Sunday, December 9, 2012

ရှိတော့ ရှိပါရဲ့... အရှိမဲ့

 

ပြီးခဲ့တဲ့ စနေက မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ရဲ့အဖေ စင်ကာပူမှာ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရတာ အခြေအနေ သိပ်မကောင်းလို့ ဘုန်းကြီးပင့် ပရိတ်ရွတ် တရားနာတာလေး လုပ်ချင်တယ်လို့ ပြောလာတယ်။ သူတို့က စင်ကာပူမှာ ဆေးကုဖို့ ခဏ ရောက်လာတဲ့မိသားစု မို့ ဘုန်းကြီးကျောင်းတွေ မသိလို့ အကူအညီလှမ်းတောင်းတာပေါ့။ ဒါနဲ့ စနေညဆိုတော့ ကိုယ်တွေလည်း အားတာမို့ တခြား သွားစရာ ရှိတဲ့ အစီအစဉ်တွေဖျက်ပြီး သတိပဋ္ဌာန်ရိပ်သာကျောင်းက ဆရာတော်ဦးရာဇိန္ဒကို လျှောက်ထားပြီး ဆရာတော်ကို ဆေးရုံကို ပင့်လာပေးခဲ့တယ်။

ကိုယ်တို့တွေ ဆေးရုံရောက်သွားတာ စနေည ၇နာရီလောက်။ လူမမာ ဦးကြီးဟာ ပြင်းထန်တဲ့ ဆေးဒဏ်တွေနဲ့ ရောဂါကြောင့် မသက်မသာ ခံစားနေရပြီး နေရထိုင်ရ ခက်ခဲနေပုံရှိတယ်။ ဆရာတော်ကို ဖူးမြင်လိုက်တဲ့ ခဏ သူ့မျက်လုံးအိမ်မှာ မျက်ရည်ကြည်လေးတွေ ဝေ့၀ဲလာသလိုပဲလို့ ထင်မိတယ်။ ဆေးပိုက်တတ်ထားတဲ့ လက်ကလေးတွေကို မြှောက်ပြီး ဆရာတော်ကို ဦးတင်ရှာတယ်။ ပြီးတော့ မပီမသ အသံနဲ့ ဆရာတော်ဘွဲ့ကိုလည်း မေးလိုက်သေးတယ်။ ဆရာတော်က သီလပေး၊ ပရိတ်ရွတ်အပြီး ပြန်မကွခင် ဦးကြီးနားမှာ ရပ်ပြီး ဝေဒနာကို ဘယ်လို ဘယ်ပုံ ရှုဖို့ ခပ်တိုတို ဟောပြောရင်း ဦးကြီးလက်ကို အသာအယာ ဆုတ်ကိုင် အားပေးတယ်။ ကိုယ်တို့လည်း ပြန်ခါနီး ဦးကြီးကို နှုတ်ဆက်ကြတယ်။ မရွှေစုက ဦးကြီးရဲ့လက်ကလေးကိုကိုင်ပြီး သမီး မတ္တာပို့ပေးနေမယ်နော် လို့ ပြောတော့ ခေါင်းမညိမ့်တညိမ့်နဲ့ ပြန်ကြည့်တဲ့ မျက်လုံးလေးတွေဟာ သနားစရာ သိပ်ကောင်းတာပဲ။

နောက်တစ်နေ့ တနင်္ဂနွေည ၈နာရီလောက် မရွှေစုတို့ အပြင်မှာ ညစာ စားနေကြတုန်း ဖုန်းဝင်လာတယ်။ မနေ့ညကတွေ့ခဲ့ရတဲ့ ဦးကြီး အခုပဲ ဆုံးသွားပြီတဲ့။ စနေနေ့ည ၇နာရီမှာ သူ ရှိနေခဲ့သေးတယ်၊ တရားနာခဲ့သေးတယ်၊ နာကျင်နေခဲ့သေးတယ်၊ မျက်ရည်ဝဲခဲ့သေးတယ်၊ နောက်တစ်နေ့ည တနင်္ဂနွေ ၇နာရီမှာတော့ သူဆုံးသွားခဲ့ပြီတဲ့၊ သူ ဆိုတာ မရှိတော့ဘူးတဲ့။ ဟုတ်ပါတယ်၊ ဒါဟာ လောကကြီးမှာ မြင်နေကြ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက် တစ်ခု၊ ကိုယ်လည်း တစ်နေ့မှာ မလွဲမသေ တွေ့ရမယ့်ရှာင်လို့မရတဲ့ အရေးတစ်ခု၊ ပြီးတော့ လူဖြစ်လာတဲ့ ဘ၀မှာ မွေးခြင်းအစရှိရင် သေခြင်းအဆုံး ရှိတာမို့ ဒါဟာ မထူးဆန်းပါဘူးလို့ ပြောလို့ရတဲ့ အကြောင်းအရာ တစ်ခု၊ ဒါတွေ အားလုံး သိပင်သိသော်ငြားလည်း စားနေတဲ့ ဇွန်း ခရင်းကို လွှတ်ချလို့ မရွှေစု တစ်ယောက် ငေးငိုင်နေမိတယ်။

ဦးကြီးကို အင်္ဂါနေ့ နေ့လည်မှာ သင်္ဂြိုလ်တယ်။ အသုဘရူ တဲ့ ဟောခန်းထဲ ၀င်လိုက်တဲ့ ခဏမှာပဲ တစ်ခါမှ မကြုံဖူးတဲ့ စိမ်းရွှေရွှေလို အနံ့ တစ်မျိုးကို ရလိုက်တယ်။ ဦးကြီးကို ထည့်ထားတဲ့ အခေါင်းက မှန်နဲ့ မဟုတ်လို့ အနား သွားမကြည့်ပဲ သူ့ကို မမြင်ရပါဘူး။ ဒါပေမယ့် မရွှေစု အနားကို သွားမကြည့်ဖြစ်တော့ပါဘူး။ ပန်းခွေတွေကြားက မျက်ခုန်းကို ပင့်ကာ ခပ်ယောင်ယောင်လေး ပြုံးနေတဲ့ သူ့ ဓါတ်ပုံကိုပဲကြည့်ပြီး ခပ်လှမ်းလှမ်းကနေ အရိုအသေပေးရင်း မေတ္တာပို့လိုက်တယ်။ တစ်နေ့က ပရိတ်ရွတ်ပေးခဲ့တဲ့ ဆရာတော်ကိုပဲ မရွှေစုတို့ ပင့်လာပေးလို့ ဆရာတော်က ကျန်ရစ်တဲ့ သူတွေကို သရဏဂုံ တည်စေကာ တရားချီးမြှင့်ပါတယ်။ သေပြီးတဲ့သူကတော့ အသက်မရှိမှတော့ ဘယ်လာ သရဏဂုံတည်နိုင်တော့မလဲ၊ ဒါကြောင့် ကျန်ရစ်တဲ့သူတွေကသာ သူ့ကိုယ်စား သူ့ကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုရင်း သရဏဂုံ တည်ရတာပေါ့။

စင်ကာပူမယ် နေလာတာ ၁၅နှစ်မှာ ဒါဟာ ပထမဆုံး အသုဘ ရှု တရားနာကို လိုက်ပို့ဖူးခြင်းပဲ။ တကယ်တော့ မရွှေစုဟာ ကြောက်တတ် လန့်တတ်တဲ့ သူ တစ်ယောက်ဖြစ်တယ်။ ငယ်ငယ်က ရထားစီးရင်း ရထားတိုက်သွားတဲ့ လူတစ်ယောက် ရဲ့ ခြေထောက်ပိုင်းကို ရုတ်တရက် မြင်မိလိုက်တာ တစ်လလောက် မအိပ်နိုင် မစားနိုင်ဖြစ်ဖူးတယ်။ စက်မှုကျောင်းက သူငယ်ချင်း ဖိုးပြည့် ဆုံးတော့ အသုဘ လိုက်ပို့တာ သူ့အလောင်းကို သွားမကြည့်ရဲခဲ့ပဲနဲ့ည မှာ သူ့ရုပ်ပုံ ကို မြင်ယောင်ပြီး လန့် နေတတ်တယ်။ နောက်တစ်ခါ အိမ်ရှေ့အိမ်က အစ်မကြီး တခြားနယ်မှာ ဆုံးသွားတော့ ဆုံးပြီး ၅ရက်လောက်ကြာမှ ရိုက်ထားတဲ့ ဓါတ်ပုံတွေ မတော်တဆ ကြည့်မိပြီး အော့အန်ကာ တစ်ယောက်ထဲ မအိပ်ရဲ မပြုရဲနဲ့ ဒုက္ခရောက်ဖူးတယ်။ အဲဒီ အတွက်ကြောင့်လည်း ချမ်းမြေ့တရားစခန်းကို စ ၀င်ဖူးလိုက်ခြင်း ဖြစ်တယ်။ အခု အသက်ကြီးလာတော့ ဒီကြောက်စိတ် လန့်စိတ်တွေကို မမြဲခြင်း တရားအသိနဲ့ တဖြည်းဖြည်းချင်း ဖြေဖျောက်ဖို့ ကြိုးစားရတဲ့အပြင် လူမမာတွေကို ဆေးရုံစောင့် အဖော်လုပ်ပေးတာတို့၊ လူမမာတွေအတွက် လိုတဲ့ အကူအညီတွေပေးတာတို့၊ မျက်နှာစာအုပ်ကနေ နာရေးကူညီမှု အသင်းရဲ့ အသုဘ ချတဲ့ ဓါတ်ပုံသတင်းတွေဖတ်ရင်း ကိုယ့်ရဲ့ လန့်တတ်တဲ့စိတ်ကို ကိုယ့်ဘာသာကိုယ် ကုသပြီး သံဝေဂ စိတ်တွေ ၀င်လာအောင် ကျင့်ပေးရတယ်။

ဒါနဲ့ အသုဘရှု တရားနာပြီး ပြန်လာတော့ ဆရာရဲမြလွင် မြန်မာဘာသာပြန် ပို့ဆောင်ပေးသူရယ် ဆိုတဲ့ ဂျပန်စာရေးဆရာကြီး မိုမိုစဲရှိနိုဘု ရေးတဲ့
Departures ဆိုတဲ့ စာအုပ်လေးကို သတိရမိတော့တယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ ယိုဂျီရို တာကီတာ နဲ့ မင်းသား မာစာဟီရို မိုတိုကီ တို့က ရုပ်ရှင် အဖြစ် အသက်သွင်းခဲ့တာ ၂၀၀၉ခုနှစ် အတွက် Best Foreign Language Film အော်စကာ ဆုကို ရရှိခဲ့ပါတယ်။ မရွှေစုက ရုပ်ရှင် သမား မဟုတ်တော့ ဒီကားကို အော်စကာ ဆု ရလို့သာ သိခဲ့ပြီး အမြည်း Trailer က လွဲလို့ သေချာ မကြည့်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စာဖတ်ဝါသနာပါသူမို့ ဆရာရဲမြလွင်က ပို့ဆောင်ပေးသူရယ် ဆိုပြီး ဘာသာပြန် စာအုပ် ထွက်လာတော့ ကျူးပစ်မှာ ဦးအဗျားက ရိုက်တင်ပေးတာနဲ့ ဒီစာအုပ်ကလေးကို ဖတ်မိသွားတော့တယ်။

စာအုပ်ကို ဖတ်ခါစက ဒီလောက် စိတ်ဝင်စားစရာကောင်းမယ်လို့ မထင်ဘူး။ ဒါပေမယ့် ဖတ်နေရင်း လက်ကမလွှတ်တမ်း တစ်ထိုင်တည်း အပြီး ဖတ်မိရက်သား ဖြစ်သွားတယ်။ စာအုပ်ဖတ်နေရင်း စိတ်ထဲမှာ ခံစားချက်ကလည်း မျိုးစုံပဲ။ ဒါနဲ့ အော်စကာဆု ရတဲ့ ရုပ်ရှင်ကိုပါ တခါတည်း ကြည့်မိတော့တယ်။ စာအုပ်ကို ဖတ်တော့ ရသ တမျိုး၊ ရုပ်ရှင်ကြည့်တော့လည်း ရသ တစ်မျိုး ခံစားရပါတယ်။

ဒါဟာ ချစ်ခြင်းမေတ္တာ အကြောင်းကို သရုပ်ဖော်ပြတာလား၊ ဘ၀တစ်ခုကို အဓိပ္ပာယ်ရှိစွာ ဘယ်လိုမျိုး ရှင်သန်နေထိုင် သွားသင့်သလဲဆိုတာ ပညာပေးခြင်းလား၊ ရှင်ခြင်းနဲ့ သေခြင်းကြား အကြိမ်ကြိမ် အဖန်ဖန် လွန်းထိုး သွားလာနေမှန်း ကိုယ့်ကိုယ်ကိုယ် မသိတဲ့ လူတွေ အကြောင်းလား၊ သေခြင်းတရားရဲ့ ပြယုပ် တစ်ခုကို ဖွင့်ဟလှစ်ဆိုခြင်းလား၊ ရှိခြင်း နဲ့ မရှိခြင်း၊ ဒါမှမဟုတ် မရှိခြင်းများ ရဲ့ ရှိခြင်း၊ မတည်မြဲခြင်းများ ရဲ့ တည်မြဲခြင်း သဘောတရားလား။

စာဖတ်သူ တော်တော်များများကတော့ စာအုပ်ကို မဖတ်ဖူးရင်တောင်မှ ဒီရုပ်ရှင် ဇာတ်လမ်းကို ကြည့်ဖူးပြီးသား ဖြစ်ကြမှာပါ။ ဇာတ်လမ်း အကျဉ်းချုပ်က တယောဆရာလေး ဒိုင်ဂိုတစ်ယောက် သူ့တီးဝိုင်း အဖွဲ့ ဖျက်ပြစ်လိုက်ပြီးတဲ့နောက် အလုပ်လက်မဲ့ဘ၀နဲ့ သူ့ရွာက ပိုင်ရှင် မရှိတော့တဲ့ အမေ့အိမ်ကို ဇနီးဖြစ်သူနဲ့ ပြန်လာရာမှာ ကြုံရာ ကျရာ အလုပ်ကို ခက်ခက်ခဲခဲ လိုက်ရှာနေရင်း သေဆုံးသူ အလောင်းတွေကို အလှပြင်ပြီး ခေါင်းထဲထည့်ပေးရတဲ့အလုပ်ကို ၀င်လုပ်မိရဲ့သားဖြစ်သွားပါတယ်။ သူလိုလူတစ်ယောက်ဟာ ဒီအလုပ်မျိုးကို လုပ်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးမိပေမယ့်၊ မတော်တဆ အလုပ်ဝင်ပြီးတော့လည်း ထွက်သွားဖို့ အကြိမ်ကြိမ် ကြိုးစားမိပေမယ့် လစာကောင်းကောင်း ရတာရယ်၊ သူ့ကို အလုပ်ခန့်တဲ့ မန်နေဂျာရဲ့ လေးစားစရာစိတ်ဓာတ်ကို ကြည်ညိုမိတာရယ်၊ လူအမျိုးမျိုး အထွေထွေ တို့ရဲ့ အဖြစ်သနစ်ပေါင်းစုံနဲ့ ပူဆွေးလောင်မြိုက်မှုတွေကို ကြုံလာပြီး တဲ့နောက် မေတ္တာတရားနဲ့ နှစ်သိမ့်ပေးနိုင်မှုဆိုတာကို ယုံကြည်မိရာမှ အစပြုလို့ မိန်းမနဲ့ သူငယ်ချင်းဖြစ်သူတို့ရဲ့အထင်အမြင်သေးခြင်းခံရသည့်တိုင် ဂရုမစိုက်နိုင်ပဲ သူ ရွံမုန်းတယ်ထင်တဲ့ အလုပ်ကို တာဝန်ကျေပြွန်စွာ ဆက်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ အလုပ်အပေါ်မှာ ထားရှိတဲ့ စေတနာနဲ့ စိတ်ထက်သန်မှုတွေကို မိန်းမဖြစ်သူက တစစနဲ့ နားလည်ပေးနိုင်လာခဲ့တယ်။ နောက်ဆုံး သူနဲ့ သူ့အမေတို့ကို ငယ်စဉ်အခါက စွန့်ခွာခဲ့ပြီး ဘယ်ဆီရောက်နေမှန်း မသိ၊ သူတို့ကိုလည်း လုံးဝမေထားလိုက်ပြီလို့ မှတ်ယူထားတဲ့ သူစိတ်နာနေ
တဲ့ သူ့အဖေ အသုဘကို ကိုယ်တိုင် ပြင်ဆင်ပေးဖို့ ကြုံလာရာမှာ မထင်မှတ်ထားတဲ့ မေတ္တာတရားကို နားလည်ခြင်းများနဲ့ အဆုံးသတ်ထားပါတယ်။

ဒီစာအုပ်လေးကိုဖတ်ပြီး ရသ အမျိုးမျိုးကို ရတယ်လို့ ဘာလို့ ပြောရလဲဆို စာဖတ်နေရင်း ဒိုင်ကိုနဲ့အတူ သူ ဖြစ်နေသလို သူခံစားနေရသလို ကိုယ်ပါ လွင့်ပါမျောပြီး လိုက်ပါနေမိတယ်။ အလုပ်အင်တာဗျူးမှာ လုံးဝ ထင်မထားတဲ့ အလုပ်မျိုးကို ကြားလိုက်ရလို့ ဘာမှ ပြန်မပြောနိုင် မှင်တက်မိရတာတွေ၊ သိစိတ်က ဒီအလုပ်မျိုးကို လုံးဝ လုပ်ချင်စိတ်၊ အသံနဲ့တောင် ကြားချင်စိတ် မရှိပေမယ့် လက်တွေ့ဘ၀ထဲကတော့ ထွက်ပြေးလို့ မရတာတွေ၊ ဒိုင်ကို ပထမဆုံး ကြုံရတဲ့ ပုပ်စော်နံဟောင်နေတဲ့ အဖွားကြီးအလောင်းအကြောင်းကို ဖတ်ရတော့ ကိုယ်ပါ သူနဲ့ အတူ အော့အန်ချင်မတတ် ခံစားရတာတွေ၊ အတိုင်းအဆ မရှိ အကြင်နာတရား၊ မြင့်မြတ်တဲ့ သဘောထားတွေ ပြည့်ဝတဲ့ ဆာဇာကီ ကို ဒိုင်ကိုက လေးစားသလို လေးစားစိတ်ဝင်လာမိတာတွေ၊ လုံးဝနှစ်သက်လို့ မရနိုင်တဲ့ စက်ဆုပ်စရာလို့ ထင်ရတဲ့ အလုပ်ကို အနုပညာမြောက်စွာ ကြိုးစားပမ်းစား လုပ်နေတာအတွက် ကိုယ်ပါ ရောယောင်အားပေးမိတာတွေ၊ လူတွေဟာ လူသေကို ရွံ့ကြောက် ကြပေမယ့် တိရစ္ဆာန်အသေ ကြက်အသေတွေကျတော့ အားပါးတရ မရွံမရှာ စားနိုင်ကြတာတွေ။

ဒီစာအုပ်မှာ အမှတ်ထင်ထင် ဖြစ်မိလိုက်တဲ့ စာသားတွေကတောအမျိုးအစား မတူတဲ့ ခေါင်း၃မျိုး အကြောင်းပြောကြရာမှာ ဒီခေါင်းတွေဟာ တစ်ခုနဲ့ တစ်ခု ဈေးတွေမတူ ကွာခြားပေမယ့် မီးလောင်ပြီး ပြာကျသွားတာခြင်းတော့ အတူတူပါပဲတဲ့။ ချမ်းသာတဲ့သူ ဆင်းရဲတဲ့သူ ရုပ်ချောတဲ့သူ ရုပ်ဆိုးတဲ့သူ ဘယ်သူမဆို နောက်ဆုံးတော့လဲ မီးလောင်ပြီး ပြာကျရတာခြင်းမှာတော့ ဘာမှ မကွာခြားပါဘူးတဲ့။

သေဆုံးသွားတယ် ဆိုတာ တစ်ခါတည်း အပြီးအပိုင် နိဂုံးချုပ်သွားတာ မဟုတ်ဘူး။ သခြင်းတရားကို ဖြတ်သန်းပြီး နောက်ဘ၀ကို ဦးတည် လျှောက်လှမ်းကြရပြန်တယ်။

ကိုယ့်မျက်စိရှေ့မှောက်မှာရှိတဲ့ အချစ်ဆိုတာက ပိုအရေးကြီးပါတယ်။


ဒီစာအုပ်ကို အားလုံးပဲ ဖတ်လို့ရအောင် ကျူးပစ်မှာ ဦးအဗျားက စာရိုက်တင်ပေးထားပါတယ်။ မရွှေစုက တဆင့် PDF စာအုပ်လေး လုပ်ပြီး တင်ပေးလိုက်ပါတယ်။ (အပေါ်က ပုံမှာ ကလစ်ခေါက်ပြီး စာအုပ်ကို ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။) ရုပ်ရှင်လည်း ကြည့်လို့ ရပေမယ့် ကိုယ့်လို စာအုပ်ဖတ်ရတာ ပိုပြီး အားရတတ်သူများအတွက် ဒီစာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ကြဖို့လည်း ညွှန်းပါတယ်။ စာအုပ်မဖတ်ချင်လို့ ရုပ်ရှင်ကြိုက်တဲ့သူ အနေနဲ့လည်း မကြည့်ရသေးသူများ ကြည့်ကြဖို့ ညွှန်းလိုပါတယ်။ ဒီကားကို ရိုက်တဲ့ ဒါရိုက်တာက ပြောဖူးပါတယ်။

ဒီဇာတ်လမ်းဟာ သေခြင်းတရား အကြောင်ကို ပြောထားတယ်လို့ ဆိုနိုင်သော်ငြားလည်း ဘ၀မှာ ဘယ်လို ရှင်သန်နေထိုင်သွားကြမလဲဆိုတဲ့ ဒဿနကို စဉ်းစားမိသွားစေပါတယ်တဲ့။ ရယ်စရာအကြောင်း မဟုတ်ပေမယ့်လည်း သနားစရာထဲမှ ပြုံးစရာလေးများကိုလည်း တွေ့ရမှဖြစ်ပါတယ်။ 
ပီးတော့ ဒီကားမှာ ယ်အရာကိုမှ အစွန်းရောက်အောင် အလွန်အကျွံကြီး ဖြစ်နေအောင် ထည့်သွင်း ရိုက်ပြမထားပါဘူးတဲ့။ သတဲ့သူတွေအကြောင်း အများကြီးပါပေမယ့် လန့်စရာ ကြောက်စရာ ရွံ့စရာ ကောင်းအောင် လုပ်ပြမထားပါဘူး၊ ၀မ်းနည်းစရာတွေ တစ်ပုံကြီး ပါပေမယ့် စိတ် ထိခိုက် ကြေကွဲမှုတွေကို ဖြေသိမ့်ပေးထားပါတယိတ်နှလုံး ကြီးမြတ်မှုနဲ့ မတ္တာတရားဟာ အရုပ်ဆိုး အကျည်းတန် စက်ဆုပ်စရာလို့ ထင်တဲ့ အကြောင်းအရာတစ်ခုကိုတောင်မှ တင့်တယ်လှပမှုတွေ ထုံလွှမ်းနေစေနိုင်တာကို အနုပညာမြောက်စွာ လှစ်ပြထားတာသာ တွေ့ရမှာပါတဲ့။

လူ့ဘ၀ဆိုတာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေ၊ စိတ်ကြည်နှုးရခြင်း၊ မောပန်းနွမ်းနယ်ရခြင်းတွေနဲ့အတူ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်ပဲ နောက်ဆုံး အဖြေကိုသာ ပေးထားပြီး အလယ်ဆင့်တွေကို ဖွက်ပေးထားတဲ့ လောကကြီးမှာ ကောင်းတလှည့် ဆိုးတခါ လည်ပတ်ပြီး နေ နေ ကြရတာပဲ၊ ဘာကိုပဲ တွေ့ကြုံရ အစွန်းရောက်တဲ့စိတ်နဲ့ မကြည့်ပဲ နေရချိန် ခဏလေးကို တတ်နိုင်ဆုံး အကာင်ုးံးဖြစ်အောင် ဘယ်လို နေသွားကြမလဲ ဆိုတဲ့ အတွေးများနဲ့ အတူ။

မေတ္တာများစွာဖြင့်
စုချစ်သူ
၀၉ ဒီဇင်ဘာ ၂၀၁၂
ညနေ ၀၆နာရီ ၀၆မိနစ်

ဝန်ခံချက် ။။ ခေါင်းစဉ်မှာ ထူးအိမ်သင် ကဗျာမှ စာသားဖြစ်ပါတယ်။


++++

Saturday, December 1, 2012

ပန်းနုရောင် စာတစ်စောင် ဒီဇင်ဘာ ဒိုင်ယာရီ

၀၁ ဒီဇင်ဘာ ၁၉၉၂
ထီးတစ်ချောင်း ဂျာစီအနီရောင် ဖီးဆင့်စက်ဘီး အစိမ်းရောင် မိန်းကလေး ရဲ့
ပန်းနုရောင် စာတစ်စောင် ဒိုင်ယာရီ


နံနက်ခင်း ဆောင်းအေးအေးမှာ နှင်းမြူရနံ့တွေဝေလို့... ။ ဟင်... ဒီဇင်ဘာ ၁ရက်နေ့တောင် ရောက်ပြန်ပြီပေါ့။ ၀ါး... အိပ်ရာက ထမှ... ဒီနေ့ စနေ ကျောင်းပိတ်ရက်ဆိုတော့ ... အင်းယားဘက်ကို စက်ဘီးစီးမယ်၊ ကျောင်းဝင်းထဲ ပတ်မယ်။ အပြန် ဘုရားလမ်းထိပ်က အကြော်ဆိုင်မှာ ရေနွေးကြမ်းပူပူလေး မှုတ်သောက်ရင်း အကြော်စုံ နဲ့ ကောက်ညှင်းပေါင်း ထိုင်စားမယ်။ အကြော်ဆိုင်လာတဲ့ လူတွေရဲ့ စရိုက်ပေါင်းစုံ ကို ထိုင်ကြည့်မယ်။ ပြီးတော့ ဘုရားပန်းတွေ ၀ယ်ပြီး အိမ်ပြန်မယ်။

ကမန်းကတန်း ထ၊ မျက်နှာသစ်တော့ ရေအေးအေးက လူကို တွန့်ကနဲ ဖြစ်စေ။ ခေါင်းမှာ အဘွားပေးတဲ့ သိုးမွေးဦးထုတ်ဆောင်း၊ လည်မှာ ဖေဖေ့ဆီက ရတဲ့ ယောက်ျား မာဖလာ ပတ်၊ အဘိုး အမွေပေးထားတဲ့ ခေါင်းစွပ် သိုးမွှေးဝေ့စကုပ်ပေါ်က အစ်ကိုကြီး လက်ဆောင်ဝယ်ပေးထားတဲ့ အားကစားသမားတွေ ၀တ်တဲ့ ဂျာစီ အနီရောင်နဲ့ ချည်ထမီခပ်ထူထူကို တိုတို ၀တ်ပြီး ခြေအိတ်စွပ် ကင်းဘတ် ဖိနပ်စီး၊ ဖီးဆင့် စက်ဘီး အစိမ်းရောင်လေး ကို တွန်းထုတ်လာ....။ ရှေ့စက်ဘီးခြင်းထဲမှာ ပိုက်ဆံအိတ်နဲ့ အစိုးရထုတ် ခေါက်ထီးမာမာတစ်ချောင်း။ ထီးကတော့ မိန်းကလေး တစ်ယောက်ထဲ သွားသွားလာလာ လုပ်သူတွေအတွက် မမကြီးထည့်ပေးထားတဲ့ အဆောင်။ 

ဟား... အေး လိုက်တာ မွှေးလိုက်တာ... ။ ဆောင်းလေ ရနံ့က အေးလည်း အေးတယ်... မွှေးလည်း မွှေးတယ်။ ဘယ်ဆီကမှန်း မသိ လွင့်ပျံ့လာတဲ့ ပန်းရနံ့လေးတွေက လေထဲမှာ ထုံရနံ့လေး သင်းသင်းမွှေးလို့။ လေကို အားပါးတရ ရှုရှိုက်မိလိုက်တယ်။ မနက်၎နာရီသာသာ စောနေသေးလို့ လမ်းဘေးမှာ လမ်းလျှောက်သူ တစ်ယောက်စ နှစ်ယောက်စ ကလွဲလို့ ဘုရားလမ်း လမ်းမကြီး တစ်လျှောက် ရှင်းလို့ လင်းလို့ ထင်းလို့၊ အကြော်ဆိုင်တောင် မှ မီးမွှေးခါစ ရှိသေး။ စက်ဘီးကို ခပ်ပြင်းပြင်းအနင်း ပထမတော့ လေကြမ်းထဲမှာ ကျောလေးပင် တွန့်ကနဲ ဖြစ်သွား၊ ခဏကြာတော့ ဒီလေအေးအေးထဲမှာပဲ ချွေးလေး စို့လာချင်သလိုလို၊ ခပ်ဖြည်းဖြည်း အရှိန်လျှော့လိုက်တော့ စို့နေတဲ့ချွေးတွေက တိုက်ခတ်လာတဲ့ လေနဲ့ အေးတလှည့် နွေးတလှည့်။

ဟော... ပြောရင်း ဆိုရင်း အာစီထဲတောင် ရောက်လာပြီ။ အင်းယား ကန်လေး ဘေးမှာ စက်ဘီးကို ရပ်၊ ခါးကို ဟိုလှည့် ဒီလှည့် လေ့ကျင့်ခန်းလုပ်၊ လက်ကို မြှောက် အားပါးတရ လေကို ရှု ထုတ်၊ ကန်ပေါ်က ဖြတ်တိုက်လာတဲ့ လေအေးအေးက အသဲထဲထိ စိမ့်သွားသလို၊ ကောင်းလိုက်တဲ့ လေ၊ မြေ၊ ရေ။ ဘေးနားမှာ ကိုယ့်လိုပဲ လေ့ကျင့်ခန်းလုပ်နေတဲ့ အန်ကယ်ကြီး နဲ့ အန်တီကြီး၊ ဆရာ ဆရာမ တွေ ဖြစ်ပုံရ။ ကိုယ့်ဘက်လှည့် ပြုံးပြပြီး ရှေ့ကို ဆက်လျှောက်သွားကြ။

ကဲ... လေ့ကျင့်ခန်းလုပ်တာ ၁၀မိနစ်လောက်ဆိုတော့ တော်ပြီ။ လှဲထားတဲ့ စက်ဘီးလေးကို မ၊ ကွေ့ထွက်မယ် ပြင်နေတုန်း... ဗြုန်းဆို နောက်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို စက်ဘီးဦးနဲ့ ၀င်တိုးမလို ဖြစ်မိ။ အောင်မယ်... ကြည့်စမ်း မျက်နှာက သူခိုး ဂျပိုး ရုပ်နဲ့ ဘာခိုး မလို့တုန်း မသိဘူး။ ဟိုက်... ပိုက်ဆံအိတ်ကို စက်ဘီးခြင်းထဲ ဒီတိုင်း ထည့်မိထားတာ ကပျာကရာ ကောက်ယူ။ လုမယ် လို့ များ လုပ်ရင် ကောက်ရိုက်ဖို့ ထီးရိုးကို ပါ လက်နဲ့ ထိထားရ။

စဉ်းစားနေတုန်း... သင်းလက်က သူ့ ဂျာကင်ထဲက တစ်စုံတစ်ခုကို ယူပြီး မြှောက်အလာ။ ဟာ... ဒီလိုလုပ်လို့ ဘယ်ရလိမ့်မတုန်း... သူ့ထက် လျင်တဲ့ ကိုယ်တို့က ထီးရိုးကို ဆုပ်ကိုင်လို့ ၀ှီးခနဲ မြည်အောင် တွေ့ကရာကိုခုတ်ချပလိုက်။ သိုင်းလောကရဲ့ ပန်းရာဇာ မင်းသမီး ဆိုတာ ကိုယ်ပဲဟေ့လို့ ဘာတို့တော့ မကြွေးကျော် မိပါဘူး။ ခွပ် ဆိုတဲ့ အသံနဲ့ အားလို့တောင် မအော်နိုင်၊ အ ဆိုတဲ့ အသံကပဲ ခပ်အုပ်အုပ်ထွက်ပြီး မျက်နှာကို လက်နဲ့ အုပ်ကာ ထိုင်ချသွား။ ကဲ... ကိုယ့်လူ... မိန်းကလေး တစ်ယောက်ထဲတွေ့လို့ နောင်များ လုချင် ၀ှက်ချင် စိတ် နည်းနည်းကလေး ပေါ်လာပြီဆိုရင် ဂျာစီ အနီရောင် ဖီးဆင့်စက်ဘီး အစိမ်းရောင် စီး အရိပ်မဲ့ သိုင်းရာဇာ မင်းသမီးကိုသာ သတိရလိုက်ပါလို့ ခပ်ကြွားကြွားလေးတွေးကာ စက်ဘီးကို ခွအတက်... မျက်နှာကို နောက်ဆုံးအနေနဲ့ တစ်ချက်လှည့်အကြည့်မှာ ။

ဟင်... လက်ဝါးနဲ့ အုပ်ကာ မော့ကြည့်နေတဲ့ မျက်နှာကို မြင်လိုက်တဲ့ တခဏ ရင် ထဲ ဒိန်းကနဲ ဆောင့်တက် ... ဗုဒ္ဓေါ... စက္ကူပန်း အနီရောင်တွေနဲ့အိမ်က ပြောင်းလာခါစ ဆရာကြီးရဲ့သား ဟို ခပ်ချောချော အစ်ကိုကြီးပါလား...။ ခုနက မှောင်နေတော့ ဘယ်သူမှန်းမသိ ဘယ်ဝှာမှန်းမသိ၊ ခုမှ မျက်နှာသိ ဆိုတဲ့ စိတ်နဲ့ ... ဘုရားတမိ၊ ချောလို့ဆိုပြီး မသိမသာ လိုက်လိုက် ကြည့်နေမိတဲ့ ကိုယ့်ရဲ့ မင်းသား ဖြစ်နေပါပေါ့၊ ဘုရား...ဘုရား... လက်တော့ လွန်ကုန်ပါပကောလို့ ဗြုန်းကနဲ ရင်တွေတုန်၊ ရုတ်တရက် ဘာလုပ်ရမယ်မှန်းမသိ၊ ဘယ်များ ထိသွားသလဲ မသိမသာ လိုက်ကြည့်... မျက်လုံးတော့ ထိပုံ မရ၊ ခေါက်ထီးစောင်းက မာတော့ မျက်ခုန်းရိုးက သွေးလိုလို အရောင်ကို လှမ်းတွေ့မိ။ အဲဒီ အချိန် သူ့ ရင်ခွင်ထဲက ပြုတ်ကျလာတာက.... သွေးစစ နဲ့ ပန်းနုရောင် စာတစ်စောင်။ လူက စက်ဘီးပေါ် ဘယ်လို ရောက်သွားမှန်းမသိပဲ နင်းပြေးတာမှ လှစ်ခနဲ လှစ်ခနဲ။  

 နို့... သိမှ မသိပဲ။

+++++
 
ဝန်ခံချက် ။ လုပ်ကြံ ဖန်တီးခြင်း သက်သက်သာ ဖြစ်ပါကြောင်း။ ;)

Friday, November 30, 2012

အာဇီဝဋ္ဌမကသီလ နှင့် စာရေးခြင်း ကျင့်ဝတ်


ကျွန်မတို့မောင်နှမတွေ ငယ်ငယ် က ၄-၅-၆ နှစ်အရွယ် စပြီး စာဖတ် နိုင်တာနဲ့ တပြိုင်နက် ကျောင်းအားရက်တွေမှာ အဖိုးအဖွား အဖေအမေ တို့က အဖွားရဲ့ မောင်ဝမ်းကွဲတော်စပ်သူ ဘဘုန်း ဘုန်းကြီးကျောင်းကို ပို့ပါတယ်။ အဲဒီမှာ ဘဘုန်းသင်ပေးတဲ့ ၅ပါးသီလ ၈ပါးသီလ သီလတောင်း အပါအ၀င် ဘုရားစာများ စတင် ကျက်မှတ် ရပါတယ်။ ၀ါတွင်းကာလ ဥပုသ်နေ့တွေမှာ ကလေးတွေမို့ ၈ပါးသီလ ၉ပါးသီလ မဆောက်တည်နိုင်ရင်တောင်မှ မနက်ပိုင်း ဘုန်းကြီးကျောင်းကို လူကြီးတွေနဲ့ အတူ လိုက်ပြီး တစ်ထိုင် သီလ ဆိုတာကို ယူ၊ တရားနာရပါတယ်။

ကျွန်မတို့ အတန်းကလေး ရလာ၊ ဆယ်ကျော်သက် အရွယ် ရောက်လာတော့ မေမေက အာဇီဝဋ္ဌမကသီလ အကြောင်း စတင် သင်ပေးပါတယ်။ ၅ပါးသီလ နဲ့ အတူ အာဇီဝဋ္ဌမကသီလ ကိုပါ သမီးတို့ နေ့စဉ် ဆောက်တည် ကျင့်သုံး ရမယ်လို့ ပြောပါတယ်။ အာဇီဝ ဆိုတာ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်ရတဲ့ အလုပ်မျိုးကို ခေါ် သတဲ့။ မတရား အသက်မွေးဝမ်းကျောင်းမှုကို မိစ္ဆာဇီဝ လို့ ခေါ်တယ်။ မိစ္ဆာဇီဝ မှ ရှောင်ကြဉ်လျက် တရားသဖြင့် ပစ္စည်းရအောင် ရှာဖွေမှုကို သမ္မာအာဇီဝ လို့ ခေါ်တယ်။ ၈ပါး မြောက် သိက္ခာပုဒ် ရှိလို့ အာဇီဝဋ္ဌမကသီလ ၈ပါးသီလလို့လည်း ခေါ် ပါတယ်။

ကျွန်မတို့တတွေ ကလေးဘ၀ အလွန်၊ ဇကောဇကအရွယ်လေး ရောက်လာ၊ ကျောင်းနေပျော်တဲ့ အချိန် ရောက်လာတော့ ကျောင်းက သူငယ်ချင်း အပေါင်းအသင်းသာလျင် ကိုယ့်ဘ၀ ဆိုတာမျိုး စဖြစ်လာပြီ၊ အိမ်နီးနားချင်းတွေရဲ့အသံ ရပ်ကွက်ထဲက အသံဗလံတွေကိုလည်း နားထဲမှာ မှတ်တတ်လာပြီ၊ ရွှေသွေး၊ တေဇ၊ ကလေးကာတွန်းတွေနဲ့ မလုံလောက် အားမရနိုင်တော့ပဲ စာအုပ်အငှားဆိုင်သွားပြီး ၀တ္ထုတွေ၊ မဂ္ဂဇင်းတွေ လက်တဲ့စမ်း ငှားဖတ်တတ်လာပြီ။ အဲ့ဒီမှာ မကောင်းတာနဲ့ ကောင်းတာတွေဟာ အတူရောပါလာကြပြီ။ စိတ်တွေဟာ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုနဲ့အတူ အရောင်စုံကာ ဆန်းသစ်လာကြပြီ။

ကျွန်မတို့ အိမ်အောက်ထပ်က ဦးလေးက ညနေတိုင်ကျရင် အော်... လောက... လောက လို့ ညည်းရင် ကျွန်မတို့မောင်နှမတွေ အားလုံးလည်း အော်... လောက ... လောက လို့ ဘာမှန်းမသိပဲ သူ့နောက်က လိုက်ညည်းပါတယ်။ မျက်စောင်းထိုးအိမ်က ဈေးသည် လင်မယား ရန်ဖြစ်လို့ ယောက်ျားက မိန်းမကို ဆဲရေးသလို ကျွန်မတို့ မောင်လေးဟာ ဘုမသိ ဘမသိ လိုက်ဆိုပါတယ်။ စာအုပ်ဆိုင် က ကြားလာတဲ့ ရပ်ကွက်ထဲက ပေါက်ပန်းဆေးစကားတွေ နားမလည် ပါးမလည် အိမ်မှာ ပြန်ပြောကြပါတယ်။ မောင်နှမတွေ တစ်ယောက် နဲ့ တစ်ယောက် စည်းဝါးညီနေတဲ့ အချိန်ဆို တစ်ယောက် မဟုတ်တာ လုပ်တာ တစ်ယောက်က ဖုံးကွယ် ပေးပေမယ့် ရန်ဖြစ်နေတဲ့အချိန်ဆို ဦးတဲ့သူက လူကြီးကို အရင်ပြေး တိုင်တန်း ကိုယ့်အပြစ်မရောက်အောင် မဟုတ်တရုတ် အပိုဆာဒါး တွေ အလိမ်အညာတွေပါ ထည့်ပြီး ကုန်းတိုက်ပါတယ်။ သူတစ်ပါးက ကုန်းတိုက်ရင် ကုန်းတိုက်မှန်း မသိ နောက်ကလိုက်ပြောကာ၊ အယုံလွယ် တတ်ကြပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကိုယ်လည်း သေချာမသိပဲ သူတပါးမကောင်းကြောင်း အတင်းအဖျင်း ပြောရတာကို အာတွေ့ သဘောတွေ့ နှစ်ခြိုက် လာတတ်ကြပါတယ်။

ကျွန်မတို့ မောင်နှမတတွေ ဒီလိုမျိုး စိတ်တွေ မသိမသာနဲ့ ကြမ်းတမ်းလာတာကို မေမေက ရိပ်မိလာတယ်။ ဒါကြောင့်မို့ အာဇီဝဋ္ဌမကသီလ ကို သင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။ အာဇီဝဋ္ဌမကသီလ မှာ ပထမ ၄ပါးက ၅ပါးသီလ ထဲက ရှေ့ဆုံး ၄ပါးနဲ့ အတူတူပါပဲ။ ၄ပါးမြောက် မုသာဝါဒ - မဟုတ်မမှန်သော စကားကို မပြောပါဆိုတဲ့ ကျင့်ဝတ်နဲ့ အတူ နောက်ထပ် ဆောက်တည်ရမယ့် ကျင့်ဝတ် ၄ပါးကတော့ ပိသုဏ၀ါစာ - အချင်းချင်း မုန်းတီးအောင် ကုန်းတိုက်ခြင်း၊ ဖရုသ၀ါစာ - ကြမ်းတမ်းစွာ ဆဲဆို တိုင်းထွာခြင်း၊ သမ္ဖပ္ပလာပ၀ါစာ - အကျိုးမရှိ၊ သိမ်ဖျင်းသော စကားတို့ကို ပြောဆိုခြင်း နဲ့ မိစ္ဆာဇီဝါ - မှားယွင်းတဲ့ မတရား အသက်မွေးဝမ်းကျောင်းမှု မှ ရှောင်ကျဉ်ခြင်း တို့ ဖြစ်တယ်။

တလောက ကျွန်မ တူမလေး ၀မ်းကွဲကို အသက် ၁၈နှစ်ပြည့်ပြီမို့ သူ့ကို ပထမဆုံး ဖေ့ဘုတ် အကောင့် ဖွင့်ပေးလိုက်ပါတယ်။ သူက စာရေးဝါသနာပါလို့ ဘလော့လည်း ရေးချင်တယ်၊ ဖိုရမ်တွေထဲမလည်း စာရေးချင်ပါတယ်တဲ့။ ပတ်ဘလစ်ကို စာရေးတဲ့ အခါ ဘယ်လို စည်းမျဉ်းမျိုးကို လိုက်နာ ကျင့်သုံး သင့်တယ်ထင်လဲ၊ ဘယ်လို principle မျိုး ထားရှိသင့်သလဲ ဆိုတာ ကျွန်မကို မေးလာပါတယ်။

ကျွန်မတို့ ငယ်ငယ်က မေမေ သင်ပေးတဲ့ အာဇီဝဋ္ဌမကသီလ ၈ပါးသီလ ကို ကျွန်မ သတိရသွားပါတယ်။ သူနဲ့ ကျွန်မ စကားတွေပြောဖြစ်တာတော့ အများကြီးပဲ။ ဒါပေမယ့် အတိုချုပ် သူ့ကို ကျွန်မပြောလိုက်တာကတော့ စာ စ ရေးတဲ့သူတွေဟာ ကိုယ့်ခံစားချက်တွေ ကိုယ့်အကြောင်းတွေ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရတာတွေကို ခံစားရသလို မြင်သလို ရေးတာပဲ ဖြစ်တာမို့ ကိုယ်ရေးသမျှ ဟာ တခါတခါ သူများအတွက် အကျိုးရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး၊ သို့သော် ကိုယ်ရေးလိုက်တဲ့စာကြောင့် သူတစ်ပါးအကျိုး မမဲ့ပါစေနဲ့လို့။

ဆိုတော့ ကျွန်မစာရေးတဲ့ အခါ အတတ်နိုင်ဆုံး လိုက်နာ ကျင့်သုံးတဲ့ ကျင့်ဝတ်များ ကို သူ့အတွက် ချရေးပေးလိုက်ပါတယ်။

၁) မုသာဝါဒါ - ကိုယ့်စာကို လူဖတ်စေချင်ယုံ သက်သက်နဲ့ နာမည်ကြီးစေကြောင်းငှာ မဟုတ်မမှန်တာတွေ လီဆည်ပြီး မရေးပါနဲ့။
၂) ပိသုဏ၀ါစာ - အချင်းချင်း အငြင်းပွား မုန်းတီးစေနိုင်တဲ့ ကုန်းတိုက်စကားများ သွေးထိုးစကားများ အတတ်နိုင်ဆုံး ရှောင်ကျဉ်ပါတယ်။
၃) ဖရုသ၀ါစာ - ဘယ်လောက်ပဲ မကောင်းမှု လုပ်နေတဲ့သူအကြောင်းကိုပဲ ရေးသည် ဖြစ်စေ၊ ကြမ်းတမ်းသော စကားများ၊ ဆဲဆိုမှု အသုံးအနှုံးများ လုံးဝ မပါဝင်ပါစေနဲ့။
၎) သမ္ဖပ္ပလာပ၀ါစာ - အရေးမပါ အရာမရောက် သိမ်ဖျင်းသော စကားများ၊ သူတစ်ပါး အတင်းအဖျင်း ပြောခြင်း ရေးခြင်းများနဲ့ အချိန်ကုန် မခံပါနဲ့။

ကျွန်မ ပြောလိုက်တာ သူဘယ်လောက် နားလည် သွားတယ်၊ လိုက်နာနိုင်မယ်ဆိုတာ မသိပေမယ့် ကျွန်မ ကိုယ်တိုင်လည်း စာရေးတဲ့ နေရာမှာ ဒီအချက်တွေကို သတိလေးနဲ့ ဦးထိပ်ထားပြီး အမြဲ ရေးကြောင်း ပြောပြမိပါတယ်။ အထူးသဖြင့် စာရေးမယ့်သူဟာ emotion အရမ်းဖြစ်လို့ မရပါဘူး။ အများအတွက် စာရေးရင် ပုဂ္ဂလဓိဌာန်ကို ပယ်ပြီး ဓမ္မဓိဌာန် နဲ့ ရေးရမှာဖြစ်ပါတယ်။ ကျွန်မတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ အာဇီဝဋ္ဌမကသီလ ကိုလည်း အကျဉ်းချုပ် ရေးလိုက်ရပါတယ်။

အာဇီဝဋ္ဌမကသီလ
၁ ။ ပါဏာတိပါတာ = သူတစ်ပါး အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
 I shall abstain from killing
၂ ။ အဒိန္နာဒါနာ = သူတစ်ပါး ပစ္စည်းဥစ္စာ ကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏။
 I shall abstain from stealing
၃ ။ ကာမေသုမိစ္ဆာစာရာ = သူတစ်ပါး သားမယား ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။
 I shall abstain from adultery
၎ ။ မုသာဝါဒါ = မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏ ။
 I shall abstain from telling lies
၅ ။ ပိသုဏ၀ါစာ = သွေးထိုး ကုန်းတိုက်မှုမှ ရှောင်ကြဉ်ပါ၏။
 I shall abstain from slandering
၆ ။ ဖရုသ၀ါစာ = ကြမ်းတမ်းစွာ ဆဲဆိုမှုမှ ရှောင်ကြဉ်ပါ၏။
 I shall abstain from using harsh language
၇ ။ သမ္ဖပ္ပလာပ၀ါစာ = အကျိုးမရှိ သိမ်ဖျင်းသော စကားကို ပြောဆိုမှုမှ ရှောင်ကြဉ်ပါ၏ ။
 I shall abstain from telling useless non-sense
၈ ။ မိစ္ဆာဇီဝါ = မတရားသော ဥစ္စာပစ္စည်းရှာဖွေမှုမှ ရှောင်ကြဉ်ပါ၏ ။
I shall abstain from earning wrong-livelihood

စုချစ်သူ
၃၀ နိုဝင်ဘာ ၂၀၁၂
ကိုးကား - အရှင်ဇနကဘိဝံသ (အာဇီဝဋ္ဌမကသီလ)

+++++

Wednesday, October 24, 2012

ဝမ်းမြောက်ဖွယ် အရေးအသား

ဆရာကြီးရွှေဥဒေါင်း (၁၈၈၉ - ၁၉၇၃)
Oil on Canvas by SuuChitThu 

ဆရာကြီးရွှေဥဒေါင်းက ပြောဖူးသည်။ တော်စတွိုင်း၏ စစ်နှင့် ငြိမ်းချမ်းရေး ၀တ္ထုကြီးကို အလွယ်တကူ ၀ယ်မရ၍ နောက်ကျမှ ဖတ်ခဲ့ရသဖြင့် ဦးဘိုးစိန်ကြီး ဆိုဖူးသည့် တေးချင်းတစ်ပုဒ်အတိုင်း “လွန်တဲ့ရက်တွေကောလို့ ဒေါသဖြစ်လှသည်” ဆိုကာ ခပ်ငယ်ငယ်ကတည်းက မဖတ်ရှုခဲ့ရခြင်းအတွက် ၀မ်းနည်းလှပါသည်တဲ့။

ကျွန်မအတွက်တော့ ဆရာကြီး၏ တစ်သက်တာမှတ်တမ်းကြီးကို အိမ်ကစာအုပ်စင်မှာ ရှိနေတာသိနေပေသိ၊ စာအုပ်ကြီး ထူထဲလှတာကို လန့်သည့်စိတ်နှင့် ခပ်ငယ်ငယ်ကတည်းက မဖတ်ဖြစ်ခဲ့ရသည်ကို တွေးမိတိုင်း လွန်ခဲ့ရသည့် အချိန်တွေကို နှမျှောမဆုံး ရှိလှပါသည်။

လူသားတိုင်း သူတို့ဘ၀မှာ တစ်နည်းနည်းနှင့် ကျေးဇူးတင်ရမည့် ပုဂ္ဂိုလ်များ ရှိနေတတ်ပေသည်။ ထိုသူများထဲတွင် စာရေးဆရာများသည် တစ်ထောင့်တစ်နေရာမှ ပါဝင်ကြပေသည်။ စာရေးဆရာများသည် သူတို့ဘ၀တွင် ရှေ့ဆောင်လမ်းပြပေးသူများ အနေနှင့် မသိလိုက်မသိဘာသာ ရှိနေကြလေသည်။ အိမ်က အဖေ အမေ ဆိုဆုံးမသည်ကို နာခံချင်မှ နာခံမည်။ ကျောင်းက ဆရာ သင်ကြားပြသ သည်ကို လက်ခံချင်မှ လက်ခံမည်။ ဆရာတော်များ လမ်းညွှန်မိန့်ကြားချက်များသည်လည်း တစ်ဖက်နားမှ ၀င်ကာ တစ်ဖက်နားမှ ထွက်ချင် ထွက်သွားတတ်တည်။ သို့တည်းမူ မိမိတို့ ကြိုက်နှစ်သက် လေးစားရသော စာရေးဆရာ၏ ဇာတ်ကောင် “ဟီးရိုး” များမှ ပြောစကားများကား မည်သူမျှ ရိုက်နှက် စေခိုင်းခြင်း မရှိပဲ နားထဲတွင် သံမှိုနှင့် စွဲသကဲ့သို့ ခိုင်မြဲစွာ တည်တံ့ကျန်ရစ်၏။

မိမိဖတ်သော စာအုပ်တစ်အုပ်မှ ဇာတ်ကောင်များ၏ စရိုက်သည် ကောင်းချင်လည်း ကောင်းမည်။ တော်ချင်မှလည်း တော်မည်။ အပြစ်အနာအဆာများလည်း ရှိနေနိုင်ပေသည်။ ဇာတ်လိုက်သည် လူဆိုးဗိုလ်တစ်ယောက် ဖြစ်ချင်လည်း ဖြစ်နေနိုင်သည်။ သူ့အမှုအယာ သူ့ပြောစကားများကို လက်ခံချင်မှလည်း လက်ခံနိုင်မည်။ သဘောတူချင်မှလည်း တူပေမည်။ သို့သော် မိမိတို့သည် ထိုဇာတ်ကောင်များမှ တဆင့် ထိုစာရေးဆရာ၏ ပြောချင်သော အတွေးကို ဆုပ်ကိုင်မိလိုက်သည်။ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်၊ မတော်တာလုပ်ရင် မတော်တာ ဖြစ်မယ်၊ ကောင်းမှု လုပ်ရင် ကောင်းကျိုးပေးမယ်ဆိုတဲ့ အိမ်က လူကြီးမိဖ စကားများသည် တိုက်ရိုက်စကားများ ဖြစ်၍ စာရေးဆရာ၏ စကားများကား လှုပ်ရှားနေသောစိတ်ဝင်စားဖွယ် စရိုက်များနှင့် ပြည့်နှက်နေသည့် သူ့ဇာတ်ကောင်များမှတဆင့် သူ့ဘာသာသူ ပြောနေဟန်ရှိသောစကားများ ဖြစ်၏။ ကိုယ်လိုချင်သော် ယူ၊ ကိုယ်သဘောနှင့် မတွေ့သော် ထားခဲ့လို့ ရပေသည်။ တိုက်ရိုက်စကားများသည် နားဝမှ လျှံကျလွယ်လျက် သွယ်ဝိုက်စကားများကား အသဲထဲ စိမ့်ဝင်လွယ်ကြပေသည်။

ဆရာကြီးရွှေဥဒေါင်းစာအုပ်များနှင့် စတင် မိတ်ဆက်ဖြစ်သည်ကား ပြောစရာပင်မလိုသော စုံထောက်ကြီးဦးစံရှား ၀တ္ထုများပင်ဖြစ်သည်။ ထို့နောက် သူ့ရဲ့ စွန့်စားခန်းဆန်ဆန် ၀တ္ထုများ ဖြစ်သည့် ဂျမဒါကိုကိုကြီး၊ သူတော်စိန်၊ ဒဂုန်တင့်၊ လူစွန့်စား၊ သူရဲကောင်း၃ယောက်၊ စွန့်ဝံ့သူ၊ စောလမုန်သိုက်၊ ပထမံဆရာသိန်း၊ ဇော်ဟိတ်၊ လျှို့ဝှက်သဲဖို ၀တ္ထု၊ ဂမုန်းနက်၊ စသည်များ လက်လှမ်းမှီသလောက် ဆက်တိုက်ဆိုသလို ဖတ်ဖြစ်ခဲ့သည်။ ဆရာဦးအောင်သင်း ဆိုခဲ့သလိုပင် ဆရာကြီး၏ ၀တ္ထုများသည် စွန့်စားခန်း သက်သက် သွေးရဲရဲ သံရဲရဲ အပစ်အခတ် အသတ်အပုတ်များချည်းပါသည့် ၀တ္ထုများမဟုတ်။ ဦးနှောက်ကို ခါးတောင်းကျိုက်ကာ တိုက်ပွဲဝင်ရသော စွန့်စားခန်းများ ဖြစ်သည်။ ထိုမှတဆင့် အကျိုးအကြောင်း ဆက်စပ်တွေးခေါ်မှု၊ အသေးအဖွဲလေးဖြစ်တောင်မှ အမှုမဲ့ အမှတ်မဲ့ မထားပဲ အရာရာကို စူးစမ်းလေ့လာမှု၊ မိမိပတ်ဝန်းကျင်ကို ဂရုပြုနေထိုင်မှု၊ ဒါ့အပြင် စိတ်ကောင်းစေတနာ ထားရှိမှု စသည့် အလေ့အကျင့်လေးများ အနည်းနှင့် အများဆိုသလို ဖြစ်ပေါ်လာပေသည်။

ဝတ္ထုဆိုသည်မှာ ဇာတ်ကောင်တို့၏ စိတ်ဓာတ်၊ အကျင့်၊ စာရိတ္တ၊ ၀ါရိတ္တ၊ စသဖြင့် ကွက်ကွက်ကွင်းကွင်း ပေါ်အောင် တဆင့်ပြီးတဆင့် သရုပ်ဖော်ခြင်းဖြစ်ရာ ဆရာကြီးမှာ စာအရေးကောင်းလှသဖြင့် စွန့်စားခန်းများသက်သက် နှင့် မတူသော ရတနာပုံ ၀တ္ထုမျိုးမှာလည်း ကျောင်းသုံး စာအုပ်ပြဋ္ဌာန်းရသည်အထိ၊ ရုပ်ရှင်အထိ အောင်မြင်မှု ရခဲ့ပေသည်။

ထို့နောက် ဆရာကြီး၏ စိတ်နှင့် ပါတ်သက်သော ၀တ္ထုများ၊ အဆန်းတကြယ် စွန့်စားခန်းများ ပါသည့် ၀တ္ထုများ ဖြစ်သည့် ရူပနန္ဒီ၊ ရူပကလျာဏီ၊ စန္ဒာဒေ၀ီ၊ ကာလယန္တယား၊ မြတ် သက် မော် စသည်များမှာလည်း လက်မှ မချချင်အောင် စွဲလန်းခဲ့ရသည်။

ဆရာဒဂုန်တာရာက ဤသို့ ဆိုဖူး၏။ ဆရာကြီးရွှေဥဒေါင်းကို ကြိုက်သည်မှာ ဆရာကြီး၏ အရေးအသားသည် မြန်မာပီသသော ရေးဟန်နှင့် အနောက်နိုင်ငံ စိတ်ကူးစိတ်သန်းတို့ ပေါင်းစပ်ထားခြင်းကြောင့်ဟု ဆိုလေသည်။ ဆရာကြီး၏ ကိုယ်ပိုင်ဘ၀ ကိုယ်ပိုင်ဇာတ်လမ်းဟု ဆိုရမည်ဖြစ်သော တစ်သက်တာမှတ်တမ်းတွင် ရှေးမြန်မာ ပီပီသသကြီးလို့ ပြောရမည့် မြန်မာစစ်စစ် တစ်ယောက်၏ ရေးဟန်နှင့် အနောက်နိုင်ငံသား အတွေးအခေါ်များ ရောယှက် ပါဝင်နေသဖြင့် ဆရာကြီးဒဂုန်တာရာအမြင်မှာ မှန်လှပေသည်ဟု အားတက်သရော ခေါင်းငြိမ့်မိပေသည်။

ဆရာကြီးမှာ အတွေးအခေါ် စာအုပ်များ၊ ဘာသာရေးဆွေးနွေးချက် ဆောင်းပါးများ များစွာ ရေးသား သွားသော်လည်း သူ၏ တစ်သက်သာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်မှာ သူ၏ အတွေးအခေါ်များ၊ သုံးသပ်ချက်များ၊ ဘ၀ အတွေ့အကြုံ အစုံအလင် ပါဝင်နေပြီးဖြစ်သောကြောင့် သူ၏ အကောင်းဆုံး စာအုပ်ဟု ခေါ်ဆိုနိုင်ပေသည်။ ထိုစာအုပ်တွင် စာရေးသားနည်းလည်း သင်ယူနိုင်သည်။ ဒေသန္တရ ဗဟုသုတလည်း ရှာဖွေနိုင်သည်။ သမိုင်းကိုလည်း လေ့လာတွေ့ရှိသည်။ အတွေးအခေါ် အယူအဆများကိုလည်း ဆင့်ပွားနိုင်သည်။ ထိုအတွေးအခေါ်များကို မိမိတို့ခေါင်းထဲသို့ အတင်းရိုက်သွင်းကာ လက်မခံခိုင်း၊ လောကကြီးကို အမှားတွေ အမှန်တွေနှင့် ဖြတ်သန်းသွားသော လူတစ်ယောက်၏ ဖြစ်ရပ်မှန် ဇာတ်စုံ တစ်ပုဒ်၊ သဲထိပ်ရင်ဖို စွန့်စားခန်းများ ပါသော လူစုံ ဖြစ်ချင်သူ လူဖြောင့် စိတ်တို မာနကြီးသူ တစ်ယောက်၏ ဖွင့်ဟ၀န်ခံချက် တစ်စုံတစ်ရာလည်း ဖြစ်ပေသည်။

ဆရာကြီး၏ အရေးအသားကိုလေ့လာမိသော် ဆရာကြီးသည် စာကြောင်းတို ၀ါကျတိုများ ရေးလေ့ရှိသလို စာကြောင်းရှည်၊ ၀ါကျအရှည်ကြီးများ ကိုလည်း သူ့နေရာနှင့်သူ သပ္ပါယမ လိုက်ဖက်အောင် သုံးလေ့ရှိသည်ကို တွေ့ရလေသည်။ စကားလုံးများကိုလည်း မြန်မာဆန်ဆန် ကြွယ်ကြွယ်၀၀ သုံးသွားသည်မှာ အံ့မခန်းပင်။ ဥပမာ... သူ၏တစ်သက်တာ မှတ်တမ်းတွင် တွေ့ရှိရသော ကြိယာဝိသေသန များမှာ ခိုသာခံသာ၊ တတုံတတုံ၊ ဖုံပွပွ၊ နေ၀င်စုပ်စုပ်ကန်း၊ ဟပ်တပ်စွဲ၊ မင်းမှီစိုးကပ်၊ ဆင်ပြောင်းဆင်ကွဲ၊ တဖြတ်တည်း၊ ချောင်လည်ချောင်ပတ်၊ ကရော်ချော်မယ်၊ ဇလုံးဇခု၊ ကက်ကော်ကလန်၊ ဆေးသေပေါက်၊ ခဲနိဌာန် ..စသဖြင့်... ဖြစ်သည်။

“ဆတ်” ကြည့် လိုက်ရကောင်းမလား၊ သူတို့လစာနှင့် ကျွန်ုပ်လစာမှာ အူ၍မျှ မကြားနိုင်အောင် ကွာဝေးလွန်းတယ်၊ ထူးထူးဆန်းဆန်း ဆရာကြီး သုံးတတ်သောစကားကား တချက်မြင်လိုက်ရလျှင်နောက်ထပ်၍ မကြည့်ပဲ မနေနိုင်သည့် ”အလန့်တကြား” ချောလှသော မျက်နှာမျိုး၊ တစ်ခါမြင်လိုက်ရုံနှင့် ရင်ထဲမှာ “ဒိတ်ကနဲ” ဖြစ်သွားရလောက်အောင် ချောတယ်တို့ စသဖြင့် ဖြစ်သည်။ ထိုရေးနည်းမျိုးမှာကား သူ ပြောချင်တာကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်အောင် သူပြောသလို နားရင်းပိတ်ကျင်းလိုက်သလို အလန့်တကြား ဒက်ခနဲ နားလည်စေနည်းပင်။ ဆရာကြီး၏ တစ်သက်တာမှတ်တမ်းမှာ စာအုပ်ဖတ်နေရင်း ဟာသများ ရေးထားသည် မဟုတ်စေကာမူ တခါတလေ သနားသဖြင့် အော်ရယ်မိသည်၊ တခါတရံ တည်တည်ခန့်ခန့်ကြီး ပြုံးမိသည်၊ နှာခေါင်းထဲ အနံ့တွေဘာတွေ ရလာတတ်သေးသည်၊ နားထဲ အသံများ ကြားလာရသည်၊ စားစရာ အကြောင်းဆိုလျှင် ခံတွင်းမှာပင် စိမ့်သွားသလို ဖြစ်မိပေသေးသည်။

အနောက်တိုင်းဆန်သော အရေးအသားကား ဆရာကြီးသည် သူ့စိတ်တွင် ခံစားနေရပုံကို တိုက် ရိုက်မပြော၊ ဥပမာ.. ဖဆပလ အစိုးရခေတ်က သူ့နောက်လိုက်နေသည့် စုံထောက်များကို မြင်ရတော့ “စိတ်ထဲ၌ ထိတ်လန့်လောက်အောင်မရှိသော်လည်း သူတို့မျက်နှာများသည် ကျွန်ုပ်အား ရွှင်မြူးခြင်းမဖြစ်စေသည်ကို ၀န်ခံရပါမည်။” တဲ့။ ပြီးတော့ ဖဆပလ အစိုးရ က စစ်ဆေးမေးမြန်းစရာရှိလို့ ဆိုပြီး လူထုဦးလှကို ဖမ်းဆီးသည့်နှယ် ခေါ်ဆောင်သွားသည့်အခါ အဲဒီအချိန်မှာ ဆရာကြီးက လူထုတိုက်က အယ်ဒီတာချုပ်ဖြစ်၍ လူထုဒေါ်အမာနဲ့ သူ့ညီမက ဆရာကြီးကို ဦးလှနဲ့ အဖော်အဖြစ် ခေါ်ဆောင်သည့်နေရာကို လိုက်ခိုင်းကြပါသည်။  အဲဒီအခါ လိုက်သွားရတာကို သိပ်မကြည်လင်လှတဲ့ ဆရာကြီးက ဘယ်လိုရေးခဲ့သလဲဆိုတော့ “ကျွန်ုပ်အား တွန်းထိုးထည့်ပေးလိုက်ကြသည့် မတင်တင်နှင့်မအမာတို့ အပေါ်တွင် ကျေးဇူးတင်သောစိတ် မဖြစ်ပေါ်လာခြင်းကို ၀န်ခံပါသည်။” တဲ့။ အနောက်တိုင်းဆန်သည့် အရေးမျိုးဟု ထင်မြင်မိပါသည်။

လူထုအမေဒေါ်အမာသည် ဆရာကြီး၏၀ါကျတည်ဆောက်ပုံနှင့် စကားအသုံးအနှုန်း များသည်သူ့နားထဲသို့ စိမ့်ဝင်လျက်ရှိကြောင်း ၀မ်းမြောက်စွာ ၀န်ခံဘူးသည်။ သူတို့ခေတ်က ဆရာကြီးပီမိုးနင်းကတော့ ဆရာကြီးရွှေဥဒေါင်းရဲ့ ခေါင်းကြီးသတင်းတွေကို “ဆိတ်ကြီးပဲလှော်” စားရခြင်းနဲ့ တူသည်ဟု ချီးကျူးဖူးပါသည်။ ဆိုလိုခြင်းမှာ ဆရာကြီး၏စကားလုံးသုံးပုံနှင့် ၀ါကျတည်ဆောက်ပုံမှာ ထုံထုံထိုင်းထိုင်းမဟုတ်။ ကျွတ်ကျွတ်ရွရွ ရှိလှသည်ဟု ထပ်လောင်း၍ ရှင်းပြောပါသေးသည်။

ကျွန်မကတော့ ဆရာကြီး၏ အရေးအသားကို နှစ်သက်သဘောကျလှသဖြင့် ဆရာကြီး၏ စာများ ဖတ်ရတိုင်း ၀မ်းမြောက်စရာ ကောင်းလွန်းသောကြောင့် ၀မ်းမြောက်ဖွယ် အရေးအသားဟု တင်စားမိပါသည်။ ဆရာကြီး၏ ၀မ်းမြောက်ဖွယ် အရေးအသား နှင့် ဆရာကြီး၏ ရှင်းရှင်းပြတ်ပြတ် တွေးခေါ်တတ်သည့် အယူအဆများသည် ကျွန်မ တို့နှင့် မည်မျှလောက်ပင် မျိုးဆက် ကွာသော်ငြားလည်း ယနေ့ထက်ထိတိုင်အောင် ခေတ်မီနေဆဲပင်။

သီချင်းကြိုက်သူသည် သူသဘောကျသော သီချင်းတစ်ပုဒ်၊ ဂီတသံစဉ် တစ်ခုကို နားထောင်ရလေလျှင် ကျောထဲစိမ့်သွားမတတ် ကြည်နူးလှသည်ဟု ဆိုတတ်ကြ၏။ ဆရာကြီး၏ စာများဖတ်ရသည်မှာတော့ ဆရာကြီးစကားနဲ့ ပြန်ပြောရရင် ကျွန်မအတွက်တော့ ဘယ်အချိန် ပြန်ဖတ်ဖတ် ကျောထဲစိမ့် ကြက်သီးမွေးညင်းထသွားရအောင်ကို သဘောကျနှစ်ခြိုက်မိပါသည်။

ယနေ့ အောက်တိုဘာ ၂၄ရက်မှာ ကျရောက်သော ဆရာကြီးရွှေဥဒေါင်း၏ မွေးနေ့ကို ဤစာဖြင့် ဂုဏ်ပြု ပူဇော်လိုက်ရပါသည်။

စုချစ်သူ
၂၄ အောက်တိုဘာ ၂၀၁၂

ကိုးကား။
ဆရာကြီးရွှေဥဒေါင်း - တစ်သက်တာ မှတ်တမ်း နှင့် အတွေးအခေါ်များ
ဆရာဦးအောင်သင်း - သူတို့ နှင့် ကျွန်တော်
ဆရာဒဂုန်တာရာ - ရုပ်ပုံလွှာ

+++++

Monday, October 15, 2012

ညလယ်စာ အလာပသလ္လာပ ဘွန်း



“မရွှေစုရေ... နက်ဖြန်ညနေ ရုံးက စောစော ပြန်ကြရအောင်ဟေ...”

မနေ့ညက ညစာထမင်းစားပြီး တီဗွီရှေ့ထိုင်ရင်း အ၀တ်ခေါက်နေတုန်း (လျှော်ပြီး အ၀တ်များ ရုပ်ဖို့၊ ခေါက်ဖို့ ကိုရေချမ်းက အမြဲ တာဝန်ယူပါသည်...) ကိုရေချမ်းက ပြောလိုက်ခြင်းဖြစ်သည်။

“ဘာလို့... “

တီဗွီရှေ့မှာထားသော စားပွဲအံဆွဲထဲကနေ ပုရွက်ဆိတ်များ ထွက်လာသဖြင့် အံဆွဲတွေကိုထုတ်ပြီး သန့်ရှင်းရေး လုပ်နေရင်း မရွှေစုက သူ့ကို မကြည့်ပဲ စိတ်မ၀င်စားသလို ပြန်မေးမိသည်။

“ဂျိမ်းစ်ဘွန်း နှစ်၅၀ပြည့် အတွက် နက်ဖြန်ညက စပြီး ဒေါက်တာနိုး ရုပ်ရှင် လာမယ်လေကွာ...”

“အမလေး... ငါ့မောင်ရယ်... ဘာများလဲလို့... “

မရွှေစုက အံဆွဲထဲ ပစ်မိပစ်ရာ ပြစ်ထည့်ထားသော စာရွက် စာတမ်းများ၊ တိုလီမုတ်စများ မလိုသည်များကို လွှတ်ပစ်ရန် တစ်ခုချင်း ခွဲခြားစီစစ်နေရာမှ ရယ်ဟဟ ပြန်ပြောလိုက်၏။

“ရယ်ရတယ်တော့... သိလား....”

ဘာရယ်မဟုတ်... ရယ်ရတယ်တော့...သိလား... စတာတွေနှင့် မရွှေစုကစကားစတတ်လေ့ ရှိသည်။

“ငယ်ငယ်ကဆို ဂျိမ်းစဘွန်းလို့ ကြားရင် မိန်းမတွေ ၀ိုင်းဝိုင်းလည်တဲ့ မင်းသားကားလို့ပဲ သိတယ်။ ဂျိမ်းစဘွန်းကားတွေမှာ စွန့်စားခန်းသက်သက်ဆို ဒီလောက် နာမည်ကြီးမှာ မှုတ်ဖူး... ရောက်တဲ့နေရာတိုင်း မိန်းမ စွံလို့သာ လူတွေ ပိုပြီး စိတ်ဝင်စားတာလို့ ထင်တာပဲ။ သူများဆို ဂျိမ်းစဘွန်းကို ဆရာဦးအောင်မြင့်ဆွဲတဲ့ ကြံ့ဗဟုံး ကာတွန်းတွေကနေ အရင် ဖတ်ဖူးတာ...။ သူ့ ကာတွန်းတွေထဲမှာ ထူးထူးဆန်းဆန်း စက်ကရိယာတွေ၊ စွန့်စားခန်းတွေနဲ့ ရယ်လည်း အရမ်းရယ်ရတာပဲ။ နောက်မှ အဲ့ကာတွန်းတွေထဲက တချို့ဟာတွေက ဂျိမ်းစ်ဘွန်းကားတွေထဲကမှန်း သိတော့တယ်... “

 “ဟိုတစ်နေ့က သတင်းထဲမယ် ပြောနေကြသေးတယ်... ဘယ် ဂျိမ်းစဘွန်းမင်းသားက ဘယ်ကားထဲမှာ လူ ဘယ်လောက် အသတ်ဆုံး၊ ကောင်မလေးတွေနဲ့ အနမ်းဆုံး ဘာညာနဲ့... “

ကိုရေချမ်းက ရယ်ကျဲကျဲ လုပ်ရင်း မျက်ခုန်းနှစ်ဘက် ပင့်လှုပ်ပြ လိုက်သည်။

“အမယ်... သူလည်း ကြည့်ရတာ ဂျိမ်းစ်ဘွန်းဖြစ်ချင်နေတယ်နဲ့ တူတယ်... ဟိဟိ...၊ သူများကတော့ ဘွန်းတွေထဲမယ်... ရှောင်ကွန်နရီကို အကြိုက်ဆုံးပဲ... ဒါနဲ့...စကားစပ်မိလို့ ... ဘွန်း တင် စွံတာမှုတ်ပါဘူး... ဦးရေချမ်းကြီးရာ... ရှေးခေတ် မြန်မာ ပုံပြင်တွေထဲမလဲ ဇာတ်လိုက်တွေက စွံလိုက်ကြသမှ.... ဒီမယ်... စစ်ကိုင်းဦးဘိုးသင်း ရေးတဲ့ ငမဲကျွန်ဆိုတာ ကြားဖူးသလား...”

“ကြားဖူးပေါင်ဗျာ... ပြောစမ်းပါအုံး... ဆရာမရယ်...”

ကိုရေချမ်းက နောက်ဆုံး အင်္ကျီတစ်ထည်ကို လက်စသတ် ခေါက်လိုက်ကာ အ၀တ်တွေ အထပ်လိုက်ကို ညီညီညာညာ ဖြစ်အောင် စီရင်း စိတ်ဝင်တစား ဒါပေမယ့် ခပ်နောက်နောက် ပြန်ပြောသည်။

“အို... ငမဲကျွန်ဆိုတာ အိန္ဒိယက ကာလီဒါသ ပညာရှိလို ရှေးခေတ်က မြန်မာပညာရှိတဲ့၊ အဲ့ပုံပြင်တွေကို ဆရာကြီးဦးဘိုးသင်းက ပေမူ တစ်ခုထဲကနေ ဖတ်ပြီး ရေးတယ်ပြောတာပဲ...”

“အင်း.. “

“ငမဲကျွန် အကြောင်းကတော့ ထားပါတော့၊ သူ့အကြောင်းက ပြောရရင် တဇတ်လမ်း ဖြစ်နေမယ်၊ ခုပြောမှာက ရှေးခေတ် မြန်မာ ဂျိမ်းစ်ဘွန်း...၊ အမှတ်မမှားရင် ဟိုတစ်ခေတ် မြန်မာရာဇ၀င်ကားတွေ ခတ်စားတဲ့အချိန်က အဲ့အကြောင်းကို ထွန်းလုံရှိန်နဲ့တောင် ဗွီဒိယို ဇာတ်လမ်း ရိုက်ဖူးတယ်ထင်တယ်...၊ ထွန်းလုံရှိန် သိလား...”

“သိပါဘူး၊ ကျွန်တော်က ခင်ဗျားတို့ မြန်မာကားတွေ ကြည့်တာမှ မှုတ်တာ...”

“အမယ်... မြန်မာ ဂျိမ်းစဘွန်းကား အကြောင်း အရင်ပဲ နားထောင်ကြည့်ပါအုံး၊ နောက်ကျမှ ငါလည်း သူ့လို့ စွံရင် အပီပဲတွေ ဘာတွေ ဖြစ်ကုန်အုံးမယ်...ခွစ်... “

မရွှေစုက လှောင်ပြော ပြောရင်း ကိုရေချမ်း ရှေ့မှအင်္ကျီပုံကို မကာ အခန်းထဲက အ၀တ်ဘီဒိုဆီကို သူ့နေရာနှင့်သူ သွားထားလိုက်သည်။ ကိုရေချမ်းကတော့ သူ့ ညလည်စာ အတွက် ကော်ဖီ ဖျော်နေပြီး၊ မရွှေစု အတွက်တော့ ပျားရည်နှင့် ရှောက်သံပုရာ ရည် ရော ဖျော်ပေးသည်။ မရွှေစုက အံဆွဲကို ဆက်လက် သန့်ရှင်းရေး လုပ်ရင်း...

“တစ်ခါက မြို့တစ်မြို့မှာ ထန်းသီး ဆိုတဲ့ သူဌေးသားတစ်ယောက်ဟာ သူ့အဖေ ထားခဲ့တဲ့ ပစ္စည်းတွေ သုံးဖြုန်းပြီး နေလာလိုက်တာ၊ သူ့အဖေ မသေခင် သဘောတူခဲ့တဲ့ သူဌေးသမီးကို ယူမယ်လည်း ကြံရော၊ မိန်းမ တင်တောင်းစရာ ပိုက်ဆံမရှိတော့ဘူး တဲ့။ ဒါနဲ့ သူများဆီက ငွေတွေ ချေးငှားပြီး တင်တောင်းရသတဲ့၊ အဲသမှာ ငွေပြန်ဆပ်စရာ မရှိသေးတော့ သူ့မိန်းမ မိသားစု ပိုင်တဲ့ ငွေတွေ ဘယ်မှာဖွက်ထားလဲ မိန်းမကို တိတ်တိတ်လေး မေးထားပြီး ညဘက် လူခြေတိတ်ချိန် ဘယ်သူမှမသိအောင် ထဖေါ်ရောတဲ့...”

“အဲသမှာ လူမိရောလား...”

“ဘယ်... လူမိတာထက် ဆိုးတာ၊ မြေကြီးထဲက ငွေအိုးတွေမှာ မြွေကို အစောင့်ထားတာမို့ သူသွားဖေါ်တော့ မြွေထွက်လာပြီး ကိုက်တာ သေပါရော၊ မိန်းမကလည်း သူ့ယောက်ျား ညသန်းခေါင်ကြီး ပျောက်သွားတာ ငွေသွားဖေါ်နေရင် အခက်ပဲဆိုပြီး နောက်ကလိုက်လာတော့ ဒီမှာက မြွေကိုက်ပြီး မျောနေပြီ၊ ဒါနဲ့... ငါ လောဘကြီးပြီး သူများ ပိုက်ဆံ ယူမိလို့ ငါ့အပြစ်နဲ့ ငါ ဖြစ်ရတာ၊ ငါ့ကို ရေထဲ ဖောင်နဲ့မျောလိုက်ပါလို့ မိန်းမကို မှာပြီး သေရောတဲ့...”

“အင်း..”

“မိန်းမကလည်း မှာတဲ့ အတိုင်း ငိုယိုပြီး ဖောင်နဲ့ မျှောလိုက်တာမှာ... တက္ကသိုလ်ဆရာကြီး သမီး ၇ယောက် ရေကစားတဲ့နေရာကို ဖောင်က ရောက်လာရော...။ အဲ့မှာ အစ်မကြီးက ဖောင်ကို အရင်မြင်တယ်၊ ဒုတိယ အစ်မက ဖောင်ပေါ်ကလူ မသေနိုင်သေးဘူလို့ ပြောတယ်၊ နောက်တစ်ယောက်ကဆယ်တယ်၊ နောက်တစ်ယောက်က ဆေးသွားခူးတယ်၊ တစ်ယောက်က ဆေးသွေးပေးတယ်၊ တစ်ယောက်က ဆေးကုတယ်၊ တစ်ယောက်က အစာကျွေးတယ်.. ညီအစ်မ ၇ယောက် ၀ိုင်းပြီး ပြုစုလိုက်ကြတာ... မြွေကိုက်ပြီး သေမလို ဖြစ်နေတဲ့ လူနာလည်း တခါထဲ ထထိုင်တော့တာပဲ...”

“အဲသမှာ ဘသားချောကို ၀ိုင်းလုကြရောတဲ့လား...”

“ဟာ... ပိုင်လှချည်လား၊ ဘယ်လိုလုပ်သိလဲ...”

မရွှေစုက မျက်လုံးပြူး မျက်ဆန်ပြူးမေးတော့ ကိုရေချမ်းက ကော်ဖီကို တစ်ငုံ မြုံ့ရင်း ဦးစံရှား အပြုံးမျိုးကို ပြုံးကာ...

“ဒါက ဒီလိုပဲ ရှိရတော့မယ်လေ... ကဲ... ပြောပါအုံး... မိန်းမ ၇ယောက်ဝိုင်းဆွဲလို့ ထွက်ပြေးရသတဲ့လား...”

“နေအုံး၊ သူပြေးရပုံက တစ်မျိုး၊ အဲ့မှာ သူယူမယ် ငါယူမယ် ညီအစ်မတွေ ၀ိုင်းလုကြတော့ တက္ကသိုလ်ဆရာကြီးက ငါ့နှယ် တပည့်တွေကြားထဲ ဒီသမီးတွေ လုပ်ပုံနဲ့ အရှက်တော့ ကွဲပါပြီဆိုပြီး၊ ကာယကံရှင်ကို ဘယ်သူ့ယူမလဲ မေးတော့လည်း အားလုံး အတူတူချစ်ပါတယ်လို့ ဖြေတာနဲ့... ဆရာကြီးလည်း စိတ်ပေါက်ပေါက်နဲ့ ဆေးစီရင်ထားတဲ့ ချည်မန်းကွင်းလုပ်ပြီး အဲ့လူရဲ့ခြေထောက်ကို စွပ်ပေးလိုက်တာမှာ ကြက်တူရွေးဖြစ်ပြီး ပျံပြေးသွားရောတဲ့...”

“ကောင်းသားပဲ...”

“တခါထဲ ကြက်တူရွေးက လူကဖြစ်တဲ့ ကြက်တူရွေးဆိုတော့ လူစကားပြောတတ်တာပေါ့၊ ဒါနဲ့... ဘုရင့်ဥယျာဉ်မှာ သွားနားနေတာ စကားပြောတတ်မှန်းသိတော့ ဥယျာဉ်မှုးတွေက တပင်တိုင် မြနန်းနဲ့ ထားတဲ့ ဘုရင့်သမီးတော် မင်းသမီးလေးဆီ ဆက်သလိုက်တယ်တဲ့...”

“ကြက်တူရွေး... ကော်တော့တာပေါ့...”

“ဘာပြောကောင်းမလဲ... ကြက်တူရွေးက မင်းသမီးလေးကို တီတီတာတာတွေလုပ်၊ ချည်မန်းကွင်းကို ဖြုတ်ခိုင်းပြီး သူက နဂါးပြည်က မင်းသားပါလို့ ညာပြောပြီး မင်းသမီးလေးနဲ့ ဘယ်သူမှ မသိအောင် ပျော်ပါးနေကရော...”

“မိုက်သဗျာ...”

“ခွစ်... ဘာလဲ... ချည်မန်းကွင်းနဲ့ ကြက်တူရွေးယောင်ဆောင်ပြီး မင်းသမီးလေးဆီ သွားချင်လို့လား...”

“သွားချင်ပေါင်ဗျာ... ချည်မန်းကွင်းစွတ်တာ ကိုယ့်အလှည့်ကျမှ ကြက်တူရွေး မဖြစ်ပဲ... လဒ ကြီး ဖြစ်သွားလို့ မင်းသမီးနဲ့လည်း မတွေ့... ဟုတ်ပေ့ဖြစ်နေပါ့မယ်...”

ကိုရေချမ်း အပြောကြောင့် မရွှေစု ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။

“ဒါနဲ့ သမီးတော်မှာ ကိုယ်လေးလက်ဝန်ပါ ဖြစ်လာတာတဲ့။ ဒီသတင်း ဘုရင်းကြီးသိတာနဲ့ တပြိုက်နက် စစ်သားတွေ လွှတ်ပြီး တပင်တိုင်မြနန်းကိုတက် ၀ိုင်း ဖမ်းခိုင်းတာမယ် ချည်မန်းကွင်း ပြန်ဝတ်ကြက်တူရွေးယောင် ပြန်ဆောင်နေတယ်တဲ့။ စစ်သည်တွေက ကြက်တူရွေးလဲ ဖမ်းသကွာဆိုပြီး လိုက်ဖမ်းတော့ ပျံပြေးတာမှာ ချည်မန်းကွင်း ကျွတ်ထွက်သွားလို့ အဲသမှာ လူပြန်ဖြစ်၊ ပြတင်းက ခုန်ထွက်ပြေးရရော...”
 “ထွက်ပြေးရင်း အိမ်တစ်အိမ် သားအမိ သားအဖ ၃ယောက် ဒေါင်းလန်းကြီးနဲ့ ထမင်းစားနေတာတွေ့တော့ ခပ်တည်တည် ဘာမပြော ညာမပြော တခါထဲ ၀င်စားတာတဲ့၊ သားအဖ အမိ ၃ယောက်ကလည်း သူ့အသိ ကိုယ့်အသိထင်ပြီး ဘာမှ မပြောမိကြဘူးတဲ့။ နောက်ကစစ်သားတွေ အနားရောက်လာတော့ ဒီနား လူတစ်ယောက် ထွက်ပြေးလာတာ မြင်သလားမေးတော့... သူကိုယ်တိုင် ထပြီး ဟိုဘက်ထွက်ပြေးတာတွေ့တယ် လိုက်ကြ လိုက်ကြ လို့ ပြောလိုက်တာ စစ်သားတွေလည်း ထွက်သွားတော့ သူလည်း လွတ်သွားကရော...”
“အဲ့တော့မှ ထမင်းဝိုင်းက အမေကြီးက သူ့ သမီး ဘု ကိုမေးတယ်... သမီး ဘု သူက ဘယ်သူလဲ၊ သမီး အသိလားပေါ့၊ သမီး ဘုက မသိပါဘူး၊ ဘ အသိလား ဆိုပြီး ဘကိုမေးတော့ ဘကလည်း မသိဘူးလေ လို့ ပြန်ပြောတယ်။ အဲ့မှာပဲ ‘ဘုမသိ၊ ဘမသိ’ ဆိုတဲ့ စကားပုံ ပေါ်လာတာတဲ့...”

“ဟားဟား... မိုက်သယ်....”

“ဒီလူကလည်း ဒီလောက် လူကြိုက်များမှတော့ ဘွန်းလို ရုပ်ရည် သနားကမားထင်ပါတယ်။ အဲသာနဲ့ ဘုတို့ ဘတို့ အိမ်မှာပဲနေပြီး ဘုနဲ့ ညားရော။ သားလေး တစ်ယောက် ရလာရော...”

“နောက်တော့... ဟို ဘုရင့်သမီးတော်က လိုက်ရှာရောဆိုပါတော့...ဟုတ်လား...”

“ဘယ်... ဘုရင့်သမီးတော်က သူ့မင်းသားလေး လွမ်းလို့ ဆိုပြီး အလှူကြီး ၇ရက် ပေးတာမှာ သူတို့ဇာတ်လမ်းလေးကို သရုပ်ဖော်ပန်းချီပုံတွေဆွဲပြီး ပြထားတာတဲ့။ သူ့မှာလဲ သားလေးတစ်ယောက်နဲ့ ကျန်ခဲ့တာကိုး...။ နောက်ဆုံး တိုတို ပြောရရင်... ဘုရင့်သမီးတော်ရဲ့ အလှူကို သူ့ရဲ့ ပထမ မိန်းမကလည်း သားလေး လက်ဆွဲပြီး ရောက်လာ၊ တက္ကသိုလ်ဆရာကြီး သမီး၇ယောက်ကလည်း ကြက်တူရွေးလိုက်ရှာရအောင်ဆိုပြီး ရောက်လာ၊ လက်ရှိမိန်းမနဲ့ သားလေးလက်ကိုဆွဲပြီး သူကလည်း ရောက်လာ၊ ဘုရင့်သမီးတော်နဲ့ သူ့သားတော်လေးကလည်း မဏ္ဍပ်ထဲမှာ ရှိနေ ဆိုတော့ အားလုံး တစ်နေရာထဲ ဆုံကြကရော...”

“ဒါနဲ့ ...”

“အို... အဲမှာ.... ဒါ ကျွန်မယောက်ျားပါ ဆိုပြီး မိန်းမအားလုံးက ၀ိုင်းဆွဲကြတာ ပွက်ပွက်ကို ညံနေတော့တာပဲတဲ့...။ နောက်ဆုံး ဘယ်သူ ရသင့်သလဲ ဆိုပြီး ပညာရှိ ငမဲကျွန်ဆီမှာ အဆုံးအဖြတ် တောင်းရတော့တာပဲတဲ့... ။ ကဲ... ပညာရှိ ဦးရေချမ်းကရော ဘယ်လို အဆုံးအဖြတ် ပေးမလဲ...”

“ဒါများ... လွယ်လွယ်ကလေး... နောက်ဆုံး မိန်းမနဲ့ပဲ ညားစေသတည်းပေါ့ဗျား...”

“ဟယ်... တော်လိုက်တာ... မရွှေစု ယောက်ျား မပြောရဘူး.... ဟုတ်ပ...ဟုတ်ပ... လက်ရှိ နောက်ဆုံးမိန်းမက ခွင့်မပြုပဲ မည်သူမျှ လက်ဖျားနှင့် မတို့ထိရလို့တောင် ပညာရှိ ငမဲကျွန်က စီရင်ပေးလိုက်သတဲ့လေ... ခစ်ခစ်....၊ ကဲ... ရှေးခေတ်မြန်မာဘွန်းလေ... မစွံလား...”


“စွံပါ့ဗျာ... စွံပါ့... ကျွန်တော့်လောက်နီးနီးကို စွံပါသော်ကော...”

“ဘာပြောသယ်...”

“ဘာမှ မှုတ်ပါဘူး... ကဲ... ရော့... ရော့... ပုံပြောဆရာမကြီး အာခြောက်နေပြီ.... ပျားသံပုရာရည်လေး သုံးဆောင်လိုက်ပါအုံး...“

ဤတွင် ညလယ်စာ အလာပသလ္လာပ ပုံပြောခန်းရပ်။ ။

ကိုးကား။ ။
စစ်ကိုင်းဦးဘိုးသင်း
ငမဲကျွန်
စာမျက်နှာ - ၁၅၄ မှ ၁၈၇

+++++

Saturday, October 13, 2012

တစ်ပြူး၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အချိုး(အကျိုး/ ချိုး)

Artist - Thet Naing Soe
ဒီနေ့တော့ တစ်ပြူး၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အချိုး(အကျိုး/ ချိုး) ဆိုတဲ့ ရှေးက တောသူတောင်သားတွေ နှစ်ခုတွဲရေတွက်ရာတွင် သုံးတဲ့ ဂဏန်းသင်္ချာဆိုင်ရာ အမှတ်သညာ စကားလင်္ကာ အကြောင်း ရေးချင်ပါတယ်။ တောရွာတွေမှာ နေထိုင်ကြတဲ့ ကလေးသူငယ်တွေ မန်ကျည်းစေ့တောက်တမ်း ဇယ်တောက်တမ်း ကစားတဲ့ အခါမျိုးမှာ တောဓလေ့ ဘာသာဘာဝ ဒီစာချိုးကလေးကို ဆိုတတ်လေ့ ရှိကြတာပေါ့။
ကျွန်မတို့ ငယ်ငယ်တုန်းက သြဇာသီးစေ့ကလေးတွေနဲ့ ဇယ်တောက်တမ်း ကစားလေ့ရှိကြပါတယ်။ အဲဒီလိုကစားရာမှာ အစေ့ကလေးတွေ ကြဲလိုက်လို့ ပူးပြီး ကျသွားမှာ အပြူးတွေ များနေမှာ အရမ်းကြောက်ပါတယ်။ တစ်ပြူးဖြစ်နေတဲ့ အစေ့လေးတွေ များများပါနေရင် တခြား ပြိုင်ဖက်က အဲဒီ အပြူးလေးတွေကို ယူခွင့်ရှိလို့ ရှုံးလွယ်ပါတယ်။ ''တစ်ပြူး'' ဆိုတာ ၂ခု တစ်စုံ ပူးကပ်နေတာကို ပြောတာပါ။
ဘယ်လောက်ကြီးလဲ၊ ဘယ်လောက်များလဲ ဆို တစ်လံစာလောက် ကြီးတယ်၊ များတယ်၊ ဟိုဘက် တစ်လံအကွာလောက်မှာ ခင်ဗျားပစ္စည်းတွေ ချထားပါ စသဖြင့် တစ်လံ ဆိုတဲ့ အသုံးကို လည်း အရေအတွက်၊ အကွာအဝေး ပြောချင် ပြချင်တဲ့ နေရာမှာ သုံးကြပါတယ်။ တစ်နေ့ တစ်လံ ပုဂံ ဘယ်ပြေးမလဲ ဆိုတဲ့ ဇွဲသတ္တိနဲ့ ဆိုင်တဲ့ စကားပုံလေးကိုလည်း လူတော်တော်များများ သိကြပါတယ်။ ''တစ်လံ'' ဆိုတာ လက်နှစ်ဘက် ဘေးကို ဆန့်ပြီး ရှိသလောက်ကို တစ်လံ လို့ ပြောကြလေ့ရှိတယ်။ လက်အတောင်နဲ့ ဆို ၄တောင် အကွာ လို့လည်း ဆိုကြတယ်။
ဒါပေသိ ညောင်ကန်၊ ထမ်းပိုး၊ အချိုး(အကျိုး/ ချိုး) ဆိုတာတွေကတော့ ခုခေတ်မှာ မသုံးသလောက်ကို ရှားနေပါပြီ။ အဲသာကြောင့် ဆရာကြီးမြကေတုရဲ့ ''ကလေးမှတ်ဉာဏ် တစ်ပြူး တစ်လံ'' ဆိုတဲ့ ဆောင်းပါး ထဲက ဒီစကားလင်္ကာအကြောင်း ရှင်းပြထားတာလေးတွေကို မြန်မာစာ ဗဟုသုတ အနေနဲ့ လက်ဆင့်ကမ်း ဖောက်သယ်ချချင်ပါတယ်။ 
ရှေးက တောင်သူလယ်သမားကြီးများဟာ သူတို့ သားသမီးတွေ အသိပညာ အလိမ္မာတိုးစေဖို့ မိမိတို့ ဉာဏ်စွမ်းရှိသ၍ လက်ဆင့်ကမ်း ပညာပေးကြရာမှာ တောရွာမှာဆိုတော့ သူတို့ အနီးအနားမှာ ရှိတဲ့ သူတို့နဲ့ ယဉ်ပါးနေတဲ့ လှည်း၊ နွား၊ စပါး စတာတွေကိုပဲ ဥပမာပေးပြီး ပညာသင်ပေးလေ့ရှိကြတယ်။
၂ ဆိုတဲ့ ဂဏန်းကို သင်ပေးတာမှာ လှည်းဘီး ၂ခု တစ်စုံ ပူးကပ်နေတာ၊ နွား၂ကောင် ထမ်းပိုးမှာ အတူတူ တတ်ထားတာကို ''တစ်ပြူး'' လို့ ကလေးကို သင်ပေးကြတာမို့ ၂ခု ပူးကပ်နေတဲ့ အရာတွေ ကို တစ်ပြူး - ၂ခုလို့ ခေါ်တာ ကလေးက သိသွားတယ်။
တောထဲမှာ ထင်းခုတ် ထင်းတိုက်ပြီး ပြန်အလာ အိမ်နံဘေးမှာ ထင်းတွေကို လံပုံထိုးပြီးတဲ့အခါ ဒါတွေက ''တစ်လံ'' ရှိတယ် လို့ လက်နှစ်ဘက် ဆန့်တန်းပြပြီး ကလေးကို သင်ပေးတယ်။ တစ်လံလို့ပြောရင်း တစ်လံဆိုတာ လူရဲ့တစ်တောင်နဲ့ ၄ခါ လုပ်ရကြောင်းပြလိုက်သေးတယ်။ ဒီလိုနဲ့ ကလေးက တစ်လံ ဖြစ်တဲ့ ၄ ဂဏန်းကို သိသွားတယ်။
တောရွာတွေမှာ ညောင်ကန်အရပ်က လှည်းယာဉ်ပုံစံ ဟာ အစခြောက်စ ထောင်နေလေ့ရှိတာကို သိကြတယ်။ လှည်း ရှေ့ထုတ်၊ လှည်း အိမ်ဘောင်၊ လှည်း လက်တင် စတာတွေရဲ့ ဘယ် နဲ့ ညာ ဘက်တွေမှာ အစ ခြောက်စ ထောင်ထားလို့ ''ညောင်ကန်'' လို့ ဆိုလိုက်ရင် ညောင်ကန်လှည်းကိုကိုယ်စားပြုလို့  ၆ခု ကို ကိုယ်စားပြုတယ်လို့ ကလေးက အမှတ်သညာ ထားလိုက်ပါတယ်။
နွား၂ကောင် တစ်ပြူးကို ထမ်းပိုးတုံးမှာ တပ်နေစဉ် နွားတစ်ကောင်စီရဲ့ ခြေထောက်တွေက တစ်လံ အရေအတွက် ၄ခု နဲ့ ညီတာကို မြင်ရတယ်။ နွား၂ကောင်ဆိုတော့ တစ်လံ ၂ခု က အရေအတွက် ၄ခု နဲ့ ၄ခု ပေါင်းတာ ၈ခုဆိုတာကို တစ်လံပေါ် တစ်လံ ထပ်ပိုးလို့ ၈ခုဖြစ်တယ်ဆိုပြီး ထမ်းပိုးနဲ့ တွဲမှတ်လိုက်တယ်လို့ ဆိုတယ်။ 
နောက်တစ်နည်းကတော့ ရွာဦးကျောင်းက ဘုန်းကြီးကျောင်းသားတွေက ဗျပ်ဆိုင်းတွေကို ထမ်းပိုးမှာ ထမ်းပြီး နံနက်တိုင်း ဆွမ်းခံထွက်တဲ့အခါ ဗျပ်ဆိုင်းကြိုးတွေက တစ်လံစီ ရှိကြတာကို သူသိရတယ်။ ရှေ့က ဗျပ်ဆိုင်းကြိုး နဲ့ နောက်က ဗျပ်ဆိုင်းကြိုး ၂ခု ထမ်းပိုးလိုက်လျှင် ၈ခု ဖြစ်တာကိုလည်း သိရတော့ ၈ ဂဏန်းဆိုတာ တစ်လံ တစ်ခုအပေါ် တစ်ခု ထပ်ပိုးလျှင် ရတဲ့ ''ထမ်းပိုး'' လို့ မှတ်လိုက်တာလည်း ဖြစ်တယ်တဲ့။ 
၁၀ ဂဏန်းကတော့ စပါးတွေကို တင်းနဲ့ ခြင်တွယ်ပြီး ရေတွက်တဲ့အခါ ၁ ကနေ စရေတွက်လာလိုက်တာ ၁၀ တင်းပြည့်တဲ့ အခါရောက်တော့ ဂဏန်းအရေအတွက်ကို မအော်တော့ပဲ ''ချိုး'' လို့ အော်လေ့ရှိတာကို မှတ်သားလိုက်တာဖြစ်တယ်။ နောက်တစ်မျိုးကတော့ စပါးတွေကို ကျီထဲသို့လည်းကောင်း၊ ဒိုင်သို့လည်းကောင်း သွင်းကြတဲ့အခါ ၁ တင်း ၂တင်းလို့ မမှတ်ပဲ ၁၀တင်းပြည့်မှ ၁၀တင်း ၁ကြိမ် ၁ချိုးခေါ်ကာ မှတ်လေ့ရှိတာကိုလည်း အမှတ်အသား ပြုလိုက်တာ ဖြစ်တယ်။
ဒီလိုနဲ့ တောရွာက ကလေးတွေဟာ မန်ကျည်းစေ့တောက်တမ်း ဇယ်တောက်တမ်း ကစားရာတို့မှာ ၂လုံးကို တစ်ပြူး၊ ၄လုံးကို တစ်လံ၊ ၆လုံးကို ညောင်ကန်၊ ၈လုံးကို ထမ်းပိုး၊ ၁၀လုံးကို ချိုး လို့ ခေါ်တွင်နေကြခြင်းဖြစ်တယ်။
ဆရာကြီးမြကေတု ဆောင်းပါးမှာ ဒီလင်္ကာအကြောင်းကို အသေးစိတ် ရေးထားပါတယ်။ ချစ်ခင်ဖွယ်ရာ တောရွာဓလေ့ ဂဏန်းသင်္ချာ မှတ်စရာ သင်္ကေတ လင်္ကာလေးဟာ ပုဂံခေတ် အကုန် အင်းဝခေတ်က အစပြု ပေါ်ပေါက်လာခဲ့တာလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၅နှစ် ပညာရေးဝန်ကြီးဌာနက ထုတ်တဲ့ ပထမနှစ် တက္ကသိုလ် မြန်မာစကားပြေ ရွေးချယ်ချက်ထဲက ဆောင်းပါး တစ်ပုဒ် ဖြစ်ပါတယ်။
   
 ကိုးကား။ ။
    ဆရာကြီးမြကေတု
    ကလေးမှတ်ဉာဏ် တစ်ပြူး တစ်လံ
    စာပေတန်ဆောင် - ၁၉၆၇ခု
    +++++