Sunday, May 23, 2010

ဦးသုအတွက် အလွမ်းစာ

အလုပ်တွေ လုပ်စရာရှိတာ မလုပ်ပဲ ဒီလာပြီး တောင်မြောက်ရောက်လိုက်ဦးမယ်။ ဦးသု ဆုံးသွားပြီဆိုတော့ သူ့ ပုံလေးဆွဲ သူ့အကြောင်းလေးရေးချင်နေတာ... ။ ခုတော့ ပုံဆွဲချိန် မရှိလို့ ရင်ထဲခံစားမိတဲ့ သူ့အကြောင်းလေး ရေးလိုက်ဦးမယ်။

တလောကပဲ အာအိုင်တီသင်္ကြန်အကြောင်း ရေးတော့ သူ့အကြောင်းလေးပါသွားသေးတယ်။ တကယ်က အဲဒီအကြောင်းကို သူနဲ့သာ အပြင်မှာ ဆုံတွေ့ဖြစ်ခဲ့ရင် လူကိုယ်တိုင်ကို ပြောပြချင်တာ။ အဲဒီအခါ သူဘယ်လိုများ ပြန်ပြောပါ့မလဲလို့ သိချင်မိတာ။ ဟေ...ဟုတ်လား။ ဦးသုလဲ မူးနေလို့ မသိလိုက်ဘူးကွာလို့ပဲ ပြောမလား။ ဒါမှမဟုတ်... အဲဒီအကြောင်းကို သူရေးတဲ့ စာတပုဒ်ထဲပဲ ဖြစ်ဖြစ် ထဲ့ရေးမလားပေါ့။ အခုတော့ ကိုယ်လဲ ပြောပြဖို့ ခွင့်မကြုံလိုက်တော့ပါဘူး။ သူကလောကကြီးထဲက ထွက်သွားနှင့်ပြီ။ တကယ်ဆို အသက်၆၀ဟာ ငယ်သေးတယ်လို့ ကိုယ်တော့ထင်တယ်။ သူလိုစာရေးဆရာအတွက်တော့ လောကကြီးကထွက်သွားတာ အရမ်းကို စောလွန်းလှပါတယ်။

ဦးသုကို စသိတာ သူ့စာတွေဆီကနေတဆင့်ပဲ။ အိမ်မှာက သီချင်း၊ ရုပ်ရှင်၊ စာအုပ် ဆိုရင် စာအုပ်တွေကပဲ ကိုယ်တို့အတွက် အလွယ်တကူ ထိတွေ့နိုင်တဲ့ အရာ။ အဲသာကြောင့် ဦးသုကို စာအုပ်ကတဆင့် အရင် သိခဲ့ရတာ။ အချစ်နှင့် သူ၏ကိုကို၊ အချစ်လား သူဖျားနေတယ်၊ အချစ် ဆိုတဲ့ သူ့ရဲ့ ၀တ္ထုတွေကို ငယ်တုန်းက အသဲစွဲ ဖြစ်ခဲ့ရတယ်။ နောက်တော့ မဂ္ဂဇင်းတွေကနေ သူရေးတဲ့ ၀တ္ထ္ထုတိုလေးတွေကိုလဲ သဘောကျနှစ်ခြိုက်မိခဲ့တယ်။ နောက်တော့ သူ့ရဲ့ ရုပ်ရှင်တွေကိုကြည့်ရတော့ သဘာဝကျတဲ့သူ့သရုပ်ဆောင်မှုကြောင့် စွဲလန်းရပြန်ရော။ သူက မုံ့ဟင်းခါးသည်နဲ့ တူလို့ မင်းသားဖြစ်ခဲ့ရတယ်ပြောပေမဲ့ သူ့ကို ရုပ်ဆိုးတယ်လို့ တခါမှ မမြင်မိခဲ့ဘူး။ ကိုယ်က ယောက်ျားဆို ချောတာမျိုးမကြိုက်တော့... ရိုးရိုးသားသား တည်တည်ကြည်ကြည်ရုပ်မျိုးဆို မျက်လုံးထဲမတော့ ကြည့်ကောင်းတယ်လို့ ထင်ပြီး သဘောကျနေတာပါပဲ။ ဒီအတိုင်းပဲ ဆရာမောင်ဝဏ္ဏ၊ ဆရာမင်းလူတို့ကိုလည်း သဘောကျခဲ့တယ်။

အထူးသဖြင့် ဦးသုတို့ ညီအစ်ကို တစု အနုပညာ မိသားစုကို အထင်ကြီးလေးစားရတဲ့ အကြောင်း တခုရှိတယ်။ အဲသာကတော့ သူတို့စာထဲမှာ သူတို့ အဖေ နောက်မိန်းမယူတဲ့ ကိစ္စကို ဘယ်တော့မှ အပြစ်တင်ပြီး ရေးထားတာမျိုးကို မတွေ့ရခြင်းပဲ။ ဦးသုက သူ့မိသားစု အကြောင်း အရေးများတော့ ဒီအထဲမှာ သူ့အဖေ နောက်မိန်းမယူတဲ့ အကြောင်းကလဲ ပါပါလာတတ်တယ်။ အဲဒီအခါ သူရေးတဲ့ပုံစံက သားတစ်ယောက်အနေနဲ့ ရေးတဲ့ပုံစံမဟုတ်ဖူးနော်။ အပြင်လူတစ်ယောက်အနေနဲ့ မြင်သမျှလေးတွေကို မြင်တဲ့အတိုင်း အပြစ်တင်ခြင်းမရှိ၊ အရှိကို အရှိအတိုင်း ပြောပြနေသလိုလေး ရေးတတ်တာ။ သူ့အဖေ နောက်မိန်းမငယ်ငယ်လေးတွေ ယူခြင်းအတွက် အပြစ်ပြောတဲ့ စာမျိုး တကြောင်းတလေလောက်ရေးတာမျိုးတောင် မမြင်ဖူးဘူး။

ဒီအတိုင်းပဲ မျိုးရိုးထဲမှ ဆိုးပေကြီးများကို ရေးတယ်။ တကယ်ဆို အဲသလို ကိုယ့်အမျိုးထဲက ဆိုးတဲ့သူတွေအကြောင်းရေးရတာ မရေးတတ်တဲ့ သူအဖို့ဆို အင်မတန် သတိထားရမှာပဲ။ အရေးမတတ်ရင် အမျိုးအချင်းချင်း မုန်းစရာကို ဖြစ်ရမှာ အမှန်ပဲ။ ဒါပေမဲ့ ဦးသုရေးတဲ့ပုံစံက သူ့မိသားစု အသိုင်းအ၀ိုင်း ဆွေတွေမျိုးတွေ ရဲ့ စိတ်နေသဘောထား ကိုပြောပြရင်း၊ လူ့လောကကြီးမှာ ရှိတဲ့ လူတစ်ဦးချင်းစီရဲ့ စိတ်နေသဘောထား စရိုက်တွေကို ပုံဖေါ် သွားတာပဲ။ အဲဒီမှာ ပါးပါးလေး သူပုံဖေါ် သွားတာတွေက ဘယ်မိသားစု အသိုင်းအ၀ိုင်းမှာ မဆို လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုသလို မတူညီတဲ့ စိတ်ကလေးတွေ၊ စရိုက်လေးတွေ ပါလာတတ်ကြတယ်။ အဲဒီမတူညီတဲ့ အကျင့်စရိုက်ကြောင့် အချင်းချင်းကြားထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ မေတ္တာနဲ့ သည်းခံခွင့်လွှတ်ပြီး ဘယ်လိုထိန်းသိမ်းဖြေရှင်းသွားမယ်၊ ဘယ်လို စိတ်ချမ်းသာအောင် နေထိုင်သွားမယ်ဆိုတာလေးတွေကို ရိုးသားတဲ့ စိတ်ဓါတ်ကြည်လင်မှုအခံနဲ့ ရေးချယ် သီမှုန်းထားတာပဲ။

လူတိုင်းလိုလိုမှာ မဟုတ်မခံစိတ်ဓါတ်တွေ အနည်းနဲ့ အများဆိုသလို တွေ့ကြရတတ်တယ်။ ကျနော်/ ကျမကတော့ မဟုတ်ရင် နဲနဲလေးမှ မခံဘူးခင်ဗျ/ ရှင့် လို့ လူတော်တော်များများ ပြောတတ်ကြပါတယ်။ ကိုယ်ကိုယ်တိုင်လဲ ပြောခဲ့ဖူးတာပဲ။ ဒါပေမဲ့ အသက်ကလေးရလာတော့ လောကမှာ အရေးကြီးဆုံးက မဟုတ်ရင်မခံဘူးဆိုတဲ့ စိတ်ဓါတ် မဟုတ်ဘူး။ လူအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် နားလည် ခွင့်လွှတ်တတ်မှု၊ မေတ္တာတရား က အရေးကြီးဆုံးဆိုတာ သဘောပေါက်လာရတယ်။

အမေဒေါ်ခင်မျိုးချစ်ကပြောဖူးတယ်။ စာတပုဒ် ဖတ်လိုက်ရလို့ သူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဟာ ကျယ်ပြန့်လာမယ်။ တနည်းဆိုရရင် သဘောထားကြီးလာမယ်။ ခွင့်လွှတ်နိုင်တဲ့စိတ် ရင့်သန်လာမယ်ဆိုရင် ဒီစာမျိုးကို စာကောင်းပေကောင်းလို့ ခေါ်နိုင်ပါသတဲ့။

မေတ္တာတရားလက်ကိုင်ထားပြီး သဘောထားကြီးရင့်လာအောင် ကူညီပေးတဲ့ ဦးသုရဲ့ စာကောင်းပေမွန်တွေဖတ်ရတဲ့ အတွက် ဦးသုကို အများကြီးကျေးဇူးတင်လေးစားမိပါတယ်။

ဦးသု ကောင်းရာဘုံဘ၀မှာ ငြိမ်းချမ်းနိုင်ပါစေသော်။

စုချစ်

8 comments:

သက်ဝေ said...

လွမ်းစရာပါပဲ ညီမရေ...
ကိုယ်လဲ သူ့ကို မင်းသားအဖြစ်မှာရော အဆိုတော်အဖြစ်မှာတင်သာမက စာရေးဆရာ တယောက်အနေနဲ့ပါ တကယ်နှစ်သက်ခဲ့ပါတယ်...။
ဦးသုမောင် ကောင်းရာဘုံဘ၀မှာ ငြိမ်းချမ်းနိုင်ပါစေသော် လို့
ညီမနဲ့ အတူတူ ဆုတောင်းချင်ပါတယ်...။

ချစ်ကြည်အေး said...

ညီမ စုချစ်လေး...အမလည်း သူတို့ သားအဖတွေကို သိတ်ချစ်တယ်၊ သူတို့ရဲ့စာ၊ သူတို့ရဲ့ အနုပညာကြောင့် သူတို့ကို ချစ်တာ...
သူ့စာတွေက ရိုးစင်းပြီး လူ့သဘာဝကို ဖော်ပြနိုင်လို့ သိတ်ကြိုက်တယ်...သူ့စာအဟောင်းတွေ ပြန်ဖတ်ရင်း ဦးသုကို လွမ်းနေတော့မှာပါပဲ.....

Thi Thi said...

Hi dear friend,
Everytime I read your blog.But I never write comments. just now I read your post, I would like to write something.Because of( Thu Maung )is the only one my favorite author,actor also singer.I feel so sorry for him.
Thank you so much for your post friend.
with love
Thi Thi

Anonymous said...

Dear friend,
Everytime I read your blog.But I never write comments.Now I just read your post,I would like to write something because of (Thu Maung) is the only one my favorate author,actor also singer.I feel so sad for him.
Thank you so much for your post.
With love
Thi Thi

စုချစ် said...

ကျေးဇူးတင်ပါတယ်... အစ်မသက်ဝေ၊ အစ်မချစ်ကြည်အေး၊ သူငယ်ချင်းသီသီ...
း-)

ဂျစ်တူး ( မုံရွာ ) said...

မဂ္ဂဇင်းတစ်ခုအတွက်ဓါတ်ပုံတွေရိုက်ပေးဖို့ လိုအပ်တုံးက
သူ နေတဲ့အိမ်ကို နောင်ရိုးစာအုပ်တိုက်ပိုင်ရှင်အမကြီးနဲ့ 
အတူတူ သွားပြီးဓါတ်ပုံရိုက်ပေးဘူးတယ်-
အရမ်းလေးစားခဲ့ ရတဲ့  အနုပညာရှင်ကြီးပါဗျာ-
လွမ်းလိုက်တာ စုချစ် ရယ်- - - -
စုချစ် စိတ်ကလေးကိုလည်းလေးစားမိပါတယ်-
အဲလိုစိတ်ထားမျိုးထားနိုင်ဖို့ အများကြီးကျိုးစားယူရအုံးမှာ
ပါဗျာ-

ဂျစ်တူး(မုံရွာ) said...

မဂ္ဂဇင်းတစ်ခုအတွက်ဓါတ်ပုံတွေရိုက်ပေးဖို့ လိုအပ်တုံးက
သူ နေတဲ့အိမ်ကို နောင်ရိုးစာအုပ်တိုက်ပိုင်ရှင်အမကြီးနဲ့ 
အတူတူ သွားပြီးဓါတ်ပုံရိုက်ပေးဘူးတယ်-
အရမ်းလေးစားခဲ့ ရတဲ့  အနုပညာရှင်ကြီးပါဗျာ-
လွမ်းလိုက်တာ စုချစ် ရယ်- - - -
စုချစ် စိတ်ကလေးကိုလည်းလေးစားမိပါတယ်-
အဲလိုစိတ်ထားမျိုးထားနိုင်ဖို့ အများကြီးကျိုးစားယူရအုံးမှာ
ပါဗျာ-

စုချစ် said...

စုချစ်လဲ ကြိုးစားနေဆဲပါ...ဂျစ်ရေ... ကျေးဇူး...