Wednesday, April 25, 2012

ဟုတ်မှ ဟုတ်ရဲ့လား...

-->
မရွှေစု နားပန်ကျင်း နားရင်းအုပ်ခံရခြင်း

“ဟယ်... ဟုတ်မှ ဟုတ်ရဲ့လား ဟယ်...။ တကယ်ဆိုရင်တော့ သနားပါတယ်...”
ဒီသတင်းကြားရသည်နှင့် တပြိုင်နက် မရွှေစု သူငယ်ချင်း မိတ်ဆွေ မောင်နှမ သားချင်းများ အားလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန်ကြသည် ဟူ၏။
တချို့က ဒါ မြန်မာပြည်ကလို ကောလဟလ သတင်းအမှား ဖြစ်ဖို့များသည်ဟု ဝေဖန်ပြောဆိုကြ၏။ တချို့ကျတော့လည်း ကောလဟလ ဆိုတာ မဟုတ်ပဲ မထွက်ဘူး၊ အတွင်းသတင်းအရ သိတာ ... အမှန်အကန်ပဲ... ကိုရေချမ်းနှယ်... ကြည့်တော့ အေးပုံအေးလက်နဲ့ တကယ် လုပ်သဟ လို့ ပြောသူကပြော၊ စွာတာတာနဲ့ ပူညံပူညံတွေ သွားလုပ်တော့ ဟိုက နောက်ဆုံး နားမခံနိုင်လို့ ပိတ်တီးလိုက်တာ ဖြစ်မပေါ့လို့ တီးတိုး သဖန်းပိုးနေကြသူများလည်း ရှိ၏။ တီးမယ့်တီး လက်မြန်ခြေမြန် မရွှေစု က တီးထည့်လိုက်တာဖြစ်မှာပါကွာ ဟိုကောင်... အဲသလောက် သတ္တိကောင်းမယ်လို့ ငါတော့ မထင်ပါဘူး၊ လောင်းမလားဟု မယုံကြည်စွာ အငြင်းပွားနေကြသူများလည်း ရှိသည်ဟု ကြားရသတတ်။
ထိုသို့ မယုံကြည်သူများထဲတွင် မရွှေစု ဖခမည်းတော်နှင့် မယ်တော်က ထိပ်ဆုံးက ပါဝင်နေ၏။ ဒီ သတင်း နားစွန်နားဖျား ကြားကြားခြင်း မန္တလေးရောက်နေသော သမီးဖြစ်သူထံ ဖုန်းဆက်ကာ ဇနီးမယားကောင်းဆိုတာ ကိုယ့်လင်ယောက်ျားအပေါ် ရိုသေသမှု ရှိရတယ်။ သူများ အိမ်ယာမှာ ခဏ သွားနေတုန်း မေမေ တို့ မျက်နှာပျက်ရအောင် မလုပ်နဲ့ဟု ကြိတ်ကာ ဆူပူမာန်မဲလေ၏။
နောက်ဆုံးမတော့ အားလုံး ရှေ့မှာ မျက်နှာဝယ် ဖုံးကွယ် တတ်ဆင်ထားသော နေကာမျက်မှန်ကြီး ဖယ်ရှားလိုက်တဲ့ခဏ ညာဖက်မျက်ခုန်းအောက် မျက်လုံးပတ်လည်မယ် စိမ်းရောင်သန်း ညိုမဲနေသော ဒါဏ်ရာကို ဘွားကနဲ တွေ့ကြရတော့မှ ဟာ... တကယ်ပါလား ဆိုကာ ဆွေမျိုး သူငယ်ချင်းတွေ အားလုံး တကျွတ်ကျွတ် စုတ်သပ်ကာဖြင့် မရွှေစုကို အမှန်တကယ်ပင် ၀ိုင်းသနားနေကြတော့သည်။
တကယ်တန်း မှာတော့ မရွှေစုဖြင့် ကိုရေချမ်းနဲ့ သမီးရည်းစား မဖြစ်ခင်ကတည်းက ကိုရေချမ်းကို အနှီကဲ့သို့သော အင်တာဗျူးမျိုးတွေ လုပ်ခဲ့ဖူးပါ၏။
“ကိုရေချမ်း အဖေက အမေကို ရိုက်ဖူးလား”
“ကြံကြံဖန်ဖန်ဗျာ... လက်ဖျားနဲ့တောင် မရွယ်ဖူးဘူး”
“ဆူပူမာန်မဲတာတွေရော လုပ်တာ မြင်ဖူးလား”
“အဖေက သူ့ဘာသာ အေးအေးနေတာ၊ အမေကသာ အဖေ့ကို မဟုတ်တရုတ်တွေ လျှောက်စွပ်စွဲတတ်တာ... “
“ကိုရေချမ်းက ဘယ်သူနဲ့ တူလဲ...”
“ကျနော်က အဖေနဲ့ စိတ်ချင်းတူပြီး အမေနဲ့ ရုပ်ခြင်းတူတယ်”
ပထမအဆင့် အောင်ချက် ပေးလိုက်သည်။
“ယောက်ျားတွေက မိန်းမတွေကို ရိုက်မောင်းပုတ်မောင်း ပြုတဲ့ အပေါ် ဘယ်လို မြင်လဲ”
“ကျနော်ဖြင့် မကြိုက်ပါဘူး။ သူများ သားသမီး ယူထားပြီး နှိပ်စက်တာ ဘယ်ကောင်းမလဲ၊ ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမ ရိုက်ဖို့ မပြောနဲ့ ပါးစပ်ကတောင် မမာန်ရက်ပါဘူး...”
သူ့ဘာသာသူ လိမ်ပြောပြော နောင်ခါလာ နောင်ခါဈေး လောလောဆယ်တော့ ရာနှုန်းပြည့် အောင်ချက် ရသွားပြန်သည်။
ဒါတွေကို ဘာလို့ လျှောက်မေးခဲ့သလဲဆို ငယ်တုန်းက ရုပ်ရှင်တွေထဲမှာ ဒါမှမဟုတ် ၀တ္ထုတွေထဲမှာ လင်ယောက်ျားလုပ်တဲ့သူတွေက သူတို့မိန်းမတွေကို ဆူပူအော်ဟစ် ကြိမ်းမောင်းပြီး ရိုက်နှက်တာတွေ၊ နှိပ်စက်တာတွေ မြင်ရ ဖတ်ရတဲ့အခါ မရွှေစုသည် အဲသာတွေကို ကြောက်လည်း ကြောက်၏။ ရွံလည်း ရွံ၏။ မုန်းလည်း မုန်း၏။ ငါ ယောက်ျားရလို့ မတော်တဆ လာရိုက်ကြည့် သူတစ်ချက်ဆို ငါနှစ်ချက် ပြန်ဆော်မယ်ဟု တွေးခဲ့ဖူးသူဖြစ်သည်။
ဟင်...ဒါဖြင့် အခု ရိုက်ခံရတယ်ဆိုတော့ အရင်က အင်တာဗျူးမှာ ကိုရေချမ်း လိမ်ပြောခဲ့တာပေါ့။ ဒါဖြင့် မရွှေစုကရော ကိုရေချမ်းကို ပြန်မဆော်ဘူးလား... စသဖြင့် မေးစရာများ ရှိလာပါ၏။ ဖြစ်ပုံပျက်ပုံများတော့ ကိုယ့်ကို နားပန်ကျင်းတာ ပြန်ရိုက်ဖို့ နေနေသာသာ အညိုအမဲ စွဲနေတာတောင်မှ မနာပါဘူး၊ မနာပါဘူး။ စိတ်မကောင်းမဖြစ်ပါနဲ့ဟု ကိုယ်က ပြန်ချော့နေရသည့် အဖြစ်ကို ရောက်နေတော့၏။
ဒီလိုပါ... ဒီလိုပါ...။ ဇာတ်လမ်းက မေမြို့ကို အလည်သွားတဲ့ ခရီးက စတာပါ။
တစ်နေ့တ၌ ကိုရေချမ်းနဲ့ မရွှေစုတို့ မေမြို့ကို ကားလေးမောင်းပြီး တက်လာရင်း နေ့ချင်းမပြန်ဖြစ်တော့ပဲ တစ်ည နှစ်ညလောက် အေးအေးဆေးဆေး နေရန် စိတ်ကူးရကာ ဟော်တယ် တစ်ခုကို ညီမလေး တစ်ယောက်အား ရှာခိုင်းလိုက်သည်။ အနှီ ညီမလေး ရှာပေးသောဟော်တယ်မှာကား ရုက္ခဗေဒ ပန်းဥယျာဉ်ရှိရာ ကန်တော်ကြီးပတ်လမ်းက အသစ်ဆောက်လုပ်ထားသော ဘန်ကလို လုံးချင်းအိမ်လေးတွေ ကိုယ်စီနှင့် ခေတ်မှီ Resort Hotel ဖြစ်သည်။ မေမြို့က ဟော်တယ် အဟောင်းတွေက သူရဲခြောက်တယ်လို့ နာမည်ကြီးတာမို့ ဒီဟော်တယ်ကို သူက သေချာရွေး စီစဉ်ပေးခြင်းဖြစ်၏။
မရွှေစုတို့ကလည်း ကြိုက်ပါသည်။ အေးချမ်းတိတ်ဆိတ်နေသည့် ခြံဝန်းကျယ်ကြီးထဲက ဘန်ကလို အိမ်လေးတွေ ရှေ့မှာ ပန်းမျိုးစုံ ဖူးပွင့်ဝေဆာ ရနံ့တွေ သင်းကြည်ကြည်နှင့်။ အချိန်များရရင်ဖြင့် တစ်ပတ် နှစ်ပတ်လောက် အနားယူပြီးတောင် နေချင်ပါဘိသနဲ့ဟု စိတ်ကူးယဉ်မိသေးတော့၏။ ဒါနဲ့ အဲဒီနေ့က ဟော်တယ်ကို ၃နာရီလောက် ချက်ကင်ဝင်၊ ရေးမိုးချိုးပြီး ကန်တော်ကြီးဖက်ကို လမ်းလျှောက်၊ ဒီဟော်တယ်မှာ နေရင် ကန်တော်ကြီး ၀င်ခွင့်ကလည်း အလကားရတာကိုးရှင့်။ ဥယျာဉ်ထဲမှာလည်း ပန်းပြပွဲရှိနေတာမို့ ဓါတ်ပုံတွေ ရိုက်၊ ညကျတော့ မေမြို့က သူငယ်ချင်း တစ်ယောက်နဲ့ ချိန်းပြီး ညစားစား။ သူနဲ့ စကားကောင်းနေတာနဲ့ ဟော်တယ်ပြန်ရောက်တော့ ည ၁၁နာရီလောက်ရှိပြီ။ တစ်နေ့လုံး လျှောက်လည်ရတာ မောပန်းလာတော့ ခြေရေလက်ရေ ဆေးပြီး ချမ်းချမ်းနဲ့ စောင်ခြုံထဲ ပစ်ဝင်အိပ်ရတော့တာပဲကိုး။ ပင်ပန်းလွန်းလို့ ခါတိုင်းလို ဘုရား သေချာ မရှိခိုးဖြစ်ပဲ ပုဆိန်ပေါက် ဦးသုံးကြိမ်သာ ဦးချဖြစ်လေသည်။
အချိန်ကား သန်းခေါင်ယံသာသာ၊ ညက တိတ်ဆိတ်ငြိမ်သက် လွန်းလှသည်။ အဝေးက ပဉ္စင်းရင်ကွဲ အသံခပ်ပျပျလေးလို အသံမျိုးသာ တစ်ချက်တစ်ချက် ပျံ့လွင့်လာသလို ရှိသည်။ ကိုရေချမ်းရော မရွှေစုပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ်...
“ဖြန်း...”
“အမလေး...”
အနားမှ ကပ်၍ အရှိန်ပြင်းစွာ ထွက်ပေါ်လာသည့် အသံကြောင့် မရွှေစုတစ်ယောက် ရုတ်တရက် လန့်ဖြန့် ယောင်ယမ်း အော်ကာ ထထိုင်မိလိုက်သည်။ အနားက ကိုရေချမ်းကို ကြည့်လိုက်တော့ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ၊ သြော်... ငါ ... အိပ်မက် မက်နေတာပဲလို့ဆိုကာ မျက်လုံးကို ပွတ်လိုက်တော့ မျက်လုံးညာဘက်ထောင့်က စူးကနဲ နာကျင်သွားသည်။ ရင်ထဲမှာ ဒိတ်ကနဲ ဖြစ်သွားလျက်... ခုနက ဖြန်းဆိုသည့် အသံနှင့် ဆက်စပ်တွေးတောရင်း ကိုရေချမ်းကို အတင်းလှုပ်နှိုးမိသည်။
“ကိုရေချမ်း... ကိုရေချမ်း... သူများကို ရိုက်တယ်... ရိုက်တယ်... ဘာလို့ ရိုက်တာလဲ...”
“ဟင်... ဘာလဲ... ဘာလဲ... ဟာ... ဟာ... ရိုက်မိလိုက်တာလား... တကယ် ရိုက်မိလိုက်သလား... အိပ်မက် မက်နေတာ ထင်တာ... စောရီး.. စောရီး...”
ကိုရေချမ်းက အိပ်မှုန်စုံမွှားနှင့် ပြောကာ သူပါ ယောင်ယမ်းထထိုင်ရင်း မျက်လုံးကို တဖူးဖူး မှုတ်ပေးနေသည်။ တော်ပါသေးသည်။ အဲဒီညက ထွေလီကာလီ ဘာမှမတွေးဖြစ်ပဲ ရိုးရိုး အိပ်မက်မက်ပြီး ယောင်တာဖြစ်မှာဆိုကာ နှစ်ယောက်စလုံး ပြန်အိပ်လိုက်ကြသည်။
မနက်အိပ်ရာထ မရွှေစု မျက်လုံးဘေးက ဒါဏ်ရာပြင်းနေတာကို မြင်ရတော့မှ နှစ်ယောက်စလုံး လန့်သွားကြသည်။
“ဘေးကနေ... လူတစ်ယောက်က သူ့ကို ရိုက်လိုက်... ရိုက်လိုက်လေ... နဲ့ လာပြောနေတာ သုံးလေးခါ မကဘူး။ အဲသာ နောက်ဆုံး ဘယ်လို ဖြစ်ပြီး ရိုက်မိလိုက်လဲ မသိဘူး။ ကျနော် သူများ တကာကို နာကျင်အောင် လုပ်တတ်တဲ့သူမှ မဟုတ်တာ...”
“ဟင်... ဒါဆို...”
ကိုရေချမ်း နဲ့ မရွှေစု တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာစကားမှ မဆိုတော့။ ဟော်တယ်မှာ မနက်စာစားပြီးသည်နှင့် ပစ္စည်းတွေ အားလုံး အမြန် ကောက်သိမ်းကာ ပြန်လာခဲ့ကြတော့သည်။ ကိုရေချမ်းသည် မရွှေစုကို လက်နဲ့ ရွယ်ဖို့ နေနေသာသာ မျက်နှာထားတင်းတင်းနဲ့တောင် ကြည့်ဖူးသူမဟုတ်။ ဒီလို လူမျိုးက သူ့ဘာသာသူ ရိုက်တယ်ဆိုတာတော့ မရွှေစု မယုံ။ ဘာ ဆိုတာလဲ မတွေးချင်။ တစ်သက်နဲ့ တစ်ကိုယ် ယောက်ျား အရိုက်ခံရသော အခန်းမှ ထွက်လာခါနီးတော့ မရွှေစု မေတ္တာပို့ပေးခဲ့ပါသည်။
“မေမြို့ တချို့ ဟော်တယ်တွေက အဲဒီ ပါးရိုက် သူရဲခြောက်တာ နာမည်ကြီးပဲ အစ်မရ။ တခါကဆို နေ့ခင်းကြောင်တောင် အခန်းထဲ နေရင်း ဘယ်သူမှ မမြင်ရပဲ ပါးရိုက်ခံရတာတဲ့။ မင်းသမီးတစ်ယောက်ဆို သူ့ကိုယ်တွေ့ဆောင်းပါးမှာ ရေးထားတာ ဖတ်ဘူးတယ်”
ကိုရေချမ်း ညီမက ပုခန်းတွန့်ရင်း ပြောပြရှာသည်။ တချို့သူငယ်ချင်းများရဲ့ တွေးပုံကတမျိုး။
“သူရဲ ဆိုတာ မရှိပါဘူးဟာ...။ ကြည့်ရတာ ရေချမ်း တစ်ယောက် တစ်သက်လုံး ခံလာရတာတွေများ၊ မကျေနပ်ချက်တွေ များလွန်းလို့ ရောချလိုက်တာနဲ့ တူပါတယ်ကွာ။ ဟီးဟီး...”
ယောက်ျားလေး သူငယ်ချင်း အများစုကတော့ ကိုရေချမ်း နားကပ်ကာ ဤသို့ ဤပုံ တီးတိုး စုံစမ်းမေးမြန်းကြလေသတည်း။
“ဘယ်ဟော်တယ်လဲ ပြောစမ်းပါအုံးကွ... ငါ့မိန်းမ ခေါ်ပြီး သွားတည်းချင်လို့ပါ... “

+++++

12 comments:

Thandar Lwin said...

ဟယ် ..ဘာပြောရမှန်းတောင် မသိဘူး....

စုချစ် said...

ဟီး...ဂယ်ဂျီး ဖြစ်ခဲ့တာ ညလေးသံရ...
နောက်တစ်ခေါက် မေမြို့သွားတော့ နေ့ချင်းပဲ ပြန်တော့တယ် ... မနေတော့ဘူး...ကြောက်လို့...း)

သက်ဝေ said...

ဟောတော့ ဖြစ်ရလေ ညီမရယ်...
အမ အရင်က ဟော်တယ်တွေ မှာ တည်းရင် မကြောက်တတ်ဘူး ခရီးသွားတယ်ဆိုတော့ စိတ်လွတ် ကိုယ်လွတ် ပျော်မိနေတာ... နောက်ပိုင်း ဟိုကြား ဒီကြားနဲ့ မှ ကြောက်ရမှန်း သိလာတယ်...

စုချစ် said...

ဟုတ်... အစ်မ သက်ဝေ...အင်းလေးခေါင်တိုင်မှာ တည်းတုန်းကလဲ တခါ ဖြစ်ခဲ့ဖူးတယ်... အဲဒီတုန်းက ခြောက်ခံရတာတော့ မဟုတ်ဘူး။ ညသန်းခေါင်ကြီး နိုးလာပြီး တစ်ယောက်ယောက်က ကိုယ့်ကို ထိုင်ကြည့်နေသလို ခံစားရလို့ တညလုံး မအိပ်ဖြစ်တော့ဘူး...း)

Z@! said...

နိုင်ငံခြားက သရဲတစ္ဆေ ဖမ်းတဲ့ reality show ရိုက်တဲ့သူတွေ လာကြည့်စေချင်တာ..

တစ်ခါတုန်းက မှတ်မှတ်ရရ သူငယ်ချင်းတွေနဲ့ စကားပြောနေတုန်း အပြင်ဘက်က ခြေသံတွေ တရှပ်ရှပ်နဲ့ ကြားဖူးတာလောက်ပဲ ခံရဖူးတယ်။

အဲ့ဒါတောင် သူငယ်ချင်းတွေ ပြောတော့မှ သိတာ။ ကိုယ့်ဘာသာကိုယ်ဆို သရဲခြောက်လို့ ခြောက်မှန်းတောင် သိလိုက်မှာ မဟုတ်ဘူး.. ဟီး။

SHWE ZIN U said...

ညီမတော့ သနားပါတယ် သရဲ က ကိုယ်စားလည် နဲ့ ရိုက်ခိုင်းတယ် ကြည့်ရတာ ဟိုလူကြီး လိုမျိုးလားမှ မသိတာ

Kay said...

တူနေပြန်ပြီ။ ကြုံဘူးတယ်ရော်...
ကျိုက်ထီးရိုးမှာ...

http://kthwe.blogspot.com/2007/06/blog-post_9411.html

The Queen said...

အဟုတ်ပဲလားမမရယ်.... ကိုရေချမ်း က ရောချတာဖြစ်နေပါဦး မယ် ဟားဟား ဟော်တယ်တစ်ခုမှာတည်း တုန်းကတော့ အခန်းထဲဝင်လိုက်တာနဲ့ စိတ်ထဲ မသိုးမသန့် ချက်ချင်းဖြစ်ပြီး ကိုယ့်နောက်မှာ လူတစ်ရောက်ရောက် ရှိနေသလိုမျိုး ခံစားနေရတယ်။ အဲဒီည မှာပဲ ရေချိုးခန်းထဲ က ဘေစင်ရေပိုက် ကနေ ရေကျသံတွေကြားလို့ ထပိတ်ရသေးတယ်။ အကောင်အထည် တွေ အပြမခံလို့တော်သေးတယ်။

စုချစ် said...

ဟီး... ရောချသလားတော့ မသိပါဘူး...ညလေး ကွင်းရယ်... နောက်ပိုင်း ပြန်တွေးရင် လန့် လန့် သွားတယ်... ကိုယ်က ဘာအမှားများ လုပ်မိသလဲ ဆိုပြီးတော့လေ...း)

ကိုခိုင် said...

ကြီးစုရေ

မဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။
စာတွေရိုက်၇တာ မြန်မာစာလုံးတွေ အဆင်မပြေ
ဖြစ်နေပါတယ်။ ဖတ်လို မရဘူး။
Firefox အသစ်အတင်း ယူခိုင်းလို ယူလိုက်မိရာက
စဖြစ်တော့တာပဲ။
အဲဒီ သရဲက လူဘဝက မိန်းမကြောက်ရတဲ့ လူ ဖြစ်ပုံရ
တယ်။း))

NSA said...

ကြောက်စရာကြီး
ကိုယ်တိုင်မရိုက်ရဲလို့ ကိုယ်စားလှယ်လွှဲသေးတာလား မသိဘူး..သရဲက

မြတ်နိုး said...

အမတည်းတဲ့ ဟော်တယ်က ..ညီမတို့တည်းတဲ့ဟော်တယ်များဖြစ်နေမလားဆိုပီးဆက်ဖတ်လာလိုက်တာ.... အမငေး..တရဲတရဲ..
သေချာပြန်တွေးမှ... ကျနော်တို့တည်းတာ အဲ့ဟော်တယ်ဟုတ်ဘူးထင်တယ်။
ကြောက်စရာကြီးနော်...
ညီမက နောက်ဆို မေမြို့မှာ မတည်းတော့ဖို့ ဆုံးဖြတ်ထားတာ မေမြို့ရေက အရမ်းအသားမည်းလို့.. ခုတော့ တရဲပါပေါ်လာပြန်တော့..တော်ပီ..တည်းတော့ဘူး။
အမဆီမကြာမကြာလာဖတ်ဖြစ်တယ်.. ကော်မန့်ပေးရတာခက်လို့..ခုတော့... ဖျန်းခနဲ အားးး..အသည်းယားသွားလို့..ပေးဖြစ်တယ်။