မြန်မာ့ရိုးရာ နှစ်ဆန်းအလှူမင်္ဂလာ
နှစ်စဉ် ဒီလို မြန်မာနှစ်ဆန်း၁ရက်နေ့ကို ရောက်ပြီဆိုရင်ဖြင့် ရွှေစုတို့ လမ်းထဲက လူငယ်တွေ အလုပ်များရပြီပဲ။ မနက်ကိုစောစောစီးစီး အိပ်ရာကထ လူကြီးတွေနဲ့ အတူ ဥပုသ်လိုက်စောင့်။ ရွှေစုတို့ ညီအမတွေကတော့ သင်္ကြန်တွင်း ဥပုသ်မစောင့်ဖြစ်ရင်သာ နေမယ်၊ နှစ်ဆန်း၁ရက်နေ့ကိုတော့ မဖြစ်မနေ ဥပုသ်စောင့်ထိန်းလေ့ရှိတယ်။ နေ့လည် အိမ်ပြန်ရောက်ရင် ခဏတဖြုတ်အနားယူ။ နာရီပြန် ၂ချက်တီးလောက်မှာ ရွှေစုတို့ လူငယ်တွေရဲ့ လုပ်ငန်းစကြရတော့တာ။
အဲသာ ဘာလဲဆိုတော့ လမ်းထိပ်မှာ အတာအိုးတွေချပြီး အန္တရယ်ကင်း ကမ္မ၀ါစာဖတ်၊ ပရိတ်တရားရွတ်ဖို့အတွက်ရယ်၊ ညနေ ဆွမ်းဆန်စိမ်းလောင်းပွဲမှာ အအေး၊ ကွမ်း၊ ဆေး စတာတွေ ဆပ်ကပ်ဖို့ရယ် အချိန်မှီ ပြင်ဆင်ကြဖို့ပေါ့။ ရွှေစုတို့အိမ်က လမ်းထိပ်လမ်းဆုံမှာ တည်ရှိတော့ နှစ်စဉ်နှစ်တိုင်း ကိုယ့်အိမ်ကပဲ ကမ္မကထ ဦးစီးဦးဆောင် လုပ်လေ့ရှိပါတယ်။ လမ်းထဲက ကာလသား ကာလသမီးလေးတွေကိုခေါ် လင်ပန်းတွေ တောင်းတွေ ကိုင်ပြီး တအိမ်တက်ဆင်း အလှူလိုက်ခံရပါတယ်။ တောင်းတို့ လင်ပန်းတို့ဆိုတာက ကြက်သွန်၊ ဆန်၊ ဆီ၊ စာအုပ် စသဖြင့် အလှူရှင်တွေ စေတနာရှိသလို လှူလိုက်တာတွေကို ထဲ့ဖို့ပေါ့။ အဲသလို လှူတာအပြင် ၀တ္ထုငွေတွေကိုလည်း လှူလေ့ရှိကြပါတယ်။
ဒီလို လိုက်အလှူခံရင်းနဲ့ ပရိတ်တရားနာဖို့အတွက် ဘယ်အချိန်မှာ အတာအိုးလာထားနိုင်ပါတယ်၊ ပရိတ်ရွတ်မဲ့ ဘုန်းကြီးတွေဘယ်အချိန်ကြွကြမယ်ဆိုတာလဲ တခါထဲ ဖိတ်ကြားအသိပေးခဲ့ရသေးတယ်။ တကယ်လို့ သူတို့မှာ အတာအိုးထိုးဖို့ အတာပန်းတွေ၊ အရွက်တွေလိုတယ်ဆို ကိုယ်ကပဲ ဦးဆောင်ပြီး ရှာဖွေပေးပြီးတော့လဲ ကူကြတယ်။ အတာအိုးကို လာသယ်ပေး၊ ပြန်ပို့ပေးတာပါလုပ်ပေးဖို့တောင်းဆိုလာရင်လဲ လုပ်ပေးကြတယ်။
ရွှေစုတို့ရပ်ကွက်မှာ အိမ်တိုင်းလိုလို သင်္ကြန်ကြိုဖို့အတွက် အတာအိုးထိုးကြပါတယ်။ အန္တရယ်ကင်း ဘေးရှင်း ကျန်းမာဖို့ ကိုယ့်မိသားစု နေ့နံတွေအလိုက် အတာအိုးထိုးလေ့ရှိတယ်။ တချို့ကလဲ ၇ရက်သားသမီးနေ့နံစုံ အတာအိုးထိုးကြတယ်။ အဲဒီ အတာအိုးကို နှစ်ဆန်း၁ရက်နေ့ရောက်တော့ အသစ်ပြန်လဲကြတာပေါ့။ တကယ်လို့ ကိုယ့်မိသားစုထဲက နေ့နံက တာစားတယ်ဆိုရင်တော့ အဲဒီအတာအိုးလေးကို သင်္ကြန်အတက်နေ့မှာ ဘုန်းကြီးကျောင်းကို လှူဖွယ်ပစ္စည်းတွေနဲ့အတူ သွားပို့လေ့ရှိတယ်။ အထူးသဖြင့် တာစားတဲ့ နေ့နံသားသမီးက သွားလှူရတာပေါ့။ တာစားတယ်ဆိုတာ ကိုယ့်မွေးနေ့မှာ သင်္ကြန်အတက်နေ့ဖြစ်ရင် တာစားတယ်လို့ ခေါ်တယ်။ ဥပမာ ဒီနှစ်က သောကြာနေ့မှာ သင်္ကြန်တက်တော့ သောကြာသားသမီးတွေ တာစားတယ်ပေါ့။
အဲသလို အလှူခံပြီး ပြန်ရောက်တာနဲ့ ယောက်ျားလေးများက အတာအိုးတွေထားဖို့ရာ လမ်းထိပ်မှာ ခုံခင်းဖို့ ပြင်ဆင်ကြရတယ်။ ပရိတ်တရားရွတ်မဲ့ ဘုန်းတော်ကြီးထိုင်ဖို့ အိမ်တအိမ်က ဆက်တီတွေ သယ်ချ၊ တရားနာတဲ့သူတွေထိုင်ဖို့ကိုတော့ ဘုန်းကြီးကျောင်းက ဖျာကြမ်းတွေသွားယူပြီး ခင်းကြရတယ်။ မိန်းကလေးတွေ ကတော့ ရလာတဲ့ အလှူငွေထဲက ငှက်ပျောပွဲ အုန်းပွဲဝယ်ကြတယ်။ ဘုန်းတော်ကြီးတွေနဲ့ တရားနာသူတွေ သုံးဆောင်ဖို့အတွက် ဖျော်ရည်စီမံကြရတယ်။
ဒီလို ခုံတွေခင်းပြီးပြီဆိုတာနဲ့ တယောက်ပြီးတယောက် အတာအိုးတွေ လာထားကြတာပဲ။ ဒါမှမဟုတ်လဲ အိမ်တိုင်ရာရောက် ရွှေစုတို့ လူငယ်တွေက ယူထားပေးကြတယ်။ တချို့ကလဲ အတာအိုးမှာ အန္တရယ်ကင်း ပရိတ်ကြိုးလုပ်ဖို့ အပ်ချည်လုံးတွေပါ ချည်ထားကြတယ်။ ၄နာရီလောက်ဆို ဘုန်းတော်ကြီးတွေ ကြွလာပြီ။ ပရိတ်တရားနာချင်သူတွေ မသိလိုက်မှာစိုးလို့ ကာလသားတွေက ဘုန်းကြီးကြွလာပါပြီဆိုပြီး လမ်းထဲမှာ တချက်ပြေးပြီး အသိပေးဆော်အောကြရသေးတယ်။
ဘုန်းကြီးတွေက ပရိတ်ရွတ်၊ ကမ္မ၀ါဖတ်နေစဉ်အတွင်း တရားနာပရိတ်သတ်ကို ဒီလမ်းအတွင်းမှာ မကောင်းဆိုးရွားများနေတာကို ကြိုက်ကြပါသလားလို့ ၃ခါတိတိမေးတယ်။ မကြိုက်ပါလို့ ပရိတ်သတ်က ပြန်ဖြေကြတယ်။ အဲသလိုနဲ့ ဘုန်းတော်ကြီးများ ရွတ်ဆိုအပြီးမှာ အအေးဆက်ကပ်တယ်။ တရားနာပရိတ်သတ်ကလဲ ဥပုသ်သည်တွေများတော့ အအေးလှူရတယ်။ ပြီးရင် လှူဘွယ်ပစ္စည်းတွေကို ယောက်ျားလေးတွေက ဘုန်းကြီးကျောင်းကို ထမ်းပြီးလိုက်ပို့ကြတာပေါ့။ ဘုန်းကြီးတွေကတော့ဒီလမ်းပြီးရင် နောက်တလမ်းမှာ ရွတ်ဖို့အတွက် ခရီးဆက်ကြရတာပေါ့။
မိန်းကလေးတွေနဲ့ ကျန်ခဲ့တဲ့ ယောက်ျားလေးတွေကတော့ အတာအိုးတွေကို ပိုင်ရှင်တွေဆီ ပြန်ပို့၊ ခင်းထားတဲ့ခုံတွေသိမ်း လုပ်ကြရတယ်။ များသောအားဖြင့်တော့ အတာအိုးကို အိမ်ပြန်ယူလာကြပြီး အိုးထဲက ပရိတ်ရေတွေကို ခြံတောက်လျှောက်ပက်ဖျန်းကြပါတယ်။ ခုနက အတာပန်းလေးတွေကိုတော့ ခြံတံခါးမှာ ညှပ်ထားလေ့ရှိကြတယ်။ ဒီလိုနဲ့ တနှစ်တာပတ်လုံးအတွက် အန္တရယ်ကင်းပြီလို့ အယူရှိကြပါတယ်။
အဲဒီလို ပရိတ်ရွတ်တာက ညနေ၅နာရီလောက်ဆို ပြီးသွားပြီပေါ့။ ဒါနဲ့ ဆွမ်းဆန်စိမ်းလောင်းဖို့ အတွက် တဆက်ထဲပြင်ဆင်ကြရတယ်။ နှစ်ဆန်း၁ရက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲဟာ တခြားနေ့ကြီးရက်ကြီးတွေထက် စည်ကားလေ့ရှိတယ်။ ဘာဖြစ်လို့လဲဆို ဘုန်းကြီးကျောင်းမှာက သင်္ကြန်တွင်း ဒုလ္လဘ၀တ်တဲ့ ဦးဇင်းတွေ ကိုရင်တွေနဲ့ဆိုတော့ အလှူခံတန်းစီကြွလာတဲ့ကိုယ်တော်တွေဆိုတာ နည်းမှမနည်းပဲကိုး။ ရွှေစုတို့လမ်းက ဆွမ်းဆန်စိမ်းလောင်းတဲ့အပြင် ဆရာတော်တွေ၊ ဦးဇင်းတွေ၊ ကိုရင်တွေမက ဘေးနားက ကူသယ်ဖို့ လိုက်လာတဲ့ ကျောင်းသားတကာတွေအတွက်ပါ အနည်းဆုံးတော့ ဖျော်ရည်အလှူ လှူကြပါတယ်။ သကြားလုံးတို့ ထန်းလျက်တို့လဲ ကပ်လှူလေ့ရှိကြတယ်။ တနှစ်တုန်းကများဆို ကွမ်းယာပါလှူလိုက်ကြပါသေးတယ်။
ဘုန်းတော်ကြီးတွေ ကြွမလာခင် လူတိုင်းကိုယ်စီ မိမိအိမ်ရှေ့လေးတွေမှာ ခုံလေးတွေခင်းပြီး ဆွမ်းဆန်စိမ်းဗန်းတွေ၊ လှူဖွယ်ပစ္စည်းတွေပြင်ဆင်ထားလို့၊ ယောဂီတဘက်ကလေးတွေ ပုခုန်းပေါ်တင်လို့၊ တယောက်နဲ့တယောက်ရယ်ပြုံး နှုတ်ဆက်လို့၊ အဲသလို မြင်ရတဲ့ မြန်မာ့ရိုးရာအလှမြင်ကွင်းဟာ တကယ်ကိုချစ်စရာကောင်းလှတာပေါ့။
ဆွမ်းဆန်စိမ်းအလှူခံမဲ့ ဆရာတော်တွေရဲ့ ရှေ့ပြေးအနေနဲ့ ဆိုက်ကား၂စင်းက အော်လံကြီးတွေနဲ့ အလှူသီချင်းတွေဖွင့်လို့၊ လမ်းစုံလမ်းခွရောက်တာနဲ့ သီချင်းခဏရပ်ပြီး ဆရာတော်တွေ ဘယ်လမ်းနားကိုရောက်နေပါပြီ။ အလှူရှင် သူတော်ကောင်းအပေါင်းမှ အဆင်သင့်ပြင်ထားကြပါ စသဖြင့်လဲ လိုက်ပြီးသတိပေးကြသေးတယ်။
သိပ်မကြာခင် ဘုန်းကြီးတွေ ကိုယ့်လမ်းထဲကြွလာပြီဆို ဆွမ်းဗန်းကို ကိုင်တဲ့သူကကိုင်ပေး၊ လောင်းတဲ့သူကလောင်း၊ အအေးကပ်တဲ့သူကကပ်၊ အလျင်မှီအောင်ထဲ့ပေးတဲ့သူကပေး၊ ကြည်ညိုတဲ့သူကြည်ညိုလို့ ... အို လူတွေများ ပျားပန်းခတ်စည်ကားလို့.... အင်မတန် ပျော်စရာကောင်းတာပေါ့။ ဘုန်းကြီးတွေကလဲ ကပ်လှူတဲ့ဖျော်ရည်ကို အများကြီးတော့ ဘယ်ဘုန်းပေးနိုင်ကြပါ့မလဲ။ လမ်းတောက်လျှောက်မှာ အဲသလိုကပ်ကြတဲ့သူတွေက အများသားကိုး။ ကွမ်းကပ်တဲ့နှစ်ကတော့ လောက်တောင်မလောက်ငပါဘူး။ ကွမ်းမကြိုက်တဲ့ ဘုန်းကြီးအရှားသားကိုးနော်။
အားလုံးဆက်ကပ်လှူပြီးသွားပြီးတော့လဲ ဘုန်းကြီးတွေ တော်တော်ဝေးဝေးရောက်တဲ့အထိ နောက်ကနေလှမ်းမျှော်ပြီး ကြည်ညိုနေကြပါသေးတယ်။ အိမ်ပေါ်ကို တော်ရုံနဲ့ မတက်ချင်ကြသေးပါဘူး။ ဒီနှစ်တော့ တို့လမ်းကအစည်ဆုံးဟေ့၊ လှူတာအကောင်းဆုံးဟေ့နဲ့ ဂုဏ်ယူပြောဆိုကြပြီး ပီတိတွေ ဖြစ်ရပါသေးတယ်။ တခါတလေလဲ ည၈နာရီလောက်မှာ လမ်းထဲက ကာလသားတွေက သံပုံးတွေ ဆူညံနေအောင်တီးရိုက်ပြီး သရဲမောင်းတာမျိုး လုပ်ရင်လဲ လုပ်တတ်ကြတယ်။
ရွှေစုတို့တွေလည်း တနေ့လုံးပြေးလွှား ပင်ပန်းခဲ့သမျှ တရားခွေလေးနာရင်း အနားယူရတော့တာပေါ့။ ဒါပေမဲ့ ဒါကို ပင်ပန်းတယ်လို့ ဘယ်တုန်းကမှ မထင်မိခဲ့ကြပါဘူး။ အော်... ဒီနှစ်အတွက်တော့ အတာကူးတဲ့ နှစ်ကူးသင်္ကြန်ပွဲကြီး ပြီးသွားပဟလို့တွေးရင်း နောင်နှစ်ကိုမျှော်လို့ လွမ်းလွမ်းဆွေးဆွေး ဖြစ်ကျန်ခဲ့ကြတော့တာပါပဲ။
စုချစ်
9 comments:
မင်္ဂလာအပေါင်းနဲ့ ပြည်စုံတဲ့ နှစ်သစ်ဖြစ်ပါစေ ကြီးစုရေ :)
သာဓု သာဓု သာဓု
ကိုခိုင်
အမရေ ဖတ်ရတာ ကြည်နှူးစရာ သာဓု ခေါ်စရာပါ။ " ည၈နာရီလောက်မှာ လမ်းထဲက ကာလသားတွေက သံပုံးတွေ ဆူညံနေအောင်တီးရိုက်ပြီး သရဲမောင်းတာမျိုး လုပ်ရင်လဲ လုပ်တတ်ကြတယ်။"" အဲဒါက နှစ်ဆန်းတစ်ရက်နေ့ မှာ လုပ်လေ့ရှိတာလား အမ၊ တစ်ခါမှ မကြုံဘူးလို့။
ညီမလေး ရူဘီရေ... ညီမလေးလဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ...း-)
ကျေးဇူးကိုခိုင်...း-)
ညီမလေးကွင်းရေ... ဟုတ်ပါတယ်... အမတို့ ရပ်ကွက်ထဲက သူတွေ လုပ်လေ့ရှိကြပါတယ်။ အိမ်တွေက ဖော်မယ် သဘောမျိုးလုပ်ကြတာတော့ မှုတ်ပါဖူး။ ကာလသားတွေက လုပ်ကြတာပါ။ ခုတော့ အဲသလို လုပ်ကြသေးလားဆိုတာ အိမ်ကိုပြန်မေးကြည့်ဦးမှ... သင်္ကြန်မပြန်ဖြစ်တာ ဒီနှစ်နဲ့ဆို ၁၃နှစ်ရှိနေပြီ...
း-)
အမတို့ရပ်ကွက်မှာလည်း နှစ်ဆန်းတရက်နေ့ဆို အန္တရာယ်ကင်း ပရိတ်တရားနာပွဲ လုပ်တယ်။ လမ်းတိုင်း လမ်းထိပ်နှစ်ဖက်မှာ ဟိုဘက်ဒီဘက် ပိတ်လုပ်တာ။ ပြီးတာနဲ့ ကလေးတွေက သံပုံးတွေ တီးကြတယ်။ ဆွမ်းဆန်စိမ်းလောင်းပွဲတော့မပါဘူး။
ပိတောက်ပန်းတွေလိုချင်တယ်ဆို-
လာယူလှည့်ပါအုံးဗျာ-
စုချစ်အတွက်သေသေခြာခြာသွားရိုက်ထားတာပါ-
တကယ်ပြောတာပါ-စုချစ်တောင်းတုံးကမပေးနိုင်တာက
တကယ်ရိုက်ပြီးသားမရှိလို့ပါဗျာ-
အခါလွန်ပိတောက်မို့ မလိုချင်တော့ဘူးလား---ဟင်
ယူမှာပေါ့..ဂျစ်ရ... ဘယ်အချိန်ရရ ယူမှာ...
ကျေးဇူး...
း-)
ညီမ စုချစ်...
ညီမတို့ နှစ်ယောက်အတွက် သာယာချမ်းမြေ့ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေ လို့ ဆုတောင်းတယ်နော်...
ညီမရေးတာ ဖတ်ရတာ ပျော်စရာ...
အမက သံပုံး တီးချင်နေတာ...
နောက်နှစ်ကျ စုပြီး သံပုံးတီးကြရအောင်လေ... ခွိ.. ခွိ...
ကျေးဇူးပါ အမသက်ဝေ...
သံပုံးကတော့... ဟို ဆြာခြစ်တို့ အိမ်မှာ တီးကြတာပေါ့...
ခွိခွိ... ကြားရင် စိတ်ဆိုးမှာ...
း-)
Post a Comment