ချလိုက်ရမလား... ???
ပြီးခဲ့တဲ့ ပိုစ့်မှာ မေမြို့ သရဲခြောက်ခံရတဲ့အကြောင်း ရေးလိုက်တော့ စာလာဖတ်တဲ့သူတွေ ကြောက်နေကြတာမြင်ရလို့ အကြောက်ပြေသွားကြရအောင် ဒီတခါတော့ ဟာသ သရဲ ပုံပြင်လိုမျိုးလေး ပြောပြမယ်နော့။ ပုံပြင်ဆိုပေသိ ပြောပြတဲ့ ကိုရေချမ်း အဆိုအရတော့ မော်လမြိုင်မှာ တကယ် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တဲ့။
တကယ်တမ်းမတော့ မရွှေစုဟာ အင်မတန်သရဲ ကြောက်တတ်ခဲ့တဲ့သူပါ။ ငယ်စဉ်ဘ၀ အိမ်မှာ နေတုန်းကများ ဘယ်လောက်တောင် သရဲကြောက်တတ်သလဲဆို ကိုယ့်အိမ်ကိုယ် နေ့ခင်းကြီးကြောင်တောင် ဘယ်သူမှ မရှိရင် တစ်ယောက်ထဲ အပေါ်ထပ် မတက်ရဲဘူး။ ညဘက် အိမ်သာ တစ်ယောက်ထဲ မသွားရဲဘူး။ အခန်းထဲ တစ်ယောက်ထဲ မအိပ်ရဲဘူး။ ယုတ်စွ အဆုံး ကိုယ်ထိုင်နေတဲ့ ကြမ်းက ကျဲနေရင် အဲဒီကနေ သရဲက လှမ်းတို့မလားလို့ စိတ်ကူးပြီး ကြောက်နေတဲ့သူပါ။ ညဘက် တစ်ယောက်ယောက်က အိမ်တခါးလာခေါက်တဲ့အခါ ဖွင့်မပေးဝံ့ဘူး၊ လာလည်တဲ့ ဧည့်သည်က ငါပါဟလို့ အသံပေးတာတောင် သရဲ အယောင်ဆောင်လာသလား တွေးကြောက်သေး။ ညမှောင်မှောင် ကို မှန်တင်ခုံက မှန်ကို မကြည့်ရဲဘူး၊ သရဲမများ ထိုင်ပြီး ခေါင်းဖြီးနေမလားလို့။ ကိုယ့်အိမ်ပေါ်ထပ်တင် တခါတလေ ဘာမှန်းမသိ နောက်ဘက်ကို လည်ပြန် မကြည့်ရဲဘူး၊ လည်ပြန်ကြည့်လိုက်တုန်း သရဲက ကိုယ့်မျက်နှာနောက်မှာ ဘွားကနဲ ပေါ်လာမှာစိုးလို့...။ ဒါနဲ့ ဒီလောက်တောင် ကြောက်တတ်တဲ့ မရွှေစုကို ကိုရေချမ်းက တစ်နေ့တော့ ဒီပုံပြင်လေး ပြောပြပါတယ်။
“ကျွန်တော် သရဲကြောက်တတ်တာ လွန်ပြီထင်တာ။ မရွှေစု ကြောက်တတ်တာကတော့ ပိုတယ်ဗျာ... သရဲခြောက်တိုင်းလဲ မကောင်းဘူးမထင်နဲ့... သရဲခြောက်ခံရပြီး ကြီးပွားသွားတဲ့သူရှိတယ်နော်... ကြားဖူးလား...”
“ဟင့်အင်း... ကြားဖူးပေါင်... ပြောပြပါအုံး...”
မရွှေစုက ပုခုန်းတွန့်ရင်း ပြန်ပြောမိတယ်။ ဘယ်နှယ် သရဲခြောက်ခံရတာနဲ့ပဲ ကြီးပွားရမယ်လို့... သူ့ခေတ်မှပဲ ကြားဖူးတော့တယ်။
“တခါက မော်လမြိုင်မှာတဲ့... သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်ကြီးတစ်အိမ် ရှိတယ်။ သရဲခြောက်လွန်းလို့ ဘယ်သူမှ မနေရဲပဲ စွန့်ပစ်ထားတော့ အိမ်ကြီးက အိုပြီး ဆွေးလည်းဆွေးနေတာပေါ့...”
“သူက ဘယ်လို ခြောက်သတဲ့လဲ...”
“အဲဒီသရဲက ညသန်းခေါင်လောက်ဆို ချလိုက်ရမလား... ချလိုက်ရမလား လို့ အသံနက်ကြီးနဲ့ အော်မေးတတ်သတဲ့။ အဲသလို အော်သံကြီးကြားရတော့ ကြောက်ပြီး ဘယ်သူမှ မနေရဲတော့တာတဲ့...”
“အင်း...”
“တစ်ရက်တော့ ခပ်ရွတ်ရွတ် အရက်သမားတစ်ယောက်က မူးမူးနဲ့ အဲဒီအိမ်ပေါ် တက်အိပ်သတဲ့။ ညသန်းခေါင်လောက်လဲ ရောက်ရော ထုံးစံအတိုင်း ချလိုက်ရမလား၊ ချလိုက်ရမလား ဆိုပြီး အသံနက်ကြီး ထွက်လာရော...”
“တစ်ရက်တော့ ခပ်ရွတ်ရွတ် အရက်သမားတစ်ယောက်က မူးမူးနဲ့ အဲဒီအိမ်ပေါ် တက်အိပ်သတဲ့။ ညသန်းခေါင်လောက်လဲ ရောက်ရော ထုံးစံအတိုင်း ချလိုက်ရမလား၊ ချလိုက်ရမလား ဆိုပြီး အသံနက်ကြီး ထွက်လာရော...”
ကိုရေချမ်းက ပြောပြောဆိုဆို ချလိုက်ရမလား... ကို အသံကြီးသြကာ အော်ပြနေသေးတယ်။
“အရက်သမား ကြောက်ပြီး ထွက်ပြေးရောလား...”
“ဘယ်ကသာ... အဲဒီလူက ကျွန်တော့်လို့ ပေကပ်ကပ်နဲ့ အညာသားဖြစ်ဖို့များတယ်။ မင်းဟာမင်း အော်ချင်ရာအော်ကွာ ဆိုပြီး၊ ပေကပ်ပြီး ဆက်အိပ်နေတာတဲ့...”
“အိ... ကြောက်စရာကြီး... အရေးထဲ သူ့ အညာသားက ပါသေးတယ်။ မော်လမြိုင် ဘယ်လိုလုပ်ပြီး အညာသား ရောက်မတဲ့လဲ... “
“အို... ဒါက အညာသားတွေ လုပ်တတ်ပုံကို ကြုံတုန်း ပြောပြတာပါ... ။ ကဲ... ဆက်ပြောရရင်... သရဲကလဲ အလျှော့မပေးဘူး ဗျာ။ ချလိုက်ရမလား၊ ချလိုက်ရတော့မလား ကိုပဲ အသံနက်ကြီးနဲ့ ထပ်ကာ ထပ်ကာ အဆက်မပြတ် အော်နေတော့တာပဲတဲ့...။ ဒါနဲ့ ဟိုလူလည်း စိတ်ကမရှည်တော့ဘူးမလား... ဟာ... ဒီသရဲ အိပ်ကောင်းခြင်း မအိပ်ရ... နားငြီးလိုက်တာ... ဒီလောက် ဖြစ်လှတာ.... ချကွာ... ချကွာ... ချချင်သလောက် ချ... လို့ ပြန်အော်တာတဲ့...”
“ဟယ်... ဒါနဲ့ သရဲက သူ့ကို လာချရော တီးရောတဲ့လား...”
မရွှေစုက မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ပြန်မေးမိတယ်။
“ဘယ်ကသာ... အဲသလို ချကွာ... ချ... လို့ ပြောလိုက်တာနဲ့ တပြိုင်နက်... မျက်နှာကျက်ကနေ အထုတ်ကြီး တစ်ထုတ် ဘုတ်ကနဲဆို ပြုတ်ကျလာပြီး အသံနက်ကြီးလဲ တခါထဲ ပျောက်သွားရောတဲ့.... အထုတ်ဖွင့်ကြည့်တော့... လားလား... ရွှေထုတ်ကြီး ဖြစ်နေတာတဲ့ဗျာ...”
“ဟယ်... မိုက်တယ်တော့... မိုက်တယ်တော့...ဟားဟား...”
ဒီတခါတော့ မရွှေစုက လက်ခုတ်လက်ဝါးတီးကာ ခုန်ဆွခုန်ဆွ လုပ်ပြီး အော်လိုက်မိတယ်။ ခုနက အသံနက်ကြီးဆိုတာတောင် ကြောက်ရကောင်းမှန်း မသိတော့။
“အဲဒီအိမ်လဲ နောက် ဘာသံမှ မကြားရတော့ဘူးတဲ့...။ သရဲက ဥစ္စာစောင့်လို့ ဖြစ်နေတော့ ဒါကို တစ်ယောက်ယောက်ပေးလိုက်ပြီးမှ လွတ်ရာ ကျွတ်ရာ သွားလို့ရမှာမို့ သဘောရိုးနဲ့ ချလိုက်ရလား မေးတာ လူတွေက ရမ်းသမ်း ကြောက်နေတော့တာကိုး... အိမ်း အဲတာကြောင့် သရဲ အလကားနေရင်း မကြောက်နဲ့... သူတို့လဲ ခြောက်ချင်လို့ ခြောက်တာမဟုတ်... သူတို့ ကိစ္စနဲ့ သူတို့ ခြောက်သလို ဖြစ်သွားတာပဲ နေမှာ...”
“ဟီး...”
“အင်း... ဒီပုံပြင် နားထောင်ပြီး သဘောပေါက်သွားတာ ... တခါတခါ တစ်ဖက်သားက ပြောတာ ကြောက်စရာလို ခြောက်သလို ဖြစ်နေပေသိ၊ စေတနာနဲ့ ပြုတာမျိုး ဖြစ်နေတတ်တယ်ဆိုတာလဲ သတိရ၊ ပြီးတော့ နောက်ထပ်တမျိုး စဉ်းစားရင် ကိုယ်က စေတနာနဲ့ ပြောပေမယ့်လည်း အပြောမတတ်ရင် အပြောကြမ်းနေရင် တဖက်လူမှာ နားလည်မှုလွဲကာ လန့်တတ်တယ်ဆိုတာကိုလည်း သတိရပေါ့... မှုတ်ဘူးလား...”
ဒါနဲ့ ကိုရေချမ်းနဲ့ မရွှေစုတို့လည်း တခါတလေ အိမ်မှာ တစ်ယောက်က သဘောရိုးနဲ့ ပြောချင်ပေမယ့် အော်သလို ရန်တွေ့သလို စကားပြောကြမ်းသလို ဖြစ်သွားတယ်ဆိုရင်၊ တစ်ယောက်ကလည်း အဟုတ်တကယ် ရန်လုပ်တယ်ထင်ပြီး စိတ်ဆိုးသွားတယ်ဆိုရင် “မကြောက်ပါနဲ့ ချလိုက်ရတော့ မလား... ချလိုက်ရတော့မလား ...လို့ ... ဒီက အကောင်း မေးနေတာပါ” လို့ ပြောင်ပြီး ဖြေပြော ပြောတတ်ကြတယ်။
အဲဒီအခါ နောက်တစ်ယောက်က မနေနိုင်တော့ပဲ ရယ်မောလိုက်ရင်း... “အေး... ချကွာ... ချကွာ... ချသာ ချ...” ပြန်ပြောရင်း စိတ်ဆိုးပြေသွားတတ်ကြတယ်။
ကဲ... စာဖတ်ပရိတ်သတ် တို့ရေ... ချလိုက်ရမလား... ချလိုက်ရမလား... ။ ရွှေထုတ်ပေးချင်လို့ မေးတယ်မှတ်...။ ။
+++++
4 comments:
အဲလို သရဲမျိုးတော့ တွေ့ချင်စမ်းတယ် ဒီက အညာသူ ပေကပ်ကပ် အကြောင်းပြလိုက်တာပေါ့
ဒါနဲ့ ညီမ စု တို့ လင်မယားစကားပြောတာ အဲလို ကျွန်တော် နဲ့ပြောကြတာလား ... ချစ်လို့မေးကြည့်တာနော် စပ်စုတယ် လို့ မထင်နဲ့ တကယ်ကတော့ စပ်စု သွားတာဘဲ
ချစ်အမကြီး
ရွှေစင်ဦး
ဟုတ်တယ် ချစ်မကြီးရွှေစင်ရေ... မကြီးတို့ မန်းသားက တအားကို ယဉ်ကျေးတာလေ... သူများကို ကျွန်တော် ခင်ဗျားနဲ့ ပဲ ပြောတယ်.... အညာသားလေ...ပေကပ်ကပ်နဲ့...ဟိ... မပြောပါနဲ့ ဆိုလဲ မရဘူး...
သူက ယဉ်ကျေးလွန်းတော့ ကိုယ်က အလိုလို ရိုင်းနေကာရော...
ဟီး... ခုတော့ သူ့ ကျွန်တော်က နားယဉ်သွားပါပြီ...
;D
ကြီးစု တမီးဘက်ကိုလည်းနည်းနည်းချလိုက်ပါဦး..ဟီး ရွှေထုတ်မဟုတ်လဲ ရွှေလက်ကောက်ဖြစ်ဖြစ် :P
ချလိုက်ဘီ... ယူလိုက်တော့... ယူလိုက်တော့...း)
Post a Comment