Wednesday, November 26, 2014

လွတ်လပ်ခွင့်....



မနေ့ညနေက ရုံးဆင်းလို့ ကားစောင့်နေတဲ့နေရာရောက်တော့ ဦးရေချမ်းတစ်ယောက် ကားအပြင်က ထွက်ပြီး ကြိုစောင့်နေတာတွေ့ရတယ်။ မရွှေစုကို မြင်တော့ မလုံမလဲဟန်နဲ့ ခေါင်းလေးကုတ် လှမ်းရယ်ပြပြီး ကားနောက်ခန်းအဖုံးကြီးကို ဖွင့်လိုက်တယ်။ စိတ်ထဲ ထင့်ခနဲ နဲ့ ဘာများ ပေါက်ကရ လုပ်လာပြန်ပြီလဲဆိုတာ ချက်ချင်းတွေးမိတယ်။ ထင်တဲ့အတိုင်းပဲ။ ကားနောက်ခန်းမှာ အဝတ်အုပ်ထားတဲ့ အထုတ်၂ခု က အခန့်သား...။

"ဟင်... ဘာတွေလဲ...ဘာတွေ လုပ်လာပြန်ပြီလဲ...."
"ဘာမှ မဟုတ်ဘူး... ငှက်ကလေး ... ဒီမှာကြည့်...."

ဦးရေချမ်းက အဝတ်လေးအုပ်ထားတာကိုလှပ်ပြလိုက်တော့ ငှက်လှောင်အိမ်လေးတစ်ခု နဲ့ အထဲက ငှက်လေးတစ်ကောင် ဘွားခနဲ ပေါ်လာတယ်။ ရုတ်တရက် ကိုယ့်မျက်စိကိုယ် မယုံချင်ဘူး။ ငှက်... ဟုတ်လား... ငှက်ကို ဘာလုပ်ဖို့လဲ...။ ဦးရေချမ်းရော မရွှေစု ရော ငှက်မွေးဖို့ တခါမှ စိတ်ကူးမရှိဖူးပါဘူး။ ခေါင်းကို ကဲပြီး သေချာငုံ့ကြည့်လိုက်တော့ လူနဲ့ ဝေးရာ လှောင်အိမ်တစ်ဘက်ထောင့်မှာ ခြေထောက်လေးကွေး အမြီးလေးကော့ကာနဲ့ ရင်ဘတ်ဖြူဖြူ အတောင်မဲမဲငှက်လေးက မျက်လုံးလေးပြူးလို့ ကိုယ့်ကို စိုက်ကြည့်နေတာ တွေ့လိုက်တယ်။


" ဟင်... သပိတ်လွယ် ငှက်လေးပါလား... "
" အဲသာ... ဒေါ်လာ ၂၀၀ ပေးလိုက်ရတယ်..."
" ဘာ... ဘယ်လို... ဒေါ်လာ ၂၀၀... ဟုတ်လား... လာ နောက်မနေနဲ့နော်...."

မရွှေစုက ရုံးအိတ်တွေကို ကားထဲထည့်ပြီး ကားရှေ့ခန်းကို ပြန်ပတ်ပြီး ဝင်ထိုင်လိုက်တယ်။ စိတ်ထဲ ဘဝင်မကျလှ။ ဒါပေတဲ့ ဒေါ်လာ ၂၀၀ ဆိုတာတော့ ကိုယ့်ကို တမင်နောက်တာ ဖြစ်မှာလို့ စိတ်ချနေဆဲ။
ဦးရေချမ်းက နောက်ခန်းတံခါးပိတ်ပြီး ကားမောင်းတဲ့နေရာမှာ ဝင်ထိုင်ရင်း က စကားဆက်တယ်။

"တကယ်ပြောတာ... ကျွန်တော် မနောက်ဘူး... ဒေါ်လာ ၂၀၀ ပေးလိုက်ရတယ်...."
"တကယ်လား...."
"တကယ်...."


သူက တကယ်ဆိုတော့ မရွှေစု စိတ်ထဲ မယုံနိုင်သလိုနဲ့ ရုတ်တရက် ဝမ်းနည်းသွားတယ်။ ပြီးတော့ စိတ်ပျက်လက်ပျက် အသံနဲ့ သူ့ကို ရန်တွေ့မိတယ်။
 

" ဒီငှက်ကို ဒေါ်လာ ၂၀၀ ပေးခဲ့ရတယ်...၊ ဦးရေချမ်း တော်တော်ကိုပဲ ချမ်းသာနေလား... စိတ်ညစ်တယ်...သူများ မပြောချင်ဘူး... ပြောရင်လဲ ကိုယ်ပဲ အလွန်ဖြစ်မယ်... ဒေါ်လာ ၂၀၀ ဟုတ်လား.... တကယ်ပဲ... တကယ်ကို မယုံနိုင်ဘူး... ဟိုနေ့ကလည်း ဦးရေချမ်း ရုံးက ကုလားလေးတွေ မုန့်ဖိုးပေးတာ မရွှေစု က ၅၀ ဆို ဦးရေချမ်းက ၁၀၀ လုပ်တယ်၊ ကဲလေ... အလုပ်သမားတွေ... ရတဲ့လခလေးက နဲနဲလေးတွေ... မိသားစု လုပ်ကျွေးနေတဲ့သူတွေ သနားပါတယ်... အလှူလုပ်တယ် သဘောထားပါတယ်... သူပေးချင်တာ ပေးပါစေဆိုပြီး နှုတ်ဆိတ်ပြီး နေရတယ်... ခုကျတော့ ....နောက် တမျိး လုပ်လာပြန်ပြီ...."
မရွှေစု မျက်နှာက ပြောရင်း ငိုမဲ့မဲ့ ဖြစ်လာရော....။

"အခုက ပိုက်ဆံ အကုန်အကျတွေ များနေတာ အသိသားမဟုတ်လား...၊ အိမ်အပြောင်းအရွှေ့နဲ့ အိမ်မှာ လိုတာတွေ ဖြည့်ရတာဆိုတာလည်း ဘာကုန်သလဲ မမေးနဲ့၊ ဒီလထဲ အလှူ လုပ်ရတာတွေကလည်း ဆက်တိုက်... ပြီး... ဧည့်သည်တွေ ဆက်တိုက်... ရှေ့လမှာ ဆေးကုမဲ့ အမျိုးတွေက လာဦးမှာ... ကူညီရမှာတွေက ရှိသေးတယ်..."

 "အေးပါ...သိပါတယ်.... ဒါပေမဲ့... ငှက်လေး သနားလို့ပါ...."


" သိတယ်ဆို ဒီ ဘာမဟုတ်တဲ့ ငှက်ကို ၂၀၀ ပေးပြီး ဝယ်လာရလား... သူများမှာ ကိုယ် လိုချင်တာ ရှိတာတောင် ခဏဆိုင်းထားရတယ်... အခုဆို မျက်စိက သေချာ မမြင်ပြန်ဘူး... မျက်မှန်အသစ်လုပ်ရင် ကုန်ဦးမှာမို့ ရှိတဲ့မျက်မှန် ခဏ ဆက်တတ်နေရတယ်... ကုန်ကုန် ပြောရရင် ဘာမဟုတ်တဲ့ အိုက်စ်ခရင် စားချင်တာတောင် မလိုတာ မကုန်အောင် အောင့်နေရတယ်... အဲသာကို သူက ဒီငှက်ကို ၂၀၀ ပေး ဝယ်လာတယ်.... ကဲ... ပြောပါဦး.... အဲ့သာ ဘာလုပ်ဖို့လဲ... မွေးဖို့လား... သူများ ဘယ်တော့မှ ငှက်မမွေးဘူးဆိုတာ မသိဘူးလား... လှောင်အိမ်ဆိုတာတွေကို မြင်တာနဲ့ မုန်းတာ မသိဘူးလား..."

"ကျွန်တော် ပြောတာ ဆုံးအောင် နားထောင်ပါဦး....ကျွန်တော့် အလုပ်ထဲက ဖိုမင်က ငှက်တွေ မွေးထားတာ... ဟိုးငယ်ငယ်လေးထဲက မွေးတဲ့ငှက်တွေကျတော့ လှောင်အိမ်ထဲ နေ နေ ကျမို့ ဘာမှ မဖြစ်ကြဘူး၊ အချိန်တန် ကျွေးတဲ့အစာလေးစားလိုက် သီချင်းလေးဆိုလိုက်နဲ့ နေသားကျနေကြတယ်၊ လွန်ခဲ့တဲ့ ၃-၄လလောက်က သူ့မှာလှောင်အိမ်တစ်ခုပိုနေတာ အလကား ဖြစ်နေတယ် ဆိုပြီး အဲဒီငှက်ကလေးကို မြှူပြီး ဖမ်းထည့်လိုက်တယ်။ ငှက်လေးက ကြည့်ရတာ ကျွန်တော်တို့အလုပ်ဘေး ဟိုဘက် ပန်းခြံထဲက ရုတ်တရက် နယ်ကျွံလာတဲ့ ငှက်လေး... ။ သူ စဖမ်းကတည်းက ကျွန်တော်က လွှတ်ပေးပါဆိုပြီး တောင်းပန်တာ ပြောမရဘူးရယ်။ ငှက်လေးလဲ စ ဖမ်းမိကတည်းက တချိန်လုံး တမှိုင်မှိုင် တတွေတွေ ဖြစ်နေတယ်.... ။ မဟုတ်ရင်လည်း တချိန်လုံး ရုန်းကန်ပြီး အတင်းပျံနေတယ်။ တစ်နေ့ တစ်နေ့ အဲ့ငှက်လေး မြင်ရတာ ကျွန်တော် စိတ်မချမ်းသာဘူး။  ငှက်လေး လွှတ်ပေးပါကွာလို့ ဖိုမင်ကို မြင်တိုင်း ပြောတယ်... ဒီကောင်ကလည်း ပေတေတေ ကပ်တပ်တပ်... ဘယ်လိုမှ ပြောမရဘူး..."

မရွှေစုက ဦးရေချမ်းပြောတာ ငြိမ်ပြီးနားထောင်နေမိတယ်။

"ဒီနေ့ မနက် ကျွန်တော် စားပွဲမယ် ထိုင်နေတုန်း ငှက်လေးက လှောင်အိမ်ထဲကနေပြီး ပျံလိုက် ပြေးလိုက် လဲကျလိုက် ဖြစ်နေတာ မြင်ရတာ ဘယ်လိုမှ ကြည့်မနေနိုင်တော့ဘူး၊ စိတ်က တစက်လေးမှ မချမ်းသာဘူး။ အဲသာနဲ့ ဖိုမင်ကို ငါဝယ်မယ် ဘယ်လောက်လဲ ပြော မေးတော့ သူက အပြင်ပေါက်ဈေး ၂၀၀ ဆိုပြီး ရောင်းလိုက်တာပဲ...."

"ကဲ... ဒါဆို... အဲ့ ဖိုမင်က နောက်ထပ် ငှက် တစ်ကောင် ထပ်ဖမ်း အဲ့လိုပဲ ထား၊ မနေနိုင်ပြန်တော့ နောက်ထပ် ၂၀၀ နဲ့ ဝယ်ဦးမှာလား...၊ သူများတွေက ဦးရေချမ်းနောက်ကွယ် ဟားနေတော့မှာပေါ့... ခံလိုက်ရတယ်ဆိုပြီး...  "

"သူများ ပြောမှာတွေ ကျွန်တော်ဘာမှ ဂရုမစိုက်ဘူး... ကျွန်တော် အခု လုပ်သင့်တာကို လုပ်တာ...နောက်ဟာကလည်း နောက်ဟာပဲ... ကျွန်တော် မသိဘူး... လောလောဆယ် ကျွန်တော် ဘယ်လိုမှ မကြည့်ရက်ဘူး... ဒါတောင် ဖိုမင်က တကယ်မွေးမယ်ဆိုမှ ရောင်းမယ် ဈေးကိုင်လို့ မွေးမှာဆိုပြီး ဝယ်လာတာ... အဲ့သာကြောင့် ဒီမှာ ငှက်ရေကူးကန်ရော... အစာ တွေရော အများကြီးပါလာတယ်...."

မရွှေစုလည်း ဘာပြန်ပြောရမှန်း မသိပဲ ငြိမ်နေမိလိုက်တယ်။ နောက်ခန်းက ငှက်လေး အသံကို နားစွင့်ကြည့်ပေမဲ့ ဘာသံမှ မကြားရလို့ စိတ်ထဲ တချက်တော့ မကောင်းဖြစ်သွားတယ်။ သူ့ ကို အနားထားပြီး ဘာလို့ ဝယ်လာလဲ အပြစ်တင်နေတာ သူ နားထောင်နေတာ များလား....။ မရွှေစု တို့ ရန်ကုန်အိမ်မှာ မနက်ဆို အိမ်ခေါင်းရင်း ပြတင်းက သပြေပင်မှာ သပိတ်လွယ်ငှက်လေးတွေ ဗွတ်ကလုံငှက်လေးတွေ အမြဲ လာနားလေ့ရှိတာ... တကယ်တော့ သူတို့ ဟာ  သိပ်စကားများကြတာပဲ... အို... တွေ့လိုက်ရင် အမြဲ ပါးစပ်က မစိ...ကျိကျိကျာကျာနဲ့... ။ သူတို့ သီချင်းဆိုသံလေးတွေက ဖွဲ့ဖွဲ့နွဲ့နွဲ့ တီတီတာတာ ရှည်ရှည်ကြာကြာ ချွဲချွဲပျစ်ပျစ် ပလီပလာ နဲ့ ကရုဏာဒေါသောအသံကလေး လို့ ဆရာသော်တာဆွေက တင်စားဖူးတာ မှတ်မိတယ်။ သူတို့ သီချင်းတစ်ပုဒ်ဆိုရင်လည်း တစ်မိနစ်မှ နှစ်မိနစ်၊ သုံးမိနစ်အထိ ကြာတတ်တယ်တဲ့၊ ဖြတ်နားလဲ ခဏလေးတဲ့။ ခု... ဒီငှက်လေးကျတော့ ရင်ကွဲနာများကျနေလား မသိ... နှုတ်ဆိတ်လှပါဘိတောင်း။

"ငှက်လေး သနားပါတယ်။ သူ့မှာ သူ့မိသားစု နဲ့ ခွဲခွါလာရလို့ ဝမ်းနည်းနေတာ နေမှာ... ဖမ်းမိကတည်းက ဘာသံမှ မပေးတော့တာ... ပြီးတော့ wild life က လာတဲ့ ငှက်ဟာ ဘယ်လိုမှ လှောင်အိမ်ထဲမှာ မနေနိုင်ဘူး၊ wild life ကိုပဲ သူ လွမ်းနေမှာ "

"အဲ့... ဖိုမင်က ငှက်ကို ပြန်လွှတ်ပါဆိုတာ ဘာလို့ မလွှတ်တာလဲ... ပြီးတော့ ဝိသမ လောဘသမား က ၂၀၀တောင် တောင်းရလား... ကဲ.... မိုက်ရိုင်းသာ... အလကားရတဲ့ ငှက် ၂၀၀ တောင် တောင်းရသတဲ့လား... ဦးရေချမ်းက မပြောဘူးလား... မဆစ်ဘူးလား.... "

မရွှေစုက ဘယ်သူ့ စိတ်ဆိုးရမယ်မှန်း မသိတော့ ဖိုမင်ကိုသာ ဖိပြီး စိတ်ဆိုးမိတော့တယ်။  

"ဟင့်အင်း... သူက ဒေါ်လာ၂၀၀ ဆို ကျွန်တော် ချက်ချင်းပဲ သူတောင်းသလောက် ထုတ်ပေးလိုက်တယ်၊ ကျွန်တော်က ငှက်ကို ဝယ်တာမဟုတ်ဘူး၊ လွတ်လပ်ခွင့်ကို ဝယ်တာ.. "


ဦးရေချမ်း အပြောကြောင့် မရွှေစု သူ့ကို လှည့်ကြည့်မိပြီး ဘာပြန်ပြောရမယ်မှန်းမသိ... ပါးစပ်အဟောင်းသားလေး ဖြစ်သွားတယ်၊ ဘာတဲ့... လွတ်လပ်ခွင့်ကို ဝယ်တာ ... ဟုတ်စ။ ရင်ထဲမှာ တမျိုးပဲ ခံစားလိုက်ရတယ်။ အတန်ကြာ နှုတ်ဆိတ်နေပြီးတော့မှ တခြားစကားကို မသိမသာ လွှဲလိုက်တယ်။


" ဦးရေချမ်းက သူများ ပြောရင်လည်း ဘယ်တော့မှ နားမထောင်ဘူး။ ပြောလဲ မရပါဘူး... လုပ်ချင်ရာ လုပ်တာပဲ....။ ကဲ... ခုလာမဲ့ တပတ်မှာရော ကုလားလေးတွေက လိုက်လာဦးမှာတဲ့လား..."

" အေးလေ...  တနင်္ဂနွေ ကို ဆူရပ်ခ်ျ က အိမ်လိုက်လာပြီး ကူရှင်းပေးလိမ့်မယ်... ပန်ဒိတော့ မခေါ်တော့ပါဘူး။ သူတို့ကလည်း မုန့်ဖိုးအပိုလေး ရတော့ တအားလာချင်တာ....။ ကဲပါ....စိတ်တွေ မတိုပါနဲ့တော့.... ပြီးရင် ဒီကောင် ဂျွမ်းထိုးပြလိမ့်မယ်...."

"ဘာ... ဂျွမ်းထိုးပြမယ်... နို့... သူက ဘာလို့ ဂျွမ်းထိုး ပြရတာလဲ...."

မရွှေစုက အလန့်တကြားနဲ့မေးလိုက်တယ်။

"အာ... ဒီကောင်က လူမြင်တာနဲ့ ခဏနေရင် ဂျွမ်းတွေ လှိမ့်ထိုးပြတော့တာပဲ... ဂျွမ်းထိုးကတော့ တကယ်ကျွမ်းတယ်...."

"ပေါက်ပေါက်ရှာရှာ... ဒီကုလား ဂျွမ်းထိုးပြတာ မကြည့်ချင်ပါဘူး.... ဒါပဲနော်... တစ်ခါတည်းပြောထား... မရွှေစု ရှေ့မှာ ဆို ဂျွမ်းမထိုးမိစေနဲ့လို့...."

"ဟန်.... ငှက်လေးက ဂျွမ်းထိုးပြလိမ့်မယ် ပြောတာပါ.... ဘယ်နှယ့် ကုလားက ဂျွမ်းထိုးပြရမှာလဲ.... ဟားဟားဟားဟား...."

မရွှေစုတစ်ယောက် အူကြောင်ကြောင်ဖြစ်သွားပြီးမှ ဦးရေချမ်း စကားကြောင့် မျက်ရည် ထွက်တဲ့အထိ ရယ်မိတော့တယ်။ သိဘူးလေ... သူက ကုလား နဲ့ ငှက် ရောပြောတော့ ဒီကလည်း ရောသွားတာပေါ့....။ ဒီ ပုပုကွကွ ကုလားလေးက ဘယ်လိုများ ဂျွမ်းထိုးကျွမ်းရလဲလို့တောင် အူကြောင်ကြောင် ဖြစ်နေမိသေး။ ကုလားနဲ့ ငှက် ဂျွမ်းထိုးတဲ့ အမှားနဲ့ ၂ယောက်သား ရယ်လိုက်ရတာ အိမ်ရောက်တဲ့အထိ ဒေါ်လာ ၂၀၀ ကိတ်စတောင် မေ့တေ့တေ့ ဖြစ်သွားတော့တာပဲ။

++++

အိမ်ရောက်တော့ ငှက်လှောင်အိမ်လေးကို ဖြည်းဖြည်း အသာလေးမပြီး ဝရံတာကို ယူလာခဲ့ကြတယ်။ ဟုတ်တယ်။ ဦးရေချမ်း ပြောသလိုပဲ။ ငှက်လှောင်အိမ်က အဝတ်ကို ဖြုတ်လိုက်တာနဲ့ လှောင်အိမ်ထဲက ငှက်လေးဟာ တဖြတ်ဖြတ်နဲ့ လူးလားဆန်ခတ်ဖြစ်နေလိုက်တာဆိုတာ သူ့မျက်လုံးတွေကလည်း တစ်ခုခု ကို တချိန်လုံး ကြောက်လန့်နေရပုံပဲ၊ မရွှေစုက သူ့ကို စားပွဲ သေးသေးလေးပေါ်တင်ပြီး စကားပြောကြည့်တယ်။

" ဟေ့ကောင်လေး... နင် ... အပြင်ထွက်ချင်လားဟင်.... "

တောင်ပံခတ်နေတဲ့ ငှက်လေးဟာ တခဏ ငြိမ်သွားပြီး ရင်အုပ်ကလေးကျော့ ခေါင်းလေးမော့ အမြီးလေးကော့လို့ မရွှေစုဖက်ကို လှည့်လာတယ်။ အမြီးထောင်ထောင်၊ ခေါင်းထောင်ထောင်၊ တောင်စကလေး တွဲရရွဲနှင့် လူလုပ်ထားတဲ့ ငှက်ရုပ်ကလေးလို မော့မော့ကော့ကော့ ကျော့ကျော့ရှင်းရှင်း ရှိလှတယ်လို့ ဆရာသော်တာဆွေက တင်စားဖူးတဲ့ ငှက်လေး... ဒီလောက် အင်မတန် သွက်လက်ဖျတ်လတ် ပါးနပ်တဲ့ ပုံသဏ္ဍာန် ပေါ်ပါရဲ့ကနဲ့ အစားနဲ့ မျှားတာနဲ့ပဲ အဖမ်းခံရသလားဟယ်...။ 

သူ ကိုယ့်ကို ကြည့် တဲ့ မျက်လုံးလေးတွေက ရီရီဝေဝေနဲ့... တမျိုးပဲ။  သနားစရာကောင်းလိုက်တဲ့ ကောင်လေး။ ရက်စက်လိုက်တဲ့ လူသားတွေ။ သူ့ဘာသာ သဘာဝ အတိုင်း လွတ်လွတ်လပ်လပ် နေ နေတာ ကို ဘာလို့ ချုပ်နှောင်ချင်ကြရတာလဲ။ 

ကံကောင်းချင်တော့ မရွှေစုတို့ အခုပြောင်းလာတဲ့ အိမ်သစ်ဘေးမှာ ပန်းခြံလေးတွေနဲ့ တောအုပ်ကလေး ရှိတယ်။ မနက်စောစောနဲ့ ညချမ်းဆို ငှက်ပေါင်းစုံ တေး မြည်ကျူးနေသံတွေ ကြားရတတ်တယ်။ ဒီ ငှက်ကလေး နေရာသစ်မှာ မိသားစု အသစ် အဖော်အပေါင်း အသစ်တွေ တွေ့ပါစေလို့ပဲ ဆုတောင်းရမှာပဲ။ ဆုတောင်းပြီး လှောင်အိမ်တံခါးလေးကို အသာလေး ဖွင့်ပေးလိုက်တယ်။ ဒါပေမဲ့ လှောင်အိမ်တံခါးကို ဖွင့်ပြီး အတန်ကြာတဲ့အထိ ငှက်လေးဟာ ပျံမထွက်နိုင်ပဲ တဖြတ်ဖြတ်နဲ့ ရုန်းကန်နေဆဲ။ တော်တော်လေးကြာတော့မှ သူဟာ တံခါးပေါက်ရှိတဲ့နေရာကို ရောက်သွားပြီး အပြင်ကို ဗြုန်းခနဲ ကျ ရောက်သွားတယ်။

အပြင်ကို ရောက်သွားတဲ့ ခဏမှာပဲ သူ့အသိစိတ်က ငါလွတ်ပြီဆိုတဲ့ အတွေးနဲ့ နောက်လှည့်မကြည့်စတမ်း ဝမ်းသာအားရ တရှိန်ထိုး ပျံပြေးသွားလိုက်တာဆိုတာ။ သူပျံပြေးသွားတာကြည့်ပြီး သူ့လိုပဲ ကိုယ်ပါ လွတ်လပ်ပေါ့ပါးစိတ်နဲ့ ဝမ်းသာလိုက်တာ ဆိုတာ...။ ခပ်ဝေးဝေးရောက်တော့မှ အရှိန်လေး တန့်ပြီး ဝဲနေတာ တွေ့ရတယ်။

ရုတ်တရက် မရွှေစု မျက်ရည်တွေ တွေတွေ ကျလာတယ်။

" ဟင်... ဘာလို့ ငိုနေတာလဲ... "
ငှက်လေးပြေးထွက်သွားတာကို ပြုံးပြီး လိုက်ကြည့်နေတဲ့ ဦးရေချမ်းက မရွှေစု ခေါင်းကို ပုတ်ပြီး မေးတယ်။ မရွှေစု ဘာပြန်ပြောရမယ်မှန်း မသိဘူး၊ ဘာလို့ ငိုမိမှန်းလဲ မသိဘူး။ လူတွေရဲ့ ရက်စက်မှု ကြီးနိုင်ငယ်ညှင်းမှု ဝိသမ လောဘ စရိုက်၊ ပြီးတော့ မေတ္တာတရား။

"လွတ်လပ်ပါစေ ငှက်လေးရေ... နောင် ဘယ်တော့မှ အချုပ်အချယ် မခံရပါစေနဲ့နော်...."

+++++

ဒီနေ့ မနက် ရုတ်တရက် နိုးလာတော့ ပထမဆုံး သတိရမိတာ ငှက်ကလေး။ ခါတိုင်းနေ့တွေက အလုပ်တွေများတာနဲ့ အိပ်ရေးမဝတာနဲ့ ပေါင်းပြီး အပြင်ကို ဘယ်တော့မှ နားမစွင့်မိဘူး။ အခု အာရုံစိုက်ပြီး နားထောင်လိုက်တော့မှ တောအုပ်ဆီက ငှက်ပေါင်းစုံ ရဲ့ တေးသီသံဟာ နေရောင်ခြည် ဖျော့ဖျော့နဲ့ အတူ အိပ်ခန်းထဲထိ လွင့်ပျံလာတယ်။ 

တချို့ငှက်လေးတွေရဲ့ တေးသီသံဟာ အရှည်ကြီးပဲ.... ကွက်....တတိတိတီ.....ကွတ်တီး....တဲ့...  ပြီးတော့ တခါမှ မကြားစဖူး ထူးဆန်းတဲ့ အသံလေးတွေလည်းကြားရတယ်... ရှုး...ဒိုင်း ... ဆိုပြီး အဆက်မပြတ် သေနတ်ပစ်သံလို မြည်တဲ့ငှက်လဲရှိတယ်။ ဟားဟား...ဟာဟ... ဆိုတဲ့ ရယ်သံလေးနဲ့ ငှက်လေးလဲ ရှိတယ်.... ယောက်ဖခွေးခေါ် အသံလေးလဲ ကြားမိတယ်...။

ဟော... ဟော.... ကျိကျိကျာကျာ ... ကျိကျိကျာကျာ..နဲ့ .... တီတီတာတာ ခပ်ချွဲချွဲအသံလေး... ဒါဟာ...ဘယ်သူရှိဦးမလဲ.... သူပဲ... သူပဲ... သပိတ်လွယ်ငှက်လေး ပဲပေါ့...။ နေရောင်ခြည်အောက်က လေခြည်နွေးနွေးကို ရှုရှိုက်ရင်း သစ်ကိုင်းလေးတစ်ခုမှာ လွတ်လွတ်လပ်လပ် တွဲလဲခိုလို့ သီချင်းသံသီနေမဲ့ သူ့ကို မြင်ယောင်ပြီး ရုတ်တရက် တအားကို စိတ်ချမ်းသာသွားတယ်။

ငှက်လေးကို လွှတ်ပေးလိုက်တဲ့ အချိန် မှာ.... နင့် အသက် တစ်ခါလွှတ် ငါ့ အသက် ၁၀ခါ လွှတ်လို့ မပြောလိုက်ပါဘူး၊ သူ့လွတ်လပ်ခွင့်အတွက် သူရမဲ့ အခွင့်အရေးကို ရအောင် ယူပေးလိုက်ရုံသက်သက်ပါပဲ။ မရွှေစု တို့ မြန်မာပြည်ကြီးက လူတွေ လည်း ဒီငှက်လေးလိုပဲ လွတ်လပ်ပျော်ရွှင်စွာ သီချင်းသီဆိုနိုင်တဲ့ အချိန် မြန်မြန်ရောက်ပါစေလို့ တိတ်တခိုး ဆုတောင်းနေမိတော့တယ်။

ကိုရေချမ်း+ မရွှေစု
၂၆ နိုဝင်ဘာ ၂၀၁၄
++++

7 comments:

သက်ဝေ said...

ကျွန်တော်က ငှက်ကို ဝယ်တာမဟုတ်ဘူး၊ လွတ်လပ်ခွင့်ကို ဝယ်တာ...

ဟုတ်ပါရဲ့... သိပ်ချစ်စရာကောင်းတဲ့ စိတ်ဓါတ်ကလေးနဲ့ စကားလေး...း)

TKLinn said...

:) သဘောကျလိုက်တာ

ဆုမြတ်မိုး said...

အတွေးကောင်းအရေးကောင်းကြီးစု...
စာအုပ်ထုတ်ပါတော့နော်

ဦးရေချမ်းရောကြီးစုကိုပါချစ်တဲ့
သမီး

Thandar Lwin said...

ဟုတ်ပါရဲ့
သဘောထားချင်းကွာတော့ တန်ဖိုးချင်းကွာသွားတာ ။ ငှက်လေးက ၂၀၀ မတန်ပေမယ့် လွတ်လပ်ခွင့်ဆိုတာကတော့ ၂၀၀ မက တန်ဖိုးမဖြတ်နိုင်အောင်တန်တာပဲ ။ မမစု တောင်းတဲ့ဆုပြည့်ပါစေလို့ ရွှေပြည်ကလူတွေအတွက်ရော ကိုယ့်အတွက်ပါရောပြီးဆုတောင်းလိုက်တယ် ။

Kay Thwel said...

အိမ်မွေးတိရစ္ဆန်ထဲမှာ ငှက်မွေးတဲ့ သူတွေကို စိတ်အညစ်ဆုံးပဲ ။ စလုံးမှာ..လူတွေ ကိုယ်တိုင်တောင် တိုက်ခန်းလေးတွေထဲမှာ နေပြီး ကိုယ်ချင်းမစာ..ငှက်တွေ လှောင်အိမ်နဲ့ မွေးကြတဲ့ အလေ့ ကို တော်တော် စိတ်ပျက်ခဲ့တာ။

ဘ၀ ကို သေးသေးလေးတွေကပဲ စပြီး ကျေနပ်နိုင်တာ သင့်လျော်လှပါတယ် လေ

သူကြီးမင်း (တုံးဖလား) said...

မရွှေစု ငိုတာကြည့်ပြီး သူကြီးမင်းတောင် မျက်တောင် ဖျတ်ဖျတ်ဖျတ်ဖျတ် ဖြစ်လာတယ်။

ကိုရေချမ်းကြီးကတော့ မိုက်တယ်။
လွတ်လပ်မှုကိုဝယ်တာတဲ့။ လှလိုက်တဲ့ စကားလုံးလေး။
ဒီလိုစကားလုံးလေးတွေနဲ့ဘဲ မရွှေစုကို တုတ်နှောင်ထားခဲ့တာထင်တယ်။
အနေအေးပေမဲ့ ပစ်လိုက်ရင်တော့ တစ်ချက်ထဲ။ ကွက်တိ ဒက်ထိ။း)

လွတ်လပ်မှုကို ၀ယ်ခဲ့တဲ့ မရွှေစုတို့ ဇနီးမောင်နှံ ရာသက်ပန် လွတ်လပ်ပေါ့ပါးလန်းဆန်းပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။

စုချစ် said...

အစ်မသက်ဝေ သူငယ်ချင်းလေ... ဟီး...

ညီမလေး ခိုင်..ကျေးဇူး အထူး...

ညီမလေးချုမြတ် ကျေးဇူး... we lov u too...

ညီမလေး မယ်သံ ပေးတဲ့ဆု တောင်းတဲ့ဆု ပြည့်ပါစေ...

ကေ... ငှက်ကို လှောင်အိမ်ထဲ ထည့်ထားတာတွေ စိတ်က မကြည့်ရက်ဘူး... တောင်ပံတွေ ချိုးထားသလို ခံစားရလို့...

တဂျီးမင်း.... တကယ် တွေ့ရရင် တကယ် ညက်ရည်ကျမှာ... စိတ်က တမျိုးကြီးကို ဖြစ်သွားတာရယ်... ဆုတောင်းတဲ့အတွက် ကျေးဇူးအထူးပါနော်...