Saturday, April 10, 2010

လေညှင်းထဲက အာအိုင်တီလုလင် သင်္ကြန် (၁၉၉၃ ခုနှစ်)

လေညှင်းထဲက အာအိုင်တီလုလင် သင်္ကြန်
(၁၉၉၃ခုနှစ်)

ဆောင်းအကုန် နွေအကူး လေရူးလေးတွေ တနော့နော့နဲ့ ဆော့မြူးနေတတ်တဲ့ ၁၉၉၃ခုနှစ်ရဲ့ မတ်ခ်ျလ အစ။ အဆောင် ၁အောက်က ကျောင်းသားရေးရာဌာနမှာ ကပ်ထားတဲ့ ကြော်ငြာစာလေးကြောင့် ရွှေစုတို့ သူငယ်ချင်းတွေ တလှုပ်လှုပ် တရွရွနဲ့ အရမ်းကို ပျော်နေကြတယ်။ ဘာတဲ့ ... တက္ကသိုလ်ပေါင်းစုံ သင်္ကြန်ကပွဲကြီး ပြန်လည်ကျင်းပမှာမို့ အာအိုင်တီကျောင်းကို ကိုယ်စားပြု ဖျော်ဖြေဖို့ အဆိုအကမှာ ၀ါသနာပါသူများ၊ ကပွဲ ဆင်နွှဲချင်သူများ အခန်း xx မှာ စာရင်းလာပေးကြပါရန်တဲ့။ ပြီးတော့ စာရင်းပေးတဲ့သူတွေကို တခါထဲအရည်အချင်းစစ်မယ်တဲ့။ ဦးစီးတဲ့ ဆရာ၊ ဆရာမတွေရှေ့မှာ ဗုံတွေတီး၊ ဂစ်တာတွေတီး၊ သီချင်းတွေဖွင့်ပြီး ကခိုင်းမယ်၊ ဆိုခိုင်းမယ်။ သဘောကျရင် ရွေးမယ်ပေါ့။

အဲဒီနှစ် အာအိုင်တီ သင်္ကြန်ကို ဦးစီးတဲ့ဆရာ၊ ဆရာမတွေက မှတ်မိသမျှ ဂျီဟော၊ သဇင် အဆောင်မှုးတွေဖြစ်တဲ့ တီချယ်ဒေါ်ခင်တင့်၊ တီချယ်ဒေါ်တင်ဌေးမူ၊ ဟောကျူတာမမရယ်၊ Textile က ဆရာဦးလှရွှေ၊ Petro က ဆရာဦးဝင်းမြင့်၊ EC က ဆရာဦးဇော်မင်းအောင်၊ Civil က ဆရာဦးအောင်ကျော်မြတ်နဲ့ ဆရာဦးထွန်းမြင့်၊ မော်ကွန်းထိန်းဆရာကြီးတို့ရယ်။ အကသင်ပေးမဲ့သူတွေက ဘယ်သူရှိမလဲ။ အကမှာနိုင်ငံအဆင့် ဆုတွေတသီကြီးရထားတဲ့ ဆရာဦးဇော်မင်းအောင်ရယ်၊ ကျောင်းသူထဲကဆို တိုင်းနဲ့ပြည်နယ်မှာ အကဆုတွေရထားတဲ့ ရွှေစုတို့နဲ့ တဘက်ခ်ျထဲ သူငယ်ချင်း Mechanical က စိုးဥမ္မာကျော်ရယ်။

မ,ဆိုချင် မ,ကချင် ရွှေစုတို့တတွေ အပြေးအလွှား စာရင်းတွေပေး၊ အစမ်းကခိုင်းတော့ မျက်နှာတွေက ပြောင်စပ်စပ်၊ ခြေတွေ ဟိုထိုး ဒီထိုး၊ လက်တွေ ဟိုချိုး ဒီချိုး၊ ခါးတွေ ဟိုကော့ ဒီလိမ်၊ ဒီလိုနဲ့ အကအဖွဲ့မှာ အရွေးခံလိုက်ရလေသတည်းပေါ့။ အရွေးမခံရစရာ အကြောင်းလဲမရှိဘူးလေ။ ဆရာဦးဇော်မင်းအောင်နဲ့က မောင်နှမလို ခင်မင်ရင်းနှီးနေကြတော့ ဒီလူတွေကိုမှ ဆရာမရွေး၊ ဘယ်သူ့ရွေးမလဲနော့...။

ဒါနဲ့... တူးပို့... တူးပို့... အကတွေတိုက်ကြ၊ သီချင်းတွေ ဆိုကြနဲ့ အရမ်းကိုပျော်စရာကောင်းလေသတည်းပေါ့။ ရွှေစုက အကအဖွဲ့ ၃ဖွဲ့မှာဝင်ကတယ်။ ဒါပေမဲ့ တကယ်အကတိုက်တော့ယိမ်းအဖွဲ့ တော်တော်များများထဲမှာ ၀င်ပါပေးရသေးတယ်။ ဘာလို့လဲဆို ဆရာဦးလှရွှေက ရွှေစုကို ထမင်းဂျိုး၊ ဟင်းဂျိုးများ မှတ်ထားလားမသိ...။ အကတိုက်နေချိန် ပျက်ကွက်တဲ့လူနေရာမှာ ညည်းဝင်ကစမ်းဆိုပြီး ခိုင်းတတ်တာ။ စတန်းဘိုင်ပေါ့လေ။ မတော်တဆ တကယ်ကမဲ့ရက်ကြီးမှာ အဲဒီလူ မကနိုင်ရင် ၀င်ကပေးနိုင်တဲ့သူရှိအောင် အားလုံးကို လိုက်ကျင့်ခိုင်းတာ။ တကယ်တော့ ပျော်ချင်လို့သာ မျက်နှာပြောင်ပြောင်နဲ့ဝင်ပါရသာ... ရှက်တော့ ရှက်မိသားတော့။ အကတိုက်တာကို လာကြည့်ကြတဲ့ အာအိုင်တီက ကိုကိုမောင်မောင်တွေအကြောင်းလဲ သိကြတဲ့ အတိုင်းပဲ။ သူတို့က လူပြောင် လူနောက် လူရွှတ် လူ့ဗရုတ်တွေ။ သူတို့ ရှေ့မှာ ကရတာ တကယ်မလွယ်တဲ့အလုပ်။

ရွှေစုတို့ အဖွဲ့ကို သင်္ကြန်အကြိုမတိုင်ခင်ကတဲက ဂျီဟောမှာ ကမ့်သွင်းတယ်။ မှတ်မှတ်ရရရှိတာက အကြိုနေ့ ဘွဲနှင်းသဘင်ခန်းမမှာလုပ်တဲ့ ရီဟာဆယ်။ မနက်၇နာရီ ဘွဲ့နှင်းသဘင် ခန်းမကိုအရောက်ဆိုတော့ မနက် ၃နာရီ မိုးမလင်းခင်ကတဲက ရွှေစုတို့တွေ ကမန်းကတန်း အိပ်ရာက ထကြ၊ မိတ်ကပ်တွေလိမ်းကြပေါ့။ မိတ်ကပ်လိမ်းပေးတာကလဲ ဆရာဦးဇော်မင်းအောင်နဲ့ ဆရာကိုထွန်းမြင့်။ နောက်ပိုင်း ဆရာ၂ယောက်ထဲ လက်မလည် အချိန်မမှီတော့လို့ ကျန်တဲ့ကျောင်းသူတွေကို ရွှေစုတို့တွေ ကူလိမ်းပေးကြရတယ်။ သိဘူးလေ... ကျောင်းသူဘ၀ မိတ်ကပ်ဆိုတာ လိမ်းမှ မလိမ်းဘူးတော့ ... ဆရာလုပ်တာတွေ ကြည့်ပြီး ပိုလှမလားလို့.. စေတနာပါပါနဲ့ ထူလဗြစ်ကြီးတွေ လိမ်းပေးမိတာပေါ့။ နံနက် ၁၀နာရီလောက် ဘွဲ့နှင်းသဘင် ခန်းမမှာ အားလုံး ကပြီးကြလို့ တယောက်မျက်နှာ တယောက်ကြည့်မိကြတော့ မိတ်ကပ်တွေ အတုံးလိုက် အတစ်လိုက်နဲ့ ရဲပဒေါင်းခတ်လို့၊ မျက်လုံးက အမဲတွေ အကွင်းလိုက်နဲ့ အဆီတွေပြန်.. သရဲရုပ်လေးတွေကြလို့... ။

အဲဒီနေ့က ရွှေစုတစ်ယောက် အဆင်မပြေ ဖြစ်လိုက်ပုံများ...။ စင်ပေါ်မှာ ပထမဆုံး စကရတော့ လူကကြောက်ပြီး တီးလုံးနဲ့ ကကွက်တွေနဲ့ တလွဲစီတွေလုပ်နေရော။ ဘာပြောကောင်းမလဲ... စင်ပေါ်မှာ ကနေရင်း ချွေးတွေပြန်၊ ကတာကို ရပ်ပလိုက် မလို့တောင် လုပ်မိသေးတယ်။ ဆရာဦးလှရွှေနဲ့ ဆရာဦးဇော်မင်းအောင်က ရွှေစုဖြစ်ပျက်နေပုံကိုမြင်ပြီး စင်ဘေး လိုက်ကာကြားကနေ ဘာမှ မဖြစ်ဘူး... ဆက်က... ဆက်ကနဲ့ အော်ပေးလို့သာပေါ့။ အတန်းငယ်က ညီမလေးတယောက်ကျတော့ အုပ်စုလိုက်ကနေရင်း ထမီကျွတ်မလိုဖြစ်သွားတယ်။ အချိန်မှီ ဆွဲလိုက်လို့ ကွင်းလုံးတော့မကျွတ်ပါဘူး။ ပြီးတော့ ရွှေစုတို့အားလုံး မေ့ပြီး ခြေအိတ်တွေ စွပ်မလာမိကြတော့ ခြေထောက်တွေက လုံးတီးကြီးဖြစ်နေကြတော့တာပေါ့။

ဒါက ရွှေစု ကဂျိုးကဂျောင်လုပ်ခဲ့တဲ့ အကြောင်းအရင်ပြောပြတာ။ တကယ်က အာအိုင်တီအဖွဲ့မှာ ကတတ်၊ ဆိုတတ် တီးတတ် တဲ့သူတွေလဲ အများကြီး ပါပါတယ်။ အတီးသမားကတော့ တကယ့်ပရို၊ သူ့နံမည်ကို ဘာလို့မှန်းမသိ၊ အခုပြန်စဉ်းစားကြည့်တာ စဉ်းစားလို့ မရတော့ဘူး။ မျက်နှာကိုတော့ မှတ်မိနေတယ်။ အာအိုင်တီက အဆမ်ဘလီဟောမှာ တီးဝိုင်းကို သူတယောက်ထဲနဲ့ လက်စွမ်းပြတီးပေးသွားတာကို အံ့မခန်းပဲ။ပြီးတော့ ရွှေစုတို့ အောက်ဘက်ခ်ျက အဲဒီတုန်းက တီဗီမှာ သီချင်းတွေဆိုနေတဲ့ အေးရယ်၊ ရုပ်ရှင်မင်းသား ဦးထွန်းထွန်းဝင်းရဲ့သား မောင်မောင်ငြိမ်းချမ်းရယ်၊ သီချင်းဆို အရမ်းကောင်းတဲ့ သူငယ်ချင်း ရခိုင်မချောချောလေးရယ်၊ ရှမ်းလေး ကိုခွန်ရယ်၊ ချာခ်ျမှာ အမြဲဆိုနေကြမို့ အဆိုပိုင်တဲ့ သူငယ်ချင်းမိုးနီလာရယ်၊ အကရော အဆိုရော တော်တဲ့ သူငယ်ချင်းလှိုင်မရယ်၊ တင့်တင့်ထွန်းထက်လှအောင် ကတတ်တဲ့ သူငယ်ချင်း တင်သိုက်ရယ်၊ အဲဒီခေတ်က ခေတ်စားနေတဲ့ အေရိုးဗစ်နဲ့ သင်္ကြန်အကကို ဆီလျော်အောင်တွဲကတတ်တဲ့ ညီမလေးမူဆန်းရယ်၊ ရွှေစုရဲ့ သူငယ်ချင်း အရင်းကြီး၃ယောက်နဲ့ကို အာအိုင်တီ သင်္ကြန်က မိုက်နေတာရယ်။

ကြီးကြပ်တဲ့ ဆရာ၊ ဆရာမတွေအားလုံးက အရမ်းသဘောကောင်းကြတယ်။ ဆရာဦးလှရွှေ၊ ဆရာဦးဝင်းမြင့်တို့ တီချယ် ဒေါ်ခင်တင့်တို့တွေနဲ့ဆို သားအမိ သားအဖတွေလို အရမ်းရင်းနှီးသွားခဲ့တယ်။ ဆရာဦးလှရွှေက အရမ်းနောက်တတ်တယ်။ သင်္ကြန်သီချင်းတွေကို တချိန်လုံးပဲ ဖျက်ပြီးဆိုတာ... တီချယ်မာမီဒေါ်ခင်တင့်ကိုဆို ခါးသေးလို့ ရင်ချီတယ် မခင်တင့်ရယ်လို့... ဆိုဆိုပြီး စတတ်နောက်တတ်သေးတာ။ မာမီကတော့ သူ့ခပ်၀၀ကိုယ်လုံးကြီး လှုပ်လှုပ်သွားအောင် တချိန်လုံးရီနေတော့တာပဲ။

တကယ်ကျတော့ ပြည်လမ်းပေါ်မှာ ရှိတဲ့ အဆင့်မြင့်ပညာ ဦးစီးဌာန မဏ္ဍပ်မှာ သင်္ကြန်ရက်တိုင်းကခွင့်မရခဲ့ပါဘူး။ တက္ကသိုလ်ပေါင်းစုံ ကျောင်းတွေက အများကြီးမို့ အလှည့်ကျပဲ ကခွင့်ရတယ်။ ရွှေစုတို့အာအိုင်တီအဖွဲ့က (အမှတ်မမှားရင်) သင်္ကြန်အကျနေ့ မနက်ပိုင်းကို ကရတယ်။ တူးတူးက ကိုယ့်ကျောင်းကမို့ သီချင်းလာဆိုပေးသွားပါတယ်။ အဲဒီမှာ မဏ္ဍပ်တွေကို နံမည်ကြီးအဆိုတော် တယောက်ကလဲ အလှည့်ကျလာပြီး မေတ္တာနဲ့ သီချင်းဆိုပေးလေ့ရှိတယ်လို့ ပြောကြတယ်။ အဲသာနဲ့ ရွှေစုတို့ထဲက ဘယ်သူကမှန်းမသိ စပြီး အကြံပေးတယ်။ အဲဒီ နံမည်ကြီးအဆိုတော်ကို အဖွဲ့လိုက်သီချင်းမှာ အမှတ်တရ ဆိုခိုင်းကြရအောင်ပေါ့။ ဒါဖြင့် ဘယ်အဖွဲ့ရဲ့ သီချင်းကို ရွေးမလဲ စဉ်းစားတော့ ဆရာမြို့မငြိမ်းရဲ့ သင်္ကြန်လုလင်သီချင်းကို ဆိုခိုင်းမယ်ရွေးကြရော။ အမှန်ဆို အဲဒီသီချင်းကို ဆရာဦးဇော်မင်းအောင်က ဆိုပေးထားတာ။ သင်္ကြန်မှာ ဆရာရဲ့ တပုဒ်ထဲသော သီဆိုဖျော်ဖြေမှုပေါ့။ အဲသလို ကိုယ့်အချင်းချင်းတိုင်ပင်ကြတာကို ဆရာဦးဇော်မင်းအောင်ခမျာ မသိရှာဘူး။

ဒါနဲ့ နိုင်ငံကျော်အဆိုတော်ကြီးလာပါပြီဆို ကြည့်လိုက်တော့ ငယ်ငယ်ချောချော ခပ်မိုက်မိုက်လား မှတ်တယ်၊ ကိုယ်တွေကျောင်း အလှည့်ကျမှ ဦးသုမောင်ကြီးဖြစ်နေရောလားဗျာ။ အို... ဦးသုမောင်လဲ ဘာဖြစ်လဲ၊ သူလဲ အဆိုကျော်၊ နံမည်ကြီးစာရေးဆရာ ၊ တသက်မှာတခါ ဦးသုမောင်ဆိုမှာကို တွဲကရတာ အမြတ်၊ ဆိုခိုင်းမှာပဲဆိုပြီး ရွှေစုတို့ထဲက တယောက်က ဦးသုမောင်ကို သူ့တကိုယ်တော် ဖျော်ဖြေမှု အပြီးမှာ သင်္ကြန်လေညှင်းလုလင် သီချင်းကို အာအိုင်တီ ယိမ်းအကအဖွဲ့အတွက် ဆိုပေးပါဆိုပြီး သွားပြောလိုက်တယ်။ သူကလဲ ဆိုပေးပါမယ်ပေါ့။

အဲ... အဲသမှာ အလွဲကြီးလွဲကုန်တော့တာပဲ။ အဲဒီ သင်္ကြန်လေညှင်းလုလင် ယိမ်းက ရိုးရိုးယိမ်းအကမှုတ်ဖူး။ ၀ိုင်အိုင်တီကို သရုပ်ဖော်ထားတဲ့ယိမ်း။ ပထမ အဆိုပိုဒ်မှာ ကနေရင်း ၀ိုင်ကို စာလုံးဖေါ်ကြတယ်။ ပြီးတော့ အတီးပိုဒ်၊ အဲဒီအတီးပိုဒ်မှာ နေရာပြောင်း နောက်ဒုတိယအဆိုပိုဒ်စတော့ အိုင်ကို သရုပ်ဖော်၊ တခါ အတီးပိုဒ်လာတော့ နေရာပြောင်း၊ တတိယအဆိုပိုဒ်လာရင် တီကို သရုပ်ဖော်၊ အဆိုတပိုဒ်၊ အတီးတပိုဒ် နဲ့ ၀ိုင်အိုင်တီစာလုံးကိုဖေါ်... အဲသလို အစီအစဉ်တကျ တိုက်ထားတာရယ်။

အဲသာ ဦးသုမောင်ကလဲ အဲဒီအချိန်မှာ ရေချိန်ကိုက်လို့ နဲနဲယိုင်ချင်ချင်ဖြစ်နေပြီ။ မစခင်မှာ သူ့ကိုဘယ်လိုဆိုရမယ်ဆိုတာ ပြောထားရဲ့သားနဲ့ မေ့သွားတာလား၊ ဒါမှမဟုတ် ပြောတဲ့သူကပဲ သေချာမပြောမိတာလားမသိ။ အဆိုပိုဒ်တွေ ၂ထပ်ကျော့လိုကျော့၊ အတီးပိုဒ်နေရာမချန်ပဲ ဆက်ဆက်ပြီး မျက်လုံးလေးစုံမှိတ်လို့ ဖီးလ်အပြည့်နဲ့ဆိုနေလိုက်တာမှာ... ကတဲ့သူတွေ ဘာတွေဖြစ်လို့ဖြစ်နေကြတယ်ဆိုတာ သူလဲ ဘယ်ရိပ်မိပါ့မလဲ။ ဒီမှာက ပထမဆုံး အဆိုပိုဒ်မှာပဲ ၀ိုင်စာလုံးပေါ်ပြီးသကာလ နောက်ကလိုက်ရမဲ့ အိုင်လဲ ဖြစ်မလာ တီလဲ ဖြစ်မလာ၊ ရွှေစုတို့ ယိမ်းသမတွေလဲ စိတ်တွေလှုပ်ရှားပြီး စင်ဟိုဖက်ထိပ်ပြေးရမလို ဒီဖက်ထိပ်ပြေးရမလို တယောက်တမျိုးစီနဲ့ ၀ရုန်းသုန်းကားတွေကိုဖြစ်ကြတာများ... ကို့ယို့ကားယားတွေ ဖြစ်ကြတာများ... အို... အဲဒီအချိန်က ကိုယ့်မျက်နှာ ဘယ်နားသွားထားရမယ်မှန်းကို မသိ။ ရှက်သာ...။ ရှက်သာ...။ ရွှေစုက ရှေ့ဆုံးတန်းမှာ ကရတာမို့ ရှေ့ကနေ ဘာဆက်လုပ်ရမှန်းမသိ ယောက်ယက်ကိုခပ်နေတော့တာလေ...။

သီချင်းလဲဆုံးလို့ စင်နောက်ကိုလဲရောက်ရော ဆရာဦးဇော်မင်းအောင်က စိတ်တွေကောက်လို့ ချော့ရသေးတာ။ ဟုတ်သား.. သူ့ရဲ့တပုဒ်ထဲသောဖျော်ဖြေမှုကို မစာနာ မထောက်ထားပဲ ဦးသုမောင်ကို ဆိုခိုင်းလိုက်မိကြတာကိုး။ ပြီးတော့ ကကြတာလဲ အိုးနင်းခွက်နင်းတွေ ဖြစ်ခဲ့ကြသကိုး။ အိုး.. သင်္ကြန်ပဲဟာ... ပျော်ဖို့အတွက် အဓိက။ မလှလဲ ပျော်မှာပဲ။ မကတတ်လဲ ပျော်မှာပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက ပျော်လိုက်ကြတာများဆိုတာ တော်တော်နဲ့ကို အရှိန်မသတ်နိုင်ဘူး။

ခုနေ ပြန်တွေးမိလိုက်တော့လဲ အဲဒီလို တလွဲတချော်ဖြစ်ခဲ့ကြတာတွေဟာ ပြုံးချင်စရာ အမှတ်တရလေးတွေ ဖြစ်လို့။ ဆရာ၊ ဆရာမတွေ သူငယ်ချင်းတွေအားလုံးကိုလည်း သင်္ကြန်လေညှင်းနဲ့ အတူတူ တစိမ့်စိမ့် လွမ်းဆွတ် အောင်းမေ့ သတိရစိတ်တွေ ဝေလို့...။

စုချစ်

19 comments:

ဂျစ်တူး ( မုံရွာ ) said...

တော်တော်ဝါသနာပါခဲ့သူဘဲလေ-
သဋ္ဌက်န်စင်ပေါ်တက်ခဲ့ရောပေါ့-ကိုဘကျော်တို့ ကိုမြင့်စန်း
တို့ ရှိနေတာဘဲဟာ-တော်တ်ာပွဲစည်မယ်ထင်တယ်ဗျ-
မြင်ချင်စမ်းပါဘိဗျာ-

sonata-cantata said...

သင်္ကြန်မယ်လေးတွေ လှပါတယ်
၁၇နှစ်ကြာမှပဲ အားပေးရတော့တယ်
ပြန် က ပြ ပါး)

khin oo may said...

:cool:

Anonymous said...

i think guitorist is Sa Tint Wai, he is one of the friends of Chit San Maung.

မြတ်နိုး said...

အမ..ကျောင်းကိုလွမ်းတာ..

ဦးဇော်မင်းအောင်ဆိုတာ .. မျက်လုံးလှလှလေးနဲ့ ဆရာလားအမဟင်..။
သူ့ကိုငယ်ငယ်က သွားငန်းဘူးတယ်..ဟီးဟီး

မ,အေးဆိုတာ ဆံပင်ရှည်ကြီးနဲ့ အမကြီးလားဟင်..
မြို့ပြက..

မူဆန်းတိုတာ မူမူဆန်းကိုပြောတာလား မြို့ပြက

တီချယ် ဒေါ်ခင်တင့်ကို ကျနော်လည်းချစ်တယ်..သတိရလိုက်တာ..ချယ်ကြီးကို
တခြားဆရာတွေတော့ မသိဘူး
ဦးအောင်ကျော်မြတ်ကတော့ သေချာမတွေ့ဖူးလိုက်ဘူး။

အမက သင်္ကြန်ကိုလွမ်းပီး ကျနော်က ကျောင်းကိုလွမ်းသွားတယ်..

တခါမှတော့ သင်္ကြန်အကဆိုတာမကြည့်ဘူးဘူး။ ရိပ်သာပဲဝင်တာများလို့..

ကိုအောင်(ပျူနိုင်ငံ) said...

သင်္ကြန်တိုင်းမှာ ပျော်ရွှင်နိုင်ပါစေ။

Rita said...

ဖတ်လို့ကောင်းလိုက်တာ။
ရီစရာကောင်းအောင် သွက်နေအောင် ရေးထားပေမယ့် ဖတ်ပြီးတော့ ဝမ်းနည်းသလိုပဲ။

စုချစ် said...

ဂျစ်... ၂၀၀၁ စလုံးမှာ ပထမဆုံး အာအိုင်တီ သင်္ကြန် လုပ်တော့ သီချင်းဆိုခဲ့တယ်လေ...
း-)

Anonymous ... ဟုတ်လိမ့်မယ်ထင်ပါရဲ့ရှင်...
း-)

ညီမလေး မြတ်နိုး ပြောတာ အားလုံးမှန်ပါတယ်ကွယ်...
း-)

မမသီတာ၊ မမ့ကွမ်၊ ကိုအောင်၊ မရီတာ... ကျေးဇူးပါနော်...
း-)

ကိုခိုင် said...

အဆိုလည်းကောင်း
အကလည်းကောင်းဆိုတော့
အခွေထုတ်ပါလား။
ဒီနိုင်ငံမှာရောင်းဖို့ကူပါ့မယ်။း)

ိကိုခိုင်

The Queen said...

A ma .. love to share ur golden memories.

စုချစ် said...

ထုတ်တော့ထုတ်ချင်သား..ကိုခိုင်ရေ... သာပေမဲ့ နှစ်၂၀လောက် နောက်ကျပြီးမှ သိရတော့ ခက်ပေါ့နော်...
း-)

ကျေးဇူး..ညလေးကွင်း

မေဓာဝီ said...

မစု ကတာ ကြည့်ချင်တယ်ဗျို့။ ဗီဒီယိုရိုက်ပီး ဘလော့မှာ တင်ဖို့ မြှောက်ပေးပါတယ်။ သင်္ကြန်နာကျနေသူတွေကို အဆိုအကလေးနဲ့ ဖျော်ဖြေပေးပါ။

မစုကို ရေလာလောင်းသွားတယ်နော်။ ဥပုသ်မစောင့်သေးဘူး မဟုတ်လား။ သင်္ကြန်ရေအေးအေးလေး ခေါင်းပေါ်ကနေ လောင်းလိုက်တယ်။ :P
မင်္ဂလာရှိသော သင်္ကြန်ဖြစ်ပါစေ ... ။

စုချစ် said...

မမေရေ... စာလေးရေး၊ အသံလေး ပေးနေမိတာကတော်သေး သီးခံနိုင်ကြသေး... တော်နေကြာ လူရုပ်ကြီးမြင်ပြီး ဒီဘလော့ကို ဘယ်တော့မှ မလာတော့ဘူး... ရုပ်ဆိုးဆိုး အသက်ကြီးကြီးတွေ လုံးဝမကြည့်ချင်ဘူးလို့ စိုးလွင်လွင် သီချင်းဆိုနေကြမှ ခက်ပါလိမ့်မယ်ကွယ်... ဟီး
း-)
မမေကိုလဲ ရေပြန်လောင်းမယ်...
ဥပုသ်ကြီးနဲ့ဆိုလဲ ရေကုသိုလ်လို့ သဘောထားလိုက်တော့နော့...
း-)

ဂျစ်တူး ( မုံရွာ ) said...

၂၀၀၁ စလုံးမှာ ပထမဆုံး အာအိုင်တီ သင်္ကြန်
ဟုတ်လား - - - -နေအုံး-အဲဒါဆိုရင်
အဲဒီတုံးက--ဂျစ်တူးဓါတ်ပုံလာရိုက်တယ်
စုချစ်ကဘယ်မှာလည်းမသိ-ရှာကြည့်အုံးမယ်
ရှိသေးတယ်ထင်တာပါဘဲဗျာ-

Harry said...

ဒီပို့စ်ဖတ်ရမှပဲ ကျောင်းကို လွမ်းလိုက်တာ စုချစ်ရေ ...

စုချစ် said...

ဟင်... ဒါဆို အကိုဟယ်ရီကလဲ ကျောင်းကပဲပေါ့....
တကျောင်းထဲသား ဖြစ်ရလို့ ၀မ်းသာစရာ...
ဂုဏ်ယူစရာကြီးတော့...
း-)

TU online said...

Civil က ဆရာဦးအောင်ကျော်မြတ် ဆိုတာ အရပ် ရှည်ရှည် နဲ့ ဆရာကြီးလား ... :)

စုချစ် said...

မဟုတ်ဘူးလေ... ခပ်ပြည့်ပြည့်နဲ့ အရပ်နည်းနည်းလေးပုတယ်... MIT မှာလည်း သင်ဘူးတယ်... ပါချုပ်တောင် ဖြစ်သွားသေးတယ်မလား... အစ်မတို့က နောက်ပိုင်းဆရာနဲ့ မတွေ့ဖြစ်လို့ ဆရာဘယ်မှာ တာဝန်ကျနေလည်း မသိတော့ဘူး...း)

TU online said...

ဟိုတလောကပဲ ဆရာဦးအောင်ကျော်မြတ်က ခု သပနမှာ ညွှန်ချုပ်လုပ်နေပါတယ် ...