Monday, December 1, 2014

မန်းမြို့သူဇာမေမေ

  မန်းမြို့သူဇာမေမေ
    မွေးနေ့ အမှတ်တရ (၀၁ ဒီဇင်ဘာ)

 

အမေ့ကို စတွေ့ခါစမှာ အမေ့ မျက်နှာထားက တည်တည်တင်းတင်း၊ မာနကြီးသူရယ်လို့ ထင်ခဲ့မိတယ်။ ကိုရေချမ်းတို့ အဖေ့ဘက်က အဖိုးဆုံးလို့ သူတို့အိမ်မယ် ဘုန်းကြီးဆွမ်းကပ်တာကို တရုံးလုံးဖိတ်ကျွေးတာမှာ အမေနဲ့ စတွေ့ဖူးခဲ့တာပဲ။ အဲဒီတုန်းက မရွှေစုကလည်း ကိုရေချမ်းကို ကြိုက်ဖို့နေနေသာသာ စိတ်ကူးထဲတောင် မရှိခဲ့သေးတော့ သူ့အမေ ဘယ်လို ဘယ်ပုံ ရှိမယ်ဆိုတာ သေသေချာချာ မလေ့လာ မဆန်းစစ်မိခဲ့ဘူး။ တခဏ အကြည့်နဲ့ မာနကြီးသူဖြစ်လိမ့်မယ်ရယ်လို့ပဲ အကဲခတ်မိခဲ့တယ်။ 

 ကိုရေချမ်းနဲ့ မရွှေစုတို့ စပြီး တွဲနေကြတော့ အမေက ရန်ကုန်က သူ့ဦးလေး နေမကောင်းတာကို သွားပြုစုနေရလို့ မန္တလေးမှာ ရှိမနေခဲ့ဘူး။ ဒီလိုနဲ့ မန္တလေးမှာ နေတုန်း မရွှေစုတို့ အတွဲ သွားရင်းလာရင်း ကိုရေချမ်းရဲ့ အဖေရယ် အဖိုးရယ် (အမေ့ရဲ့ အဖေ) နဲ့ သွားရင်းလာရင်း လမ်းမှာ မတော်တဆ ဆုံကြတဲ့အခါ အဖေက မသိချင်ယောင်ဆောင်၊ အဖိုးက တပြုံးပြုံး လက်တွေပြနဲ့ပဲ ပြီးသွားခဲ့တယ်။ ဒီလိုနဲ့ မရွှေစုလည်း မန္တလေးကနေ စင်ကာပူကို ရောက်လာခဲ့တယ်။

ကိုရေချမ်းနဲ့မရွှေစုတို့ မေတ္တာမျှ ပြီး ၄နှစ်အကြာ မင်္ဂလာ မဆောင်ခင် ၁၀လအလို မရွှေစု မြန်မာပြည်ကို သီလရင် ဝတ်ဖို့ ပြန်တော့ အဖေနဲ့ အမေက ကိုရေချမ်းရဲ့ တောင်းဆိုချက်အရ သူတို့ ချွေးမလောင်းကိုတွေ့ရအောင် မန္တလေးကနေ ဆင်းလာခဲ့ကြတယ်။ အဲဒီတုန်းက ကိုရေချမ်းက အလုပ်က ခွင့်မရတဲ့အတွက် စင်ကာပူမှာ ကျန်နေခဲ့တယ်။ ဒီအချိန်မှာ အမေနဲ့ စပြီး တွေ့ရတော့တာပဲ။ သေချာ မသိရသေးတဲ့ ယောက္ခမကို မျက်နှာထားတင်းတင်းနဲ့ မာနကြီးတယ်လို့ တချိန်လုံး ယူဆပြီး အနည်းငယ်လန့်နေမိခဲ့တဲ့ မရွှေစု ဟာ အမေနဲ့ တကယ်တန်း နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတော့မှ ကိုယ့်အထင်နဲ့ အမြင်ဟာ တက်တက်စင်အောင် လွဲမှားမှန်း သိရပါတော့တယ်။ 


အမေဟာ မရွှေစုကို တွေ့တွေ့ချင်း သမီးလို့ တရင်းတနှီး ခေါ်ပြီး ဖက်နမ်းတော့တာပဲ။ နမ်းတာကတော့ အင်မတန် ၀ါသနာပါပုံရတယ်။ သူနမ်းပြီး သူ့ကို ပြန်နမ်းမှလည်း ကြိုက်တယ်။ အဲဒီတုန်းက မရွှေစုမှာတော့ အမေ ဖက်ထားတာ ရုန်းရမလိုလို၊ ဘာလိုလို ဘာလုပ်ရမယ်မှန်းမသိ၊ ဒီကြားထဲ အိမ်ကလူတွေ ကြည့်နေကြသလားလို့ ရှက်ကိုးရှက်ကန်းနဲ့ မလုံမလဲဖြစ်ရသေးတယ်။ ခုမှ တွေ့တဲ့ သမီး ယောက္ခမ ပိုလွန်းလှပါကလားလို့ သူများတကာ ကဲ့ရဲ့မှာ ပြောင်လှောင်ကြမှာလည်း ကြောက်ရသေးတယ်။ မရွှေစုတို့အိမ်က သူတွေက ဒါမျိုးဆို အင်မတန် စချင် နောက်ချင် တတ်ကြတယ်။ အမေက တွေ့တွေ့ခြင်း သမီးစုလို့ ခေါ်ပြီး သူ့ကိုယ်သူ မေမေလို့ သုံးပေမယ့် မရွှေစုက နှုတ်မရဲလို့ အန်တီလို့ပဲ ပြန်ခေါ်မိခဲ့တယ်။ နောက်တော့ သူ့သားကို ပြန်တိုင်လို့ မနည်းကြိုးစား မျက်စိမှိတ်ပြီး မေမေလို့ အရဲစွန့် ခေါ်ရပါတယ်။ ဒီတော့ မရွှေစုတို့အိမ်က သူတွေက အမယ်... သူက အမေ၂ယောက်နဲ့ဟ ... လို့ ၀ိုင်းစကြပါတော့တယ်။ နောက်ပိုင်းတော့ မေမေ - မေမေ ချင်း ဘယ်သူ့ခေါ်မှန်း မသိမှာစိုးလို့ မန်းမေမေ နဲ့ ရန်ကုန်မေမေ လို့ ၂ယောက် ရှေ့မှာ ခွဲခြား ခေါ်ရပါတယ်။ မရွှေစု ရဲ့ ရန်ကုန်မေမေ ကတော့ သူ့နာမည် အသစ်ရတဲ့ အတွက် မရွှေစုကို ချစ်မျက်စောင်းထိုးပါတယ်။

မန်းမေမေဟာ တကယ်တော့ မရွှေစုထင်သလို မာနမကြီးပါဘူး။ သူ့သားကြီးကို အရမ်းချစ်တဲ့ အတွက် သူ့သားကြီး ချစ်တဲ့ ဘယ်သူ့ကိုမဆို လိုက်ချစ်မယ်ဆိုတဲ့ စိတ် အမြဲရှိပါတယ်။ သူ့ချွေးမဖြစ်မယ့် မရွှေစု တော်မှ လိမ်မာမှ ချစ်မှာမဟုတ်ပါဘူး။ သူ့ချွေးမ ဖြစ်မယ့်သူဟာ ဘယ်လိုပုံစံနဲ့ လာလာ၊ ဘယ်သူပဲ ဖြစ်ဖြစ် ချစ်ကိုချစ်မယ်လို့ စိတ်ထဲမယ် သတ်မှတ်ပြီးသား သူမျိုးဆိုတော့ လွန်စွာ မိန်းမ မပီသတဲ့ မရှပ်တေး မပြာယာ စွာတေးလန် အမည်ခံ မရွှေစုအဖို့ ယောက္ခမရ အင်မတန် ကံကောင်းသွားတယ်လို့ ဆိုရပါပေမယ်။ ဟီး... တော်ပါသေးရဲ့နော်...။


ပြီးတော့ မန်းမေမေက အရမ်းလည်း ရိုးသားပါတယ်။ သူများ ပြောတာလည်း ယုံလွယ်ပါတယ်။ ကြောက်လည်း ကြောက်တတ်ပါတယ်။ လှလည်း လှချင်ပါတယ်။ လှလည်း လှပါတယ်။ ရှေးခတ်မင်းသမီးတွေထက်ကို ပိုလှပါတယ်။ ကိုရေချမ်းက သူ့အမေနဲ့တူလို့ ချောပါတယ်။ (စကားချပ်။) မရွှေစုက သူ့အတွက် နှုတ်ခမ်းနီ ရောင်စုံ ဝယ်ပေးထား၊ ပုဝါရောင်စုံ ဝယ်ပေးထားတာကို အဝတ်အစား အရောင်နဲ့ လိုက်အောင် အမြဲ ဆင်မြန်းချယ်သ ဖက်ရှင်ကျအောင်နေတတ်ပါတယ်။ နှုတ်ခမ်းနီ မိတ်ကပ် လိမ်းခဲတဲ့ တခါတရံ ကြောင်ချေးရုပ်ပေါက်နေတဲ့ သူ့ချွေးမ မရွှေစုကို အင်မတန် အလှပြင်စေချင်၊ သူ့လိုပဲ လှလှပပ ကြွကြွရွရွလေး နေစေချင်ပါတယ်။ 


မန်းသူတို့ ထုံးစံ အရမ်းလည်း ရက်ရောပါတယ်။ လက်ဖွာပါတယ်။ လက်ထဲရှိသမျှ အကုန်သုံးပစ်တတ်ပါတယ်။ သူတပါးကို ကျွေးရမယ်ဆိုရင် ကိုယ်မစားပဲ အငတ်ခံပြီး ကျွေးပါတယ်။ မန်းသူ မန်းသားတွေ ထုံးစံ မန္တလေးသည်သာ ကမ္ဘာ့အလှဆုံးမြို့တော်၊ မန္တလေးက အစားအစာသည်သာ ကမ္ဘာမှာ အကောင်းဆုံးလို့ ယူဆ၊ မန္တလေးက အရာမှန်သမျှ ဘာနှင့်မျှ မယှဉ်နိုင်လို့ ခံယူထားသူ မန်းသူ စင်စစ် ဧကန်အမှန် ဖြစ်ပါတယ်။ ချွေးမက မန်းသူ ဖြစ်ရမယ်လို့ စည်းမျဉ်းချမထားတာ ဘုရားတရား မ လို့ လို့ ပြောရပါမယ်...။ ဟူး.....။

တစ်နှစ်တုန်းက ရန်ကုန်ပြန်တော့ ကိုရေချမ်း ပဉ္ဇင်းဝတ် ချမ်းမြေ့ရိပ်သာ မှာ တရားစခန်းဝင်တဲ့အခါ မရွှေစုက မန်းဖေဖေနဲ့ မန်းမေမေကိုပါ ချမ်းမြေ့မှာ သားနဲ့အတူ တခါတည်း တရားလိုက်ထိုင်ကြဖို့ တိုက်တွန်းလိုက်တာ သူတို့လည်း တရားစခန်းဝင်ဖြစ်ကြပါတယ်။ မရွှေစုတို့ အိမ်သားတွေ မောင်နှမတတွေ သူငယ်ချင်းတွေက မရွှေစုကို ပြောင်ကြ လှောင်ကြတယ်။ မရွှေစုတို့ ယောက္ခမကို ပေါင်းတတ်လိုက်ပုံများ ဟိုသီချင်းထဲကလိုပဲတဲ့။ 


ဘာတဲ့... 
" ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ်.... 
  ဥပုသ် ရည်ရှည် စောင့်ခိုင်းမှာ.... "

ဒီကနေ့ကတော့ မန်းမေမေရဲ့ ၆၈နှစ်ပြည့်မွေးနေ့ မင်္ဂလာ ဖြစ်ပါတယ်။ မန်းမြို့သူဇာမေမေ သက်တော်ရာကျော်ရှည် ကျန်းမာ ချမ်းသာစေ...။ တရားဓမ္မများ အားထုတ်၍ ငြိမ်းချမ်းစေ....။
 

ချစ်ခြင်းများဖြင့်... 
အဝေးတနေရာမှ သမီးစု နှင့် သားကြီးရေချမ်း
 

+++++++++++

Wednesday, November 26, 2014

လွတ်လပ်ခွင့်....



မနေ့ညနေက ရုံးဆင်းလို့ ကားစောင့်နေတဲ့နေရာရောက်တော့ ဦးရေချမ်းတစ်ယောက် ကားအပြင်က ထွက်ပြီး ကြိုစောင့်နေတာတွေ့ရတယ်။ မရွှေစုကို မြင်တော့ မလုံမလဲဟန်နဲ့ ခေါင်းလေးကုတ် လှမ်းရယ်ပြပြီး ကားနောက်ခန်းအဖုံးကြီးကို ဖွင့်လိုက်တယ်။ စိတ်ထဲ ထင့်ခနဲ နဲ့ ဘာများ ပေါက်ကရ လုပ်လာပြန်ပြီလဲဆိုတာ ချက်ချင်းတွေးမိတယ်။ ထင်တဲ့အတိုင်းပဲ။ ကားနောက်ခန်းမှာ အဝတ်အုပ်ထားတဲ့ အထုတ်၂ခု က အခန့်သား...။

"ဟင်... ဘာတွေလဲ...ဘာတွေ လုပ်လာပြန်ပြီလဲ...."
"ဘာမှ မဟုတ်ဘူး... ငှက်ကလေး ... ဒီမှာကြည့်...."

ဦးရေချမ်းက အဝတ်လေးအုပ်ထားတာကိုလှပ်ပြလိုက်တော့ ငှက်လှောင်အိမ်လေးတစ်ခု နဲ့ အထဲက ငှက်လေးတစ်ကောင် ဘွားခနဲ ပေါ်လာတယ်။ ရုတ်တရက် ကိုယ့်မျက်စိကိုယ် မယုံချင်ဘူး။ ငှက်... ဟုတ်လား... ငှက်ကို ဘာလုပ်ဖို့လဲ...။ ဦးရေချမ်းရော မရွှေစု ရော ငှက်မွေးဖို့ တခါမှ စိတ်ကူးမရှိဖူးပါဘူး။ ခေါင်းကို ကဲပြီး သေချာငုံ့ကြည့်လိုက်တော့ လူနဲ့ ဝေးရာ လှောင်အိမ်တစ်ဘက်ထောင့်မှာ ခြေထောက်လေးကွေး အမြီးလေးကော့ကာနဲ့ ရင်ဘတ်ဖြူဖြူ အတောင်မဲမဲငှက်လေးက မျက်လုံးလေးပြူးလို့ ကိုယ့်ကို စိုက်ကြည့်နေတာ တွေ့လိုက်တယ်။


" ဟင်... သပိတ်လွယ် ငှက်လေးပါလား... "
" အဲသာ... ဒေါ်လာ ၂၀၀ ပေးလိုက်ရတယ်..."
" ဘာ... ဘယ်လို... ဒေါ်လာ ၂၀၀... ဟုတ်လား... လာ နောက်မနေနဲ့နော်...."

မရွှေစုက ရုံးအိတ်တွေကို ကားထဲထည့်ပြီး ကားရှေ့ခန်းကို ပြန်ပတ်ပြီး ဝင်ထိုင်လိုက်တယ်။ စိတ်ထဲ ဘဝင်မကျလှ။ ဒါပေတဲ့ ဒေါ်လာ ၂၀၀ ဆိုတာတော့ ကိုယ့်ကို တမင်နောက်တာ ဖြစ်မှာလို့ စိတ်ချနေဆဲ။
ဦးရေချမ်းက နောက်ခန်းတံခါးပိတ်ပြီး ကားမောင်းတဲ့နေရာမှာ ဝင်ထိုင်ရင်း က စကားဆက်တယ်။

"တကယ်ပြောတာ... ကျွန်တော် မနောက်ဘူး... ဒေါ်လာ ၂၀၀ ပေးလိုက်ရတယ်...."
"တကယ်လား...."
"တကယ်...."


သူက တကယ်ဆိုတော့ မရွှေစု စိတ်ထဲ မယုံနိုင်သလိုနဲ့ ရုတ်တရက် ဝမ်းနည်းသွားတယ်။ ပြီးတော့ စိတ်ပျက်လက်ပျက် အသံနဲ့ သူ့ကို ရန်တွေ့မိတယ်။
 

" ဒီငှက်ကို ဒေါ်လာ ၂၀၀ ပေးခဲ့ရတယ်...၊ ဦးရေချမ်း တော်တော်ကိုပဲ ချမ်းသာနေလား... စိတ်ညစ်တယ်...သူများ မပြောချင်ဘူး... ပြောရင်လဲ ကိုယ်ပဲ အလွန်ဖြစ်မယ်... ဒေါ်လာ ၂၀၀ ဟုတ်လား.... တကယ်ပဲ... တကယ်ကို မယုံနိုင်ဘူး... ဟိုနေ့ကလည်း ဦးရေချမ်း ရုံးက ကုလားလေးတွေ မုန့်ဖိုးပေးတာ မရွှေစု က ၅၀ ဆို ဦးရေချမ်းက ၁၀၀ လုပ်တယ်၊ ကဲလေ... အလုပ်သမားတွေ... ရတဲ့လခလေးက နဲနဲလေးတွေ... မိသားစု လုပ်ကျွေးနေတဲ့သူတွေ သနားပါတယ်... အလှူလုပ်တယ် သဘောထားပါတယ်... သူပေးချင်တာ ပေးပါစေဆိုပြီး နှုတ်ဆိတ်ပြီး နေရတယ်... ခုကျတော့ ....နောက် တမျိး လုပ်လာပြန်ပြီ...."
မရွှေစု မျက်နှာက ပြောရင်း ငိုမဲ့မဲ့ ဖြစ်လာရော....။

"အခုက ပိုက်ဆံ အကုန်အကျတွေ များနေတာ အသိသားမဟုတ်လား...၊ အိမ်အပြောင်းအရွှေ့နဲ့ အိမ်မှာ လိုတာတွေ ဖြည့်ရတာဆိုတာလည်း ဘာကုန်သလဲ မမေးနဲ့၊ ဒီလထဲ အလှူ လုပ်ရတာတွေကလည်း ဆက်တိုက်... ပြီး... ဧည့်သည်တွေ ဆက်တိုက်... ရှေ့လမှာ ဆေးကုမဲ့ အမျိုးတွေက လာဦးမှာ... ကူညီရမှာတွေက ရှိသေးတယ်..."

 "အေးပါ...သိပါတယ်.... ဒါပေမဲ့... ငှက်လေး သနားလို့ပါ...."


" သိတယ်ဆို ဒီ ဘာမဟုတ်တဲ့ ငှက်ကို ၂၀၀ ပေးပြီး ဝယ်လာရလား... သူများမှာ ကိုယ် လိုချင်တာ ရှိတာတောင် ခဏဆိုင်းထားရတယ်... အခုဆို မျက်စိက သေချာ မမြင်ပြန်ဘူး... မျက်မှန်အသစ်လုပ်ရင် ကုန်ဦးမှာမို့ ရှိတဲ့မျက်မှန် ခဏ ဆက်တတ်နေရတယ်... ကုန်ကုန် ပြောရရင် ဘာမဟုတ်တဲ့ အိုက်စ်ခရင် စားချင်တာတောင် မလိုတာ မကုန်အောင် အောင့်နေရတယ်... အဲသာကို သူက ဒီငှက်ကို ၂၀၀ ပေး ဝယ်လာတယ်.... ကဲ... ပြောပါဦး.... အဲ့သာ ဘာလုပ်ဖို့လဲ... မွေးဖို့လား... သူများ ဘယ်တော့မှ ငှက်မမွေးဘူးဆိုတာ မသိဘူးလား... လှောင်အိမ်ဆိုတာတွေကို မြင်တာနဲ့ မုန်းတာ မသိဘူးလား..."

"ကျွန်တော် ပြောတာ ဆုံးအောင် နားထောင်ပါဦး....ကျွန်တော့် အလုပ်ထဲက ဖိုမင်က ငှက်တွေ မွေးထားတာ... ဟိုးငယ်ငယ်လေးထဲက မွေးတဲ့ငှက်တွေကျတော့ လှောင်အိမ်ထဲ နေ နေ ကျမို့ ဘာမှ မဖြစ်ကြဘူး၊ အချိန်တန် ကျွေးတဲ့အစာလေးစားလိုက် သီချင်းလေးဆိုလိုက်နဲ့ နေသားကျနေကြတယ်၊ လွန်ခဲ့တဲ့ ၃-၄လလောက်က သူ့မှာလှောင်အိမ်တစ်ခုပိုနေတာ အလကား ဖြစ်နေတယ် ဆိုပြီး အဲဒီငှက်ကလေးကို မြှူပြီး ဖမ်းထည့်လိုက်တယ်။ ငှက်လေးက ကြည့်ရတာ ကျွန်တော်တို့အလုပ်ဘေး ဟိုဘက် ပန်းခြံထဲက ရုတ်တရက် နယ်ကျွံလာတဲ့ ငှက်လေး... ။ သူ စဖမ်းကတည်းက ကျွန်တော်က လွှတ်ပေးပါဆိုပြီး တောင်းပန်တာ ပြောမရဘူးရယ်။ ငှက်လေးလဲ စ ဖမ်းမိကတည်းက တချိန်လုံး တမှိုင်မှိုင် တတွေတွေ ဖြစ်နေတယ်.... ။ မဟုတ်ရင်လည်း တချိန်လုံး ရုန်းကန်ပြီး အတင်းပျံနေတယ်။ တစ်နေ့ တစ်နေ့ အဲ့ငှက်လေး မြင်ရတာ ကျွန်တော် စိတ်မချမ်းသာဘူး။  ငှက်လေး လွှတ်ပေးပါကွာလို့ ဖိုမင်ကို မြင်တိုင်း ပြောတယ်... ဒီကောင်ကလည်း ပေတေတေ ကပ်တပ်တပ်... ဘယ်လိုမှ ပြောမရဘူး..."

မရွှေစုက ဦးရေချမ်းပြောတာ ငြိမ်ပြီးနားထောင်နေမိတယ်။

"ဒီနေ့ မနက် ကျွန်တော် စားပွဲမယ် ထိုင်နေတုန်း ငှက်လေးက လှောင်အိမ်ထဲကနေပြီး ပျံလိုက် ပြေးလိုက် လဲကျလိုက် ဖြစ်နေတာ မြင်ရတာ ဘယ်လိုမှ ကြည့်မနေနိုင်တော့ဘူး၊ စိတ်က တစက်လေးမှ မချမ်းသာဘူး။ အဲသာနဲ့ ဖိုမင်ကို ငါဝယ်မယ် ဘယ်လောက်လဲ ပြော မေးတော့ သူက အပြင်ပေါက်ဈေး ၂၀၀ ဆိုပြီး ရောင်းလိုက်တာပဲ...."

"ကဲ... ဒါဆို... အဲ့ ဖိုမင်က နောက်ထပ် ငှက် တစ်ကောင် ထပ်ဖမ်း အဲ့လိုပဲ ထား၊ မနေနိုင်ပြန်တော့ နောက်ထပ် ၂၀၀ နဲ့ ဝယ်ဦးမှာလား...၊ သူများတွေက ဦးရေချမ်းနောက်ကွယ် ဟားနေတော့မှာပေါ့... ခံလိုက်ရတယ်ဆိုပြီး...  "

"သူများ ပြောမှာတွေ ကျွန်တော်ဘာမှ ဂရုမစိုက်ဘူး... ကျွန်တော် အခု လုပ်သင့်တာကို လုပ်တာ...နောက်ဟာကလည်း နောက်ဟာပဲ... ကျွန်တော် မသိဘူး... လောလောဆယ် ကျွန်တော် ဘယ်လိုမှ မကြည့်ရက်ဘူး... ဒါတောင် ဖိုမင်က တကယ်မွေးမယ်ဆိုမှ ရောင်းမယ် ဈေးကိုင်လို့ မွေးမှာဆိုပြီး ဝယ်လာတာ... အဲ့သာကြောင့် ဒီမှာ ငှက်ရေကူးကန်ရော... အစာ တွေရော အများကြီးပါလာတယ်...."

မရွှေစုလည်း ဘာပြန်ပြောရမှန်း မသိပဲ ငြိမ်နေမိလိုက်တယ်။ နောက်ခန်းက ငှက်လေး အသံကို နားစွင့်ကြည့်ပေမဲ့ ဘာသံမှ မကြားရလို့ စိတ်ထဲ တချက်တော့ မကောင်းဖြစ်သွားတယ်။ သူ့ ကို အနားထားပြီး ဘာလို့ ဝယ်လာလဲ အပြစ်တင်နေတာ သူ နားထောင်နေတာ များလား....။ မရွှေစု တို့ ရန်ကုန်အိမ်မှာ မနက်ဆို အိမ်ခေါင်းရင်း ပြတင်းက သပြေပင်မှာ သပိတ်လွယ်ငှက်လေးတွေ ဗွတ်ကလုံငှက်လေးတွေ အမြဲ လာနားလေ့ရှိတာ... တကယ်တော့ သူတို့ ဟာ  သိပ်စကားများကြတာပဲ... အို... တွေ့လိုက်ရင် အမြဲ ပါးစပ်က မစိ...ကျိကျိကျာကျာနဲ့... ။ သူတို့ သီချင်းဆိုသံလေးတွေက ဖွဲ့ဖွဲ့နွဲ့နွဲ့ တီတီတာတာ ရှည်ရှည်ကြာကြာ ချွဲချွဲပျစ်ပျစ် ပလီပလာ နဲ့ ကရုဏာဒေါသောအသံကလေး လို့ ဆရာသော်တာဆွေက တင်စားဖူးတာ မှတ်မိတယ်။ သူတို့ သီချင်းတစ်ပုဒ်ဆိုရင်လည်း တစ်မိနစ်မှ နှစ်မိနစ်၊ သုံးမိနစ်အထိ ကြာတတ်တယ်တဲ့၊ ဖြတ်နားလဲ ခဏလေးတဲ့။ ခု... ဒီငှက်လေးကျတော့ ရင်ကွဲနာများကျနေလား မသိ... နှုတ်ဆိတ်လှပါဘိတောင်း။

"ငှက်လေး သနားပါတယ်။ သူ့မှာ သူ့မိသားစု နဲ့ ခွဲခွါလာရလို့ ဝမ်းနည်းနေတာ နေမှာ... ဖမ်းမိကတည်းက ဘာသံမှ မပေးတော့တာ... ပြီးတော့ wild life က လာတဲ့ ငှက်ဟာ ဘယ်လိုမှ လှောင်အိမ်ထဲမှာ မနေနိုင်ဘူး၊ wild life ကိုပဲ သူ လွမ်းနေမှာ "

"အဲ့... ဖိုမင်က ငှက်ကို ပြန်လွှတ်ပါဆိုတာ ဘာလို့ မလွှတ်တာလဲ... ပြီးတော့ ဝိသမ လောဘသမား က ၂၀၀တောင် တောင်းရလား... ကဲ.... မိုက်ရိုင်းသာ... အလကားရတဲ့ ငှက် ၂၀၀ တောင် တောင်းရသတဲ့လား... ဦးရေချမ်းက မပြောဘူးလား... မဆစ်ဘူးလား.... "

မရွှေစုက ဘယ်သူ့ စိတ်ဆိုးရမယ်မှန်း မသိတော့ ဖိုမင်ကိုသာ ဖိပြီး စိတ်ဆိုးမိတော့တယ်။  

"ဟင့်အင်း... သူက ဒေါ်လာ၂၀၀ ဆို ကျွန်တော် ချက်ချင်းပဲ သူတောင်းသလောက် ထုတ်ပေးလိုက်တယ်၊ ကျွန်တော်က ငှက်ကို ဝယ်တာမဟုတ်ဘူး၊ လွတ်လပ်ခွင့်ကို ဝယ်တာ.. "


ဦးရေချမ်း အပြောကြောင့် မရွှေစု သူ့ကို လှည့်ကြည့်မိပြီး ဘာပြန်ပြောရမယ်မှန်းမသိ... ပါးစပ်အဟောင်းသားလေး ဖြစ်သွားတယ်၊ ဘာတဲ့... လွတ်လပ်ခွင့်ကို ဝယ်တာ ... ဟုတ်စ။ ရင်ထဲမှာ တမျိုးပဲ ခံစားလိုက်ရတယ်။ အတန်ကြာ နှုတ်ဆိတ်နေပြီးတော့မှ တခြားစကားကို မသိမသာ လွှဲလိုက်တယ်။


" ဦးရေချမ်းက သူများ ပြောရင်လည်း ဘယ်တော့မှ နားမထောင်ဘူး။ ပြောလဲ မရပါဘူး... လုပ်ချင်ရာ လုပ်တာပဲ....။ ကဲ... ခုလာမဲ့ တပတ်မှာရော ကုလားလေးတွေက လိုက်လာဦးမှာတဲ့လား..."

" အေးလေ...  တနင်္ဂနွေ ကို ဆူရပ်ခ်ျ က အိမ်လိုက်လာပြီး ကူရှင်းပေးလိမ့်မယ်... ပန်ဒိတော့ မခေါ်တော့ပါဘူး။ သူတို့ကလည်း မုန့်ဖိုးအပိုလေး ရတော့ တအားလာချင်တာ....။ ကဲပါ....စိတ်တွေ မတိုပါနဲ့တော့.... ပြီးရင် ဒီကောင် ဂျွမ်းထိုးပြလိမ့်မယ်...."

"ဘာ... ဂျွမ်းထိုးပြမယ်... နို့... သူက ဘာလို့ ဂျွမ်းထိုး ပြရတာလဲ...."

မရွှေစုက အလန့်တကြားနဲ့မေးလိုက်တယ်။

"အာ... ဒီကောင်က လူမြင်တာနဲ့ ခဏနေရင် ဂျွမ်းတွေ လှိမ့်ထိုးပြတော့တာပဲ... ဂျွမ်းထိုးကတော့ တကယ်ကျွမ်းတယ်...."

"ပေါက်ပေါက်ရှာရှာ... ဒီကုလား ဂျွမ်းထိုးပြတာ မကြည့်ချင်ပါဘူး.... ဒါပဲနော်... တစ်ခါတည်းပြောထား... မရွှေစု ရှေ့မှာ ဆို ဂျွမ်းမထိုးမိစေနဲ့လို့...."

"ဟန်.... ငှက်လေးက ဂျွမ်းထိုးပြလိမ့်မယ် ပြောတာပါ.... ဘယ်နှယ့် ကုလားက ဂျွမ်းထိုးပြရမှာလဲ.... ဟားဟားဟားဟား...."

မရွှေစုတစ်ယောက် အူကြောင်ကြောင်ဖြစ်သွားပြီးမှ ဦးရေချမ်း စကားကြောင့် မျက်ရည် ထွက်တဲ့အထိ ရယ်မိတော့တယ်။ သိဘူးလေ... သူက ကုလား နဲ့ ငှက် ရောပြောတော့ ဒီကလည်း ရောသွားတာပေါ့....။ ဒီ ပုပုကွကွ ကုလားလေးက ဘယ်လိုများ ဂျွမ်းထိုးကျွမ်းရလဲလို့တောင် အူကြောင်ကြောင် ဖြစ်နေမိသေး။ ကုလားနဲ့ ငှက် ဂျွမ်းထိုးတဲ့ အမှားနဲ့ ၂ယောက်သား ရယ်လိုက်ရတာ အိမ်ရောက်တဲ့အထိ ဒေါ်လာ ၂၀၀ ကိတ်စတောင် မေ့တေ့တေ့ ဖြစ်သွားတော့တာပဲ။

++++

အိမ်ရောက်တော့ ငှက်လှောင်အိမ်လေးကို ဖြည်းဖြည်း အသာလေးမပြီး ဝရံတာကို ယူလာခဲ့ကြတယ်။ ဟုတ်တယ်။ ဦးရေချမ်း ပြောသလိုပဲ။ ငှက်လှောင်အိမ်က အဝတ်ကို ဖြုတ်လိုက်တာနဲ့ လှောင်အိမ်ထဲက ငှက်လေးဟာ တဖြတ်ဖြတ်နဲ့ လူးလားဆန်ခတ်ဖြစ်နေလိုက်တာဆိုတာ သူ့မျက်လုံးတွေကလည်း တစ်ခုခု ကို တချိန်လုံး ကြောက်လန့်နေရပုံပဲ၊ မရွှေစုက သူ့ကို စားပွဲ သေးသေးလေးပေါ်တင်ပြီး စကားပြောကြည့်တယ်။

" ဟေ့ကောင်လေး... နင် ... အပြင်ထွက်ချင်လားဟင်.... "

တောင်ပံခတ်နေတဲ့ ငှက်လေးဟာ တခဏ ငြိမ်သွားပြီး ရင်အုပ်ကလေးကျော့ ခေါင်းလေးမော့ အမြီးလေးကော့လို့ မရွှေစုဖက်ကို လှည့်လာတယ်။ အမြီးထောင်ထောင်၊ ခေါင်းထောင်ထောင်၊ တောင်စကလေး တွဲရရွဲနှင့် လူလုပ်ထားတဲ့ ငှက်ရုပ်ကလေးလို မော့မော့ကော့ကော့ ကျော့ကျော့ရှင်းရှင်း ရှိလှတယ်လို့ ဆရာသော်တာဆွေက တင်စားဖူးတဲ့ ငှက်လေး... ဒီလောက် အင်မတန် သွက်လက်ဖျတ်လတ် ပါးနပ်တဲ့ ပုံသဏ္ဍာန် ပေါ်ပါရဲ့ကနဲ့ အစားနဲ့ မျှားတာနဲ့ပဲ အဖမ်းခံရသလားဟယ်...။ 

သူ ကိုယ့်ကို ကြည့် တဲ့ မျက်လုံးလေးတွေက ရီရီဝေဝေနဲ့... တမျိုးပဲ။  သနားစရာကောင်းလိုက်တဲ့ ကောင်လေး။ ရက်စက်လိုက်တဲ့ လူသားတွေ။ သူ့ဘာသာ သဘာဝ အတိုင်း လွတ်လွတ်လပ်လပ် နေ နေတာ ကို ဘာလို့ ချုပ်နှောင်ချင်ကြရတာလဲ။ 

ကံကောင်းချင်တော့ မရွှေစုတို့ အခုပြောင်းလာတဲ့ အိမ်သစ်ဘေးမှာ ပန်းခြံလေးတွေနဲ့ တောအုပ်ကလေး ရှိတယ်။ မနက်စောစောနဲ့ ညချမ်းဆို ငှက်ပေါင်းစုံ တေး မြည်ကျူးနေသံတွေ ကြားရတတ်တယ်။ ဒီ ငှက်ကလေး နေရာသစ်မှာ မိသားစု အသစ် အဖော်အပေါင်း အသစ်တွေ တွေ့ပါစေလို့ပဲ ဆုတောင်းရမှာပဲ။ ဆုတောင်းပြီး လှောင်အိမ်တံခါးလေးကို အသာလေး ဖွင့်ပေးလိုက်တယ်။ ဒါပေမဲ့ လှောင်အိမ်တံခါးကို ဖွင့်ပြီး အတန်ကြာတဲ့အထိ ငှက်လေးဟာ ပျံမထွက်နိုင်ပဲ တဖြတ်ဖြတ်နဲ့ ရုန်းကန်နေဆဲ။ တော်တော်လေးကြာတော့မှ သူဟာ တံခါးပေါက်ရှိတဲ့နေရာကို ရောက်သွားပြီး အပြင်ကို ဗြုန်းခနဲ ကျ ရောက်သွားတယ်။

အပြင်ကို ရောက်သွားတဲ့ ခဏမှာပဲ သူ့အသိစိတ်က ငါလွတ်ပြီဆိုတဲ့ အတွေးနဲ့ နောက်လှည့်မကြည့်စတမ်း ဝမ်းသာအားရ တရှိန်ထိုး ပျံပြေးသွားလိုက်တာဆိုတာ။ သူပျံပြေးသွားတာကြည့်ပြီး သူ့လိုပဲ ကိုယ်ပါ လွတ်လပ်ပေါ့ပါးစိတ်နဲ့ ဝမ်းသာလိုက်တာ ဆိုတာ...။ ခပ်ဝေးဝေးရောက်တော့မှ အရှိန်လေး တန့်ပြီး ဝဲနေတာ တွေ့ရတယ်။

ရုတ်တရက် မရွှေစု မျက်ရည်တွေ တွေတွေ ကျလာတယ်။

" ဟင်... ဘာလို့ ငိုနေတာလဲ... "
ငှက်လေးပြေးထွက်သွားတာကို ပြုံးပြီး လိုက်ကြည့်နေတဲ့ ဦးရေချမ်းက မရွှေစု ခေါင်းကို ပုတ်ပြီး မေးတယ်။ မရွှေစု ဘာပြန်ပြောရမယ်မှန်း မသိဘူး၊ ဘာလို့ ငိုမိမှန်းလဲ မသိဘူး။ လူတွေရဲ့ ရက်စက်မှု ကြီးနိုင်ငယ်ညှင်းမှု ဝိသမ လောဘ စရိုက်၊ ပြီးတော့ မေတ္တာတရား။

"လွတ်လပ်ပါစေ ငှက်လေးရေ... နောင် ဘယ်တော့မှ အချုပ်အချယ် မခံရပါစေနဲ့နော်...."

+++++

ဒီနေ့ မနက် ရုတ်တရက် နိုးလာတော့ ပထမဆုံး သတိရမိတာ ငှက်ကလေး။ ခါတိုင်းနေ့တွေက အလုပ်တွေများတာနဲ့ အိပ်ရေးမဝတာနဲ့ ပေါင်းပြီး အပြင်ကို ဘယ်တော့မှ နားမစွင့်မိဘူး။ အခု အာရုံစိုက်ပြီး နားထောင်လိုက်တော့မှ တောအုပ်ဆီက ငှက်ပေါင်းစုံ ရဲ့ တေးသီသံဟာ နေရောင်ခြည် ဖျော့ဖျော့နဲ့ အတူ အိပ်ခန်းထဲထိ လွင့်ပျံလာတယ်။ 

တချို့ငှက်လေးတွေရဲ့ တေးသီသံဟာ အရှည်ကြီးပဲ.... ကွက်....တတိတိတီ.....ကွတ်တီး....တဲ့...  ပြီးတော့ တခါမှ မကြားစဖူး ထူးဆန်းတဲ့ အသံလေးတွေလည်းကြားရတယ်... ရှုး...ဒိုင်း ... ဆိုပြီး အဆက်မပြတ် သေနတ်ပစ်သံလို မြည်တဲ့ငှက်လဲရှိတယ်။ ဟားဟား...ဟာဟ... ဆိုတဲ့ ရယ်သံလေးနဲ့ ငှက်လေးလဲ ရှိတယ်.... ယောက်ဖခွေးခေါ် အသံလေးလဲ ကြားမိတယ်...။

ဟော... ဟော.... ကျိကျိကျာကျာ ... ကျိကျိကျာကျာ..နဲ့ .... တီတီတာတာ ခပ်ချွဲချွဲအသံလေး... ဒါဟာ...ဘယ်သူရှိဦးမလဲ.... သူပဲ... သူပဲ... သပိတ်လွယ်ငှက်လေး ပဲပေါ့...။ နေရောင်ခြည်အောက်က လေခြည်နွေးနွေးကို ရှုရှိုက်ရင်း သစ်ကိုင်းလေးတစ်ခုမှာ လွတ်လွတ်လပ်လပ် တွဲလဲခိုလို့ သီချင်းသံသီနေမဲ့ သူ့ကို မြင်ယောင်ပြီး ရုတ်တရက် တအားကို စိတ်ချမ်းသာသွားတယ်။

ငှက်လေးကို လွှတ်ပေးလိုက်တဲ့ အချိန် မှာ.... နင့် အသက် တစ်ခါလွှတ် ငါ့ အသက် ၁၀ခါ လွှတ်လို့ မပြောလိုက်ပါဘူး၊ သူ့လွတ်လပ်ခွင့်အတွက် သူရမဲ့ အခွင့်အရေးကို ရအောင် ယူပေးလိုက်ရုံသက်သက်ပါပဲ။ မရွှေစု တို့ မြန်မာပြည်ကြီးက လူတွေ လည်း ဒီငှက်လေးလိုပဲ လွတ်လပ်ပျော်ရွှင်စွာ သီချင်းသီဆိုနိုင်တဲ့ အချိန် မြန်မြန်ရောက်ပါစေလို့ တိတ်တခိုး ဆုတောင်းနေမိတော့တယ်။

ကိုရေချမ်း+ မရွှေစု
၂၆ နိုဝင်ဘာ ၂၀၁၄
++++

Thursday, October 16, 2014

See you at the Roof !!! ( ခေါင်မိုးပေါ်ကလူကြီး မွေးနေ့ အမှတ်တရ…)

ခေါင်မိုးပေါ်မှာ နေကြသူများ 

၁။
မနက်ခင်း ဦးရေချမ်း လမ်းလျှောက်မှ ပြန်လာချိန်.... 

" ဘုရားပန်းတွေ ဝယ်လာတာကောင်းလဲမကောင်းဘူး၊ မမြင်ဘူးလားဟယ်… ဒီမယ် အပွင့်တွေနွမ်းနေ ကြွေနေတာ…"
" မြင်သား… ပန်းသည်က အလှဆုံးကို ရွေးပေးထားတယ်ပြောတော့ အားနာတာနဲ့ပဲ သူပေးတဲ့အတိုင်းယူလာတာ…"
" နောက်တစ်ခါဆို အဲ့ပန်းသည်ကို ပြောဦးမှပဲ…"
" ကျနော်မပါတဲ့ အခေါက်ကျမှ ပြောနော်… ကျနော့်ရှေ့ မပြောနဲ့…"
" ငြုတ်သီးစိမ်းနဲ့ ခရမ်းချဉ်သီးကလည်း နည်းနည်းပဲဝယ်ပါဆို ဘာလို့အများကြီး ဝယ်လာတာလဲ… ပျဉ်းတော်သိမ်ရောပါမလာဘူးလား…"
ဦးရေချမ်း ဘာမှမပြော၊ မကြားချင်ယောင်ဆောင်နေသည်။ ပျဉ်းတော်သိမ်က အလကားယူရသည့်အတွက် ယူရမှာရှက်လို့ တမင် ယူမလာတာပဲဖြစ်မည်။ 

++++ 

၂။
At Starbucks …. 

"ကျနော်… ကော်ဖီ သွားဝယ်လိုက်ဦးမယ်…"
" နေဦး… ဒီမှာ ဟိုတစ်နေ့က စတားဘတ်ခ်ကပေးလိုက်တဲ့ ကူပွန်လေးရှိတယ်… ရော့ ဒါလေး နဲ့ သွားဝယ်လေ…"
" ဟာ… အဲ့ဒါဆို အလကားတောင်းသလိုကြီး ဖြစ်နေမှာပေါ့…. ရှက်စရာကြီး… မရွှေစု သွားဝယ်ပေးမလား…"

 ++++ 

၃။
At Shopping center …. 

"ဟင်… မုန့်သွားဝယ်တယ်ဆို … မုန့်ထုတ်တွေရော…"
" ဟိုက်… ပိုက်ဆံပေးပြီး အထုတ်မယူပဲ ထွက်လာမိတာ... ကောင်တာမှာ ကျန်ခဲ့ပြီ…"
" ခဏလေးပဲ ရှိသေးတာ… ပြန်သွားယူလိုက်လေ…"
" ဟဲ… ဟိုလေ… ပေးပေး… လက်ထဲကအထုတ်တွေ ကျနော် အကုန်ကိုင်ပေးထားပြီး ဒီကစောင့်နေမယ်… ရော့ဒီမှာ ဘောင်ချာ… မရွှေစု သွားယူပေးနော်… "
"အာ… ကိုယ်ဝယ်ပြီးကျန်ခဲ့တာ ကိုယ့်ဘာသာ သွားယူပါလား…"
" ဘာလဲ… မပြောရဲဘူးလား… တယ်…လူကြောက်တာပဲ…"

 ++++ 

၎။
အိမ်ငှားကိစ္စ….

မနက်...
"အိမ်က ကလေး အိမ်ထဲမယ် ဆေးလိပ်သောက်လို့ အနံ့တွေ နံတာ၊ ညမိုးချုပ်ကြီး ဧည့်သည်တွေခေါ်တာ သတိပေးမယ်ဆို သူ ကျောင်းမသွားခင် ပြောလိုက်ဦးလေ…"
" အေးပါ... ခုမှ အိပ်ရာထ မနက်အစောကြီးဆိုတော့ ခဏ နေပါဦး…"
......
နေ့လည်
" ကိုယ်လည်း သူ့ကို နေ့လည်စာ ကောင်းကောင်းချက်ကျွေးတာပဲ... ပြောရမဲ့ကိစ္စ ပြောလိုက်လေ…"
" အေးပါ... ခုမှ နေ့လည်စာ စားပြီးတာ... ခဏ နေပါဦး…"
...... 

" သူ စာကျက်နေတယ်... ည မအိပ်ခင် ပြောလိုက်လေ…"
" အေးပါ... စာကျက်နေတော့ အနှောက်အယှက် ဖြစ်နေပါဦးမယ်... ခဏ နေပါဦး…"

" နေတော့... ကိုယ်ဘာသာပဲ ပြောလိုက်တော့မယ်... တကတည်း...  "
 
 ++++


၅။
ပုံပြင်လေးတစ်ပုဒ်...

တခါတုန်းက ရွာတရွာမှာ ဦးမောင်နဲ့ ဒေါ်မိဆိုတဲ့လင်မယား၂ယောက်ဆိုတာ ရှိကြသတဲ့။ ဦးမောင်က အရမ်းရှက်တတ် ကြောက်တတ် အားနာတတ်တာတဲ့။ ဒါပေမယ့်လို့ သူ့ကို ရှက်တတ် ကြောက်တတ်တယ်လို့ ပြောခံရမှာကိုလည်း မကြိုက်ဘူးတဲ့။ 

တနေ့တော့ သူတို့အိမ်ခေါင်မိုး မိုးယိုနေလို့ အမိုးပြင်ဖို့ လုပ်ရတယ်တဲ့။ ရှေးက တောရွာတွေမှာဆို အိမ်တိုင်းကိုယ်စီ တူ၊ လွှ၊ ဆောက် စတဲ့ လက်သမားပစ္စည်းတွေ စုံအောင်မရှိ၊ ရှိတဲ့သူအချင်းချင်း မျှတပြီးသုံးလေ့ရှိကြတယ်တဲ့။ အမိုး ပြင်မဲ့ ဦးမောင်ဟာ သံတွေ ခါးပိုက်ဆောင်ထဲထည့်၊ နှီးတွေကိုခါးမှာပတ်၊ သက်ကယ်ဗျတ်တွေပိုက်ပြီး အိမ်ခေါင်မိုးပေါ်ကို တက်သွားရောတဲ့။ ခေါင်မိုးပေါ် ရောက်တော့မှ ထုတ်တန်းပေါ်မှာထိုင်ပြီးတော့... 

“ အေ... မယ်မိရေ... ဘိုးသောင်တို့ အိမ်က တူလေး သွားငှားလိုက်စမ်းဟေ့...” 

“ မောင်ခွေးတို့အိမ်က ဆောက်ကလေး ခဏလို့ပြောပြီး ယူပေးစမ်း...” 

“ အရီးမြတို့ အိမ်က လွှကလေး သွားဆွဲလိုက်ပါအုံး... “ စသဖြင့် ဒေါ်မိကို တခုပြီး တခု ခိုင်းပါရောတဲ့။

ပြီးတော့ သူက ပြောသေးတာတဲ့။
" ခေါင်မိုးပေါ်ရောက်နေလို့ မသွားအားလို့ပါကွာ... နို့မို့ ငါ သွားပေးပါတယ်ကွာ.. " တဲ့။ 

ဒေါ်မိလည်း ချက်ရင်းပြုတ်ရင်း ကလေးထိန်းရင်း ဟိုပြေး ဒီပြေးနဲ့ ပစ္စည်းတွေ လိုက်ငှားရတာ ကြာတော့ စိတ်ကတိုလာတာပေါ့။ 

“ ဘယ့်နှယ်တော်... ကိုယ့်ဘာသာ ခေါင်မိုးပေါ် မတက်ခင် အကုန်စုံအောင် ယူသွားပါလား။ ခုမှ ဟိုခိုင်း ဒီခိုင်းနဲ့...” 
လို့ မောမောနဲ့မြည်တွန်တောက်တီးသတဲ့။

အဲသလို ပြောတော့လည်း ဦးမောင်က အလျှော့မပေးဘူး ဆရာ။ 

“ ဒါလေးတောင် မလုပ်ပေးချင်ဘူး။ ဒီမိန်းမ … တယ်... လူကြောက်တာပဲ... “ လို့ ပြန်ပြောသေးတာတဲ့။ 

++++ 

အဲ့ဒီပုံပြင်လေးဟာ မရွှေစုတို့ အဖွား ပြောပြတဲ့ ပုံပြင်လေးရယ်ပါ။ မရွှေစုတို့ (အဖိုး) အဖေကြီး က တခုခု သူများကို ပြောရမှာ အားနာလို့ ရေငုံနေပြီဆို ( အဖွား ) အမေကြီးက ...
" ဟေ့... နင်တို့အဖိုးတော့ ခေါင်မိုးပေါ် တက်သွားပြီဟေ့...။ ငါပဲ တူတွေ လွှတွေ သွားငှားရတော့မှာပါပဲကွယ်..." လို့ ရယ်ရယ်ပြုံးပြုံး ပြောလေ့ရှိတယ်။ 

မရွှေစုတို့ မေမေလည်း တစ်ခုခု ပြောစရာရှိလာလို့ ဖေဖေက ဘာမှ မပြောပဲ ငြိမ်နေပြီဆို ..
"အင်း... နင့်အဖေ ခေါင်မိုးပေါ်မှာ ငါ့ကို စောင့်နေတယ်ဟေ့..." လို့ ငေါ့ပြောတော့တာပါပဲ။ 

မရွှေစု အလှည့်ကျတော့ရော....။ 
ဟား... ဦးရေချမ်းလား... ဘာပြောကောင်းမလဲ။ 
ကျနော်... ခေါင်မိုးပေါ်မှာ အမြဲ နေ နေပါသည်တဲ့။
ခေတ်မီသွားအောင်ပြောလိုက်ဦးမယ်... See you at roof ဆိုလားပဲ…။ 
ညှင်းညှင်းညှင်း…။ 


မှ... 
သင့် ချစ်ဇနီး 
( တူတို့ ဆောက်တို့ လွှတို့ ပြေးလွှားငှားပေးရသူ )
ခေါင်မိုးပေါ်က လူကြီး မွေးနေ့ အမှတ်တရ…။
၁၆ အောက်တိုဘာ ၂၀၁၄

Monday, October 13, 2014

ခင်မောင်ရင် တစ်ကိုယ်တည်းမှာ .....



မနေ့ညက ပျင်းတာနဲ့ Burmese Classic က ရှေးခေတ်ဟောင်းရုပ်ရှင်ကား သူဇာကို ထမင်းစားရင်း အိုင်ပက်လေး ရှေ့ချပြီး ကြည့်မိတယ်။ သူဇာကားက ဗြိတိသျှဘားမားက နာမည်ကြီးဒါရိုက်တာဦးချန်ထွန်း ရိုက်ခဲ့တာ၊ မင်းသားတွေက ဘတင့် ခင်မောင်ရင်နဲ့ ခင်ခင်ရီတဲ့။ ဟိုးငယ်ငယ်က မြန်မာ့ရုပ်မြင်သံကြားမှာ လာတာ ခဏခဏ ကြည့်ဖူးတာမို့ ပြန်ကြည့်တော့ သြော်... ဟုတ်သား ဆိုပြီး ဇာတ်လမ်းကို ပြန်သတိရလာတယ်။ 

ဒီသူဇာကားမှာ ဘတင့်က ပန်းချီဆရာ၊ စာတမ်းထိုးတဲ့ထဲ သေချာဖတ်ကြည့်တော့ ပန်းချီဘက်ဆိုင်ရာဒါရိုက်တာ ဦးငွေကိုင်လို့ ဆိုတယ်။ ဒါကြောင့် ရုပ်ရှင်ထဲ ပန်းချီဦးငွေကိုင်ရဲ့ ပန်းချီကားတချို့ကို တွေ့ရတယ်။ ဘတင့်က ပန်းချီဆရာလူပျိုကြီး၊ မိန်းမတွေကို သဘောမကျ တဲ့သူ၊ မနဲ့ ပတ်သက်ရင် လွတ်လွတ်ကင်းကင်းနေချင်သူ။ (မင်းသားဘတင့် မြင်တော့ ရယ်ချင်သား၊ သူ့ကြည့်ရင်း ကြည့်ရင်း ခုဖေ့ဘုတ်ခ်မှာ ခေတ်စားနေတဲ့ ဦးလှဆွေကြီးနဲ့ တူနေတယ်။ ) တစ်နေ့တော့ သူ့အိမ်နား ခင်ခင်ရီရဲ့ အဖေ မတော်တဆ အသတ်ခံရတာကို အကူအညီပေးရင်း ခင်ခင်ရီက အားကိုးရာမဲ့နေတော့ ဘတင့်အိမ်မှာ နေပါရစေ ခွင့်တောင်းတယ်။ ဘတင့်က မိန်းမတွေ အိမ်မှာ မထားနိုင်ဆိုပြီး ခါးခါးသီးသီး ငြင်းတယ်။ ဒါပေတဲ့ ခင်ခင်ရီရဲ့ အဖေ က သူလေးစားတဲ့ပန်းချီဆရာကြီးမှန်းသိသွားတဲ့အခါ ပန်းချီမျက်နှာကြောင့် ခင်ခင်ရီကို အိမ်မှာ နေခွင့်ပေးလိုက်တယ်။

ဒီနေရာမှာ ပန်းချီ နဲ့ပတ်သက်လို့ စိတ်ထဲ ခံစားမိတာလေး ပြောချင်လာတယ်။ ပန်းချီ အနုပညာရဲ့ စွမ်းပကား ဘယ်လောက်ရှိတယ်ဆိုတာကို ပြောချင်တာပါ။ ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားက Tuol Sleng Genocide Museum ကို ရောက်တော့ Khmer Rouge လက်ထက်က လူပေါင်းမြောက်မြားစွာကို မတရားဖမ်းဆီး အကျဉ်းချ နှိပ်စက် သတ်ဖြတ်ခဲ့ပုံတွေ ကြည့်ရတယ်။ လူပေါင်းမြောက်မြားစွာထဲက ၁၂ယောက်လား မသေပဲ လွတ်မြောက်ခဲ့တယ်။ အဲ့ဒီ ပြန်လွတ်မြောက်လာခဲ့တဲ့ သူတွေထဲက Mr. Bou Meng ဟာ ပန်းချီဆရာ တစ်ယောက်ဖြစ်ပါတယ်။ သူရော သူ့ဇနီးရော ဖမ်းဆီးခံခဲ့ရတာမှာ သူ့ဇနီးကတော့ အသတ်ခံခဲ့ရပြီး သူ့ကိုတော့ ပန်းချီဆွဲတတ်တာ သိသွားတဲ့နောက်ပိုင်းကစလို့ မနှိပ်စက်တော့ဘူးလို့ ဆိုပါတယ်။ ကြည့်စမ်းပါဦးနော်... ပန်းချီ အနုပညာရဲ့တန်ခိုး ဘယ်လောက်ကြီးသလဲဆိုတာ၊ ဒီလောက်ထိ ရက်စက်ယုတ်မာကြမ်းတမ်းတဲ့သူတွေကြားထဲကနေ ပန်းချီ မျက်နှာကြောင့် သူလွတ်မြောက်ခဲ့ရတယ်။ အခု ဒီ သူဇာ ကားထဲမှာ ဘတင့်လည်း ပန်းချီဆရာကြီး သမီးဆိုတာနဲ့ ဘာမှ မပြောတော့ပဲ ခင်ခင်ရီကို သူ့အိမ်မှာ နေခွင့်ပေးလိုက်တာပါပဲ။

သူဇာမှာ ခင်ခင်ရီ သရုပ်ဆောင်တာကြည့်ရတာကတော့ တကတည်း တွန့်လိမ်နေတာပဲ၊ ဟီး.... ချွဲကလည်း ဘာချွဲသလဲ မမေးနဲ့။ ဒါပေတဲ့ သရုပ်ဆောင်တာ သူ့ခေတ်နဲ့သူ တော်ပါတယ်။ သီချင်းဆိုကလည်း အလွန်ကောင်း။ ခင်ခင်ရီက ဖေဖေ့ မိတ်ဆွေ ဘဘဦးရန်နိုင်စိန်ရဲ့ ဇနီးဖြစ်ပေတဲ့ သူ မဆုံးခင် အပြင်မှာ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သူ့ ရှေးဟောင်းကားလေးတွေ သူ့သီချင်းလေးတွေတော့ နားထောင်ဖူးလို့ နှစ်သက်မိတာတွေ အများကြီးပဲ။ ဝင်းဦးနဲ့ သူအသက်ကြီးမှ တွဲဆိုတဲ့ ပန်းစေတီ သီချင်းဆို ရုပ်မြင်သံကြားက ခဏခဏ လွှင့်ပေးခဲ့တာ ကြိုက်လွန်းလို့ မှတ်မိနေတယ်။

 ဒါနဲ့ စကားစပ်မိလို့ ပြောရရင် ရှေးက မင်းသားတွေထဲ ဝင်းဦးကို သဘောကျတာဟာ သူရုပ်ချောလို့မဟုတ်၊ ညုတုတုအပြောတွေကို ကြိုက်လို့မဟုတ်၊ အနုပညာမှာ ဘက်စုံတော်တာသက်သက်ကြောင့်လည်းမဟုတ်။ သူ့ကိုလေးစားမိတဲ့အချက်က သူဟာ ရှေးခေတ်က သူ့ရဲ့စီနီယာအနုပညာရှင်တွေကို တလေးတစား တန်ဖိုးထားတတ်သူမို့လို့ပဲ၊ ခေတ်ဟောင်းက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ လူမသိ သူမသိ မှေးမှိန်နေရှာတဲ့ ပညာရှင်တွေကို သူနဲ့ တွဲပြီး အနုပညာ ပြန်ဆန်းသစ်ပေးခဲ့တယ်။ သူတတ်နိုင်သမျှလည်း ထောက်ပံ့ကန်တော့တယ်။ အဆိုတော်ကြီးမေရှင်ဆီကို ခဏခဏ သွားကန်တော့တယ်လို့ စာတွေထဲဖတ်ရပါတယ်။ တော်တော့်ကို ချီးမွမ်းထိုက်တဲ့သူတစ်ယောက်လို့ သူ့ကို မြင်တယ်။
အဲ့ဒီလိုသဘောမျိုးနဲ့ ပန်းစေတီ သီချင်းကို ခင်ခင်ရီနဲ့ တွဲပြီးသီဆိုထုတ်လွှင့်ခဲ့တယ် ထင်ပါတယ်။

ရုပ်ရှင်ခေတ်ဦးက မင်းသားတွေထဲမှာတော့ ခင်မောင်ရင်ဟာ ခပ်နွဲ့နွဲ့နဲ့ ဖြူဖြူချောချောလေးဆိုတာ ပေါ်လွင် သိသာလွန်းလှတယ်။ ပြီးတော့ သူက သီချင်းဆို ပိုင်နိုင်တယ်။ ငယ်တုန်းကတော့ ဘာရယ်ညာရယ် မသိပဲ လိုက်အော်ဆိုဖူးတဲ့ သူ့သီချင်း တစ်ပုဒ်ရှိတယ်။

မိန်းမဆိုတာ... ဆောင်းလေပမာညီ....  
အတွင်း သဘောတွေ မတည်... ပြောင်းလဲတတ်သည်...   
......
ခင်မောင်ရင် တစ်ကိုယ်တည်းမှာ အရူးကြီးပမာ ဖြစ်ကာ ...    
ဇာတ်သိမ်းပြီ...
အဲ့သီချင်းဟာ သူ့ခေတ်အချိန်အခါက အတော်ကို နာမည်ကျော် ရေပန်းစားခဲ့တယ်လို့ ဆိုတယ်။ တကယ့်အပြင်ဘဝမှာရော သူ့ချစ်သူဟာ အဲ့သီချင်းထဲကလိုပဲလားဆိုတာ မသိပါဘူး။ တကယ်တော့ သူနဲ့ နာမည်ကျော်ခဲ့တဲ့ ဗိုလ်အောင်ဒင်ထဲက မေမေဝင်းဟာ အိမ်ထောင်ဘက်တွေကိုယ်စီ ရှိပြီးမှ ချစ်ကြိုက်ခဲ့ကြတာမို့ သူတို့အချစ်ဟာ အဆုံးသတ်ကောင်းခဲ့မယ် မထင်ဘူး။ 

ပွဲလန်းသဘင်တွေမှာ လူတွေ ဝိုင်းပြီး အော် ဆို ဆိုနေကြဖြစ်တဲ့ နာမည်ကျော် နဂါးနီသီချင်းဟာ ခင်မောင်ရင် ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ပေါ့။ ခုနောက်ပိုင်း ဖေ့ဘုခ်မှာ ရှေးကသီချင်းတွေ ပြန်ဖော်ထုတ်ပေး စုဆောင်းပေးကြတဲ့သူတွေ ကျေးဇူးနဲ့ ခင်မောင်ရင် သီဆိုခဲ့တဲ့ ဆိပ်ကမ်းသာတို့ တောသားကြီးတို့ လင်မယားဝါဒတို့ စတဲ့ သီချင်းတွေလည်း ပြန်နားထောင်ရတယ်။ ရှေးခေတ်က အဆိုတော်မင်းသမီးထဲမှာတော့ မေရှင်ဟာ ကရုဏာသံလေးနဲ့မို့ လူကြိုက်များ ကျော်ကြားခဲ့သလို ခင်မောင်ရင်ဟာလည်း ကြည်လင်ပီသကြည်မြပြီး တမူထူးခြားတဲ့ ကရုဏာသံ ဆိုဟန်ကြောင့် သူ့ဓါတ်ပြားတွေဟာ နာမည်ကျော်တယ်လို့ ဆိုတယ်။
 

ဗိုလ်အောင်ဒင်ရုပ်ရှင်မှာ သူက တည်ကြည်ခန့်ညားတဲ့ လူကြီးလူကောင်းအမည်ခံလူဆိုးဗိုလ်အနေနဲ့ သရုပ်ဆောင်ရတာ၊ ရွှေကိုင်း မျက်မှန်နဲ့ စီးကရက်လက်ကြားညှပ်ပြီး မခိုးမခန့် ရယ်လိုက်တာတို့၊ လူဆိုးဗိုလ်ဆိုပေတဲ့ သူ့တပည့်တွေကို တည်တည်ခန့်ခန့် လေအေးလေးနဲ့ ကြိမ်းမောင်းတဲ့ပုံ သရုပ်ဆောင်တာတို့ ဒါတွေဟာ သူ့ရဲ့ တမူထူးခြားတဲ့ သရုပ်ဆောင်ချက်တွေလို့ ဆိုတယ်။

သူဇာမှာတော့ သူက ဂီတသမား သီချင်းအဆိုကောင်း ကောလိပ်ကျောင်းသား လူပွေ မိန်းမတွေ ကျလောက်အောင် အပြောကောင်း အညုကောင်း ခုခေတ်အခေါ် စော်ကြည်ဘဲပေါ့။ ခင်ခင်ရီက သူ့ကို မြင်တာနဲ့ ပစ်ကျတော့တာပဲ။ သူ့ သရုပ်ဆောင်ချက် မျက်နှာပေး မျက်စ မျက်န အပြုံးချိုမြမြ တွေကို အဲ့ခေတ်က မိန်းကလေးတွေ အတော်စွဲကြမှာပါပဲ။ လူငယ်လူရွယ်တွေဟာလည်း ခင်မောင်ရင် စတိုင် ဆိုပြီး သူ့စတိုင်ကို အတုခိုးကြတဲ့သူတွေ နည်းမှာ မဟုတ်ဘူးပဲ။
 

တလောက ဖတ်ခဲ့တဲ့ ဆရာမောင်နေဝင်းရဲ့ကိုဝင်းဦးသို့အလွမ်းပြေပေးစာ စာအုပ်ထဲ ခင်မောင်ရင် အကြောင်း ရေးထားတာလေးတွေ ပြန်သတိရမိတယ်။ ဆရာမောင်နေဝင်းရေးထားတာ စစ်ကြီးပြီးတော့ ခင်မောင်ရင်ဟာ ကျန်းမာရေး ညံ့လာလိုက်တာမှာ နားလည်းကောင်းကောင်းမကြားတော့ဘူးတဲ့၊ စကားပြောတဲ့နေရာမှာလည်း ဆွံ့ အ နေ ထစ် နေတယ် လို့ ဆိုတယ်။ ဒီတော့ ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက ခင်မောင်ရင်ရဲ့ငယ်ငယ်ချောချောပုံတွေ ပြန်မြင်ယောင်ပြီး သံဝေဂ ရ စိတ်မကောင်းဖြစ်မိတယ်။
လမ်းမတော်ဖိုးတုတ်အကြောင်းရေးတဲ့ စာအုပ်ထဲမယ် သူဟာ မင်းသား ခင်မောင်ရင်နဲ့ ဘော်ဒါတွေ ဆိုးဖော်တေဖက်တွေလို့ ဆိုတယ်။ သူ့ဘဝရဲ့ ဇာတ်သိမ်းမှာတော့ ငယ်ရွယ်နုပျို ချောမောလှပါတယ် ဆိုတဲ့ ရုပ်ရည်လည်း အိုခြင်းနောက်ဆုံးရှိပေသတည်းပေါ့၊ ကြည်မြပီသတဲ့ အသံချိုချိုဟာလည်း နာခြင်းနောက်ဆုံးကြောင့် မကြည်လင် မပီသ ဆွံ့အ ခဲ့ပြီပေါ့။


သြော် ... တကယ်တော့လည်း ဘဝ တွေ ဘဝ တွေ ဆိုတာ ခဏလေး ထပွက်တဲ့ ရေတစ်ပွက်စာတောင် မကြာလှတာ... အောင်မြင်ခြင်း နုပျိုခြင်း လှပခြင်း ဆိုတာတွေကတော့ အဲ့ဒီ ပွက်လိုက်တဲ့ ရေပွက်ကလေးရဲ့ အသေးငယ်ဆုံးသော အစိတ်အပိုင်းလေးမှာပဲ ရှိခဲ့ပြီး နောက်ဆုံးတော့ မတည်မြဲခြင်း နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့ကြပြီပဲပေါ့။ ။

+++++

တဂျီးမင်းရေ... 
မနေ့ညက ထမင်းစားရင်း ကြည့်တဲ့ သူဇာ ကား ကနေ ဆားချက်လိုက်တာ။
ကျေနပ်မယ် ထင်ပါတယ်နော်။ ။
အလှူငွေလည်း လှူပါ့မယ်နော်။ ။

Thursday, September 18, 2014

ဓူဝံကြယ် မြေမှာခကြွေ


"ဘယ်လိုလဲ ကိုကိုနဲ့ ညီညီတို့ ထမင်းစားလို့ ကောင်းကြလားဟေ့..."

"ဟာ... စားကောင်းလားတော့ မမေးနဲ့၊ ကြီးစုလက်ရာဆို သားတို့က ကြိုက်ပြီးသား။"

ဒီတစ်ပတ် ပိတ်ရက်တနင်္ဂနွေတွင် ဦးရေချမ်းရဲ့အမွှာတူတော်မောင်နှစ်ယောက် အိမ်အလည်ရောက်လာကြသဖြင့် နေ့လည်စာ ထမင်းကျွေးပြီး သူတို့အတွက် အချိုပွဲ ပြင်ဆင်နေရာမှ မေးလိုက်ခြင်းဖြစ်သည်။ သူတို့ညီအစ်ကိုက စင်ကာပူရောက်တာ သိပ်မကြာကြသေး၊ ပြည်တွင်းစက်ရုံတစ်ခုမှာ အလုပ်လုပ်ရင်း အချိန်ပိုင်း မာစတာ ကျောင်းတက်နေကြသူများဖြစ်သည်။

"အေး... စားကောင်းရင်လည်း ခဏ ခဏ လာစားကြလေ၊ ခုတော့ဖြင့် မင်းတို့ဟာက ပျောက်သွားလိုက်ရင် တမေ့တမောကြီး..."

မရွှေစုက သူတို့ရှေ့မှာ လက်ဘက်သုတ်နဲ့ ကော်ဖီခွက်တွေ ချပေးရင်း ငေါက်သလို ပြောလိုက်သည်။

"သြော်... ရီးစားတွေ ဘာတွေနဲ့ လျှောက်လည်နေတာ ဖြစ်မှာပေါ့... ဒေါ်ရွှေစုရယ်..."

"ဟာ... ဟုတ်ပါဘူး လေးလေးရ၊ သားတို့ စာကျက်နေရလို့ပါ၊ ရီးစားလည်း မရှိသေးပါဘူး၊"

"ဘယ်ရှိသေးမလဲ... မင်းကို ဟိုက ပြန်မှ မကြိုက်သေးတဲ့ဟာ..."

"အမယ်... မင်းကရော... အတန်းထဲကစလုံးတရုတ်မကြီး ငယ်မှန်းမသိ ကြီးမှန်းမသိ အသက်ဘယ်လောက်မှန်းမသိ လိုက်ငမ်းနေပြီးတော့... "

"အေး...အေး... ရန်ဖြစ်ကြ... အဲ့သာမှ မင်းတို့ အကြောင်းတွေ မမေးရပဲ အကုန်ပေါ်ပြီး ငါတို့ သိရမှာ... ကဲ... ကိုကိုက အရင်စပြောပါဦး... ဘယ်က တရုတ်မကို သွားကြိုက်တာတဲ့တုန်း..."

မရွှေစုက စလုံးတရုတ်မအသံကြားလိုက်ရသဖြင့် စိတ်ပူပြီး ကိုကို့ဘက်ကို လှည့်ကာအရင်မေးလိုက်ရခြင်းဖြစ်သည်။ ဘယ့်နှယ် ရောက်တာဖြင့် မကြာသေး၊ သူက စလုံးတရုတ်မတောင် တက်ချိန်နေပြီ ဆိုပါ့လား၊ ကောင်းကောင်းကန်းကန်း ဆိုရင်တော့ဖြင့်တော်ရဲ့၊ အိမ်မှုကိစ္စကျ ဘာမှ မလုပ်ချင် လူကြီးသူမကျ ရိုသေရမယ်မှန်းမသိ ဘရန်းမှ ဘရန်းဖြစ်နေတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား စလုံးတရုတ်မမျိုး ဆိုရင်တော့ဖြင့် သူတို့မိဖတွေ ရင်ကျိုးရချည်ရဲ့။

"အာ... မကြိုက်ပါဘူး၊ ဒီလိုပဲ ခပ်ပါးပါးလောက်ပါ... "

"ကဲ... ကဲ... ဆိုစမ်းပါဦး... သူက ဘယ်ကလဲ၊ ဘာလုပ်လဲ...  "

ကိုကိုက ရှက်ရှက်နှင့် ငြိမ်နေတော့ ညီညီက သူများအကြောင်းမို့ အားရဝမ်းသာ ချွန်လေတော့သည်။

"သားတို့ အတန်းထဲက ကြီးစုရဲ့၊ အတူတူ ပရောဂျက် လုပ်ရင်းခင်သွားတာ၊ စလုံးတရုတ်မ ပေတဲ့ တော်တော်သဘောကောင်းတဲ့ စလုံးတွေထဲမယ်ပါတယ်၊ လူကြီးလဲဆန်တယ်၊ သားတို့ကိုလည်း ခင်နေတော့ ဟိုဟာလိုက်ကျွေး သည်ဟာလိုက်ကျွေးနဲ့၊ ကျောင်းစာတွေလဲ သူပဲ ဒိုင်ခံလုပ်တာ၊ တော်တော်ထက်ပုံလဲရတယ်၊ သူ့ရုံးမှာလည်း ရာထူးကြီး လစာကောင်းပုံရတယ်ထင်တာပဲ..."

"နေပါဦး... သူ့အသက်က ဘယ်လောက်တဲ့လဲ..."

"ဟိဟိ.. အဲသာ ခက်နေတာပေါ့... စလုံးမယ် မိန်းမတွေကို လစာမမေးရ၊ အသက်မမေးရ ဆိုတာကြီး ရှိနေတော့ သားတို့လဲ သူ့အသက် ခန့်မှန်းရခက်တာ... နုကလည်း နု ဝတ်တတ်စားတတ်လဲရှိ အလှတွေကလည်းပြင်ထားတော့ ..."

"မင်းတို့ အဲ့သာတော့ ညံ့ပါ့ကွာ...ဒီလိုပဲ စကားပြောရင်းဆိုရင်းကနေ ခန့်မှန်းလို့ရကြတာပဲဥစ္စာ၊ အထက်တန်းကျောင်းပြီးတဲ့အချိန်မေးရင်း မှန်းလို့ရသကွာ၊ အလုပ်စဝင်တာဘယ်လောက်ကြာပြီလဲ မေးရင်း ခန့်မှန်းလို့ရသကွာ၊ ယုတ်စွအဆုံး သူတို့တရုတ်မွေးနှစ် အကောင်တွေ မေးရင်း မှန်းလို့ရသကွာ...၊ ဒါကျ မြန်မာမ တွေက ပွင့်လင်းတယ်ဗျာ... "

ဦးရေချမ်းက မရွှေစုဘက်လှည့်ကြီးပြီး ပြုံးပြုံးကြီးပြောလာတော့ သူ့ မျက်စောင်းထိုးရင်း အမယ်...ဘယ်လိုတဲ့လဲ ပြောစမ်းပါဦး လို့ မေးလိုက်မိသည်။

"ဥပမာ... အပျိုကြီးတစ်ယောက်က သူ့အသက် ၄၀ ရှိနေပြီဆို... မမေးပဲလည်း ပြောတာပဲ  ဘာမှလျှို့ဝှက်မနေဘူး၊ အဲ့မှာ တစ်ဘက်လူက ဟယ်... အဟုတ်လား၊ မထင်ရဘူးနော်... ၃၀လောက်လို့ ထင်နေတာ... တကယ် တကယ် ဆိုရင် သူတို့မှာ ဖရဏာပီတိဂွမ်းဆီထိပြီး သဘောတွေကို ကျလို့... အဲ့သာကို ပြောတာ.... "

"ဟားဟား ဟားဟား... လေးလေးပြောတာ အစစ်ပဲ...အစစ်ပဲ... ကြီးစုဆို မမေးပဲ ၄၅ တွေ ၅၀ တွေ လျှောက်ပြော...ပြီး သူ့ နုတယ်ပြောရင် တပြုံးပြုံးနဲ့... ဟီးဟီး..ဟီးဟီး...."

မရွှေစုက ပြောင်နောက်နေသော ညီညီကို ခေါင်းခေါက်မလို ရွယ်လိုက်ရင်း မျက်စောင်းထိုးပြီး ကောင်စုတ်လေးတွေဟု ရေရွတ်လိုက်သည်။

"အမယ်..  အသက်မသိတာဆိုတော့ ပုံပြင်လေး တစ်ခုတောင် သတိရမိတယ်၊ တခါက လူပျိုကြီးတစ်ယောက် မိဖချင်းသဘောတူပေးစားလို့ အပျိုကြီးတစ်ယောက်နဲ့ ယူရရောတဲ့၊ အပျိုကြီးက သူ့အသက်ကို အတိအကျမပြောပဲ ၃၀ကျော် ၄၀လောက်လို့ ခပ်ဝါးဝါးလုပ်နေတာတဲ့၊ အဲ့မှာလူပျိုကြီးကလည်း ဒီမိန်းမအသက်အစစ်အမှန် ဒီညပဲသိစေရမယ် ကြိတ်ကြိမ်းဝါးပြီး ညမအိပ်ခင် သူ့မိန်းမကို မီးဖိုချောင်သွားပြီး ဆားအိုးအဖုံးပိတ်လိုက်ပါဦး၊ ဆားတွေကြွက်စားမှာစိုးလို့ပါ ပြောလိုက်တယ်တဲ့။ ဒီတော့ အပျိုကြီးက တခစ်ခစ်ရယ်ပြီး ကျုပ်အသက် ၅၀ကျော်ပြီ၊ ဆားကို ကြွက်စားတယ်လို့ ခါမှ ကြားဖူးပေါင်တော်လဲဆိုရော အသက်လဲပေါ်သွားရောတဲ့... ဟိဟိ..."

မရွှေစု ပုံပြင်နားထောင်ပြီး ဦးရေချမ်းတို့ တူဝရီး ၃ယောက်ရယ်သံက တအိမ်လုံး ဆူညံသွားသည်။

"အလကားပါ... ကြီးစုရာ၊ သားက ဘာမှမဟုတ်ဘူး၊ ကြိုက်လွန်းလို့ ဒုက္ခရောက်နေတာ ညီညီ မှ ညီညီ အစစ်၊ ကြီးစု သိမှာပါ... ဟို... ကြီးစုနဲ့ခင်တဲ့အန်ကယ်ကြီးဦးအောင်လှသမီးအငယ်ဆုံးစန္ဒီကို ဒီကောင်အသေကြိုက်နေတာရယ်.. "

"အဲ့... တကယ်လားဟဲ့..."

မရွှေစုက ကိုကို့အပြောကို စိတ်ဝင်စားသွားသည်။ အန်ကယ်ဦးအောင်လှတို့ဆိုသည်မှာ မရွှေစုတို့မိသားစုနှင့် ငယ်ကတည်းက ခင်မင်ရင်းနှီးခဲ့ပြီး ဘုရားတရားနှင့် အေးအေးချမ်းချမ်း ရှိကြသောမိသားစု ဖြစ်ကြသည်။ စန္ဒီက ငယ်ကတည်းက စင်ကာပူမှာ ကျောင်းတက်ဘွဲ့ရခဲ့ပြီး စာလည်းတော် အင်မတန်ထက်မြက်မြက်နှင့် ချောမောသိမ်မွေ့လှပသူလေးဖြစ်သည်။

"စန္ဒီဆိုရင် သဘောတူတယ်ဟေ့... မင်းဘက်က သေချာတယ်လို့ကတော့ ဝီရိယ စိုက်ထုတ်ပြီးရအောင်ကြိုးစားပေတော့ပဲ၊ ဟိုက တော်ရုံလောက်ကို စိတ်ဝင်စားမှာ မဟုတ်ဘူး၊ သူ့မယ် အနားမှာ ဝိုင်းဝိုင်းလည်နေတာ..."

မရွှေစုက အတည်ပြောတော့ ညီညီက စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါပြလေသည်။

"မလွယ်ပါဘူး ကြီးစုရာ၊ ကျွန်တော့်များ ဖုတ်လေတဲ့ငါးပိ ရှိလေတယ်လို့တောင် ထင်တာမဟုတ်ဘူး..."

"ဟဲ့... မင်းဘက်က ထိုက်သင့်တဲ့ကြိုးစားမှုတော့ လုပ်ရမှာပေါ့၊ အိမ်ထဲ ဒီတိုင်းထိုင်နေပြီး မလွယ်ဘူးလုပ်နေလို့ ရမလား... တန်ဖိုးရှိတဲ့ မိန်းကလေးဆိုတာ လွယ်လွယ်နဲ့ရမလားဟ... "

"မင်းကွာ... အရှက်မရှိဖြစ်တဲ့အထိ ကြိုက်ပြ... လိုက်.. အဲ့သာဆို ရရော... "

ဦးရေချမ်းက ကော်ဖီကို ဂျိုက်ခနဲကျိုက်လိုက်ရင်း ပြုံးစိစိနဲ့ ဝင်ပြောလေသည်။ 

"ဟိတ်... ကလေးကို ပေါက်ကရ လျှောက်မပြောနဲ့...  "

မရွှေစုက ဦးရေချမ်းကို ငေါက်လိုက်ရင်း... " ဒီမယ်... ပုံပြင် တစ်ခု ပြောပြဦးမယ်..."

"ဟီး.. ကြီးစုမယ်တော့ ပုံပြင်က ထာဝစဉ် အဆင်သင့်ရှိတယ်..."

ကိုကိုက ပြောင်စပ်စပ်လုပ်နေသေးသည်။

"ဘုရားလက်ထက်က ရောဟီနီမင်းသမီးလေးဆိုတာ ရှိခဲ့တယ်။ သူက အရှင်အနုရုဒါရဲ့ နှမလေး...၊ ရှည်မှာစိုးလို့ ဇတ်လမ်းအပြည့်အစုံ မပြောတော့ဘူး၊ အဲ့ဒီမင်းသမီးလေးက ကောင်းမှုကုသိုလ်တွေပြုပြီး သေလွန်တော့ နတ်ပြည်မှာ ရွှေအဆင်းလိုဝင်းတဲ့ တအားကိုလှတဲ့ နတ်သမီးလေးသွားဖြစ်တယ်တဲ့။ နတ်သမီးလေးကလှလွန်းတော့ သူ့နတ်ဗိမ္မာန်နဲ့ နီးရာ လေးဘက်လေးတန်က နတ်သား၎ယောက်က သူ ရထိုက်တယ် ကိုယ် ရထိုက်တယ်ဆိုပြီး ဝိုင်းလုကြပါရောတဲ့။ နောက်ဆုံး ဘယ်သူရသင့်သလဲဆိုတာ သကြားမင်းဆီ အဆုံးအဖြတ် သွားတောင်းခံရတယ်တဲ့..."

"အဲ.. စိတ်ဝင်စားဖို့ကောင်းသား..."

"အဲ့မှာ သကြားမင်းက မေးတယ်... ရောဟီနီမင်းသမီးလေးကိုမြင်တဲ့အခါ မင်းတို့ ဘယ်လိုခံစားရသလဲတဲ့.. ဒီတော့ ပထမနတ်သားက နတ်သမီးလေးကို မြင်လိုက်တာနဲ့ တောင်ထိပ်မှာ စိုက်ထူထားတဲ့ အလံတိုင်တံခွန်လေတိုက်တဲ့အခါ တဖြတ်ဖြတ်လူးနေသလို သူ့စိတ်တွေလဲဘာလုပ်ရမယ်မှန်းမသိ ယောက်ယက်တွေခတ်ပြီး တဖြတ်ဖြတ်လူးနေတာပဲတဲ့..."

"အမယ်... နတ်သားက အလာကြီးဟ..."

"လာဦးမှာ... လာဦးမှာ... မပြီးသေးဘူး၊ ဒုတိယနတ်သားကတော့ စစ်ထွက်ခါနီးထုလိုက်လို့ စည်ကြီးတုန်ခါသွားသလို နတ်သမီးလေးမြင်တာနဲ့ သူ့ရင်တွေ ဝုန်းခနဲ တုန်ခါသွားပြီး စိတ်တွေခြောက်ခြောက်ခြားခြားနဲ့ ရိုးတိုးရိုးတွဖြစ်ရပါတယ်တဲ့..."

"ရွှီ..."

ကိုကိုနဲ့ ညီညီက နားထောင်ရင်း လေချွန်လိုက်လေသည်။

"တတိယ နတ်သားကကျတော့ နတ်သမီးစတွေ့ရပြီးကတည်းက သူ့မျက်လုံးဟာ ပုစွန်မျက်လုံးလိုပဲ ပြူးထွက်လာတာသာကြည့်ပါတော့တဲ့..."

"နောက်ဆုံးနတ်သားကကျတော့ ဘာပြောလဲဆို နတ်သမီးလေး မြင်ပြီးကတည်းက သူ့မေတ္တာရေအလျင်ဟာ တောင်ကျချောင်းရေ ဒလဟောကျတာကို တားဆီးမရသလို တသွင်သွင်းစီးဆင်းနေတာပါတဲ့... အဲ့သလို အပြိုင်အဆိုင်ပြောပြီး သူက ပိုချစ်တာ ကိုယ်က ပိုချစ်တာ ငြင်းကြရောတဲ့..."

"ဒီတော့ သကြားမင်းက လက်မြှောက်ပြပြီး...ဟေ့...ဟေ့... နေကြပါဦး... နေကြပါဦး... ငါလည်း ပြောပါရစေဦး... ငါကတော့ ဒီနတ်သမီးလေး မြင်ပြီးကတည်းက သူ့မရရင် ခုချက်ချင်းပဲ သေရတော့မှာကွ... ဒီတော့ ငါက မင်းတို့ထက်စာရင် အဆိုးဆုံးခံစားနေရလောက်အောင်ချစ်တော့ ငါပဲ ရထိုက်တယ်ဆိုပြီး သကြားမင်းက ကောက်ယူသွားပါရောတဲ့ကွယ်..."

"ဟိုက်.... အပိုင်သိမ်းပုံကတော့ သင်းပဗျာ..."

"အေး... အဲ့သာ ကြီးစု ပြောချင်တာက... မရရင် မနေနိုင်လောက်အောင်ဆိုတဲ့သူဟာ နောက်ဆုံးတော့ ကိုယ်လိုချင်တာကို ရကြမှာပဲ၊ ဒီ မိန်းမကိစ္စမှ မဟုတ်ဘူး၊ ဘယ်အလုပ်ဖြစ်ဖြစ် မဖြစ်မနေရအောင်လုပ်မယ် မရရင်သေမတတ်ပဲဆိုတဲ့ စိတ်နဲ့သာ လုပ်ကြည့်နောက်ဆုံးတော့ အောင်မြင်ကြတာပဲ... ကဲ..."

မရွှေစုက ကလေးတွေကို မျက်စပြစ် မေးထိုးပြပြီး ပြောလိုက်မိသည်။

"ဟီး.. ကြီးစုပြောမှ သားလဲ အားတက်လာပြီ... သားက သူများတွေလို မဖောတတ်ဘူး ကြီးစုရ... အဲ့သာ ခက်နေတာ..."

"ဟဲ့...လူဆိုတာ Sincere ဖြစ်ဖို့ ရိုးသားဖို့ပဲ လိုတာ... အဲ့လို ဖောရှောနေတဲ့ယောက်ျားတွေကို မိန်းမတွေက အထင်ကြီးမယ်များ မင်းမှတ်နေလား၊ အေး... အနည်းဆုံးတော့ စန္ဒီက အဲ့လိုလူမျိုးတွေကို အထင်ကြီးတဲ့အစားထဲ ပါမယ်မထင်ဘူး။"

"မသိပါဘူး ကြီးစုရာ စန္ဒီက US မှာ ကျောင်းဆက်တက်ဖို့လည်း ရှိတယ် ပြောလို့ နောက်ဆို ကိုယ်နဲ့ ပိုတောင်အလှမ်းဝေးဦးမှာ...ဟိုရောက်ရင် သူက ကိုယ့်ထက်သာတာတောင် တွေ့ဦးမှာ..."

"အဲ့သာဆို သူ မသွားခင် မင်းပိုတောင် လှုပ်ရှားသင့်တယ်၊ ယောက်ျားတွေ ပလီပလာ ပေါက်ကရလျှောက်ပြောတာထက် တည်တည်ကြည်ကြည်စကားတစ်ခွန်း ပြောတာကို မိန်းမတွေက ပိုအရေးထားကြပါတယ်ကွာ..."

မရွှေစုက လက်ဘက်တစ်ဇွန်းစားလိုက်ရင်း ညီညီ စိတ်ဝင်စားရဲ့လား ကြည့်ရသေးသည်။ သူ စိတ်ဝင်တစားနားထောင်နေတာကို သိမှ ဆက်ပြောရ၏။

"ကြီးစု သူငယ်ချင်း နိုင်ငံခြားမှာ ကျောင်းတက်ဖို့ တစ်ယောက်တည်းထွက်လာတော့ ရန်ကုန်မှာ ကျန်ခဲ့တဲ့ သူ့ရီးစားက ဘယ်လိုမှာတယ်ထင်လဲ.. သိလား..."

"အင်း..."

"သူတို့က အကြာကြီးခွဲရဦးမှာဆိုတော့တဲ့... အိမ်ထောင်သည်တွေလဲ မဟုတ်တော့ တစ်ယောက်ကိုတစ်ယောက် မချည်နှောင်ထားချင်ဘူးတဲ့၊ ကောင်မလေးကို လွတ်လပ်ခွင့်ပေးတယ်တဲ့၊ တကယ်လို့ နိုင်ငံခြားမှာ သူ့ထက်သာတဲ့သူ တော်တဲ့သူ ကိုယ်လည်းကြိုက်တဲ့သူတွေ့ရင် စိတ်ချမ်းသာမယ်ထင်ရင် ဘဝအတွက်အဆင်ပြေမယ်ဆိုရင် သူ့ကို ငဲ့မနေပဲ ထားသာထားခဲ့ပါတဲ့။ ကြီးစု သူငယ်ချင်းက ဘာမှ ပြန်မပြောဘူး၊ မလုပ်ဘူးလဲ မပြောဘူး၊ ဘာလို့ ဒါတွေ ပြောတာလဲ လည်း မမေးဘူး၊ ဒါပေမယ့် ၅နှစ်ကြာတော့ ရန်ကုန်ပြန်လာ မင်္ဂလာဆောင်ကြတာပဲ...ဟိုလည်း ပြန်မသွားတော့ဘူး... ကြီးစုကို ဘာပြောလဲဆိုတော့ သူ့ရီးစားက အဲ့လိုမှာတာလေးကို ရင်ထဲမှာ ခံစားရလွန်းလို့ ပိုတောင် ချစ်ပြီး သစ္စာရှိမိတာပဲတဲ့... ကဲ....  "

"မိုက်တယ်နော်... "

"အေးပေါ့... ဒါကြောင့် ဖောရှောတွေထက် ရိုးသားတာ နားလည်မှုရှိတာကို မိန်းမတွေက ပိုကြိုက်တယ် သဘောကျ ကြတယ်...၊ ဒီခေတ်မိန်းကလေးတွေက လက်တွေ့ပိုဆန်တယ်... ဟိုခေတ်ကလို ဓူဝံကြယ် မြေမှာခကြွေလုပ်နေလို့ ကြည်နူးမယ့်သူတွေ မဟုတ်ကြတော့ဘူး၊ သတိရလို့ ပြောရဦးမယ်...၊ ကြီးစု သူငယ်ချင်းတစ်ယောက်... မာနကြီးတဲ့သူ့ကောင်မလေးကို စကားတစ်ခွန်းတည်းနဲ့ ကြွေအောင်လုပ်ခဲ့တာတဲ့၊ ဟဲ့... ဘာများလဲဟယ် ဆိုတော့... မင်းကို ပိုက်ဆံချမ်းချမ်းသာသာ ထားနိုင်မယ်လို့တော့ ကတိမပေးနိုင်ပါဘူးကွာ၊ ဒါပေမယ့် နောက်ဆုံး ထမင်းတစ်လုပ်ပဲစားစရာရှိတယ်ဆိုရင်တော့ အဲ့ဒီ တစ်လုပ်ဟာ မင်းအတွက်ဖြစ်ရပါစေမယ် လို့ ပြောလိုက်တာတဲ့... ကဲ..."

"ဝိုး... ပိုင်တယ်ဗျာ.... "

"ဟေးဟေး... အဲသာ တို့ ဦးရီးတော်များလားမသိ...  "

"အမယ်လေး... ဟုတ်ပါလိမ့်မယ်... "

မရွှေစု မဲ့ကာရွဲ့ကာ တမင်လုပ်ရင်း နေရာက ထလိုက်သည်။

"ဒါဆို ကြီးစု ဒီလောက်စွာတဲ့သူကို.... လေးလေးက ဘယ်လိုကြွေအောင်ပြောခဲ့လဲ..."

"တော်ပြီ... တော်ပြီ... ပုံပြင်တွေလည်း ပြီးပြီ... လူကြီးတွေ ပေါက်ကရ လိုက်မမေးနဲ့..."

"ဟော.. ကြီးစု ထွက်ပြေးပြီ... လေးလေးပြောပြ...ပြောပြ..."

"မေ့ကုန်ပါပြီကွာ... အသက်ကကြီးပဲ ကြီးလှ...."

"နည်းနည်း သတိရသလောက်ပြောပြ...  "

"ငါက မင်းတို့ကြီးစုလို စကားပြောမကောင်းဘူးကွာ... သူ့ပဲ မေးကြည့်ပါကွာ..."

စားပြီးသားပန်းကန်များကို သိမ်းရင်း မီးဖိုချောင်ဖက် ရှောင်ထွက်လာသော မရွှေစုက သူတို့တူဝရီးရဲ့ ဆူညံစွာ ငြင်းခုန် ပြောင်နောက်သံများကိုနားထောင်ရင်း ပြုံးနေမိလေတော့သည်။
+++++

Tuesday, September 16, 2014

တော်လေးဝ ဝင် နှင့် “မချစ်ဖို့” လို မိန်းမသား - ၂

ဇနီးမယား ပုံပြင်များ - ၂


“အဲဒီ ဝတ္ထုလေးကို ဆယ်ကျော်သက်အရွယ်က ဖတ်ခဲ့ဖူးတာ... ခုထက်ထိကို မမေ့သေးပဲ စွဲနေတုန်း သိလား...။ ဒေါ်ခင်နှင်းယု ရေးတဲ့ဝတ္ထုတိုပေါင်းချုပ်စာအုပ်ထဲက... ဝတ္ထုနာမည်က လူ့ပြည်ဆိုသည်မှာ တဲ့... “
“ဘာလို့ စွဲတာလဲ... ဇာတ်လမ်း ပြောပြစမ်းပါအုံး။ “
“ဇာတ်လမ်းက သိပ်ထူးခြားတယ်ရယ်လည်း မဟုတ်ပါဘူး။ လင်မယားစုံတွဲအကြောင်း ရိုးရိုးပါပဲ”
“အင်း”
“ယောက်ျားဖြစ်တဲ့သူက ဇာတ်ကြောင်း ပြောသလိုရေးထားတာ၊ သူ့ဇနီးမချစ်ဖို့ သူ့ကိုဘယ်လိုချစ်တဲ့အကြောင်း၊ သူရှာဖွေရသမျှချွေတာစုဆောင်းပြီး နောက်ကွယ်ကနေ ဘယ်လိုစီးပွားတိုးတက်အောင်ကြံဆောင်တဲ့အကြောင်း၊ သူတို့မှာ ငွေကြေးအဆင်ပြေပြီးတတ်နိုင်ပေတဲ့ သူ့ဇနီးက ပပလွှားလွှားမနေပဲ ရိုးရိုးအေးအေးပဲ နေတဲ့အကြောင်း၊ အစားအစာကအစ သူ့ကိုပဲ ဦးစားပေးတဲ့အကြောင်း ... သိတယ်မှုတ်လား... တချို့ဇနီးမောင်နှံတွေမှာ မိန်းမက တအားကို အနစ်နာခံတတ်တာမျိုးလေ...  "
“အဲ့ဒီတော့…”
“သူကတော့ သူ့မိန်းမကို လောကကြီးမယ် ကောင်းကောင်းဝတ် ကောင်းကောင်းစားပြီး ဇိမ်နဲ့ ကောင်းကောင်း နေစေချင်တာပေါ့။ မစားရက် မသောက်ရက် မသုံးရက်နဲ့ အဲသလောက် ခြစ်ခြစ်ချုတ်ချုတ် လုပ်နေတာကို မကြိုက်ဘူးပေါ့။ သူတို့မှာ သားသမီးလည်း မရှိတော့ ငွေတွေစုနေဖို့လည်း မလိုဘူး ထင်တာပေါ့”
“အင်း”
“သူဘာပဲပြောပြော မချစ်ဖို့ကတော့ ပြုံးပြုံးပဲတဲ့။ မလှူရက်မတန်းရက် ငွေစုတာမျိုး မဟုတ်ဘူးဆိုတော့ သူလည်း ဘာမှအပြစ်ပြောလို့ မရဘူးပေါ့။ ကိုယ်တိုင်အတွက်သုံးဖို့ဆို ချွေတာလွန်းလို့ မချစ်ဖို့ သေရင်တော့ ဥစ္စာစောင့်ဖြစ်တော့မှာပဲလို့ အမြဲ နောက်တာတဲ့။ ဒါပေသိ သူတို့ ၁ဝနှစ်မြောက် မင်္ဂလာနေ့ကျတော့ သူ့မိန်းမ စုဆောင်းထားတဲ့ငွေနဲ့ ကိုယ်ပိုင်အိမ်လေး စဝယ်နိုင်တဲ့အခါ သူအရမ်းကိုပျော်ခဲ့တယ်တဲ့၊ ဂျပန်ခေတ်မှာလည်း သူများတကာတွေ ဝတ်စရာကောင်းကောင်းမရှိလို့ ဖျဉ်ကြမ်းထည်တွေကနေ ဝဲတွေပေါက်ပြီး ဒုက္ခရောက်ချိန်မှာ သူ့မိန်းမက သူ့အတွက် ကြိုတင်စုဆောင်းပေးထားတဲ့ အဝတ်အထည်တွေကြောင့် မချို့တဲ့ပဲနေခဲ့ရတာတွေ၊ ဂျပန်ခေတ်မှာ သူ့မိန်းမကအကွက်ကျကျနဲ့ စီးပွားရှာနိုင်ခဲ့တာတွေ၊ နောက်ဆုံး တိုက်အိမ်ကလေး ဝယ်နိုင်တဲ့အထိ စီးပွားဖြစ်ခဲ့တာတွေပေါ့”
“သြော...”
“တိုက်ဝယ်မယ်ဆိုတော့လည်း... သူက သူ့မိန်းမကို ပြောမိခဲ့သေးတာတဲ့။ တိုက်လိုချင်တဲ့ဒုက္ခနဲ့ မင်း အဲဒီလောက် ချွေတာနေရတာ စိတ်မချမ်းသာဘူးပေါ့။ မချစ်ဖို့ သေရင်တော့ တိုက်စောင့်သရဲ ဖြစ်တော့မှာပဲလို့တောင် ပြောင်နောက်မိတာတဲ့၊ အဲဒီလို ပြောင်နောက်တာသာနောက်တာ စိတ်ထဲမတော့ သူ့မိန်းမကို ကျေးဇူးတွေတင်မိတာပေါ့။ အဲသလိုသူ့မိန်းမက ဘယ်သူ့ကိုမှမှမထိခိုက်စေပဲ စည်းစနစ်ရှိရှိ အမျှော်အမြင်ကောင်းကောင်းနဲ့ ရှေ့ရေးအတွက် စီမံခန့်ခွဲတတ်လို့လည်း သူ့ဘဝ အေးအေးဆေးဆေး နေနိုင်တာကို သူ သဘောပေါက်လာမိတာကိုး...”
“အေးပေါ့...”
“ဒီလိုနဲ့ သူတို့ အသက် ၆ဝပြည့်တော့ မချစ်ဖို့က ဘာပြောသလဲဆို၊ တရားရိပ်သာမှာ တရားအားထုတ်ပြီး ရှိတဲ့ ပစ္စည်းဥစ္စာတွေကို စိတ်ဖြတ်နိုင်ဖို့ ကြိုးစားရတော့မယ်ပေါ့။ အဲသလိုပြောတော့ သူက ... အောင်မလေးကွာ... တစ်သက်လုံးခြစ်ကုတ်ခြွေတာပြီး ဒီပစ္စည်းဥစ္စာတွေကို ကြိုးစားရှာခဲ့ရတာ၊ အစကတည်းကမရှာရင် ပစ္စည်းတွေလည်း မရှိဘူး၊ မရှိတော့ ပြတ်အောင် ကြိုးစားစရာ မလိုတော့ဘူးပေါ့လို့ ပြောတာပေါ့”
“အဲဒီတော့...”
“အဲဒီတော့ မချစ်ဖို့ကသူ့ကို ရှင်းပြသတဲ့။ မချစ်ဖို့ ပြောတာကို နားလည်သလောက်ပြန်ပြောပြမယ်နော်… “
လူ့ပြည်ဆိုတာ ကိုယ့်အသက် ငယ်ရွယ်နုပျိုစဉ် လိုအပ်သလောက် စွမ်းအားထုတ်ကြိုးစားရမှာဖြစ်သလို မသုံးမဖြုန်းပဲ သင့်တင့်လျောက်ပတ်ရုံလည်း ခြိုးခြံရမယ်တဲ့။ ပြီး… စိတ်နှလုံးငြိမ်းချမ်းမှုရအောင်လည်း ကြိုးစားရမှာတဲ့။ ငယ်ကတည်းက ကြိုးစားအလုပ်လုပ်ပြီး ရှာဖွေ မစုဆောင်းထားရင်၊ သင့်တော်တဲ့ ခြိုးခြံမှုတွေကို မလုပ်ခဲ့ရင်တဲ့ ကြီးလာတဲ့အခါ ဘယ်လိုလုပ်ပြီး စိတ်နှလုံးအေးအေးချမ်းချမ်း နေနိုင်မလဲတဲ့၊ အိုတဲ့အထိ စားဝတ်နေရေးကို ပူပန်နေရသေးရင် အသက်ကြီးလာတဲ့အခါ အနားယူရမယ့်အရွယ်ရောက်တဲ့အခါ ဘယ်လိုလုပ် စိတ်အေးအေးနဲ့ တရားအားထုတ်နိုင်မလဲတဲ့။
“ဟုတ်ပ ဗျ… “
“နေဦး။ ဇာတ်လမ်းက မပြီးသေးဘူး။ တစ်နေ့ကျတော့ ကျောင်းတုန်းကသူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ပြန်ဆုံကြရောတဲ့။ အဲ့မှာ သူ့သူငယ်ချင်းက စီးပွားရေးအဆင်မပြေ ဆင်းဆင်းရဲရဲဖြစ်နေတာ တွေ့မိတာပေါ့နော်… နေတဲ့အိမ်ကလည်း ရွံ့တွေဗွက်တွေ ယင်တွေခြင်တွေတလောင်းလောင်းနဲ့ နံစော်ညစ်ပတ်နေတာပဲတဲ့။ အားတဲ့ရက်လေး ရိပ်သာအတူသွားဖို့ အဖော်စပ်တိုင်း သူ့သူငယ်ချင်းကဘာပြောလဲဆို... အသက်ကြီးလာပေမယ့် စီးပွားရေးက စိတ်မအေးနိုင်တော့ တရားနှလုံးမသွင်းအားပါဘူးကွာလို့ ပြောသတဲ့”
“အဲဒီတော့မှ သူ့မိန်းမကို သူ ပိုကျေးဇူးတင်သွားတယ်ပေါ့... အဲသလိုလား...”
“သူ့မိန်းမပြောတာကို သူ ပိုနားလည်သွားတာပေါ့။ ဇာတ်လမ်းက ဘာမှမထူးဆန်းပါဘူး။ ဒါပေမယ့် ဖတ်ရတာ သိပ်သဘောကျဖို့ကောင်းတာပဲ။ မချစ်ဖို့ကိုလည်း သိပ်ချစ်မိတာပဲ၊ ကိုယ်သာ ယောက်ျားဖြစ်လို့ကတော့ အဲ့ဒီလိုမိန်းမမျိုးရရင် သိပ်ကံကောင်းမှာပဲလို့ တွေးမိတယ်၊ ကိုယ်က ယောက်ျားမဟုတ်တော့လည်း ကိုယ် အရွယ်ရောက်လို့ အိမ်ထောင်ပြုတဲ့အခါ အဲ့ဒီလိုဇနီးမယားမျိုးဖြစ်ဖို့ အတတ်နိုင်ဆုံးကြိုးစားရမှာပဲလို့ တွေးမိတယ်။”
“တော်လိုက်တဲ့ မချစ်ဖို့… အဲ့လေ… မရွှေစု… “
”စဉ်းစားကြည့်လေ… တော်လေးဝဝင် ဇနီးမယား မိန်းမမြတ်တွေအကြောင်းကို ဖတ်သာဖတ်ရတာ… အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗုလာတို့ကျတော့ သူတို့ရဲ့ဖြည့်ဆည်းနိုင်စွမ်းအားပါရမီက သိပ်ကိုကြီးမြင့်လွန်းတယ်၊ ဒါကြောင့် သူတို့လို ဖြစ်ရမယ်လို့ တခါမှမတွေးမိပေါင်...။ ဖြစ်နိုင်မလားဆိုတာလည်း မသိပေါင်၊ ဒါပေမယ့် ကိုယ့်အိမ်ထောင်ကို စနစ်တကျထိန်းသိမ်းပြီး ကိုယ့်ခင်ပွန်း ကိုယ့်မိသားစုကို စိတ်ချမ်းသာအောင် ပြုစုစောင့်ရှောက်နိုင်တဲ့ဇနီးမယားမျိုး၊ အဲ့ဒီ မချစ်ဖို့လိုလူမျိုးတော့ တကယ့်ကို ဖြစ်ချင်ခဲ့တာပဲ...။ ဒါပေမယ့် မရွှေစု အခုထက်ထိ မချစ်ဖို့လိုလူမျိုး မဟုတ်သေးဘူး၊ မချစ်ဖို့ကို မမှီဘူးလို့ ကိုယ့်ကိုယ်ကို ထင်တာပဲ...”
စိတ်ပါလက်ပါ ပြောပြနေတဲ့ မရွှေစုကို ကိုရေချမ်းက အိပ်နေရာကနေ ခေါင်းထောင်ပြီး ပြုံးကြည့်လာတယ်။
“ကျနော်ကတော့ ကျနော့် မိန်းမကို မချစ်ဖို့လို လူစားမျိုးတမျိုးလို့ ထင်တာပဲ။ ကျနော့်အတွက်တော့ ကျနော်လိုချင်တဲ့စံနဲ့ မှီတဲ့ ညီတဲ့ စံပြဇနီးကောင်းပေါ့...”
“တကယ်လား...”
ကိုရေချမ်းက ပြောရင်းဆိုရင်း မရွှေစု ခေါင်းကို အသာပုတ်ပြီး အိပ်ရာက ထတယ်။
“အေးပေါ့... တကယ်ထင်တာကို တကယ်ပြောတာပေါ့။ ကဲကဲ... အဒေါ်ကြီးမရွေစုချစ်ဖို့... ကျနော် အလုပ်ဆက်လုပ်လိုက်ဦးမယ်နော်...”
ကိုရေချမ်းက မရွှေစု စိတ်ချမ်းသာအောင် နှစ်သိမ့်တဲ့စကားလေးပြောပြီး သူ့စာကြည့်စားပွဲကို ပြန်သွားတယ်။
မရွှေစုကတော့ ကိုယ့်ကိုယ်ကို တော်လေးဝဝင်ဖြစ်ဖို့မပြောနဲ့ မချစ်ဖို့လိုကျင့်ကြံနိုင်ဖို့တောင် မနည်းကြိုးစားရဦးမယ်လို့ စဉ်းစားရင်း ဖတ်လက်စ စာအုပ်ကို ပြန်ကောက်ကိုင်လိုက်တော့တယ်။

ကိုးကား။။
ဒေါ်ခင်နှင်းယု - လူ့ပြည်ဆိုသည်မှာ

+++++
(သူကြီးမင်းရေ… ဟောဒီမှာ BPP-Challenge အတွက် ပြီးသွားပြီနော်။)

သူကြီးမင်းရဲ့တိုက်တွန်းနှိုးဆော်ချက်အရ ချစ်ခင်ရတဲ့အောက်ပါဘလော့ဂါများအား BPP-Challenge လုပ်ပါတယ်။ ကျေးဇူးပြုပြီး တုန့်ပြန်ပေးကြပါနော်။ BPP-Challenge  ဆိုတာ ဘာလဲနဲ့ စည်းကမ်းများကို ဟောဒီလင့်မှာ ဖတ်နိုင်ပါတယ်နော်။
ကျေးဇူး အထူးတင်ပါတယ်။

၈) မြ
၉) မေ