Tuesday, September 16, 2014

တော်လေးဝ ဝင် နှင့် “မချစ်ဖို့” လို မိန်းမသား - ၂

ဇနီးမယား ပုံပြင်များ - ၂


“အဲဒီ ဝတ္ထုလေးကို ဆယ်ကျော်သက်အရွယ်က ဖတ်ခဲ့ဖူးတာ... ခုထက်ထိကို မမေ့သေးပဲ စွဲနေတုန်း သိလား...။ ဒေါ်ခင်နှင်းယု ရေးတဲ့ဝတ္ထုတိုပေါင်းချုပ်စာအုပ်ထဲက... ဝတ္ထုနာမည်က လူ့ပြည်ဆိုသည်မှာ တဲ့... “
“ဘာလို့ စွဲတာလဲ... ဇာတ်လမ်း ပြောပြစမ်းပါအုံး။ “
“ဇာတ်လမ်းက သိပ်ထူးခြားတယ်ရယ်လည်း မဟုတ်ပါဘူး။ လင်မယားစုံတွဲအကြောင်း ရိုးရိုးပါပဲ”
“အင်း”
“ယောက်ျားဖြစ်တဲ့သူက ဇာတ်ကြောင်း ပြောသလိုရေးထားတာ၊ သူ့ဇနီးမချစ်ဖို့ သူ့ကိုဘယ်လိုချစ်တဲ့အကြောင်း၊ သူရှာဖွေရသမျှချွေတာစုဆောင်းပြီး နောက်ကွယ်ကနေ ဘယ်လိုစီးပွားတိုးတက်အောင်ကြံဆောင်တဲ့အကြောင်း၊ သူတို့မှာ ငွေကြေးအဆင်ပြေပြီးတတ်နိုင်ပေတဲ့ သူ့ဇနီးက ပပလွှားလွှားမနေပဲ ရိုးရိုးအေးအေးပဲ နေတဲ့အကြောင်း၊ အစားအစာကအစ သူ့ကိုပဲ ဦးစားပေးတဲ့အကြောင်း ... သိတယ်မှုတ်လား... တချို့ဇနီးမောင်နှံတွေမှာ မိန်းမက တအားကို အနစ်နာခံတတ်တာမျိုးလေ...  "
“အဲ့ဒီတော့…”
“သူကတော့ သူ့မိန်းမကို လောကကြီးမယ် ကောင်းကောင်းဝတ် ကောင်းကောင်းစားပြီး ဇိမ်နဲ့ ကောင်းကောင်း နေစေချင်တာပေါ့။ မစားရက် မသောက်ရက် မသုံးရက်နဲ့ အဲသလောက် ခြစ်ခြစ်ချုတ်ချုတ် လုပ်နေတာကို မကြိုက်ဘူးပေါ့။ သူတို့မှာ သားသမီးလည်း မရှိတော့ ငွေတွေစုနေဖို့လည်း မလိုဘူး ထင်တာပေါ့”
“အင်း”
“သူဘာပဲပြောပြော မချစ်ဖို့ကတော့ ပြုံးပြုံးပဲတဲ့။ မလှူရက်မတန်းရက် ငွေစုတာမျိုး မဟုတ်ဘူးဆိုတော့ သူလည်း ဘာမှအပြစ်ပြောလို့ မရဘူးပေါ့။ ကိုယ်တိုင်အတွက်သုံးဖို့ဆို ချွေတာလွန်းလို့ မချစ်ဖို့ သေရင်တော့ ဥစ္စာစောင့်ဖြစ်တော့မှာပဲလို့ အမြဲ နောက်တာတဲ့။ ဒါပေသိ သူတို့ ၁ဝနှစ်မြောက် မင်္ဂလာနေ့ကျတော့ သူ့မိန်းမ စုဆောင်းထားတဲ့ငွေနဲ့ ကိုယ်ပိုင်အိမ်လေး စဝယ်နိုင်တဲ့အခါ သူအရမ်းကိုပျော်ခဲ့တယ်တဲ့၊ ဂျပန်ခေတ်မှာလည်း သူများတကာတွေ ဝတ်စရာကောင်းကောင်းမရှိလို့ ဖျဉ်ကြမ်းထည်တွေကနေ ဝဲတွေပေါက်ပြီး ဒုက္ခရောက်ချိန်မှာ သူ့မိန်းမက သူ့အတွက် ကြိုတင်စုဆောင်းပေးထားတဲ့ အဝတ်အထည်တွေကြောင့် မချို့တဲ့ပဲနေခဲ့ရတာတွေ၊ ဂျပန်ခေတ်မှာ သူ့မိန်းမကအကွက်ကျကျနဲ့ စီးပွားရှာနိုင်ခဲ့တာတွေ၊ နောက်ဆုံး တိုက်အိမ်ကလေး ဝယ်နိုင်တဲ့အထိ စီးပွားဖြစ်ခဲ့တာတွေပေါ့”
“သြော...”
“တိုက်ဝယ်မယ်ဆိုတော့လည်း... သူက သူ့မိန်းမကို ပြောမိခဲ့သေးတာတဲ့။ တိုက်လိုချင်တဲ့ဒုက္ခနဲ့ မင်း အဲဒီလောက် ချွေတာနေရတာ စိတ်မချမ်းသာဘူးပေါ့။ မချစ်ဖို့ သေရင်တော့ တိုက်စောင့်သရဲ ဖြစ်တော့မှာပဲလို့တောင် ပြောင်နောက်မိတာတဲ့၊ အဲဒီလို ပြောင်နောက်တာသာနောက်တာ စိတ်ထဲမတော့ သူ့မိန်းမကို ကျေးဇူးတွေတင်မိတာပေါ့။ အဲသလိုသူ့မိန်းမက ဘယ်သူ့ကိုမှမှမထိခိုက်စေပဲ စည်းစနစ်ရှိရှိ အမျှော်အမြင်ကောင်းကောင်းနဲ့ ရှေ့ရေးအတွက် စီမံခန့်ခွဲတတ်လို့လည်း သူ့ဘဝ အေးအေးဆေးဆေး နေနိုင်တာကို သူ သဘောပေါက်လာမိတာကိုး...”
“အေးပေါ့...”
“ဒီလိုနဲ့ သူတို့ အသက် ၆ဝပြည့်တော့ မချစ်ဖို့က ဘာပြောသလဲဆို၊ တရားရိပ်သာမှာ တရားအားထုတ်ပြီး ရှိတဲ့ ပစ္စည်းဥစ္စာတွေကို စိတ်ဖြတ်နိုင်ဖို့ ကြိုးစားရတော့မယ်ပေါ့။ အဲသလိုပြောတော့ သူက ... အောင်မလေးကွာ... တစ်သက်လုံးခြစ်ကုတ်ခြွေတာပြီး ဒီပစ္စည်းဥစ္စာတွေကို ကြိုးစားရှာခဲ့ရတာ၊ အစကတည်းကမရှာရင် ပစ္စည်းတွေလည်း မရှိဘူး၊ မရှိတော့ ပြတ်အောင် ကြိုးစားစရာ မလိုတော့ဘူးပေါ့လို့ ပြောတာပေါ့”
“အဲဒီတော့...”
“အဲဒီတော့ မချစ်ဖို့ကသူ့ကို ရှင်းပြသတဲ့။ မချစ်ဖို့ ပြောတာကို နားလည်သလောက်ပြန်ပြောပြမယ်နော်… “
လူ့ပြည်ဆိုတာ ကိုယ့်အသက် ငယ်ရွယ်နုပျိုစဉ် လိုအပ်သလောက် စွမ်းအားထုတ်ကြိုးစားရမှာဖြစ်သလို မသုံးမဖြုန်းပဲ သင့်တင့်လျောက်ပတ်ရုံလည်း ခြိုးခြံရမယ်တဲ့။ ပြီး… စိတ်နှလုံးငြိမ်းချမ်းမှုရအောင်လည်း ကြိုးစားရမှာတဲ့။ ငယ်ကတည်းက ကြိုးစားအလုပ်လုပ်ပြီး ရှာဖွေ မစုဆောင်းထားရင်၊ သင့်တော်တဲ့ ခြိုးခြံမှုတွေကို မလုပ်ခဲ့ရင်တဲ့ ကြီးလာတဲ့အခါ ဘယ်လိုလုပ်ပြီး စိတ်နှလုံးအေးအေးချမ်းချမ်း နေနိုင်မလဲတဲ့၊ အိုတဲ့အထိ စားဝတ်နေရေးကို ပူပန်နေရသေးရင် အသက်ကြီးလာတဲ့အခါ အနားယူရမယ့်အရွယ်ရောက်တဲ့အခါ ဘယ်လိုလုပ် စိတ်အေးအေးနဲ့ တရားအားထုတ်နိုင်မလဲတဲ့။
“ဟုတ်ပ ဗျ… “
“နေဦး။ ဇာတ်လမ်းက မပြီးသေးဘူး။ တစ်နေ့ကျတော့ ကျောင်းတုန်းကသူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ပြန်ဆုံကြရောတဲ့။ အဲ့မှာ သူ့သူငယ်ချင်းက စီးပွားရေးအဆင်မပြေ ဆင်းဆင်းရဲရဲဖြစ်နေတာ တွေ့မိတာပေါ့နော်… နေတဲ့အိမ်ကလည်း ရွံ့တွေဗွက်တွေ ယင်တွေခြင်တွေတလောင်းလောင်းနဲ့ နံစော်ညစ်ပတ်နေတာပဲတဲ့။ အားတဲ့ရက်လေး ရိပ်သာအတူသွားဖို့ အဖော်စပ်တိုင်း သူ့သူငယ်ချင်းကဘာပြောလဲဆို... အသက်ကြီးလာပေမယ့် စီးပွားရေးက စိတ်မအေးနိုင်တော့ တရားနှလုံးမသွင်းအားပါဘူးကွာလို့ ပြောသတဲ့”
“အဲဒီတော့မှ သူ့မိန်းမကို သူ ပိုကျေးဇူးတင်သွားတယ်ပေါ့... အဲသလိုလား...”
“သူ့မိန်းမပြောတာကို သူ ပိုနားလည်သွားတာပေါ့။ ဇာတ်လမ်းက ဘာမှမထူးဆန်းပါဘူး။ ဒါပေမယ့် ဖတ်ရတာ သိပ်သဘောကျဖို့ကောင်းတာပဲ။ မချစ်ဖို့ကိုလည်း သိပ်ချစ်မိတာပဲ၊ ကိုယ်သာ ယောက်ျားဖြစ်လို့ကတော့ အဲ့ဒီလိုမိန်းမမျိုးရရင် သိပ်ကံကောင်းမှာပဲလို့ တွေးမိတယ်၊ ကိုယ်က ယောက်ျားမဟုတ်တော့လည်း ကိုယ် အရွယ်ရောက်လို့ အိမ်ထောင်ပြုတဲ့အခါ အဲ့ဒီလိုဇနီးမယားမျိုးဖြစ်ဖို့ အတတ်နိုင်ဆုံးကြိုးစားရမှာပဲလို့ တွေးမိတယ်။”
“တော်လိုက်တဲ့ မချစ်ဖို့… အဲ့လေ… မရွှေစု… “
”စဉ်းစားကြည့်လေ… တော်လေးဝဝင် ဇနီးမယား မိန်းမမြတ်တွေအကြောင်းကို ဖတ်သာဖတ်ရတာ… အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗုလာတို့ကျတော့ သူတို့ရဲ့ဖြည့်ဆည်းနိုင်စွမ်းအားပါရမီက သိပ်ကိုကြီးမြင့်လွန်းတယ်၊ ဒါကြောင့် သူတို့လို ဖြစ်ရမယ်လို့ တခါမှမတွေးမိပေါင်...။ ဖြစ်နိုင်မလားဆိုတာလည်း မသိပေါင်၊ ဒါပေမယ့် ကိုယ့်အိမ်ထောင်ကို စနစ်တကျထိန်းသိမ်းပြီး ကိုယ့်ခင်ပွန်း ကိုယ့်မိသားစုကို စိတ်ချမ်းသာအောင် ပြုစုစောင့်ရှောက်နိုင်တဲ့ဇနီးမယားမျိုး၊ အဲ့ဒီ မချစ်ဖို့လိုလူမျိုးတော့ တကယ့်ကို ဖြစ်ချင်ခဲ့တာပဲ...။ ဒါပေမယ့် မရွှေစု အခုထက်ထိ မချစ်ဖို့လိုလူမျိုး မဟုတ်သေးဘူး၊ မချစ်ဖို့ကို မမှီဘူးလို့ ကိုယ့်ကိုယ်ကို ထင်တာပဲ...”
စိတ်ပါလက်ပါ ပြောပြနေတဲ့ မရွှေစုကို ကိုရေချမ်းက အိပ်နေရာကနေ ခေါင်းထောင်ပြီး ပြုံးကြည့်လာတယ်။
“ကျနော်ကတော့ ကျနော့် မိန်းမကို မချစ်ဖို့လို လူစားမျိုးတမျိုးလို့ ထင်တာပဲ။ ကျနော့်အတွက်တော့ ကျနော်လိုချင်တဲ့စံနဲ့ မှီတဲ့ ညီတဲ့ စံပြဇနီးကောင်းပေါ့...”
“တကယ်လား...”
ကိုရေချမ်းက ပြောရင်းဆိုရင်း မရွှေစု ခေါင်းကို အသာပုတ်ပြီး အိပ်ရာက ထတယ်။
“အေးပေါ့... တကယ်ထင်တာကို တကယ်ပြောတာပေါ့။ ကဲကဲ... အဒေါ်ကြီးမရွေစုချစ်ဖို့... ကျနော် အလုပ်ဆက်လုပ်လိုက်ဦးမယ်နော်...”
ကိုရေချမ်းက မရွှေစု စိတ်ချမ်းသာအောင် နှစ်သိမ့်တဲ့စကားလေးပြောပြီး သူ့စာကြည့်စားပွဲကို ပြန်သွားတယ်။
မရွှေစုကတော့ ကိုယ့်ကိုယ်ကို တော်လေးဝဝင်ဖြစ်ဖို့မပြောနဲ့ မချစ်ဖို့လိုကျင့်ကြံနိုင်ဖို့တောင် မနည်းကြိုးစားရဦးမယ်လို့ စဉ်းစားရင်း ဖတ်လက်စ စာအုပ်ကို ပြန်ကောက်ကိုင်လိုက်တော့တယ်။

ကိုးကား။။
ဒေါ်ခင်နှင်းယု - လူ့ပြည်ဆိုသည်မှာ

+++++
(သူကြီးမင်းရေ… ဟောဒီမှာ BPP-Challenge အတွက် ပြီးသွားပြီနော်။)

သူကြီးမင်းရဲ့တိုက်တွန်းနှိုးဆော်ချက်အရ ချစ်ခင်ရတဲ့အောက်ပါဘလော့ဂါများအား BPP-Challenge လုပ်ပါတယ်။ ကျေးဇူးပြုပြီး တုန့်ပြန်ပေးကြပါနော်။ BPP-Challenge  ဆိုတာ ဘာလဲနဲ့ စည်းကမ်းများကို ဟောဒီလင့်မှာ ဖတ်နိုင်ပါတယ်နော်။
ကျေးဇူး အထူးတင်ပါတယ်။

၈) မြ
၉) မေ

5 comments:

Kay Thwel said...

စားလို့ကောင်းလိုက်တာ..မချစ်စု
အဲ.. မွှားလို့...
ဖတ်လို့ ကောင်းလိုက်တာ..မစုချစ်

သူကြီးမင်း (တုံးဖလား) said...

တော်လိုက်တဲ့ ကိုရေချမ်း။
မရွှေချစ်က စကားလုံးပေါင်း သောင်းခြောက်ထောင် တန်ဆာဆင်ပြီး ကရားရေလွတ် ဇွတ်တရားဟောနေတာကို စကားလုံးလေး လေးငါးလုံးနဲ့ နှုတ်ပိတ်လိုက်တာ။း)

Ma Tint said...

သူကြီးမင်းရဲ့ BPP-Challenge ကနေ ဘလော့ဂါ အတော်များများကို ထပ်သိခွင့်ရခဲ့လို့ ကျေးဇူးတင် ၀မ်းသာမိတယ်။ ထူးထူးခြားခြား ပို့စ်လေး ဖတ်သွားတယ်။

Adora etc. said...

အမစုရေ BPP-Challenge ဆိုတာဘာလဲလို့ဆိုတော့မှ အဟုတ်သိရတော့တာပဲ ဟီး။ ခရီးကပြန်လာပြီး စာရေးချင်နေတာ၊ ဘာရေးရင်ကောင်းမလဲစဉ်းစားရင်း တယောက်ယောက်က တဂ်ရင်ကောင်းမှာလို့တွေးမိသေးတယ်။
လာလည်သွားတာရော BPP-Challenge သတိတရ လုပ်သွားတာရောအတွက်ကျေးဇူးပါ မရေ။ စာလဲရေး အလှုငွေလဲထည့်ပါ့မယ်ရှင်။

Adora etc. said...

Adoraလဲ တော်လေးဝဝင်မိန်းမမြတ်တွေအကြောင်းဖတ်တဲ့အခါ "ငါဆိုရင်တော့ဒါမျိုးမလုပ်နိုင်ပေါင်" လို့ အရင်ဆုံးတွေးမိတာ။ အထူးသဖြင့် ဝေသန္တရာ ဇတ်တော်ထဲက မဒ္ဒီလို မိန်းမမျိုးပေါ့။ ကိုယ့်လင်ယောကျားက ကိုယ့်ရင်သွေးတွေကိုရော၊ ကိုယ့်ကိုပါ လှူရက်လေချင်းဆိုပြီး ဘုရားအလောင်းတော်ကိုတောင်စိတ်ဆိုးဒေါသတွေထွက်မိမှာသေချာတယ် မရေ။ မဒ္ဒီရဲ့ သည်းခံနိုင်စွမ်းအား ပါရမီကကြီးကျယ်လွန်းတော့ တကယ့်အဖြစ်အပျက်ကိုတောင် စိတ်ထဲမှာပုံပြင်လိုလို ဘာလိုလိုနဲ့။
အမရေးထားတဲ့ဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ စာမျိုးကြတော့ "ဒါမျိုးလေးတော့ ငါလဲလုပ်နိုင်တယ်။ ငါလဲဖြစ်နိုင်ကောင်းရဲ့" ဆိုတာမျိုးတွေးမိတယ်။
စာကောင်းကောင်းလေးတွေ ရှာပြီး ရေးပေး၊တင်ပေးတဲ့အမကို ထပ်ကျေးဇူးတင်သွားတယ်နော်။