Thursday, April 15, 2010

လမ်းတလျှောက်သင်းပါဘိ၊ ပန်းပိတောက်မင်း

လမ်းတလျှောက်သင်းပါဘိ၊ ပန်းပိတောက်မင်း

Photo Source

မနေ့ကအထိတော့ မြမြဖူးတွေ လဲ့လဲ့ဝေနေခဲ့တာကို သူမှတ်မိနေပါသည်။

***************

''ဝေး... ဝေး... ပက်ဟေ့... ပက်မယ်ဟေ့...''

လမ်းထိပ်က ဝေးကနဲ အော်ဟစ်လိုက်သံတွေကြောင့် ဖြတ်ကနဲ သူလန့်နိုးသွားသည်။
ဘယ်နှယ်နာရီရှိပြီလဲ ...။ ဘေးက စားပွဲတင်နာရီလေးကို စောင်းငဲ့ကြည့်လိုက်တော့ နံနက်၆နာရီ၁၅မိနစ်။ အော်.. ဒီကလေးတွေ တော်တော်ဝီရိယကောင်းကြတာပဲ ဟု စိတ်ထဲက တွေးလိုက်မိသည်။ သူငယ်ငယ်တုန်းကရော... အဲသလိုပဲ ဝီရိယကောင်းခဲ့သလားဟု ပြန်တွေးနေမိ၏။

''ပိတောက်တွေ ပွင့်နေပြီဟေ့....''

လမ်းမပေါ်မှ စူးကနဲ ၀မ်းသာအားရ အော်ဟစ်သံက သူ့အတွေးစကို ဖြတ်တောက်ပစ်လိုက်ပြန်၏။ အော်သံနှင့် အတူ ပြေးလွှားနေသော ခြေသံများကိုပါ ကြားလိုက်ရပြန်တော့ အိပ်ရာထဲက ငေါက်ကနဲ ထထိုင်မိလိုက်သည်။ ဟုတ်ပေသားပဲ... မနေ့က ဖက်ဆွတ်မိုးလေး ရွာလိုက်တာကိုး...။ ကမန်းကတန်း မျက်နှာသစ်၊ အ၀တ်အစားလဲလိုက်သည်။ ဖေဖေ လမ်းလျှောက်ထွက်သွားသည်ထင်၏။ မေမေက ဘုရားရှိခိုးနေသည်။ မမကြီးနဲ့ ညီမလေး နံနက်စာချက်ရင်း ဘုန်းကြီးကျောင်း ဥပုသ်စောင့်သွားဖို့ ပြင်ဆင်နေကြသည်။

''မမ... ငါ ... ပိတောက်ပန်းတွေ သွားကြည့်လိုက်ဦးမယ်နော်...''

မမကြီး ကိုအသိပေးပြီး လမ်းထိပ်ဖက်ဆီကို ထွက်လာလိုက်၏။ ၅မိနစ်သာသာလောက် လျှောက်လိုက်လျင် ရောက်မည့် ပိတောက်ပင်တန်းဆီသို့ ဖြစ်သည်။ အဲဒီမှာ ပိတောက်ပင်တွေ တန်းစီ ရှိနေသည်။ တချို့က ပင်စည်ကြီးတွေ ခိုင်ခိုင်ခံ့ခံ့နဲ့ မြင့်မားခန့်ထည်စွာတည်ရှိကြ၊ တချို့ကျတော့ အပျိုပေါက် လူပျိုပေါက်လေးတွေလို နုနုငယ်ငယ် သွယ်သွယ်လျလျ နွဲ့နွဲ့နောင်းနောင်း။ အပင်မြင့်ကြီး ၅ပင်လောက်မှာ ပိတောက်ဖူးတွေ ခဲနေတာ မနေ့ကပဲတွေ့ခဲ့ရသည်။ စိမ်းမှောင်နေသည့် ပိတောက်ရွက်များကြားမှာ မြမြဖူးတွေ လဲ့လဲ့ဝေလို့။ ခုတော့ မိုးပြေးလေးနဲ့ တွေ့ပြီမို့ သူတို့တွေ ရွှေရောင်တောက်နေကြမှာ မြင်ချင်စမ်းလှသည်။

လမ်းမှာ ဝီရိယကောင်းသူကလေးများရဲ့ ရေပိုက်လေးများကလွဲလို့ ရေပက်နေသူသိပ်မရှိသေး။ ပိတောက်ပင်တန်းဆီမရောက်ခင်မှာပဲ လူအုပ်အုပ်ကို လှမ်းတွေ့နေရသည်။ နံနက်ခင်း သန့်ရှင်းလတ်ဆတ်လှသော လေပြည်နဲ့အတူ ပန်းပိတောက်ရနံ့က ရင်တွင်းထိရောက်အောင် သင်းပျံ့လှသည်။ သူက ပန်းရနံ့လေပြည်ကို မက်မက်စက်စက် ရူရှိုက်လိုက်မိသည်။

ပိတောက်ပင်ကြီးတွေနားမှာ လူတွေ ၀ိုင်းဝိုင်းလည်နေသည်။ ရပ်ကွက်ထဲမှ ယောက်ျားလေးတချို့ ခါးတောင်ကျိုက်လျက်သား အပင်ပေါ်မှာ ဟိုဒီ ကူးလျက်ရှိကြသည်။ တချို့က တံချူနှင့် အဆင်ပြေသလို ခြွေနေကြသည်။ မြေပြင်ပေါ် သို့ ပိတောက်ခက်တွေ တခက်ပြီးတခက် တဖြုတ်ဖြုတ်ကြွေကျလာကြ၏။ ပန်းပိတောက်ကြွေလေးတချို့က သူ့ဆံစမှာ လာငြိတွယ်နေကြသည်။

ရေမြောင်းဘောင်ကြီးကို မှီပြီး သူရပ်ကြည့်နေမိသည်။ နေရောင်ဖျော့ဖျော့မှာ မြရောင်၊ ရွှေရောင်လှိုင်းတွေထနေပုံက ပန်းချီကားတချပ် ဆေးချယ်နေသည့်အလား။ လေအဝင့်မှာ ကြွေလွင့်နေကြပုံက ကဗျာတပုဒ်ကို ဖန်တီးနေသည့်အလား၊ စီးမျောနေသည့် လှိုင်းများ။ သိပ်သည်းနေသည့် ထိုရွှေရောင် မြရောင်လှိုင်းတွေ တဖြည်းဖြည်း လျော့လျဲသွားပုံကို သူစောင့်ကြည့်နေဦးမှာဖြစ်သည်။

ဒီပိတောက်ပင်ကြီးတွေက ရပ်ကွက်အပိုင်မို့ ကြိုက်တဲ့သူက လာခူးနေကြခြင်းဖြစ်သည်။ မြေပေါ်ခလာသည့် ပိတောက်ခက်မှ အရွက်များကို ဖယ်ထုတ်ကြရင်း တစ်ယောက်နှင့် တစ်ယောက် ဝေမျှယူနေကြသည်။ ငေးမောကြည့်နေသည့်သူ့ကိုလည်း တချို့ကနှုတ်ဆက်ပြုံးပြကြရင်း ပိတောက်တစ်ခက်စ၊ နှစ်ခက်စ ပေးသွားကြ၏။ ဒီလိုနှင့် သူ့လက်ထဲ ပန်းတွေ တထွေးကြီးရနေပြီ။ သူ့ခြေထောက်နားမှာလည်း ပန်းပိတောက်ကြွေများနှင့် မြစိမ်းရောင် ရိုးတံများ အရွက်များက ခယလျက်။

ပိတောက်ပင်ကြီးများဆီမော့ကြည့်လိုက်တော့ မြရောင်လဲပျောက်၊ ရွှေရောင်လဲနှောင့်။ စိမ်းမြမှောင်ကာ ရွှေရောင်တွေလဲ့နေတုန်း တခဏအတွင်းမှာ ရိုးတံကြဲကြဲဖြစ်သွားရှာသည့် ပိတောက်ပင်ကြီးကတော့ သူ့ကို နားလည်စွာ ပြုံးပြီး ငုံ့ကြည့်နေသလို။ လေပြည်နွေးနွေးအောက်က ပိတောက်ပင်ကြီးကို ကျောခိုင်းလျက် လမ်းတလျှောက်ဝေနေသည့် ပန်းပိတောက်ကြွေများပေါ်မှ လှမ်းကာ ပြန်လာခဲ့သည်။


***************

တကယ်ပါ။ မနေ့ကအထိတော့ မြမြဖူးတွေ လဲ့လဲ့ဝေနေခဲ့တာကို သူမှတ်မိနေပါသည်။

စုချစ်

7 comments:

မေဓာဝီ said...

ဒါကြောင့် ဆရာဇော်ဂျီက မခူးချင်စမ်းပါနဲ့ လို့ ကဗျာရေးခဲ့တယ် ထင်ပါရဲ့ မစုရယ်။ ပိတောက်ပန်းမြင်ရင် လိုချင်ပေမဲ့ အဲဒီလိုကြီး ရုပ်ပျက်ဆင်းပျက်တော့ မခူးစေချင်ပါဘူး။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်လို့
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပ
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ် …
ပန်းပိတောက်များ … ။

မစုရဲ့ ပို့စ်လေးကို ဖတ်ပြီး ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းကဗျာကို သတိရမိလို့ ...
ပိတောက်ပန်းလေးတွေကို သနားနေမိတယ်။

ကိုအောင် said...

နှစ် တစ်နှစ်တော့ ကူးတော့မယ်၊ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

ကိုခိုင် said...

အဆိုတော်ကြီးရေ.....
မင်္ဂလာရှိသောမြန်မာနှစ်သစ်ဖြစ်ပါစေ။
လိုရာဆန္ဒများပြည့်ဝသောနှစ်သစ်ဖြစ်ပါစေဗျာ။
:)

ကိုခိုင်

ဂျစ်တူး ( မုံရွာ ) said...

စုချစ်ရေ - - -
ကျန်းမာပါစေမင်္ဂလာနှစ်သစ်ပါခင်ဗျာ
RIT သဋ္ဌက်န်ကိုမသွားဘူးလား
ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်----

စုချစ် said...

နှစ်ဆန်း၁ရက် ဥပုသ်စောင့်လို့ ဘယ်မှ မသွားဖြစ်ပါဘူး... ဂျစ်ရယ်...
ဒီနေ့တော့ ဘူကစ်ဘတုတ်သင်္ကြန်သွားတယ်...
ဂျစ်ကိုတွေ့ပါတော်... ကင်မလာကြီးနဲ့...
း-)

ဂျစ်တူး ( မုံရွာ ) said...

ဟားဟားဟား-
ဘာလို့မခေါ်တာလည်းဗျ-
ဓါတ်ပုံအရိုက်ခံရမှာစိုးလို့ ပေါ့လေ-
အဲလိုအရိုက်ခံဋ္ဌေကာက်တဲ့သူကိုရိုက်ပြမယ်-
ရှောင်ဖြစ်အောင်သာရှောင်ပေးတော့-
တွေ့ တာနဲ့ဆော်ပြီသာမှတ်----

စုချစ် said...

ဟင်... ဘီလိုလုပ်ခေါ်လို့ရမှာတုန်း... ဂျစ်တို့က ဗွီအိုင်ပီတွေ... ဟိုးရှေ့မှာ... အိတ်နေရာထိ တိုးလို့မှ မပေါက်တဲ့ဟာ...
အန်တီအယ်လ်မာက လာရင်သူ့ကိုနှုတ်ဆက်ဦးဆိုလို့ ရှေ့နားလာကြည့်သေးတယ်...
တိုးမရလို့ မ၀င်တော့တာ...
နောက်တော့ ကိုကြီးကျော်အကမှာ ကိုကြီးကျော်က လူအုပ်ထဲလဲ ၀င်ကရော... ဂျစ်ကို ကင်မလာကြီးကိုင်ပြီး ရိုက်နေတာ တန်းတွေ့တော့တာပဲ....
း-)