Monday, May 4, 2015

ဣတ္ထိယခေါ်မိန်းမတို့သည်...

Artist - U AungMyint

တစ်နေ့က ဖေ့ဘုခ်ထဲမယ် ဟာသလေးတစ်ခုတင်ထားတာ ဖတ်ရတယ်။ ရယ်စရာမဂ္ဂဇင်းထဲက ဆရာနတ်ရဲရေးတဲ့ ဥက္ကဌရွေးပွဲဆိုတဲ့ ဟာသစာစုနဲ့ ခပ်ဆင်ဆင်ပါပဲ။ အဲဒါလေး ဖတ်ပြီး ကိုယ့်ဘာသာရယ်ရုံနဲ့ အားမရသေး၊ ထုံးစံအတိုင်း ဦးရေချမ်းကိုပါ ပြောပြပြီး နှစ်ယောက်သား အတူ အားပါးတရရယ်လိုက်ကြတာဆိုတာ။ ဘာဟာသမို့လို့ ဒီလောက်တောင်ရယ်ရလဲမေးရင် တကယ်တော့ မိန်းမကြောက်တဲ့အကြောင်းရေးထားတဲ့ ဟာသ၊ ပြောရရင် မိန်းမတွေကိုပြောင်လှောင်ထားတဲ့ ဟာသတွေထဲက တစ်ခုပါပဲ။

ဟာသက ဒီလိုပါ၊ တစ်ခါက မယားကြောက်ရွာမှာနေတဲ့ ယောက်ျားတွေဟာ နာမည်နဲ့လိုက်အောင် မယားကြောက်ကြရသတဲ့၊ တခြားရွာကလူတွေလှောင်ပြောင်ကဲ့ရဲ့မှုကိုခံရတာများလာတော့ ရွာမှာရှိတဲ့ ယောက်ျားတွေအားလုံး မိန်းမ မကြောက်ရေး အဖွဲ့ ဖွဲ့ဖို့ အစည်းအဝေးလုပ်ကြတယ်တဲ့။ ဒီလိုလုပ်တာကိုမိန်းမတွေသိမှာစိုးတော့ သူတို့ထဲကတစ်ယောက်ကို ကင်းစောင့်ခိုင်းပြီး တိတ်တိတ်ဆွေးနွေးတိုင်ပင်နေကြတာပေါ့။ အဲ့သမှာ အဖွဲ့အတွက်ခေါင်းဆောင်ရွေးဖို့ လုပ်နေကြတုန်းရှိသေး ကင်းစောင့်နေတဲ့သူကပြေးလာပြီး မိန်းမတွေလိုက်လာတယ်သတင်းပို့လို့ အားလုံး ဒရောသောပါးနဲ့ ထွက်ပြေးကြရောတဲ့။ တစ်ယောက်ကတော့ ထွက်မပြေးပဲ နေရာမှာပဲ ငုတ်တုတ်လေးကျန်ခဲ့တယ်တဲ့။ နောက်မှ ကင်းထောက်ကမှားပြီး သတင်းပို့မှန်းသိတော့ ဆွေးနွေးတဲ့နေရာကို လူပြန်စုရောက်လာကြပြီး ထွက်မပြေးပဲ ငုတ်တုတ်ထိုင်ကျန်ခဲ့တဲ့သူကို အထင်တကြီးနဲ့ဝိုင်းချီးကျူးကြတာပေါ့၊ ဒါနဲ့ သူ့ကိုပဲ ခေါင်းဆောင်တင်ဖို့ ဆုံးဖြတ်ပြီး ပခုံးပုတ်ခေါ်လိုက်တော့မှ လက်စသတ်တော့ အဲဒီလူက နေရာမှာတင်အသက်ပျောက်နေပြီကိုးတဲ့။ အကြောက်လွန်ပြီး အသက်ပျောက်တယ်ပေါ့လေ။


 နောက်ထပ်ပုံပြင်တစ်ခုကတော့ လူထုဦးလှရဲ့အညာကျေးလက်ပုံပြင်များထဲကနဲ့ခပ်ဆင်ဆင်။ အဖေက သားလုပ်သူကို နွားတစ်အုပ်နဲ့ မြင်းတစ်အုပ်ပေးလိုက်ပြီး ရွာထဲမယ် မိန်းမကြောက်တဲ့သူတွေ့ရင် နွားတစ်ကောင်၊ မိန်းမ မကြောက်တဲ့သူတွေ့ရင် မြင်းတစ်ကောင်ကျစီဝေပေးဖို့ စေခိုင်းလိုက်သတဲ့။ ဒီလိုနဲ့လိုက်ဝေကြည့်တာ နွားတွေချည်းလက်မလည်အောင်ဝေရလို့ ကုန်သွားတာတောင် မြင်းပေးရမဲ့သူ ရွာသားတစ်ယောက်မှ မတွေ့မိဘူးတဲ့။ နောက်ဆုံး ရွာသားတစ်ယောက်အလှည့်ကျမှ မိန်းမကို သူစားချင်တဲ့ဟင်းချက်ပေးစမ်းပါ ခိုင်းနေသံကြားရတော့ မိန်းမနိုင်တယ်ယူဆပြီး မြင်းတစ်ကောင်ပေးခဲ့လိုက်သတဲ့။ သူ့အဖေဆီပြန်အရောက် ခုနကမြင်းရသွားတဲ့သူက အနောက်ကနေ မောကြီးပန်းကြီးပြေးလိုက်လာပြီး သူရထားတဲ့ မြင်းညိုကို မြင်းဖြူနဲ့ ပြန်လဲပေးပါလို့ တောင်းဆိုသတဲ့။ ဘာဖြစ်လို့လဲဆိုတော့မှ သူ့မိန်းမက အညိုရောင်မကြိုက်ဘူး၊ အဖြူရောင် ခုချက်ချင်းလိုက်လဲလို့ ခိုင်းလိုက်လို့ အမောတကော ပြေးလာရတာလို့ ဆိုသကိုး။ တကယ်တော့ ဒီပုံပြင်ဟာသလေးတွေက မိန်းမတွေကို အာဏာရှင်တွေလိုလို ကြောက်စရာသရဲတဘက်တွေလို စိတ်ထားသေးသိမ်သူတွေလိုသဘောထား ဟာသနှောပြီး ရေးထားကြတာပါ။

ဒီလိုပဲ မိန်းမတွေဆိုးကြောင်း ကောက်ကျစ်ကြကြောင်း ဘာမဟုတ်တာတွေကို သဝန်တိုတတ်ကြောင်း စတဲ့ ပုံပြင်တွေ အများကြီးပါပဲ။ အရပ်ထဲမယ်လည်း စိတ်ထားသေးသိမ်တဲ့ယောက်ျားမြင်ရင် သူ့စိတ်ဓါတ်မကောင်းတာကိုသူ့နာမည်တတ်ပြီးကဲ့ရဲ့ရုံနဲ့အားမရ၊ ယောက်ျားဖြစ်ပြီး သိပ်မိန်းမလိုမိန်းမရနိုင်တဲ့သူလို့ မိန်းမတွေကို ဘာမဆိုင်ညာမဆိုင် ကြားထဲဆွဲထည့် ထိခိုက်ပြီး ခပ်လွယ်လွယ်နဲ့ နှိုင်းယှဉ် ပြစ်တင်ပလိုက်တာပဲ။ ကိုယ်တွေကိုယ်တိုင်ကလည်း မိန်းမ ဖြစ်ပေတဲ့ လောကကြီးမှာ မိန်းမတွေကို လက်ဦးမဆွကတည်းက နှိမ်ချ နှိုင်းယှဉ်ခံရတာကြားနေရဖန်များတော့ ဝါးလုံးရှည်နဲ့ပတ်ရမ်းခံရတာလည်း စိတ်ထဲထူးခြားပြီးထိခိုက်မနေတော့ဘူး။ အဲသလိုမကောင်းတာတွေ ကိုယ်မဟုတ် ကိုယ်မလုပ်ရင်ပြီးရော၊ ဟာသလိုသဘောထားလိုက်တော့ နာရကောင်းမှန်းလည်း မသိပါဘူး၊ စိတ်ထဲလည်း ထားမနေပါဘူး၊ တဟေးဟေး တဟားဟားနဲ့ ဒီလိုပဲ ပြီးသွားတာပါပဲ။

ကံကောင်းချင်တော့ ကိုယ့်အနီးအနားက ယောက်ျားတွေကလည်း မိန်းမတွေကို ဒီလိုအထင်သေးအမြင်သေးနှိမ့်ချတတ်တဲ့သူဆိုတာ ရှိတာမဟုတ်ဘူး။ ကိုယ့်အဖေဆို မိန်းကလေးတွေမကောင်းကြောင်း အမနာပပြောတတ်တဲ့သူဆို လုံးဝမကြိုက်ဘူး။ အဲ့လိုလူတွေဟာသိမ်ဖျင်းတဲ့ယောက်ျားတွေလို့ သူကယူဆတယ်။ ဦးရေချမ်းဆိုလည်း ဘယ်မိန်းကလေးကိုမှ အထင်သေးအမြင်သေးစိတ်နဲ့ ဆက်ဆံတာမမြင်ဖူးဘူး။ မိန်းမလည်းလူ ယောက်ျားလည်းလူ ဘယ်သူကမှခေါင်းတစ်လုံးပိုမသာဘူး၊ ထူးထူးချွန်ချွန်ထက်ထက်မြက်မြက်အမျိုးသမီးကောင်းဖြစ်အောင် လုပ်ဖို့ အမြဲပဲအားပေးတိုက်တွန်းတတ်တဲ့သူ။ ကိုယ့်သူငယ်ချင်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တော်တော်များများကလည်း ကိုယ့်ကိုဆို တန်းတူလိုသဘောထားဆက်ဆံလွန်းလို့တောင် ခက်နေတယ်၊ မိန်းကလေးမို့လို့ အလျှော့ပေးမယ်ဆိုတာမျိုး မလေးမစားရှိတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ဘူး၊ လူ လူ ချင်း အတူတူ တန်းတူ အခွင့်အရေးပဲလို့ဆိုတဲ့သူက ခပ်များများ။ ကိုယ်ကတောင်သူတို့ကို ပြန်အလျှော့ပေးနေရသေး။


စဉ်းစားကြည့်မိတော့ တကယ့်တကယ် စိတ်ဓာတ်ပြည့်ဝတဲ့ယောက်ျားတွေဟာ မိန်းမတွေကိုဘယ်တော့မှ နှိမ်ချဆက်ဆံခြင်းမပြုဘူးဆိုတာပဲ။ ဆရာကြီးဇော်ဂျီရေးတဲ့ ဦးသောဘိတနဲ့ကိုခင်ဆိုတဲ့ ဝတ္ထုလေးကိုဖတ်ရတော့ ပြုံးမိတယ်။ ဆရာကြီးက အမျိုးသမီးတွေရဲ့ကရုဏာစိတ် ကြင်နာစိတ်ရှိပုံကို သဘောတကျနဲ့ပုံဖော်ထားတာ ချစ်စရာကောင်းလှပါတယ်။ ဆရာကြီးကပြောလိုက်သေးတယ်၊ မိန်းမတွေမရှိရင် အမေတွေမရှိ၊ အမေတွေမရှိရင် ယောက်ျားတွေရော ဘယ်လိုလုပ်မွေးလာပါ့မတုန်းတဲ့။

မဃဒေဝလင်္ကာသစ်ကြီးမှာ မန်လည်ဆရာတော်ဘုရားကြီးက အမျိုးသမီးတွေစာရိတ္တကောင်းမွန်စေရန်ရည်ရွယ်ပြီး ဖွဲ့ဆိုခဲ့တာတွေကို ဆရာတော်ကြီးကမိန်းမတွေကိုနှိမ်လွန်း အဆိုးမြင်လွန်းတယ်လို့ အမြင်မှားနေတဲ့သူတွေရှိနိုင်ပါတယ်။ တကယ်တော့ ဆရာတော်ကြီးက မိန်းမ မကောင်းကြောင်းသက်သက်ကိုသာ ဖွဲ့ဆိုသွားတာမဟုတ်ပါဘူး။ မိန်းမယုတ်တွေအကြောင်း သတိထားနိုင်အောင်ဖွဲ့ဆိုခဲ့သလို မိန်းမမြတ် မိန်းမကောင်းအကြောင်းတွေလည်း ကြည်ညိုမြတ်နိုးဖွယ်ရာကောင်းအောင် ချီးမွမ်းဖွဲ့ဆိုခဲ့ပါတယ်။ ဒီလိုပဲ ယောက်ျားတွေ ကောက်ကျစ်တတ်ကြောင်း ရေးဖွဲ့ခဲ့သလို လေးစားကြည်ညိုဖွယ်ရာ 

ယောက်ျားကောင်း ယောက်ျားမြတ်တွေအကြောင်းကိုလည်း ဖွဲ့ဆိုသွားခဲ့ပါတယ်။

မင်းကွန်းဆရာတော်ဘုရားကြီးဆိုလည်း မေတ္တာတရားကြီးမားစွာနဲ့ အမျိုးသမီးထုဘက်က ရပ်တည်ပေးလေ့ရှိတာကိုတွေ့ရတယ်။ တစ်ခါက ဆရာတော်ဘုရားကြီး မန္တလေးမှာ သီတင်းသုံးစဉ် အကျင့်သီလဖြူစင်တဲ့ ကိုယ်ကျင့်တရားကောင်းတဲ့
အမျိုးသမီးတွေကို ချီးမြှင့်မြှောက်စားတဲ့အနေနဲ့ ဣတ္ထိ ဝိမာနဝတ္ထု တရားတော်တွေကို ဝါတွင်းတစ်ခုလုံးဟောကြားခဲ့ပါတယ်တဲ့။ ဣတ္ထိဝိမာနဝတ္ထု ဆိုတာ ခုဒ္ဒကနိကာယ် သုတ္တန် ပါဠိတော်လာ ကောင်းမွန်တဲ့ကိုယ်ကျင့်တရားနဲ့ကုသိုလ်ထူးတွေကြောင့် ထူးဆန်းအံ့သြဖွယ်ရာလှပတဲ့ နတ်ဗိမ္မာန်ဘုံတွေမှာ စံစားနေကြတဲ့နတ်သမီးတွေအကြောင်းဖြစ်ပါတယ်။  

ဆာဦးသွင်ဆိုတာ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ရဟန်းဒကာတော်ကြီးပေါ့၊ ဒကာကြီးဆာဦးသွင်နဲ့ ဆာဦးသွင်ရဲ့ဇနီး ဒကာမကြီးဒေါ်ဒေါ်သိန်းတို့ အငြင်းအခုန်ဖြစ်ကြရင် ဘယ်တော့မှ ဒကာကြီးဘက်က မလိုက်ဘူး၊ ဒကာမကြီးဘက်ကရပ်တည်ပေးတယ်လို့ ဆရာတော်ဘုရားကြီးက မိန့်တော်မူဖူးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့တဲ့... လူတွေဟာ များသောအားဖြင့် အမျိုးသမီးများကို နှိမ်တတ်ကြတယ်၊ ဒါကို ဆရာတော်ဘုရားကြီးက သဘောမကျဘူးလို့ ဆိုပါတယ်။ ဆရာတော်ဘုရားကြီး သူ့မယ်တော်ကို ဂရုစိုက်ပုံ ကြင်နာပုံ သည်းညည်းခံပုံတွေကလည်း အံ့မခန်းချီးကျူးစရာပါပဲ။ သားကြီးသြရသအနေနဲ့
မယ်တော့်ဘက်က အမြဲတမ်း မားမားမတ်မတ် ရပ်တည်ပေးမဲ့သူလို့ ဆရာတော်ကြီးက သူ့ကိုယ်သူ မိန့်ဆိုပါတယ်။

တချို့ကတော့ ပြောကြတယ်၊ အို... ဘာပဲဖြစ်ဖြစ် မိန်းမနဲ့ယောက်ျား လာကိုမနှိုင်းနဲ့၊ မတူရင် လာမတုနဲ့၊ လူမြင်ကွင်းထဲမယ် ယောက်ျားတွေ အပေါ်ပိုင်းကိုယ်လုံးတီးလုပ်ပြီးသွားသလို မိန်းမက လိုက်လုပ်လို့ရမယ်ထင်သလားတဲ့။ နို့...နေပါဦး၊ မေးပါရစေဦး၊ လူမြင်ကွင်း အပေါ်ပိုင်းလုံးတီးလုပ်ပြီးလျှောက်တာ အံ့သြထူးခြားတဲ့ဂုဏ်စွမ်းရည်သတ္တိတစ်ခုမို့လို့လား။ စိတ်ပေါ့သွမ်းမူးရူးနေတဲ့သူသာ လူကြားထဲ လုံးတီးလုပ်ပြီးလျှောက်တော့မပေါ့၊ ဒါကိုနှိုင်းစရာလား။ ဒါဖြင့် နောက်တစ်ခု လူတွေမေးနေကြတာရှိသေးတယ်။ ယောက်ျားပုဆိုးကိုဟောသလိုလူတွေခေါင်းပေါ် ပစ်တင်လိုက်တာနဲ့ မိန်းမထဘီကို ပစ်တင်လိုက်တာ ဘယ်ဟာကို လူတွေပိုလန့်ကြမလဲတဲ့။ ဘယ်သူကရော ပုဆိုးတွေထမီတွေ ဘာအကြောင်းကြောင့် လူကြားထဲပစ်မှာတုန်း။ မိန်းမနဲ့ ယောက်ျားမတူဘူး၊ ယောက်ျားကိုမတုနဲ့၊ ယောက်ျားဟာမိန်းမတွေထက်အရာရာ သာတယ်လို့ ပြောတာဟာ ညာမျက်လုံးဟာ ဘယ်မျက်လုံးထက်သာတယ်၊ ဒါမှမဟုတ် လက်တွေက ခြေထောက်ထက် သာတယ်လို့ ခွဲခြားပြောနေသလိုမျိုးဖြစ်နေတော့မှာပေါ့။ 


 ယောက်ျား မိန်းမ ခွဲခြားပြီး နှိမ်ချဆက်ဆံပြောဆိုတာတွေ၊ မိန်းမတွေ မကောင်းကြောင်း တစ်ဖက်သတ် ပြောဆိုတာတွေကို ကိုယ့်အနေနဲ့လုံးဝလက်မခံနိုင်ပေတဲ့ စွဲမြဲစွာ ယုံကြည်ထားတာတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ လောကကောင်းကျိုးအတွက် ကိုယ်ကျင့်သိက္ခာနဲ့ပြည့်စုံတဲ့ အမျိုးသမီးကောင်းတွေ အများကြီးလိုအပ်တယ်ဆိုတာပါပဲ။

ကိုယ့်အနီးကပ်ပတ်ဝန်းကျင်က အမျိုးသမီးတွေကိုကြည့်မိတဲ့အခါ တော်တော်များများဟာ အကျင့်စာရိတ္တကောင်းမွန် ရိုးစင်းတဲ့သူတွေမို့ သူတို့အတွက် တကယ်ပဲ ဂုဏ်ယူကျေနပ်မိတယ်။ သူငယ်ချင်း စုံတွဲတစ်တွဲဆို ယောက်ျားဖြစ်တဲ့သူက ကျန်းမာရေးမကောင်းရှာတော့ သူ့ဇနီးက စိတ်ရှည်သည်းခံပြီး ပြုစုပေးရှာတာ။ ထက်မြက်ပြီး အောင်မြင်တဲ့အမျိုးသမီးတွေကိုမြင်ရတဲ့အခါတိုင်း သူတို့ကို အားကျ ဂုဏ်ယူရသလို ဇနီးကောင်း မိခင်ကောင်း အမျိုးသမီးကောင်းတွေတွေ့ရတဲ့အခါမှာလည်း မလျော့သော အားကျဂုဏ်ယူ ဝမ်းမြောက်ခြင်း ပီတိကိုခံစားရတယ်။  
 
A good wife makes a good husband ဆိုတဲ့ ဆိုစကားလို အိမ်ထောင်ရှင်မကောင်းတစ်ယောက်ကြောင့် ခင်ပွန်းကောင်းတင်မကပါဘူး၊ သားသမီးကောင်းတွေပါ ပေါ်ထွက်လာမှာ အမှန်ပါပဲ။ ကိုယ့်ဘဝမှာ ကိုယ်ဟာ ကံကောင်းထောက်မစွာနဲ့ မိခင်ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ကိုယ့်မိခင်ကြောင့် ကိုယ်တို့မိသားစုဟာ အေးချမ်းတဲ့ မိသားစု ဖြစ်ခွင့်ရခဲ့ရုံမက ကိုယ်တို့ဟာ သားသမီးကောင်းတွေ ဖြစ်လာကြတယ်။
   
ဆရာကြီးဦးအောင်သင်းရဲ့အတွေးစကားစာစုမှာ နပိုလီယန်နဲ့ မဒမ်ကင်ပန်ဆိုတဲ့ အမျိုးသမီးကြီးတို့ အမေးအဖြေတစ်ခုကိုရေးထားတယ်။ နပိုလီယန်က ပြင်သစ်လူငယ်တွေကို မြှင့်တင်ဖို့ အလိုအပ်ဆုံးဟာ ဘာဖြစ်မယ်ထင်ပါသလဲလို့ ဆိုတော့ မိခင်ကောင်းတွေပေါ့လို့ ပြန်ဖြေသတဲ့။ ဟုတ်ပါတယ်။ ရိုးသားတည်ကြည်ပြီး အကျင့်စာရိတ္တနဲ့ပြည့်စုံတဲ့ မိခင်ကောင်းတွေကသာ သားသမီးကောင်းတွေကို မွေးဖွားမြေတောင်မြှောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ နိုက်သူရဲကောင်းပုံပြင်လေးတစ်ခုမှာ သူရဲကောင်းကြီးကို ဘယ်လိုအင်အားတွေကြောင့် ဒီလောက်တောင် သတ္တိတွေပြောင်မြောက်ပါသလဲမေးတော့ ဂုဏ်သရေရှိအမျိုးကောင်းသမီးတွေက တစ်ချိန်လုံး သူ့ကိုစောင့်ကြည့်နေတယ်လို့ စိတ်ထဲမှာထင်မှတ်ထားတဲ့အတွက် ဒီလို သတ္တိတွေဖြစ်ထွန်းလာတာပါပဲလို့ ပြောတာကို ဖတ်ရပြီး သိပ်ကို ကျေနပ်မိခဲ့တယ်။

ကြားဖူးနားဝရှိပြီး သဘောကျမိတဲ့ စကားပုံလေးတစ်ခုကို ပြောရရင် 
You educate a boy, and he'll make a man.
You educate a girl, and she'll make a Nation!!!
လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ကိုယ်ကျင့်တရားကောင်းမွန် ဖြောင့်မတ်တဲ့
မေတ္တာ ကရုဏာစိတ်ကြီးမားတဲ့ အမျိုးသမီး မိခင်ကောင်းတွေ များများပေါ်ပေါက်လာစေချင်တယ်။ အဲ့သလို ဂုဏ်ယူလေးစားထိုက်တဲ့ အမျိုးသမီး မိခင်ကောင်းတွေကိုလည်း မေလ ၁၀ရက်နေ့ အကြို အမေများနေ့ အမှတ်တရ ဒီနေရာကနေ လေးစားစွာဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်...
စုချစ်သူ

Wednesday, April 22, 2015

အစာလည်းဆေး ဆေးလည်းအစာ နေလဓာတ်ပညာ

မြန်မာ့တိုင်းရင်းဆေးပညာ မိတ်ဆက်

လူသားတိုင်း ကျန်းမာရေးနှင့် ပြည့်စုံလိုကြသည်၊ လှပလိုကြသည်၊ ကြံ့ခိုင်လိုကြသည်၊ အသက်ရှည်လိုကြသည်။ ထိုသို့ လှပ ကျန်းမာ သက်ရှည် ကြံ့ခိုင်စေဖို့အတွက် မိမိတို့နေ့စဉ် မှီဝဲစားသောက်နေကြရသော အစားအစာများကို မိမိနှင့် သင့်မသင့် လျော်မလျော် ချင့်ချိန်ပြီး မှန်မှန်ကန်ကန် မှီဝဲစားသောက်တတ်ဖို့ များစွာလိုအပ်လှပေသည်။

ခေတ်အဆက်ဆက်မှ လက်ဆင့်ကမ်းထိမ်းသိမ်းလာခဲ့သော မြန်မာ့ရိုးရာ မြန်မာ့တိုင်းရင်းဆေးပညာရပ်များ ထဲမှ နေလဆေးပညာရပ်သည် ရှေးခေတ်အခါက မြန်မာတို့၏ဆေးကုထုံးများအနက် ဓာတ်နည်းကုထုံး ဟု ခေါ်သော အစားအသောက်တို့ကို သင့်လျော်အောင် ရွေးချယ်ပြီး ဝေဒနာအလျောက် စားသောက်စေခြင်း၊ လိမ်းစေ၊ လူးစေခြင်း စသော နေလ ဓာတ်ပညာနည်း ဖြစ်ပါသည်။

ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လာသော ရုပ်များသည် တည်မြဲနေခြင်းမရှိဘဲ အစဉ်သဖြင့် အပူဓာတ် အအေးဓာတ်တို့ဖြင့် ဖောက်လွဲဖောက်ပြန် ပြုခြင်းကိုခံနေကြရသောကြောင့် ထိုဓာတ်တို့၏ ပြုပြင်ဖန်ဆင်းမှုဖြင့်တည်တံ့နေသော ရုပ်အမျိုးမျိုးကို ခွဲခြားသိသာအောင်စုံစမ်းပြီး ကုသခြင်းလည်း ဖြစ်၏။ တစ်နည်းဆိုရသော် နေလဓာတ်ပညာဆိုသည်မှာ ရောဂါကို အဓိကထားပြီး ကုသခြင်းမဟုတ်၊ အပူကြိုက်သည့်လူ၊ အအေးကြိုက်သည့်လူ၊ အပူနာ၊ အအေးနာ ခွဲခြားပြီး ကုသခြင်း ဖြစ်ပေသည်။  

ပုဂ္ဂလဓာတ်ပညာဟုလည်း ခေါ်ဆိုနိုင်၍ ရှေးဦးစွာ ပညတ်နှင့် ပရမတ်ကို ကွဲပြားထင်ရှားအောင် ပြစွမ်းနိုင်သော အခြေခံပညာမျိုး ဖြစ်သည်။  

ပညတ်ဟု ဆိုရာတွင် လူသားအပေါင်းတို့က မိမိတို့ ဘာသာအလျောက် ခေါ်ဝေါ်နေကြခြင်းကို ပညတ်ဟုဆိုကြသည်။ တနည်းအားဖြင့် အခြေခံ အကြောင်းအချက် လုံလောက်စွာပြ၍ ခေါ်ဝေါ်ခြင်းကို ပညတ်ဟု ဆိုသည်။ ထို့ကြောင့် ပညတ်ဆိုသည်မှာ ဝေါဟာရအားဖြင့် လူတို့ ခေါ်ဝေါ်နေကြသည့် အမည်နာမ၊ အသုံးအနှုန်း စသည်များဖြစ်၏။  

ပုဂ္ဂလပညတ် - Concepts of Individuals နယ်ပယ်ကို အကျဉ်းချုပ်လိုက်သောအခါ အက္ခရာပညတ်၊ သင်္ချာပညတ်၊ နေ့ပညတ်ဟူ၍ ပညတ် ၃မျိုး ထွက်လာသည်။ ထို့အပြင် ရေ၊ မြေ၊ လေ၊ မီး ဟူသော ဓာတ်ကြီး၎ပါးသည် နိယာမ အစဉ်မပျက် ကမ္ဘာအဆက်ဆက် တည်ကြကုန်သည်။ ရေ၊ မြေ၊ လေ၊ မီး ဓာတ်ကြီး၎ပါးကို အန္တော၊ ဂဗ္ဘေ၊ စရေ၊ ဝံသ ချ၍ ဓာတ်ခွဲလိုက်သောအခါ ၈မျိုးကွဲကာ အဖိုအမဓာတ်များ တွဲပေါ်လာသည်။  

ထိုသို့ဖြင့် ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို ပညတ်တို့ဖြင့် ယှဉ်တွဲလျက် လူနာနှင့် တည့်သည့်ဓာတ် မတည့်သည့်ဓာတ်တို့ကို ဧကန်မလွဲ သိနိုင်အောင် လေ့လာသင်ယူပြီး ကုသပေးသောနည်း ဖြစ်လေသည်။

မာပြရသော် လောက၌ ရှိရှိသမျှသော အရာဝတ္ထု သက်ရှိသက်မဲ့များအားလုံးကို အက္ခရာအားဖြင့်သာလျှင် အမည်ပညတ် သတ်မှတ်ကြရသည်။ အက္ခရာများကို ရှောင်၍မရနိုင်ချေ။ အစားအစာ မှန်သမျှ ဆေးပင်မှန်သမျှတို့ကိုလည်း အမည်ပညတ်များဖြင့် သတ်မှတ်ထားရလေရာ ဗျည်းများ၊ သရများနှင့် လွတ်ကင်း၍ မရနိုင်ချေ။ ထိုပညတ်များနှင့်ယှဉ်တွဲပြီး သင့်မသင့်၊ လျော်မလျော် ချင့်ချိန် စားသောက်ရန် နေဂိုဏ်း လဂိုဏ်းများ ခွဲပေးလျက် လူနာနှင့် တည့်သော မတည့်သော အစာများ ခွဲခြားသတ်မှတ်ပေးခြင်း၊ ရုပ်ဆေး(လူးဆေး)၊ နာမ်ဆေး(သောက်ဆေး) များဖြင့် ကုသခြင်းလည်းဖြစ်ပါသည်။  

ထိုသို့ လူတစ်ဦးစီမှာ ရှိနိုင်သည့် တည့်သည့်ဓာတ် မတည့်သည့်ဓာတ်များအရ ချင့်ချိန်စားသောက်နေထိုင်ပြီး ကုသရသော မြန်မာ့တိုင်းရင်းဆေးပညာ တစ်ရပ်ဖြစ်သည့် ပုဂ္ဂလပညတ် နေလဓာတ်ပညာသည်ကား လူနာကို ကံသေကံမ ရောဂါပျောက်မပျောက် (ဝဋ်နာကံနာများကို ခြွင်းချက်ပြုနိုင်ရန်) တာဝန်မခံနိုင်သော်လည်း အကြံပြုထားသော အစားအစာ၊ ပေးလိုက်သော ဆေးများနှင့် လူနာ တည့်မတည့်ကိုကား အာမခံနိုင်ပေလိမ့်မည် ဟု ယုံကြည်မိပေသည်။

အောက်တွင် အမည်ပညတ်ကိုလိုက်၍ နေ လ ခွဲနည်းကို ရှင်းပြထားပြီး နေ လ တို့ နှင့် သင့်တော်သည့် အစားအစာများကိုလည်း တွဲဖက်ဖေါ်ပြထားပါသည်။



----။----

ရှးမြန်မာမင်းများလက်ထက်မှစ၍ ယခုခေတ်တိုင်အောင် ခေတ်အဆက်ဆက် ပုဂ္ဂလဓာတ်ကျမ်းကို ဖော်ထုတ်ခဲ့သူများ နှင့် ထင်ရှားသူတချို့မှာ စလေဆရာဦးပုည၊ ဆရာပို၊ အောက်ပြည်အောက်ရွာသို့ ဓာတ်ပညာများ အဆင့်ဆင့်ဖြန့်ဖြူးပေးခဲ့ကြသော ဆရာဆောင်၊ ဒွါရသာသနာပိုင် အုတ်ဖိုဆရာတော်တို့အပြင် ဆရာမှဲ့ကြီး၊ ဆရာဦးသာဒွန်းအောင်၊ ပုဂ္ဂလဓာတ်ကျမ်းရေးသူ ဓာတ်ဆရာကြီးဆရာသန့်၊ ဆရာသန့်အတွက် ပေစာများ ကူးယူပေးခဲ့သူ ဆရာကြီးပီမိုးနင်း၏ဖခင် ဆရာဖြိုး၊ ဆရာတော်ခင်ကြီးဖျော်အနွယ်ဝင် အိုင်ကလောင်ဓာတ်ဆရာကြီးဆရာလှိုင်၊ ဆရာကျန်၊ ဆရာခိုင်၊ ဓာတ်ဆရာကြီးဆရာလှိုင်၏ တပည့်သားသမီးများဖြစ်ကြသော ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းရေးသူ (သတင်းစာ နှင့် စာရေးဆရာ အထောက်တော်လှအောင်၏ဖခင်) တိုင်းရင်းဆေးဆရာကြီး ဦးသာတင့်၊ သတင်းစာနှင့် စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး၊ အိုင်ကလောင်ဓာတ်ဆရာကြီးဆရာလှိုင်၏သမီး ဒေါ်သန်းခင်၊ နေလဝိဇ္ဇာဆရာခိုင်၏မျိုးဆက် ဆရာကြီးဦးဝင်းကြည်၊ ဆရာမကြီးဒေါ်သင်းကြည် နှင့် ဓာတ်လက္ခဏာကျမ်းများ ရေးသားထုတ်ဝေလျှက်ရှိသော ဆရာဦးကျော်လင်း (နေလဝိဇ္ဇာ) တို့ ဖြစ်ကြပါသည်။ 

ယခုအခါ အနောက်တိုင်းဆေးပညာရှင် ဆရာဝန်များမှအစ ဤပညာကို လေ့လာဖေါ်ထုတ်ပေးလျှက်ရှိပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းဆေးတက္ကသိုလ်များတွင်လည်း တိုင်းရင်းဆေးဆရာကြီးများနှင့် ပူးတွဲကာ ပုဂ္ဂလဓာတ်ပညာကို သင်ကြားပြသပေးလျက် ရှိပါသည်။  

ကိုးကား။
ပုဂ္ဂလပညတ်အခြေခံဓာတ်ကျမ်း - ဆရာကြီးဦးသာတင့်  
ခန္ဓာဗေဒဓာတ်လက္ခဏာကျမ်း - ဓာတ်ဆရာဦးကျော်လင်း
ဆေးပညာဆောင်းပါးပေါင်းချုပ် - ဂျာနယ်ကျော်မမလေး
နေ၊ လ ဓာတ်စာ စာရင်း - KoHappyValley (mmcp) မှ ကူညီပါသည်။

မေတ္တာဖြင့်... မရွှေစု

+++
မြန်မာကျူးပစ်ဂျာနယ် အမှတ်စဉ်(၁၀) - ၂၀၁၃ ဧပြီလထုတ်တွင် ဖေါ်ပြပြီး။ ။
+++

မှတ်ချက်။ ။ 
ဤဆောင်းပါးသည် ရှေးမြန်မာ့တိုင်းရင်းဆေးပညာဖြစ်သော နေလဓာတ်ပညာအကြောင်း မိတ်ဆက် ဖြစ်ပါသည်။ ဆောင်းပါးရေးသူမှာ မြန်မာ့ဆေးပညာကို စိတ်ဝင်စားသူသက်သက်မျှသာဖြစ်ပြီး တိုင်းရင်းဆေးပညာရှင်မဟုတ်ပါ။ နေလ ဆေးပညာနှင့်ပါတ်သက်ပြီး ကျွမ်းကျင်သောဆရာများထံ၌သာ အကြံဉာဏ်ယူကြပါရန်။ ။ 

လေးစားစွာဖြင့်... မရွှေစု 

Tuesday, April 21, 2015

အစာလည်းဆေး ဆေးလည်းအစာ

မရွှေစုတို့ ရုံးမှာ ကျန်းမာရေးနဲ့ပါတ်သက်ပြီး ဟောပြောပွဲလေး လုပ်ပေးတာနဲ့ အပျင်းပြေသွားနားထောင်ခဲ့ပါတယ်။ လူတွေ နေ့စဉ် စားသုံးသင့်တဲ့ အစားအစာ ၁၀မျိုးဆိုပြီး ရှင်းပြတယ်။ အဲ့ဒီအစားအစာတွေဟာ ဈေးလဲမကြီးရဘူး၊ ကိုယ့်အနီးအနား မှာ လွယ်လင့်တကူ ရနိုင်တာမျိုးလဲဖြစ်ရမယ်တဲ့။  အဲ့ဒါတွေကတော့

၁) Soy and Soy Products
၂) Dark Chocolate
၃) Berries
၎) Fish
၅) Green leafy Vegetables
၆) Fungi
၇) Nuts & Seeds
၈) Spices
၉) Citrus Fruits
၁၀) WholeGrains တို့ပဲ ဖြစ်သတဲ့။

မရွှေစုကတော့ Soy and Soy Products ကို စည်သွပ်ဗူးတွေနဲ့ လာတာ မစားပါဘူး။ စနေ တနင်္ဂနွေ ပိတ်ရက် အိမ်နားကဈေးမှာ soya bean milk ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် ဝယ်လို့ရတာ အတော်ကံကောင်းပါတယ်။ မနက်စာ အနေနဲ့ စားပါတယ်။ ဖျော်ရည်တစ်ခွက်မှ ပြား၇၀ ပူတင်းက ပြား၈၀ပဲပေးရပါတယ်။


ကိုယ်က အစာအိမ်ရောဂါ ရှိတဲ့သူမို့ မုန့်တခုခုကို အိတ်ထဲမှာ ဆောင်ထားရတော့ မုန့်အနေနဲ့ရော အပျင်းပြေအချိုတည်းတဲ့ အနေနဲ့ရော Dark Chocolate ကို ဆောင်ထားပါတယ်။

ဘလူးဘယ်ရီ စတော်ဘယ်ရီ ချယ်ရီတွေကို အလျဉ်းသင့်သလို စားပါတယ်။

အချိုရည် ဖျော်ရည်တွေ တတ်နိုင်ရင် မသောက်ဖြစ်အောင်နေပါတယ်။ အိမ်မှာတော့ လုံးဝ ဝယ်မသောက်တော့ပါဘူး။ အချိုရည်သောက်မဲ့အစား ကိုရီးယားဈေးဆိုင် grocery တွေမှာ ရောင်းတဲ့ ဘလူးဘယ်ရီ (သောက်လို့ရတဲ့ ရှာလကာရည် တစ်မျိုးပါ) ဖျော်ရည်ကို ဝယ်ထားပါတယ်။ တစ်ဗူးကို ၁၅ကျပ်ပေးရပြီး ၂လ-၃လလောက်သောက်လို့ရပါတယ်။ ရှာလကာရည်က အများကြီးမသောက်ရပါဘူး၊ နဲနဲလေးထည့်ပြီး ရေခပ်နွေးနွေးနဲ့ ရောသောက်ရပါတယ်။ အစာအိမ်ကောင်းစေတယ်၊ မျက်လုံးကောင်းစေပါတယ်။ Vinegar ရဲ့ အကျိုးကျေးဇူးတွေ တခြားဘာရှိလဲ ဆိုတာ အင်တာနက်ထဲမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။

ကိုယ်တွေက ခြေ၄ချောင်းသားမစားလို့ ငါးကတော့များများစားဖြစ်ပါတယ်။ ဆော်လမွန်လိုငါးမျိုးက ကျန်းမာရေးနဲ့ ပိုညီညွတ်တယ်လို့ ဆိုကြပေတဲ့ အိမ်မှာတော့ ဗမာပြည်က ငါးကြင်း နဲ့ ဒီမှာ လွယ်လွယ်ဝယ်လို့ရပြီး အနံ့မညှီတဲ့ ကကတစ် (sea bass)၊ red snapper နဲ့ red grouper တွေကိုပါ ဝယ်စားဖြစ်တယ်။ အကြွပ်ကြော်စားတာထက် ဆီနည်းနည်းနဲ့ ဗမာလိုချက်ချင်ချက် မဟုတ်ရင် အသီးအရွက်နဲ့ ပေါင်းစား ဒါမှမဟုတ် မြန်သက်သာချင်ရင် အလူမီနီယမ်နဲ့ ပတ်ပြီး ကင်စား ပါတယ်။

မရွှေစု ဟင်းချက်တာ အချိုမှုန့် ကြက်သားမှုန့်တို့ကို မသုံးပါဘူး။ မှိုကလုပ်တဲ့ seasoning ကိုပဲ သုံးပါတယ်။


 ကြက်သားတို့ဘာတို့လည်း မချက်အားရင် အလူမီနီယမ်နဲ့ပတ်ပြီး roasted chicken ကင်လိုက် အလုပ်ရှုပ်သက်သာ မြန်ပြီး ဆီသုံးတာလဲ နည်းစေတာပေါ့။
 အသီးအရွက်ကိုတော့ ဟင်းချိုချက်သောက်၊ ဆလတ်လိုလုပ်စား၊ ကြော်စားအဆင်ပြေသလိုလုပ်စားပါတယ်။


 ဟင်းချိုကို များသောအားဖြင့် ကျောက်ဖရုံသီး ဒန့်ဒလွန်ရွက် မြင်းခွာရွက် စသဖြင့်။ ဒီ အရွက်တွေရဲ့ အကျိုးကျေးဇူးတွေကိုတော့ တော်တော်များများ သိပြီး ဖြစ်မှာမို့ အကျယ် ရေးမနေတော့ပါဘူး။

 မှိုအနေနဲ့ကတော့ ကန်ဇွန်းရွက်နဲ့ ရောကြော်တာမျိုးရယ်၊ ကြွက်နားရွက်မှိုကို သုပ်စားတာ လုပ်ဖြစ်တယ်။ သစ်သီး သစ်စေ့ကတော့ သစ်ကြားသီးတို့ မြေပဲတို့ကို ဆလတ်တို့ အသုပ်တို့ထဲ ထည့်သုံးတယ်။ သစ်ကြားသီးကို အဆာပြေစားဖို့ ပုလင်းနဲ့ ထည့်ထားပါတယ်။



Spices အနေနဲ့ကတော့ ဗမာတွေအကြိုက်မို့ နေ့စဉ် သုံးဖြစ်တာများပါတယ်။

မရွှေစုက နေ့စဉ် မနက်တိုင်း အိပ်ရာထထခြင်း ပျားရည်နဲ့ သံပုရိုသီး ဖျော်ရည် လုပ်သောက်တာ ၄-၅နှစ်လောက်ရှိပြီ ထင်တာပဲ။  Citrus Fruits လို့ သတ်မှတ်လို့ရတာပေါ့။ ဆရာဒဂုန်ရွှေမျှား ဘဝအကြောင်း စာအုပ်ဖတ်ပြီး ဆရာကြီးက ကျန်းမာရေးအတွက် နံနက်တိုင်း ပျားသံပုရာသောက်တယ်လို့ဖတ်ရတာနဲ့ လိုက်သောက်ဖြစ်တော့တာပဲ။ ဆရာကြီးကတော့ သံပုရာသီးနဲ့ သောက်တယ်လို့ဆိုတယ်၊ ကိုယ်က လသမားမို့ သံပရိုသီး (ဒါမှမဟုတ် ရှောက်သီး) နဲ့ သောက်ပါတယ်။ နေသမားဆို သံပုရာသီးနဲ့သောက်တာ ပိုကောင်းပါတယ်။ ထူးခြားတာကတော့ အဲ့ဒီဖျော်ရည် စွဲစွဲမြဲမြဲ စသောက်ပြီးကတည်းက လေနာတာ သက်သာလာတယ်၊ တော်ရုံအအေးမိ ချောင်းဆိုးမဖြစ်တော့ပါဘူး။ အရှင်း မဖြစ်ဘူးတော့ မဟုတ်ဘူး၊ အရင်လို လွယ်လွယ်နဲ့ မဖြစ်တော့ပါဘူး။

 ကန်ဇွန်းဥ နွားနို့ သာကူ

ကွေကာအုတ်စ် အော်ဂဲနစ် အကြမ်းကို နွားနို့ပူပူလေးနဲ့ မနက် ဒါမှမဟုတ် tea break time ဒါမှမဟုတ် ညအိပ်ရာဝင်ခါနီး ဗိုက်ဆာရင် စားပါတယ်။ ဒီလိုပဲ ကန်ဇွန်းဥ တို့ ဘာတို့ကို တစ်နေ့ နည်းနည်းစားပေးရင်လည်း ကျန်းမာရေးကောင်းစေတယ် ဆိုပါတယ်။ တရုတ်ပြည်မှာ ဆင်းရဲသား တရုတ်လယ်သမား လယ်သူမကြီးတွေ သက်ရှည်ကျန်းမာကြတာ ကန်ဇွန်းဥကြောင့်လို့ ဆိုထားတာတွေ တွေ့ရပါတယ်။

မရွှေစုတို့ အရွယ် အသက် ၄၅နှစ် ဖြစ်လာပြီမို့ Supplements ဆေးတချို့ကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး မှန်မှန် သောက်ပါတယ်။ အင်္ဂလိပ်ဆေးတင် မဟုတ် ကိုယ့်ဘာသာကိုယ် ပျားရည်နဲ့ လုံးထားတဲ့ နနွင်းကို တစ်နေ့အနည်းငယ် မှန်မှန်သောက်ပါတယ်။ နနွင်းက ကိုယ်တွင်းက အဖုအကျိတ် ယောင်တာတွေကို ကောင်းစေတယ်လို့ဆိုတယ်။

ဒါတွေ ရေးပြတာ ကျန်းမာရေးအတွက် အစားအသောက် ဘယ်လိုဆင်ခြင်ရမလဲဆိုတာ ကိုယ်လုပ်တာတွေကို အနည်းငယ် မျှဝေတဲ့သဘောပါပဲ။ အတိအကျ လိုက်လုပ်ရမယ် မဆိုလိုပါဘူး။ လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ ဓာတ်သဘောတွေရှိကြပါတယ်။ တစ်ယောက်က ဒီအစာနဲ့ တည့်ပေတဲ့ နောက်တစ်ယောက် အတွက် တည့်ချင်မှလဲ တည့်တတ်တယ်။ တကယ်တမ်းကြတော့ လူတွေဟာ ကိုယ့်ခန္ဓာအကြောင်းကိုယ်သိရပါမယ်၊ ဘာစားရင် တည့်တတ်လဲ ဘာစားရင် နေမကောင်းဖြစ်တတ်လဲ၊ တည့်တိုင်းလဲ အများကြီးစားလို့မရပဲ တန်ဆေး လွန်ဘေးဆိုတာကိုလဲ သတိပြုရပါမယ်။ ( နောက် ပို့စ်မှာ နေ လ ဓာတ်သဘောတွေ အကြောင်း ဂျာနယ်မှ ရေးထားတာကို ပြန်တင်ပေးပါမယ်။ တကယ်လို့ သိချင်တဲ့သူ ရှိရင်...)

ဦးရေချမ်း အကြောင်း နဲနဲ ပြောပြပါမယ်။ တလောက ဦးရေချမ်းတစ်ယောက် ရုတ်တရက်ကြီးအစာအိမ်အောင့်တဲ့ ရောဂါ ရလာပါတယ်။ ပထမတော့ အလုပ်က Stress တွေများ အစာမမှန်တာကြောင့်လို့ ဆိုပြီး အစာမှန်မှန် ပြန်စား နည်းနည်းနဲ့ ခဏခဏ စားပေးလုပ်လဲ မရပါဘူး။ ညနေဆို လေတွေအံ ဗိုက်ထဲက ထိုးအောင့်ချင်တယ်လို့ ဆိုတယ်။ ဒါနဲ့ ဆေးခန်းပြတော့ ဆရာဝန်က ဆေး ၂ပတ်သောက်ခိုင်းတယ်။ ဆေးသောက်ပြီး သက်သာသလို ရှိပေတဲ့ အရှင်းမပျောက်ပြန်ဘူး။ နောက်ထပ်၂ပတ်ကြာတော့ ဆရာဝန်က ဒီထက်ပြင်းတဲ့ဆေးတမျိုးပြောင်းပေးပြန်တယ်။ တကယ်လို့ မသက်သာဘူးဆိုရင် စကုပ်ထည့်ကြည့်မယ်လို့ ဆိုတယ်။

ရောဂါ သိပ်မဖြစ်ဖူးတဲ့ ဦးရေချမ်းက ရုတ်တရက်ဗိုက်အောင့်ရောဂါပေါ်လာပြီး တော်တော်နဲ့လည်း မပျောက်တော့ သူ့ဘာသာ စိုးရိမ်စိတ်တွေဖြစ်လာပါတယ်။ မရွှေစုကတော့ ကိုယ့်မယ် ဝေဒနာတခုခုခံစားရပြီဆိုရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာသလို ကိုယ့်ကိုယ်ကိုယ်လည်း ဆင်ခြင်ပါတယ်။ အနေအထိုင် အစားအသောက်ဘာမှားနေလဲ ဘာလုပ်မိသလဲ၊ အမြဲ ပြန်သုံးသပ်တယ်။ လူတွေမှာ ကျန်းမာရေးထိခိုက်တာဟာ အထူးသဖြင့် အနေအထိုင် အစားအစာ တခုခု မှားယွင်းတာကြောင့် ဖြစ်တာများပါတယ်။

ဒါနဲ့ သူ့ရောဂါ ဘယ်က စလဲ ပြန်စဉ်းစားကြည့်တော့ မရွှေစု ခရီးသွားနေတုန်း ဂေါ်ဖီပန်းပွင့်တွေ အများကြီးကို မနူးမနပ်ကြော်စားပါတယ်။ ချက်ရမှာပျင်းတော့ ဆလတ်ဆိုပြီး အရွက်အစိမ်းတွေ အများကြီး အသားမပါပဲ နေ့တိုင်းစားပါတယ်။ တကယ်တော့ အသီးအရွက် အစိမ်းတွေဟာ အသားထက် အစာချေဖို့ ခက်ပါတယ်။ ကိုလက်စထရောကျစေဖို့ဆိုပြီး မနက်တိုင်း ကွေကာအုတ်သောက်ဖို့ဝယ်ပေးထားတာမှာ အဲ့ဒီ အော်ဂဲနစ်ကွေကာအကြမ်းတွေကို သေချာရေနွေးဆူဆူနဲ့ မနှပ်ပဲ အကြမ်းလိုက် သေချာမဝါးပဲ မျိုချပါတယ်။ ပေါင်မုန့်ကလဲ wholemeal bread အကြမ်းကိုပဲ စားတော့ အစာအိမ်က ကြာလာတဲ့အခါ သေချာမချေနိုင်ဖြစ်လာတယ်လို့ မရွှေစုက ယူဆတယ်။ ထပ်ပြီး ပြောရရင် ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါ။ ကိုယ့်ခန္ဓာမှာ ကိုယ့်ဝမ်းထဲမှာ ဘယ်လိုခံစားနေရလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်  ချင့်ချိန်ပြီး သိရမှာပါ။

တစ်လကြာ ဆရာဝန်ပေးတဲ့ဆေးသောက်ပြီးတဲ့အခါ သူ့အစာအိမ် ဝေဒနာက နည်းနည်းတော့ သက်သာပေတဲ့ တချက်တချက် အံချင်သလို နာသလို ဖြစ်နေသေးတယ်လို့ ဆိုတယ်။ ကော်ဖီတို့ဘာတို့တော့ ခဏဖြတ်ခိုင်းထားပြီး မိုင်လိုအစားထိုးသောက်တယ်။ ဖြစ်ခါစ ဆံပြုတ်သောက်ပေမဲ့ ရက်ရှည်လများ ဘယ်သောက်ချင်ပါ့မလဲ။ ဒီတော့ အရွက်အစိမ်းတွေ အစာလွယ်လွယ်မကြေနိုင်တာတွေ မစားဖြစ်အောင် ရပ်ထားပြီးရှောင်ရတယ်။ အုတ်စ် နဲ့ ပေါင်မုန့်အကြမ်း စားတာကိုပါ ခဏ ရပ်လိုက်တယ်။ ပြီးတော့ apple cider Vinegar  (Bragg တံဆိပ်) ဇွန်းတစ်ဇွန်းစာကို ရေခပ်နွေးနွေးနဲ့ ရောပြီး မနက်တိုင်းသောက်ပါတယ်။ အခုတော့ အစာအိမ်အောင့်တာ လုံးဝ ပျောက်ကင်းသွားပါပြီ။

Vinegar ရဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုပေတဲ့ သူ့ကိုလည်း အများကြီး လွန်မသောက်မိစေပါနဲ့။ တစ်နေ့ တစ်ဇွန်း ရေခပ်နွေးနွေးနဲ့သာ သောက်ပါ။

ခုခေတ်မှာ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ ကလည်း အင်တာနက်ထဲ ဖေ့ဘုခ်ထဲမယ် ပွထ နေတာပါပဲ၊ ဘာစားလို့ ဘာအကျိုးကျေးဇူး ဖြစ်တယ်၊ ဘာသောက်လို့ ဘာရောဂါကြီးပျောက်သွားတယ် ဆိုတာနဲ့ ကိုယ်နဲ့ တည့်မတည့် မကြည့်တော့ပဲ လိုက်လုပ်မိတတ်ကြတယ်။ တကယ်ကတော့ ဘယ်အရာမဆို အကျိုးနဲ့ အပြစ်တွေ ဒွန်တွဲရှိတတ်တာကို အမြဲဆင်ခြင်သတိပြုကြပါ။

လူတိုင်း ကျန်းမာသက်ရှည်ပြီး စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ။ ။

(ကျန်းမာရေးအတွက် မေးတဲ့ အစ်မအတွက် ရည်ရွယ်ပြီး ရေးပါတယ်။ )

*****
စာကြွင်း။ ။
ဦးရေချမ်း ဗိုက်အောင့်တာ Yakult တို့ probiotics တွေသောက်တာလည်း သက်သာစေပါတယ်။ Probiotics က brand တွေ အမျိုးမျိုး ရှိတဲ့အထဲ Shuanghor ကထုတ်တဲ့ lactoberry နဲ့ပဲ အဆင်ပြေပါတယ်။ အခုကတော့ ထမင်းစားပြီးရင် အလျဉ်းသင့်သလို ဒိန်ချဉ် စားပေးပါတယ်။ ဘာမှအရောမပါတဲ့ natural ကို သကြားမရောပဲ ဒီတိုင်းစားတာပါ။

++++

Thursday, March 26, 2015

လူငယ်နှင့် ပညာရေး

Photos credit to original photographers!!! 
မြန်မာပြည်မှာ မျိုးဆက်သစ် လူငယ်တွေ ပညာရေးပြုပြင်လိုမှုအတွက် ဆန္ဒဖော်ထုတ်တာကြောင့် မညှာမတာ နှိမ်နင်းခံရပြီး မတရားသဖြင့် အရေးယူခံရ ဖမ်းဆီးနှိပ်စက်ခံရတယ်။ တကယ် ပြန်ဆန်းစစ်ကြည့်မိတော့ နှိမ်နင်းခံရတဲ့သူတွေကလည်း လူငယ်တွေဖြစ်သလို အဲ့ဒီလူငယ်တွေကို နှိမ်နင်းတဲ့အဖွဲ့မှာလည်း လူငယ်အရွယ်တွေပဲ ပါဝင်နေတာတွေ့ရလိမ့်မယ်။

မနေ့ တစ်နေ့က စင်္ကာပူရဲ့ ဖခင်ကြီးလီကွမ်းယု ကွယ်လွန်ခဲ့တယ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စင်္ကာပူ ရုပ်မြင်သံကြားက သူဖြတ်သန်းခဲ့ရတဲ့ သူ့ဘဝ ဇာတ်ကြောင်း နဲ့ တံငါရွာသာသာ စင်္ကာပူနိုင်ငံသေးသေးလေးကနေ ယနေ့မှာ နိုင်ငံတကာက လေးစားအတုယူရတဲ့ ကမ္ဘာ့အဆင့်မီ နိုင်ငံထိဖြစ်လာအောင် သူဘယ်လိုကြိုးပမ်းအားထုတ်ခဲ့ပုံတွေကို စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးနေတယ်။

လီဟာ ယနေ့ စင်္ကာပူဖြစ်လာအောင် သူသွားချင်တဲ့လမ်းက အတားအဆီးမှန်သမျှ သူ့နည်းသူ့ဟန်နဲ့ရအောင် ရှင်းတယ်။ မိန့်ခွန်းပြောနေတဲ့ တစ်နေရာမှာ သူ့လမ်းစဉ်ကို မကျေနပ်တဲ့သူ လက်မခံနိုင်တဲ့သူတွေကို လက်သီးလက်မောင်းတန်း စိန်ခေါ် ဟစ်ကြွေးနေတာကို တွေ့မိတယ်။ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ နောက် ၅နှစ် နောက်၁၀နှစ် နောက်၁၅နှစ်မှာ စင်္ကာပူ ဘာဖြစ်နေမလဲ၊ စင်္ကာပူက မျိုးဆက်သစ်တွေဘယ်လိုဖြစ်မလဲ စောင့်ကြည့်ကြပေါ့တဲ့။ သူပြောတာ မှန် မမှန် မျက်မှောက်ခေတ် စင်္ကာပူ ဘာလဲဆိုတာတော့ အားလုံးတွေ့မြင်ကြရတဲ့အတိုင်းပါပဲ။ ဒါတွေကို စီကာစဉ်ကာ ဆက်တိုက်ဆိုသလို မြင်ရ ကြားရတော့ စင်္ကာပူရဲ့ မျိုးဆက်သစ်လူငယ်တွေ ကံကောင်းအကြောင်းလှပုံအတွက် ဝမ်းမြောက်ကြည်နူး အားကျမိသလို တဆက်တည်း ကိုယ့်နိုင်ငံက လူငယ်မျိုးဆက်သစ်တွေ ကံမကောင်းမကြောင်းမလှတာတွေ အတွက် ဝမ်းနည်းကြေကွဲရင်နာရတယ်။

စကားစပ်မိလို့ ပြီးခဲ့တဲ့ တစ်ပတ်က ကြုံကြိုက်တာနဲ့ ရုံးက လုပ်အားပေးအဖွဲ့နဲ့အတူ စင်္ကာပူက Life Community Services Society ( LCSS ) - Life Student Care Centre ကို ရောက်ခဲ့တယ်။ LCSS အကြောင်း သတင်းစာထဲက ကြားဖူး ရုပ်မြင်သံကြားကနေအမှတ်မထင် ကြည့်ဖူးမဲ့ သူတို့ Centre ကိုတော့ ပထမဦးဆုံး လုပ်အားပေးရောက်ဖူးတာပါ။ အရင်ကတော့ ကျွန်မ ရုံးလုပ်အားပေးအဖွဲ့နဲ့အတူ Special school တွေမှာ ကွန်ပြူတာ လိုက်သင်ပေးဖူးတယ်။ Special school ဆိုတာကတော့ ဉာဏ်ရည်မမီတဲ့ကလေးတွေအတွက် ဖွင့်ထားတဲ့ကျောင်းတွေဖြစ်တယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမနေတတ်ဘူး၊ စဉ်းစားတွေးခေါ်နိုင်တဲ့ ပညာ ဉာဏ်ရည်မမီဘူး၊ အသုံးမကျပါဘူးလို့ အများကမြင်တဲ့ ဒီကလေးတွေဟာ ဒီ Special School ကျောင်းတွေကနေ အောင်မြင်ပြီးတဲ့နောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ဖြစ်ထွန်းသွားကြတာကို မြင်ရတဲ့အခါ စင်္ကာပူရဲ့ လုပ်ဆောင်ချက်တွေကို တကယ် လေးစား အံ့သြ အထင်ကြီးမိပါရဲ့။

LCSS အကြောင်း ပြန်ဆက်ရရင် လုပ်အားပေး မစခင် CEO က သူတို့ အသင်းအဖွဲ့ LCSS ဆိုတာ ဘာလဲ အနည်းငယ် ရှင်းပြတယ်။ စင်္ကာပူမှာ LCSS ကို တည်ထောင်ခဲ့တာ ၁၉၉၆ ခုနှစ်ကတည်းကဆိုတော့ ၁၉နှစ်ကျော် နှစ်၂၀နီးပါးရှိပြီဖြစ်တဲ့အကြောင်း၊ အသက် ၇နှစ်ကနေ ၁၉နှစ် ကြား ကလေးတွေ လူငယ်တွေကို စောင့်ရှောက်ပေးပြီး ထောက်ပံ့ကူညီ ပညာသင်ကြားပေးနေတဲ့ အဖွဲ့ဖြစ်ကြောင်း၊ ဒီကျောင်းက စောင့်ရှောက်နေတဲ့ ကလေးတွေထဲမှာ ၅၀%ကတော့ ဝင်ငွေနည်းတဲ့ စီးပွားရေးအဆင်မပြေတဲ့ မိသားစုကလာကြပြီ၊ ၅၀% ကတော့ လူမှုရေးပြဿနာရှုပ်ထွေးနေတဲ့ မိသားစုတွေကလာတဲ့သူတွေဖြစ်ကြောင်း၊ အထူးသဖြင့် မိဖထဲမှာ တစ်ဦးက ရာဇဝတ်မှုကြောင့် အဖမ်းခံရ ထောင်ကျနေတာမျိုးတွေ ဖြစ်ကြောင်း၊ အဲဒီလို ကလေးမျိုးတွေမှာ စိတ်ပိုင်းဆိုင်ရာနာကျည်းချက်တွေရှိကြောင်း၊ ပြင်ပလောက က လူတွေရဲ့အနှိမ်ခံဖြစ်နေရကြောင်း၊ အနှိမ်မခံရတာတောင် ကလေးတွေရဲ့စိတ်မှာ အလိုလိုသိမ်ငယ်နေကြကြောင်း၊ သိမ်ငယ်မှုကြောင့် စိတ်ကပိုထကြွပြီး မိုက်ရူးရဲဖြစ်နိုင်ကြောင်း၊ သားသမီးများဟာ အများအားဖြင့် မိဖခြေရာအတိုင်းလိုက်နင်းကြတဲ့သူတွေလို့ ဆိုစမှတ်ရှိရင် ဆိုးတဲ့မိဖက မွေးဖွားလာတဲ့ကလေးတွေဟာ တခြားသာမန်ကလေးတွေထက် ၅ဆပိုပြီး သူတို့မိဖတွေလို ဆိုးတဲ့လမ်းကြောင်းကို လိုက်ဖို့ ပိုလွယ်ကူကြောင်း စသဖြင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကစလို့ သူတို့အသင်းက ဒီလိုကလေးမျိုးတွေကို ပစ်မထားပဲ ဘယ်လို အားပေး စောင့်ရှောက်ကူညီလမ်းပြနေတယ်၊ သူတို့ စောင့်ရှောက်တဲ့ ကလေးတွေ အခုဆို ဘယ်နေရာမှာ ဘယ်လို အောင်မြင်နေတဲ့သူတွေရှိလာပြီ ဆိုတာတွေကို ကြည်နူးဖွယ်ရာ ရှင်းလင်းပြောပြပါတယ်။

ကျွန်မဟာ နားထောင်နေရင်း ဒီကလေးတွေအတွက် ဝမ်းလဲသာမိ အသင်းကလုပ်ဆောင်ချက်တွေအတွက် ဂုဏ်ယူ အားကျမိ ပြီးတော့ မနာလိုလဲ ဖြစ်မိတယ်။ ကျွန်မတို့နိုင်ငံမှာရော ဒီလိုကလေးမျိုးတွေကို အစိုးရက ကာကွယ်စောင့်ရှောက်မှုတွေ ပေးပါရဲ့လား၊ စိတ်ဓါတ်ရေးရာ မြှင့်တင်မှုတွေ ရှိပါရဲ့လား၊ မိဖမဲ့မဟုတ်ပါပဲနဲ့ မိဖက ဆိုးသွမ်းလို့ ကလေကချေဘဝရောက်သွားရတဲ့ လူမမယ် ကလေးတွေ ဘယ်လောက်များ တိုးပွားနေပါပြီလဲ။ ကလေးတွေဟာ ကယ်တင်သူမရှိ ရက်စက်တဲ့ကံကြမ္မာရဲ့ ခြေနဲ့နင်းကန်ချက်တွေကို ရှောင်တိမ်းရင်း တဝဲလည်လည်မျောနေရရင်း လိမ်မာယဉ်ကျေးတဲ့ကလေးတောင်မှ မွန်းကြပ်မှုတွေမခံနိုင်ပဲ ရှေ့ဆက် မိုက်မဲရမ်းကားနေကြရတော့မှာပါပဲလားနဲ့ မသက်သာစွာခံစားမိတော့တယ်။ တာဝန်ဆိုတဲ့လက်ပတ်နီကို ဝတ်ပြီး မိုက်ရူးရဲတဲ့မျက်နှာထားနဲ့လူငယ်လေးတွေကို မျက်လုံးထဲမှာ ပြန်မြင်ယောင်လာမိတယ်။

တဆက်တည်း ကျွန်မအတွေးထဲမယ် စင်္ကာပူ ပညာရေးစနစ် ကို သုံးသပ်ကြည့်မိတယ်။ စင်္ကာပူအစိုးရဟာ ပညာရေးကို အတိမ်းအစောင်းမခံ ဘယ်နေရာကိုမှ အလွတ်မပေး ဟိုး အောက်ခြေကစပြီး အထက်ထိ ခိုင်အောင်လုပ်ထားတာကို တွေ့ရတယ်။ ဉာဏ်ရည်နိမ့်ပါးလို့ ဆင်းရဲလို့ မိဖကလူဆိုးမို့ စတဲ့ဘာအကြောင်းပြချက်ကြောင့်မှ ကလေးတွေ ပညာမသင်နိုင် မရှိစေရကို ကြိုးစားဖော်ဆောင်နေတယ်။
ပညာတော်တဲ့ ကလေးတွေကျတော့ရော အစိုးရက ဘယ်လိုအားပေးလဲ။ ကျောင်းပြီးရင် မိမိ နိုင်ငံကိုပြန်အလုပ်အကျွေးပြုပါမယ်ဆိုတဲ့ ကတိစာချုပ် Bond တွေနဲ့ နိုင်ငံခြားက ထိပ်ဆိုတဲ့ကျောင်းတွေကို ရွေးလွှတ်ပါတယ်။ အနာဂတ်ခေါင်းဆောင်အတွက် အဖက်ဖက်ကတော်တဲ့လူတွေကို ခေါင်းခေါက်ရွေး ငယ်စဉ်ကစလို့ လက်သပ်မွေးထားပါတယ်။ ပညာတော်တဲ့သူဆို သူတို့ လူမျိုးမှမဟုတ် ဘယ်သူ့ကိုမဆို အားပေးဖို့ လိုအပ်ရင် သူတို့လူအဖြစ်ဆွဲသွင်းလိုက်ဖို့ကလည်း အဆင်သင့်ပါပဲ။ ကျွန်မ အိမ်မှာ မြန်မာပြည်က ၁၆နှစ်သား ကလေး ဒီစင်္ကာပူက Private ကျောင်းတစ်ခုမှာ GCE A Level လာတက်ပြီး ဖြေပါတယ်။ GCE A Level Result ထွက်တော့ သူက Maths မှာ World-wide no.1 ရပါတယ်။ စင်္ကာပူ NUS က သူ့ကို ချက်ချင်း စာပို့ပြီး စကော်လာ offer ပေးတယ်။ ပြီးရင် ဒီလိုကလေးမျိုးကို သူတို့လက်လွတ်မခံပါဘူး၊ Citizen offer ကိုပါ ပေးလေ့ရှိပါတယ်။

နောက်ထပ် ကျွန်မသတိရလိုက်မိတာကတော့ ကျွန်မတို့ NUS တက်ခဲ့တုန်းက NUS က ကျွန်မတို့ရဲ့ ဆရာတွေအားလုံးဟာ နိုင်ငံခြား နာမည်ရကျောင်းတွေက ဒေါက်တာဘွဲ့ရခဲ့သူတွေဖြစ်တယ်။ စင်္ကာပူကကျောင်းသားတွေဟာ ပြည်တွင်းမှာ တက္ကသိုလ်ပညာယူနေရပေတဲ့ သင်တဲ့ဆရာတွေအားလုံးက နိုင်ငံတကာကျောင်း ပညာ အတွေ့အကြုံ စုံတဲ့သူတွေဖြစ်တယ်။

ပြည်တွင်းက ဒီပလိုမာသင်တန်း Poly ကျောင်းတွေကိုကြည့်ဦးမလား။ များသောအားဖြင့် ဆရာတွေဟာ NUS တို့ NTU တို့ က PhD တွေ Master တွေဖြစ်နေပြန်ရော။ ကျွန်မသူငယ်ချင်း တော်တော်များများ NUS NTU က ဒေါက်တာဘွဲ့ မာစတာ ဘွဲ့ ရခဲ့သူတွေ ပိုလီမှာ ဆရာပြန်လုပ်နေကြပါတယ်။ ITE လို ကျောင်းမျိုးမှာတောင်မှ မာစတာဘွဲ့ရ ဆရာတွေခန့်ထားတာဖြစ်တယ်။ မဟုတ်ရင်လည်း Industry တွေမှာ နှစ်ရှည်လများ လုပ်ငန်းအတွေ့အကြုံစုံခဲ့တဲ့ ဝါရင့်ဆရာတွေဖြစ်တယ်။ ဒီတော့ ကျောင်းသားတွေဟာ နိုင်ငံတကာ စံချိန်စံထားအတိုင်း ပညာကို လိုချင်ရင်လိုချင်သလောက် ဆရာတွေဆီက သဲ့ယူ ရယူနိုင်တယ်။

ယုတ်စွအဆုံး စင်္ကာပူ Private ကျောင်းတွေကိုတောင်မှ ကျွန်မ မနာလိုဖြစ်မိတယ်။ စင်္ကာပူမှာ GCE O Level A Level preparation အတွက် Private ကျောင်းတွေရှိကြတယ်။ တချို့ဆရာတွေဟာ PhD အဆင့်အတန်းဝင်တွေဖြစ်တယ်။ ဒီနိုင်ငံမှာ အထက်တန်းအဆင့်ကျောင်းသားတွေကို စာသင်ပေးတဲ့ ဆရာတွေတောင်မှ PhD တန်းဝင် ဆရာတွေ ဖြစ်နေတော့ ဒီလူငယ် မျိုးဆက်သစ်အတွက် ရှေ့ရေးကို ဗေဒင်ပြေးကြည့်နေစရာမလိုတော့ဘူး။ စင်္ကာပူဟာ ဒီတိုင်းဆက်သွားနေသမျှ မစ္စတာလီ စကားအတိုင်း ပြောရရင် စင်္ကာပူလိုဖြစ်ချင်လား နောက်ထပ် ၁၀နှစ် နှစ်၂၀ကြိုးစားလိုက်ပါဦးလို့ နိုင်ငံတကာကို ခပ်မာမာ လက်ပိုက်ပြီး ပြောနေနိုင်ဦးမှာပါပဲ။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ ဗိုလ်ချုပ်ရာပြည့်မတိုင်ခင် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ တော်တော်များများ ပြန်ဖတ်ဖြစ်တယ်။ ကျွန်မ အဓိက စိတ်ဝင်စားတာက တခြား အကြောင်းတွေထက် ဗိုလ်ချုပ်ငယ်စဉ် ဆယ်ကျော်သက်က အကြောင်းတွေပဲ။ ဘာလို့ဆို ဗိုလ်ချုပ်ဟာ ငယ်ရွယ်စဉ်ကတည်းက သူများနဲ့မတူ တွေးခေါ်နိုင်စွမ်းရှိတာ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်တာ ပညာကိုမက်မက်မောမောလိုချင်စိတ်ရှိတာ အင်တိုက်အားတိုက်ကြိုးစားချင်စိတ်ရှိတာ ဇွဲရှိတာ ရဲရင့်တာ သတ္တိရှိတာ ရိုးသားတာ ဒါတွေအားလုံးဖြစ်လာစေဖို့ ဘယ်လိုအကြောင်းတရားများက သူ့ကိုတွန်းပို့ခဲ့သလဲဆိုတာ သိချင်တယ်။ အဓိကအချက်တွေထဲမှာ ဘာကိုသွားတွေ့လဲဆိုတော့ သူ့အနီးအနားက အစဉ်တစိုက် ပညာရေးကို အားပေးပြီး သူ့ကို သွန်သင်ညွှန်ပြခဲ့တဲ့ သူ့မိဖ သူ့အစ်ကိုအရင်းတွေနဲ့ အမျိုးသားအထက်တန်းကျောင်းက တကယ့်ဒေါင်ဒေါင်မြည်တော်တဲ့ သူ့ဆရာသမားတွေဖြစ်နေတာတွေ့ရတယ်။

ဒီမှာ ကျွန်မ နားလည်မိလိုက်တာကတော့ အခြေခံပညာရေးဟာ လူငယ်တစ်ယောက် သူ့ဘဝလမ်းကြောင်းမှန်စေဖို့အတွက် အရေးကြီးဆုံး အခရာတစ်ခုဖြစ်တယ်ဆိုတာပဲ။ လူကောင်းတစ်ယောက်ဖြစ်ဖို့ လူတော်တစ်ယောက်ဖြစ်ဖို့ ပြီးတော့ အဲ့ဒီလူကောင်း လူတော်တွေစုပြီးနေမှ နိုင်ငံကောင်းတစ်ခု ဖြစ်လာနိုင်တာမို့ ပညာရေးကို အဓိက အရေးတကြီး ပံ့ပိုးသင့်တဲ့အရာလို့ မထင်သမျှ ကာလပတ်လုံး၊ လူငယ်တွေအတွက် အမျှော်အမြင်ကြီးစွာ စဉ်းစားမပေးသမျှ ကာလပတ်လုံး အဲ့ဒီနိုင်ငံမျိုးဟာ နောက်ထပ် ၁၀နှစ် နှစ်၂၀ နေလည်း ဒုံရင်းကနေ တက်လာနိုင်မှာ မဟုတ်ဘူး။

လက်ရှိတွေ့မြင်နေရတာတွေနဲ့ တွေးမိသမျှတွေကို နိဂုံးချုပ်ရရင်တော့ နောင်၁၀နှစ်ကို လှမ်းကြည့်ပြီး လူငယ်တွေရဲ့ပညာရေးကို ဘက်ပေါင်းစုံကနေ တတ်နိုင်သမျှ အားပေးကြပါ။ အစိုးရလူကြီးမင်းတို့ အနေနဲ့လည်း မိမိတို့ အတ္တ မာနကို ဘေးချိတ်လို့ လူငယ်တွေကို နားလည်ခွင့်လွှတ်ပြီး သူတို့ရှေ့ရေးကောင်းစားရင် ကိုယ့်နိုင်ငံကောင်းစားတာနဲ့ အတူတူမို့ လူငယ်တွေကို အခွင့်အရေးပေးကြပါ၊ သူတို့ဘဝတိုးတက်သည်ထက် တိုးတက်လာအောင် တတ်နိုင်သမျှ မြေတောင်မြှောက်ပေးကြပါ။

ပညာရေးသက်သက်အတွက် ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံရထားတဲ့ကလေးတွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ တောင်းဆိုလိုက်ရပါတယ်။

စုချစ်သူ
၂၅ မတ် ၂၀၁၅

Tuesday, March 24, 2015

သမိုင်းတစ်ခုနှင့် နေထိုင်ခဲ့ခြင်း

++++
Tribute to Mr Lee Kuan Yew
++++

စင်္ကာပူရဲ့ဖခင်ကြီးဘဘလီ (မစ္စတာလီကွမ်ယူ) ကွယ်လွန်သွားပြီ ကြားရတော့ ကိုလိုနီခေတ် မြန်မာပြည်မှာ ရာဇဝတ်တရားသူကြီး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာမောရစ်ကောလစ်ကို အမှတ်ရမိလိုက်တယ်။

အမေလူထုဒေါ်အမာဘာသာပြန်တဲ့ မောရစ်ကောလစ်ရဲ့ မြန်မာပြည်တွင် စစ်ဆေးခဲ့သောအမှုအခင်းများ Trials in Burma စာအုပ် ဖတ်ပြီး မောရစ်ကောလစ်ဆိုတာ ဘယ်လိုလူမျိုးလဲ၊ သူများတွေ ပြောနေကြသလို အင်္ဂလိပ်လူမျိုးတွေထဲမှာ သူဟာ မြန်မာပြည်သားတွေအပေါ် စိတ်စေတနာ မေတ္တာထားသူ တစ်ယောက်လား ဆိုတာ လေ့လာစူးစမ်းမိတယ်။
 

မြန်မာပြည်မှာ ဗြိတိသျှတွေ အုပ်စိုးတဲ့ခေတ်က အုပ်ချုပ်သူ လူတန်းစားနဲ့ အုပ်ချုပ်ခံ မြန်မာတိုင်းရင်းသားများယှဉ်လိုက်ရင် မြန်မာတိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေဟာ များသောအားဖြင့် တစ်ဖက်သတ်အနှိမ်ခံခဲ့ရမယ်ဆိုတာ ယုံမှားနေစရာ မရှိပါဘူး။ မြန်မာပြည်အကြောင်း မြန်မာရာဇဝင်အကြောင်း အင်္ဂလိပ်လူမျိုးတော်တော်များများရဲ့ ရေးသားပြောဆိုတာတွေကို လေ့လာကြည့်လိုက်ရင်လည်း
မြန်မာလူမျိုးတွေကို အထင်သေးတာတွေ၊ အမှန်ထက်အမှားကို သာသာထိုးထိုးရေးထားတာတွေ မြန်မာတို့ရဲ့ ဂုဏ်သရေထိခိုက်အောင် ဖတ်မိသမျှလူ ရွံရှာမုန်းတီးစေအောင် လုပ်ကြံထားကြတာမျိုးတွေ တွေ့ရပါတယ်။ 

အဲ့ဒီထဲမှာ ရာဇဝတ်တရားသူကြီးအနေနဲ့ မြန်မာပြည်မှာ အမှုထမ်းခဲ့တဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်တဲ့ မစ္စတာကောလစ်ကတော့ သူများနဲ့မတူ တမူထူးပြီး မြန်မာ့အရေးနဲ့ မြန်မာလူမျိုးတွေအပေါ် သမာသမတ်ကျအောင် အတတ်နိုင်ဆုံး မျှမျှတတ ဆောင်ရွက်ခဲ့တယ်လို့ မြင်ပါတယ်။ အဲ့သလို ဆောင်ရွက်လို့ မစ္စတာကောလစ်ဟာ မြန်မာလူမျိုးတွေအပေါ် လူသားချင်းစာနာမှုနဲ့လုပ်ခဲ့တာလား ကြင်နာသနားလို့လား ကရုဏာထားလို့လား စိတ်စေတနာ မေတ္တာထားသူလား ဆိုတော့ အဲ့သလိုလည်း တထစ်ချ မသတ်မှတ်ချင်ပါဘူး။ 

မစ္စတာကောလစ်ဟာ ဗြိတိသျှရဲ့အကျိုးစီးပွားကို ကာကွယ်ပေးရတဲ့ စက်ယန္တရားကြီးရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ရပေမဲ့ တာဝန်ကျေတဲ့ နယ်ချဲ့သမားလို့ ဆိုရပါမယ်။ သူဟာ အင်္ဂလိပ်တရားဥပဒေရဲ့နာမည်ကောင်းကို မထိခိုက်ချင်သူ၊ သူတို့လူမျိုးကို ကမ္ဘာပေါ်မှာကြီးကျယ်မြင့်မြတ်တဲ့လူမျိုးလို့ ယူဆထားတဲ့သူပီပီ အင်္ဂလိပ်တွေဟာ တရားသဖြင့် အလုပ်ကိုသာ လုပ်တဲ့သူတွေလို့ ဂုဏ်ယူချင်သူ၊ မတရားမှုပြုရမှာအတွက် ကိုယ့်လိပ်ပြာကိုယ် မလုံတဲ့သူ၊ ဒါတွေကြောင့်သာ ကိုယ့်လက်အောက်ကလူမျိုးပင်ဖြစ်စေ မှန်ကန်တဲ့ စိတ်စေတနာကို ရှေ့ရှုထားပြီး ကိုယ့်အကျိုးစီးပွားကိုဆောင်ရွက်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ အလုပ်လုပ်ခဲ့တာလို့ ထင်ပါတယ်။

စင်္ကာပူမှာ နိုင်ငံခြားသားနေနဲ့ ကျောင်းတက် အလုပ်လုပ် နေထိုင်နေတဲ့ နှစ်၂၀နီးပါးအတွင်း ဘဘလီအုပ်ချုပ်တဲ့နိုင်ငံမှာ နေထိုင်ရခြင်းဟာ မောရစ်ကောလစ် နဲ့ ဆက်ဆံနေရသလိုလို့ ခံစားမိတယ်။ နိုင်ငံခြားသားအဖြစ်နဲ့ နေထိုင်ခြင်းဟာ နိုင်ငံခြားသား အခွင့်အရေးနဲ့ပါပဲ၊ သူ့နိုင်ငံသားအတိုင်း အခွင့်အရေးအပြည့် မခံစားရပါဘူး။ ဒါပေမဲ့ နိုင်ငံခြားသားတွေကို မတရားသဖြင့် လုပ်လားဆို စင်္ကာပူဟာ အများအမြင်မှာ တတ်နိုင်သမျှတော့ ဘယ်သူ့ကိုမှ မတရား လုပ်လို့ မရပါဘူး။ သူတို့နိုင်ငံဟာ ဒီမိုကရေစီ စစ်စစ်နိုင်ငံ မဟုတ်ပေတဲ့ တရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်ထားတဲ့ နိုင်ငံတစ်ခုအနေနဲ့ ကမ္ဘာ့အလယ်မှာ ထယ်ဝါချင်သူများလို့ ထင်ပါတယ်။ ဒါကြောင့် ဆန်ပေးရင် ဆီရမယ်ဆိုတဲ့ ဘဘလီတို့ နိုင်ငံမှာ ကိုယ်လုပ်နိုင်ရင် လုပ်သလောက် ကိုယ်အရည်အချင်းရှိရင် ရှိသလို နိုင်ငံက ချမှတ်ထားတဲ့ မူအတိုင်း မှန်ကန်တဲ့အခွင့်အရေးကို ရရှိခဲ့ ရရှိဆဲဖြစ်ပါတယ်။

ဘဘလီဟာ နိုင်ငံခြားသားတွေကို အောက်ခြေအလုပ်သမားကစလို့ နယ်ပယ်ပေါင်းစုံက အတတ်ပညာရှင် အသိပညာရှင်တွေ အထိ သူ့နိုင်ငံမှာ လွတ်လပ်စွာ နေထိုင်ခွင့်ပေးရေးမူကို ချမှတ်ခဲ့သူ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်အိမ်နီးချင်းနိုင်ငံများက ဆင်းရဲတဲ့နိုင်ငံတွေမို့ တတ်နိုင်သလောက် ကူညီမယ်ဟဲ့ဆိုတဲ့ စေတနာ မေတ္တာနဲ့လို့တော့ ထင်စရာအကြောင်းမရှိပါဘူး။ တကယ်တော့ သူ့ နိုင်ငံ သူ့လူမျိုး အကျိုးစီးပွားအတွက်ကို အဓိက ရည်ရွယ်ခဲ့တာပါ။ 


ကိုယ့်နိုင်ငံက လူမျိုးတွေ မလုပ်ချင် မလုပ်နိုင်တဲ့ ခက်ခဲပင်ပန်းတဲ့ အန္တရယ်များတဲ့ အောက်ခြေ အလုပ်သမား အလုပ်တွေကို ပြင်ပနိုင်ငံက ဈေးပေါပေါနဲ့ တင်သွင်းပါတယ်။ ကိုယ့်နိုင်ငံမှာ မရှိသေးတဲ့ လိုအပ်နေတဲ့ အသိပညာ အတတ်ပညာတွေအတွက် ပြင်ပနိုင်ငံကပညာရှင်တွေကို ဈေးကြီးပေးပြီး နိုင်ငံအတွက် မြှပ်နှံပါတယ်။

 နိုင်ငံခြားကုန်ထုတ်လုပ်ငန်းတွေအတွက် မြေနေရာတွေကို ဈေးသက်သက်သာသာနဲ့ ငှားရမ်းခွင့်ပေးပြီး သုတေသန လုပ်ငန်းတွေအတွက်လည်း အစိုးရအနေနဲ့ တတ်နိုင်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဥပမာ သုတေသန လုပ်တဲ့ ကုမ္ပဏီတွေကို တခြားထောက်ပံ့မှုတွေပေးတဲ့အပြင် ဝန်ထမ်းလစာတွေကို ကုမ္ပဏီကတစ်ဝက်ပဲ ပေးရပြီး စင်္ကာပူအစိုးရက တစ်ဝက် စိုက်ထုတ်ထောက်ပံ့ပေးတာမျိုးတွေလုပ်ပါတယ်။ ဒီလိုထောက်ပံ့မှုတွေနဲ့ ဆွဲဆောင်ပြီး သုတေသနလုပ်ငန်းတွေ စင်္ကာပူက လွယ်လွယ်နဲ့ထွက်ခွါမသွားအောင် ထိန်းနိုင်ခဲ့ပါတယ်။

ရေတို တွေးတဲ့သူတွေကတော့ ဒီကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှု ပံ့ပိုးမှုတွေကို ကိုယ့်နိုင်ငံက ပိုက်ဆံတွေ အလကား ရေစုန်မျှောပစ်နေတယ်လို့ ထင်မယ်။ နိုင်ငံခြားသားတွေကြောင့် နိုင်ငံဟာ လူတွေရောထွေးများပြားလာတယ်၊ ပြည်တွင်းကလူတွေ အလုပ်လက်မဲ့ဖြစ်ရတယ်လို့ မိုက်ရူးရဲစွာတွေးမယ်။
 
တကယ်ကတော့ နိုင်ငံခြားကလာတည်တဲ့ စက်ရုံအလုပ်ရုံတွေကြောင့် ပထမဆုံး ပြည်တွင်းကလူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာပါတယ်။ နိုင်ငံခြားကလာရောက်တည်ထောင်ထားတဲ့ သုတေသန အလုပ်ရုံတွေကို ထောက်ပံ့မှုတွေပေးပြီး အတိုင်းတိုင်းအပြည်ပြည်က အတတ်ပညာရှင်တွေ ဆွဲဆောင်ငှားရမ်းထားနိုင်မှုကြောင့် ပြည်တွင်းက လူငယ်မျိုးဆက်သစ်တွေအတွက် ဒီအတတ်ပညာရှင်တွေဆီက လေ့လာသင်ယူခွင့် အလွယ်တကူရရှိစေပါတယ်။ ကိုယ့်ထက်သိတဲ့ တတ်တဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်ရင်း ပြည်တွင်းက မျိုးဆက်သစ်တွေဟာ အတတ်ပညာရှင် အသိပညာရှင်တွေ အဖြစ်ကို မလွှဲမသေ ရောက်ရှိလာတာပါပဲ။

ကျွန်မတို့လို နိုင်ငံခြားတိုင်းပြည်က သူတွေကို ကျောင်းတက်ခွင့်ပေးခဲ့လို့ အလုပ်ပေးခဲ့လို့ နေစရာတစ်ခုပေးလို့ ဘဘလီ ကို ကျေးဇူးရှင်ရယ်လို့ ကျွန်မ မဆိုချင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်မတို့သာ အရည်အချင်းမမှီခဲ့ရင် သူတို့နိုင်ငံက ကျောင်းကိုတက်ဖို့ ဘယ်လိုမှဝင်ခွင့်ရမှာ မဟုတ်ပါဘူး၊ ကျွန်မတို့သာ အတတ်ပညာရှင်မဟုတ်ရင် ဒီနေ့ ဒီနိုင်ငံမှာ ဒီလိုအလုပ်နဲ့ ဒီလိုလခမျိုး မရနိုင်ပါဘူး။ ကျွန်မတို့သာ ကျွန်မတို့တတ်နိုင်သလောက် ဒီနိုင်ငံကို ပြန်အကျိုးကျေးဇူးမပြုနိုင်ဘူးဆိုရင် ယနေ့ထိ ဒီနိုင်ငံမှာ ဆက်နေခွင့်ပေးမယ် မထင်ပါဘူး။

ကျွန်မက ဘဘလီရဲ့ တခြားနိုင်ငံရေးပေါ်လစီတွေကို ဝေဖန် ဆန်းစစ်တာတွေ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ စိတ်ရော ကိုယ်ပါ ပင်ပန်းကြီးစွာ သူ တည်ထောင်ခဲ့တဲ့ နိုင်ငံမှာ သူကိုယ်တိုင်ရော သူ့မိသားစုရော သူ့နိုင်ငံသားတွေပါ ကောင်းစားရေးအတွက်၊ တနွယ်ငင်တစင်ပါပြီး ကျွန်မတို့လိုနိုင်ငံခြားသားတွေပါ အထိုက်အလျောက် အဆင်ပြေစေရေးအတွက် ခေါင်းမာစွာနဲ့ အမျှော်အမြင်ကြီးစွာနဲ့ နိုင်ငံကို စနစ်တကျ ဖော်ဆောင်ခဲ့သူ၊ သူ့ပြည်တွင်းက မျိုးဆက်သစ်တွေအတွက် သူ့နိုင်ငံအတွက် သမိုင်းတစ်ခုကို ဖန်တီးသွားသူအဖြစ် လှိုက်လှိုက်လှဲလှဲ ဦးညွှတ် ဂုဏ်ပြု လိုက်ရပါတယ်။
 
မစ္စတာလီကွမ်ယူ ဟာ စင်္ကာပူ ဖြစ်ပါတယ်။
စင်္ကာပူဟာ မစ္စတာလီကွမ်ယူဖြစ်ပါတယ်။ 

ကျွန်မရဲ့ဘဝသက်တမ်းမှာ သမိုင်းတစ်ခုနဲ့အတူ နေထိုင်တွေ့ဆုံခဲ့ရခြင်းအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
 
စုချစ်သူ
၂၃ မတ် ၂၀၁၅
 
 +++++

Thursday, February 12, 2015

မြန်မာပြည် အညာမြေ ခရီး တစ်ခေါက် - အပိုင်း၁

ခရီးစဉ်အကြမ်း (၂၀၁၅ ဇန်နဝါရီ)

မြန်မာပြည် တနံတလျား ခရီးတွေ သွားရတော့မယ်ဆိုရင် တခြားတိုင်းပြည်တွေကိုသွားရတာထက် ပိုပြီး စိတ်လှုပ်ရှား ပျော်ရွှင်ကြည်နူးမိတယ်။ ခရီးတစ်ခါထွက်တိုင်းလည်း ပုံမှန် သူများတကာ သွားရိုးသွားစဉ် အတိုင်း မသွား၊ ကိုယ့်ခရီး ကိုယ့်ဘာသာ စီစဉ်၊ အဲ့ဒီ စီစဉ်ထားတာကို သူများတွေ တားချင်တားဦး၊ ကိုယ်ကတော့ သွားချင်တဲ့နေရာ ရအောင်ကို ရောက်အောင်ကို သွားတာပဲ။ ဒီတော့ သွားသမျှ ခရီးတွေဟာ သာမာန် အပျော်သက်သက် ခရီးမဟုတ်ပဲ ပျော်လဲပျော်ရ၊ မမျှော်လင့်ထားတဲ့ အတွေ့အကြုံ အသစ်အဆန်းတွေ အတွက်လည်း စိတ်လှုပ်ရှားရနဲ့ပေါ့။ ဒါပေမယ့် စာရေးပျင်းတဲ့သူဖြစ်တဲ့အလျှောက် စာရွက်အပိုင်းအစလေးတွေမှာ မှတ်ထားတာလေးတွေ အတွေးထဲမှာ မှတ်ထားတာလေးတွေနဲ့ပဲ ခံစားပျော်ရွှင်ခဲ့ရသမျှ ကြာတော့ ပျောက်ပျက်ကုန်တော့တယ်။

ဟိုးတစ်နှစ်ကဆို ဦးရေချမ်းနဲ့ ၂ယောက်တည်း ဘုမသိ ဘမသိ ပဲခူးရိုးမထဲ ကားနဲ့၂ယောက်တည်း တက်သွားလိုက်တာ၊ အဲ့အချိန်က လမ်းတွေ တံတားတွေ ဖောက်တာလဲ မပြီးသေး၊ အဲ့လမ်းပေါ်သွားတဲ့ကားဆိုတာ တစ်ကောင်တမြည်းတောင်မတွေ့ရ၊ လမ်းတစ်လျှောက် ရွာစဉ်တွေကလဲ ပြတ်နဲ့ ကံကောင်းလို့သာ ဘေးမသီရန်မခ တောင်ပေါ်က ပြန်ဆင်းလာနိုင်ကြရတယ်။ ရိုးမပေါ်တလျှောက် ဖုန်းအဆက်အသွယ်ပါပြတ်တောက်သွားလို့ လူကြီးတွေစိတ်ပူနေချိန် ကိုယ်တွေက တောတောင်တွေကြားထဲ ကားရပ်ပြီး အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းဗူးကို ဖွင့်စားလိုက်သေးတယ်။ ဟိုးတုန်းက ဒီရိုးမထဲမယ် သခင်သန်းထွန်းတို့ ပုန်းခဲ့ဖူးတယ်ဆို ကိုယ်အခု ထမင်းစားနေတဲ့နေရာဟာ သူတို့လည်း ထမင်းချက်စားခဲ့ဖူးမလားဆိုတာ ပြောမရဘူးလို့ ယောင်တောင်ပေါင်တောင် မှန်းဆ တွေး သမိုင်းကြောင်းကို လွမ်းနေမိသေးတယ်။

ပဲခူးရိုးမ (၂၀၁၁ခုနှစ်)


တမြန်နှစ်ကတော့ ရွှေဘိုကနေ မုံရွာမြို့ အသွား အရာတော်က အထွက် လမ်းရေကျော်နေတာကို တည့်တည့်တိုးပါလေရော၊ တောင်ပေါ်ရေတွေ တဟောဟောကျနေတာကို ကြည့်ပြီး တခါမှ မကြုံဖူးတဲ့ ကိုယ်ကတော့ ပျော်လို့...၊ လူကြီးတွေကတော့ ခရီးဖင့်ပါပြီဆိုပြီး စိတ်ပူလို့၊ ရေကျတဲ့အချိန်ထိဆို နောက်ထပ် ၃-၄နာရီလောက် စောင့်ရဦးမှာတဲ့၊ အဲ့လောက်အထိ ဘယ်စောင့်လိမ့်မလဲ... ရေအနည်းငယ်ကျသွားတဲ့အချိန်မှာပဲ နောက်ထပ် ရေမတိုးခင် သူများကားလေးတွေ မဖြတ်ရဲသေးတဲ့ ရေကျော်ကို ဖြတ်မယ်ကွာဆိုပြီး ဘတ်စ်ကားကြီး ဖြတ်သွားတဲ့ လမ်းအတိုင်း ဝုန်းဒိုင်းဆိုပြီး အသည်းတယားယားနဲ့ ဖြတ်မောင်းဖူးတယ်။ ကျောက်ကာရွာ လေမုန်တိုင်းကြောင့် သစ်ပင်တွေပြိုပျက်နေတဲ့ကြား ကားကို ကွေ့ကာ ဝိုက်ကာရအောင် မောင်းကြတယ်။ မြန်မာပြည်သူပြည်သားတွေဟာ သဘာဝ ဘေးဒုက္ခတွေနဲ့ ဘယ်လောက်ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ဘေးထိုင် အပြစ်ပြော ညည်းညူနေခြင်းနဲ့ အချိန်ကုန်မခံနိုင်၊ တွေ့ကြုံရတာကို ဖြစ်သလို အပြုံးမပျက် လက်တွေ့ကျကျ ရင်ဆိုင်ကြတာတွေကိုလည်း  အံ့သြချီးကျူးရတယ်။

 မုံရွာ သို့ အသွား ရေကျော် (၂၀၁၃ခုနှစ်)

ဒါတွေကို ရေးဖို့ရာ အားခဲထားပေတဲ့ အကြောင်းကြောင်းကြောင့် မရေးရသေး။ မရေးဖြစ်တာကိုလည်း နှမျောမိသေး။

ဒီနှစ်ဆန်း မြန်မာပြည်ပြန်တာ ခါတိုင်းလို အချိန်မရလို့ တစ်ပတ်တည်းပဲ နေခဲ့ရတာပါ။ ပြန်ခဲ့တဲ့ရက် နည်းနည်းထဲကပဲ မန္တလေးကနေ ရွှေစက်တော် ဘုရားဖူး ထွက်ခဲ့တဲ့ ခရီးစဉ်အကြောင်း သူငယ်ချင်းတွေ ကို ပြန် ပြောပြတော့ အားလုံးက သိပ်ကို စိတ်ဝင်စားကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရွှေစက်တော်ဘုရားဖူး ၂ရက်ခရီး ရယ် လို့ ခေါင်းစဉ်တတ်ထားသော်ငြားလည်း လမ်းခရီးတစ်လျှောက် ဖြတ်သွားတဲ့ မြို့တွေဆီ ဝင်လည်ခဲ့တာတွေကို ကြားရတာ စိတ်ဝင်စားစရာ အားရစရာကြီး ဖြစ်နေလို့ပါတဲ့။ ၂ရက်တည်းနဲ့ သွားခဲ့တာတွေက ပထမရက် မန္တလေး-စလေ-ရေနံချောင်း- မကွေး။ မကွေးမှာ ညအိပ်ပြီးတော့ မကွေး-ရွှေစက်တော်-ကျောင်းတော်ရာ-မင်းဘူး-နတ်မောက်-မန္တလေး ဖြစ်ပါတယ်။

ကိုယ်တွေလို အားလပ်ရက်ရှည် မရနိုင်သူတွေ ကိုယ့် အတိုင်း ၂ရက်ခရီး သွားချင်သွား ဒါမှမဟုတ် ဒီခရီးစဉ်အတိုင်းကိုပဲ ဒီထက်မက အချိန်ပေးပြီးသွားနိုင်ရင် ပိုကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးကပြန်ရောက်ခါစ ပူပူနွေးနွေးရှိနေတုန်း ခေါင်းထဲက အကြောင်းအရာတွေ မပျောက်ပျက် မမှေးမှိန်ခင် သူငယ်ချင်းတွေ တောင်းဆိုချက်အရ ဒီခရီးမှာ တွေ့ကြုံခံစားခဲ့ရသမျှ ကြိုးစားပြီး ရေးပေးပါမယ်။

ခရီးသွားဆောင်းပါး သက်သက်ထက် ကြားသမျှ မြင်သမျှ တွေ့ကြုံခဲ့သမျှကတဆင့် တွေးမိသမျှတွေကိုပါ မျှဝေချင်တာမို့ စာရှည်ကြီး ဖြစ်သွားရင်သာ ခွင့်လွှတ်ကြပါလို့ ကြိုတင်တောင်းပန်လျက်။

ပြီးတော့ ဆက်ရေးဖြစ်ဖို့ မပျင်းဖို့ အင်အားတွေစုစည်းလျက်... ။ ။

++++

Thursday, January 22, 2015

အရာရာ မြဲသမှတ်လို့ ကွယ်....

 နောက်၃လ ဆို ၁၀နှစ်ကြာ နေခဲ့တဲ့ အခု လက်ရှိရုံးနေရာကနေ ရုံးအသစ်ကို ပြောင်းရတော့မယ်။ လိုတဲ့ ပစ္စည်းတွေလည်း စသိမ်းနေပြီ၊ မလိုတာတွေလည်း အကုန်လွှတ်ပစ်နေရပြီ။ လွန်ခဲ့တဲ့ ၃နှစ်ကျော်ကျော်၂၀၁၁ခုနှစ်မယ် ကိုယ့်ရုံးဝင်းကြီးနဲ့ အဆောက်အအုံတစ်ခုလုံး သူများကို ရောင်းလိုက်ပြီး နောက်ပြောင်းရမဲ့ ရုံးအသစ်ကြီးဆီ ဆောက်လုပ်မပြီးခင်စပ်ကြား လက်ရှိရုံးကိုပဲ ပိုင်ရှင်ဆီကနေ နှစ်ချုပ်နဲ့ ထပ်ငှားနေကြရတာကိုး။ ပြောရရင် ကိုယ်အရင်ကပိုင်တဲ့အိမ်ကို ရောင်းပြီး ပြန်ငှားနေကြတဲ့ သဘောပေါ့။ ဆိုတော့... အဲ့ဒီ ရုံးဝင်းကြီး ရောင်းပြီးပြီးချင်းမှာ အသစ်ရောက်လာတဲ့ ပိုင်ရှင်စိတ်ကြိုက် သူတို့ ပြောင်းခိုင်းတဲ့ နေရာပြောင်းပေးခဲ့ရသေးတယ်။ အဲ့တုန်းကတော့ ရုံးတွင်း အပေါ် အောက် ပြောင်းတာမို့ ဒီလောက် အလုပ်မရှုပ်လှဘူး။ အခုကတော့ တခြားသတ်သတ် နေရာကို ပြောင်းရမှာဆိုတော့ ပိုပြီး အလုပ်ရှုပ်ရတော့တယ်။ လွှတ်ပစ်စရာ သိမ်းဆည်းစရာတွေလည်း တထောကြီးပဲ။

ဒီနေ့ ဌာနက အကြီးဆုံး ဒါရိုက်တာ နဲ့ အစည်းအဝေးမှာ ရုံးအသစ်ရောက်ရင် ဌာနခွဲတွေအလိုက် seating plan ထိုင်ရမဲ့ နေရာတွေကို ပြပေးတယ်။ ဒါရိုက်တာက အနောက်တိုင်းသားပီပီ ဘာကိုမှ မထိန်းချုပ်ဘူး။ ကိုယ်ထိုင်ရမဲ့ နေရာ ကိုယ့်အချင်းချင်း ညှိကြလို့ ပြောတယ်။ တကယ်လို့ ဒီလူ့ဘေးမှာ မထိုင်ချင်ဘူးတို့၊ ဟိုလူ့ ဘေးမှာ မထိုင်ချင်ဘူး ဆိုတဲ့ ပြဿနာ ရှိရင် သူ့ကို လာပြောလှည့်လို့ ပြောတယ်။

မရွှေစုတို့ ဌာနခွဲမှာ လူက ၁၅ ယောက်။ အဲ့ထဲမှာ ၃-၄ယောက်လောက်က သိပ်မတည့်ကြတော့ သူတို့ အချင်းချင်း ကပ်ပြီး မထိုင်ချင်ကြဘူး။ မရွှေစုလည်း မိန်းကလေးက ကိုယ်ပဲရှိတော့ ကိုယ့်ကိုယ် ဗော်လန်တီယာ လုပ်ပြီး အားလုံးအဆင်ပြေ မျှတအောင် နေရာချပေးလိုက်တယ်။ ၁၅ယောက်မှာ ၁၄ယောက်လောက်က ကိုယ်ချပေးတဲ့နေရာကို သဘောတူတယ်။ တစ်ယောက်ကတော့ အင်တင်တင်၊ အဲ့လူက အဖွဲ့ထဲမယ် တော်တော်များများ ဘယ်သူနဲ့မှ မတည့်ဘူး၊ တော်တော်များများကလည်း သူနဲ့ ကပ်မထိုင်ချင်ဘူး။ ဒါကို သိလို့ မရွှေစုက အနစ်နာခံပြီး သူ့ဘေးမှာ ထိုင်ပေးလိုက်တယ်။ ကိုယ်ကတော့ သည်းခံနိုင်မယ်လို့ မျှော်လင့်တယ်၊ သူကလည်း ကိုယ့်အပေါ် အဲ့လောက်မဆိုးဘူးဆိုတာ သိတယ်။ ဒါပေတဲ့ သူက ပြတင်းပေါက်နား နေရာ တခြားအဖွဲ့ကယူထားပြီးသားကို မရလို့ မကျေနပ်ဘူး။

ဒါနဲ့... ၂၀၁၁ ခုနှစ် က ရုံးတွင်း အခန်း ပြောင်းခါနီး ပွစိပွစိ လုပ်ခဲ့ကြတာတွေ ပြန်မှတ်မိနေသေးတယ်။
ရုံးခန်းအသစ်က သေးလှချေကလား စားပွဲကလည်း သေးသေးလေး နေရာတွေကကျပ်တယ် သူ့အခန်းကတော့ ပိုကြီးနေပါလား ငါ့အခန်းကျတော့ သေးလိုက်တာ ငါ့နေရာကျတော့ လေကောင်းလေသန့် မရဘူး စသဖြင့် ပေါ့လေ... သိတယ် မှုတ်လား... လူဆိုတော့ လူပီပီ မကျေနပ်ချက်တွေက တယ်များပေါ့။ အဲ့တုန်းက နေရာ မကြိုက်ဆိုတဲ့သူတွေ... ဟော ...ကြည့်ပါဦး... နေရတော့လည်း ခဏပါပဲ... အခု ထပ်ပြောင်းရပြန်ပြီ။

အဲ့ဒီတုန်းက ရေးခဲ့ဖူးတဲ့ စာလေး သတိရမိလို့ ပြန်ဖတ်မိတယ်။ ကိုယ်ရေးတဲ့စာလေးဖတ်ပြီး သဘောကျမိလို့... အရာရာ မြဲသမှတ်လို့ကွယ်။ ။

+++++
၂၀၁၁ ခုနှစ် နိုဝင်ဘာ

အခုတလော ရုံးမှာ ရှုပ်ရှက်တွေ ခတ်နေတယ်။ ရုံးခန်းနေရာ ပြောင်းရမှာမို့ ပစ္စည်းတွေ သိမ်းရ ဆည်းရ အဟောင်းအမြင်း နှစ်ချို့ နေတာတွေ လွှတ်ပစ်ရနဲ့ အားကို အားဘူး။ ကိုယ့်စားပွဲလေး ကိုယ်ရှင်း ကိုယ့်ပစ္စည်းလေးကိုယ် သိမ်းရတာလေးကိုတင် ခေါင်းတွေ မူးလာတယ်။ ဒါတောင် ကျွန်မမှာ မိန်းမသား ဆိုတဲ့ အရှိန်နဲ့ ( ကိုယ့်အုပ်စုမလဲ မိန်းခလေးက တစ်ယောက်ထဲဆိုတော့ ) ရှိတဲ့ ယောက်ျား ဘသားတွေက ကိုယ့်ကို တခြား အလုပ်တွေ ရုံးခန်းရှင်းဖို့တွေ ရုံးခန်းပစ္စည်း သိမ်းဖို့တွေ လာမခိုင်းကြဘူး။ မောင်မင်းကြီးသားတွေ ကျေးဇူးကြီးပ။

ရုံးခန်းထဲက ပစ္စည်းတွေ ရှင်းကြတော့ များသောအားဖြင့် ရှင်းထုတ်ရတာက ဖိုင်တွဲတွေ။ ဖိုင်တွေအထဲက ရုံးစာရွက် Company/ Technical related info တွေ အားလုံး ဖျက်ဆီးပြစ်ရပြီး File holder တွေကျတော့ လွှတ်ပစ်။ ပြီးတော့ ဟိုတုန်းက hardware ပစ္စည်းတွေ။ စားပွဲတင် ပန်ကာ အသေးလေးတွေ၊ ကွန်ပြူတာ ပါဝါကြိုးတွေ။ အားလုံးနီးပါးက အကောင်းတွေ အသစ်အတိုင်းတွေ၊ ပစ်လိုက်ရတာဆိုတာများ နည်းတာ မှုတ်ဖူး။ အသစ်ရမယ့် ရုံးခန်းက အခုလောက် မကျယ်တော့ မလိုတာတွေ ထားလို့ မရတော့ဘူးတဲ့။ ကိုယ့်ဆီက အဲသလို ပစ္စည်းအသေးအဖွဲလောက် ပစ်ရတာကို မရွှေစုက သမျောနေတာ။ အောက်ထပ် ရုံးခန်းက ပစ္စည်းတွေဆို ပိုတောင် ဆိုးသေးသတဲ့။ အခန်းကြီးကို ဘာမှ မရှိအောင် empty ဖြစ်အောင် လုပ်ပြီး မှ lease လွှဲရမှာဆိုတော့ အခန်းထဲရှိတဲ့ ထိုင်ခုံတွေ စားပွဲတွေ အားလုံး  scrap ပစ်လိုက်ပဲ... ။ စည်းဝေးခန်း က စားပွဲကြီးတွေဆို အသစ်စက်စက်ကြီးတွေရယ်။ အဲသာတွေ အားလုံးလည်း ပစ်ပဲ ...  ။

ဝန်ထမ်းတွေကို အဲသာတွေ ပြန်ရောင်းပါလားဆိုတော့ company policy အရ  scrap လုပ်မယ့် တရားဝင် vendor ကို လွှဲတာကလွဲလို့ ကျန်တာ မလုပ်ရတဲ့။ vendor တွေကတော့ ဈေးကောင်းနဲ့ ရောင်းစားမှာပေါ့...။

+++++

၂၀၀၁ ခုနှစ် စက်တင်ဘာ

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် တုန်းကလည်း ဒီလိုမျိုး ကြုံဖူးခဲ့တယ်။ အဲဒီတုန်းကတော့ ပိုဆိုးသပေါ့။ ကွန်ပြူတာ မော်နီတာတွေ ထုတ်လုပ်တဲ့ ဂျပန် စက်ရုံ ကြီးကို ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီး ရုံးကိုပါ ဖြုတ်လိုက်တာ ဆိုတော့ ရှိသမျှ ပစ္စည်းတွေ ရှင်းရတာ။ အရင်က စတေရှင်နရီ စာရေးကရိယာ လိုအပ်လို့ သွားတောင်းရင် ခဏခဏ မတောင်းနဲ့၊ မပေးနိုင်ဘူး ဘာညာနဲ့ ၀န်ထမ်းတွေကို ပြောတတ်တဲ့ သူတွေလေ ... ဟော ... ရုံးဖြုတ်မယ်လဲ ဆိုရော... စာရေးကရိယာ တွေ ထားတဲ့ အခန်းကို ဖွင့်လိုက်တာ ထွက်လာတဲ့ ခဲတံတွေ ဘောပန်တွေ စာအုပ်တွေ ပေတံတွေ ဆိုတာ အောတိုက်ပဲ။ အဲသာတွေ...သူတို့လည်း မသုံးရ၊ ဘယ်သူမှလည်း သုံးလို့ မရ၊ အိမ်ကိုလည်း ယူသွားလို့ မရနဲ့ နောက်ဆုံး ပစ်တဲ့အထဲပဲ ပါသွားပါရောလား။

အဲဒီရုံးမှာတုန်းကတော့ စားပွဲတွေ ထိုင်ခုံတွေ ကွန်ပြူတာတွေ ပရင်တာတွေကို scrap မလုပ်ခင် ၀န်ထမ်းတွေ ကြိုက်တဲ့ဟာကို လျှော့ဈေးနဲ့ ပြန်ရောင်းပေးကြတယ်။

အဲသမှာလေ... ပြောရအုံးမယ်။ မရွှေစု အဲဒီ ရုံးကို ဝင်ခါစက စားပွဲ အသစ် ထိုင်ခုံ အသစ်တွေ ပေးလို့ ထိုင်နေတာ ၂ပတ်လောက်နေတော့ HR က လူတစ်ယောက်က မရွှေစု ထိုင်ခုံကြီးကို တခြားထိုင်ခုံ တစ်ခု နဲ့ လာလဲတယ်။ ကုလားထိုင်ပုံစံ အရွယ်အစားတွေ က အတူတူ အရောင်ပဲကွဲတာ။ အဲသာ ဘာဖြစ်လို့လဲ ဆိုတော့တဲ့... မရွှေစု ထိုင်နေတဲ့ ထိုင်ခုံ အပြာရောင် က မန်နေဂျာ အဆင့်တွေ ပဲ ထိုင်တာမို့လို့တဲ့။ အင်ဂျင်နီယာတွေရဲ့ ထိုင်ခုံက ပန်းရောင်တဲ့။ ရာထူး အဆင့်အတန်း အလိုက် အရောင် ခွဲထားတာတဲ့။ စားပွဲဆိုလည်း မန်နေဂျာဆို ဘာပုံစံ၊ အင်ဂျင်နီယာဆို ဘာပုံစံ စသဖြင့် ခွဲထားသေး သတဲ့။ ကိုယ်ထိုင်နေတဲ့ ထိုင်လက်စခုံ အတင်းယူသွားတာ မကြိုက်ပေမယ့် ဘယ်တတ်နိုင်မလဲ ပေးလိုက်ရရော။

အဲဒီ မကျေနပ်ချက်က ရှိနေတော့ ဘာပြောကောင်းမလဲ။ ပစ္စည်းတွေ ၀ယ်လို့ ရတယ်လည်း ဆိုရော ဒါရိုက်တာတွေရဲ့ ဂငယ် ပုံစံ စားပွဲ အကြီးကြီးကို စလုံးဒေါ်လာ ၅၀ ပေးပြီး ၀ယ်ပလိုက်တယ်။ စောနက မန်နေဂျာပဲ ထိုင်ရတယ် ဆိုတဲ့ အပြာရောင် ဆုံလည် ထိုင်ခုံ ၂ခုံ ကို တစ်ခုံ ၁၅ဒေါ်လာနဲ့ ၀ယ်ပလိုက်တယ်။ ပန်းရောင် ထိုင်ခုံ အသစ်တွေ ရှိပေမယ့် တမင် မယူပေါင်...  ။ တစ်လုံးက ကက်ဆက်ဖွင့်ဖို့ တစ်လုံးက မီးထွန်းဖို့... အဲလေ... ဟုတ်ပေါင်....  တစ်ခုက မန်နေဂျာကြီး ကိုရေချမ်း ထိုင်ဖို့၊ တစ်ခုက ဒုတိယမန်နေဂျာကြီး မရွှေစုထိုင်ဖို့ပေါ့။ 

ပိုပြီး ရယ်စရာ ကောင်းတာက မန်းနေးဂျင်း ဒါရိုက်တာဂျပန်ကြီး ထိုင်တဲ့ ဆုံလည် ထိုင်ခုံကြီးကို လိုချင်တဲ့ သူတွေ များနေလို့ မဲနှိုက်ကြတာ နောက်ဆုံး မဲပေါက်ပြီး ရသွားတာက လုံခြုံရေးဂိတ်စောင့် ကုလားအဖိုးကြီး။  ရုံးနောက်ဆုံးနေ့က ဆုံလည် ကုလားထိုင်အမဲကြီးကို ပြုံးပြုံး ပြုံးပြုံး နဲ့ မ-သွားတဲ့ ကုလားကြီး မျက်နှာများ ခုထိ မြင်ယောင်နေမိတုန်း။

အရာရာများ မြဲသမှတ်လို့.... နော့လေ  ။ ။

++++