ်မယိုင်ပဲ သေသွားတဲ့ သူ့ယောက်ျားကိုပဲ တမ်းတနေတာ။ အဲဒီမှာ စန္ဒကိန္နရီက သစ္စာဆိုပြီး နတ်သိကြားတွေကို တိုင်တယ်တော့ သိကြားမင်းက မနေနိုင်လို့ လာကယ်ရတဲ့ သစ္စာကြီးတဲ့ ဇာတ်လမ်း”
“အော်... အဲသာဆို စန္ဒကိန္နရီကလည်း ဘုရားလောင်းရဲ့ ပါရမီ ဖြည့်ဖက်ပဲပေါ့။ ကျနော်က ဇာတ်တော်ကြီး ဆယ်ဘွဲ့ထဲက မဒ္ဒီဒေဝီ နဲ့ အမရာဒေဝီ ကိုပဲ ဘုရားလောင်းရဲ့ ပါရမီဖြည့်ဖက်တွေလို့ ထင်နေတာ... “
“အင်း... မဒ္ဒီဒေဝီကလည်း ဝေသန္တရာ ဇတ်တော်ထဲကဆိုတော့ လူအများ သိကြပြီးသားပေါ့။ ဒါပေမယ့် မဒ္ဒီဒေဝီလို ပါရမီဖြည့်နိုင်ဖို့ဆိုတာကလည်း စဉ်းစားကြည့်ရင် မလွယ်ဘူးနော့။ မရွှေစုထင်တာကတော့ အမရာလို ဖြစ်ချင်ဖြစ်နိုင်မယ်။ ကိန္နရီလို ဖြစ်ချင် ဖြစ်နိုင်မယ်။ မဒ္ဒီဒေဝီလို ဖြစ်နိုင်ဖို့တော့ ပိုခက်မလား မသိဘူးတော့။”
“ဘာဖြစ်လို့...”
“ကိုယ့်ယောက်ျားက သူတော်ကောင်းမို့ ဆင်ဖြူတော်လှူမိလို့ မြိုင်ရပ်နှင်လွှတ်ခံရတာကို နောက်ကလိုက်သွားရတာမျိုးကိုတော့ လုပ်နိုင်လိမ့်မယ်။ သားရဲ တိရစ္ဆာန်ဘေးကိုမကြောက် တောထဲမှာ ရှာဖွေကျွေးရတာကိုလည်း ကုသိုလ်ရတာမို့ လုပ်ချင် လုပ်ပေးနိုင်ဦးမယ်၊ ကိုယ့်သားသမီးကို သူတပါးကို ကြည်ကြည်ဖြူဖြူ ပေးလှူလိုက်ရတာရယ်၊ ကိုယ့်ကိုလည်း သူတပါးလက် လှူလိုက်တာရယ်ကတော့ ဘယ်လိုမှတွေးပြီး လွယ်လွယ်သဘောတူလို့ရတဲ့ နည်းနည်းနောနော ပါရမီ မဟုတ်ဘူး။ တော်ရုံတန်ရုံ မိန်းမ ဘယ်နည်းနဲ့မှ မလုပ်နိုင်ဘူး”
“သမ္ဗုလာ ကျတော့ရော...”
“သမ္ဗုလာဇာတ်လမ်းကလဲ ၅၅ဝ နိပါတ်တော်ထဲကပဲ။ သူ့ရဲ့ယောက်ျား ဘုရင့်သားတော် သောတ္ထိသေနမင်းသားကတဲ့ အနာကြီးရောဂါ နူနာတွေစွဲလာတော့ တောကို နှင်ထုတ်ခံရတော့တာပေါ့၊ အဲသာ သမ္ဗုလာ မင်းသမီး က သူ့ ယောက်ျားနဲ့ အတူ လိုက်ပြီး မရွံမရှာ ကျိုးကျိုးနွံနွံနဲ့ ပြုစုလုပ်ကျွေးတာတဲ့။ တော်ရုံမိန်းမဆိုရင် မိဖုရား ဘဝကနေ ကုဋ္ဌနူနာတွေစွဲနေတဲ့ ယောက်ျား နောက် ဘယ်လိုက်ချင်ပါ့မတုန်းနော်။ အဲဒီလိုတောထဲမှာနေပြီး ယောက်ျားကို ပြုစုလုပ်ကျွေးနေတုန်း ဒါနောဘီလူးက အတင်းပဲ လာကြိုက်၊ ခြိမ်းချောက်ဖျားယောင်းပြန်ရော။ အဲတာကို ရဲရဲဝံ့ဝံ့နဲ့ မကြောက်မလန့် မဖောက်မပြန်နဲ့ တုံ့ပြန်ခဲ့ပြီး ယောက်ျားက အထင်မှားမှာစိုးလို့ သူ့ရဲ့ သစ္စာကြီးမားပုံကို နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်သစ္စာပြုလိုက်တော့ သူ့ယောက်ျားရဲ့ နူနာရောဂါပါ တခါထဲ ပျောက်သွားရောတဲ့”
“အော်... အဲသလိုကိုး...”
“ဒါနဲ့ သူများ... ကိုရေချမ်းကို မေးမလို့...”
“မေး...”
“ကိုရေချမ်းရော... မိန်းမယူတော့ ကိုယ့်မိန်းမကို တော်လေးဝဝင် မိန်းမမြတ်တွေလိုမျိုး ဖြစ်စေချင်ခဲ့သလား ဟင်...”
“ကျနော်တော့ အဲသာကို တခါမှ မစဉ်းစားမိပါဘူးဗျာ။ ကိုယ်ကိုယ်တိုင်ကမှ ဘုရားလောင်းလို မြင့်မြတ်တဲ့ စိတ်မျိုး မရှိပဲ ဘယ်လိုလုပ် တော်လေးဝလို မိန်းမမြတ်ကို လိုချင်နေလို့ ဖြစ်မလဲ။ ကိုယ့်ဖာသာ အကောင်းဆုံး အတော်ဆုံး မကျင့်ကြံနိုင်ပဲ သူများတကာကျတော့ အကောင်းဆုံး အတော်ဆုံးကို ဖြစ်ကိုဖြစ်ရမယ်လို့ သွားမှန်းနေရင် ဘယ် တရားပါ့မလဲ... မဟုတ်ဘူးလား။”
“မရွှေစုလည်း တော်လေးဝ မိန်းမမြတ်တွေအကြောင်းဖတ်ပြီး အဲဒီလောက်ထိ သူတို့လို မြင့်မြတ်တဲ့စိတ်မျိုး ရှိနိုင်မလား ဆိုတာ မသေချာဘူး။ ဒါပေမယ့်...”
“ဒါပေမယ့်... ဘာဖြစ်လဲ...”
“တော်လေးဝ ဝင် ဇနီးမယားတွေက တကယ့် ပါရမီရှင်တွေ။ သူတို့ ခေတ် သူတို့အဆင့်နဲ့ ကိုယ့်အခြေအနေနဲ့က စဉ်းစားရတာ အလှမ်းကွာလွန်းတယ် ထင်တယ်လေ။ “
“အေးလေ... ဟုတ်တာပဲ”
“မရွှေစုကတော့ ... ကိုယ့်ကိုယ်ကို တော်လေးဝလို မိန်းမစားမျိုး ဖြစ်ရမယ်လို့ တခါမှ မစဉ်းစားဖူးဘူး။ ဒါပေမယ့် ယောက်ျားယူရင် ကိုယ့်ယောက်ျားအပေါ် မချစ်ဖို့ လို ဇနီးမယားမျိုးတော့ ဖြစ်ချင်ခဲ့တယ်။”
“ ဘာလဲ...မချစ်ဖို့လို ဖြစ်ချင်တယ် ဆိုတာက... ပြောပြပါအုံး...”
“ဒီမှာလေ... မချစ်ဖို့ ဆိုတာက ခင်နှင်းယု ရေးတဲ့ ဝတ္ထုတိုလေးထဲက။ သူက ချစ်ဖို့ကောင်းလို့ သူ့ ယောက်ျားက သူ့ကို “မချစ်ဖို့” လို့ ခေါ်တာတဲ့...”
မရွှေစုက သူ့လက်ထဲက စာအုပ်လေးကို ထောင်ပြရင်း ပြောလိုက်တယ်။

+++++

ဆက်ရန်...
+++++

ကိုးကား။
မင်းယုဝေ - ဇာတ်ကြီးဆယ်ဘွဲ့ အနှစ်ချုပ်
ဦးအောင်ညွန့်ဝင်း - ငါးရာ့ငါးဆယ် အနှစ်ချုပ်

(သူကြီးမင်းရေ… ဟောဒီမှာ BPP-Challenge အတွက်။  
ဘလော့ဂါ စိန်ခေါ်ရမယ့်သူတွေ မစဉ်းစားရသေးလို့ ဥပုသ်ထွက် နောက် ၈ရက်မှ ဒီအဆက်ကို တင်ပြီး ရေးမယ်…
မျှော်နော်… ဟိဟိ… )

2 comments:

သူကြီးမင်း (တုံးဖလား) said...

တော်လေးဝနဲ့စပြီး မချစ်ဖို့ နဲ့ တန်းလန်းကြီး ဖြစ်နေပါလား မရွှေချစ်။
နောက် ရှစ်ရက်ကြီးတောင် စောင့်ရဦးမယ်ဆိုတော့ ဘကုန်းရွာသားတွေတော့ မျှော်တော်ယောင်ကြီးတွေဘ၀ ဖြစ်နေကြဦးမှာဘဲ။
ဥပုသ်စောင့်ရင်းနဲ့တော့ မရွှေချစ်ဇာတ်အိမ်လေး မစဉ်းစားနဲ့နော်။ တော်ကြာ တရားထိုင်ရင်း မျက်နှာ ပြုံးပြုံးကြီးဖြစ်နေဦးမယ်။း)

ဥပုသ်စောင့်ပြီး စိတ်အေးချမ်းမှု အပြည့်ရရှိနိုင်ပါစေ မရွှေချစ်။
ဒါနဲ့.. ကိုရေချမ်းရောလား။ ဥပုသ်ဝင်မှာက။ လိုက်ဖက်တဲ့ စုံတွဲပါဘဲ။

Adora etc. said...

အမရေ ဖတ်လို့ကောင်းတုန်းတန်းလန်းကြီးလုပ်သွားတယ်။ ဒါနဲ့ BPP Challenge ဆိုတာဘာလဲဟင်