Monday, September 2, 2013

ခုဘဝရယ် နောက်ဘဝရယ် ဖြစ်လေရာ ဘဝမယ်...




မိုးနတ်မယ် သူဇာနွယ် ရူပါ လှတာရယ်...

သူ ငါ ကျစရာ မူရာပြကာ ပြုံးလိုက်ရင်ကွယ်..


သြော်... ဖိုးလနှယ် တူပါတယ် ဖြူကာ ၀တာရယ်...

မြှူကာပါ့ကွယ် တူမကွာ နှမသည် ပေါင်းဖို့သာရွယ်...


ခုဘ၀ရယ် နောက်ဘ၀ရယ် ဖြစ်လေရာ ဘ၀မယ်...

ငှက်ဖြစ်ရင်ကွယ်... ကြက်ဖြစ်ရင်ကွယ် ... တစ်ကိုင်းတည်းနားချင်တယ်...

~~~~~

“ဒါပဲနော်... ဦးရေချမ်း၊ နောက်ဘ၀ ... ဘယ်နေရာ ဘယ်ဆီ ရောက်နေ ရောက်နေ တစ်ယောက်ကိုတစ်ယောက် မေ့မသွားရဘူး၊ တကယ်လို့ သူများ မတော်တဆ မကောင်းတဲ့ အကုသိုလ်တွေ လုပ်မိနေရင် လာတားရမယ်... လာကယ်ရမယ်... “


အလုပ်အားရက်မို့ စိတ်အေးလက်အေး မီးဖိုချောင်ထဲ ချက်ရင်းပြုတ်ရင်း ဖွင့်ထားတဲ့ သီချင်းအလိုက်အတိုင်း ကိုယ်ကိုယိမ်းကာနွဲ့ကာနှင့် သံယောင်လိုက်သီဆိုနေသော မရွှေစုက အနီးရှိ ဘားကောင်တာစားပွဲမှာ နုတ်ဘုတ်လေးချပြီး ဖေ့ဘုတ်သတင်းများကို သည်းကြီးမည်းကြီးဖတ်နေသော ကိုရေချမ်းကို ယခုကဲ့သို့ ပြောလိုက်လေသည်။ ကိုရေချမ်းက မရွှေစုကို တစ်ချက်မော့ကြည့်ပြီး ပြုံးပြလိုက်သည်။


“သီချင်းက နည်းနည်းလေးလွဲနေသလားလို့... ဒီလိုဖြစ်ရမှာ.... သူ ငါ ကျစရာ မူရာ ပြကာ... ပြူး... ဟူးဟူး... လိုက်ရင်ကွယ်.... (မျက်လုံး... မျက်လုံး...) သြော်... ဖိုးလနှယ်တူပါတယ် ... ဖြူကာဝတာရယ်... ဒန်တန့်တန့်.... “


“တွေ့လား... တွေ့လား... သူများ အကောင်းပြောနေရင် အကောင်းပြန်မပြောဘူး၊ နောက်ဘ၀ရောက်ရင် မေ့မသွားပဲ ဘယ်ရောက်နေနေ တစ်ယောက်နဲ့တစ်ယောက် အသိပေးကြေးပါလို့ဆိုနေမှ....သိလားလို့ဆို... “

ပြောနေရင်း မရွှေစုကခြေတစ်ဖက်ဆောင့်လိုက်သေးသည်။


ကိုရေချမ်းက ရယ်ကျဲကျဲလုပ်ရင်း “အေးပါကွာ... မေ့စရာလား၊ ပြောမှာပေါ့ ... တစ်ခုတော့ရှိတယ်... တစ်ကိုင်းတည်း နားဖို့တော့ ၀ိတ်ချမှရမယ်... တော်နေ... အကိုင်းကျိုးကျ ဘယ်နှယ့်လုပ်မလဲ.... “ ဟု မျက်စပြစ်ရင်း စနေပြန်သည်။ ဒီတစ်ခါတော့ မရွှေစုက အတုံးလိုက် အခဲလိုက် မျက်စောင်း ထိုးပစ်လိုက်မိသည်။


“ဒီမယ်... သူများက တစ်ကိုင်းတည်း နားချင်တဲ့အကြောင်း ပြောနေတာမဟုတ်ဘူး၊ မတော်တဆ သူများက မကောင်းတဲ့နေရာရောက်သွားပြီး ကိုရေချမ်းက ကောင်းတဲ့နေရာရောက်သွားရင် ပစ်မထားပဲ လာကယ်ဖို့ ပြောနေတာကြီးကို.... “


ဟင်းချက်တဲ့ ယောင်းမကြီး ကိုင်ပြီး ရိုက်တော့မလို ထုတော့မလို အနားသို့ရောက်လာသော မရွှေစုကို ကိုရေချမ်းက ခေါင်းတိမ်းကာယိမ်းကာ ရှောင်ရှားရင်းက “ဘယ့်နှယ် ... ကိုယ့်ကိုယ်ကိုယ် အထင်သေးရတာတုန်း ... မရွှေစု ဒီလောက်ကောင်းတာတွေ လုပ်နေတာ ... ကဲ...ဘာလို့ မကောင်းတာဖြစ်ရမှာလဲ... “ ဟု ကမန်းကတန်း ဖြေရှင်းရလေသည်။


“သြော်... လူဆိုတာမျိုးက ပြောနိုင်တာမှုတ်ဘူး၊ ဘယ်လောက်ပဲ ကောင်းတာတွေ ကုသိုလ်ကောင်းမှုတွေ လုပ်ထားပေမယ့်လည်း သေခါနီးအချိန်ကျ ဘယ်လိုစိတ်ထားရမှာတို့ ဘာတို့ မေ့ချင်မေ့နေမှာ၊ စိတ်ဇောကလည်း ပြောနိုင်ဘူး... ရောက်ချင်ရာရောက်နေမှာ...၊ ဒါကြောင့် ဖြစ်နိုင်တာမှန်သမျှ ကြိုတွေးပြီး ကြောက်လို့ ပြောတာပေါ့တော့... ဟွန့်... ဦးရေချမ်းတို့ကျတော့ စိတ်ကအေးချမ်းတယ်၊ စိတ်ထားတတ်တဲ့သူတွေ... တရားတွေလည်း တအားထိုင်လာနိုင်ပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ကောင်းဖို့ရာ သွားဖို့က ခြေဦးလှည့်ပြီးသားပဲ၊ ဒါနဲ့.... ဦးရေချမ်း ခုလို တရားထိုင်ဖြစ်တာ ဘုရားတရားတွေ အေးအေးဆေးဆေး လုပ်နိုင်တာ ... ဘယ်သူ့ကြောင့်လဲ ပြောပါအုံး... ကဲ... “


“မရွှေစုကြောင့်ပါခင်ဗျာ... မရွှေစုကြောင့်ပါခင်ဗျ... “

ကိုရေချမ်းက ဇာတ်မင်းသားစတိုင်ဖြင့် နောက်နေသေး၏။


“အင်း... အဲဒါ ကိုယ့်ဇနီးက ကိုယ့်အပေါ်မှာ ကျေးဇူးရှိတယ် ဆိုတာ မမေ့ကောင်းဘူး၊ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးတောင်မှတဲ့ ... သူ့ရှေးဘ၀က ပါရမီဖြည့်ဖက် ယသော်ဓရာမင်းသမီးကို ဘုရားဖြစ်ပြီးမှ ကျေးဇူး သိတတ်ခဲ့သတဲ့... “


“ပြောပြပါအုံးခင်ဗျာ... “


မရွှေစုက မီးဖိုပေါ်က ကြက်သားပြုတ်အိုးကိုချကာ ကြက်သားနွှင်ရန်ပြင်ရင်း စကားဆက်သည်။


“မနောက်နဲ့... တကယ်ပြောတာ...၊ မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးနောက်တဲ့... ခမည်းတော်နဲ့ မယ်တော်တို့က နန်းတော်ကိုပင့်ပြီး တရားနာကြတော့ ယသော်ဓယာမိဖုရားက နန်းတော်ကို တရားနာဖို့ မသွားဘူးတဲ့၊ မြတ်စွာဘုရားကို ရှေးဘဝေဘ၀ အဆက်ဆက် နောက်တော်ပါးကနေ အမျိုးမျိုး ပါရမီဖြည့်ပေးခဲ့ရတာ၊ ဒီကျေးဇူးတွေသိရင် ဘုရားက အဖူးမျှော်ခံဖို့ သူ့ဆီသတ်သတ်ကြွလာပေးလိမ့်မယ်လို့ ယုံကြည်လို့တဲ့။ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကလည်း ယသော်ဓယာမိဖုရားဆီ ကြွလာတော်မူပြီး အကန်တော့ခံသတဲ့။ ဒါကြောင့်... သူတထူးရဲ့ကျေးဇူးသေးသေးလေးကိုတောင် မမေ့ကောင်းဘူးတဲ့... ဦးရေချမ်းလည်း ဘုရားတရားလုပ်ဖြစ်အောင် တိုက်တွန်းခဲ့ရတဲ့ အကျွန်ုပ်၏ကျေးဇူးများကိုမမေ့နဲ့... ဒါပဲ... “


ဦးရေချမ်းက ခေါင်းတစ်ချက်ကုပ်လိုက်ရင်း ထုံးစံအတိုင်း “အေးပါဟာ... အေးပါ “ လုပ်နေသည်။


“သတိရသွားလို့ပြောပြရအုံးမယ်၊ ဟို... ဥဒယဘဒ္ဒမင်းသားလိုတော့ မလုပ်နဲ့ပေါ့.... “


“ဘာတုန်း ... ဥဒယဘဒ္ဒမင်းသားက ဘာလုပ်သတုန်း၊ ပြောပြပါအုံး အစ်မရယ်... “


“ရှေးတုန်းက ဥဒယဘဒ္ဒမင်းသားနဲ့ သူ့မိဖုရား ဥဒယဘဒ္ဒါမင်းသမီးဆိုတာ ရှိသတဲ့၊ သူတို့ကတဲ့ ... အခု မရွှေစု ပြောနေသလို... နောက်ဘ၀ တစ်ခုကို ရောက်ရင် ရောက်တဲ့နေရာကနေ တစ်ယောက်ကို တစ်ယောက် အသိပေးကြေးဆိုပြီး ကတိက၀တ် ထားကြသတဲ့။ အဲ့မှာ ဥဒယဘဒ္ဒမင်းသားက အရင် နတ်ရွာစံသွားသတဲ့... “


“အဲ့ဒီတော့... “


“ဟာ... ဘာပြောကောင်းမလဲ... ဥဒယဘဒ္ဒမင်းသားက ဘုရားအလောင်းပဲဥစ္စာ... လူ့ဘ၀မှာ ကောင်းတာတွေ ကုသိုလ်ကောင်းမှုတွေ တအားလုပ်ခဲ့သူမို့ သူသေလွန်တော့ နတ်ပြည်မှာ သကြားမင်း ဒါရိုက်ဟစ် သွားဖြစ်တာပေါ့... “


“ဒါနဲ့... သူ့မိဖုရားကို သိကြားမင်း အ၀တ်အစားတွေနဲ့ ချက်ချင်းပဲ ကိုယ်ယောင်လာပြရောတဲ့လား... “


“ဟွန်း... ပြပါလိမ့်မယ်... အားကြီး.... “


မရွှေစုကပြောနေရင်း နှုတ်ခမ်းကိုမဲ့လိုက်ကာ ကြက်သားမျှင်များကို တခါခါလုပ်ရင်း လက်ကို ယမ်းလိုက်သေးသည်။


“တကတည်း... သကြားမင်းဖြစ်တော့ သကြားမင်းစည်းစိမ်ဆိုတာက အံသြဘနန်း ခမ်းနားလွန်းအားကြီးလို့ စည်းစိမ်တွေယစ်ပြီး သူ့မိဖုရားနဲ့ပေးထားတဲ့ ကတိက၀တ်တွေ မေ့သွားသတဲ့တော်... “



“ဟင်... မေ့သွားတော့ ... လာမပြောတော့ဘူးတဲ့လား... “


“သူ မေ့သွားတာကတော့ နတ်သက်နဲ့ရေရင် ၇ရက်ထဲ ခဏလေးပေါ့... လူ့သက်နဲ့ရေတော့ နှစ်၇၀၀ ဖြစ်သွားရော... “


“ဒီတော့ ... မိဖုရားက လူ့ပြည်မှာ မရှိတော့ဘူးပေါ့... “


“ဘယ်... ကံကောင်းချင်တော့... အဲ့ခေတ်ကတဲ့ ... လူတွေက နှစ်တစ်သောင်း အသက်ရှည်တဲ့ခေတ်တဲ့... ဒါကြောင့်မိဖုရားက ရှိနေသေးတာပေါ့... “


“သြော်... ဒါဖြင့်... တော်သေးတာပေါ့ ... “


“အမယ်... တော်သေးတာပေါ့လုပ်မနေနဲ့... ဦးရေချမ်းတို့ဆိုလည်း မရွှေစုကိုမေ့သွားလိုက်မဲ့ အမျိုး မြင်ယောင်မိပါသေးတော့တယ်... “


“အာ... ကျွန်တော်က ဘယ်နေရာက ပါလာပြန်ပြီလဲ... ကျွန်တော်တို့က ကိုယ်ချစ်တဲ့သူဆို ဘယ်တော့မှ မမေ့သေးဘူး၊ နတ်သမီး လှတာလေးတွေမြင်ရရင်လည်း.. သြော်... မရွှေစု ရုပ်ဆိုးမလေး သတိရလိုက်တာ ဖြစ်နေမှာပဲ.... ဟဲဟဲ... “


ဟဲဟဲ လုပ်နေသော ပါးစပ်ထဲသို့ မရွှေစုက ကိုရေချမ်းကြိုက်သော ကြက်သားအရိုးနုများ ထိုးထည့်ပေးလိုက်သည်။


“ဒီမယ်... သူများကတော့ နတ်ပြည်မှာ ရှယ်ဆိုင်ကယ်တွေ မော်တော်ကားလှလှလေးတွေ မရှိပါစေနဲ့ပဲ ဆုတောင်းတယ်၊ ဦးရေချမ်းကြီး နတ်သမီး ငေးမှာ ငမ်းမှာ မပူဘူး၊ ကားတွေ ဆိုင်ကယ်တွေမြင်ရင်တော့ ငေးလို့ကို အားမရနိုင်တာနဲ့ မရွှေစုကိုမေ့နေမှာ အသေအချာပဲ... ဟုတ်တယ်မလား... ဆရာကြီး... “


ဦးရေချမ်းကသူ့ ချက်ကောင်းကို ထိသွားသဖြင့် ဘာမှပြန်မပြောနိုင်ပဲ ပြုံးဖြီးဖြီးသာ လုပ်နေရသည်။ ဟုတ်တယ်လေ... အခုကိုပဲ လမ်းမှာ တွေ့တဲ့ ဆိုင်ကယ်တွေဆို ကာဝါဆာကီ ဆိုလား၊ ဟာလီ ဒေးဗစ်ဆင် ဆိုလား၊ ကားဆိုလည်း ဖို့ဒ်ကားတို့ အော်ဒီတို့ ဘာတို့ညာတို့မြင်ရင် လည်ကိုပြန်နေတာပဲ၊ တခါတခါ လမ်းလျှောက်သွားရင်း ဘေးနားကလူ ဘယ်ကျန်ခဲ့မှန်းတောင် သူမသိတော့ဘူး။


“အေးပါကွာ... ခုန စကားဆက်စမ်းပါအုံး...၊ နှစ်၇၀၀ကြာလို့ သူ့မိဖုရား သတိရတော့ ဘာဖြစ်သွားသလဲ ဆိုတာ...”


“ဟင်... ဘာဖြစ်ရမလဲ... မင်းသမီးကတော့ သူ့မောင်တော် မရှိကတည်းက မောင်တော် ဘယ်အချိန်လာတွေ့မလဲ မှန်းဆပြီး မျှော်နေရင်း ခုနှစ်ဆောင်တိုက်ခန်းမှာ တစ်ပါးတည်းစံပါယ်ပြီး ညဆိုရင် မေတ္တာကမ္မဌာန်းပွားများ နေတာပေါ့...။ နှစ်၇၀၀လုံးလုံး သူ့ခမျာ... မျှော်နေလိုက်ရတာ... “


“နောက်တော့... လာတွေ့ရောမလား...”


“အဲ... အဲသလို လာတွေ့တောတဲ့... သူက ရိုးရိုးလာတွေ့တာမျိုး မလုပ်ပဲ သကြားမင်းကနေ နတ်သားယောင်ဆောင်ပြီး လူပျိုလှည့် သတဲ့...”


“ဟုတ်တယ်...”


“အင်း... ပထမနေ့... သူကလက်ဆောင်အနေနဲ့ ရွှေခွက်မှာ ရွှေတွေအပြည့်ယူသွားပြီး မင်းသမီးနဲ့ တစ်ညတာ နေလိုပါတယ် ဆိုပြီး သွားပြောသတဲ့၊ အဲ့မှာ မင်းသမီးက သူ့ရဲ့မောင်တော် ဥဒယဘဒ္ဒမင်းသားကလွဲလို့ ဘယ်သူ့ကိုမှ အလိုမရှိဘူး၊ ထွက်သွားလို့ နှင်ထုတ်လိုက်သတဲ့၊ ဒါနဲ့ ဒုတိယနေ့ တစ်ခါ ငွေခွက်နဲ့လာပြီး လူပျိုထပ်လှည့်ပြန်ရော၊ မင်းသမီးကလည်း နှင်ထုတ်တာပဲပေါ့၊ တတိယနေ့တစ်ခါ ကြေးခွက်နဲ့လာပြန်ရော၊ အဲ့မှာ ... မင်းသမီးက အသင်နတ်သားပေါ့... သူများတကာတွေ လူပျိုလှည့်တယ်ဆိုတာ တစ်ခါနဲ့မရရင် နောက်တစ်ခါလာတဲ့အခါ လက်ဆောင်ဆိုတာ တိုး တိုး လာရမှာ၊ သင့်ကျမှ လက်ဆောင်က တဖြည်းဖြည်း လျော့ပါးသွားတာ ဘာကြောင့်လဲလို့မေးသတဲ့။”

မရွှေစုက သူပြောနေတာ ကိုရေချမ်း စိတ်ဝင်စားရဲ့လားလို့ ကြည့်ရသေးသည်။ စိတ်ဝင်စားတဲ့ပုံနှင့် နားထောင်နေတာကို မြင်မှ စကားဆက်ရသည်။


“အဲ့တော့ သကြားမင်းက ... ငါ့နှမပေါ့... သင့်ရုပ်ရည်ဟာ တစ်နေ့တခြား အိုမင်းလာလို့ သင်နဲ့လိုက်အောင် လက်ဆောင်ကိုလည်း တဖြည်းဖြည်းလျှော့ယူလာရတယ်လို့ ရှင်းပြသတဲ့။ အဲ့ကျမှ ဥဒယဘဒ္ဒါမင်းသမီးက ဉာဏ်ရှိတဲ့သူဆိုတော့.... ဒါဟာ ... နတ်သားစင်စစ် မဖြစ်နိုင်ဘူး ၊ ဥဒယဘဒ္ဒမင်းသားနဲ့ ရှိခဲ့ပြီးသား ကတိက၀တ်အတိုင်း နတ်သားယောင်ဆောင်လို့ သူ့ဆီလာတာပဲဖြစ်ရမယ်လို့ တွေးမိပြီး သင်ဟာ ဥဒယဘဒ္ဒမင်းသားလားလို့ မေးလိုက်တာပေါ့။ ဒီတော့... ဥဒယဘဒ္ဒမင်းသားက ဟုတ်တယ်... သူဟာ သကြားမင်း ဖြစ်နေပါတယ်ပေါ့၊ ဒီရုပ်ခန္ဓာကြီးရဲ့ အချိန်ရှိသမျှ တဖြည်းဖြည်း အိုမင်းရင့်ရော်လာမှုကို ငါ့နှမ သံဝေဂ ရအောင်လို့ ပညာလာပေးတာပါ၊ ဒါကြောင့် မမေ့မလျော့ ကုသိုလ်တရားတွေ ပွားများပြီးနေပါလို့ တရားဟောဆုံးမသတဲ့...”


“ပြီးတော့ရော....”


“ပြီးတော့... ပြီးပြီလေ... ဇာတ်လမ်းက ဒါပဲလေ... မင်းသမီးလည်း တရားဓမ္မနဲ့ ကုသိုလ်ကောင်းမှုတွေ အသက်ထက်ဆုံးပြုပြီး နေလို့ သေလွန်တော့ သူလည်း နတ်ပြည်ရောက်သပေါ့... သကြားမင်းနဲ့ပြန်တွေ့သပေါ့...”


မရွှေစုက ပြောရင်းဆိုရင်း ကြက်သားတွေ အကုန်နွှင်ပြီးပြီမို့ ဆီသတ်ရန် ကြက်သွန်တောင်းကိုဆွဲကာ ကြက်သွန်နွှာဖို့ ပြင်ရလေသည်။


“ကဲကဲ...ဇာတ်လမ်းလဲပြီးပြီ ... ခပ်ဝေးဝေးကိုကြွပါဆရာ... ဒီမှာ ဆီသတ်မှာမို့ ညှော်မယ်၊ အဓိကပြောချင်တာက နောင်ဘ၀ ကောင်းရာရောက်နေရင် သကြားမင်းလို လာကယ်ပါ... သူများကိုမေ့မသွားပါနဲ့...၊ ကောင်းရာကိုလိုက်လာနိုင်အောင် လာဆွဲခေါ်... ဒါပဲ... အခု ဟင်းကောင်းကောင်း ချက်ကျွေးမယ်... “


ကိုရေချမ်းလည်း ဟန်နဲ့ပန်နဲ့ပြောနေသော မရွှေစုကိုကြည့်ကာ တဟဲဟဲရယ်ရင်း သူ့နုတ်ဘုတ်လေးကိုမကာ သီချင်းလေး ညည်းရင်း အိမ်ရှေ့ခန်းသို့ ကြွမြန်းလေသည်။

~~~~


စု နတ်မယ် သူဇာရယ် ရူပါ လှတာရယ်...

သူ ငါ ကျစရာ မူရာပြကာ... ပြူး .... ဟူးဟူး.... လိုက်ရင်ကွယ်..


သြော်... ဖိုးလနှယ်တူပါတယ်.... ဖြူကာ ၀ တာ ရယ်...

မြှူကာပါ့ကွယ် တူမကွာနှမသည် ... ပေါင်းဖို့သာရွယ်...


ခုဘ၀ရယ် နောက်ဘ၀ရယ်... အို... ဖြစ်လေရာ ဘ၀မယ်...

ငှက်ဖြစ်ရင်ကွယ်... ကြက်ဖြစ်ရင်ကွယ် ... ကိုင်းကြီးကြီး လုပ်ပါကွယ်... ဟယ်...ဟယ်....


~~~~

ကိုးကား ။ ။ ဥဒယဘဒ္ဒဇာတ်၊ ဧကာဒသက နိပါတ်ကျမ်း။

ညောင်ကန်ဆရာတော် ပုံတော်စုံ ၅၅၀ ဇာတ်ဝတ္ထု တတိယတွဲ စာအုပ်မှ

12 comments:

သူကြီးမင်း (တုံးဖလား) said...

တော်တော်လဲ လိုက်ဖက်တဲ့ စုံတွဲ။

ရေးလိုက်ရင် ပြုံးစိစိနဲ့ အတော်လေး ဖတ်လို့ကောင်းတယ်။ ဖတ်ပြီးရင် ပို့စ်ပြီးသွားမှာတောင် စိုးသလိုလို။ စာရေးကောင်းချက်။

ကိုရေချမ်းကြီးက သဘောကောင်းမဲ့ ပုံဘဲနော်။
မရွှေစုရောဘဲ။း)

တန်ခူး said...

ချစ်စရာကောင်းတဲ့ ချစ်စရာစုံတွဲလေးအကြောင်းရေးထားတဲ့ ဒီချစ်စရာပို့ စ်လေးကို ဖတ်ရင်းကြည်နူးသွားတယ် သူငယ်ချင်းရေ

စုချစ် said...

ချီးကျူးမဲ့သူ သူကြီးမင်းပဲရှိတယ်... ဟီး...ကျေးဇူး... :)
ဒါနဲ့... မရွှေစုကတော့ စွာလိုက်တာလို့ ထင်ဘူးလားဟင်... မှန်မှန်ဖြေနော်... :P

ကျေးဇူးပါ သယ်ရင်း တန်ခူးရေ... :)

Adora etc. said...

မမစုရေ.. ဒါလေးဖတ်ပြီးတော့ အရင်တုံးကဖတ်ဖူးတဲ့ ဆရာကြီးဦးသုခရဲ့ ပရိတ်ကြီး၁၁သုတ် စာအုပ်တွေကိုသတိရတယ်စရာ။ ဆရာကြီးဦးသုခလဲ မေတ္တာသုတ်ကို အဖိုးကြီး အဖွားကြီး လင်မယား၂ယောက်ဆွေးနွေးပုံမျိုး ရေးသွားလိုက်တာများ စာဖတ်ရင်း မေတ္တာသုတ်အနက်လဲသေသေချာချာသိ၊ ကြည်နူး အားကြစရာလဲကောင်းနဲ့။ အမ စာကိုဖတ်ရင်းလဲ အဲလိုပဲခံစားရတယ်။ အားကျတယ် သိလား။

Adora etc. said...

မမစုရေ.. ဒါလေးဖတ်ပြီးတော့ အရင်တုံးကဖတ်ဖူးတဲ့ ဆရာကြီးဦးသုခရဲ့ ပရိတ်ကြီး၁၁သုတ် စာအုပ်တွေကိုသတိရတယ်စရာ။ ဆရာကြီးဦးသုခလဲ မေတ္တာသုတ်ကို အဖိုးကြီး အဖွားကြီး လင်မယား၂ယောက်ဆွေးနွေးပုံမျိုး ရေးသွားလိုက်တာများ စာဖတ်ရင်း မေတ္တာသုတ်အနက်လဲသေသေချာချာသိ၊ ကြည်နူး အားကြစရာလဲကောင်းနဲ့။ အမ စာကိုဖတ်ရင်းလဲ အဲလိုပဲခံစားရတယ်။ အားကျတယ် သိလား။

Sonata Cantata said...

အကြီးဖြစိတဲ့ အမတောင် အတုယူစရာတွေ အများကြီးပါတယ်
အမက ကိုဧရာကို ဟင်းကောင်းကောင်းချက်မကျွေးဘူး

စုချစ် said...

အမယ်... မမသီတာ ချက်တဲ့ အုန်းနို့ခေါက်ဆွဲလေ... ခုထိ မမေ့ဘူး... ကြုံရင် စားချင်နေသေးတယ်... အားကြီးစားကောင်းတာများ... :)

သက်ဝေ said...

ကာတွန်းလေးကိုလည်း သဘောကျ...
စာရေးဟန်လေးကိုလည်း သဘောကျ...
ပြောပြတဲ့ ပုံပြင်လေးတွေကိုလည်း သဘောကျ...
သီချင်းလေးကိုလည်း သဘောကျ...
အဲဒီစုံတွဲလေးကိုလည်း သဘောကျ... (((ဟမ်)))

ကိုဖိုးတရုတ် said...

ဟဲလို...

လာလည်သွားပါတယ်ဗျာ... ကျွန်တော်ကတော့ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ ကိုဖိုးတရုတ် ဖြစ်ပါတယ်။ ကျွန်တော့် ဘာလောဂ်ကတော့ http://photayokeking.blogspot.com ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဝက်ဘ်ဆိုဒ် www.photayokeking.org သို့ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား။

ခင်မင်လျက်
ကိုဖိုးတရုတ်
www.photayokeking.org
http://photayokeking.blogspot.com

စုချစ် said...

ချစ်စရာကောင်းအောင် ကော်မန့်ရေးတတ်တဲ့ အစ်မသက်ကိုလည်း သဘောကျ... :)

စုချစ် said...

ကျေးဇူးတင်ပါတယ် ကိုဖိုးတရုတ်...
သတင်းတွေ လာဖတ်ပါမယ်နော်...

အမ်တီအန် said...

စုချစ်ရေ..

မမြသွေးကို myathwayyni@gmail.com ကို ဆက်သွယ်ပေးပါလားဟင်...