Friday, August 30, 2013

အစ်မသက်သို့ အိတ်ဖွင့်ပေးစာ...

 

အစ်မသက်ရေ... သူ့ စာရေးခိုင်းပြီဆို မရေးပဲ ဟိုယောင်သည်ယောင် ဟိုလှည့်သည်လှည့် ဟိုရောက်သည်ရောက် လုပ်တတ်တဲ့ အကျင့်အတိုင်း လုပ်နေတယ်လို့ မထင်လိုက်ပါနဲ့...၊ ခုတလောကျမှ ရုံးမှာ အလုပ်ကလည်းများ၊ စိတ်မှာ အကြည်ဓာတ်ချို့တဲ့နေလို့ စာရေးစရာ စကားလုံးတွေကလည်း ရှားပါးနေလို့ပါ။ ဒီနေ့ ထမင်းစားချိန်လေးမတော့ အစ်မသက် ရေးခိုင်းထားတာလေး ရေးအုံးမှ ဆိုပြီး ညက အိတ်ဖွင့်ပွဲလေး လုပ်ပြီး ရိုက်ထားတဲ့ ပုံလေးနဲ့ ကဗျာကသီ စာစီ လိုက်ပါကြောင်း။

မှော်ဘီဆရာသိန်းကြီးရဲ့ အရူးလွယ်အိတ်ဆိုတာလေး ဖတ်ဖူးတယ်၊ ဆရာကြီးဆိုလိုတဲ့ အရူးလွယ်အိတ်ဆိုတာက စာကောင်းပေကောင်းတွေကနေ အနှစ်သာရတွေကို စုဆောင်းပြီး အဲ့ဒီ စာတို စာစ၊ ကဗျာတို၊ ကဗျာစ တွေ စု ရေးထားတာကို အရူးလွယ်အိတ် လို့ အမည်သညာပေးလိုက်တာ။

မရွှေစုတို့လည်း ကိုယ်ရုံးသွားတိုင်း လွယ်တဲ့အိတ်လေးကို ကိုယ့်ဘာသာ အရူးလွယ်အိတ်လို့ အမည်နာမည်ပေးထားတယ်။ အရူးလွယ်တဲ့ အိတ်လို့တော့ မထင်လိုက်ပါနဲ့... ဟဲ... ကိုယ့်အတွက် လိုအပ်တာမှန်သမျှ ကောင်းနိုးရာရာတွေ အားလုံးစုထည့်ထားလို့၊ ဒီအိတ်ထဲကို လက်တစ်ဖက် ထည့်ပြီး တစ်ချက် မွှေလိုက်တာနဲ့ ကိုယ်လိုရာက လက်တဖျစ်အတွင်း မျက်လှည့်ပြသလို ထွက်လာစေလို့...။

ဒါပေမင့် လွန်ခဲ့သော ၄-၅နှစ်လောက်ကတည်းက မရွှေစုရဲ့ လက်မောင်းမှာ မတော်တဆ ဒဏ်ရာတစ်ခု ဖြစ်ခဲ့တယ်။ အဲဒီဒဏ်ရာကြောင့် ညာလက်က ဘာအိတ်ကိုမှ ကြာရှည် မလွယ်နိုင် မသယ်နိုင်ပါဘူး၊ ဘယ်လက်နဲ့ပဲ လွယ်ရပါတယ်။ ဒါကြောင့် အပြင်ကို ဦးရေချမ်းဆိုသော သူ နဲ့ (ဟိ) နှစ်ယောက် အတူထွက်ရင် အဲ့ဒီသူက အိတ်ကူဆွဲပေးရတာ များပါတယ်။ အဲ့ဒီအခါ ထို တစ်ယောက်သောသူက အိတ်ကြီး လေးလွန်းလို့ ဆိုပြီး ခဏခဏ ညည်းပါတယ်။

ကိုင်း... လေးဆို... ဘာတွေ ထည့်ထားသလဲ ကြည့် ကြည့်ရအောင်...။

၁) ပိုက်ဆံအိတ် (ယောက်ျားကိုင် ဝေါလက်) - ခရက်ဒစ်ကဒ်၊ မှတ်ပုံတင်၊ တခြားကဒ်မျိုးစုံ နဲ့ ပိုက်ဆံ တချို့ ထည့်ထား။
၂) ပိုက်ဆံအိတ်သေးသေးလေး - အကြွေများ၊ ကျပ်တန် တချို့၊ ဘဏ်ကဒ်၊ အမ်အာတီကဒ် နှင့် အမြဲသုံးနေကြ ခရက်ဒစ်ကဒ်။

၃) အိုင်ပက်
၎) ကင်ဒဲလ် (လောဘကြီးတယ်၊ အိုင်ပက်က နေပူထဲ စာဖတ်မရလို့)
၅) ဟာ့ဒ်စ် (ရုံးသွား ရုံးပြန် သယ်ရတယ်၊ အဲ့မှာ ကိုယ်ပိုင် ဖိုင်တွေ ရှိလို့)
၆) ဆော့ပန်ရောင်စုံ နှင့် ပုံဆွဲခဲတံများ
၇) ပုံဆွဲလက်စ စက္ကူ (ကျူးပစ် ဖိုရမ်ထဲက စံရွှေမြင့်ပုံ လိုချင်တယ်ဆိုလို့ ဆွဲပြထားတဲ့ လက်စ...)
၈) ဟိုနေ့က စာအုပ်စင်ရှင်းတော့ အသစ်သွင်းလိုက်တဲ့ စာအုပ်စာရင်း ကက်တလောက် စာရွက်
၉) မရှိမဖြစ် ဆေးများ - ဇိုင်းတက်ခ်-ဟပ်ချိုး ဖြစ်လွန်းလို့ သောက်ရတဲ့ဆေး၊ ပန်နဒေါ၊ မျက်စဉ်းဆေး၊ ကွမ်လွန်း လိမ်းဆေး၊ နှာရူဆေး၊ မဟာချောင်းဆိုးဆေး၊ လန်ကာဝီသွားတုန်းက ရီကိုလာ ဘူးကြီးသက်သာလို့ ဝယ်လာတာရယ်၊ လက်ကျန် လက်တော်ဘယ်ရီ တစ်ထုတ်ရယ်
၁၀) ဒက်တော တစ်ရူးအစိုနဲ့ စားသောက်ဆိုင်မှာ မသုံးဖြစ်လို့ အပိုပါလာတာတဲ့ တစ်ရူးအစိုထုတ် (တစ်ရူးအခြောက် ကုန်နေတာ ထည့်ဖို့ မေ့နေတုန်း)
၁၁) အိုင်ပက် ဘက်ထရီ အပို၊
၁၂) လွှတ်မပစ်ရသေးတဲ့ ဘောင်ချာ စာရွက်တချို့တလေ
၁၃) လန်ကာဝီသွားတုန်းက ပိုတဲ့ မလေးပိုက်ဆံတွေ ပြန်မသိမ်းရသေးပဲ ... ဇစ်အိတ်ထဲက ထွက်လာ
၁၄) ရုံးသော့တွဲနဲ့ ရုံးကဒ်
၁၅) စာကြည့် မျက်မှန်ဘူး၊ ဆမ်ဆောင်းဖုန်း
၁၆) ချမ်းလျှင် ခြုံရန် ပုဝါ

မိန်းကလေးဖြစ်ပြီး အလှအပ ပစ္စည်းမပါတာ ဟုတ်မှဟုတ်ရဲ့လား၊ မယုံနိုင်စရာပါလားလို့ မေးပါနဲ့။ ဘီးတစ်ချောင်းတော့ ထည့်ထားပါတယ်၊ ဒါပေမင့် ဘယ်မှာ ချမိမှန်း မသိတော့ပဲ ပျောက်နေလို့ အသစ်မဝယ်ရသေးလို့ပါ။  နှုတ်ခမ်းနီ ပေါင်ဒါကတော့ အိတ်ထဲထည့်ကျင့်မရှိလို့ပါ၊ ရေမွှေးလုံးဝ မသုံးပါ၊ အမွှေးနံ့တွေ မခံနိုင်လို့၊ မျက်ခုန်းမွှေးဆွဲခဲတံ တစ်ချောင်း ထည့်ထားတာလည်း ဘယ်ပျောက်သွားမှန်း မသိလို့ပါ။ 


ဦးရေချမ်းက အိတ်ထဲ အပိုတွေ မထည့်ရအောင်ဆိုပြီး ဖုန်းကြိုးတို့ ဘာတို့ကို ရုံးအတွက် အပိုတွေ ဝယ်ပေးထားလို့ အသွားအပြန် သယ်စရာမလိုပါ။ တခါတလေ ဖတ်လက်စ စာအုပ်ရှိနေရင် ထည့်ရတယ်၊ မှတ်လက်စ စာအုပ် ရှိရင် ထည့်ရတာတွေ ရှိသေးတယ်။ အခုတော့ အဲသာတွေ ထုတ်ထားတဲ့ အလှည့်ဖြစ်နေတယ်။ 

ဟဲဟဲ... ခေါင်းစဉ်ကို အိတ်ဖွင့်ပေးစာလို့ ဘာဂလိုတိုတို ရေးထားတယ်၊  အင်းလေ... အစ်မသက်ပဲ အိတ်ဖွင့်ပြီး ဘာတွေရှိလဲ ရေးဆို... အိတ်ဖွင့်ကြည့်ပြီး ရေးတဲ့စာကို အစ်မသက်ဆီ ပေးတာမို့ အိတ်ဖွင့်ပေးစာပေါ့... ဒီထက် အိတ်ဖွင့်တာတောင် ဒီလောက်အိတ်မဖွင့်နိုင်ဘူး... ဟူးဟူး.... 

ချစ်ခင်စွာ... စုချစ်

12 comments:

Lorem Ipsum said...

ကြီးစုအိတ်က ရိုးရိုးရှင်းရှင်းလေးနဲ့ ၀ါသနာကိုဦးစားပေးတတ်တဲ့သူတစ်ယောက်ရဲ့အိတ်း)

သက်ဝေ said...

အဟီး... ပိုစ့် ခေါင်းစဉ်မြင်ပြီး ရင်တွေတောင် ခုန်လို့... :P

ကင်းဒဲလ်ရော အိုင်ပက်ရော သယ်တယ်ဆိုတော့ လွန်တာပေါ့ ကလေးမရယ်... ပြီးတော့ အလှပြင်ပစ္စည်းမလိုအောင် လှပြီးသား ညီမဆိုတာ သိပြီးသား... အဲ.. စံရွှေမြင့် ပုံလေးက တူလိုက်တာ ချစ်စရာလေး...

Tag Post လေးရေးပေးတဲ့အတွက် ကျေးဇူးတင် ချစ်ခင်... <3

အမ်တီအန် said...

ထည့်ထားတာတွေ မနည်းဘူးပဲ။ အားကျလိုက်တာ.. :)

ဒီအိတ်ကလေးက စိတ်ကူးမယဉ်တတ်တဲ့၊ လက်တွေ့ကျတဲ့သူတစ်ယောက်ရဲ့ အိတ်... လို့ ထင်မိရဲ့။

စုချစ် said...

ဟုတ်... ကော်မန့်လေးတွေအတွက် ကျေးဇူး အထူး အထူး...
တခြား သူတွေ အိတ်ကို လိုက်ကြည့်ပြီးတော့မှ ရှက်လိုက်တာ... ကိုယ့်အိတ်က ရုပ်အဆိုးဆုံးပဲ...

တန်ခူး said...

စိတ်ဝင်စားစရာကောင်းတဲ့အိတ်ကလေးပါသူငယ်ချင်းရေ. အိတ်ကလေးဖွင့်လ်ုက်တာနဲ့ အနုပညာသမားတယောက်ရဲ့အိတ်ဆိုတာ သိသာထင်ရှားပါတယ်. အိတ်ကလေးကို ဂရုတစိုက်ကိုင်ပေးမယ့်သူရှိတာလဲ အိတ်ပိုင်ရှင်လေးအတွက်ရော အိတ်ကလေးအတွက်ရော ကံကောင်းတာပေါ့.

သူကြီးမင်း (တုံးဖလား) said...

အိုင်ပက်ကော ကင်ဒယ်လ်ကော ဆိုတော့ ဟိုက်ရှာလပတ်ရည်လို့သာ အော်လိုက်မိတော့တယ်။ သူကြီးမင်းကတော့ စာအုပ်တစ်အုပ်ထည့်သွားတာတောင် ဖတ်ရင်း ရထားပေါ် ခဏခဏ အိပ်ပျော်သွားတတ်လို့ အဲဒါကြောင့် လေးလံတဲ့ စာအုတ်တို့ အိုင်ပက်တို့ ယူသွားလေ့မရှိတော့ဘူး။

စုချစ် said...

သယ်ရင်းတန်ခူးရေ... ကိုယ်ထင်တာကတော့ ကိုယ့်အိတ်က ပျင်းစရာအကောင်းဆုံးလားလို့... ပိတ်ရက် အပြင်သွားတဲ့ အိတ်ကို မပြလိုက်ရလို့... ဟိ... အဲသမှာတော့ နေကာညက်မှန်လေး ဘာလေး ပါ ပါတယ်... :)

စုချစ် said...

သူကြီးမင်းရေ... ရှာလပတ်ရည် လို့တော့ မငြူစူပါနဲ့ဂျာ... စိန် ရွှေ တွေ ဝတ်မှ မဝတ်တာမို့... အဲသာလေးတွေ သုံးချင်တာတော့ ညက်စိမှိတ် ခွေးလွှတ်လိုက်ပါ... ဟိ...

တလောက အဘွားဆုံးလို့ ပြန်တော့ တွေ့တဲ့ ဆွေမျိုးတချို့က နို့...ညည်း ဟိုမယ် အလုပ်လုပ်နေတာ အဆင်ကောပြေရဲ့လားလို့ ဝိုင်းမေးကြတယ်... ကိုယ်ကလဲ ပွင့်ပွင့်လင်းလင်း သမားမို့... နေပါအုံး...ကြီးဒေါ်တို့ ဘာလို့ မေးသလဲဆိုတော့... ဘာမှ မဝတ်မစားနဲ့ အလုပ်အကိုင် မကောင်းဘူးထင်လို့တဲ့.... တိန်... :P

Adora etc. said...

မစုချစ် ဘယ်နှစ်ကီလိုရှိလဲ မှန်မှန်ပြောပါ။ ပုံပြဆိုလို့ ပုံပြလိုက်ပြီနော်။ လာကြည့်ပါအုံး =D

စုချစ် said...

ဟဲ... မှန်မှန်ပြောပါမယ်... ၅၉ကီလို.... အရပ်ပုတယ်... ဒီတော့ လုံးဝပဲ... လုံးဝပဲ... ဟဲဟဲ...

Adora etc. said...

သမီးက အိတ်အလေးချိန်မေးတာ ကိုယ်အလေးချိန်ဖြေတယ် ဟီးဟီး။ချစ်ဖို့ကောင်းလိုက်တာ။

စုချစ် said...

ဟိုက်.... ရှက်တောင် ရှက်သွားတယ်... လူက အဲ့လိုကြောင်တတ်တာ... အဲ့သာကြောင့် သယ်ရင်းတွေကပြောတာ... နင့်လောက်အတာ နင်ပဲ ရှိတယ်တဲ့... ဟီး...

တိဝူးလေ.... မစုချစ် ဘယ်နှစ်ကီလိုရှိလဲဆိုတော့... ဟီး... အိတ်လို့ မထင်ဘူး... လူမေးတယ် ပဲ ထင်သွားတာ.... စိတ်ထဲမယ်.. အိတ် အကြောင်းရေးတဲ့ပိုစ့်မှာ ဘာကြောင့်များ လူအကြောင်း မေးတာလဲလို့... ဇဝဇဝါနဲ့... ပြီးမှ... အဲလေ... ဝ မဝ သိချင်လို့နဲ့တူပါတယ် ဆိုပြီး ဖြေလိုက်တာ... ဟဲဟဲ.... (ရှက်ရယ် ရယ် တယ်... :P)

အိတ်အလေးချိန်က အနည်းဆုံး ၃ကီလိုလောက်များ ရှိမလားမသိ.. အိ.... :)