Monday, July 26, 2010

တနေ့တာ


ဒီကနေ့ ၀ါဆိုလပြည့်နေ...။

မနက်စောစောစီးစီးမှာပဲ မိုးတွေကရွာနေလိုက်တာ သဲကြီးမဲကြီး။ ရုံးသွားရမှာမို့ ဥပုသ် ဘယ်စောင့်နိုင်မလဲ။ ငယ်ငယ်တုန်းကတော့ တနှစ်မှာ ဥပုသ်မစောင့်မနေရ ရက်တွေရှိတယ်။ အဲဒီရက်တွေက ၀ါဆိုလပြည့်နေ့ရယ်၊ သီတင်းကျွတ်လပြည့်နေ့ရယ်နဲ့ နှစ်ဆန်း၁ရက်နေ့တွေပဲ။ ခုတော့ လပြည့်ရက်တွေက ပိတ်ရက်တွေနဲ့ တိုက်မှပဲ ဥပုသ်စောင့်ဖြစ်တော့တယ်။ ဥပုသ်မစောင့်ဖြစ်ပေမဲ့ ကိုယ့်စိတ်ထဲ ကုသိုလ်ကောင်းမှုလို့ ထင်တာ ရတန်သလောက် တတ်နိုင်သလောက် ကိုယ့်အထွာလေးနဲ့ကိုယ် ကိုယ့်အတိုင်းအတာလေးနဲ့ ကြိုးစားပြီး လုပ်ယူတာပဲ။ ဒါပေမဲ့ တအားလည်း လုပ်ဖြစ်တယ်မဟုတ်ပြန်ဘူး။ ကျူးပစ်ကမောင်လေးကိုဇေကြီးလို စနေတိုင်းလည်း ဥပုသ်မစောင့်ဖြစ်ဘူး။ ရုံးမသွားခင် ၁နာရီ ဘုရားရှေ့ တရားထိုင်တယ်ဆိုတာ အားကျသာတာ ရှိတာ။ ကိုယ့်ဘာသာကျတော့ မလုပ်ဖြစ်ဘူး။ တရားစခန်းဆိုတာလည်း မ၀င်ဖြစ်တာ ကြာလှပါပြီ။

မနက် မျက်စိနှစ်လုံးပွင့်လို့ အိပ်ရာကမထခင် ပထမဆုံးသတိတရနဲ့ လုပ်တဲ့အလုပ်က သရဏဂုံ၃ပါးရွတ်လိုက်တာပါပဲ။ မျက်နှာသစ်၊ သွားတိုက်ရင်းနဲ့လည်း တခြား ဘာမှ မတွေးမိအောင် ဒါပဲရွတ်နေတာပဲ။ အဲသာကို အကျင့်လုပ်ထားပါတယ်။ အကျင့်လုပ်ထားတဲ့အတွက် အလိုလို ကို ရွတ်နေပြီးသား ဖြစ်နေပါတော့တယ်။ တခါတလေ လူ့စိတ်ဆိုတာ အစိုးရတာ ကောင်းတာ မဟုတ်ဘူး...။ မနက်စောစောစီးစီး မင်္ဂလာရှိရှိနေရမဲ့ အချိန်မှာ စိတ်တိုစရာတွေ စိတ်ပူပင်စရာတွေ ရုတ်တရက်တွေးရင် တွေးနေမိတတ်တာ။ ဆိုတော့ ဘာမှ မတွေးမိအောင် ဘုရား ဂုဏ်တော် ဒါမှမဟုတ် သရဏဂုံတည်နေတာ အကောင်းဆုံးလို့ မရွှေစု ယူဆတာပဲ။

ထုံးစံကတော့ ရုံးသွားမဲ့ မနက်တိုင်း ကိုရေချမ်းက အိပ်ရာလာနှိုးလေ့ရှိတယ်။ သူမနှိုးခင်ကတဲကတော့ နိုးနေတာပေါ့။ သူကတော့ မနက်သမား။ ညဖက် ဘယ်လောက် မိုးချုပ်အိပ်အိပ် မနက်ကို အစောကြီးထ။ ရေမိုးချိုး၊ ဘုရားပန်းလဲ သောက်တော်ရေကပ် ဆွမ်းတော်ကပ် ဘုရားရှိခိုး။ ပြီးရင် မနက်စာ စားရင်း ကော်ဖီကို ဇိမ်လေးနဲ့သောက် အေးအေးဆေးဆေး သတင်းထိုင်ကြည့်တတ်တာ။ မရွှေစု ရုံးထဲ့ဖို့ နေ့လည်စာ မနက်စာကိုလည်း သူပဲပြင်ပေး ထည့်ပေးတယ်။ ကိုယ်ကတော့ ညကတဲက အဆင်သင့် အားလုံး လုပ်ပေးထားတာပေါ့လေ။ သူက နွှေးပြီး ထည့်ပေးတာပေါ့။

မရွှေစုက အိပ်ရာစောစောမထနိုင်တော့ ရုံးသွားမဲ့ မနက်ဆို ဘုရားထိုင်ရှိခိုးဖို့ အချိန်မရဘူး။ လက်အုပ်ပဲ ချီရတော့တယ်။ ကားပေါ်ရောက်ရင်တော့ တမနက်စာ ဘုရားစာရွတ်ပေါ့။ သံဗုဒ္ဓေ ၉ခေါက်၊ မေတ္တာသုတ် ၉ခေါက် နဲ့ ဓါရဏ ပရိတ်ရွတ်၊ ပြီးတော့ သတ္တ၀ါတွေအားလုံး မေတ္တာပို့ အမျှဝေ။ အချိန်ရသေးရင်တော့ တရားမှတ်ပေါ့။ မနက်ပိုင်း ရုံးသွားရင်း ကားပေါ်မှာ ကိုရေချမ်းနဲ့ စကားတခွန်းမှ ပြောလေ့မရှိဘူး။ ရုံးရှေ့ရောက်တော့မှပဲ သူ့ကို သွားပြီနော်လို့ တခွန်းနှုတ်ဆက်၊ ကားဖြည်းဖြည်းမောင်းလို့ တခွန်းပြော။ ဒါပဲ။

သူလိုက်ပို့တဲ့ နေ့ဆို ရုံးကို မနက် ၇နာရီခွဲဆို ရောက်ပြီကိုး။ မနက်၈နာရီမှာ ရုံးချိန်စပေမဲ့ ရုံးဝန်ထမ်းတော်တော်များများက ၈ခွဲလောက်မှ ရောက်ကြတာများတယ်။ မရွှေစုက ရုံးထဲဝင်တာနဲ့ ရုံးသမားတွေကို မေတ္တာစပို့တာပဲ။ မင်္ဂလာရှိသောနံနက်ခင်းမှာ မင်္ဂလာရှိသော စကားများပြောရပြီး ကောင်းသောမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံပါစေ ဘာညာ စသဖြင့် စိတ်ထဲ တတ်သမျှ မှတ်သမျှလည်း ရွတ်လိုက်သေးသကိုး။ ပြီးတော့ ကိုယ့်စားပွဲရောက်တာနဲ့ နံရံမှာ ချိတ်ထားတဲ့ ဘုရားပုံတော်ကိုဝတ်ပြုပြီး တရားမှတ်တာပဲ။ အခန်းထဲကသူတွေက ၈ခွဲလောက်မှရောက်တော့ အနည်းဆုံး ၄၅မိနစ်လောက် တရားမှတ်ချိန်ရပါတယ်။ တခါတလေလည်း ကောင်းကောင်းမှတ်လို့ ရတယ်။ တခါတလေလည်း စိတ်တွေ ပျံ့လွင့်နဲ့ပေါ့။ အိပ်ရေးပျက်တဲ့ နေ့တွေဆို နည်းနည်းလဲ အိပ်ငိုက်ပေါ့။ ဒါပေမဲ့ တအားအိပ်ရေးပျက်လို့ ခေါင်းကိုက်နေရင် တရား မမှတ်မဖြစ် မှတ်ကိုမှတ်ရပါတယ်။ မနက်စောစောစီးစီး တရားမှတ်လေးနဲ့နေလိုက်ရင် စိတ်လည်း ကြည်လင်တယ်။ တနေ့လုံး နေလို့ ထိုင်လို့လည်း ကောင်းသွားပါတယ်။

ရုံးမှာ အလုပ်သိပ်မများဖူး ဆိုရင်တော့ တရားလေးဘာလေး ဆက်နာပေါ့။ များသောအားဖြင့် ဆရာတော် ဦးဇောတိကရဲ့ တရားထိုင်နည်းနဲ့ ဟိုးတုန်းကဦးဉာဏ်ဏိဿရ တရားခွေတွေပဲ ရုံးက ကွန်ပြူတာမှာ ရှိလို့ အဲဒီအခွေတွေပဲ လှည့်ပတ် နာလေ့ရှိတယ်။ မနက်ပိုင်း ၄၅မိနစ်စာ တရားနာပြီးသွားရင်တော့ သီချင်းလေးဘာလေး ဆက်နားထောင်ချင်ရင်ထောင်၊ ဒါမှမဟုတ် သတင်းနားထောင်ပေါ့။ အလုပ်များနေရင်တော့ တရားမနာနိုင်တော့ပါဘူး။ နားမှာ တရားဖွင့်ထားတဲ့ နားကြပ်ကြီးတတ်ထားပြီး စိတ်က ဘာမှ အာရုံမစူးစိုက်နိုင်ရင် အလကားပဲကိုး။

ဒီလိုနဲ့ အလုပ်လုပ်လိုက် ဘလော့တွေ ဖိုရမ်တွေဖတ်လိုက် သတင်းလေး ဖတ်လိုက် သူငယ်ချင်းတွေနဲ့ ပြောင်လိုက် နောင်လိုက်နဲ့ ရုံးမှာ တနေကုန်တာပါပဲ။ နေ့လည်စာ ထမင်းဘူးပါလို့ ထမင်းလဲ ထွက်မစားဖြစ်ဘူး။ တခါတခါ ထိုင်ရာတာ ညောင်းလာရင် ခြေလှမ်း ၃၀၀လောက်လှမ်းမှ ရောက်တဲ့ ကောရစ်ဒေါကနေ အဝေးက ကွန်ဒိုတွေ ဘန်ကလို အိမ်တွေ မြက်ခင်းစိမ်းစိမ်းတွေ မျက်လုံးအညောင်းပြေကြည့်ရင်း နေပူစာ လှုံရတယ်။

ညနေ ၅နာရီခွဲရင်တော့ ပုံမှန်ပြန်တာပဲ။ ရုံးကနေ ၁ကျပ်ခွဲပေးစီးရင် မားစလင်းထိရောက်တဲ့ အလုပ်သမားတွေစီးတဲ့ မလေးရှားကို သွားတဲ့ ဘတ်စ်ကားပြာကြီး ရှိတယ်။ အဲဒီကားကြီးကို နာရီဝက် သာသာလောက်စီးရင် မားစလင်းရောက်ရော။ ရုံးအပြန်ကားပေါ်မှာတော့ ဘုရားစာမရွတ်ဖြစ်ဘူး။ တခြားဌာနက သူငယ်ချင်းတွေနဲ့ ရုံးသတင်းပလင်း ဖလှယ်ရတယ်။ မားစလင်းကနေ အိမ်ထိ တခါ ရထားစီးတဲ့ အချိန်ကျတော့ စာအုပ်ဖတ်တော့တာပဲ။ တရားစာအုပ်ဖတ်တာ နည်းပါတယ်။ ကိုဇေကြီးတို့ ဘာသာရေးသရက်မှာ တင်ပေးထားတဲ့ စာအုပ်တွေတိုင်း အလျင်မှီအောင်တော့ လိုက်ကူးသား။ တအုပ်မှတော့ မဖတ်ဖြစ်ဖူး။ တလောက သူငယ်ချင်းအိမ် အလှူသွားတော့ ရှားရှားပါးပါး ဟိုးရှေးစာအုပ်ဟောင်းတွေ တွေ့တယ်။ သူငယ်ချင်းက တရားစာအုပ်ကလွဲလို့ ဘာမှ မဖတ်တော့တာမို့ နင်လိုချင် အဲဒီစာအုပ်တွေ ကြိုက်တာယူသွားလိုက်တဲ့။ မရွှေစု ခမျှာ အားရ၀မ်းသာနဲ့ တကယ်လားဆိုပြီး ယူလာလိုက်တာပေါ့။

ပြီးတော့ အဲဒီသူငယ်ချင်းကို ကျူးပစ်မှာ ကိုဇေကြီးတို့ တင်ပေးထားတဲ့ တရားစာအုပ်တွေ ကူးထားတာ အားလုံးပို့ပေးမယ်လို့ ပြောလိုက်တယ်။ ကိုယ်မဖတ်ဖြစ်ပေမဲ့ တကယ်ဖတ်ဖြစ်မဲ့သူဆီပို့ပေးပြီး ရသမျှ ကုသုလ်ကြံဖန်ယူချင်သေးတာကိုး။ တကယ်လို့များ နောက်ဘ၀တခုခုမှာ နင်ကောင်းရာရောက်နေလို့ ငါ့ကိုသတိတရ ရှာကြည့်လို့ မဟုတ်တဲ့နေရာရောက်နေရင် ကူညီဖို့ မေ့နဲ့နော်လို့ တဆက်ထဲ မှာထားရသေးတယ်။ သူကလည်း အေးပါဟယ်တဲ့ ဂတိပေးရှာတယ်။

ဒါနဲ့ ကား၊ ရထား၊ ကားစတာတွေနဲ့ အိမ်ပြန်ရောက်တော့ ည၇နာရီကျော်နေပြီ။ ရေမိုးချိုးပြီး ညီမတော်ချက်ထားတဲ့ ညစာကို နည်းနည်းပါးပါး နှမ်းဝင်ဖြူးပေးပြီးတဲ့နောက်တော့ ၈နာရီပေါ့။ ခုတလော ကိုရေချမ်းက ပြန်တာ မိုးချုပ်လို့ သူ့ကို ထမင်းစား မစောင့်ဖြစ်တော့ဘူး။ သူက ည၁၀နာရီလောက်မှ ပြန်ရောက်တာကိုး။ သူပုံမှန်ပြန်လာချိန်ကတော့ ၈နာရီလောက်။ အဲသာဆို သူရေမိုးချိုးပြီး ၈ခွဲမှာ ညစာအတူစားကြ။

ည ၁၀နာရီဆို မျက်နှာသစ် ခြေလက်ဆေးကြောသန့်စင်ပြီး တအိမ်လုံး မီးပိတ်၊ နာရီဝက်တရားထိုင်ကြတယ်။တနေ့လုံး အလုပ်လုပ်ခဲ့ကြတဲ့ စိတ်က ပျံ့တော့ ပျံ့လွင့်တာပဲ။ ဒါပေသိ ကြိုးစားပြီးတော့ တော့ ထိုင်ကြရတာပဲပေါ့။ ဆရာတော်ဘုရားတွေ ဟောကြားသလို တရားအားထုတ်တယ်ဆိုတာ စိတ်ကို ကျူးလုပ်တာပဲကိုး။ တနေ့လုံး အလုပ်ထဲမှာ အနည်းနဲ့ အများဆိုသလို လောဘ ဒေါသ မောဟတွေနဲ့ ညစ်ပေ နပန်းလုံးခဲ့တယ်ဆိုရင် ညမှာ တရားထိုင်လိုက်ရင် နောင်အခါအတွက် အနည်းငယ်တော့ ဆင်ခြင်တုန်တရား ရသွားတာပဲကိုး။ ကိုယ်ဘာမှားသွားသလဲဆိုတာ ဒီအချိန်မှာ ရှင်းရှင်းကြီးပေါ်လာပြီကိုး။ စိတ်ဆိုတဲ့အရာကလဲ တော်တော်ဆန်းကြယ်တဲ့အရာ။ စိတ်ကိုပြန်ကြည့်တဲ့ အခါ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လူကိုယ်ကို တနေ့ အနည်းဆုံး တခါ သန့်စင်အောင် ရေချိုးပေးသလို စိတ်ကို သန့်စင်အောင် ရေချိုးပေးဖို့၊ ကိုယ့်စိတ်ထဲဖြစ်နေတာကို အလွတ်မရှိ စဉ်ဆက်မပြတ်သိအောင်ကျင့်ဖို့ကလည်း အများကြီး အရေးကြီးတာကိုးနော်။ တရားတခါမှ မထိုင်ဖူးတဲ့ သူငယ်ချင်းတွေက အမယ်.. နင်က ဒီလောက်တရားထိုင်နေတာ တရားခုထိ မပေါက်သေးဘူးလားလို့ နောက်ပြောင်ကြတော့... တရားထိုင်ကြည့်တော့မှပဲ မရွှေစုဆိုတဲ့ အပုတ်ကောင်ကြီး တော်တော်တရားမရသေးတယ်ဆိုတာ သိရတော့တယ်လို့ပဲ ပြန်ပြောမိပါတယ်။ အဟုတ်ပါပဲ။

တရားထိုင်ပြီးရင် မရွှေစုက ဘုရားစာဆက်ရွတ်၊ ဓမ္မစကြာ၊ မေတ္တာသုတ်၊ ဗောဇဉ်သုတ်၊ မင်္ဂလသုတ် စသဖြင့်၊ ပရိတ်ကြီး ၁၁သုတ်လုံးတော့ မရွတ်ဖြစ်ဘူး။ ပြီးတော့ ဂုဏ်တော် ၉ပါးပုတီးဆက်စိတ်တယ်။ မေတ္တာပို့ အမျှဝေ။ သာဆိုရင် မရွှေစုတို့ရဲ့မိသားစုရဲ့ တနေ့တာ ပြီးသွားပြီပဲ။ ကိုရေချမ်းက တရားထိုင်ပြီးတာနဲ့ အိပ်ရာဝင်ပါတယ်။ မရွှေစုကတော့ ဘုရားဆက်ရှိခိုးပြီးတာနဲ့ မအိပ်သေးပဲ ဟိုလိုလို ဒီလိုလိုနဲ့ ကွန်ပြူတာပြန်ကိုင်ပါတယ်။ တခါတလေ ပန်းချီဆွဲပါတယ်။ တခါတလေ စာရေးပါတယ်။ တခါလေ သူငယ်ချင်းတွေနဲ့ စကားပြောပါတယ်။ ည ၁၂နာရီ ၁ချက်လောက်မှ ပုံမှန်အိပ်ဖြစ်ပါတယ်။ ဒီလိုနဲ့ မရွှေစု တနေ့တာဟာ အကောင်းကြီးမဟုတ်ပေမဲ့ အဆိုးကြီးမဟုတ်တဲ့ နိစ္စဒူဝတွေနဲ့ လည်ပတ်နေရပါတယ်။

ဒီနေ့တော့ ၀ါဆိုလပြည့်ဖြစ်နေတော့ ဒီနေ့ည ဓမ္မစကြာစုရွတ်ဖြစ်မယ်ထင်ပါတယ်။ တရားထိုင်တာကတော့ ကိုရေချမ်းကိုလည်း စည်းရုံးကြည့်ပြီး ၁နာရီ ကြိုးစား ထိုင်ဖြစ်လိမ့်မယ် ထင်ပါကြောင်း။

စုချစ်

*************************

1 comment:

မြတ်နိုး said...

ဟင်.. အဲလိုလေးပြန်အကျင့်လုပ်ဦးမှပဲ..အခုတော့ အားအားရှိ စာလိုက်ဖတ်နေမိတယ်..

မနက်လေးတခု နဲ့ ညအိပ်ယာဝင်လေးပဲ သရဏံဂုဏ်နဲ့ ဂုဏ်တော်ပွါးမိတယ်။

စက်ဘီးစီးရင်းနဲ့လဲ ရွတ်ပေမဲ့ တခါတခါကျတော့ သတိထားနေရတာနဲ့ မရွတ်ဖြစ်ဘူး..း(


ကျေးဇူးအမ.. အမလုပ်သလိုလေး အချိန်ပုစိလေးပေးပီး သတ်၂မှတ်၂တော့လုပ်ဦးမှပါပဲ။