Wednesday, July 14, 2010

ကိုရေချမ်း နဲ့ မရွှေစု


အမသက်ဝေနဲ့ အမချစ်ကြည်တို့က အသွင်တူမတူ ရေးခိုင်းတော့ ရေးစရာတွေများလွန်းလို့ ဘယ်ကနေ စရေးရမယ်မှန်းတောင်မသိ။ ရေးစရာတွေ များတယ်ဆိုတာ အသွင်တွေတူလွန်းလို့တော့ မဟုတ်၊ အသွင် လုံးဝ မတူသောကြောင့်ဆိုတာကို ရိပ်မိမှာပေါ့နော်...။

သူ့ကို ငယ်ငယ်တုန်းက အမျိုးတွေခေါ်ကြတာ ကိုရေချမ်းတဲ့။ အေးချမ်းလွန်းတယ်ဆိုတာပဲ။ မရွှေစုငယ်နာမည်လား... မရွှေစုပဲထားလိုက်ပါတော့နော်...။ မိစွာတေးတို့၊ မစပ်စုတို့၊ မရှပ်တေးတို့၊ ပဲခူးဆားတို့ ဘာတို့ ညာတို့ဆိုတဲ့ ငယ်နာမည်တွေ လုံးဝမရှိခဲ့ပါဘူး။ အဟုတ် တကယ်ကြီးပြောတာပါ။

*********

အခုတလော မရွှေစုတစ်ယောက် သီချင်းဆိုချင်တဲ့ ဓါတ်ကျနေတယ်။ အဲသာကြောင့် တနေ့တနေ့ သီချင်းတွေချည်း လှိမ့်ဆိုနေတာပါပဲ။ တချို့တော့ ဗွီဒီယိုလေး လုပ်ဖြစ်ရင် ယူကျုပေါ်တင်လိုက်တာပေါ့နော်။ အဲသာ... တနေ့က ဖြူသီရဲ့ ပိုလာဘာလီ သီချင်းလေးဆိုနေတာ အသံသွင်းနေတာကို သူကြားတော့ ဘာပြောတယ်မှတ်လဲ...။ ဟာ... အဲဒီသီချင်းကြီး မဆိုစမ်းပါနဲ့ကွာ... သီချင်းထဲ အနမ်းလေးတွေ ချွေလေတိုင်း... ဘာညာနဲ့ ရှက်စရာကြီး... တဲ့။ အလကားနေရင်း ရှက်တတ်တာများတော့ ဖေ့ဘုတ်ထဲ ကျနော့်ပုံတွေ မတင်နဲ့နော်။ ဘလော့ထဲ ဖိုရမ်ထဲ ကျနော့်အကြောင်းတွေ လျှောက်မရေးနဲ့နော်။ ရှက်စရာကြီးတဲ့။ ခုတော့အမတို့ ရေးခိုင်းလို့ရေးရတာနော်... ဒါပဲ။

ရှက်တတ်တာပြီးတော့ ကြောက်တတ်တာကရှိသေး။ မရွှေစုက ဆရာငြိမ်းရေးတဲ့.... မပြီးသေးသော ပန်းချီကား သီချင်းလေးဆိုတော့ အဲဒီသီချင်းသံကြားရင် ကြောက်ပြန်သတဲ့။ လှော်ခတ်သူလဲတစ်ယောက်မပါ သူ့အလိုလိုသာပင်... လှေကြီးတစင်းကမ်းသို့ ဆိုက်ခါဝင်... ဆိုတဲ့နေရာရောက်ရင် လန့်လာသယ်ဆိုပဲ။ အဲသာနဲ့... မရွှေစုတစ်ယောက် ကိုရေချမ်းအိမ်မှာမရှိတဲ့အချိန် ကိုယ်ဆိုချင်တဲ့ သီချင်းလေးတွေ ခိုးဆိုရတဲ့ အဖြစ် ရောက်ကရော။

ဒါပေမဲ့ ဟိုတနေ့က ဆရာရွှေတိုင်ညွန့်ရဲ့ မေတ္တာအရင်းခံ သီချင်းဆိုတာ တနေရာမှာ ကီးမမှန်လို့ ဘယ်လို ဆိုရမယ်မှန်းမသိတော့ သူ့ကို သင်ခိုင်းတော့လဲ စိတ်ရှည်လက်ရှည်သင်ပေးဖေါ်ရသား။ သူက ကျောင်းတုန်းက ဒရမ်မာကိုး။

*********

စင်ကာပူမှာ ကားကိုလက်နဲ့ ကပ်ပြီး အကြာဆုံးနေနိုင်တဲ့သူက ကားရတဲ့ ပြိုင်ပွဲရှိတာ သိတယ်မလားဟင်။ တခါက အောချက်ကိုသွားရင်း ကြုံလို့ ပြိုင်တဲ့သူတွေကို ၀င်ကြည့်ကြပါရော။ ကိုရေချမ်းကတော့ အဲဒီအချိန် host လာလုပ်နေတဲ့ သူ့အကြိုက် ဒီဂျေ ဗနီတာလိုပတ်စ်ကို ၀င်ငမ်းတာ။ မရွှေစု အဖေနဲ့ အမေလည်း အဲဒီအချိန်က စင်ကာပူရောက်နေကြတာ။ အဲဒီမှာ ကားကို လက်ကပ်တဲ့ ပြိုင်ပွဲ အသေးလေးတွေလဲ လုပ်နေကြတာရယ်။ ၁နာရီကပ်နိုင်ရင် ဘာဆုရမယ်။ ၂နာရီကပ်နိုင်ရင် ဘာဆုပေးမယ်ပေါ့လေ။ မရွှေစုတို့ သားအမိ၊ သားအဖ ၃ယောက်လည်း ကြုံတုန်း အပျော် လက်ဝင်ကပ်ကြတာပေါ့။ ၁နာရီကပ်နိုင်ရင် ပိုလိုရှပ် တထည်၊ ထီးတချောင်းနဲ့ တိုလီမိုလီတွေ ရမယ်ဆိုထားတာကိုး။ ကိုရေချမ်းရေ... ရှင်ကော ၀င်ကပ်မလား မေးမလို့ကြံတုန်း... ရှက်တယ်ဆိုပြီး ဝေးဝေးကို ပြေးသွားပါရောလား။ ကိုရေချမ်းနှယ်... သူများတို့ကို ဓါတ်ပုံလေးတော့ ရိုက်ပေးလှည့်ပါအုံးပြောတော့မှ ခပ်လှမ်းလှမ်းကနေ သူနဲ့မသိသလို ရိုက်ပေးတယ်။ အနားတော့ မလာဘူး။ ရှက်တယ်တဲ့။ ဖြစ်ရလေ။ မရွှေစုကတော့ ပြောင်စပ်စပ်ပါပဲ... မရှက်ပေါင်။

အဲဒီကားကို လက်နဲ့၁နာရီ မရွေ့မလျားကပ်နိုင်လို့ ရလာတဲ့ဆူပါရု(ပ်)တံဆိပ်နဲ့ပိုလိုရှပ်ကလေးကို ကိုရေချမ်းဝတ်လို့ရအောင် large size ရွေးယူထားတာ။ ပြီးကျတော့လဲ သူက တမြတ်တနိုးဝတ်နေသား။

*********

တလောကတော့ ရှော့အန်စေ့မှာ ဈေးဝယ်ကြတယ်။ ပိုက်ဆံပေးတဲ့ နေရာမယ် တန်းစီနေကြတဲ့သူတွေ များတော့ ကိုရေချမ်းကို သူများ အရင် တန်းသွားစီနှင့်မယ်နော်...။ ကားထဲ့ထည့်ဖို့အတွက် ရေမွှေးဝယ်ပြီးရင် နောက်ကလိုက်ခဲ့လို့ ပြောပြီး သူ့ကို ဈေးဝယ်လှည်းကြီင်္းနဲ့ ထားခဲ့ပြီး အရင်တန်းစီနှင့်တာပေါ့။ ဟာ... ပြီးလဲ ပြီးရော... ကိုရေချမ်းတစ်ယောက် ပေါ်မလာ ပေါ်မလာနဲ့... ကြာလိုက်တာဆိုပြီး ဟိုဟိုဒီဒီ ကြည့်မိတော့ ကိုယ်စီတဲ့ နေရာနဲ့ ၃လိုင်းခြားကတန်း... ဟိုး...နောက်မှာ လှည်းကြီးရပ်လို့ စီနေတာ။ အော်... ဒီကတော့ ကိုယ့်ကို မမြင်လို့ ရှာမတွေ့လို့ မလာတာပဲ ထင်တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ကိုယ့်မှာ ဟန်ုးဖုန်းလဲ ပါမလာတော့ သူ့ကို ဖုန်းဆက်ခေါ်လို့လဲမရ။ ဒီတော့ သူကိုယ့်ကို မြင်အောင်ဆိုပြီး ဒီဘက်လိုင်းကနေ (အရပ်ကလဲ ပုဆိုတော့) ခုန်ဆွ ခုန်ဆွ လုပ်ရင်း လက်ယပ်ခေါ်တာပေါ့လေ။ ၄-၅ခါ ခုန်ဆွလိုက်ပြီးတော့မှ ကိုရေချမ်းက တချက်ကြည့်ပြီး ပြန်လက်ကာပြတယ်။ ခေါင်းမသိမသာ ယမ်းပြတယ်။ မလာဘူးဆိုတဲ့ သဘော။ ကိုယ့်မှာ စိတ်တွေတိုပြီး ကိုယ်စီထားတဲ့ နေရာလေး နှမျောတောတောနဲ့ လက်လွှတ်ပြီး သူ့နားသွားရတော့တာပေါ့။ ဘာကိစ္စမလာချင်ရတာလဲ... ဒီမှာ တန်းကအရှည်ကြီး စီရအုံးမယ်... ဘာညာနဲ့ စိတ်တိုနေတဲ့ မရွှေစုကို သူကအေးဆေးပဲ ပြောပါတယ်။ လှည်းကြီးနဲ့ ပစ္စည်းတွေ အများကြီးနဲ့ လူတွေကြားထဲက အတင်းတိုးပြီးလာရမှာ အားနာစရာကြီးတဲ့။ ကိုယ်ကအရမ်းအရင်လိုနေတာမှ မဟုတ်တာ အချိန်ရနေသေးတာပဲ... တဲ့။ ကိုရေချမ်းသည် အဲသလို လူ။

အို... ဘယ်ရမလဲ... အခုများတော့ ရှော့ပင်းစင်တာ ဈေးဝယ်ရင် မရွှေစုက သူ့ကို အရင် တန်းစီခိုင်းလိုက်တာပေါ့။ မရွှေစုကတော့ အိတ်စကျုမီနဲ့ ပလိစ် လှိုင်လှိုင်သုံးပြီး လူတွေကြားထဲ ရအောင်တိုးလိုက်တာပါပဲ။ မရွှေစုခမျာ အဲသလို ဂျန်တယ်မန်းနဲ့ အဆင်ပြေအောင် ပေါင်းနေရတဲ့သူပါ။

*********

မနှစ်က အိမ်ပြန်ကြတယ်။ မရွှေစုတို့ ရန်ကုန်ကအိမ်ရှေ့လမ်းထောင့်မယ် ဆိုက်ကားဂိတ်ကလေးရှိတယ်။ ကိုရေချမ်းတစ်ယောက် တီရှပ်အဖြူ၊ ဘောင်းဘီကွာတားအဖြူရောင်နဲ့ ကင်မရာကြီးတလွယ်လွယ် အိမ်ရှေ့ထွက်ပြီး ဆိုက်ကားတွေ ဓါတ်ပုံရိုက်လိုက်၊ ဟိုဟာမြင်ဓါတ်ပုံရိုက်လိုက်၊ ဒီဟာမြင် ဓါတ်ပုံရိုက်လိုက်နဲ့။ ဆိုက်ကားသမားတွေ၊ လမ်းထောင့်က ဈေးသည်တွေက သူ့ကိုကြည့်ရင် သူကပြုံးပြုံး... ပြုံးပြုံးနဲ့ တပြုံပြုံးပြန်လုပ်ပြသေးတာ။ တမနက် မရွှေစုရဲ့အမက ဈေးသွားဖို့ ဆိုက်ကားစီးတော့ ဆိုက်ကားသမားတွေက ၀ိုင်းမေးကြသတဲ့။ အမကြီး ... ညီမရဲ့ ယောက်ျားက နိုင်ငံခြားသားလားတဲ့။

မရွှေစုကတော့ သွားဆေးခန်းကို ခရီးသွားစရာရှိလို့ မြန်မြန်လေး လုပ်ပေးပါဆရာရယ်လို့ ပြောမိလိုက်တာ... သမီးက နယ်က ကျောင်းဆရာမလေးလားတဲ့။ အဲသလို ကိုရေချမ်းနဲ့ မရွှေစုတို့ဟာ မြို့ကြီးသား စတိုင်ကျကျနဲ့ တောသူမ စုံတွဲရယ်ပါ။

*********

မရွှေစုရေ... ကျနော်... ဒီနားခဏသွားလိုက်အုံးမယ်။ ပြီးမှ ပြန်လာမယ်။ ခင်ဗျားစားချင်တာလေး ၀ယ်စားထားနှင့်လိုက်နော်...။ သိပ်မကြာပါဘူး... ခဏပါ။ အင်း... အင်း... ရတယ်... သွား.. သွား။ အဲသလို မရွှေစုနဲ့ကိုရေချမ်းတို့ စကားပြောနေကြတာကို ဘေးနားရောက်လာတဲ့ ကိုရေချမ်းကိုမသိတဲ့ သူငယ်ချင်းက အဲသာဘယ်သူလဲ... နင့်အမျိုးသားရော ခေါ်လာမယ်ဆိုတာ ပါမလာဘူးလားတဲ့။ အို... အဲသာ... ကိုရေချမ်းလေဆိုတော့... ဟင်... နင့်ယောက်ျားကလဲ နင့်ကို စကားပြောတာ ကျနော် ... ခင်ဗျားတဲ့...။ အော်... သူက အလွန် အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့ မန်းသားမို့ပါဟယ်... ခွင့်လွှတ်ထားပါတယ်လို့..။

ထစ်ကနဲရှိ စိတ်တိုတတ်တဲ့ မရွှေစုတို့ စိတ်ရှည်တတ်လာရင်၊ ဘုရားတရား ဘာမှမလုပ်တဲ့ ကိုရေချမ်းတို့ ဘုန်းကြီးကျောင်းဝေယျာဝစ္ဆတွေ လုပ်လာရင်၊ တခါမှ တရားမထိုင်ဖူးတဲ့သူ တနေ့နာရီဝက် အနည်းဆုံး တရားထိုင်တတ်လာတယ် ဆိုလို့ ရှိရင် အဲသာတွေဟာ ရည်းစားသက် ၅နှစ်၊ အိမ်ထောင်သက် ၉နှစ် ဆိုတဲ့ ဘလန်ဒါနဲ့ ရောမွှေကြိတ်ခြင်းခံလိုက်ရတဲ့ ရလဒ်တွေပါပဲ။

*********

အမသက်ဝေနဲ့ အမချစ်ကြည်တို့ရေ... ရေးရရင်တော့ တထောင့်တည ပုံပြင်တွေထက် ရှည်သွားမှာ စိုးလို့ ဒီမှာပဲ ရပ်လိုက်တော့မယ်နော်... ။ အသွင်မတူတာတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပေါ့။ သို့သော်လည်းပဲ ဟိုးအပေါ်က ကာတွန်းလေးလိုပေါ့... အသွင်လုံးဝမတူကြပေမဲ့ တစ်ယောက်ရှိမှ တစ်ယောက်အတွက် complete ဖြစ်တယ်လို့ ထင်နေကြပါတယ်။

ချစ်ခင်စွာ...
ကိုရေချမ်း + မရွှေစု

12 comments:

Sonata Cantata said...

ဒီက သူ့ဆီမှာ ပို့စ်ဖတ်ပြီး
တူတယ် တူတယ်နဲ့ ခေါင်းတငြိမ့်ငြိမ့် လုပ်နေတုန်း
သူက သူများဆီ လာ တူနေတယ်...ဟိဟိ
ဟုတ်တယ်
တူတယ် တူတယ်
ကိုရေချမ်း နဲ့ ကိုဧရာ တူတားD

T T Sweet said...

နာ့တူနယ်ချင်းကြီး သဘောကောင်း မနောကောင်း ချစ်ချရာ အရမ်းကောင်း၊ နတ်ပြည်သွားမဲ့ သူကြီးပါအေ ... စိတ်ချမ်းသာအောင်ထားပါ။

သီချင်းတွေလဲ ရှက်စာကောင်းတာတွေ မဆိုပါနဲ့အေ့။း)))

မေဓာဝီ said...

ဒီတခါတော့ မစုက ကိုယ်တိုင်ရေးကာတွန်း မသုံးဘဲကိုး။
ဒီပို့စ်ကို မစု ဘယ်တော့ရေးမလဲ တိတ်တိတ်လေးစောင့်နေတာ။ ဖတ်လို့ ကောင်းမှကောင်းပဲ။ မျက်စိထဲတောင် မြင်ယောင်လာတယ်။ မစုခုန်ဆွခုန်ဆွနဲ့ လှမ်းခေါ်တာ။ :)
မစုတို့ အိမ်ထောင်သက် ၉ နှစ်ရဲ့ ရလဒ်ကလေးကိုလဲ သဘောကျမိတယ်။

သက်ဝေ said...

စုချစ်ရေ.........
ဖတ်ပြီး ရယ်လိုက်ရတာ လို့ပြောရင် သူ့ကို ရယ်တယ်လို့ ထင်တော့မှာပဲနော်...။ သွားမပြောနဲ့.. အမ ရယ်တယ်ဆိုတာ သူ မသိစေနဲ့နော်...။

သူ အေးမှန်းတော့ အစထဲက သိနေပါတယ်...။ ခုလို ဖတ်ရတော့ စုချစ်နဲ့ သူ့ကို မျက်စိထဲ မြင်ပြီး ပို ရယ်ချင်မိတယ်...။ အချိန်ရရင် ရသလို အခုလို ပိုစ့်လေးတွေ ရေးပါအုံးလို့ တိုက်တွန်းချင်ပါတယ်။ (အမ မြှောက်ပေးတယ်လို့ သူ မသိစေနဲ့နော်..)

ချစ်စရာပိုစ့်လေး ရေးပေးလို့ ကျေးဇူးတင် ချစ်ခင်...း))

The Queen said...

ဖတ်ရတာ အားမရဘူး အမရယ် ။ ရေးတတ်လိုက်တာ။ အခွင့်ရရင် တစ်ထောင့်တစ်ည ပုံပြင်လေးကို ဆက်ဖတ်ချင်ပါသေးတယ်။

ကိုအောင် said...
This comment has been removed by the author.
ကိုအောင် said...

အမက ဟာသနှောပြီး ရေးထားတာ ဖတ်လို့ကောင်းတယ်။

ချစ်ကြည်အေး said...

ညီမ စုချစ် အရမ်းရယ်ရတာပဲ...နေ့လည်က ရုံးမှာဖတ်ရင်း မျက်နှာပိုး အတော်သတ်နေရတယ်... ဟ ဟ:P အားနာတတ်တာတူပါ့ဟယ်...ဒါ့ကြောင့်လည်း တို့တတွေ ခုလို ဆုံကြရတာနေမှာ...။ ကျေးဇူးများစွာပါ ညီမရေ...

tin min htet said...

ကျွန်တော်တွေ့ဖူးသမျှ စုံတွဲတွေမှာ အများစုက ယောကျာ်းတွေက အားနာတတ်ကြတယ်။ လေဒီတွေက အလိုလို စွာစိတွေဖြစ်ကုန်ရော။ အဲဒီတော့ မျက်နှာပူရမယ့် ပြောစရာ ဆိုစရာဆို လေဒီတွေကို တာဝန်လွှဲထားလိုက်ရုံပဲ :P

မြတ်နိုး said...

အမရေ...ပျော်စရာလေးဖတ်သွားတယ်..
ခုန်ဆွဆွလေး..ဟီးးး

ဂျစ်တူး ( မုံရွာ ) said...

ကိုရေချမ်းဆိုမှတော့မပန်းမှုံဖြစ်သင့်တာပေါ့-
မပန်းမှုံဆိုတဲ့ အမည်ကလေးက စုချစ်နဲ့ လိုက်တယ်-
စုချစ်ကပန်းပွင့်ကလေးလိုဘဲအသားအရေလှတယ်ဗျ-
တကယ်ကြီးပြောသွားပါသည်။ ကိုရေချမ်းမကျေနပ်လျှင်
လည်းနေပါစေတော့------

ashin kusalasami said...

ရယ်စရာလေးတွေနဲ့ အမောဖြေသွားပါတယ်...။ ရေးလဲ ရေးတတ်တယ်...။