Saturday, December 1, 2012

ပန်းနုရောင် စာတစ်စောင် ဒီဇင်ဘာ ဒိုင်ယာရီ

၀၁ ဒီဇင်ဘာ ၁၉၉၂
ထီးတစ်ချောင်း ဂျာစီအနီရောင် ဖီးဆင့်စက်ဘီး အစိမ်းရောင် မိန်းကလေး ရဲ့
ပန်းနုရောင် စာတစ်စောင် ဒိုင်ယာရီ


နံနက်ခင်း ဆောင်းအေးအေးမှာ နှင်းမြူရနံ့တွေဝေလို့... ။ ဟင်... ဒီဇင်ဘာ ၁ရက်နေ့တောင် ရောက်ပြန်ပြီပေါ့။ ၀ါး... အိပ်ရာက ထမှ... ဒီနေ့ စနေ ကျောင်းပိတ်ရက်ဆိုတော့ ... အင်းယားဘက်ကို စက်ဘီးစီးမယ်၊ ကျောင်းဝင်းထဲ ပတ်မယ်။ အပြန် ဘုရားလမ်းထိပ်က အကြော်ဆိုင်မှာ ရေနွေးကြမ်းပူပူလေး မှုတ်သောက်ရင်း အကြော်စုံ နဲ့ ကောက်ညှင်းပေါင်း ထိုင်စားမယ်။ အကြော်ဆိုင်လာတဲ့ လူတွေရဲ့ စရိုက်ပေါင်းစုံ ကို ထိုင်ကြည့်မယ်။ ပြီးတော့ ဘုရားပန်းတွေ ၀ယ်ပြီး အိမ်ပြန်မယ်။

ကမန်းကတန်း ထ၊ မျက်နှာသစ်တော့ ရေအေးအေးက လူကို တွန့်ကနဲ ဖြစ်စေ။ ခေါင်းမှာ အဘွားပေးတဲ့ သိုးမွေးဦးထုတ်ဆောင်း၊ လည်မှာ ဖေဖေ့ဆီက ရတဲ့ ယောက်ျား မာဖလာ ပတ်၊ အဘိုး အမွေပေးထားတဲ့ ခေါင်းစွပ် သိုးမွှေးဝေ့စကုပ်ပေါ်က အစ်ကိုကြီး လက်ဆောင်ဝယ်ပေးထားတဲ့ အားကစားသမားတွေ ၀တ်တဲ့ ဂျာစီ အနီရောင်နဲ့ ချည်ထမီခပ်ထူထူကို တိုတို ၀တ်ပြီး ခြေအိတ်စွပ် ကင်းဘတ် ဖိနပ်စီး၊ ဖီးဆင့် စက်ဘီး အစိမ်းရောင်လေး ကို တွန်းထုတ်လာ....။ ရှေ့စက်ဘီးခြင်းထဲမှာ ပိုက်ဆံအိတ်နဲ့ အစိုးရထုတ် ခေါက်ထီးမာမာတစ်ချောင်း။ ထီးကတော့ မိန်းကလေး တစ်ယောက်ထဲ သွားသွားလာလာ လုပ်သူတွေအတွက် မမကြီးထည့်ပေးထားတဲ့ အဆောင်။ 

ဟား... အေး လိုက်တာ မွှေးလိုက်တာ... ။ ဆောင်းလေ ရနံ့က အေးလည်း အေးတယ်... မွှေးလည်း မွှေးတယ်။ ဘယ်ဆီကမှန်း မသိ လွင့်ပျံ့လာတဲ့ ပန်းရနံ့လေးတွေက လေထဲမှာ ထုံရနံ့လေး သင်းသင်းမွှေးလို့။ လေကို အားပါးတရ ရှုရှိုက်မိလိုက်တယ်။ မနက်၎နာရီသာသာ စောနေသေးလို့ လမ်းဘေးမှာ လမ်းလျှောက်သူ တစ်ယောက်စ နှစ်ယောက်စ ကလွဲလို့ ဘုရားလမ်း လမ်းမကြီး တစ်လျှောက် ရှင်းလို့ လင်းလို့ ထင်းလို့၊ အကြော်ဆိုင်တောင် မှ မီးမွှေးခါစ ရှိသေး။ စက်ဘီးကို ခပ်ပြင်းပြင်းအနင်း ပထမတော့ လေကြမ်းထဲမှာ ကျောလေးပင် တွန့်ကနဲ ဖြစ်သွား၊ ခဏကြာတော့ ဒီလေအေးအေးထဲမှာပဲ ချွေးလေး စို့လာချင်သလိုလို၊ ခပ်ဖြည်းဖြည်း အရှိန်လျှော့လိုက်တော့ စို့နေတဲ့ချွေးတွေက တိုက်ခတ်လာတဲ့ လေနဲ့ အေးတလှည့် နွေးတလှည့်။

ဟော... ပြောရင်း ဆိုရင်း အာစီထဲတောင် ရောက်လာပြီ။ အင်းယား ကန်လေး ဘေးမှာ စက်ဘီးကို ရပ်၊ ခါးကို ဟိုလှည့် ဒီလှည့် လေ့ကျင့်ခန်းလုပ်၊ လက်ကို မြှောက် အားပါးတရ လေကို ရှု ထုတ်၊ ကန်ပေါ်က ဖြတ်တိုက်လာတဲ့ လေအေးအေးက အသဲထဲထိ စိမ့်သွားသလို၊ ကောင်းလိုက်တဲ့ လေ၊ မြေ၊ ရေ။ ဘေးနားမှာ ကိုယ့်လိုပဲ လေ့ကျင့်ခန်းလုပ်နေတဲ့ အန်ကယ်ကြီး နဲ့ အန်တီကြီး၊ ဆရာ ဆရာမ တွေ ဖြစ်ပုံရ။ ကိုယ့်ဘက်လှည့် ပြုံးပြပြီး ရှေ့ကို ဆက်လျှောက်သွားကြ။

ကဲ... လေ့ကျင့်ခန်းလုပ်တာ ၁၀မိနစ်လောက်ဆိုတော့ တော်ပြီ။ လှဲထားတဲ့ စက်ဘီးလေးကို မ၊ ကွေ့ထွက်မယ် ပြင်နေတုန်း... ဗြုန်းဆို နောက်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို စက်ဘီးဦးနဲ့ ၀င်တိုးမလို ဖြစ်မိ။ အောင်မယ်... ကြည့်စမ်း မျက်နှာက သူခိုး ဂျပိုး ရုပ်နဲ့ ဘာခိုး မလို့တုန်း မသိဘူး။ ဟိုက်... ပိုက်ဆံအိတ်ကို စက်ဘီးခြင်းထဲ ဒီတိုင်း ထည့်မိထားတာ ကပျာကရာ ကောက်ယူ။ လုမယ် လို့ များ လုပ်ရင် ကောက်ရိုက်ဖို့ ထီးရိုးကို ပါ လက်နဲ့ ထိထားရ။

စဉ်းစားနေတုန်း... သင်းလက်က သူ့ ဂျာကင်ထဲက တစ်စုံတစ်ခုကို ယူပြီး မြှောက်အလာ။ ဟာ... ဒီလိုလုပ်လို့ ဘယ်ရလိမ့်မတုန်း... သူ့ထက် လျင်တဲ့ ကိုယ်တို့က ထီးရိုးကို ဆုပ်ကိုင်လို့ ၀ှီးခနဲ မြည်အောင် တွေ့ကရာကိုခုတ်ချပလိုက်။ သိုင်းလောကရဲ့ ပန်းရာဇာ မင်းသမီး ဆိုတာ ကိုယ်ပဲဟေ့လို့ ဘာတို့တော့ မကြွေးကျော် မိပါဘူး။ ခွပ် ဆိုတဲ့ အသံနဲ့ အားလို့တောင် မအော်နိုင်၊ အ ဆိုတဲ့ အသံကပဲ ခပ်အုပ်အုပ်ထွက်ပြီး မျက်နှာကို လက်နဲ့ အုပ်ကာ ထိုင်ချသွား။ ကဲ... ကိုယ့်လူ... မိန်းကလေး တစ်ယောက်ထဲတွေ့လို့ နောင်များ လုချင် ၀ှက်ချင် စိတ် နည်းနည်းကလေး ပေါ်လာပြီဆိုရင် ဂျာစီ အနီရောင် ဖီးဆင့်စက်ဘီး အစိမ်းရောင် စီး အရိပ်မဲ့ သိုင်းရာဇာ မင်းသမီးကိုသာ သတိရလိုက်ပါလို့ ခပ်ကြွားကြွားလေးတွေးကာ စက်ဘီးကို ခွအတက်... မျက်နှာကို နောက်ဆုံးအနေနဲ့ တစ်ချက်လှည့်အကြည့်မှာ ။

ဟင်... လက်ဝါးနဲ့ အုပ်ကာ မော့ကြည့်နေတဲ့ မျက်နှာကို မြင်လိုက်တဲ့ တခဏ ရင် ထဲ ဒိန်းကနဲ ဆောင့်တက် ... ဗုဒ္ဓေါ... စက္ကူပန်း အနီရောင်တွေနဲ့အိမ်က ပြောင်းလာခါစ ဆရာကြီးရဲ့သား ဟို ခပ်ချောချော အစ်ကိုကြီးပါလား...။ ခုနက မှောင်နေတော့ ဘယ်သူမှန်းမသိ ဘယ်ဝှာမှန်းမသိ၊ ခုမှ မျက်နှာသိ ဆိုတဲ့ စိတ်နဲ့ ... ဘုရားတမိ၊ ချောလို့ဆိုပြီး မသိမသာ လိုက်လိုက် ကြည့်နေမိတဲ့ ကိုယ့်ရဲ့ မင်းသား ဖြစ်နေပါပေါ့၊ ဘုရား...ဘုရား... လက်တော့ လွန်ကုန်ပါပကောလို့ ဗြုန်းကနဲ ရင်တွေတုန်၊ ရုတ်တရက် ဘာလုပ်ရမယ်မှန်းမသိ၊ ဘယ်များ ထိသွားသလဲ မသိမသာ လိုက်ကြည့်... မျက်လုံးတော့ ထိပုံ မရ၊ ခေါက်ထီးစောင်းက မာတော့ မျက်ခုန်းရိုးက သွေးလိုလို အရောင်ကို လှမ်းတွေ့မိ။ အဲဒီ အချိန် သူ့ ရင်ခွင်ထဲက ပြုတ်ကျလာတာက.... သွေးစစ နဲ့ ပန်းနုရောင် စာတစ်စောင်။ လူက စက်ဘီးပေါ် ဘယ်လို ရောက်သွားမှန်းမသိပဲ နင်းပြေးတာမှ လှစ်ခနဲ လှစ်ခနဲ။  

 နို့... သိမှ မသိပဲ။

+++++
 
ဝန်ခံချက် ။ လုပ်ကြံ ဖန်တီးခြင်း သက်သက်သာ ဖြစ်ပါကြောင်း။ ;)

8 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ပန်းနုရောင် စာအိတ်ကလေး ယူသွားသလားမသိ။
နောက်တော့ အဆင်ပြေသွားကြလားမသိ။
အခုလောက်ဆို သားသားမီးမီးတွေနဲ့ နေကြမလားမသိ။
အမေးများလိုက်တာလို့ မပြောပါနဲ့။
နို့... သိမှ မသိဘဲ။း)))

စုချစ် said...

ကြွေးတောင်းစာ များ ဖြစ်နေမလားလို့ ယူလိုက်ဘူးနဲ့ တူပါရဲ့...း)

မိုးနတ်ကြယ်စင် said...

ဟား...ဟား..မိုက်တယ်နော်..
ဇာတ်လမ်းက ဆက်ရှည်လို့ရသားနဲ့
ဘာလို့မဆက်တာလဲ မိုးနတ်ကတွေးနေတာ....
ဂယ်တော့ ခုတိုင်းလေးက တော်တော်ကောင်းတယ်..
တဂျီးမင်းပြောသလို မိုးနတ်လဲ အတွေးထဲမှာဆက်ပြီး
ဇာတ်လမ်းရေးနေမိသေးတယ်..
့နို့....သိမှမသိပဲနော်..:P

လွင်ပြင်လှိုင်းငယ် said...

ဘာစာများဖြစ်နေမလဲမသိဘူးနော် ။

စုချစ် said...

ဟဲ... ဆက်မရေးတတ်တော့လို့ ဒီမှာပဲ ရပ်နားပါတယ်ဆိုပြီး လူလည်လုပ်ထားတာပါ...

အားပေးသူ မောင်နှမများကို ကျေးဇူး...း)

စံပယ်ချို said...

လုပ်ကြံ ဖန်တီးခြင်းကို
ရင်ထဲကဖန်တီးထားတဲ့ စာဖတ်ခြင်းနဲ့ဖတ်ခဲ့ပါတယ်စုချစ်ရေ
ပန်းနုရောင်စာအိပ်လေးရော ယူသွားဖြစ်လိုက်လား

စံပယ်ချို said...

စုချစ်ရေ
follower လဲခုမှလုပ်ရတယ် လင့်လဲချိပ်ထားလိုက်ပါပြီ
နောက်ကျနေတာမို့ပြန်ပြီး တောင်းပန်ပါတယ်
တခါတလေတော့လဲရောက်ဖြစ်နေတာပါ.....
c-box မတွေ့လို့ ဒီကနေပြန်လာအော်ခဲ့တာပါနော်။

စုချစ် said...

ကျေးဇူး နော် မစပယ်ချို...း)

c-box က တခါတလေ ဘလော့မှာ မရှိပဲ ပျောက်နေရင် နှုတ်ဆက်သွားတဲ့သူတွေ ချက်ချင်း ပြန်မပြောဖြစ်မှာ စိုးလို့ အားနာလို့ မထည့်ထားတာပါ... ခွင့်လွှတ်ပါနော့...း)