ဆရာကြီးလက်ရှိနေအိမ်နံရံမှာ ကပ်ထားသော ဦးရှံစား ကာတွန်းရုပ်
ဒီနေ့ဟာ ကာတွန်းဆရာကြီးဦးအောင်ရှိန်ရဲ့ ၈၅နှစ်မြောက်မွေးနေ့တဲ့။ တဆက်တည်းမှာပဲ ငယ်သူငယ်ချင်းတွေပမာ ရင်းနှီးချစ်ခင်ခဲ့ရတဲ့ ဆရာကြီးရဲ့ကာတွန်းဇာတ်ကောင်တွေဖြစ်တဲ့ သူဌေးကြီးဦးကပ်စေး- တိုက်ဂါး- ခင်မောင်သိန်းထွန်းဝင်း၊ ဦးစိတ်တို- မျောက်ညို၊ ဦးရှံစား- ဦးဒိန်းဒေါင်၊ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ၊ ကြာဇံ၊ ဦးကြီး - ဖိုးချက် - မိညှက် တို့တတွေ ကို သတိရမိလိုက်တယ်။ ငယ်စဉ် ကလေးဘ၀အရွယ် စာဖတ်တတ်စကတည်းက ကာတွန်းတွေ နဲ့ ကြီးပြင်းလာခဲ့ရ ကာတွန်းတွေကို သိပ်ကြိုက်ခဲ့သူမို့၊ ကိုယ်ကိုယ်တိုင်လဲ ကာတွန်း ပန်းချီဆွဲရတာ ပျော်မွေ့သူမို့ ကာတွန်းဆရာကြီးဦးအောင်ရှိန်ရဲ့ ကာတွန်းဇာတ်ကောင်တွေကို ကိုယ့်ငယ်ဘ၀ သူငယ်ချင်းများလို ချစ်ခင်နှစ်သက် စွဲလန်းခဲ့ရပါတယ်။ ငယ်နုစဉ်က ဖတ်ခဲ့ မှတ်ခဲ့တာတွေဟာ တစ်သက်လုံးစွဲနေစေတယ် ဆိုတာ သိပ်မှန်တာပါပဲ...၊ ဆရာကြီးရဲ့ တချို့ကာတွန်းတွေဆို ခုချိန်ထိ အသည်းထဲ စွဲနေအောင် မှတ်မိနေတုန်းရယ်။
ဆရာကြီးဦးအောင်ရှိန်၏ နာမည်ကြီးကာတွန်းဇာတ်ကောင်များ
အိမ်မှာ ဦးလေးတွေ အဒေါ်တွေ ဒါမှမဟုတ် အိမ်ကလူကြီးတစ်ယောက်ယောက်က အပြင်မှာ စားချင်တာ လိုက်ကျွေးမယ် မဟုတ်ရင်လည်း အလှူသွားဖို့ ရှိတယ်ဆို မရွှေစုတို့ ညီအစ်မတွေဟာ ပြောင်ချော်ချော်ပုံနဲ့ စည်းနဲ့ဝါး - စည်းနဲ့ဝါးဆိုပြီး အချက်ကျကျ ထ-ကကြတော့တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ချမ်းသာသလောက် အင်မတန် ကပ်စေးနည်းလှတဲ့ သူဌေးကြီးဦးကပ်စေးဟာ သူများ အလှူသွားစားခါနီးဆို ဗိုက်ချောင်အောင်ဆိုပြီး စည်းနဲ့ဝါးကို ထ-က နေကြကိုး...။
နောက်တစ်ခုကျတော့ တစ်ယောက်ယောက်က သိပ်မဖြစ်နိုင်တာတွေလာပြောရင်... မျောက်ညိုလို မယုံနိုင်စရာပါလား ဖြစ်နေပါ့မယ်ဟာလို့ အချင်းချင်း နားလည်တဲ့ စကားနဲ့ ပြောကြတယ်။ ဦးစိတ်တို မျောက်ညိုကာတွန်းထဲမှာ... ဦးစိတ်တိုက သူ့ငှက်ပျောသီးတွေ ခိုးစားနေတဲ့ မျောက်ညိုကို သေနတ်တစ်လက်နဲ့ တစ်ချိန်လုံး စောင့်ကြည့်နေရတာ မလား။ မျောက်ညိုကလည်း ဘယ်သို့ဘယ်ပုံ ငှက်ပျောသီး ခိုးစားရမလဲ ပဲ တွေးနေတဲ့အကောင်လေ။ တစ်ရက်ကျ မျောက်ညိုတစ်ကောင် ဦးစိတ်တို ငှက်ပျောခြံနားကို မယောင်မလည်ရောက်လာတုန်း ငှက်ပျောခြံထိပ်မှာ ''မျောက်ညိုအား ကြိုဆိုပါ၏'' နဖူးစည်း ဆိုင်းဘုတ်ကြီးကို တွေ့လိုက်ရသတဲ့...။ မျောက်ညိုလည်း အံ့သြတကြီးနဲ့ ... ဟာ... မယုံနိုင်စရာပါလား... ဖြစ်နေတုန်း၊ ခြံထဲက ဦးစိတ်တိုထွက်လာပြီး... ဟောသမှာ မင်းအတွက် ရှယ်ငှက်ပျောသီးတွေ ပြင်ထားတယ်၊ လာစားပါ ဘာညာနဲ့ ဖိတ်ခေါ် သတဲ့...၊ မျောက်ညိုလည်း ဟာ... မယုံနိုင်စရာပါလား... ဆိုပြီး နောက်က ပါသွားသတဲ့၊ ဒါနဲ့ ပျော်ပျော်ပါးပါး ငှက်ပျောသီးတွေ တ၀တပြဲ စားပြီး ပြန်မယ်လုပ်တော့ အိမ်သယ်သွားဖို့ အကောင်းဆုံးငှက်ပျောခိုင်တွေ ကြိုက်သလောက် ယူသွားလို့ ပြောပြန်ရောတဲ့၊ မျောက်ညိုလည်း... ဟာ... မယုံနိုင်စရာပါလား...လို့ ဖြစ်ရတာပေါ့။ ပြီးတော့ မင်း ငှက်ပျောသီးတွေ လာခူးတိုင်း အနောက်ကနေ သေနတ်နဲ့ ပစ်မိတာတွေ မှန်သမျှကိုလည်း ခွင့်လွှတ်ပါလို့ ဦးစိတ်တိုကြီးက တောင်းပန်သေးသတဲ့...။ မျောက်ညိုလည်း ပါးစပ်အဟောင်းသားနဲ့... ဟာ... မယုံနိုင်စရာပါလား...ဟာ... မယုံနိုင်စရာပါလား... တတွတ်တွတ် နဲ့ မယုံနိုင် ပြီးရင်း မယုံနိုင်ပေါ့လေ...။ နောက်ဆုံး ကာတွန်းကွက်လေး ရောက်တော့မှ မျောက်ညိုတစ်ကောင် နေ့လည်ဖက် ကွပ်ပစ်ပေါ်အိပ်နေရာက နိုးလာပြီး... ဘယ်လာ... ယုံနိုင်စရာရှိမလဲ... အိပ်မက် မက်နေတာကိုး....တဲ့... ကဲ။
ဘယ်အခါမှ မရိုးနိုင်တဲ့ စကားတစ်ခွန်းဖြစ်တဲ့ စုံထောက်ကြီး ဦးရှံစားရဲ့ မှားတဲ့အခါလည်း မှားပေမပေါ့ကို တစ်ခုခု အမှားလုပ်ပြီးတိုင်း ပြောလွန်းအားကြီးလို့ အိမ်က အဒေါ်အပျိုကြီးခေါင်းခေါက်တာ ခံခဲ့ရဖူးတယ်။ မှန်ဘီလူးတစ်ခု နဲ့ မြေကြီးပေါ်က ပုရွက်ဆိတ်တွေကို လိုက်ကြည့်ပြီး ဘယ်လို အစာတွေ ဘယ်က ချီလာသလဲ၊ ဘယ်ကိုသွားသလဲ၊ ပုရွက်ဆိတ်တွေ တစ်ကောင်နဲ့ တစ်ကောင်တွေ့ရင် နှုတ်ဆက်တာ စက္ကန့် ဘယ်လောက်ကြာသလဲလို့ စုံထောက်ကြီးစတိုင် အမှုလိုက်တယ်လို့ပြောကာ စပ်စုဖူးတယ်။ ဦးဒိန်ဒေါင်းလို ခေါင်းကို အဖြူအမည်း လုပ်ရင်ကောင်းမလား ဆိုပြီး မြေဖြူတွေနဲ့ ခေါင်းက ဆံပင်တခြမ်းကို သုတ်ဖူးတယ်။ လူကြီးတွေခေါ်လိုက်ရင် ကောင်းကောင်းပြန်မထူးပဲ တိုက်ဂါးလို အပြေးအလွှား အနားသွားရင်း ရက်စ် ဘော့စ်လို့ အလေးပြုပြီး အော်ပြောလို့ အရူးလို့ ထောပနာပေးခံခဲ့ရဖူးတယ်။ ပုလင်းသေးသေးလေးထဲ ပေါက်ကရတွေ ဟိုအရည်ဒီအရည်တွေ ရောစပ်ပြီး တီထွင်ပါရဂူ ဖိုးဆိတ်ဖြူကွ လို့ အော်ဟစ်ဖူးတယ်။
ကာတွန်းတွေ ဘာဖြစ်လို့ အဲသလောက် စွဲလန်းလဲဆို မရွှေစုတို့ အိမ်က ရုပ်ရှင်ပေးမကြည့်ပါဘူး၊ အိမ်အပြင် ထွက်ဆော့ရတယ်ဆိုတာလည်း နည်းပါတယ်၊ ကျောင်းအားချိန် ကာတွန်းတွေ စာအုပ်တွေနဲ့ပဲ နပန်းလုံးပြီး ကြီးပြင်းလာရတော့ ကာတွန်းတွေထဲက ဇာတ်ကောင်တွေအတိုင်း အပြင်မှာ စိတ်ကူးယဉ်ပြီး လိုက်လုပ်တော့တာပါပဲ။ ရွှေသွေး ဆိုတာကလည်း အပတ်စဉ်ယူတာဆိုမို့ ရွှေသွေးလာပြီဆို ညီအစ်မ နှစ်ယောက် သူအရင်ဖတ်မယ် ငါအရင်ဖတ်မယ် နင်ဖတ်နေတာကြာတယ်နဲ့ ရန်ဖြစ်ကြတော့တာပဲ။ ရွှေသွေးမှာ အဲ့ဒီခေတ်က နာမည်ကြီးကာတွန်းဆရာကြီးများဖြစ်တဲ့ ဦးဘကြည်၊ ဦးသန်းကြွယ်၊ ဦးဖေသိန်း နဲ့ ဦးအောင်ရှိန်တို့ ဆွဲကြတာ များပါတယ်။ အထူးသဖြင့် ဆရာကြီးဦးအောင်ရှိန်ဆွဲတဲ့ ဇာတ်လမ်းတွေမှာဆို အကောင်လေးတွေ အမြဲတမ်းပါတာကို သတိထားမိတယ်။
၈၀ခုနှစ်များဆီက ဆရာကြီးဦးအောင်ရှိန် သရုပ်ဖော်ရေးဆွဲထားတဲ့ ရွှေသွေးစာစောင်
ဆရာကြီးဦးအောင်ရှိန် ၏ အမှတ်တရ လက်မှတ်
(၂၀၁၀ ဒီဇင်ဘာ မြန်မာကျူးပစ်မိသားစု စာပေအနုပညာရှင်များ စုပေါင်းကန်တော့ပွဲ မှ)
မြန်မာကာတွန်းလောက အစဉ် ရှင်သန်ပါစေ။
သက်တော်ရှည်ကာတွန်းဆရာကြီးဦးအောင်ရှိန်လည်း ဤယနေ့မွေးနေ့မှသည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး နှလုံးစိတ်ဝမ်းအေးချမ်းပါစေ။
ဂါရဝအားဖြင့်...
စုချစ်သူ
3 comments:
မစုချစ် ရေ၊ adora လဲကာတွန်းဦးအောင်ရှိန်ရဲ့ စိတ်တို မျောက်ညို အရမ်းကြိုက်တာ။သူဌေးကြီးဦးကပ်စေးလဲသိတယ်။ တခြား ကာတွန်းထဲမှာဆို တွပ်ပီတို့ အစားပုတ်တဲ့ ရွှေအိ၊ရွှေဘုတ် မောင်နှစ်မနဲ့ မိန်းမပိုးတဲ့ လေးလေးဇာကိုလဲ ချစ်တာပဲ။ သမိန်ပေါသွပ်နဲ့ အာတာလွတ်မြို့စားကြီးဆိုလဲ အသဲစွဲ၊ မောင်တီထွင်လဲ အရမ်းမိုက်။ ခုမြန်မာပြည်က ကလေးတွေတော့ ဘာကာတွန်းဖတ်နေကြမလဲမသိ။
ကလေးတွေသဘာဝ ကာတွန်းဇတ်ကောင်တွေကို စွဲလန်း ချစ်ခင်တတ်တာ.. ကံကောင်းတော့..ကျမတို့တွေက..မြန်မာကာတွန်းဇတ်ကောင်လေးတွေနဲ့..မိတ်ဆတ်ခွင့်ရပေမဲ့... ကံမတော်သည်လား..ကံ ပိုကောင်းသည်လားမသိသော..ယခုခေတ် ကလေးတွေမှာတော့.. Porch..Dora.. Descipable တို့.. စသည်တို့ဖြင့်.. ပို၍ ခေတ်မီနေပြန်ပါကော..
အိတ်လာနှိုက်ရင်း..တလက်စတည်း..။
ခုခေတ် ကလေးတွေက နိုင်ငံခြားကာတွန်းရုပ်ရှင်တွေနဲ့ လူဖြစ်တယ်ပြောရမလား မသိတော့ပါဘူး... ညီမလေးadora ရေ...
ကေရေ... အိတ်နှိုက်တာ ဘာရသွားသေးလဲ...
:)
Post a Comment